စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Saturday, May 24, 2008

ပြည်သူများကို ကယ်တင်ပါ၊ ဗိုလ်ချုပ်များကို ကာကွယ်နေရန် မလိုအပ်ပါ

ကျော်စွာမိုး မေ ၂၃၊ ၂၀၀၈

နာဂစ်ဆိုက်ကလုန်း မုန်တိုင်း တိုက်ခတ်ဖျက်ဆီးခံရပြီးနောက် ပထမဦးဆုံး ကြုံတွေ့ကြရသည့် စိတ်ပျက်ဒေါသထွက်ဖွယ် အခြေအနေမှာ အသက်ရှင်ကျန်ရစ်သူများအတွက် မုန်တိုင်းကယ်ဆယ်ရေး နိုင်ငံတကာ အကူအညီများကို စစ်အစိုးရက ကန့်သတ်ချက်များ ပြုနေခြင်း ဖြစ်သည်။ စစ်အစိုးရက မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းများကို အီလေးဆွဲ ဆောင်ရွက် နေပြီး၊ ကျိုးကြောင်းမလျော်ကန်သော ဆင်ခြေများဖြင့် နိုင်ငံတကာက အကူအညီပေးရန် ကြိုးပမ်းမှုများကို တင်းကျပ်စွာ ကန့်သတ် ချုပ်ချယ်ထားခဲ့သည်။ ဒုတိယအကြိမ် စိတ်ပျက်ဒေါသထွက်ကြရခြင်းမှာ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) နှင့် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့တို့က ခေါင်းမာလှသည့် မြန်မာ စစ်ဗိုလ်ချုပ်များကို ကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်စေရေးအတွက် တိုက်တွန်းနားချရန် မစွမ်းနိုင်ဘဲ တွေဝေဖင့်နှေးနေကြသည်။

ဤသို့ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်သည့် စွမ်းရည် စစ်အစိုးရတွင် ရှိမနေပါ။ စစ်အစိုးရ ကိုယ်၌က ညံ့ဖျင်း ဆိုးရွားလှသည့် အစိုးရတခုဖြစ်သည်။ စီးပွားရေး၊ လူမှုဖူလုံရေး၊ ပညာရေး စသဖြင့် မည်သည့်ခေါင်းစဉ်တပ်တပ် ကဏ္ဍ တိုင်းတွင် တိုင်းပြည်ကို ဆုတ်ယုတ်ကျဆင်းရလေအောင် စီမံဖန်တီးခဲ့သူဖြစ်သည်။ ဤသို့ညံ့ဖျင်းသော စစ်ဗိုလ်ချုပ်များကို ချီးမြှောက် ပြောဆိုနေသူများလည်း ရှိကောင်းရှိနိုင်ပါသည်။ ထိုသူတို့ကို အခွင့်အရေးမျှော်သမားများ၊ မျက်နှာလို မျက်နှာရ ခယနေကြသူများဟုသာ ခေါ်သင့်ကြပါသည်။

သို့သော်လည်း အာဆီယံအဖွဲ့ဝင်အားလုံး၊ ကုလသမဂ္ဂ အဖွဲ့ဝင်အားလုံးက အခွင့်အရေးသမားများ၊ အကျိုးစီးပွားမျှော်၍ ခယနေကြသူများ မဟုတ်ကြပါ။ သို့သော်လည်း ရက်စက်ကြမ်းကြုတ်လှသည့်၊ ဒီမိုကရေစီ ကျင့်သုံးနေခြင်းမရှိသည့် စစ် အစိုးရကို ကာကွယ်ပေးနေကြမှုအတွက် သူတို့တွင် တာဝန်ရှိကြောင်း သမိုင်းတွင် မှတ်တမ်းကျန်ရစ်ခဲ့မည် ဖြစ်သည်။

၁၉၈၈ ခုနှစ်တွင် သွေးထွက်သံယို အာဏာသိမ်းပွဲဖြင့် လက်ရှိစစ်အစိုးရက စတင်အာဏာရယူလာခဲ့ချိန်မှစ၍ ကုလသမဂ္ဂ၏ အထူးသံကိုယ်စားလှယ်များက အမျိုးမျိုးသောခေါင်းစဉ်အောက်တွင် ခရီးစဉ် ၃ ဒါဇင်ကျော် မြန်မာနိုင်ငံသို့ လာရောက်၍ မြန်မာနိုင်ငံ၏ ဆယ်စုနှစ်ပေါင်းများစွာ လိပ်ခဲတည်းလည်းဖြစ်နေခဲ့သော နိုင်ငံရေးပဋိပက္ခ၊ ပြဿနာများ ပြေလည်စေရေး အတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုခဲ့ကြသည်။

မကြာခဏ ဆိုသလိုပင် ကုလသမဂ္ဂ၏ ထုတ်ပြန်ကြေညာချက်များကလည်း "စာမျက်နှာသစ် ဖွင့်လှစ်ခဲ့ပြီ"၊ "ပြေလည်စေ ရေးအတွက် လမ်းစပွင့်ပြီ" စသဖြင့်... ဆိုခဲ့ကြသည်။ သို့သော်လည်း ဤစာသားများက လက်တွေ့အခြေအနေကို ထင်ဟပ် နိုင်ခြင်း မရှိပါ။ တနည်းဆိုရသော် စစ်ဗိုလ်ချုပ်များကို ကာကွယ်ပေးရာ ရောက်နေပါသည်။

ယခုတော့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ အလှည့်သို့ရောက်လာခဲ့ပြီ ဖြစ်သည်။ မစ္စတာ ဘန်ကီ မွန်းက ကြာသပတေးနေ့တွင် နိုင်ငံတကာအကူအညီများနှင့် နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားများ ပြည်ဝင်ခွင့် ပိုမို ခွင့် ပြုပေးရေးအတွက် စစ်ဗိုလ်ချုပ်များကို တိုက်တွန်းနားချရန် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည်။ လွန်ခဲ့သည့် ၃ ပတ်အတွင်း စစ်အစိုးရက နိုင်ငံတကာ အကူအညီအနည်းငယ်ကိုသာ ခွင့်ပြုခဲ့ပြီး၊ အမှန်တကယ် လိုအပ်နေသူ ဒုက္ခသည်များထံသို့ လည်း အနည်းငယ်သာ ရောက်စေခဲ့သည်။ အာရှဒေသမှ ကျန်းမာရေး အကူအညီပေးရေးအဖွဲ့ အနည်းငယ်မှအပ၊ ကျန် ပြင်ပမှ နိုင်ငံခြားသား ကယ်ဆယ်ရေးလုပ်သားများကိုမူ လုံးဝတားမြစ်ပိတ်ပင် ထားခဲ့သည်။

စစ်အစိုးရ၏ ဤသို့တင်းကျပ်ကန့်သတ်ထားမှုကို မစ္စတာဘန်ကီမွန်းကိုယ်တိုင်က စိတ်ပျက်ရကြောင်း ထုတ်ဖော်ပြောဆိုခဲ့ ပြီး ဖြစ်သည်။ တဖက်တွင်လည်း မြန်မာပြည်သူများက လွန်ခဲ့သည့် နှစ် ၂၀ အတွင်း မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ လုပ်နိုင်စွမ်းကို စိတ်ပျက်နေကြပြီ ဖြစ်သည်။

ယခုတော့ မုန်တိုင်းပြီးခဲ့သည်မှာ ရက်သတ္တ ၃ ပတ်ကျော်ခဲ့ပြီ။ အခုအချိန်မှ ကုလသမဂ္ဂအကြီးအကဲက စစ်ဗိုလ်ချုပ်များကို နားချရန် ရောက်လာသည်။ လေဘေးဒဏ်သင့် ပြည်သူများက ထောက်ပံ့ရေးအကူအညီများ အသည်းအသန်လိုအပ်နေကြ ပါသည်။ ယခင်ကုလက တလျှောက်လုံးဖော်ပြပြောဆိုခဲ့သလို အပြုသဘော တိုးတက်သယောင် ပြောဆိုနေမှု၊ နားဝင်ချို စေမည့် နှစ်သိမ့်စကားများကို မြန်မာပြည်သူများက မကြားလိုကြတော့ပါ။ မိကျောင်းမျက်ရည်ကျသယောင် ဟန်ဆောင်နေ မှုမျိုး မလိုလားကြတော့ပါ။

အာဆီယံအဖွဲ့ကရော ၎င်း၏အဖွဲ့ဝင် မြန်မာနိုင်ငံအတွက် မည်သို့ ဆောင်ရွက်ပါမည်နည်း။ စင်္ကာပူနိုင်ငံတွင် ကျင်းပသည့် အရေးပေါ်အစည်းအဝေးက မုန်တိုင်းအပြီး ၂ ပတ်အကြာမှ ဖြစ်လာခဲ့သည်။ အာဆီယံအဖွဲ့က မြန်မာစစ်ဗိုလ်ချုပ်များကို တင်းတင်းမာမာ ရင်ဆိုင်လိုက်မည်ဟု မည်သည့်အခါမျှ သတ္တိမရှိခဲ့ကြပါ။ မြန်မာနိုင်ငံက အဖွဲ့ဝင်ဖြစ်လာချိန် ၁၉၉၇ ခုနှစ်မှ စ၍ အာဆီယံအဖွဲ့က စစ်ဗိုလ်ချုပ်ကြီးများ စိတ်အနှောက်အယှက် ဖြစ်စေရလောက်အောင် ဖိအားပေးလိုက်မည်ဟု မ၀ံ့ရဲ ခဲ့ကြပါ။

တနင်္လာနေ့တွင် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် အဖွဲ့၏ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ် (Surin Pitsuwan) ကိုယ်၌က ဦးဆောင်မည့် မြန်မာနိုင်ငံအတွက် အထူးလုပ်ငန်း အဖွဲ့တခု ဖွဲ့စည်းဆောင်ရွက်ရန် သဘောတူခဲ့ကြပါသည်။ ဤအဖွဲ့က ကုလသမဂ္ဂနှင့်ရော၊ စစ်အစိုးရနှင့်ပါ အနီးကပ်ပူးတွဲဆောင်ရွက်သွားမည်ဟု ဆိုပါ သည်။ ၎င်း၏ ထုတ်ပြန်ကြေညာချက်တွင် "အာဆီယံအဖွဲ့က ဦးဆောင်သည့် ချည်းကပ်မှုသည် အကောင်းဆုံးရှေ့တိုး ဆောင်ရွက် နိုင်မည့် နည်းလမ်းဖြစ်သည်" ဟု ဖော်ပြထားခဲ့သည်။ ယခုကပ်ဘေးပြဿနာကိုလည်း နိုင်ငံရေးပြဿနာအဖြစ် အသုံးမချ ကြရန် တိုက်တွန်းထားသေးသည်။

အာဆီယံအဖွဲ့၏ ထုတ်ပြန်ကြေညာချက်တွင် မြန်မာနိုင်ငံအနေဖြင့် "နိုင်ငံတကာကယ်ဆယ်ရေး လုပ်သားများ ကပ်ဘေး သင့်ဒေသများသို့ ပိုမိုဝင်ရောက်ခွင့်ပေးသင့်ကြောင်း၊ လိုအပ်ချက်များမှာ အရေးပေါ်အခြေအနေ ဖြစ်ပေါ်နေပြီး မတွက်ဆ နိုင်သည့် အတိုင်းအတာအထိ လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးကြီးကျရောက်နိုင်ဖွယ် ရှိနေကြောင်း" တိုက်တွန်းထား သေးသည်။ အပြုသဘောဆောင်သည့် ကြားကောင်းသော စာသားများ ထွက်ပေါ်လာခဲ့ပြန်သည်။

သို့သော်လည်း အချက်က ရှင်းနေသည်။ ယခု "အကောင်းဆုံး ရှေ့ဆက်နိုင်မည့် နည်းလမ်း" ဆိုသည်မှာ အယုံအကြည် ကင်းမဲ့စရာကောင်းလှသော၊ အကြင်နာတရားမဲ့လှသော ဗိုလ်ချုပ်များအတွက် နားဝင်ခံသာစေမည့် အချိုသပ်လုပ်ရပ် နောက်တခုပင် ဖြစ်နေပြန်သည်။ အာဆီယံအဖွဲ့က အမှန်တကယ် ဦးဆောင်ဦးရွက်ပြုရန် အမှန်တကယ် ရည်ရွယ်ရင်း ရှိသည်ထားဦး၊ ၎င်းအဖွဲ့အနေဖြင့် ဤသို့ အတိုင်းအဆကြီးမားလှသည့် ကပ်ဘေးဒုက္ခကြီးကို ကိုင်တွယ်ဆောင်ရွက်ရန် စွမ်းရည် ရှိမနေပါ။

ဝမ်းနည်းစရာကောင်းသလို ပို၍ ရှက်ဖွယ်လိလိဖြစ်ရသည့် ကိစ္စမှာ အာဆီယံအဖွဲ့နှင့် ကုလသမဂ္ဂက ယခုတကြိမ်တွင်လည်း ဗိုလ်ချုပ်ကြီးများ စည်းမျဉ်းချမှတ်နေသည်ကို လိုက်နာသဘောတူနေကြခြင်း ဖြစ်သည်။ သူတို့သာ အမှန်တကယ် ကပ် ဘေးသင့် ဒုက္ခသည်များကို ကူညီလိုပါက နည်းလမ်းအသစ်ဖြင့် ဦးဆောင်ဦးရွက်ပြုရန် သတ္တိပြရပါလိမ့်မည်။

အကယ်၍ ယခု မစ္စတာဘန်ကီမွန်း၏ ခရီးစဉ်တွင် အစစ်အမှန် လိုက်လျောလာမှု မရရှိခဲ့ပါက ကုလသမဂ္ဂတွင်ပြဌာန်းထား သည့် "ကာကွယ်စောင့်ရှောက်မှုပေးခွင့် တာဝန်ဝတ္တရား" (Responsibility to Protect) အရ ကျင့်သုံးရုံမှတပါး အခြားနည်း လမ်း မရှိတော့ပါ။ ဤပြဌာန်းချက်က သဘာဝကပ်ဘေးများကဲ့သို့သော အခြေအနေမျိုးအတွက် အတိအကျသတ်မှတ် ပြဌာန်းမှု မဟုတ်သော်လည်း မည်သို့ဆိုစေ ကျင့်သုံးဆောင်ရွက်ရန် ခိုင်လုံမှု ရှိနေပါသည်။ စစ်အစိုးရက လူသားမျိုးနွယ် တရပ်လုံးအပေါ် ကျူးလွန်နေသည့် ရာဇ၀တ်မှုသင့်နေပြီ ဖြစ်သည်။ ဤကဲ့သို့သော ပြဿနာမျိုးတွင် နိုင်ငံတကာမိသားစု က အရေးယူ ဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ ပြဌာန်းထားခြင်းလည်း ဖြစ်ပါသည်။

အမှန်တွင် ကယ်ဆယ်ရေးအကူအညီများနှင့် ကယ်ဆယ်ရေးကိစ္စများတွင် ကျွမ်းကျင်သူလုပ်သားများက မြန်မာနိုင်ငံနှင့် အဝေးတွင် ရှိနေကြသည် မဟုတ်ပါ။ အမေရိကန်ပြည်ထောင်စုမှ ရေတပ်သင်္ဘော ၅ စီး၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့မှ ကယ် ဆယ်ရေး အကူအညီများကလည်း မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် ဒုက္ခသည်များကို ကယ်ဆယ်ကူညီခွင့်ရရန် စောင့် ဆိုင်းနေကြပါသည်။ ဗုဒ္ဓဟူးနေ့တွင် ထုတ်ဝေသည့် စစ်အစိုးရ၏ "မြန်မာ့အလင်း" သတင်းစာက ဤနိုင်ငံများမှ အကူအညီ များကို မြန်မာပြည်သူများက လက်မခံနိုင်ကြောင်း ဖော်ပြထားခဲ့ပါသည်။

မိမိတို့တွင် နောက်ဆုံး စိတ်ပျက်ဒေါသထွက်စရာ အခြေအနေကို ကြုံတွေ့နေရပါသည်။ အမေရိကန်၊ ပြင်သစ်နှင့် ဗြိတိန် နိုင်ငံများက ကုလသမဂ္ဂနှင့် အာဆီယံတို့ မည်မျှ စွမ်းဆောင်နိုင်မည်ကို စောင့်ကြည့်နေကြပါသည်။ ယခုဆောင်ရွက်ချက် မှာ နောက်ဆုံးအကြိမ် ဆောင်ရွက်ချက်ပင် ဖြစ်သည်။

အကယ်၍ ကုလသမဂ္ဂနှင့် အာဆီယံအဖွဲ့တို့က ဒုက္ခသည်များကို ကူညီပေးရေးနှင့် ပတ်သက်၍ ထိရောက်သောနည်းလမ်း များ ရှာကြံ မဆောင်ရွက်နိုင်ခဲ့လျှင်၊ မုန်တိုင်းပြီး၍ အသက်ရှင်ကျန်ရစ်ခဲ့သူများ၏ အသည်းအသန် အခြေအနေကို အနောက်နိုင်ငံကြီးများက အကြီးအကျယ် ပြစ်တင်ဝေဖန်ရုံသာပြုပြီး လက်တွေ့မဆောင်ရွက်ပေးနိုင်ခဲ့လျှင် ပို၍ အကြီး အကျယ် စိတ်ပျက်ဒေါသထွက်ကြရလိမ့်မည် ဖြစ်သည်။

သက်ဆိုင်သူအားလုံးအနေဖြင့်လည်း အပြစ်သင့် အရှက်ရပြီး၊ ပြစ်တင်ဝေဖန်မှုများကိုလည်း နှစ်ပေါင်းများစွာ ခံကြရလိမ့် မည် ဖြစ်ပါသည်။

No comments: