ဗထူး။ ဇူလိုင် ၁၅၊ ၂၀၀၈
သံဃာ့တပ်ပေါင်းစု ခေါင်းဆောင်အရှင်ဂမ္ဘီရအား အာဏာပိုင်များက အပြင်ရုံးထုတ်ခြင်းမရှိဘဲ ထောင်တွင်း၌သာ ရမန်ဆက်လက်ယူထားသည်။
အရှင်ဂမ္ဘီရအား ရုံးထုတ်မည်ဆိုသည့်အတွက် ယနေ့ နံနက်(၆) နာရီကတည်းက သွားရောက် စောင့်ဆိုင်းနေခဲ့ပြီး နေ့လည် (၂) နာရီကျော်သည်အထိ ရုံးထုတ်ခြင်းမရှိသည့်အတွက် ပြန်လာရ သည်ဟု အစ်မဖြစ်သူ မခင်ဖြူထွေးက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ထိုကဲ့သို့ ရုံးမထုတ်ဖြစ်ခဲ့သည့် အခြေအနေနှင့်ပတ်သက်၍့ အစ်မဖြစ်သူက “ထောင်မှူးကို မေး လိုက်တော့ သူကဖုန်းဆက်သေးတယ်၊ စာရင်းကိုလည်းကြည့်သေးတယ်၊ အထူးရုံးမှာ ထုတ် တယ်ဆိုရင် စာရင်းထဲမှာ ကြည့်လိုက်တော့လည်း မပါဘူး၊ အဲဒါနဲ့ ဖုန်းဆက်ပေးပါဆိုတော့ ဒီနေ့ ရုံးချိန်းကတော့ ဟုတ်တော့ဟုတ်တယ်၊ ထုတ်မထုတ်ကိုတော့ မသိဘူးလို့ပြောတယ်” ဟု ပြော သည်။
ယမန်နေ့က ထောင်ဝင်စာသွားတွေ့စဉ်က အစားအသောက်များပေးပို့ခဲ့ပြီး အရှင်ဂမ္ဘီရနှင့်လည်း တွေ့ခွင့်ရခဲ့ကြောင်း၊ ၎င်းတို့အား ယခင်က စွဲဆိုထားသည့် ပုဒ်မ (၁၃/၁)၊ (၁၇/၁) တို့အစား ပုဒ်မ(၅) ညသို့ ပြောင်းလဲစွဲဆိုလိုက်သည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။
အရှင်ဂမ္ဘီရ၏ ထောင်တွင်းကျန်းမာရေး အခြေအနေနှင့်ပတ်သက်၍ “ကျန်းမာရေးအခြေအနေ ကတော့ ကောင်းတယ်၊ ဟိုတလောကတော့ အစာအိမ်ရောင်လို့၊ ကျန်တာကတော့ မွေးနေ့တုန်း က မွေးနေ့ကိတ်ပို့တာ မရဘူး၊ သူ့ဒကာမ တယောက်က ပန်းပင်ပေးတာလဲ ပို့လို့မရဘူး” ဟု ဆက်လက်ပြောသည်။
ထို့အပြင်အရှင်ဂမ္ဘီရ၏ အစ်ကိုဖြစ်သူ ကိုအောင်ကျော်ကျော်ကိုလည်း ရုံးမထုတ်ဖြစ်ကြောင်းနှင့် စွဲဆိုထားသည့်ပုဒ်မ အတူတူဖြစ်ကာ ကျောက်တံတားတရားရုံးမှာပင် ရုံးထုတ်မည်ဟုပြော သည်။
အာဏာပိုင်များက အရှင်ဂမ္ဘီရအား ယခင်က အလုံ၊ ရန်ကင်းတရားရုံးများတွင် ရုံးထုတ်စစ်ဆေး ခြင်းများ ပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့် မတ်လ (၁၇) နေ့မှစ၍ ရုံးထုတ်စစ်ဆေးမှုများ ရပ်တန့်ထားခဲ့ ကာ ယနေ့ပထမဆုံးပြန်လည် ရမန်ယူခြင်းဖြစ်၍ လက်ရှိအင်းစိန်ထောင် တိုက် (၁)၊ အဆောင် (၁) တွင် ထားရှိသည်။
အရှင်ဂမ္ဘီရသည် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလက နိုင်ငံအ၀ှမ်း ပတ္တနိက္ကုဇနကံဆောင်ကာ သံဃာများ လမ်းလျှောက်ကြွချီမေတ္တာပို့ခဲ့သည့် လှုပ်ရှားမှုတွင် ဦးဆောင်သံဃာတော်တပါး အဖြစ်ပါဝင်ခဲ့ပြီး စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။
Tuesday, July 15, 2008
သံဃာ့တပ်ပေါင်းစုခေါင်းဆောင်အရှင်ဂမ္ဘီရအား ရုံးမထုတ်ဖြစ်
Posted by
54freedom
at
11:57 PM
0
comments
Labels: ပြည်တွင်းသတင်းများ
မြန်မာအမျိုးသမီးသံတမန်တဦးကို ဗြိတိသျှအစိုးရက ဗီဇာဆိုင်းငံ့ထား
NEJ/ ၁၅ ဇူလိုင် ၂၀၀၈
လန်ဒန်မြို့ မြန်မာသံရုံးတွင် တာဝန်ထမ်းဆောင်ရမည့် မြန်မာအမျိုးသမီး သံတမန်တဦးကို ဗြိတိသျှအစိုးရက ဗီဇာထုတ်မပေးဘဲ ဆိုင်းငံ့ထားသည်။
အဆိုပါ မြန်မာအမျိုးသမီး သံတမန်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သမက် ဗိုလ်မှူးဇော်ဖြိုးဝင်း၏ ညီမဖြစ်ပြီး မကြာခင်က လန်ဒန်မြန်မာ သံရုံးမှ ထွက်ပြေးပြီး နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ ဒေါ်နွယ်နီနေရာ၌ တာဝန်ထမ်းဆောင်မည့်သူ ဖြစ်သည်ဟု နေပြည်တော် သတင်းရပ်ကွက်က ပြောသည်။ မည်သည့်အတွက် ဗြိတိသျှအစိုးရက ဗီဇာထုတ်မပေးဘဲ ဆိုင်းငံ့ထားသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
၁၉၉၀ ခုနှစ်များ အစောပိုင်းကစပြီး ရန်ကုန်ဗြိတိသျှသံရုံးမှ စစ်သံမှူးကို ဗြိတိသျှအစိုးရက ပြန်ခေါ်ခဲ့သကဲ့သို့ လန်ဒန်မြန်မာသံရုံးမှ မြန်မာစစ်သံမှူးကိုလည်း စစ်အစိုးရမှ ပြန်ခေါ်ရန် ဗြိတိသျှအစိုးရက ပြောခဲ့သည်ဟု အနောက်တိုင်း သံတမန်တဦးက ခေတ်ပြိုင်ကို ပြောသည်။ ။
Posted by
54freedom
at
11:54 PM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ
ဆန္ဒခံယူပွဲ (၉၂) ရာနှုန်းသည် စစ်အစိုးရကို ပြည်သူထောက်ခံခြင်းမဟုတ်
NEJ/ ၁၅ ဇူလိုင် ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုသည့်နေ့မှစ၍ လက်ရှိစစ်အစိုးရသည် (၉၂) ရာနှုန်း ပြည်သူ ထောက်ခံမှုရသည့် အစိုးရဖြစ်သွားသည်ဆိုသည့် မြန်မာ့အလင်း ဆောင်းပါးပါ အချက်များ မှားနေ ကြောင်း ရန်ကုန်နိုင်ငံရေး အသိုင်းအ၀န်းက ပြောသည်။
အဆိုပါ ဆောင်းပါးကို ဆောင်းပါးရှင် မောင်စေတနာ B.A. B. Ed ဆိုသူက ရေးသားခြင်းဖြစ်သည်။ ဆောင်းပါးရှင် မောင်စေတနာသည် အမည်ရင်း ဦးငြိမ်းမောင်ဖြစ်ပြီး ပခုက္ကူမြို့မှ အငြိမ်းစား ပညာရေးမှူးတဦးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီကို တိုက်ခိုက်သည့် ဆောင်းပါးများ မြန်မာ့အလင်းတွင် ရေးလေ့ရှိသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
သူ့ဆောင်းပါးပါ အချက်များမှာ စစ်အစိုးရ ဖွဲ့စည်းပုံနှင့် စစ်တပ်အခန်းကဏ္ဍကို ထောက်ခံရေးသား ထားခြင်းဖြစ်ပြီး လွှတ်တော်မှာ စစ်ဗိုလ်လွှတ်တော်ကိုယ်စားလှယ် (၂၅) ရာနှုန်း ပါသည့်ကိစ္စကို ပြည်သူများ နားရှုတ်အောင် ရေးထားသည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။
ဆန္ဒခံယူပွဲမှာ (၉၂) ရာနှုန်း ရရှိခြင်းသည် လူထုဆန္ဒပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ စစ်အစိုးရ ရေးဆွဲထားသည့် ဖွဲ့စည်းပုံကို ထောက်ခံသည့်သဘောသာဖြစ်ပြီး လက်ရှိ စစ်အစိုးရအပေါ် လူထု ထောက်ခံမှု (၉၂) ရာနှုန်း ရသည်ဟု မှတ်ယူ၍မရကြောင်း အမည်မဖော်လိုသည့် ရန်ကုန်ရှေ့နေ တဦးက ခေတ်ပြိုင်သို့ ပြောသည်။ ရန်ကုန်နိုင်ငံရေးသမား အတော်များများကလည်း ဆန္ဒခံယူပွဲမှ ရသည့် (၉၂) ရာနှုန်းသည် စစ်အစိုးရကို လူထုက ထောက်ခံခြင်းမဟုတ်ကြောင်း ထောက်ပြသည်။
စစ်အစိုးရ မျှော်မှန်းသည့်အတိုင်း ၂၀၁၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲလုပ်ဖြစ်သည်ဆိုလျှင် ပထမ အကြိမ် လွှတ်တော်ကို ရွေးကောက်ပွဲအပြီး ရက် (၉၀) အကြာတွင် ကျင်းပမည်ဖြစ်ကြောင်း စစ် အစိုးရက ကြေညာထားသည်။ ထို့ကြောင့် အစောဆုံး ထွက်ပေါ်လာမည့် အစိုးရသည် နောက်ထပ် (၂) နှစ်ကျော် လိုသေးပြီး ထိုအစိုးရကိုသာ (၉၂) ရာနှုန်းက အသိအမှတ်ပြုသည့်သဘော ဖြစ်သည် ဟု ရန်ကုန်ရှေ့နေတဦးက ပြောသည်။
ဝါရင့်နိုင်ငံရေးသမားတဦးကမူ “ဖွဲ့စည်းပုံမှာ နိုင်ငံဝန်ထမ်းချင်းအတူတူ အရပ်သားဝန်ထမ်းကို လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခွင့် မရှိလို့ တားမြစ်ထားပေမယ့် စစ်သား စစ်ဗိုလ်ကိုတော့ လွှတ် တော်ကိုယ်စားလှယ် ဖြစ်နိုင်တယ်ဆိုပြီး ခြွင်းချက်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ပုဒ်မ (၁၂၁ ပုဒ်မခွဲ ည) မှာ ပြဋ္ဌာန်းထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ထိုက်သူ သတ်မှတ်ချက်ထဲမှာ စစ်ဗိုလ် စစ်သား ပါနိုင်တယ်လို့ ပြဋ္ဌာန်းလိုက်ရင် အရပ်ဘက်ဝန်ထမ်းတွေပါ အမတ်ဖြစ်လာနိုင်တာမို့ ခုလို ပြောင်ကျကျ အခြေခံဥပဒေကို အလွဲသုံးစားလုပ်ပြီး စစ်ဗိုလ်အမတ် (၂၅) ရာနှုန်းရအောင် ယူထားတာ ဖြစ်တယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၂၆ (က) မှာ နိုင်ငံ့ဝန်ထမ်းဟာ ပါတီနိုင်ငံရေးနဲ့ ကင်းရမယ်လို့ ဆိုထားတဲ့အတွက် စစ်ဗိုလ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရမယ် ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ပုဒ်မ၁၂၁ (ည) နဲ့ ၀ိရောဓိ ဖြစ်နေတယ်” ဟု ပြောသည်။
Posted by
54freedom
at
11:52 PM
0
comments
Labels: ပြည်တွင်းသတင်းများ
ဗိုလ်ချုပ်ပုံပါ ဂျာနယ် ရောင်းကောင်း
NEJ/ ၁၅ ဇူလိုင် ၂၀၀၈
ယမန်နေ့ထုတ် True news သစ္စာဂျာနယ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင် ကြီးများ၏ ဓာတ်ပုံ၊ အချက်အလက်များ ပါရှိသည့်အတွက် အလွန်ရောင်းကောင်းကြောင်း ရန်ကုန် မြို့ရှိ ဂျာနယ်ရောင်းသူများက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ပန်းဆိုးတန်းလမ်းတွင် ဂျာနယ်ရောင်းသူတဦးက “ဒီဂျာနယ်ဟာ ထုတ်တာ သိပ်မကြာသေးဘူး။ အရင်အပတ်တွေက သိပ်မရောင်းရဘူး။ ခုတပတ်တော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေရဲ့ ဓာတ်ပုံတွေ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဘ၀ နေ့စွဲတွေ စတာတွေပါတော့ တော်တော်လေး ရောင်း ကောင်းတယ်။ ဗိုလ်ချုပ်တို့ပုံက အချပ်ပို စာမျက်နှာမှာ ရောင်စုံနဲ့ပါတာ။ ကျနော်တို့က အဲဒါကို မျက်နှာဖုံးမှာတင်ပြီး ရောင်းတော့ ရောင်းကောင်းတာပေါ့” ဟု ပြောသည်။
အဆိုပါ ဂျာနယ်သည် ယမန်နေ့က လက်ကျန်မရှိအောင် ရောင်းကောင်းကြောင်း၊ ဂျာနယ်များ၏ ရောင်းအားသည် နာမည်ကြီးရင် ကြီးသကဲ့သို့ ရောင်းအားကောင်းပြီး စောင်ရေများကြောင်း၊ သို့ သော် တခါတရံ မျက်နှာဖုံးပါ သတင်းဖြစ်စေ၊ အခြား ထူးခြားသည့် သတင်းတခုခုဖြစ်စေ ပေါက် သွားပါက အထူးရောင်းရကြောင်း (၄၃) လမ်းနှင့် မဟာဗန္ဓုလလမ်းရှိ ဂျာနယ်ဖြန့်ချိသည့် အရောင်း ဆိုင်များထံမှ စုံစမ်းသိရသည်။
ပြီးခဲ့သည့်နှစ်က မစ္စတာဂမ်ဘာရီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) တွေ့ဆုံကြ သည့် မျက်နှာဖုံးပါ ဂျာနယ်များ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ဂမ်ဘာရီ၊ ဒေါ်အောင်ဆန်း စုကြည်နှင့် ဦးအောင်ကြည် တွေ့ဆုံသည့် မျက်နှာဖုံးပါ ဂျာနယ်များ ရောင်းကောင်းခဲ့ကြောင်း၊ ပြီးခဲ့သည့် မေ (၅) ရက်ကလည်း မုန်တိုင်းတိုက်ပြီးပြီးချင်း ထွက်လာသည့် Weekly Eleven ဂျာနယ်သည် အလွန်ရောင်းကောင်းပြီး တစောင်ကို ကျပ် (၁,၀၀၀) ခန့်အထိ ဈေးတက်သွားခဲ့ ကြောင်း အဆိုပါ ဂျာနယ်ဖြန့်ချိသည့် အရောင်းဆိုင်များက ရှင်းပြသည်။
ရန်ကုန် မဟာဗန္ဓုလလမ်း၌ ဂိတ်ထိုးလေ့ရှိသည့် တက္ကစီသမားတယောက်က သူလည်း သစ္စာ ဂျာနယ်ကို ကြိုက်၍ ၀ယ်ထားကြောင်း၊ ဂျာနယ်ပါ ဗိုလ်ချုပ်အောင်ဆန်းပုံကို ပုံကြီးချဲ့ပြီး အိမ်တွင် ချိတ်ထားရန်ဖြစ်ကြောင်း ပြောသည်။
ဂျာနယ်အယ်ဒီတာတဦးက “စစ်အစိုးရ စာပေစိစစ်ရေးအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံ အပါအ၀င် အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ရေးသားဖော်ပြခွင့် တရားဝင် ပိတ်ပင်ထားတာ မရှိပေမယ့် ပေါ်လွင်ထင်ရှားအောင် ရေးသားဖော်ပြခြင်းမျိုးကိုတော့ ခွင့်ပြုလေ့ မရှိဘူး၊ ဥပမာ ဂျာနယ်၊ မဂ္ဂဇင်းမျက်နှာဖုံးတွေမှာ ဖော်ပြခွင့် မပြုတာမျိုးတွေပေါ့” ဟု ပြောသည်။
ရွှေတိဂုံဘုရားလမ်းရှိ နအဖစစ်အစိုးရ စစ်သမိုင်းပြတိုက်တွင်မူ ဗိုလ်ချုပ်အောင်ဆန်း၏ ပုံများကို တပ်မတော်၏ ဖခင်ကြီးအဖြစ် လေးစားဖွယ်ကောင်းအောင် ထင်ထင်ရှားရှား ပြသထားခြင်း မရှိသော်လည်း သမိုင်းဆိုင်ရာ ဓာတ်ပုံအခန်း၌ မထင်မရှား ပြသထားကြောင်း သိရသည်။ ။
Posted by
54freedom
at
11:49 PM
0
comments
Labels: ပြည်တွင်းသတင်းများ
မုန်တိုင်းကြောင့် ရေလုပ်သား အသေအပျောက် (၂၇,၀၀၀) ကျော်ရှိ
ပီတာအောင်/ ၁၅ ဇူလိုင် ၂၀၀၈
နာဂစ်မုန်တိုင်းကြောင့် ငါးဖမ်းလုပ်သားပေါင်း (၂၇, ၀၀၀) ကျော် သေဆုံးနှင့် ပျောက်ဆုံးသွားခဲ့ ကြသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (OCHA) ၏ ယမန် နေ့ထုတ် အစီရင်ခံစာအရ သိရသည်။
မုန်တိုင်းကြောင့် ကမ်းဝေးနှင့် ကမ်းနီး ငါးဖမ်းစက်လှေ (၃၄,၆၈၆) အနက် အစီး (၂,၀၀၀) ကျော် ဆုံးရှုံးခဲ့ပြီး မုန်တိုင်းဒဏ်ခံရသည့် မြို့နယ်တခုစီ၌ ပျမ်းမျှလှေငယ်အစီး (၁,၀၀၀) ခန့် ပျက်စီး သွားသည်ဟု အစီရင်ခံစာ၌ ဖော်ပြသည်။ အအေးခန်းစက်ရုံ (၅၅) ခု ပျက်စီးသွားသည်ဟုလည်း သိရသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ငါးဖမ်းလုပ်သား အများအပြား မုန်တိုင်းအတွင်း သေကျေပျက်စီးခဲ့ရသော်လည်း ငါးဖမ်းလုပ်ငန်း ထိခိုက်မှုမရှိဘဲ အစားထိုး လုပ်ကိုင်နိုင်မည်ဟု ယူဆကြောင်း ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေး မှူး ဦးဝင်းသိန်းဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။
၎င်းက “ဒီမှာ လက်တွေ့တွေ့ရတာတော့ အဖေသေသွားမယ်၊ သူ့သားကျန်မယ်။ သား သေသွား မယ်၊ အဖေ ကျန်တာရှိမယ်။ အဲဒီအခါကျတော့ လုပ်ငန်းခွင်မှာတော့ သူတို့မိသားစုက ပြန်ပြီးတော့ အစားထိုးလုပ်နိုင်ပါတယ်။ နောက်တခုက သေဆုံးသွားတဲ့ အထဲမှာလည်း အကူလေးတွေ၊ ဘောက် သမားတွေ များတဲ့အခါကျတော့ ကျနော်တို့လုပ်ငန်းကို ပင်မထုတ်လုပ်ပေးနေသူတွေ သိပ်မပါဘူး ပေါ့။ ပါသွားလို့ရှိရင်လည်း မိသားစုတွေက အစားထိုးဝင်ရောက် လုပ်ကိုင်လာကြတယ်” ဟု ပြောသည်။
ရေလုပ်ငန်းကဏ္ဍ ပြန်လည်ထူထောင်ရန် အချိန်ကာလ (၃) လ သတ်မှတ်ထားပြီး ရေလုပ်သားများ အမြန်ဆုံး အလုပ်ခွင်ပြန်ဝင်နိုင်ရန် လိုအပ်သည့် ငါးဖမ်းလှေနှင့် ငါးဖမ်းပိုက်များ အပါအ၀င် ငါးဖမ်း ကိရိယာများလည်း ပံ့ပိုးပေးနေသည်ဟု ညွှန်ကြားရေးမှူး ဦးဝင်းသိန်းဦးက ဆက်လက်ပြောသည်။
ပျက်စီးသွားသည့် ငါးဖမ်းလှေပေါင်း အစီး(၇,၀၀၀) ခန့်ရှိကြောင်းနှင့် ပျက်စီးမှုကို အစားထိုးရန် စက်တပ် ငါးဖမ်းလှေငယ် အစီးရေ (၉,၅၀၀) ခန့် ထုတ်လုပ်လျက်ရှိကြောင်း ငါးလုပ်ငန်း ဦးစီးဌာန မှသိရသည်။ ထို ငါးဖမ်းလှေများအား ငါးဖမ်းလုပ်သားများကို ပေးအပ်၍ (၁) နှစ် အခမဲ့လုပ်ကိုင်ခွင့် ပြုမည်ဖြစ်ပြီး ကျသင့်ငွေ (၄) သိန်းကို ၂၀၀၉ ခု ဇူလိုင်လမှစ၍ (၄) ရစ်ခွဲ၍ ပြန်လည်ပေးဆပ်ရ မည်ဟု သိရသည်။
သေဆုံးသွားသည့် ငါးဖမ်းလုပ်သားများအတွက် သက်ဆိုင်ရာက နစ်နာကြေး တစုံတရာ ပေးအပ် ခြင်းမရှိကြောင်းနှင့် ငါးဖမ်းလှေများကိုလည်း ငါးဖမ်းလုပ်သားတိုင်း မရရှိဘဲ အာဏာပိုင်တို့နှင့် နီးစပ်သူများကိုသာ မျက်နှာပန်းလှရုံ ပေးအပ်နေခြင်းဖြစ်ကြောင်း ဘိုကလေးမြို့ခံတဦးက ပြောသည်။
နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူ (၈၄,၅၃၇) ဦးနှင့် ပျောက်ဆုံးသူ (၅၃,၈၃၆) ဦးရှိကြောင်း စစ်အစိုးရက တရားဝင် ပြောကြားထားသည်။ ကုလသမဂ္ဂ အေဂျင်စီ (OCHA) က ပျောက်ဆုံးနှင့် သေဆုံးသူပေါင်း (၁၄၀,၀၀၀) ဦး ရှိပြီး (၅၅) ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်သည်ဟု ယမန်နေ့ ထုတ်အစီရင်ခံစာ၌ ခန့်မှန်းသည်။ ။
Posted by
54freedom
at
11:47 PM
0
comments
Labels: ပြည်တွင်းသတင်းများ
ဒုက္ခသည်များအပေါ် စောင့်ရှောက်ရေးညံ့သည့်နိုင်ငံစာရင်းတွင် ထိုင်းနိုင်ငံပါဝင်
ကိုဝိုင်း/ ၁၅ ဇူလိုင် ၂၀၀၈
ထိုင်းနိုင်ငံက နိုင်ငံအတွင်းရှိ ဒုက္ခသည်များကို စခန်းများအတွင်း နှစ်ပေါင်းများစွာ ကန့်သတ် ထိန်းသိမ်းထားခြင်းနှင့် အချို့ကို အန္တရာယ်ရှိနိုင်သော နေရပ်ရင်းသို့ အဓမ္မပြန်ပို့ခြင်းတို့ကြောင့် ဒုက္ခသည်များအတွက် အဆိုးရွားဆုံးနေရာ (၁၀) ခုစာရင်းအတွင်း ထိုင်းနိုင်ငံအား ထည့်သွင်း ကြောင်း အစီရင်ခံစာတရပ်တွင် ဖော်ပြထားသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အမေရိကန်နိုင်ငံ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာကော်မတီ (USCRI) ၏ ယခင်လ ထုတ်ပြန်ချက်၌ ယခုကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။ ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ ဘက်ခြမ်းရှိ ဒုက္ခသည်စခန်း (၉) ခုမှ မြန်မာဒုက္ခသည် (၁) သိန်းကျော်ကို စခန်းများအတွင်း၌ ထိန်းချုပ်ထားပြီး အလုပ်လုပ်ခွင့် မပြုကြောင်း ယင်းအစီရင်ခံစာ၌ ဝေဖန်ဖော်ပြထားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ကရင်ဒုက္ခသည် ကော်မတီ (ကေအာစီ) အတွင်းရေးမှူး (၁) ဖြစ်သူ ဆရာဂျော့အား ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းရာ မြန်မာဒုက္ခသည်များအနေဖြင့် စခန်းပြင်ပ၌ တရားဝင် အလုပ်ထွက် လုပ်နိုင်ရေးအတွက် ထိုင်းအစိုးရ၊ ယူအန်အိတ်ခ်ျစီအာ၊ အိုင်အယ်လ်အို၊ ထိုင်းစီးပွားရေး လုပ်ငန်းရှင်ကြီးများ အပါအ၀င် အခြားသက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း၍ အချက်အလက် ရှာဖွေစုံစမ်းမှုများကို ၂၀၀၇ ခုအတွင်း၌ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ သို့သော် အောင်မြင်မှု မရှိသေးကြောင်း ပြောသည်။
ဆရာဂျော့က “လောလောဆယ်ကတော့ အလုပ်လုပ်ခွင့် မရှိဘူး။ အခက်အခဲတွေ အမျိုးမျိုးရှိတယ် လေ။ လုံခြုံရေး၊ ငြိမ်ဝပ်ပိပြားရေး၊ မှုခင်းတို့၊ မူးယစ်ဆေးဝါးတို့ သူတို့လည်း အများကြီး စဉ်းစားရ တယ်လေနော်။ လာညှိနှိုင်းသွားတာကတော့ စက်ရုံ အလုပ်ရုံတွေဖွင့်မယ်။ စခန်းနဲ့ နီးတဲ့နေရာတွေ ဘာတွေမှာ လာကြည့်သွားတာပဲ။ ထိုင်းဘက်က စက်ရုံပိုင်ရှင်ကြီးတွေ၊ သူဌေးကြီးတွေလည်း လာကြတာပဲ။ အောင်မြင်မှုတော့ မရှိသေးဘူးလေ” ဟု ပြောသည်။
ထို့ပြင် အဆိုပါ စခန်း (၉) ခုမှ ဒုက္ခသည်များအနေဖြင့် စခန်းအတွင်း၌ နှစ်ပေါင်းကြာမြင့်စွာ နေရ သဖြင့် ငြီးငွေ့လာခြင်း၊ အကူအညီ အထောက်အပံ့များအပေါ်သာ မှီခိုနေရခြင်းတို့ကြောင့် အပြင် ထွက်၍ ၎င်းတို့နှင့် ကိုက်ညီမည့် အလုပ်များကို လုပ်လိုစိတ်များ ရှိနေကြခြင်း ဖြစ်သည်ဟုလည်း ဆက်ပြောသည်။
ဆရာဂျော့က “လူတိုင်းကတော့ ထွက်ပြီး အလုပ်လုပ်ချင်ကြတာပဲလေ။ အလုပ်ကြမ်းဆိုလည်း အလုပ်ကြမ်းပေါ့။ စက်ရုံဆိုလည်း လုပ်နိုင်တဲ့လူ ရှိသလို၊ စိုက်ပျိုးရေးမှာ လုပ်နိုင်တဲ့လူ ရှိမှာပေါ့လေ။ ဒါပေမယ့် ဘယ်လို အကောင်အထည် ဖော်နိုင်မလဲ၊ အခက်အခဲ ဘယ်လောက်ရှိမယ်ဆိုတာတော့ ဘယ်သိမလဲ၊ ထိုင်းအစိုးရရဲ့ ပူးပေါင်းပါဝင် ခွင့်ပြုမှု ဘယ်အတိုင်းအတာအထိ ရှိမလဲ ဆိုတာလည်း မသိဘူးပေါ့နော်” ဟု ပြောသည်။
ဒုက္ခသည်အခွင့်အရေးဆိုင်ရာ ၁၉၅၁ ခု ကုလသမဂ္ဂ သဘောတူညီချက်အား လက်မှတ်ထိုးထား ခြင်းမရှိသော်လည်း လူသားချင်းစာနာမှုဖြင့် မြန်မာဒုက္ခသည်များကို ယခုကဲ့သို့ လက်ခံထားခြင်း သာ ဖြစ်ကြောင်း ထိုင်းနိုင်ငံက အစဉ်အမြဲ ထုတ်ဖော်လေ့ရှိသည်။
ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများမှာ ချင်းမိုင်ခရိုင်အတွင်း (၁) ခု၊ မယ်ဟောင်ဆောင်ခရိုင်အတွင်း (၄) ခု၊ တာ့ခ်ခရိုင်အတွင်း (၃) ခု၊ ကန်ချနဘူရီနှင့် ရတ်ခ်ျဘူရီတို့တွင် (၁) ခုစီတို့ ဖြစ်ကြပြီး လူဦး ရေ (၁၃၉,၇၆၈) ဦးရှိကြောင်း တီဘီဘီစီခေါ် ဒုက္ခသည်များကို ကူညီနေသည့် ထိုင်း-မြန်မာ နယ်စပ် အကူအညီပေးရေးအဖွဲ့၏ ယခင်လ စာရင်း၌ ဖော်ပြသည်။ ။
Posted by
54freedom
at
11:42 PM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ
၆၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား သံတမန်တွေကို မဖိတ်ကြား
မြန်မာစစ်အစိုးရ ယဉ်ကျေးမှုဝန်ကြီး ဗိုလ်ချုပ်ခင်အောင်မြင့် ဦးဆောင်သော ကိုယ်စားလှယ်များ အာဇာနည်ခေါင်းဆောင် ကြီးများအား အလေးပြုနေစဉ်။ဇူလိုင် ၁၉၊ ၂၀၀၆။
15 July 2008
လာမယ့်စနေနေ့မှာ ကျရောက်မယ့် ၆၁နှစ်မြောက် အာဇာနည်နေ့အတွက် မြန်မာစစ်အစိုးရက နိုင်ငံခြားသံရုံး ၀န်ထမ်းတွေနဲ့ ကုလသမဂ္ဂ ၀န်ထမ်းတွေကို ဖိတ်ကြားထားခြင်းမရှိတဲ့အကြောင်း ရန်ကုန်အခြေစိုက် သံတမန်သတင်းရပ်ကွက်ကဗွီအိုအေကို ပြောပါတယ်။ တချို့သံရုံးတွေကို အာဇာနည်နေ့ အခမ်းအနားအတွက်ဖိတ်ကြားပြီးမှ အခမ်းအနား ပယ်ဖျက်လိုက်တယ်လို့ စစ်အစိုးရဘက်ကအကြောင်းကြားခဲ့တာပါ။ အပြည့်အစုံကိုကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နှစ်စဉ်နှစ်တိုင်း အာဇာနည်နေ့ အခမ်းအနားတွေမှာ စစ်အစိုးရ အရာရှိတွေ၊ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုတွေအပြင် နိုင်ငံခြားသံတမန်တွေကိုပါ မြန်မာစစ်အစိုးရဘက်က ဖိတ်ကြားခဲ့ပါတယ်။
ဒီနှစ်အခမ်းအနားမှာ အာဇာနည်နေ့အတွက် နိုင်ငံခြားသံရုံးဝန်ထမ်းတွေနဲ့ ကုလသမဂ္ဂ၀န်ထမ်းတွေကို ဖိတ်ကြားထားခြင်း မရှိတဲ့အကြောင်း မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက အကြောင်းကြားထားတယ်လို့ အမည်မဖော်လိုသူ အနောက်တိုင်းသံအရာရှိတယောက်က ဗွီအိုအေကို ပြောပါတယ်။
အာရှနိုင်ငံတခုက သံရုံးအရာရှိတယောက်ကတော့ စစ်အစိုးရက အာဇာနည်နေ့ အခမ်းအနားကိုတက်ဖို့ ပထမ စစ်အစိုးရဘက်က ဖိတ်ကြားစာပေးပို့ခဲ့ပြီး နောက်မှ အခမ်းအနားကို ပယ်ဖျက်လိုက်တယ်လို့ ပြောပါတယ်။ အခြား အာရှနိုင်ငံ သံရုံးအရာရှိတယောက်ကလည်း ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက အာဇာနည်နေ့အခမ်းအနားကိုပယ်ဖျက်လိုက်တယ်ဆိုပြီး စစ်အစိုးရဘက်က အကြောင်းကြားထားခဲ့တယ်ဆိုတာကိုအတည်ပြုပြောဆိုပါတယ်။ ဘာကြောင့်ဆိုတာကိုတော့ အကြောင်းပြချက် မပေးဘူးလို့ဆိုပါတယ်။
အခုအချိန်အထိ စစ်အစိုးရက အာဇာနည်နေ့ အခမ်းအနားကို နိုင်ငံခြားသံတမန်တွေမပါဘဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် ကျင်းပမှာလား၊ ဒါမှမဟုတ် အာဇာနည်ဂုံးမှာကျင်းပမယ့်အခမ်းအနားကို လုံးဝ ပယ်ဖျက်လိုက်တာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
သံအမတ်ကြီးဟောင်း ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကတော့ အာဇာနည်နေ့အခမ်းအနားတွေဟာ ခေတ်အဆက်ဆက် နိုင်ငံခြားသံတမန်တွေကို ဖိတ်ကြားပြီးကျင်းပခဲ့တဲ့ အစဉ်အလာရှိတယ်လို့ အခုလိုပြောပါတယ်။
“ကျနော်တို့ ဖဆပလအစိုးရ လက်ထက်တုန်းကတော့ ဖိတ်တာပေါ့။ ဒါ ဒီအလေးပြုပွဲကိုအသားယူတာပဲ။ ပြီးတော့မှ လူအုပ်ကြီးနဲ့အတူ သူ့ လူထုအစည်းအရုံးတွေက သူ့ဟာနဲ့သူ အလေးပြုကြတာ။ ဖဆပလအစိုးရ လက်ထက်တုန်းကတော့။ ဟိုတုန်းကဆိုရင်၇ ရက်၊ ၁၀ ရက်လောက်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းရဲ့ အာဇာနည်နေ့ အကြောင်းတွေပြော၊ ဓာတ်ပုံတွေ၊ သတင်းစာတွေထဲက ဆောင်းပါးတွေရေး၊ ရေဒီယိုကလည်းသီချင်းတွေဘာတွေနဲ့ အာဇာနည်နေ့ကို မမေ့အောင်၊ အာဇာနည်နေ့ကို ဂုဏ်ပြုအောင်အကုန်လုံး သေသေချာချာ ရေဒီယိုကနေ အသားပေးပြီး ဒါ လမ်းစဉ်ပါတီအစိုးရလက်ထက်ထိ ဒီအတိုင်းလုပ်လာတာပဲ။”
မြန်မာစစ်အစိုးရ အာဏာရယူခဲ့တဲ့နှစ်တွေအတွင်း အာဇာနည်နေ့ အခမ်းအနားတွေကို အရင်ခေတ်တွေတုန်းကလိုမဟုတ်ဘဲ သာမန် အကျဉ်းချုံးပြီး ကျင်းပတာမျိုးလောက်ပဲတွေ့ရတယ်လို့ သခင်ချန်ထွန်းက ပြောပါတယ်။ စစ်အစိုးရဟာ အာဇာနည်ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍကို မှေးမှိန်အောင်လုပ်နေတယ်ဆိုတဲ့ ဝေဖန်တာမျိုးတွေလည်း ရှိပါတယ်။ သခင်ချန်ထွန်းကတော့ ဒီနှစ်အခမ်းအနားဟာ ၀တ်ကျေတမ်းကျေကျင်းပမယ့်အခမ်းအနားတခုသာဖြစ်မယ်လို့ ခန့်မှန်းပါတယ်။
“မနှစ်ကလည်း ဘာမှမှ မသိလိုက်ကြဘဲ။ အခုလည်း ဒီလိုပဲ ရှိမှာပဲပေါ့။ အခုတော့ နေပြည်တောင်ပြောင်းသွားတဲ့အခါကျတော့ ရန်ကုန်မှာ ဘာမှမရှိတော့ဘဲ၊ တိုင်းမှူးရှိရင်တိုင်းမှူးကိုယ်တိုင်လုပ်မလား၊ အဲလိုများခိုင်းမလား မပြောတတ်ဘူး။ မခိုင်းဘဲ ဒီ့ပြင်မြို့နယ်တွေလုပ်သလို သာမန်ပဲ လုပ်မလား၊ ဒါကတော့ စောင့်ကြည့်ရမှာပဲ။”
ပြီးခဲ့တဲ့နှစ်က အခမ်းအနားကို မြန်မာစစ်အစိုးရကိုယ်စား ယဉ်ကျေးမှုဝန်ကြီး ဗိုလ်ချုပ်ခင်အောင်မြင့်က တက်ရောက် လွမ်းသူ့ပန်းခွေချခဲ့ပါတယ်။
ဒီနှစ် အာဇာနည်နေ့အခမ်းအနားကို နိုင်ငံခြားသံတမန်တွေအပြင် နောက်ထပ်တက်ရောက်ခွင့်မရနိုင်ဘူးလို့ သတ်မှတ်ခံထားရသူကတော့ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်က အနည်းဆုံး ၇ ကြိမ်လောက် တက်ရောက်ဂါရ၀ပြုခဲ့ဘူးပါတယ်။
ဒီဆယ်စုနှစ်တွေအတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံမှာလူထုအုံကြွမှုကြီးမဖြစ်ခင် ဇူလိုင်လက အာဇာနည်နေ့အခမ်းအနားကို တက်ရောက်ခဲ့ဘူးပါတယ်။ နောက် ပထမအကြိမ် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခဲ့တဲ့ ၁၉၉၅ခုနှစ်ကနေ နောက်ပိုင်း ၂၀၀၀ ခုနှစ်အထိ ဆက်တိုက်တက်ရောက်ခဲ့ပေမယ့် ၂၀၀၁ခုနှစ်မှာတော့ နေအိမ်အကျယ်ချုပ် ထပ်မံကျခံခဲ့ရတဲ့အချိန်မှာ အာဇာနည်နေ့အခမ်းအနားကို မတက်ရောက်ခဲ့ပါဘူး။
နေအိမ်အကျယ်ချုပ်က ပြန်လည်လွတ်မြောက်ခဲ့တဲ့ ၂၀၀၂ ခုနှစ်မှာ နောက်ဆုံးဒေါ်အောင်ဆန်းစုကြည် အာဇာနည်နေ့အခမ်းအနားကို တက်ရောက်ပြီး ပန်းခြင်းတွေချဂါရ၀ပြုခဲ့ပါတယ်။ ဒီနှစ်ဆိုရင် အာဇာနည်နေ့အခမ်းအနားကို တက်ရောက်ခွင့်မရတော့တဲ့ ၆ နှစ်မြောက်နှစ်ပဲ ဖြစ်ပါတယ်။
အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေကတော့ ဌာနချုပ်နဲ့နယ်တွေမှာ အာဇာနည်နေ့အခမ်းအနားတွေ ကိုယ့်အစီအစဉ်နဲ့ကိုယ် ကျင်းပမယ်လို့ဗွီအိုအေကို ပြောဆိုထားပါတယ်။ကိုသိန်းထိုက်ဦး သတင်းပေးပို့သွားတာပါ။
အခုနောက်ဆုံးရတဲ့ သတင်းတွေအရလည်း မြန်မာစစ်အစိုးရက နိုင်ငံခြားသံရုံးတွေကိုအကြောင်းကြားတဲ့အခါ အာဇာနည်နေ့အခမ်းအနားကို ပယ်ဖျက်လိုက်တယ်လို့အကြောင်းကြားထားတဲ့အကြောင်း အနောက်တိုင်း သံတမန်သတင်းရပ်ကွက်ကပြောပါတယ်။
ဒါပေမယ့် စစ်အစိုးရက ပုံမှန် အာဇာနည်ဂုံးမှာ ကျင်းပလေ့ရှိတဲ့ အာဇာနည်နေ့အခမ်းအနား တခုလုံးကို ပယ်ဖျက်လိုက်တာလား၊ ဒါမှမဟုတ် ကိုယ့်အစီအစဉ်နဲ့ကိုယ် ကျင်းပပြီး နိုင်ငံခြားသံတမန်တွေကိုပဲ မဖိတ်ကြားတော့တာလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
သံရုံးတွေကို အကြောင်းကြားတဲ့အခါ အခမ်းအနားအစီအစဉ် ပယ်ဖျက်လိုက်တယ်လို့သာ အကြောင်းကြားပြီး အကြောင်းပြချက် တစုံတရာ စစ်အစိုးရဘက်က မပေးတဲ့အကြောင်း အနောက်တိုင်း သံတမန်သတင်းရပ်ကွက်က ပြောပါတယ်။
Posted by
54freedom
at
11:33 PM
0
comments
Labels: ပြည်တွင်းသတင်းများ