စစ်အာဏာရှင်စနစ် ကျဆုံးပါစေ
Showing posts with label သတင်းဆောင်းပါး. Show all posts
Showing posts with label သတင်းဆောင်းပါး. Show all posts

Wednesday, July 16, 2008

မြန်မာပြည် မစ္စတာဂမ်ဘာရီနှင့် စစ်အစိုးရ၏ နိုင်ငံရေးမျှော်လင့်ချက် ရောင်ခြည်


(သတင်းသုံးသပ်ချက်)ပီတာအောင်/ ၁၆ ဇူလိုင် ၂၀၀၈

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီသည် လာမည့် သြဂုတ်၌ မြန်မာနိုင်ငံသို့ ထပ်မံသွားရောက်မည်ဟု ကုလသမဂ္ဂက ယမန်နေ့က သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံသို့ သွားရောက်ရန် ပြီးခဲ့သည့် မေလကတည်းက မစ္စတာ ဂမ်ဘာရီက စစ်အစိုးရထံ တောင်းဆိုခဲ့သော်လည်း မြန်မာနိုင်ငံ၌ နာဂစ်ဆိုင်ကလုန်း သဘာဝဘေး ရင်ဆိုင်နေရသဖြင့် ယခုမှ လာခွင့်ပြုလိုက်ခြင်းဖြစ်သည်။ မစ္စတာဂမ်ဘာရီ အလာကောင်းသော်လည်း အခါနှောင်းပြီဟု အတိုက်အခံဘက်က မြင်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
စစ်အစိုးရဘက်က အမျိုးသားညီလာခံပြီးစီးအောင်လုပ်၊ မုန်တိုင်းဒုက္ခသည်များကို မျက်ကွယ်ပြုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို (၉၂) ရာနှုန်း ထောက်ခံမှုရအောင်လုပ်ပြီး နိုင်ငံရေး အသာစီးယူထားချိန် မျိုးမှာမှ လာသည့်အတွက် မည်သည့် နိုင်ငံရေး အပေးအယူမျိုးမှ မစ္စတာဂမ်ဘာရီ လက်ထဲပါလာ မည်ဟု အတိုက်အခံဘက်က မယူဆပေ။ စစ်အစိုးရဘက်ကလည်း ဆန္ဒခံယူပွဲ အနိုင်ယူထားချိန် ရွေးကောက်ပွဲအတွက် ဟန်ရေးပြနေချိန်မျိုးမှာမှ ရွေးပြီး မစ္စတာဂမ်ဘာရီကို ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီအင်အားစုများကမူ မစ္စတာ ဂမ်ဘာရီ၏ မြန်မာနိုင်ငံခရီးစဉ်အပေါ် မျှော်လင့်ချက် မထားကြောင်းနှင့် တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာရန် လမ်းစ မမြင်တွေ့ရသေး ကြောင်း သုံးသပ်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရေးသည် စစ်အစိုးရက ဆက်ဆံရေးဝန်ကြီး ခန့်အပ်၍ ဆောင်ရွက်ခဲ့သည့် ယမန်နှစ် အောက်တိုဘာ၌ လမ်းစပွင့်လာခဲ့သော်လည်း ယခုထိ သိသာထင်ရှား သည့် တိုးတက်မှု မတွေ့ရသေးဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောကြားသည်။

၎င်းက “ကုလသမဂ္ဂက ကမ္ဘာ့အဖွဲ့အစည်းဖြစ်လို့ ကျနော်တို့ ကြိုဆိုပါတယ်။ ဒါပေမယ့် အခု မစ္စတာ ဂမ်ဘာရီရဲ့ခရီးစဉ်ဟာ တခေါက်နဲ့တခေါက် အချိန်ကြာတယ်။ လက်ရှိ အာဏာရှိနေတဲ့ ပုဂ္ဂိုလ်တွေ၊ ကုလသမဂ္ဂနဲ့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှသာ အကျိုးအမြတ် ရှိနိုင်မယ်လို့ မြင်ပါတယ်။ ဒါပေ မယ့် အခုလို အချိန်ကြန့်ကြာပြီးမှ တခါလာ ဒီလိုနည်းနဲ့ဆိုရင်တော့ တိုင်းပြည် အရမ်းနစ်နာနေတယ် လို့ ပြောချင်ပါတယ်” ဟု ပြောသည်။

မစ္စတာ ဂမ်ဘာရီကို အလာကျဲသည်ဟု အန်အယ်လ်ဒီက အပြစ်မြင်သော်လည်း ပြီးခဲ့သည့် အခေါက် တွင် မြန်မာစစ်ခေါင်းဆောင်ပိုင်းက ဗီဇာထုတ်မပေးသဖြင့် အခက်တွေ့ခဲ့သည့် သာဓကရှိပြန်သည်။

မစ္စတာ ဂမ်ဘာရီ ဒုတိယအကြိမ် လာစဉ်က အန်အယ်ဒီလ်နှင့် တွေ့ခွင့်ရသည်။ အမျိုးသား ရင်ကြား စေ့ရေးအတွက် တွေ့ဆုံဆွေးနွေးရေးက စတင်သင့်သည်ဟု အန်အယ်လ်ဒီက တင်ပြရာ ဖြစ်နိုင် ချေက စတင်ကြိုစားပါမည်ဟုသာ မစ္စတာဂမ်ဘာရီက မတင်မကျ ပြောနိုင်ခဲ့သည်။

မစ္စတာဂမ်ဘာရီအနေဖြင့် ပြီးခဲ့သည့် ခရီးစဉ်များတွင် မြန်မာနှင့် ပတ်သက်သည့် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များ အကောင်အထည်ပေါ်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသဖြင့် ယခုခရီးစဉ်ကိုလည်း မျှော်လင့်ချက် မထားကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေး သာအောင်က ပြောကြားသည်။

၎င်းက “ဂမ်ဘာရီလာမယ့်ခရီးစဉ်အပေါ်မှာ သိပ်ပြီး လေးလေးနက်နက် မျှော်လင့်ချက်မထားပါဘူး။ သိပ်ပြီးတော့ ထွေထွေထူးထူး ထူးထူးခြားခြား ဖြစ်လာမယ်လို့တော့ မထင်ဘူး။ ဘာကြောင့်လဲဆို တော့ နအဖက သူတို့သွားမယ့်လမ်းကြောင်းကို ခိုင်ခိုင်မာမာ ပီပီပြင်ပြင် ချထားပြီးဖြစ်တယ်။ ဂမ်ဘာ ရီ ပြောပေမယ့်လည်းပဲ သူတို့ လိုက်ပြီးတော့ ဆောင်ရွက်မယ့်သဘော ရှိမယ်လို့ မထင်ဘူး။ ဂမ်ဘာ ရီကလည်းပဲ ယူအန်ရဲ့လုပ်ရမယ့် တာဝန်တွေကို တွန်းတွန်းတိုက်တိုက် နအဖကို ပြောနိုင်လိမ့် မယ်လို့ မမျှော်လင့်ဘူး။ အဲတော့ ဂမ်ဘာရီရဲ့ ခရီးစဉ်ဟာ သာမန်ပဲ။ ယူအန်က လွှတ်လိုက်တဲ့ ကိုယ်စားလှယ်တယောက် လာတဲ့ သဘောလောက်ပဲ ရှိမယ်လို့ ကျနော်မြင်တယ်” ဟု ပြောသည်။

ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကလည်း “ကုလသမဂ္ဂအနေနဲ့ အပေါ်ယံအားဖြင့် လူတွေက အားကိုးစရာလို့ထင်ပေမယ့် တကယ့်တကယ်ကျတော့ ခုထိအောင်တော့ ကုလသမဂ္ဂရဲ့ ဆောင်ရွက် မှုကြောင့် မြန်မာပြည်ရဲ့ နိုင်ငံရေးတိုးတက်မှု တခုမှမရှိဘူး” ဟု ဝေဖန်ပြောကြားသည်။

မြန်မာနိုင်ငံရေး အပြောင်းအလဲ ဖြစ်လာစေရန် စစ်ခေါင်းဆောင်များကို အပြည်ပြည်ဆိုင်ရာ ရာဇ
ဝတ်မှု တရားခုံရုံး တင်ကာ ဖိအားပေးသည့်နည်း၊ လူ (၂) သောင်းခန့်က အဖမ်းခံ၊ အသေခံ၍ ဆန္ဒပြသည့်နည်းနှင့် အန်အယ်လ်ဒီပါတီအနေဖြင့် ရွေးကောက်ပွဲဝင်ရောက်ပြီး အနိုင်ရအောင်လုပ်၍ လွှတ်တော်၌ ဆွေးနွေးသည့် နည်းလမ်းတို့ လုပ်ဆောင်သင့်သည်ဟု သခင်ချန်ထွန်းက ယူဆသည်။

ဆန္ဒခံယူပွဲအလွန် ကာလ၌ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံရေး ပြဿနာအပေါ် ချဉ်းကပ်သည့် မူဝါဒ တိတိကျကျ မသိရကြောင်း၊ အမြင်ရှင်းစေရန် မစ္စတာဂမ်ဘာရီအနေဖြင့် မြန်မာနိုင်ငံ မသွားခင် ပြည်တွင်းပြည်ပရှိ နိုင်ငံရေးအင်အားစုများနှင့် ဆွေးနွေးတိုင်ပင်သင့်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ၏ ကုလသမဂ္ဂ ကိုယ်စားလှယ် ဒေါက်တာသောင်းထွန်းက ပြောသည်။

၎င်းက “မစ္စတာဂမ်ဘာရီအနေနဲ့ မြန်မာနိုင်ငံ မသွားခင် မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့် မြတ်ရေးနဲ့ ဒီမိုကရေစီရေးဖြစ်ဖို့အတွက် ဘယ်လိုချဉ်းကပ်မှုလုပ်မယ်ဆိုတာ ရှင်းလင်းဖို့လိုပါတယ်။ နအဖရဲ့လမ်းပြမြေပုံဟာ ဒီနေ့ဒီအချိန်မှာ ဘယ်လိုမှ ဖာထေးပြုပြင် လို့ရတဲ့လမ်းကြောင်း မဟုတ် တော့ဘူး။ ၂၀၁၀ ရွေးကောက်ပွဲဟာလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မယ့် ရွေးကောက်ပွဲ မဟုတ်ဘဲနဲ့ စစ်အာဏာရှင်စနစ်ကို ပိုပြီးတော့ သက်ဆိုးရှည်စေမယ့် ရွေးကောက် ပွဲမျိုးပဲဖြစ်တယ်။ ဒါကြောင့်မို့လို့ မသွားခင်ကတည်းက နိုင်ငံရေးချဉ်းကပ်မှုရှင်းလင်းဖို့လိုတယ်” ဟုပြောသည်။

နအဖကိုဖိအားပေးနိုင်မည့် လူထုလှုပ်ရှားမှုကြီးတရပ်ကို ဖော်ဆောင်နိုင်မှသာ ကုလသမဂ္ဂ၏ အခန်းကဏ္ဍ ပြန်လည်ရှင်သန်လာမည်ဖြစ်ပြီး ထိုသို့မလုပ်နိုင်ပါက ကုလသမဂ္ဂအနေဖြင့် အကူအညီပေးနိုင်မည်မဟုတ်ဟု ဒေါက်တာသောင်းထွန်းက ဖြည့်စွက်ပြောကြားသည်။

သို့သော် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာပံ့ပိုးကူညီမှုများသည် အချည်းနှီးမဖြစ်ကြောင်းနှင့် ပြည်သူလူထုနှင့်နိုင်ငံရေးလှုပ်ရှားသူများအတွက် အင်အားတရပ်ဖြစ်ကြောင်း ဒီမိုကရေစီ အင်အားစုများက ပြောကြားသည်။

အထူးသဖြင့် မစ္စတာဂမ်ဘာရီနှင့် တချိန်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ရာဇာလီတို့၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး နားလည်မှု ရှုတ်ထွေးခဲ့သည့် သာဓကရှိသည်။ မစ္စတာရာဇာလီကို ၂၀၀၀ ပြည့်နှစ် ဧပြီလ (၄) ရက်နေ့၌ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်မှ ခန့်အပ်စဉ်က မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီ (၂၉) ရက်၌ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် အမှတ် (၅၄/၁၈၆) ကို အကောင်အထည် ဖော်နိုင်ရန်ဆိုပြီး တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုဆုံးဖြတ်ချက်မူရင်း စာသားအရဆိုလျှင် မြန်မာစစ်အစိုးရအနေဖြင့် ကြိမ်ဖန်များစွာ ကတိပေး ထားသည့်အတိုင်း ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်သည် ပြည်သူများ ဖော်ထုတ်ခဲ့သည့် ဆန္ဒနှင့် အညီ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်ထွန်းကားရန် လိုအပ်သည့်ကိစ္စမှန်သမျှ လုပ်ဆောင်ရန်ဆိုပြီး ကုလသမဂ္ဂ အထွေထွေညီလာခံကနေ ဆုံးဖြတ်ချက်အမှတ် (၅၄/၁၈၆) ဖြင့် တိုက်တွန်းထားသည်။

မစ္စတာဂမ်ဘာရီအနေဖြင့် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ သက်ဆိုင်ရာ ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုကို အထောက်အကူဖြစ်ရန် အတွက် သက်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်သည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မူလထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မစ္စတာဂမ်ဘာရီ၏ ယခုခရီးစဉ်သည် အတိုက်အခံအတွက် မျှော်လင့်ချက် မရှိသော်လည်း စစ်အစိုးရ ဘက်ကမူ Road Map မျှော်လင့်ချက်ရောင်ခြည် သန်းနေသည်။ စစ်ခေါင်းဆောင်များ၏ နိုင်ငံရေး မျှော်လင့်ချက် ရောင်ခြည်အပေါ် မစ္စတာဂမ်ဘာရီ မည်သို့ သဘောထားမည်ဆိုသည်မှာ စောင့်ကြည့် ရမည်ဖြစ်သည်။ ။

အပြည့်အစုံဖတ်လိုလျှင်

Saturday, July 12, 2008

နာဂစ်ဆိုင်ကလုန်းကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သင်္ခန်းစာရရှိ

အေးချမ်းမြေ့ ဇူလိုင် ၁၁၊ ၂၀၀၈

မေလဆန်းက တိုက်ခတ်သွားသော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းက မြန်မာစစ် အစိုးရနှင့် ပြည်သူများကို သဘာဝပတ်ဝန်း ကျင်နှင့် ပတ်သက်သည့် သင်္ခန်းစာတခု ပေးသွား ခဲ့ကြောင်း မြန်မာ့သဘာဝပတ်ဝန်းကျင် ပညာရှင်တဦးဖြစ်သည့် ဦးအုန်းက သုံးသပ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ဒါ သဘာဝကပေးတဲ့ ကောင်းချီးမင်္ဂလာပဲဗျ။ ဖြစ်သွားတာတော့ ဖြစ်သွားပြီ။ ဒါပေမယ့် နောက်ကို ဒီလိုဆိုးဆိုးရွားရွား မဖြစ်အောင် ဘယ်လို လုပ်ရမယ်ဆိုတာ အစိုးရကိုကော ပြည်သူကိုပါ အမြင်ပွင့်အောင် လုပ်ပေးလိုက်သလိုပဲ” ဟု ဦးအုန်းက ဧရာဝတီသို့ ပြောကြားခဲ့သည်။
ဆက်လက်၍ ၎င်းက ဒီရေတောများ မျိုးသုဉ်းပျောက်ကွယ်လျှက်ရှိသည့် မြစ်ဝကျွန်းပေါ် ဒေသများသည် နာဂစ်ဆိုင်ကလုံး မုန်တိုင်း ဒဏ်ကို ဆိုးဆိုးရွားရွား ပိုမို ခံစားခဲ့ရသည်ဟု ရှင်းပြသည်။
“ဆူနာမီတုန်းက ဒီလောက်ဒဏ်မခံခဲ့ရဘူး။ အခုနာဂစ်မှာ တော်တော်သိသိသာသာ ခံလိုက်ကြရတယ်” ဟု ၎င်းကပြောသည်။
ဦးအုန်းသည် ရန်ကုန်အခြေစိုက်သဘာဝပတ်ဝန်းကျင်နှင့် သစ်တောထိန်းသိမ်းရေးဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်း ဖရီးဒါ (FREDA) ၏ အထွေထွေ အတွင်းရေးမှူး ဖြစ်သည်။ ယခုအခါ ၎င်းအဖွဲ့အစည်းက နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံခဲ့ရသည့် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသတွင် ဒီရေတောများ ပြန်လည်စိုက်ပျိုးရန် ကျိုးစားလျှက် ရှိသည်။
ဦးအုန်းက မြန်မာစစ်အစိုးရကော ပြည်သူများပါ ယခင်က သဘာဝပတ်ဝန်းကျင်ကို အလေးထား ဂရုစိုက်သင့်ကြောင်း အသိမရှိခဲ့သော်လည်း ယခုကဲ့သို့ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဆိုးရွားစွာ ပျက်စီးဆုံးရှုံးခဲ့ပြီးသည့်အချိန်တွင် သဘာဝပတ်ဝန်းကျင်ကို အလေးထားရကောင်းမှန်း သိရှိလာသဖြင့် အဆိုးထဲမှ အကောင်းတခု ဖြစ်သည်ဟု ဆိုသည်။
စစ်အစိုးရပိုင် သတင်းစာတစောင်ဖြစ်သည့် ဇူလိုင် ၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဒီရေတောများ ထိန်းသိမ်းရန် ဆောင်းပါးတပုဒ် ထည့်သွင်းရေးသား လာသည်ကို တွေ့ရသည်။
မြစ်ဝကျွန်းပေါ်ဒေသတွင် ယခင်က ဒီရေတောများ ထူထပ်များပြားစွာ ပေါက်ရောက် ရှင်သန်လျှက်ရှိသော်လည်း လယ်မြေ အတွက် ဒီရေတောများရှင်းလင်းခြင်း၊ ငါးပုစွန် ကန်များအတွက် ဒီရေတောများကို တမန်တုတ်ကာ ပျက်သုဉ်းစေခြင်း၊ စီးပွားဖြစ် မီးသွေးဖုတ်ရန်အတွက်သော်လည်းကောင်း ထင်းအတွက်သော်လည်းကောင်း ဒီရေတောများကို ခုတ်ထွင်ခဲ့သဖြင့် ဒီရေတောများ ရှားပါးမျိုးသုဉ်းပျောက်ကွယ် ခဲ့ရသည်ဟု သဘာဝပတ်ဝန်းကျင် ပညာရှင်များက သုံးသပ်သည်။
“ခု အဖြစ်အပျက်က သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်ဖို့ပျက်ကွက်ခဲ့တဲ့အတွက် တိုက်ရိုက်ဆိုးကျိုးခံစားရတယ် ဆိုတာ ထင်ထင်ရှားရှားပြလိုက်တာပဲ။ ကျနော်တို့ရဲ့ ဒီရေတောတွေကို ဆက်မထိန်းသိမ်းဘူးဆိုရင် နောက်တခါကျ ဒီထက် ဆိုးဆိုးရွားရွား ခံစားရလိမ့်ဦးမယ်” ဟု ဦးအုန်းက ပြောသည်။
မြန်မာပြည်၏ သဘာဝ သစ်တောကြိုးဝိုင်းဧရိယာမှာ ဟက်တာ ၃၄ သန်း ရှိပြီး အရှေ့တောင် အာရှနိုင်ငံများတွင် အင်ဒိုနီးရှားနိုင်ငံပြီးလျင် အကြီးဆုံးဖြစ်သည်။ သို့ရာတွင် ဧရာဝတီတိုင်း၌ သစ်တော ပြုန်းတီးမှုမှာ အဆိုးရွားဆုံးဖြစ်ပြီး လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကာလအတွင်း ဒီရေတောပမာဏ ၂၀ ရာခိုင်နှုန်းကျော် မျိုးသုဉ်းပျောက်ကွယ်ခဲ့ကြောင်း ဝါရှင်တန် ဒီစီ အခြေစိုက် အကျိုးအမြတ်မရရှိသော အဖွဲ့အစည်း Conservation International ၏ လေ့လာတွေ့ရှိချက်အရ သိရသည်။
နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် ကျန်ရှိနေသည့် ဒီရေတောများစွာ ပျက်သုဉ်းခဲ့သည့် အပြင် ရန်ကုန်မြို့ရှိ နှစ် ၅၀ မှ ၁၀၀ အတွင်းသက်တမ်းရှိသည့် သစ်ပင်ကြီးများစွာ ပျက်စီး ပြိုလဲခဲ့ရသည်။
“ပြည်သူ့ဥယျာဉ်ထဲက သစ်ပင်တွေဆို မရှိတော့သလောက်ဘဲ။ ဟိုးဘက်လမ်းကို ဒီဘက်ပြည်လမ်းကနေ တိုးလျှိုပေါက် မြင်နိုင်လောက်အောင် ဖြစ်သွားတယ်။ ရန်ကုန်တက္ကသိုလ်ထဲက သစ်ပင်တွေလည်း ဒီတိုင်းပဲ။ အရင်က သီရိဆောင်တို့ မာလာဆောင်တို့ကို ကွယ်ထားတဲ့ အပင်ကြီးတွေ ဘာတပင်မှ မရှိတော့ဘူး” ဟု ရန်ကုန် မြို့ခံတဦးကဆိုသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနက တာဝန်ရှိသူတဦး၏ ပြောကြား ချက်အရ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရန်ကုန်မြို့ရှိ နှစ် ၅၀ နှင့် အထက် သက်တမ်းရင့် သစ်ပင် ၅၃၁ ပင် အပါအဝင် အပင်ပေါင်း ၁၀၀၀၀ နီးပါးခန့် ပြိုလဲ ပျက်စီးခဲ့ရကြောင်း ပြည်တွင်းဂျာနယ် တချို့တွင် ရေးသား ဖော်ပြထားသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေနှင့် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပြိုလဲပျက်စီးခဲ့ရသည့် သစ်ပင်ကြီး များကို သိမ်းဆည်းသွားပြီး မည်ကဲ့သို့ အသုံးချသည်ကို မသိရကြောင်း ရန်ကုန်မြို့ခံတဦးကပြောသည်။
ရန်ကုန်အခြေစိုက် ယခုတပတ် ဆဲဗင်းဒေး နယူးစ် အပတ်စဉ်ဂျာနယ်တွင်မူ စစ်အစိုးရက နာဂစ် ဆိုင်ကလုံးကြောင့် ပြိုလဲ ကျခဲ့သည့် ရန်ကုန်စည်ပင်သာယာ နယ်နိမိတ် အတွင်းမှ သစ်ပင်များနှင့် သစ်မြစ်ဆုံများကို ပုံစံပြောင်းကာ ပြည်တွင်းနှင့် နိုင်ငံခြား စီးပွားရေး လုပ်ငန်းရှင် များအတွက် လေလံပစ်တော့မည်ဟု ဖော်ပြပါရှိသည်။
ပုံစံပြောင်းကာ ပန်းပုထုရန်အတွက် ပဲခူးနှင့် ဒါးပိန်တို့မှ ပန်းပုဆရာ ၄၅ ဦးခန့်ကို ရွေးချယ် ခေါ်ယူထားသည်ဟု ၎င်းဂျာနယ် တွင် ရေးသားထားသည်။
ယခုအခါတွင် စစ်အစိုးရအနေနှင့် မုန်တိုင်းကြောင့် ပြိုလဲပျက်စီးသွားသော သစ်ပင်များ နေရာတွင် သစ်ပင်ပေါင်း ၃၀၀၀၀ ကျော် စိုက်ပျိုးသွားမည် ဖြစ်ကြောင်း ၎င်းတို့ပိုင် သတင်းစာများတွင် ရေးသားထားသည်ကို တွေ့ရသည်။

အပြည့်အစုံဖတ်လိုလျှင်

Wednesday, July 9, 2008

မုန်တိုင်းဒဏ်သင့် ကလေးများအား အလုပ်စေခိုင်းမှုများရှိနေ

အောင်သက်ဝိုင်း ဇူလိုင် ၈၊ ၂၀၀၈

ဧရာဝတီတိုင်းတွင် နာဂစ်မုန်တိုင်းတိုက်ခတ်မှုကြောင့် ခိုကိုး ရာမဲ့ ဖြစ်နေသော ကလေးငယ်များကို အခိုင်းအစေ အလုပ် သမားများအဖြစ် အသုံးချမှုများရှိနေကြောင်း မော်လမြိုင်ကျွန်း မြို့နယ်ရှိ ဘုန်းကြီးကျောင်းများ၊ စာသင် တိုက်များမှ သံဃာ တော်များ၊ လပွတ္တာမြို့နယ်မှ သံဃာတော်များနှင့် ဧရာဝတီတိုင်းလေဘေးသင့် ဒေသများသို့ အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့သည့် ရန်ကုန်မြို့မှ သံဃာတော်များက အတည်ပြု ပြောသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နာဂစ်မုန်တိုင်းတိုက်ခတ်စဉ် မိဘဆွေမျိုးများသေဆုံးသွား၍သော်လည်းကောင်း၊ မုန်တိုင်း တိုက်ခတ်စဉ် ဖြစ်ပေါ်လာသော ပင်လယ်ဒီရေလှိုင်းများနှင့် မျောပါသွားပြီး မိဘဆွေမျိုးများနှင့် ဝေးရာအရပ်ဒေသ များဆီသို့ ရောက်ရှိ သွား၍သော်လည်း ကောင်း ခိုကိုးရာမဲ့ ကလေးငယ် အများအပြား ရှိနေကြောင်း သိရှိရသည်။

ထိုကဲ့သို့သော ကလေးငယ်များမှာ မုန်တိုင်းတိုက်ခတ်ပြီးသည့် ရက်ပိုင်းအတွင်း ၄င်းတို့နှင့် နီးစပ်ရာ ပတ်ဝန်းကျင် ဒေသ များရှိ အိမ်ထောင်စုများထံတွင် ၀င်ရောက်ခိုလှုံခဲ့ကြပြီး ယခုမုန်တိုင်းသင့်ဒေသများတွင် အနည်းငယ် ပြန်လည် နာလန် ထူလာချိန်တွင် အလုပ်သမားများအဖြစ် လယ်ယာလုပ်ငန်းခွင်များနှင့် ရေလုပ်ငန်းများ အပါအ၀င် တခြား စီးပွားရေးလုပ်ငန်း များတွင် အသုံးချခံနေရကြောင်း ဧရာဝတီတိုင်းဒေသခံ သံဃာတော်များက ပြောသည်။

“မုန်တိုင်းတိုက်ပြီးတဲ့အချိန်မှာ မိဘမဲ့ဖြစ်သွားကြတဲ့ ကလေးတွေ၊ မိဘဆွေမျိုးပျောက်ဆုံးသွားတဲ့ ကလေးတွေက ဒုက္ခသည် စခန်းတွေနဲ့ လေဘေးဒုက္ခသည်တွေ ခိုလှုံတဲ့ဘုန်းကြီးကျောင်းတွေဆီ ရောက်မလာခဲ့ဘူး။ နီးစပ်ရာ ပတ်ဝန်းကျင်က လူတွေ ဆီမှာပဲ နေလိုက်ကြတယ်။ အခု ဒီကလေးတွေက လယ်ယာတွေ၊ တံငါလုပ်ငန်းတွေနဲ့ တခြားစီးပွားရေးလုပ်ငန်းတွေမှာ အလုပ်သမားလေးတွေအဖြစ် အခိုင်းခံနေရတယ်”ဟု မော်လမြိုင်ကျွန်းမြို့ပေါ်ရှိ ဘုရားကြီးကျောင်းတိုက်မှ ဦးပဉ္ဖင်းတပါးက မိန့်ကြားသည်။

ယခု ၂၀၀၈ - ၂၀၀၉ ပညာသင်နှစ်တွင် ကလေးငယ် ၈၀၀ ကို မူလတန်း ပညာသင်ကြားပေးနေသည့် မော်လမြိုင် ကျွန်းမြို့ ပေါ် ကျောင်းတိုက်တတိုက်မှ တာဝန်ခံဆရာတော်တပါးကလည်း မုန်တိုင်းကြောင့် ခိုကိုးရာမဲ့ ကလေးငယ်များကို အခိုင်း အစေအလုပ်သမားများအဖြစ် လယ်ယာလုပ်ငန်းခွင်များ၊ မော်ကျွန်းမြို့ပေါ်ရှိ ထမင်းဆိုင်များနှင့် အရောင်းအ၀ယ်လုပ်ငန်း များတွင် အသုံးပြုနေမှုအများအပြား ဖော်ထုတ်တွေ့ရှိခဲ့ရပြီး အဆိုပါကလေးငယ်များကို ကယ်တင်နိုင်ခဲ့ကြောင်း၊ သို့ရာတွင် အလုပ်သမားများအဖြစ် အသုံးချခံနေရသည့် ခိုကိုးရာမဲ့ကလေးငယ် အများအပြားကျန်ရှိနေသေးကြောင်း မိန့်ကြားသည်။

“မုန်တိုင်းတိုက်ပြီး နှစ်လအတွင်းမှာ အခိုင်းအစေတွေလို အလုပ်ခိုင်းခံနေရတဲ့ ခိုကိုးရာမဲ့ကလေး ၂၀ ကျော်ကို ဦးပဉ္ဖင်းတို့ ကယ်တင်နိုင်ခဲ့တယ်။ ဒီကလေးတွေကို ဦးပဉ္ဖင်းတို့ကျောင်းတိုက်နဲ့အဆက်အသွယ်ရှိတဲ့ မန္တလေး ဖောင်တော်ဦးပရဟိတ ကျောင်းကို ပို့ပေးထားတယ်။ ဒီလို ကလေးတွေ အများကြီးကျန်နေသေးတယ်။ ဦးပဉ္ဖင်း တို့လည်း သတင်း စုဆောင်းပြီး ကယ်ဖို့ကြိုးစားနေတယ်”ဟု အဆိုပါဆရာတော် က မိန့်ကြားသည်။

ရန်ကုန်မြို့တွင် ခေတ္တရောက်ရှိနေသော လပွတ္တာမြို့ခံသံဃာတော် တပါးကလည်း ယင်းသို့လေဘေးသင့်ဒေသ များမှ ခိုကိုးရာမဲ့ကလေးငယ်များကို အလုပ်ခိုင်းစေမှုများ လပွတ္တာမြို့နယ်အပိုင် ကျေးရွာများတွင် ရှိနေပြီး အချို့ သော ကလေး ငယ်များမှာ မြို့ပြဒေသကြီးများရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များတွင် စားပွဲထိုးများအဖြစ် ရောက်ရှိအလုပ်လုပ်နေ ကြကြောင်း မိန့်ကြားသည်။

“မြေနိမ့်ရာလှံစိုက်ဆိုသလိုပါပဲကွယ်။ မိဘဆွေမျိုးတွေမရှိတော့လို့ ဒုက္ခရောက်နေတဲ့ ကလေးတွေ ထမင်းစား ကျွန်ခံဘ၀နဲ့ အခိုင်းအစေ တွေဖြစ်နေကြတယ်”ဟု အဆိုပါဆရာတော် ကမိန့်သည်။

ထိုကဲ့သို့သော ခိုကိုးရာမဲ့ကလေးငယ်များအား အခိုင်းအစေများအဖြစ် အသုံးချမှုများကို ကာကွယ်တားဆီးနိုင်ရန် အစိုးရ ပိုင်းက ပြင်းထန်သော သတိပေးတားမြစ်ချက်များထုတ်ပြန်ပြီး စံပြအရေးယူမှုများပြုလုပ်သင့်ကြောင်း ဆရာတော်က အကြံပြုသည်။

မုန်တိုင်းသင့် ခိုကိုးရာမဲ့ကလေးငယ်များသာမက မုန်တိုင်းကြောင့် စီးပွားရေးများပျက်စီးပြီး စားဝတ်နေရေး အခက် အခဲများကြုံတွေ့နေရသည့် ဧရာဝတီတိုင်းဒေသခံတချို့မှာ ၄င်းတို၏ကလေးငယ်များကို ရန်ကုန်မြို့ရှိ လက်ဖက် ရည်ဆိုင်၊ စားသောက်ဆိုင်နှင့်အိမ်ဖော်လုပ်ငန်းများတွင် အလုပ်သမားများအဖြစ်အလုပ်လုပ်ရန် သွားရောက်ပို့ ဆောင်မှုများရှိနေကြောင်း သိရှိရသည်။

“ငပုတောက ကလေး၂ ယောက်ရောက်လာတယ်။ ဆိုင်မှာခိုင်းဖို့ဆိုပြီး ကလေးဆွေမျိုးတွေကိုယ်တိုင် အထောက် အထားနဲ့ လာပို့သွားတာ။ တယောက်ကို တလ ၈၀၀၀ နဲ့ ခြောက်လစာ လစာ ကြိုထုတ်ပေးလိုက်ရ တယ်”ဟု လှိုင်မြို့နယ်ရှိ လက်ဖက်ရည်ဆိုင် ပိုင်ရှင်တဦးကဆိုသည်။

ရန်ကုန်မြို့မှ အိမ်ဖော် ပွဲစား အမျိုးသမီးကြီးများ၏အဆိုအရ နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး နောက်ပိုင်း ဧရာဝတီတိုင်း လေဘေးသင့် ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲ၊ ငပုတောဒေသမှ အိမ်ဖော်အလုပ်လုပ်ကိုင်ရန် အမျိုးသမီးအများ အပြားရောက်ရှိ လာရာတွင် ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ် အများအပြား ပါဝင်ကြောင်း သိရှိရသည်။

“၁၀ နှစ် ကနေ ၁၆ နှစ် ကလေးမလေးတွေ ပါတယ်။ ကျမတို့ကလည်း ဥပဒေနဲ့ငြိမှာစိုးလို့ သူတို့ မိဘဆွေမျိုးတွေရဲ့ လက်မှတ်တောင်းပြီးမှ အိမ်ဖော်လုပ်ဖို့ပို့ပေးတယ်။ များသောအားဖြင့် ကလေးတွေရမယ့် လစာကို ကြိုထုတ်သွား ကြတယ်” ဟု အင်းစိန်မြို့နယ် အိမ်ဖော်အကျိုးဆောင်ပွဲစား အမျိုးသမီးကြီးတဦးက ဆိုသည်။

ယင်းသို့ မိမိတို့ရင်သွေးငယ်များကို အလုပ်သမားများအဖြစ်ပို့ဆောင်ပြီး ရရှိလာသော ငွေကြေးများဖြင့် ပျက်စီးချို့ ယွင်းသွား သည့် နေအိမ်များပြန်လည်တည်ဆောက်ခြင်း အပါအ၀င် အခြားလိုအပ်ချက်များ ၀ယ်ခြမ်းဖြည့်ဆည်းရ သည်ဟု အသက် ၁၄ နှစ်အရွယ် သမီးမိန်းကလေးငယ်ကို အိမ်ဖော်အလုပ်လုပ်ရန် အပ်နှံခဲ့သူ လေဘေးသင့် ဖျာပုံဒေသခံ မိခင်တဦးက ဆိုသည်။

“စိတ်လည်းချရမယ့်အိမ်၊ ပြီးတော့ကလေးအဆင်ပြေမယ့်အိမ်ကို ရွေးပြီးမှပို့တာပါ။ ကျမတို့ရွာက တရွာလုံးနီးပါး မြို့မှာတက် အိမ်ဖော်လုပ်နေကြတာ အဆင်ပြေတယ်။ အမြဲဖုန်းအဆက်အသွယ် လုပ်နိုင်တယ်ဆိုတော့ ကလေးအတွက် သိပ်စိတ်မပူ ပါဘူး”ဟု ယင်းအမျိုးသမီးကြီးကဆိုသည်။

မုန်တိုင်းသင့် ဧရာဝတီဒေသများမှ ခိုကိုးရာမဲ့ကလေးငယ်များနှင့် အမျိုးသမီးငယ်များမှာ အလုပ်သမားများအဖြစ် အလုပ်လုပ် နေရရုံသာမက တချို့မှာ လူကုန်ကူးခံရမည့် အနေအထားများတွင်ရှိကြောင်း သိရှိရသည်။

ဇူလိုင်လ ၃ ရက်နေ့ထုတ် ဘိုင်ဝိကလီးအီလဲဗင်း အပတ်စဉ်ထုတ် သတင်းဂျာနယ်တွင် လေဘေးဒုက္ခသည် ကလေးများနှင့် အမျိုးသမီး ၈၀ ကျော်ကို လူကုန်ကူးခံရမည့်အခြေအနေမှ ကယ်တင်နိုင်ခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ အဆင့်မြင့်ရဲ အရာရှိကြီးတဦးကို ကိုးကားပြီး သတင်းဖော်ပြသည်။

လပွတ္တာမြို့နယ်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေသည့်နိုင်ငံတကာ INGO တခု မှ အသက် ၄၀ အရွယ် မြန်မာနိုင်ငံသား ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး စီမံကိန်းမန်နေဂျာတဦးကမူ လေဘေးသင့် ဧရာဝတီ တိုင်းဒေသများမှ အိမ်နီးချင်း နိုင်ငံများသို့လူကုန်ကူးခံရမှုများ သေချာပေါက်ရှိနေပြီဖြစ် ကြောင်း၊ အစိုးရပိုင်းနှင့် ပြည်တွင်း NGO နှင့် နိုင်ငံတကာ INGO များ မသိရှိလိုက်သည့် လူကုန်ကူးမှုများရှိနိုင်ပြီး အစိုးရပိုင်း၏ လူကုန်ကူးမှုတားဆီးရေး ဆောင်ရွက်ချက်များမှာ လေဘေးသင့်ဧရာဝတီတိုင်း ဒေသတခုလုံးကိုခြုံငုံ နိုင်ခြင်းမရှိသေးသည်ကို တွေ့ရကြောင်း ပြောကြားသည်။

ထို့ပြင်ဧရာဝတီတိုင်း ဒေသခံအများစုမှာ စာတတ်မြောက်မှုမရှိခြင်း၊ ဗဟုသုတနည်းပါးခြင်းနှင့် လတ်တလော ရင်ဆိုင်ကြုံ တွေ့နေရသော စီးပွားရေးမပြေလည်မှု၊ လက်ရှိ နာဂစ်မုန်တိုင်းသင် ဒေသများတွင် ပြန်လည်နေထိုင်လိုစိတ် မရှိခြင်းတို့ ကြောင့် လူကုန်ကူးခံရမည့်အခြေအနေများ ပိုမိုများနေကြောင်း ၄င်းကသုံးသပ်ပြောသည်။

“လူတွေက ဒုက္ခတွေအရမ်းရောက်တော့ ထွက်ပေါက်ရှာကြပြီ။ ဒီအချိန်မှာ ဘာပြောပြော သူတို့ ဖြစ်ချင်တာက ဒုက္ခတွေ ကျော်လွှားချင်တယ် ။ သူတို့အတွက် အိမ်မက်ဆိုးတခုလိုဖြစ်နေတဲ့ နာဂစ်မုန်တိုင်းတိုက်ခဲ့တဲ့နေရာတွေမှာ ပြန်မနေချင် တော့ဘူး။ ဒီအထဲမှာကလေးတွေနဲ့ အမျိုးသမီးတွေလည်း အပါအ၀င်ပေါ့”ဟု အဆိုပါ ကယ်ဆယ် ရေးနှင့် ပြန်လည် ထူထောင်ရေး စီမံကိန်းမန်နေဂျာက ရှင်းပြသည်။

ဧရာဝတီတိုင်းရှိမုန်တိုင်းသင့် ခိုကိုးရာမဲ့ကလေးများ အလုပ်သမားများအဖြစ် အသုံးချခံရမှုများနှင့် လူကုန်ကူးခံရ မည့် အခြေအနေများရှိနေလင့်ကစား မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့နှင့် မြန်မာစစ် အစိုး ရတို့ကမူ လေဘေးသင့်ဒေသများတွင်မိဘမဲ့ကလေးများအပါအ၀င် ကလေးသူငယ်များနှင့် သက်ဆိုင်သော အရေး ကိစ္စများ အောင်မြင်တိုးတက်စွာ ကိုင်တွယ်နိုင်ပြီဖြစ်ကြောင်း ဆိုကြသည်။

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Zafrin Chowdhury က မုန်တိုင်းသင့် ဒေသများ တွင် အစိုးရ၏ဆောင်ရွက်ချက်များမှာ ချီးကျူးဖွယ်ဖြစ်ပြီး အခြေအနေများတိုးတက် ကောင်းမွန်ကာ ကလေးငယ်များ၏ အရေးကိစ္စများမှာလည်း ပူးပေါင်းဆောင်ရွက်မှုများကြောင့် အခြေအနေဆိုးရွားခြင်းမရှိဟု ဇူလိုင် လ ၇ ရက်တွင် ရန်ကုန်မြို့ တွင်ပြောကြားကြောင်း အေပီနှင့် အေအက်ဖ်ပီ သတင်းဌာနများ၏ ဖော်ပြချက် အရသိရှိရသည်။

မြန်မာစစ်အစိုးရကလည်း ၄င်းပိုင် သတင်းမီဒီယာများမှတဆင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အလွန် အောင်မြင် နေပြီး လေဘေးသင့်ဒေသများအားလုံး တည်တည်ငြိမ်ငြိမ်ဖြင့် မူလပုံမှန်အနေအထားပြန်လည် ရောက်ရှိနေပြီဟု ဂုဏ်ယူ ၀င့်ကြွားစွာ ထုတ်ဖော်ပြောနေသည်ကို တွေ့ရှိရသည်။

ရန်ကုန်အခြေစိုက် နာဂစ်မုန်တိုင်းဒဏ်ခံဒေသများ ပြန်လည်တည်ဆောက်ရေး ဆောင်ရွက်နေသည့် လူငယ်အဖွဲ့ တခုမှ တာဝန်ရှိသူတဦးကမူ“ဒီအခြေအနေမှာ အားလုံးကောင်းမွန်နေတယ်လို့ ပြောလို့မရသေးဘူး။ တိုးတက်မှု ရှိတယ်။ ဒါပေမယ့် ရာခိုင်နှုန်းအားဖြင့် ပြောရင် ၅၀ အောက်မှာပဲရှိတယ်။ အစိုးရပြောသလောက် နာ လန်ထူနိုင် တယ်၊ မထူနိုင်ဘူး ဆိုတာ လက်တွေ့လုပ်နေတဲ့ သူတွေပိုသိပါတယ်။ ပြန်လည်ထူထောင်ရေးလုပ်ငန်း ရဲ့အောင် မြင်မှုကရေရှည် အခြေအနေပေါ် မှာပဲမူတည်နေတယ်”ဟု သုံးသပ်သည်။

အပြည့်အစုံဖတ်လိုလျှင်

Thursday, July 3, 2008

စိတ်ခြောက်ခြားနေဆဲ အသက်ရှင်ကျန်ရစ်သူများ


အစားအစာ လက်ခံယူနေသော ဒုက္ခသည်များ (တေဇ/ဟစ်တိုင်)

ဇူလိုင် ၁။ ထူးအောင်

နာဂစ် မုန်တိုင်း ဒုက္ခသည်များထဲတွင် စိတ်ထိခိုက်သောကရောက်ကျန် သူများ၊ စိတ်အားငယ်တုန်လှုပ်နေသူများမှာ အစီအစဉ်တကျ ပြုစု စောင့်ရှောက်မှုများ ယခုထိ မရရှိသေးဘဲ ဖြစ်လျက်ရှိသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ကလေးတယောက်ဆို သူ့အဖေအမေရော တမိသားစုလုံး သေပြီး သူတယောက်ပဲ ကျန်ခဲ့တာ။ သူ့မိသားစုတွေက ရေထဲအကုန် မျော သွားပြီ။ အခု အဲဒီကလေးက သူ့ကို ကယ်လိုက်တဲ့လူနားက မခွာ တော့ဘူး။ အရမ်းအားကိုးပြီး ဒီလူ့နားမှာပဲ ဘယ်သွားသွား တောက် လျှောက်လိုက်နေတယ်။ တခြားလူတွေလဲ ဒီလိုပဲ။ ကိုယ့်မိသားစုဝင်တွေ မျက်စိရှေ့မှာတင် ရေထဲ မျောသွားတာတို့၊ ရေထဲမှာ လူချင်းကွဲသွားတာ ခုထိ ပြန်မတွေ့တာတို့ အများကြီးပဲ”ဟု ကယ်ဆယ်ရေး အလှူ ရှင်တဦးက ပြောပြသည်။


“တချို့လဲ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတဲ့လူလို ခံစားမကျန်အောင် သေချာရှင်းပြ အားပေးနိုင်ရင် ကောင်းမယ်။ ရေတက်နေတုန်း ကိုယ့်မိဘတွေ၊ သားသမီးတွေကို ဆွဲတော့ ဆွဲကြတာပဲ။ ဆွဲတဲ့ကြားက မျောပါသွားတာ ရှိတယ်။ လက်အံသေပြီး လွတ်ထွက်သွားတာတို့၊ အချိန်မီ မဆွဲလိုက်နိုင်တာတို့၊ ကလေးတွေဆိုလဲ ပုခုံးပေါ် ထမ်းထားသားနဲ့ လူပေါ်ကနေ ပြုတ်ကျသွားတာတို့က ပြန်ပြောပြရင်း ကျန်တဲ့လူတွေ စိတ်ထိခိုက်ကျန်ခဲ့တယ်။ သူတို့အပြစ် မဟုတ်တဲ့အကြောင်း ရှင်းပြပြီး အားပေးဖို့ လိုတယ်”ဟု ဆက်လက် ပြောကြားသည်။

အချို့ ဒုက္ခသည်များမှာ ဖြစ်ပုံကို ပြန်ပြောပြရင်း ငိုကြွေးကြသည်။ ရေထဲ ရွှံ့နှင့် လတာပြင်ထဲတွင် ပုံပန်းပျက်နေသော အလောင်းများထဲတွင် ပျောက်ဆုံးနေသော မိမိတို့ မိသားစုဝင်များ ပါရှိမည်ကို သိရှိသော်လည်း အချို့ဒုက္ခသည်များမှာ မိမိတို့၏ ဇနီး၊ လင်သား၊ သားသမီးများ သေဆုံး၊ သို့မဟုတ် ပျောက်ဆုံး မသဲကွဲဘဲ ဖြစ်လျက် ရှိသည်။ “ရေကျသွားလို့မှ ပြန်မတွေ့ရင် သေပြီဆိုတာ သိသာပါပြီ။ ခုထိ ပြန်မလာရင် ပိုတောင် သေချာတာပေါ့။ ကျန်ခဲ့တဲ့ လူတွေက သေပြီဆိုတာ ယုံရမလို၊ မယုံရမလို ဖြစ်ကုန်တာပေါ့။ တချို့ စိတ်ကယောက်ဂယက် ဖြစ်တာတွေ၊ အရမ်းကြောက်ပြီး ဘာဖြစ်ဖြစ် အားငယ်နေတာတွေ ဖြစ်ကုန်တယ်။ မိသားစုဆုံးပြီး တယောက်တည်း ကျန်ခဲ့တဲ့လူတွေ ပိုဆိုးတယ်။ သေတုန်းက ငါပါ ပါသွားရင် ကောင်းမှာဆိုတာ အဲဒါမျိုးတွေ ဖြစ်ကုန်တာ”ဟု ဒုက္ခသည်များကို ဆန်များ ပေးလှူသည့် လူငယ်အုပ်စုမှ မအေးချမ်းက ပြောကြားသည်။

“တချို့လဲ ဖြစ်ပြီးပြီးချင်း စိတ်တွေ တော်တော် ထိခိုက်ကျန်ခဲ့တယ်။ လူတယောက်နဲ့တယောက် ဖြစ်တာ မတူဘူး။ တချို့က ချက်ချင်း သိသာတယ်။ အရမ်းငိုတယ်၊ ရယ်တယ်။ တချို့က ငိုင်ငိုင်ကြီးတွေ။ တချို့လဲ စ,ဖြစ်တုန်းက ခံနိုင်ရည် ရှိပြီး အချိန်ကြာလာတော့ သူတို့ပါ လိုက်ဖြစ်တာ”ဟု ဆက်လက် ပြောပြသည်။ လယ်သမားများမှာ လယ်ထဲ ပြန်ဆင်းနေကြပြီ ဖြစ်သော်လည်း မုန်တိုင်းဘေးသင့်သူ အားလုံးအတွက် စိတ်ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ် ထိထိရောက်ရောက် မရှိသေးကြောင်း သိရသည်။

သီတဂူ ဆရာတော်အဖွဲ့၊ အရှင်ဆန္ဒာဓိက၊ ဓမ္မဓူတအရှင်ဆေကိန္ဒ စသည့် ရဟန်းတော်များသည် မုန်တိုင်းဒဏ် ခံရသော ပြည်သူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်တော်မူနေကြသည်။

အပြည့်အစုံဖတ်လိုလျှင်