စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Monday, June 30, 2008

လိုင်စင်မဲ့ဆိုင်ကယ်များ လိုင်စင်ထုတ်ပေးမည်


NEJ/ ၃၀ ဇွန် ၂၀၀၈

မြန်မာတနိုင်ငံလုံးရှိ လိုင်စင်မဲ့ ဆိုင်ကယ်များကို ဇူလိုင်လ (၁) ရက်နေ့မှစပြီး တရားဝင်လိုင်စင် ပြုလုပ်ပေးတော့မည်ဖြစ်ကြောင်း မန္တလေးတိုင်း ကညနရုံး (ကုန်းလမ်းသယ်ယူပို့ဆောင်ရေးနှင့် ညွန်ကြားမှုဦးစီးဌာန) မှ အရာရှိတဦးက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၎င်းက “နေပြည်တော်က စာဝင်ထားပြီးပြီ၊ ကျနော်တို့ ဒီနေ့ ကြေညာချက်ထုတ်မယ်။ ဇူလိုင်(၁) ရက်ကနေ အောက်တိုဘာလကုန်အထိ ကြိုက်တဲ့အချိန် လိုင်စင်ဝင်လို့ရတယ်။ အရေအတွက်လည်း ကန့်သတ်မထားဘူး” ဟု ပြောသည်။

မော်လမြိုင် ကညနရုံးတွင် မနက်ဖြန်မှစပြီး လိုင်စင်မဲ့ဆိုင်ကယ်များ လိုင်စင်ပြုလုပ်နိုင်ကြောင်း ကြေညာထားပြီး ဆိုင်ကယ်အမျိုးအစားအလိုက် တစီးချင်းကုန်ကျမည့် ကုန်ကျစားရိတ်ကိုလည်း ကြေညာထားကာ အနည်းဆုံး ကျပ် (၇၅,၀၀၀) မှ ကျပ် (၅) သိန်းခန့်အထိ ကုန်ကျမည်ဖြစ်ကြောင်း မြို့ခံများက ပြောသည်။

လိုင်စင်မဲ့ဆိုင်ကယ် ပိုင်ရှင်များအနေဖြင့် အကောက်ခွန်ဆိုင်ရာဒဏ်ကြေး၊ သွင်းကုန်အကောက်ခွန်၊ ပြည်တွင်းအခွန်၊ လိုင်စင်ကြေး၊ အာမခံကြေး စသည်များအားလုံး ပေးဆောင်ရမည်ဟု သိရသည်။

စစ်အစိုးရသည် ပုံမှန်အားဖြင့် မြန်မာနိုင်ငံတွင်းသို့ ဆိုင်ကယ်တင်သွင်းခွင့် ပိတ်ပင်ထားသော်လည်း ပြည်တွင်းလိုအပ်ချက် ကြီးမားသဖြင့် ထိုင်း၊ တရုတ် နယ်စပ်များမှတဆင့် ပြည်တွင်းသို့ လိုင်စင်မဲ့ ဆိုင်ကယ်များ နေ့စဉ် ရာနှင့်ချီ တရားမ၀င်ရောက်ရှိနေခြင်းဖြစ်သည်။

၂၀၀၄ ခုအထိ အစိုးရ ကညနရုံးများတွင် မှတ်ပုံတင်ထားသည့် ဆိုင်ကယ်စီးရေ စုစုပေါင်း (၁) သိန်း (၇) သောင်းကျော်သာရှိပြီး ၂၀၀၄ ခုတွင် လိုင်စင်မဲ့ဆိုင်ကယ်များကို တရားဝင်လိုင်စင် ပြုလုပ် ပေးခဲ့ရာ ဆိုင်ကယ်ပေါင်း (၄) သိန်းခွဲကျော် လိုင်စင်ပြုလုပ်ခဲ့ကြောင်း မန္တလေးတိုင်း ကညရုံးမှ အရာရှိက ပြောသည်။

ထိုအချိန်က လိုင်စင်ပြုလုပ်ခမှာ ကျပ် (၇) သောင်းကျော်မှ ကျပ် (၂) သိန်းနီးပါးပေးရပြီး အစိုးရ အနေဖြင့် လိုင်စင်ခ ကျပ်ငွေ (၄၅) ဘီလျံကျော် ရရှိခဲ့သည်ဟု ၎င်းက ပြောသည်။

ယခုနောက်ပိုင်း ၀င်ရောက်လာသော ဆိုင်ကယ်များအနက် တရုတ်ပြည်လုပ် ဆိုင်ကယ်များသည် ကျပ် (၅) သိန်းဝန်းကျင်ပေါက်ဈေးရှိပြီး ထိုင်းနိုင်ငံလုပ်ဆိုင်ကယ်များမှာ ကျပ် (၁၅) သိန်းခန့် ပေါက်ဈေးရှိနေသည်။ ထို့အပြင် ကျပ် သိန်း (၄၀) သိန်း (၅၀) ခန့် ပေါက်ဈေးရှိသည့် Yamaha DT ကဲ့သို့ တန်ဖိုးကြီး ဆိုင်ကယ်အများအပြားလည်း မြန်မာပြည်တွင်းသို့ ၀င်ရောက်လျက်ရှိသည်။

မြန်မာနိုင်ငံအတွင်း လိုင်စင်မဲ့ဆိုင်ကယ် (၁) သန်းနီးပါးခန့် ရှိနိုင်သည့်အတွက် စစ်အစိုးရအနေဖြင့် လိုင်စင်ခအခွန်ငွေ ကျပ်ဘီလျံ (၁၀၀) မှ (၂၀၀) ကြား ရရှိနိုင်သည်ဟု ရန်ကုန်တိုင်း အခွန်ဦးစီးမှူး ရုံးမှ အရာရှိတဦးက ခန့်မှန်းသည်။ ။



အပြည့်အစုံဖတ်လိုလျှင်

မယ်လစခန်းမှဒုက္ခသည်များ ရိက္ခာမရ၍ ဆန္ဒပြ


NEJ/ ၃၀ ဇွန် ၂၀၀၈

မယ်လဒုက္ခသည်စခန်းမှ မြန်မာဒုက္ခသည် (၂၂) ဦးသည် ရိက္ခာမရ၍ ယနေ့နံနက်တွင် မဲဆောက် မြို့ရှိ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (ယူအန်အိခ်ျစီအာ) ရုံးရှေ့တွင် ဆန္ဒပြတောင်းဆို ကြသည်။

ဆန္ဒပြသူများမှာ ဘန်ကောက်တွင် ယူအန်အိခ်ျစီအာမှ အသိအမှတ်ပြု ဒုက္ခသည်လက်မှတ် ကိုင်ဆောင်ထားသူများဖြစ်ပြီး ၂၀၀၄-၂၀၀၅ ခုနှစ်တွင် အဖမ်းခံရသဖြင့် မဲဆောက်သို့ ပြန်ပို့ခံရကာ မဲဆောက်ယူအဲန်ရုံးက ၎င်းတို့အား မယ်လဒုက္ခသည်စခန်းသို့ ပို့ဆောင်ခြင်း ခံရသူများဖြစ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဆန္ဒပြသူတဦးဖြစ်သည့် မန်းဇော်လွင်ဦးက "စခန်းမှာ ကျနော်တို့လက်မှတ်တွေကို တီဘီဘီစီ အဖွဲ့က ရိက္ခာပေးဖို့ တံဆိပ်တုံးထုပြီး အသိအမှတ်ပြုပါတယ်။ တလ နှစ်လလောက်ပဲ ရပြီး စခန်းကနေ ရိက္ခာတွေပြန်ဖြတ်လိုက်တာ ဒီကနေ့အထိပါပဲ ။ ဒါကြောင့် ဒီမှာလာပြီးတော့ ဆန္ဒပြတောင်းဆိုရတာပါ" ဟု ပြောသည်။

မယ်လစခန်းတွင် မိမိတို့ကဲ့သို့ အလားတူဒုက္ခသည် (၁၀၀) ခန့်ရှိပြီး ထိုသူများကိုယ်စား မိမိတို့ (၂၂) ဦးက လာရောက် ဆန္ဒပြခြင်းဖြစ်ကြောင်း၊ မိမိတို့ အခက်အခဲများကို စခန်းကော်မတီသို့ အကြိမ်ကြိမ်တင်ပြခဲ့ကြောင်း၊ မရသည့်အဆုံး ဂျနီဗာရုံးချုပ်သို့ တင်ပြခဲ့ကြောင်း၊ ရုံးချုပ်မှ အကြောင်းပြန်သည့်အခါ စခန်းအာဏာပိုင်များက မိမိတို့အား ခေါ်ဆူသည်မှလွဲ၍ ဘာအကူ အညီမှ မပေးကြောင်း၊ အသိမိတ်ဆွေများက ကျွေးမွေးကြကြောင်း၊ စခန်းအတွင်း ရရာအလုပ် လုပ်၍ စားဝတ်နေရေး ဖြေရှင်းကြရကြောင်း မန်းဇော်လွင်ဦးက ပြောသည်။

ကရင်ဒုက္ခသည်ကော်မတီ တာဝန်ရှိသူ တဦးက "ဒီကိစ္စ ယူအန်အိခ်ျစီအာ၊ တီဘီဘီစီအဖွဲ့နဲ့ဘဲ ဆိုင်တယ်။ ကျနော်တို့ကတော့ သူတို့ကို စခန်းမှာ ကြည့်ရှုစောင့်ရှောက်ဖို့ပဲ ဖြစ်တယ်" ဟု ပြော သည်။ စခန်းတာဝန်ရှိသူများအား ဆက်သွယ်၍မရပေ။

မဲဆောက်အခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူတဦးကလည်း "ဒါ လုံးဝ
မဖြစ်သင့်တဲ့ကိစ္စဖြစ်တယ်။ ဒီလိုဖြစ်တာ စခန်းတာဝန်ရှိလူကြီးတွေအပေါ်မှာ တာဝန်မကင်းဘူး" ဟု ပြောသည်။

မယ်လဒုက္ခသည်စခန်းသည် မဲဆောက်မြို့၏ မြောက်ဘက် (၆၄) ကီလိုမီတာ အကွာအဝေးတွင် ရှိပြီး မြန်မာဒုက္ခသည် (၅) သောင်းခန့် နေထိုင်ကာ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း (၉ ) ခုအနက် အကြီးဆုံးစခန်းဖြစ်သည်။ ။

အပြည့်အစုံဖတ်လိုလျှင်

မဲဆောက်ဒေသအတွင်း ထိုင်းအစိုးရ၏ (၁၀) နှစ်ခံ လက်မှတ်ရရန် မြန်မာများ ကြိုးစား

NEJ/ ၃၀ ဇွန် ၂၀၀၈

မဲဆောက်ဒေသအတွင်း ရောက်ရှိနေသည့် မြန်မာများအား ထိုင်းအစိုးရက (၁၀) နှစ်ခံလက်မှတ်များ ပြုလုပ်ပေးရာတွင် အကန့်အသတ်ဖြင့် စိစစ်ပြီးမှသာ လက်ခံမည်ဟု မဲဆောက်မြို့နယ်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးတဦးက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ထိုင်းအစိုးရက (၁၀) နှစ်ခံ လက်မှတ်များ ပြုလုပ်ပေးသည့်အတွက် မြန်မာနိုင်ငံဘက်ခြမ်း မြ၀တီ၊ ကော့ကရိတ်နှင့် ထိုင်းနိုင်ငံ ဘန်ကောက်ရောက် မြန်မာအချို့ မဲဆောက်မြို့သို့ လာရောက် စာရင်း ပေးသွင်းနေကြသဖြင့် မြန်မာများအနေဖြင့် စဉ်းစားချင့်ချိန်ရန်လိုကြောင်း ထိုင်းအမျိုးသား ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူက သတိပေးပြောကြားခြင်းဖြစ်သည်။

၎င်းက “ကျနော်သိရသလောက် အခုစာရင်းသွင်းထားတဲ့ လူတွေထဲက ဒီမှာ နှစ်ရှည်လများ နေထိုင်သူ ဟုတ်မဟုတ်၊ အာဏာပိုင်အဆင့်ဆင့်က စစ်ဆေးရအုံးမယ်။ အဲဒီအထဲကမှ တကယ် မှန်ကန်တဲ့လူကိုသာ လုပ်ပေးမှာဖြစ်တယ်။ ရပ်ကွက်အလိုက် သတ်မှတ်ထားတဲ့ အရေအတွက် ကလည်း ရာဂဏန်းပဲ ရှိတယ်လို့ သိရတယ်။ အဲဒါကြောင့် မြ၀တီ၊ ကော့ကရိတ်နဲ့ ဘန်ကောက်က ပြန်လာကြသူတွေ အချိန်ကုန်၊ ငွေကုန်၊ လူပန်း၊ အကျိုးမရှိတဲ့ကိစ္စ ရှောင်နိုင်ရင်တော့ အကောင်း ဆုံးပဲ" ဟု ပြောသည်။

(၁၀) နှစ်ခံလက်မှတ်ရရှိသူများသည် သက်ဆိုင်ရာ မြို့နယ်များအတွင်း အဖမ်းဆီးခံရမှု လွတ်ကင်း မည်ဖြစ်ပြီး လက်မှတ်သက်တမ်းကို (၁၀) နှစ် တကြိမ်သာ လဲရခြင်း၊ အခြားအသက်မွေးဝမ်း
ကျောင်းမှုများ ပြုလုပ်နိုင်ခြင်း စသည့်အချက်များကြောင့် ဒေသတွင်းရောက်မြန်မာအများအပြားက အဆိုပါလက်မှတ်ကို လိုချင်ကြခြင်းဖြစ်သည်။

ယင်းလက်မှတ် ရရှိရေး စာရင်းပေးသွင်းနိုင်ရန် ထိုင်းနိုင်ငံသားတဦးဦး၏ ထောက်ခံချက်လိုအပ် သဖြင့် ဒေသတွင်းရောက် မြန်မာများက နည်းလမ်းပေါင်းစုံဖြင့် အကုန်ကျခံကာ ချဉ်းကပ်ကြိုးစား ကြသည်။

ဘန်ကောက်မှပြန်လာသည့် မသန်းသန်းအေးက “မဲဆောက်မှာ (၁၀) နှစ်ခံ လက်မှတ်လုပ်ဖို့ ဆွေမျိုးတွေကမှာလို့ ပြန်လာတာ၊ အခြေအနေ ဘယ်လိုလာအုံးမလဲမသိဘူး။ ဓာတ်ပုံနဲ့ စာရင်းတော့ သွင်းထားပြီ” ဟုဆိုသည်။

မဲဆောက်တွင် (၁၅) နှစ်ကြာ နေထိုင်အလုပ်လုပ်နေသည့် ကိုအေးက “ကျနော်တို့ကို သူဌေးက အာမခံပေးတယ်။ (၁၀) နှစ်ခံ လက်မှတ်အတွက် စာရင်းပေးပြီးသွားပြီ။ အဓိကကတော့ တာဝန်ယူ
ပေးမယ့်လူ ရှိဖို့ပဲ အရေးကြီးတယ်၊ ပိုက်ဆံလည်း တပြားမှ ပေးစရာမလိုဘူး” ဟု ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သည့် တာ့ခ်၊ မဲဆောက်၊ ရနောင်း၊ မယ်ဟောင်ဆောင် စသည့် ဒေသ များမှ တရားမ၀င်နေထိုင်သူများအား ယခုလ (၁၄) ရက်မှ စတင်ကာ ဇူလိုင်လကုန်ထိ (၁၀) နှစ်ခံ သက်တမ်းရှိ လက်မှတ်များ ပြုလုပ်ပေးရန် စာရင်းများ ကောက်ခံလျက်ရှိသည်။

မဲဆောက်မြို့နယ်အတွင်း စာရင်းပေးသွင်းသူများအနက် ရပ်ကွက်တခုလျှင် လူဦးရေ (၂၀၀) အတွက်သာ (၁၀) နှစ်ခံလက်မှတ်များ လုပ်ပေးမည်ဟုလည်း အတည်မပြုနိုင်သေးသည့် သတင်းများ ထွက်ပေါ်နေသည်။

မဲဆောက်မြို့ပိုင်ရုံးမှ တာဝန်ရှိသူတဦးက "အလုပ်သမားလက်မှတ်ကို အလုပ်သမားဝန်ကြီးဌာနက ထုတ်ပေးတာဖြစ်တယ်။ ဒီ (၁၀) နှစ်ခံလက်မှတ်ကိုတော့ ပြည်ထဲရေးဝန်ကြီးဌာနက လုပ်ပေးတာ ဖြစ်တယ်၊ ဒါကြောင့် အလုပ်သမားလက်မှတ်ရှိထားသူတွေလည်း (၁၀) နှစ်ခံ လက်မှတ်အတွက် စာရင်းပေးသွင်းနိုင်တယ်" ဟု ပြောသည်။

ယခု (၁၀) နှစ်ခံ လက်မှတ်အတွက် စာရင်းပေးသွင်းရာတွင် (၅) နှစ်ခံလက်မှတ် ကိုင်ဆောင်ထားသူ များနှင့် ပန်းရောင် လက်မှတ်ကိုင်ဆောင်ထားသူများ အကျုံးမ၀င်ကြောင်း သိရှိရသည်။ ။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဒုတိယ ရွှေဝါရောင်တော်လှန်ရေးအတွက် ပြည်တွင်းပြည်ပ ရခိုင်သံဃာများ ဆွေးနွေး

ကျော်ထင်/ ၃၀ ဇွန် ၂၀၀၈

ရွှေဝါရောင်တော်လှန်ရေးဟု လူသိများသော ပြီးခဲ့သည့် စက်တင်ဘာလှုပ်ရှားမှုအတွင်း လမ်းမ ပေါ်တွင် အစောဆုံး ဆန္ဒပြတောင်းဆိုခဲ့ကြသည့် ရခိုင်သံဃာတော်များနှင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်အခြေစိုက် ရခိုင်သံဃာများ နယ်စပ်တွင်တွေ့ဆုံပြီး ဒုတိယရွှေဝါရောင်တော်လှန်ရေး အတွက် ပြင်ဆင်ခဲ့ကြောင်း သိရသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြုလုပ်ခဲ့သော အဆိုပါတွေ့ဆုံမှုတွင် ရခိုင်ပြည်နယ်အနှံ့ ဒေသ (၄) နေရာခွဲပြီး ဖွဲ့စည်းထားသော သံဃာ့သမဂ္ဂီအဖွဲ့ချုပ် (ရခိုင်ပြည်) နှင့် ဘင်္ဂလားဒေ့ရှ် အခြေ
စိုက် သာသနာ့ဦးသျှောင် (ဘင်္ဂလားဒေ့ရှ်) တို့မှ သံဃာများ ကြွရောက်ခဲ့ကြပြီး သံဃာ့လှုပ်ရှားမှုနှင့် သာသနာ့ဘေးအန္တရာယ် ကာကွယ်ရေးတို့အတွက် ပြည်တွင်းပြည်ပ ပူးပေါင်းလှုပ်ရှားသွားရန် သဘောတူခဲ့ကြသည်။

နာဂစ်မုန်တိုင်းဒဏ်ကြောင့် အတိဒုက္ခရောက်နေကြရသည့် ပြည်သူလူထုအခြေနေသည် ပြီးခဲ့သည့် လောင်စာဆီဈေးနှုန်းကြီးမားမှု အကျပ်အတည်းထက် ပိုမိုဆိုးရွားသောကြောင့် သံဃာထုအနေဖြင့် ရွှေဝါရောင်တော်လှန်ရေးကာလကကဲ့သို့ ပြည်သူ့ရှေ့မှရပ်တည်ကြရန် လိုအပ်ချက်သဖြင့် တွေ့ဆုံ ဆွေးကြခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် သာသနာ့ ဦးသျှောင်( ဘင်္ဂလားဒေ့ရှ်) မှ ဥက္ကဋ္ဌ ဆရာတော် ဦးမေဃိယက မိန့်ကြားသည်။

ဦးမေဃိယက “ပြည်တွင်းမှာရှိတဲ့ သံဃာတွေကလည်း ဒုတိယ ရွှေဝါရောင်တော်လှန်ရေး ပေါ် ပေါက်ဖို့အတွက် အများကြီး စုစည်းနေကြတာလေ၊ ပြည်ပက ရှိနေသူတွေကလည်း နည်းလမ်း ပေါင်းစုံနဲ့ ကူညီကြဖို့ လိုတယ်၊ အထဲက သံဃာတွေက အားတခုအနေနဲ့ ညီညီညွတ်ညွတ် တည်ဆောက်ပြီးသား ရှိနေတာလေ၊ အကြောင်းပေါ်တာနဲ့တပြိုင်နက် ဒီသံဃာတွေဟာ သံဃာ တွေဦးဆောင်တဲ့ လှုပ်ရှားမှုအတွက် နောက်မဆုတ်တမ်း လုပ်မယ်လို့ ဦးဇင်း ယုံကြည်တယ်” ဟု မိန့်ကြားသည်။

စစ်တွေမြို့ရှိ စာသင်တိုက်ကြီးတခုဖြစ်သည့် ပုသိမ်ကျောင်းတိုက်မှ သံဃာတပါးက “ကျောင်းက သံဃာတွေကတော့ ထုံးစံအတိုင်းပါပဲ၊ ၀ါတွင်းကာလကလည်း နီးလာပြီလေ၊ စာသင်စာချကတော့ ပုံမှန်ပါ၊ သံဃာတွေဘက်ကတော့ ဒီလှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်မယ်၊ မပတ်သက်ဘူးဆို တာတော့ အတိကျပြောလို့မရဘူး ထင်တယ်” ဟု မိန့်ကြားသည်။

ဆရာတော်ဦးဥတ္တမအပါအ၀င် ရခိုင်သံဃာတော်များသည် မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုများတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြပြီး ပြီးခဲ့သည့်နှစ် စက်တင်ဘာလှုပ်ရှားမှုတွင်လည်း စစ်တွေမှ သံတော်များသည် သြဂုတ်လကုန်ပိုင်းကတည်းက လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဒီကေဘီအေ၊နအဖ ပူးပေါင်းတပ်များနှင့် ကေအန်ယူတပ် တိုက်ပွဲဖြစ်

NEJ/ ၃၀ ဇွန် ၂၀၀၈

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဗဟိုအထူးတပ်ရင်း (၂၀၁) စခန်းအား ယနေ့နံနက်
(၄) နာရီမှ စတင်ကာ ဒီကေဘီအေနှင့် နအဖတပ်များ ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဖက်အကျအဆုံး များရှိပြီး တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ (၆) မှ ဒုတိယဗိုလ်မှူးကြီးတဦးက "ဒီမနက် (၄) နာရီကနေ စပြီးတော့ တပ်ရင်း (၂၀၁) ရှိတဲ့ ဝေါ်လေခီးဂွင်ကို နအဖနဲ့ ဒီကေဘီအေ ပူးပေါင်းပြီး နယ်မြေစိုးမိုးရေးအတွက် လာတိုက်တာဖြစ်တယ်။ အခုအချိန်အထိ တဘက်နဲ့တဘက် အပြန်အလှန် ပစ်ခတ်နေကြတုန်းပဲ။ ဒီညပိုင်းမှာတော့ အခြေအနေ ဘယ်လိုလာအုံးမလဲ မသိ သေးဘူး" ဟု ပြောသည်။

ဒီကေဘီအေ တပ်ရင်း (၉၀၇) နှင့် မြန်မာစစ်တပ် ခမရ (၅၄၆) တို့ ပူးပေါင်း၍ လာရောက် တိုက်ခိုက်ခြင်းဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်မှ မသန်မစွမ်း စစ်သည် နှစ်ဦး ဖမ်းဆီးခံရကာ တဦးမှာ လက်နက်ကြီးကျည်စ မှန်၍ ကျဆုံးသွားသည်။ ဒီကေဘီအေနှင့် မြန်မာစစ်တပ်ဘက်မှ အသေအပျောက်စာရင်း မသိရှိရသေးကြောင်း အဆိုပါ အရာရှိက ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ စခန်းများသည် ခံစစ်ရှင်ပြောက်ကျားစနစ်အား အသုံးပြုလျှက်ရှိပြီး တပ်ရင်း (၂၀၁) ဝေါ်လေခီးစခန်းအား ဒီကေဘီအေနှင့် မြန်မာစစ်တပ်များ ယခင်ကလည်း အကြိမ်ကြိမ် လာရောက်တိုက်ခိုက်ခဲ့ဖူးသည်။

ယခုတိုက်ပွဲနှင့်ပတ်သက်၍ တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားအဖွဲ့ တပ်ရင်း (၉၀၇) သို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ဖြေကြားရန်ငြင်းဆိုခဲ့သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၀၁) အခြေစိုက်ရာ ဝေါ်လေခီးဒေသ သည် မဲဆောက်မြို့မှ တောင်ဘက် ကီလိုမီတာ (၄၀) အကွာအဝေးတွင် တည်ရှိသည်။ ။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့တွင် ရင်းနှီးးမြှုပ်နှံမှုများ

NEJ /၃၀ ဇွန် ၂၀၀၈

ပြီးခဲ့သည့်နှစ်တွင် မြန်မာနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (၉၀) ရာခိုင်နှုန်းကျော်သည် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများတွင်သာဖြစ်သည်ဟု မကြာသေးမီက ထုတ်ပြန်ခဲ့သည့် အစိုးရ အစီရင်ခံစာကို ကိုးကားပြီး အေပီသတင်းတွင် ဖော်ပြသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။

၂၀၀၇ ခုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ (၅၀၄.၈) သန်း ရှိခဲ့ပြီး ယင်းငွေများမှ (၄၇၄.၃) သန်းသည် ရေနံနှင့် သဘာဝဓာတ်ငွေ့အတွက် ဖြစ်သည်ဟု အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန၏ နောက်ဆုံးထုတ် စာရင်းဇယားကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရင်းနှီးမြှုပ်နှံရာတွင် ဗြိတိန်နိုင်ငံက အမေရိကန်ဒေါ်လာ (၁၈၇) သန်းနှင့် ထိပ်ဆုံးမှရှိပြီး အိန္ဒိယနှင့် စင်္ကာပူနိုင်ငံတို့က နောက်မှလိုက်နေသည်။

ကုန်ထုတ်လုပ်ရေးလုပ်ငန်းများတွင် ထိုင်းနိုင်ငံမှ ဒေါ်လာ (၁၆.၂၂) သန်း၊ ဂျာမဏီမှ (၂.၅) သန်း ရင်းနှီးမြှုပ်နှံထားကြပြီး ငါးဖမ်းလုပ်ငန်းတွင် တောင်ကိုးရီးယားမှ ဒေါ်လာ (၁၂) သန်း ရင်းနှီးမြှုပ်နှံ ထားသည်ဟု အစီရင်ခံစာတွင်ပါရှိသည်ဟု ဆိုသည်။

သို့သော် ဓာတ်သတ္ထုတူးဖော်ရေး၊ အိမ်ခြံမြေ၊ ဟိုတယ်နှင့်ခရီးသွား၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင် နှင့်စက်မှုလုပ်ငန်းပိုင်းတို့တွင် ရင်းနှီးမြှုပ်နှံမှုအသစ်များ မရှိဟု သိရသည်။

မြန်မာစစ်အစိုးရသည် ဒီမိုကရေစီရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့်ပါတီကို အာဏာလွှဲပြောင်း မပေးဘဲ လူ့အခွင့်အရေးများကို ဆိုးဆိုးဝါးဝါးချိုးဖောက်ခဲ့သောကြောင့် အနောက်နိုင်ငံအများစုက စစ်အစိုးရကို ဖိအားပေးသည့်အနေဖြင့် စီးပွားရေးပိတ်ဆို့မှုများ၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူ များအား တားမြစ်မှုများ ပြုလုပ်ခဲ့သည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ကြေးမုံတချပ် လက်ဆောင်

မောင်ဖူးတင့်
တနင်္လာနေ့၊ ဇွန်လ 30 2008 12:42 - မြန်မာစံတော်ချိန်



၁။
ခေတ်ပေါ်ကဗျာတွေကို နားမလည်ဘူးလို့ ပြောတဲ့စကား ကြားခဲ့ရတာတော့ ကြာပါပြီ။ ကြာပြီဆိုရင် နှစ်ပေါင်း (၃၀) ၀န်းကျင်လောက်တောင်မှ ရှိပြီထင်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ကျနော့်အပေါ် ချစ်ခင်လေးနက်တဲ့ မိတ်ဆွေတဦးက ကျနော့်ကို သူစပ်ထားတယ်ဆိုတဲ့ စာသားတချို့ကို ကဗျာတပုဒ်အဖြစ် မကြာခဏ ရွတ်ပြလေ့ ရှိပါတယ်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၁၉၉၃-ခုနှစ်တုန်းကပါ။ သူက ဒီကဗျာကို ကျနော်နဲ့ တဦးချင်း ရှိတဲ့အခါ ရွတ်မပြပဲ၊ လူနည်းနည်းစုံပြီ များပြီထင်မှ ရွတ်ပြလေ့ ရှိတာပါ။ ဒီတုန်းက တော်လှန်ရေးဌာနချုပ် "မာနယ်ပလော" မှာ ရှိတဲ့ "ဒေါ်အောင်ဆန်းစုကြည်လမ်း" ထိပ်၊ "ထူးရာစိုး လ္ဘက်ရည်ဆိုင်" ဆိုတာ ကျနော်တို့ ကဗျာချစ်သူတွေ မကြာခဏ လူစုမိတဲ့ နေရာပေါ့။ ကျနော့်မိတ်ဆွေက အဲဒီ လ္ဘက်ရည်ဆိုင်ထဲမှာပဲ သူရေးစပ်ထားတယ် ဆိုတဲ့ ကဗျာဆိုတာကို ရွတ်ပြတာပါ။ သူ ကဗျာရွတ်ပြပြီးတိုင်း ထိုင်ပြီး နားထောင်နေတဲ့ သူတွေက ၀ိုင်းပြီး ရယ်ကြပါတယ်။ ကျနော့်ကိုဝိုင်းပြီး နောက်ကြ ပြောင်ကြပါတယ်။ ကျနော့်မှာတော့ အနေရ အထိုင်ရ ခက်တာကလွဲပြီး ဘယ်လိုမှ မခံစားရပါဘူး။ ကျနော့်ကို စကြနောက်ကြတဲ့ သူတွေဟာ လူတဖက်သားကို တမင်သက်သက် ချိုးနှိမ်တဲ့ အနေနဲ့ စကြနောက်ကြတာမှ မဟုတ်ပဲ။ ကဗျာရေးတဲ့ ကဗျာချစ်တဲ့ ကျနော့်ကို အရင်းနှီးဆုံး ရဲဘော်တယောက် အနေနဲ့ ၀ိုင်းဝန်း နောက်ပြောင်ခဲ့ကြတာပဲ။ ဒါပေမယ့် ခက်တာက "ခေတ်ပေါ် ကဗျာ" ဆိုတာ ကျနော့်မိတ်ဆွေ လ္ဘက်ရည်ဆိုင်ထဲမှာ ရွတ်ပြခဲ့တဲ့ ကဗျာမျိုး မဟုတ်ဘူး ဆိုတာလောက်ပဲ ကျနော် ရှင်းပြနိုင်ခဲ့တယ်။ တကယ်တော့ ခေတ်ပေါ်ကဗျာကို နားလည်ဘို့ဆိုရင် စာဖတ်သူ ဖက်ကလည်း ခေတ်ပေါ် ကဗျာကို ခံစားနိုင်ဖို့ အားစိုက်ဖို့ လိုသလို၊ စာဖတ်သူ ကိုယ်တိုင်က စာဖတ်နာတဲ့သူ ဧကန်မလွဲ ဖြစ်ဖို့လိုတဲ့ကိစ္စ ကျနော် ရှင်းမပြနိုင်ခဲ့ပါဘူး။ ရှင်းပြဖို့ အခြေအနေကလည်း မပေးခဲ့ပါဘူး။ အခုအချိန်မှာတော့ "စာသားတွေ ကမောက်ကမ၊ ဝေါဟာရတွေ ထင်သလို ချိုးဖျက်ပြီး တမင် အဆီအငေါ့ မတည့်အောင် ဖန်တီးထားတဲ့" ကျနော့် မိတ်ဆွေ ရွတ်ပြခဲ့တဲ့ ကဗျာစာသား ဆိုတာတွေကို ပြန်တွေးကြည့်မိတိုင်း အလိုလို ပြုံးမိတဲ့ အကြိမ်ပေါင်းလည်း များခဲ့ပါပြီ။


၂။
၁၉၉၃-ခုနှစ် ဒီဇင်ဘာလထဲမှာ တော်လှန်ရေးဌာနချုပ် "မာနယ်ပလော" ကို ဂျာမာန်သူနှစ်ဦး အလည် လာခဲ့ကြဖူးပါတယ်။ တဦးက စာပေ၀ါသနာရှင် တက္ကသိုလ်ကျောင်းသူ ဖြစ်ပြီး၊ နောက်တဦးကတော့ အဖော်အဖြစ် လိုက်ပါလာဟန်တူတဲ့ မိခင် ဖြစ်ပါတယ်။ သူတို့နှစ်ဦးက မာနယ်ပလောမှာရှိတဲ့ ကဗျာရေးသူ၊ ကဗျာချစ်သူတွေနဲ့ တွေ့ဆုံ စကားပြောချင်တယ် ဆိုလို့ ကဗျာဝါသနာရှင် (၃၀) လောက်က သူတို့နှစ်ဦးနဲ့ စကားဝိုင်းဖွဲ့ ထိုင်ခဲ့ကြပါတယ်။ စကားဝိုင်း ပြုလုပ်တဲ့ နေရာက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဗဟိုဌာနချုပ် စည်းဝေးခန်းမမှာ ပြုလုပ်တာပါ။ ဒီတုန်းက စကားဝိုင်းဖြစ်အောင် ကမကထပြုတဲ့ အယ်ဒီတာဟောင်း ဦး (၀င်းခက်) ကပဲ စကားပြန်အဖြစ် ဆောင်ရွက်ပါတယ်။

ကျနော်တို့တတွေ၊ ဂျာမာန်သူနှစ်ဦးနဲ့ မြန်မာစာပေအကြောင်း အနည်းအကျဉ်း ပြောခဲ့ဆိုခဲ့ကြပါတယ်။ အထူးသဖြင့် မြန်မာစာပေမှာ နိုင်ငံခြားစာပေ လွှမ်းမိုးမှု ရှိမရှိကိစ္စနဲ့ စစ်အာဏာရှင် လက်အောက်က မြန်မာစာပေ လမ်းကြောင်းဆိုပြီး ကျနော့်တို့တတွေ တက်နိုင်သလောက် ရှင်းလင်း ပြောဆိုလိုက်ကြပါတယ်။

စကားဝိုင်းပြီးကာနီးတော့ ကျနော်က "ဂျာမနီ နှစ်နိုင်ငံ ကွဲနေစဉ်တုန်းက ဘယ်ဖက်ခြမ်းက ကဗျာတွေကို ခင်ဗျားတို့ ပိုပြီး နှစ်သက်မိသလဲ" လို့ မေးခွန်းမေးမိပါတယ်။ ဒီတော့ ဂျာမာန်သူ သားအမိနှစ်ယောက်စလုံးက "အရှေ့ ဂျာမနီဆိုတာ၊ အဲဒီအချိန်တုန်းက တပါတီ အာဏာရှင်စနစ် လက်အောက်မှာ ရှိနေတာမို့၊ ကဗျာဆရာတွေဟာ အာဏာရှင်တွေ မသိအောင် ကဗျာတွေကို ဝေါဟာရ အသစ်တွေ၊ အတတ်ပညာ အသစ်တွေ ဖန်တီးပြီး ကျစ်ကျစ်လစ်လစ်ဖြစ်အောင် ဖန်တီးရတာမို့ အရှေ့ဂျာမနီက ကဗျာတွေဟာပိုပြီး လှပတယ်လို့ ထင်လို့၊ အရှေ့ ဂျာမနီဖက်က ကဗျာတွေကို ပိုပြီးနှစ်သက်ခဲ့တယ်" လို့ တညီတညွတ်တည်း ဖြေကြပါတယ်။ ကျနော်ကလည်း သူတို့အပေါ် မူတည်ပြီး "ဒါဆိုရင် ကဗျာတွေ လှဖို့သစ်ဖို့အတွက် အာဏာရှင်စနစ် အဓွန့်ရှည်ပါစေ" လို့တောင် ဆုတောင်းရမလို ဖြစ်နေပြီ" လို့ မှတ်ချက်စကားပြောတော့ ဂျာမာန်သူ သားအမိနှစ်ယောက်စလုံး "ဒီလိုလည်း မဟုတ်ရပါဘူး" ဆိုပြီး လက်တကာကာ ခေါင်းတခါခါနဲ့ ငြင်းလိုက်ကြပါတယ်။


၃။
အမှန်တကယ်အားဖြင့်ဆိုရင် ခေတ်ပေါ် ကဗျာမှရယ်လို့ မဟုတ်ပါဘူး၊ ဘယ်ခေတ်မှာပေါ်တဲ့ ကဗျာပဲ ဖြစ်ဖြစ် လူတိုင်း နားလည်ဘို့ မလွယ်တဲ့ ကဗျာတွေချည်းပဲဆိုတာ နည်းနည်းလောက် စဉ်းစားကြည့်ရင်ပဲ သိနိုင်ပါတယ်။ ခေတ်တိုင်း ခေတ်တိုင်းမှာ ပေါ်ခဲ့တဲ့ ကဗျာတွေဟာ တကယ်တော့ အဲဒီခေတ်ရဲ့ "ခေတ်ပေါ်ကဗျာ" တွေ ချည်းပါပဲ။ အဲဒီ ခေတ်တိုင်းခေတ်တိုင်းမှာ ပေါ်ခဲ့တဲ့ သူ့ခေတ်ဆိုင်ရာ "ခေတ်ပေါ်ကဗျာ" တွေကို အဲဒီခေတ်တိုင်း ခေတ်တိုင်းမှာရှိတဲ့ စာဖတ်သူတွေဟာ အလွယ်တကူ နားလည်နိုင်ခဲ့ကြရဲ့လား။

တကယ်တော့ ကဗျာဆိုတာ အရိပ်ပြလို့ အကောင်ထင်အောင် ကြည့်ရတဲ့ ကိစ္စပါ။ မှော်နဲ့ရေးတာကို မှော်နဲ့ပဲ ခံစားယူရတဲ့ ကိစ္စပါ။ ကဗျာဖတ်တဲ့ အလုပ်ဟာ အင်မတန် သိမ်မွေ့နက်နဲတဲ့ ကိစ္စဆိုတော့ "လူမှာအတွေ့ နတ်မှာအငွေ့" ဆိုသလို ကဗျာဖတ်ခြင်း အလုပ်ကို အဲသလောက်အထိမြှင့်ပြီး တင်စား ပြောဆိုလို့ရမယ် ထင်ပါတယ်။ အင်မတန် အဆင့်မြင့်တဲ့ ယဉ်ကျေးမှုရေး ကိစ္စပါ။ ကဗျာဆိုတာ ဘယ်ခေတ်မှာမဆို နိမိတ်ပုံတွေ၊ သင်္ကေတတွေ၊ အင်္လကာတွေနဲ့သာ ရေးရဖွဲ့ရတဲ့ကိစ္စပါ။ ကဗျာဖတ်သူဟာ ခေတ်ပေါ်ကဗျာကို ခံစားယူလို့ ရနိုင်ဖို့ ဆိုရင် အနည်းဆုံး သူ့အရင်ပေါ်ခဲ့တဲ့ အနီးဆုံးခေတ်က ကဗျာတွေလောက်ကစပြီး စိုက်လိုက်မတ်တတ် ဖတ်ရှုခဲ့ဖို့ လိုအပ်ပါတယ်။ ကဗျာဖတ်နာဖို့ လိုပါတယ်။ ဒါကြောင့်မို့ "ခေတ်ပေါ်ကဗျာ" လို့ ဆိုလိုက်ရင် ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် နိမိတ်ပုံ၊ သင်္ကေတ အစရှိတဲ့ ကဗျာ့ပရိယါယ်တွေကို သစ်သထက်သစ်အောင် လုပ်ကြရတာ ချည်းပါပဲ။ ကျစ်သထက်ကျစ်အောင် ကြိုးစားရတာချည်းပါပဲ။ ဒီလို "သစ်အောင်ကျစ်အောင်" လုပ်တဲ့အလုပ်ဟာ ဘယ်ခေတ်မှာရယ်လို့ မဟုတ်ပါဘူး။ ကဗျာ အလုပ်ကိုယ်၌က ကဗျာဆိုတာ "အရိပ်အယောင်" ကိုပဲ ပြတဲ့ ပြောတဲ့ အလုပ် ဖြစ်ပါတယ်။ ရှင်းမပြပဲ ခင်းပြတဲ့အလုပ်ကို လုပ်ရပါတယ်။ ဒါကြောင့်မို့ ကဗျာကို စာဖတ်သူတွေ စကားပြေလောက် နည်းလည်လို့ မလွယ်တာပဲ ဖြစ်ပါတယ်။

အောက်မှာ၊ ဂျာမနီ နှစ်နိုင်ငံ ကွဲစဉ်တုန်းက အရှေ့ဂျာမနီက ကဗျာဆရာ "ကဒ် ဒရာဝပ်" ရဲ့ "ပုံစံကျ ကြေးမုံ" ဆိုတဲ့ ကဗျာတပုဒ်ကို လက်ဆောင်အဖြစ် ဖော်ပြပေးလိုက်ပါတယ်။ သူတို့ကလည်း "ကဗျာ" ကို ကဗျာဖြစ်အောင် ရေးကြတာ တွေ့ကြရပါလိမ့်မယ်။ ကဗျာဆရာက ဘာကိုပြောချင် ပေးချင်တာလဲ ဆိုတာတော့ စာဖတ်သူများ တူးဖော် ခံစားကြည့်ကြရပါလိမ့်မယ်။


ပုံစံကျကြေးမုံ

မျက်လုံးတွေကို ပြူးကျယ်သွားအောင် ချဲ့ပစ်လိုက်
နှာခေါင်းကို ရှုံ့ပစ်လိုက်
လည်တိုင်ကို တိုပစ်လိုက်။

ဦးခေါင်း၊ လည်တိုင်နဲ့ နားရွက်တွေကို
နေရာပြောင်းပစ်လိုက်
ရှည်မျောမျောဖြစ်အောင် လုပ်ပစ်လိုက်
မေးစေ့ကို နဖူးထိပ်အထိ မ တင်ဆွဲချဲ့လိုက်
လှိုင်းခုံးတွေ ... ။

ပါးစပ်ကို အ၀ိုင်းလုပ်ပစ်လိုက်
အားလုံးနဲ့လိုက်လျောညီထွေဖြစ်အောင် အရေပြားကို ဆွဲချဲ့လိုက်။

ကဗျာတပုဒ်လို
ဒါမှမဟုတ်
ဘ၀ရဲ့ အခြေခံမူများလို
အရာအားလုံး ပြောင်းလဲပစ်လိုက် ။ ။

ကဲ ... စာဖတ်သူများ အခုဆိုရင် ဒီကဗျာလေးကို ဖတ်ပြီးကြရောပေါ့။ ဒီနေရာမှာ ဒီကဗျာက ဘာကို ဆိုလိုတာပါလိမ့်ဆိုတဲ့ အတွေးနဲ့ ဒီကဗျာကို မဖြစ်မနေ နောက်တကြိမ် ထပ်ပြီးဖတ်ဖို့ စဉ်းစားနေမိကြမလားပဲ။ ဒါဆိုရင် နောက်တကြိမ်လောက်တော့ ထပ်ဖတ်ကြည့်ပါအုန်း။ "ကဒ် ဒရာဝပ်" က ဘာကိုပြောချင် ပေးချင်တာပါလိမ့်။ ကျနော်ကတော့ မကြာခဏဆိုသလို ဒါမှမဟုတ် တွေးမိတဲ့အချိန်တိုင်း ဒီကဗျာလေးကို အထပ်ထပ်အခါခါ ဖတ်နေမိတာပါပဲ။ အဲ ... ထူးဆန်းတဲ့အချက်က နောက်တကြိမ် ထပ်ပြီးဖတ်ရင် နောက်ထပ်အတွေး၊ နောက်ထပ် ခံစားမှုတခုခုကို ထပ်ထပ်ပြီး ရနေတုန်းပဲဆိုတဲ့ ထူးဆန်းတဲ့ အချက်ပါပဲ။

စာဖတ်သူများ ဒီကဗျာလေးကို ဖတ်ကြည့်ကြစမ်းပါ။ တွေးကြည့်ပါ။ အနိမ့်ဆုံးတော့ ကဗျာဖတ်ရတဲ့ အလုပ်ဟာ ပျော်စရာကောင်းတာ တွေ့ကြရပါလိမ့်မယ်။ ။

အပြည့်အစုံဖတ်လိုလျှင်