စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, July 10, 2008

မုန်တိုင်းလွန်ကာလ ပြန်လည်ထူထောင်ရေး နှေးကွေးမှုကြောင့် (၂၀၀၈/၂၀၀၉) စပါးအထွက်နှုန်း စိုးရိမ်ဖွယ်ရာဖြစ်

မုန်တိုင်းလွန်ကာလ ပြန်လည်ထူထောင်ရေး နှေးကွေးမှုကြောင့် (၂၀၀၈/၂၀၀၉) စပါးအထွက်နှုန်း စိုးရိမ်ဖွယ်ရာဖြစ်

အပူပိုင်းဒေသ ဆိုင်ကလုန်းနာဂစ်သည် မြန်မာနိုင်ငံ၏ အဓိက စပါးစိုက်ပျိုးရာဒေသဖြစ်သည့်
ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ အောက်ပိုင်းကို မေ (၂) ရက်က တိုက်ခတ်သွားခဲ့ရာ စိုက်ပျိုးရေး မြေများ၊ အခြေခံအဆောက်အအုံများ၊ ကျွဲနွှားတိရစ္ဆာန်များနှင့် သိုလှောင်ထားသော ရိက္ခာစပါး များကို အကြီးအကျယ် ထိခိုက်ပျက်စီးစေခဲ့သည်။ ဆိုင်ကလုန်းမုန်တိုင်းနှင့်အတူ (၁၂) ပေ အမြင့် ရှိသော လှိုင်းလုံးကြီးသည်လည်း မုန်တိုင်းသွားရာ ကုန်းတွင်းပိုင်း လမ်းကြောင်းအတိုင်း မိုင် (၂၅) မှ (၃၀) အထိ လိုက်ပါလာခဲ့သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
စတုရန်းမိုင် (၂,၀၀၀) နီးပါးရှိသော အချက်အချာကျသည့် လယ်ယာစိုက်ပျိုးမြေများသည် ဆားငန်ရေများ၊ သည်းထန်စွာရွာသွန်းသော မိုးရေများအောက် နစ်မြုပ်ခဲ့ရသည်။ ထိုသို့ ထိခိုက်ပျက်စီးရသည့် စပါးစိုက်ပျိုးရာ နေရာများသည် မြန်မာတနိုင်ငံလုံး စပါးထွက်ရှိမှု၏
(၆၀) ရာခိုင်နှုန်းနီးပါး စပါးထွက်နေသောနေရာများ ဖြစ်သည်။

မုန်တိုင်းဒဏ်ကို တိုက်ရိုက်ခံစားရသည့် လူဦးရေမှာ (၂.၄) သန်းရှိသည်ဟု ကုလသမဂ္ဂက ခန့်မှန်းသည်။ စပါးစိုက်ပျိုးချိန်ရာသီသည် ဇူလိုင်နှောင်းပိုင်းတွင် ကုန်ဆုံးတော့မည်ဖြစ်၍ (၂၀၀၈/၂၀၀၉) အတွက် စပါးအထွက်နှုန်းသည် မရေရာ မသေချာ ဖြစ်နေသည်။

မုန်တိုင်းသင့်ဒေသများရှိ ပျက်စီးသွားသော မြေနေရာများ၊ အခြေခံ အဆောက်အအုံများကို ပြန်လည် အခြေချရေးအတွက် အမှန်တကယ် လုပ်ဆောင်မှုမှာ မရှိသလောက် နည်းပါးနေ
သကဲ့သို့ လယ်သမားများအတွက်လည်း သင့်တင့်လျောက်ပတ်သည့် စားရေရိက္ခာ၊ မျိုးစပါး၊ လက်နက်ကိရိယာ၊ ကျွဲနွှားတိရိစ္ဆာန် သို့မဟုတ် ကျွဲနွားအစားထိုး လယ်ထွန်စက်များအတွက် လိုအပ်သည့် လောင်စာဆီ စသည်တို့ကိုလည်း ထောက်ပံ့ပေးရဦးမည်ဖြစ်သည်။ မုန်တိုင်း
အလွန် ကွင်းဆင်းလေ့လာရေးတွင် အမေရိကန် လယ်ယာစိုက်ပျိုးရေး ၀န်ကြီးဌာန (USDA)
လည်း ပါဝင်ခဲ့ရာ မေ (၅) ရက်တွင် (၄၉၀,၀၀၀) ဟက်တာအထိ ရေလွှမ်းမိုးနေခဲ့သော နေရာများတွင် မေ (၃၀) ရက်၌ (၃၀၀,၀၀၀) ဟက်တာမှာ ရေပြန်ဆင်းသွားပြီ ဖြစ်သည်။

သို့သော်လည်း မုန်တိုင်းဖြစ်ပြီး (၁) လကြာသည့်နောက်ပိုင်းအထိ ခန့်မှန်းချေအားဖြင့် (၁.၄) ဟက်တာ (သို့) မူလက ရေလွှမ်းမိုးခံထားရမှု၏ (၈၀) ရာခိုင်နှုန်း ဧရိယာသည် ရေကြီးသည့်
ဒဏ်ကို ခံနေရဆဲဖြစ်သည်။ ခန့်မှန်းချေအားဖြင့် (၈၇၀,၀၀၀) ဟက်တာမှာ တိုးတက်ပြောင်းလဲ လာသည့် လက္ခဏာ မတွေ့ရပေ။

ရေကြီးသည်က တကြောင်း၊ ထွန်တုံးပိတ်ချိန် စောသည်က တကြောင်းကြောင့် ခန့်မှန်းချေအားဖြင့် (၇၀၀,၀၀၀) ဟက်တာမှာ အဓိကကျသည့် မိုးရာသီတွင် စပါးစိုက်ပျိုးနိုင်မည်မဟုတ်ဟု USDA မှ ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။ ထို့ကြောင့် (၂၀၀၈/၂၀၀၉) အတွက် ဆုတ်ယုတ်မည့် စပါးအထွက်နှုန်းမှာ (၇၀၀,၀၀၀) ဟက်တာမှ ထွက်ရှိမည့် စပါးအရေအတွက်ပင် ဖြစ်သည်။

USDA မှ လက်ရှိ ခန့်မှန်းထားသည်မှာ (၂၀၀၈/၂၀၀၉) အတွက် မြန်မာ့ဆန်စပါး ထုတ်လုပ်မှုသည် တန်ချိန် (၉.၄) သန်း (ဆန်စက်ထုတ်လုပ်မှု အခြေပြု) ရှိမည်ဖြစ်ပြီး ပြီးခဲ့သည့်လမှစလျှင် ထုတ် လုပ်မှု တန်ချိန် (၀.၆) သန်း ကျဆင်းသွားမည်ဖြစ်ကာ ပြီးခဲ့သည့်နှစ်ထက်စာလျှင် (၁၂) ရာခိုင်နှုန်း လျော့ကျသွားမည်။ စပါးရိတ်သိမ်းနိုင်မှုကို (၆.၄) သန်း ဟက်တာဟု ခန့်မှန်းထားပြီး ပြီးခဲ့သည့် နှစ်ထက် (၁၀) ရာခိုင်နှုန်း လျော့နည်းသွားမည်။ ထပ်ဆောင်း၍ USDA က ခန့်မှန်းထားသည်မှာ မုန်တိုင်းနှင့် ရေကြီးမှုတို့ကြောင့် အနည်းဆုံး (၂၀၀၇/၂၀၀၈) ဆန်အထွက်နှုန်းမှ ဆန်တန်ချိန် (၁.၀) သန်း ဆုံးရှုံးသွားခဲ့ရသည်။ ထိုဆန်အများစုမှာ လယ်ယာများ၊ ဒေသခံဆန်စက်များ၊ ဆန်ဂို ထောင်များတွင် သိုလှောင်ထားသော ဆန်များဖြစ်သည်။

ရေလွှမ်းပြီး စပါးပျက်စီးမှု အခြေအနေပြ မြေပုံ

မုန်တိုင်းလွန် ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုများမှာ ပြီးခဲ့သည့်လအတွက် လုပ်ဆောင်နေဆဲ ဖြစ်သော်လည်း နိုင်ငံရေးဆိုင်ရာ၊ အဖွဲ့အစည်းဆိုင်ရာ၊ လမ်းပန်းဆက်သွယ်မှုနှင့် ငွေကြေးဆိုင်ရာ အခက်အခဲ အတားအဆီးများ ရှိနေသောကြောင့် လယ်ယာမြေ ပြန်လည်ပြုပြင်ရေးနှင့် မိုးရာသီ
စပါးစိုက်ပျိုးရေးတို့အတွက် လယ်သမား တဦးချင်းစီ၏ လိုအပ်ချက်များကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပေ။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် မိုးရာသီအတွက် စပါးစိုက်ပျိုး ချိန်သည် ပျိုးခင်းထဲမှ ပျိုးပင်များ လယ်ကွက်အတွင်း ပြန်လည်ကောက်စိုက်မှုအပါအ၀င် ထိုလုပ် ငန်းများကို ဇူလိုင် နောက်ဆုံးပတ်အတွင်း အပြီးသတ်ရသည်။

လယ်ယာမြေများ နေရာအနှံ့အပြား ဖွတ်ဖွတ်ညက်ညက်ကြေအောင် ပျက်စီးရခြင်း၊ ဒေသခံ လယ် သမားတို့၏ ကျွဲနွားအများအပြား သေကျေပျက်စီးရခြင်းကြောင့် မုန်တိုင်းသင့်ဒဏ်ကို အကြီး အကျယ် ခံရသည့် နေရာများတွင် ယခုနှစ်အတွက် စိုက်ပျိုးနိုင်မည့် အခြေအနေတွင် ရှိမနေနိုင်ပေ။ မြန်မာနိုင်ငံ၏ ကျွဲနွားအရေအတွက် အသုံးပြုနှုန်း အများဆုံးမှာ မုန်တိုင်းသင့်သည့်ဒေသတွင် အများဆုံးဖြစ်နေသည်။

မုန်တိုင်းကြောင့် ကျွဲနွားအသေအပျောက် အခြေအနေပြ မြေပုံ

ကုလသမဂ္ဂ၏ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) တွင် မြန်မာနိုင်ငံ၌ မုန်တိုင်းကယ်ဆယ်ရေး အဖွဲ့တဖွဲ့ ရှိနေပြီး ထိုအဖွဲ့သည် စိုက်ပျိုးရေးကဏ္ဍ အသေးစိတ် ကွင်းဆင်းလေ့လာမှုများ လုပ်ဆောင်နေသည်။ အဓိက စိုးရိမ်နေရသည့်အချက်မှာ လယ်ယာသုံး ကျွဲနွားများ ဆုံးရှုံးရခြင်းနှင့် တချိန်တည်းမှာပင် မျိုးစပါးများကို လယ်သမားအရေအတွက်နှင့်အညီ တောနေဒေသများသို့ အချိန်မီ အလုံအလောက် ဖြန့်ဖြူးနိုင်ရေးဖြစ်သည်။ လယ်ယာလုပ်ငန်းခွင်များနှင့် ပတ်သက်ပြီး တခြားနိုင်ငံများနှင့် အခြားဒေသများမှ သယ်ဆောင်လာသော ကျွဲနွားများမှာ ချက်ချင်းခိုင်းစေ၍ မရနိုင်ဘဲ ကျင့်သားရအောင် အချိန်ပေးရသကဲ့သို့ စိုက်ပျိုးရေးအတွက် ကျွဲနွားအစားထိုး အသုံးပြု နေသည့် လယ်ထွန်စက်များအတွက်လည်း လောင်စာဆီချို့တဲ့မှုများနှင့် စက်ပြင်ဆင်သူ လိုအပ် နေမှုများလည်း ရှိနေသည်။

အချုပ်ဆိုရလျှင် လုံလောက်သော မျိုးစပါးကို မြန်မာနိုင်ငံတွင်း၌ ရရှိရန်မသေချာသကဲ့သို့ မြစ်ဝ
ကျွန်းပေါ်ဒေသတွင် အသုံးပြုရန် လိုအပ်မည့် အချက်အမျိုးမျိုးကိုလည်း အဆင်ပြေပြေ ရရှိရန် မသေမချာ ဖြစ်နေသည်။ စိုက်ပျိုးခြင်း မပြုမီ မုန်တိုင်းကြောင့် ပျက်စီးခဲ့ရသည့် လယ်ယာမြေများ ပြန်လည်ပြုပြင်မှုနှင့် ဆားငန်ရေ၀င်ထားသည်တို့ကို ပုံမှန်အတိုင်း ပြန်လည်လုပ်ဆောင်ရန် လိုအပ်နေသည့် စပါးစိုက်ဧရိယာမှာ (၇၀၀,၀၀၀) ဟက်တာအထိ ရှိနေသည်ဟု FAO က ခန့်မှန်း ထားသည်။ လယ်ယာမြေများ အကောင်းဆုံး အနေအထားအထိ ပြန်လည်ရရှိအောင် လုပ်ဆောင် နိုင်စေကာမူ ရက်သတ္တပတ်အနည်းငယ်အတွင်း လုပ်ငန်းခွင် လုပ်ဆောင်မှုတို့ကို စနစ်တကျ ပြီးစီးအောင် လုပ်ဆောင်နိုင်ရန်မှာမူ ဖြစ်နိုင်စရာ အကြောင်းမရှိပေ။ ထို့ကြောင့် (၂၀၀၈/၂၀၀၉) မိုးရာသီတွင် စိုက်ပျိုးရမည့် အချိန်သည် ကုန်လွန်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ စပါးစိုက်ပျိုးမှု အခြေအနေပြ မြေပုံ


အားလုံး စုပေါင်းမည်ဆိုပါက မုန်တိုင်းသင့်သည့် ဒေသမှာ အဓိက ပြည်နယ်နှင့်တိုင်း (၄) ခုရှိပြီး ထိုဒေသများသည် ခန့်မှန်းချေအားဖြင့် စပါးစိုက်ပျိုးမှု ဟက်တာ (၄.၀) သန်းရှိရာ တနိုင်ငံလုံး စပါးစိုက်ပျိုးမှု၏ (၅၇) ရာခိုင်နှုန်းရှိသည်။ ရေတို ရေရှည် ပျက်စီးမှုအများဆုံးမှာ တနိုင်ငံလုံး၏ စပါးစိုက်ဧက (၃၇) ရာခိုင်နှုန်းရှိသည့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့ ဖြစ်သည်ဟု မုန်တိုင်း လေ့လာသူများက ထောက်ပြကြသည်။ ထိုတိုင်း (၂) ခုတွင် စပါးစိုက်ပျိုးနိုင်မှု ဟက်တာ (၂.၆) သန်းရှိရာ မူလကတည်းက မုန်တိုင်းကြောင့် ရေကြီးမှု ဖြစ်ပွားသွားသည်မှာ ခန့်မှန်းချေအားဖြင့် ဟက်တာ (၁.၂၅) သန်း ရှိမည်ဟု USDA က ခန့်မှန်းသည်။

မေ (၃၀) ရက်တွင် ရေကြီးမှုမှာ လျော့ပါးသွားသော်လည်း ခန့်မှန်းချေအားဖြင့် ဟက်တာ (၁.၁) သန်းမှာ ရေကြီးမှုဒဏ်ကို အတိုင်းအတာတခုအထိ ဆက်လက်ခံနေရဆဲ ဖြစ်သည်။ ထိုရေကြီးမှု ဒဏ်ကို ဆိုးဆိုးဝါးဝါး ခံနေရာသော ဒေသများမှာ ဧရာဝတီတိုင်းတောင်ပိုင်း ကမ်းရိုးတန်းဒေသ များဖြစ်သည်။

ကုန်းတွင်းပိုင်းရှိ စပါးစိုက်ပျိုးရာ နေရာများတွင် ရေကြီးမှုမှာ ဆိုးဆိုးဝါးဝါး ရှိမနေသောကြောင့် ကမ်းရိုးတန်းဒေသများတွင်ရှိ စပါးစိုက်ပျိုးရာ နေရာများကိုလည်း ပြန်လည်ထူထောင်ရေး၊ ရေနုတ်ရေးအတွက် အကူအညီ ပေးရမည်ဖြစ်သည်။ မုန်တိုင်းဖြစ်ပြီး တလကြာသွားသော်လည်း ရန်ကုန်တိုင်းတောင်ပိုင်း ဆိုးဆိုးဝါးဝါး ရေကြီးသည့် ဒေသများတွင် သိသိသာသာ တိုးတက် ပြောင်းလဲလာမှု မရှိသေးပေ။

မုန်တိုင်းလေ့လာသူတို့ အဆိုအရ မွန်ပြည်နယ်တွင် ထိခိုက်ပျက်စီးမှုမှာ (၂၀၀၈/၂၀၀၉) စပါး အထွက်နှုန်းအတွက် ထိခိုက်မှု မရှိနိုင်ဟု သုံးသပ်ထားသော်လည်း ပြီးခဲ့သည့်လအထိ မွန်ပြည် နယ်ရှိ စပါးစိုက်ပျိုးရာ အဓိကနေရာများတွင် ရေကြီးမှုများမှာ ရှိနေဆဲဆိုသည့်အချက်ကို မှတ် သားထားရမည်ဖြစ်သည်။ မွန်ပြည်နယ်ရှိ ရေကြီးမှု အပျက်အစီးနှင့် စပါးစိုက်ပျိုးမှု အခြေအနေ ပုံမှန်အတိုင်း ရှိမရှိဆိုသည်တို့ကို ထောက်ပြသည့် လွတ်လပ်သော အစီရင်ခံစာများကိုတော့
USDA က မရရှိသေးပေ။

မေလ (၅) ရက်နှင့် မေလ (၃၀) ရက် ရေကြီးမှု အခြေအနေပြ မြေပုံ

လက်ရှိ မြန်မာပြည်တွင် ရေကြီးနေမှု အတိုင်းအတာသည် ရေတို လယ်ယာအခြေအနေနှင့် စပါး စိုက်ပျိုးမှု အခြေအနေအတွက် မည်မျှအထိ ဆိုးကျိုးပေးမည်ဆိုသည်ကို မသိရှိရသေးပေ။ ပို၍ အရေးကြီးသည်မှာ လယ်မြေထဲ ဆားငန်ရေ ၀င်သည်ကို ပြန်လည်စစ်ထုတ်ရန် အချိန်ယူရမည် ဖြစ်ပြီး လယ်ထဲတွင် ဆားငန်ရေ၀င်ပြီး ပျက်စီးမှုများ ရှိနေပါက စိုက်ပျိုးနိုင်မည့် လယ်ယာပမာဏ လျော့ကျနေဦးမည်ဖြစ်သည်။

စပါးစိုက်ပျိုးထုတ်လုပ်မှုအတွက် ဖြစ်နိုင်မည့် ပျက်စီးမှုအခြေအနေနှင့်၊ စပါးစိုက်ပျိုးမှု အခြေအနေ များကို USDA မှ လာမည့် သတင်းပတ်များအတွင်း ရရှိမည့် သတင်းအချက်အလက်များကို အကဲ ဖြတ်သွားမည်ဖြစ်သည်။ အသေးစိတ် ကွင်းဆင်းလေ့လာချက်များ ပြီးပြည့်စုံသွားပါက ခန့်မှန်း ချက်များကို အသေးစိတ် စိစစ်တည်းဖြတ်ပြီး တင်ပြဦးမည်ဖြစ်သည်။

(အမေရိကန်လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနမှ ၂၀၀၈ ခု ဇွန် (၁၀) ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် BURMA: 2008/09 Rice Crop Threatened By Slow Post-Cyclone Recovery အစီရင်ခံစာကို ဘာသာပြန်ထားခြင်းဖြစ်သည်)
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မောင်ဝိတ်နှင့် အပေါင်းအပါ (၆) ဦးကို မူးယစ်ဆေးဝါးမှုဖြင့် တရားစွဲ ရဲချုပ်ခင်ရီ လိမ်လည်မှုပေါ်ပေါက်

NEJ/ ၁၀ ဇူလိုင် ၂၀၀၈

မောင်ဝိတ်နှင့် အပေါင်းအပါ (၆) ဦးကို မူးယစ်ဆေးဝါး ၀ယ်ယူသုံးစွဲမှုဖြင့် ပြီးခဲ့သည့် ဇွန် (၁၀) ရက်တွင် လမ်းမတော်မြို့နယ် ရဲစခန်း၌ အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ တာဝန်ရှိသူတဦးကို ကိုးကား၍ ယနေ့ထုတ် မြန်မာတိုင်းမ်ဂျာနယ်တွင် ဖော်ပြ ထားသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၎င်းတို့သည် ၂၀၀၃ ခုမှ စတင်ကာ ၂၀၀၈ ခုအထိ မလေးရှားနိုင်ငံသား Peter Too Huat Haw (ခ) ပီတာထံမှ Ecstasy ဆေးပြားများ အကြိမ်ကြိမ်ဝယ်ယူသုံးစွဲခြင်း၊ စိတ်ကြွဆေးပြားနှင့် Ketamine ဆေးတို့အား ကိုယ်တိုင်သုံးစွဲခြင်း၊ ကုမ္ပဏီနှစ်ပတ်လည်နေ့များနှင့် မွေးနေ့ပွဲများတွင် အခြားသူများအား ဖြန့်ဝေ တိုက်ကျွေးခြင်းတို့ ပြုလုပ်ခဲ့ခြင်းကြောင့် ဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်သည်ဟု ဆက်လက်ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဇွန် (၂၆) ရက် နေပြည်တော်တွင် ပြုလုပ်သည့် အပြည် ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားအပြီး ပြည်တွင်း၊ ပြည်ပ သတင်းထောက်များနှင့် တွေ့ဆုံရာတွင်မူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။

နာမည်ကြီး အနုပညာရှင်အချို့နှင့် စီးပွားရေးလုပ်ငန်းရှင်များအား မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ၎င်းက “ကျနော်တို့ အခုအချိန် အနုပညာရှင်တွေကို တယောက်မှ ဖမ်းထားတာမရှိပါဘူး။ စီးပွား ရေးလုပ်ငန်းရှင်တွေကိုလည်း အခုအချိန်အထိ တရားစွဲထားတာ မရှိပါဘူး” ဟု ပြောဆိုကြောင်း ပြည်တွင်း အပတ်စဉ်ထုတ် ၀ီးကလီး အဲလင်းဗင်းဂျာနယ်နှင့် ဂျာနယ်အများအပြားတွင် ဖြော်ပ ခဲ့သည်။

ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်၏သား အောင် ဇော်ရဲမြင့်သည် အနုပညာရှင်များအား တရားမ၀င် မူးယစ်ဆေးဝါး ရောင်းချမှုဖြင့် နအဖစစ်အစိုးရ အာဏာပိုင်များက မေလကုန်ပိုင်း၌ ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

အနုပညာရှင်များအား မူးယစ်ဆေး ဖြန့်ဖြူးရောင်းချနေသူများမှာ အောင်ဇော်ရဲမြင့်အပါအ၀င် နအဖနှင့် အပေးအယူမျှနေသည့် စီးပွားရေးသမားများလည်း ပါဝင်ကြောင်း၊ အချို့ရုပ်ရှင်လောက နှင့် ဂီတလောကမှ အနုပညာရှင်အချို့ မူးယစ်ဆေးသုံးစွဲမှုကြောင့် ခေါ်ယူစစ်ဆေးခံရကာ ၀န်ခံ
ကတိထိုးရကြောင်း ခိုင်လုံသော အနုပညာသတင်းရပ်ကွက်မှ သိရသည်။

ရန်ကုန်မြို့မှ ရွှေကုန်သည်တဦးက “ဒီသတင်းကို ပြည်ပမီဒီယာတွေနဲ့ ရေဒီယိုတွေက ဖော်ပြခဲ့တာ ကြာပြီ။ ဇူလိုင်လဆန်းပိုင်းက ထွက်တဲ့ ပြည်တွင်းဂျာနယ်တွေမှာတော့ ရဲချုပ်ခင်ရီက စီးပွားရေး လုပ်ငန်းရှင်တွေကို တရားစွဲထားတာ မရှိသေးပါဘူးလို့ ဗြောင်ကျကျ လိမ်ခဲ့တယ်။ အခုတော့ ဗူးပေါ်သလိုပေါ်ပြီ။ စစ်အစိုးရ ထိပ်တန်းတာဝန်ရှိသူတွေကိုယ်တိုင် လိမ်လည်နေကြတော့ သူတို့ရဲ့သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားတွေကိုရော ဘယ်လိုယုံစားရတော့မှာလဲ” ဟု ထောက်ပြပြောဆိုသည်။

အဆိုပါသတင်းတွင် မောင်ဝိတ်နှင့် (၆) ဦးကိုသာ မူးယစ်ဆေးဝါးမှုနှင့် အရေးယူထားသည်ဟုသာ ပါရှိပြီး နအဖအဖွဲ့ဝင် ဒု- ဗိုလ်ချုပ်ကြီးရဲမြင့် (ရဲမြင့်ကြီး) ၏ သား အောင်ဇော်ရဲမြင့် ပါဝင်ပတ်သက် မှုကိုမူ ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။

အောင်ဇော်ရဲမြင့်နှင့် မောင်ဝိတ်တို့ နှစ်ဦးသည် ကာလကြာမြင့်စွာကပင် နိုင်ငံခြားဖြစ် မူးယစ်
ဆေးဝါးများကို ဖြန့်ဖြူးခြင်း၊ ကိုယ်တိုင်သုံးစွဲခြင်း ပြုလုပ်သူများဖြစ်ကြောင်း၊ ၎င်းတို့ဖြန့်ဖြူးပြီး သုံးစွဲသူများတွင် အနုပညာလောကနှင့် စီးပွားရေးသမားသာမက တပ်ချုပ်ကြီး၏မြေး ဖိုးလပြည့်
ပါ စမ်းသပ်သုံးစွဲရာမှ အမှုဖြစ်ရန် စတင်လာသည်ဟု စစ်အစိုးရနှင့် နီးစပ်သည့် အသိုင်းအ၀န်းမှ သိရသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏သမက် ဗိုလ်မှူးချုပ် ရာထူးတက်

(သတင်းသုံးသပ်ချက်)
NEJ/ ၁၀ ဇူလိုင် ၂၀၀၈

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏သမက် ဗိုလ်မှူးကြီး သိန်းနိုင်ကို ဗိုလ်မှူးချုပ်ရာထူးဖြင့် မင်္ဂလာဒုံလေတပ် စခန်း ဌာနချုပ်မှူးရာထူး တိုးပေးကြောင်း လေတပ်အရာရှိတဦးက ပြောသော်လည်း ထိုသတင်းကို ခေတ်ပြိုင်က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြန်မာစစ်အစိုးရဗိုလ်ချုပ်များကို အပြောင်းအလဲလုပ်ပြီး မကြာခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သမက် ဗိုလ်မှူးကြီး သိန်းနိုင်ကို ဗိုလ်မှူးချုပ်ရာထူး တိုးပေးသည့်သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။ အဆိုပါ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်သည် လေတပ်ဦးစီးချုပ် မဖြစ်ခင် တာဝန်
ယူရသည့် စခန်းဖြစ်သည့်အတွက် အရေးကြီးသည့်နေရာဖြစ်ကြောင်း လေတပ်နှင့် နီးစပ်သူ
များက ပြောသည်။

မြန်မာစစ်အစိုးရဗိုလ်ချုပ်များအား အပြောင်းအလဲလုပ်ရာတွင် အငြိမ်းစားပေးသည့် ဗိုလ်ချုပ်များ ရှိသလို အချို့ဗိုလ်ချုပ်များကို နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ပြီး သံအမတ် ရာထူး ပေးတော့မည်ဟု သံတမန်သတင်းရပ်ကွက်က ပြောသည်။

လတ်တလော အငြိမ်းစားပေးခံရသည့် ဗိုလ်ချုပ်အချို့ကို သံအမတ်ကြီးရာထူးများ ပေးမှာဖြစ်သည့် အတွက် နိုင်ငံခြား မြန်မာသံရုံးများရှိ မြန်မာသံအမတ်များကို မကြာခင် အပြောင်းအရွှေ့ လုပ်တော့ မည်ဟု ပြည်ပ မြန်မာသံတမန်အသိုင်းအ၀န်းက ပြောသည်။

ထိုအတောအတွင်း မြန်မာစစ်ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်
ကို မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် မေ (၃၁) ရက်က ဖမ်းပြီး တရားစွဲဆိုထားကြောင်း DPA သတင်းက ဖော်ပြသည်။ မောင်ဝိတ်သည် မကြာခင်က အငြိမ်းစား ပေးခံရသည့် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်၏သား အောင်ဇော်ရဲမြင့်နှင့် နီးစပ်သူဖြစ်သည်။

အောင်ဇော်ရဲမြင့်ကို ဖမ်းထားသည့် ကိစ္စနှင့် ပတ်သက်၍ အမှုသက်သာအောင် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ကတော်က ပြည်ထဲရေးဝန်ကြီးကို လျှို့ဝှက်တောင်းပန်ခဲ့သော်လည်း ပြည်ထဲရေးဝန်ကြီးက လက်မခံခဲ့ဟု နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောသည်။

မြန်မာစစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်ပိုင်း သားသမီးများ၊ စီးပွားရေးသမားများ မူးယစ်ဆေးနှင့် ပတ်သက်နေသည်ကို မသိကျိုးကျွန် ပြုထားပြီးမှ ယခုကဲ့သို့ အရေးယူခြင်းမှာ လူထုက နာဂစ် မုန်တိုင်းကိစ္စ မကျေနပ်မှု အာရုံလွဲရန် ရုပ်ရှင်အသိုင်းအ၀န်းကို ဓားစားခံလုပ်ခြင်း ဖြစ်နိုင်သည်ဟု နေပြည်တော်အရာရှိ အသိုင်းအ၀န်းက ယူဆသည်။

နအဖ ၀န်ကြီးနေရာ အပြောင်းအလဲများကို အစိုးရပြန်တမ်းအဖြစ် သတင်းစာများတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ စစ်တပ်အတွင်း အပြောင်းအလဲများနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင် ရေးအထူးအဖွဲ့မှူး တာဝန်ရသွားသည့် ပဲခူးတိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်ကိုကို၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအသစ် ဗိုလ်မှူးချုပ်ဝင်းမြင့်၊ စစ်ကိုင်းအခြေစိုက် အနောက်တောင်တိုင်း တိုင်း မှူးအသစ် ဗိုလ်မှူးချုပ်မြင့်စိုးတို့ (၃) ဦးကို သတင်းစာများတွင် ဖော်ပြခဲ့သော်လည်း အခြား အပြောင်းအလဲများကိုမူ ဖော်ပြခြင်း မရှိသေးပေ။

ယခု စစ်ဆင်ရေး အထူးအဖွဲ့မှူးများအဖြစ် ရာထူးတိုးသွားသည့် တိုင်းမှူးဟောင်းများသည် ယခင် စစ်ဆင်ရေး အထူးအဖွဲ့မှူးများကဲ့သို့ နအဖ အဖွဲ့ဝင်ရာထူးများ မရရှိကြောင်း၊ ဒု-ဗိုလ်ချုပ်ကြီး မောင်ဘိုနှင့် ဒု-ဗိုလ်ချုပ်ကြီး ကျော်ဝင်းအပါအ၀င် ယခင် ၀ါရင့် ကစထ မှူးများမှာမူ နအဖ အဖွဲ့
ဝင်များအဖြစ် ဆက်ပြီး တာဝန်ရထားဆဲဖြစ်ကြောင်း၊ ယခုကဲ့သို့ ပြုလုပ်ခြင်းသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေဖြင့် ၎င်း၏ စစ်ဗိုလ်ချုပ်များကို အာဏာ ခွဲဝေပေးလိုက်သည့် သဘောဖြစ်ကြောင်း၊ ထိုသို့လုပ်ခြင်းအားဖြင့် တပ်ကို ပိုမိုချုပ်ကိုင်ရ လွယ်ကူအောင် ဖန်တီးလိုက်ခြင်းဖြစ်ကြောင်း စစ်တပ်နှင့်နီးစပ်သည့် အသိုင်းအ၀န်းများအကြား ပြောဆိုနေသည်။

ယခင် ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ရာထူးမှ ဖယ်ရှားပြီးနောက် ၎င်း၏ ရာထူး (၃) နေရာအနက်
ဝန်ကြီးချုပ်ရာထူးကို ဗိုလ်ချုပ်ကြီးသိန်းစိန်၊ ထောက်လှမ်းရေးမှူးရာထူးကို ဒု-ဗိုလ်ချုပ်ကြီး
မြင့်ဆွေ၊ အတွင်းရေးမှူး (၁) ရာထူးကို ဒု-ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး စသဖြင့် ခွဲဝေ
ပေးခဲ့ဖူးသည်။

ယခုကဲ့သို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၎င်း၏သမက်ကို အရေးကြီးသည့် မင်္ဂလာဒုံလေတပ် စခန်း ဌာနချုပ် ရာထူးတိုးပေးခြင်းအားဖြင့် စစ်တပ်အတွင်း ၎င်း၏ အာဏာပိုမိုခိုင်မြဲအောင် လုပ်နေခြင်း ဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ်သည့်အသိုင်းအ၀န်းက ဝေဖန်နေကြသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို မတရားသင်းဆက်သွယ်မှုဖြင့် ပြောင်းလဲတရားစွဲ

ပီတာအောင်/ ၁၀ ဇူလိုင် ၂၀၀၈

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို မတရားသင်း အဖွဲ့အစည်းများနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/၁ ဖြင့် ပြောင်းလဲ ယမန်ယူလိုက်ကြောင်း ထောင်ဝင်စာသွားတွေ့သည့် ကျောင်းသား ခေါင်းဆောင်တဦး၏ မိသားစုမှ ပြောသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အမည်မဖော်လိုသူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦး၏ ဇနီးဖြစ်သူက “အခုပြောင်း လိုက်တာ ပုဒ်မ ၁၇/၁ တဲ့။ (၃) ရက်နေ့က ယမန်ပြန်ယူတာပေါ့။ မတရားသင်း ဆက်သွယ်မှုလို့ ပြောတယ်။ အကုန်လုံးကို ပြောင်းလိုက်တာ။ ရုံးချိန်းကို အပြင်မထုတ်ဘူး။ ထောင်ထဲမှာပဲ ယမန် ယူလိုက် ချုပ်လိုက်၊ ယမန်ယူလိုက် ချုပ်လိုက်နဲ့။ အပြင်မထွက်တဲ့အခါကျတော့ ရှေ့နေနဲ့လည်း မတွေ့ရဘူး။ သူတို့က ငါတို့ကို ပုဒ်မ ဘယ်လောက်ပြောင်းလိုက်ပြီဆိုမှပဲ သိရတာ” ဟု ပြောသည်။

မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုဂျင်မီ၊ ကိုမြအေး၊ ကိုမင်းဇေယျ၊ ကိုအံ့ဖွယ်ကျော် စသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို လောင်စာဆီ ဈေးနှုန်းလျော့ချပေးရေး ဆန္ဒပြ
မှုနှင့် စပ်လျဉ်း၍ ယမန်နှစ် သြဂုတ်က ဖမ်းဆီးခဲ့သည်။

၂၀၀၈ ဇန်န၀ါရီလကုန်ပိုင်းတွင် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ ပုဒ်မ ၁၇/၂၀ ဖြင့် ၎င်းတို့ကို စတင် ယမန်ယူကာ တရားစွဲခဲ့ပြီး နောက်ပိုင်း၌ အမျိုးသားညီလာခံအား ဆန့်ကျင် နှောင့်ယှက်သည့် ဥပဒေ ၅/၉၆၊ တရားမ၀င် အီလက်ထရောနစ်ပစ္စည်း ကိုင်တွယ်မှု ဥပဒေ ၃၃ (က) တို့ဖြင့် ပြောင်းလဲ ယမန်ယူပြီး ယခု ထပ်မံ ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ယမန်အမျိုးမျိုးယူ၍ ထောင်ချထားခြင်းသည် မြန်မာနိုင်ငံဥပဒေသမိုင်း၌ အစဉ် အလာမရှိဘဲ တရားဥပဒေနှင့်လည်း ညီညွတ်မှုမရှိဟု ကျောင်းသားခေါင်းဆောင်များအား အမှုလိုက်ပေးနေသည့် ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးအောင်သိန်းက ပြောသည်။

၎င်းက “ ဒီလိုပုဒ်မတွေ ပြောင်းပြောင်းပြီး ယမန်ယူပြီးတော့ ချုပ်ထားတာ ကျနော်တို့ ဗမာပြည် တရားစီရင်ရေးစနစ်မှာ တခါမှ မကြုံဖူးတဲ့ ကိစ္စပဲ။ ရှိလည်း မရှိခဲ့ဘူး။ ပုဒ်မပေါင်းများစွာရှိတာ၊ ရာဇသတ်ကြီးပုဒ်မဆို (၅၀၀) ကျော်ရှိတာ၊ တခုပြီးတခု အဲလိုသာ လှည့်စွဲနေရင် တသက်လုံး တောင် ထွက်ရမှာ မဟုတ်ဘူး။ ဒါ ကျနော်တို့ရဲ့ တရားစီရင်ရေးစနစ်မှာ အင်မတန်ရှားပါးတဲ့ အတွေ့အကြုံတခုပဲ။ ရှိလည်းမရှိဘူး။ ဥပဒေအရလည်း ခွင့်ပြုထားတာ မရှိဘူး” ဟု ပြောသည်။

ယခုပြောင်းလဲလိုက်သည့် မတရားသင်းဆက်သွယ်မှု ပုဒ်မအရ ထောင်ဒဏ် (၃) နှစ်ထိ ပြစ်ဒဏ်ချ မှတ်နိုင်သည်။ အင်းစိန်အကျဉ်းထောင် သီးသန့်ဆောင်၌ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် သည် မျက်စိဝေဒနာခံစားနေရပြီး ကိုကိုကြီးသည် သွေးတိုးနှင့် ကျီးပေါင်းရောဂါများ ဖြစ်နေသဖြင့် မိသားစုဝင်များ စိုးရိမ်ပူပန်နေကြကြောင်း သိရသည်။

အခြား ၈၈မျိုးဆက်ကျောင်သားများဖြစ်သည့် မခင်မိုးအေး၊ ကိုကျော်စိုးနှင့် ကုန်ဈေးနှုန်း ကျဆင်း ရေး ဆန္ဒပြခေါင်းဆောင် ကိုထင်ကျော်တို့ကိုလည်း ယနေ့ အင်းစိန်ထောင်တွင်း တရားရုံး၌
ရုံးထုတ်စစ်ဆေးလျက်ရှိသည်ဟု ၎င်းတို့၏ ရှေ့နေက ပြောသည်။

နိုင်ငံရေးလှုပ်ရှားသူများအား စစ်အစိုးရက ပုဒ်မမျိုးစုံတတ်၍ အင်းစိန်ထောင်တွင် ဖမ်းဆီး တရား စွဲလျက်ရှိရာ လတ်တလော အမှုသည်ပေါင်း (၆၀) ကျော်ရှိပြီး အမှုပေါင်းမှာ (၃၀) ကျော် ရှိသည်ဟု ဦးအောင်သိန်းက ပြောသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

မြန်မာမုန်တိုင်းဒုက္ခသည်များအတွက် ဗြိတိသျှအစိုးရ ထပ်မံလှူဒါန်း

DFID/ ၁၀ ဇူလိုင် ၂၀၀၈

နာဂစ်မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ဗြိတိသျှအစိုးရက ပေါင်စတာလင် (၁၇) သန်းခွဲ ထပ်မံကူညီမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဌာန (DFID) ၀န်ကြီး ဒေါက်ကလပ်စ် အလက်ဇန်းဒါး ယမန်နေ့က ကြေညာလိုက်သည့်အတွက် ဗြိတိသျှအစိုးရက နာဂစ်ဒုက္ခသည်များအတွက် ပေးအပ်ငွေ ပေါင်စတာလင် (၄၅) သန်း ရှိသွားမည်ဖြစ်ပြီး အလှူရှင် နိုင်ငံများထဲ၌ အများဆုံးကူညီသည့် နိုင်ငံဖြစ်လာသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ယခုကြေညာချက်သည် ကုလသမဂ္ဂက နာဂစ်ဒုက္ခသည်များအတွက် အကူညီ ထပ်မံတောင်းခံမှု တရပ်အား အမေရိကန်နိုင်ငံ နယူးယော့ခ်တွင် ယနေ့ ပြုလုပ်ရန်ရှိသည်ကို ကြိုတင်တုံ့ပြန်ခြင်း ဖြစ်ကြောင်း ဒေါက်ကလပ်စ် အလက်ဇန်းဒါးက ပြောသည်။

ဒေါက်ကလပ်စ် အလက်ဇန်းဒါးက “အကူအညီပေးနေတဲ့ အဖွဲ့များအနေနဲ့ ရန်ပုံငွေ ပြတ်လပ်မှုနဲ့ ကြုံနေရပါတယ်။ ကျနော်တို့ အခုပေးမယ့် ပေါင်စတာလင် (၁၇) သန်းခွဲကြောင့် အကူအညီ
ဖြန့်ဝေရေး လမ်းကြောင်းတွေ ကောင်းမွန်လာပြီး နေစရာ၊ စားစရာ၊ ရေ၊ သန့်ရှင်းရေး၊ ကျန်းမာ ရေး၊ ကာကွယ်ရေး စတဲ့ကိစ္စတွေမှာ ပိုမိုလုပ်ဆောင်လာနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ထို့အပြင် ကူညီရေးအတွက် ၀င်ရောက်လုပ်ကိုင်နိုင်ခွင့် အခြေအနေများ တိုးတက်လာခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများ ပိုမိုဖြန့်ဝေလာနိုင်သည်ကိုလည်း တွေ့ရှိရကြောင်း၊ အကူအညီများ အလျင်အမြန် ထပ်မံမရောက်ပါက ဒုက္ခသည် (၃၀၀,၀၀၀) ဦးခန့်သည် ဆိုးရွားသော အခြေ အနေဖြင့် ရင်ဆိုင်ရဖွယ်ရှိကြောင်းလည်း ၎င်းက ပြောသည်။

ထပ်မံပေးအပ်မည့် အကူအညီငွေများကို ၀င်ငွေရရှိရေးလုပ်ငန်းများ လယ်ယာမဲ့ လယ်သမားများ၊ အလုပ်သမားများ၊ ငါးဖမ်းလုပ်သားများ အပါအ၀င် ပြန်လည်စတင်ရန် အရေးပေါ် လိုအပ်နေသူများ အတွက် ကနဦး ပြင်ဆင်ပြုစု ပျိုးထောင်ရေး၊ အလုပ်ရှာဖွေနေရာချထားရေး စသည့်လုပ်ငန်းများ အတွက် ဦးစားပေး အသုံးပြုသွားမည်ဖြစ်သည်။

DFID မှပေးအပ်ခဲ့သော အကူအညီများကို ပြည်တွင်း/ ပြည်ပ ကူညီရေးအဖွဲ့များအပါအ၀င် ဒုက္ခသည် (၁) သန်းကျော်အတွက် အသုံးပြုခဲ့ကြောင်း အဆိုပါ ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့ဝင် ဒေါ်စမ်းစမ်းအောင်နှင့် ခေတ်ပြိုင်တွေ့ဆုံမေးမြန်းခန်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့ဝင် ဒေါ်စမ်းစမ်းအောင်နှင့် ခေတ်ပြိုင်တွေ့ဆုံမေးမြန်းခန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီးလုပ်ငန်း
အဖွဲ့ဝင် ရွှေကြေးစည် ခရီးသွားလုပ်ငန်းပိုင်ရှင် ဒေါ်စမ်း စမ်းအောင်သည် မကြာခင်က ထိုင်း-မြန်မာနယ်စပ်သို့ ရောက်လာခဲ့သည်။ ဒေါ်စမ်းစမ်းအောင်နှင့်အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဒေါ်နွယ်နွယ်ဝင်းနှင့် ဒေါ်ကျင်ကျင်ဝင်းတို့လည်း လိုက်ပါလာသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့ဝင် ဒေါ်စမ်းစမ်း အောင်အား လွတ်မြောက်နယ်မြေ ထွက်လာသည့် ရည်ရွယ်ချက်ကို မေးမြန်းရာ ဒေါ်စမ်းစမ်း အောင်က ယခုကဲ့သို့ စတင်ဖြေသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဖြေ။ ။ နအဖရဲ့ ဆန္ဒခံယူပွဲမှာ (၉၂) ရာခိုင်နှုန်း သူတို့ရတယ်။ သူတို့ ဒီလိုလုပ်တော့မယ် ဆိုတာကို အန်တီတို့ ကြိုသိတယ်။ ဒါတွေပြီးအောင် စောင့်ကြည့်ပြီးမှ အန်တီတို့ ထွက်လာတာ ဖြစ်တယ်။ ဒီကိစ္စရယ်၊ နာဂစ်မုန်တိုင်းတိုက်တဲ့ကိစ္စ၊ မေ (၂၇) ရက် ရွေးကောက်ပွဲနှစ်ပတ်လည်
နေ့နဲ့ အစ်မ ထိန်းသိမ်းခံရတာ (၅) နှစ်ပြည့်တဲ့နေ့ အဲဒါတွေ အကုန်လုံးကို စောင့်ပြီးတော့မှ ထွက်လာခဲ့တာဖြစ်တယ်။ စိတ်ထဲမှာ မခံနိုင်တော့လို့ အရင်ကတည်းက ထွက်လာဖို့ရှိတယ်။ မေလအတွင်းမှာ အစ်မ လွတ်လိုလွတ်ငြား စောင့်နေခဲ့တာပါ။ မလွတ်မှန်းတော့ သိပါတယ်။
မေ (၂၉) ရက်နေ့က ရန်ကုန်က ထွက်လာပြီး ဒီကို ဇွန် (၂) ရက်နေ့မှာ ရောက်ပါတယ်။

မေး။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဘာတာဝန်တွေ ထမ်းဆောင်ခဲ့ပါသလဲ။
ဖြေ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသမီးလုပ်ငန်းအဖွဲ့ဝင်အဖြစ် ၁၉၈၉ ကနေ ၂၀၀၈ ခုနှစ်အထိ လုပ်လာခဲ့တယ်။ ၁၉၉၈-၉၉ မှာ လွှတ်တော်ခေါ်ယူမယ့်ကိစ္စနဲ့ ဆက်စပ်ပြီး ရဲမွန် ရိပ်သာမှာ (၉) လကြာ ထိန်းသိမ်းခံခဲ့ရပါတယ်။

မေး။ ။ နာဂစ်မုန်တိုင်း ကူညီကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေ ကြုံတွေ့ရပါ သလဲ။
ဖြေ။ ။ နာဂစ်ဒဏ်ကြောင့် အန်တီအိမ်လည်း ပြိုတယ်။ အန်တီတို့က ဒေါပုံမှာနေတယ်။ နောက်တနေ့မှ သိရတာက ရန်ကုန်အပြင် ဧရာဝတီတိုင်းမှာလည်း ဆိုးဆိုးဝါးဝါး ထိတယ်လို့ သိရတယ်။ ဒီကိစ္စ အစိုးရကနေပြီးတော့ တခုခုလုပ်မှဖြစ်တော့မယ်ပုံမျိုး ဖြစ်နေတဲ့အခါကျတော့ အန်တီတို့ စောင့်ကြည့်တယ်။ ဘာမှ ဖြစ်မလာဘူး။ အရင်ဆုံး ကြားတာက ကိုကျော်သူတို့ဆီမှာ လူတွေက စားသောက်ကုန်၊ အ၀တ်အထည်တွေ လာလှူတာရှိတယ်။ ဒီကိစ္စကူညီဖို့ လုပ်အားတွေ လိုတယ်ဆိုတော့ သူ့ဆီဖုန်းဆက်တယ်။ ရွှေကြေးစည် ခရီးသွားလုပ်ငန်းကပါ။ အခုလုပ်ငန်းနား ထားတော့ လာကူညီမယ်ဆိုတော့ သူခေါ်တာနဲ့ အန်တီတို့ သွားတယ်။ ဆန်တွေ၊ အ၀တ်အစား
တွေ ယူသွားပြီး မရွှေဇီးကွက်နဲ့ သန်လျင်၊ ထမလုံဘက်သွားပြီး ဝေငှခဲ့တယ်။ ကိုကျော်သူ လုပ်တာကို အားကျပြီး ကိုယ့်လုပ်ငန်းနဲ့ ဆက်စပ်တဲ့လူတွေကို ဆက်သွယ်ပြီး လှူဒါန်းခဲ့တယ်။ ဘုရားဖူးသွားခဲ့တဲ့လူတွေ ကားပိုင်ရှင်တွေ အခြားအဖွဲ့အစည်းအစုံပဲ ကယ်ဆယ်ပစ္စည်းတွေ လှူဒါန်းခဲ့ကြတယ်။ အထက်ဗမာပြည် ဘုရားဖူးခရီးကို မြစ်ဝကျွန်းပေါ်ကလူတွေ အများဆုံး လိုက်ကြတော့ သူတို့ဘက်က ဒီလိုဒုက္ခ ဖြစ်တယ်ဆိုတာနဲ့ လုံးဝစိတ်မကောင်းဘူး။ ဒါကြောင့် ဒေးဒရဲ၊ မော်ကျွန်း၊ ဘိုကလေးဘက်ကို မေတ္တာရှင်အဖွဲ့အပါအ၀င် အခြားအဖွဲ့တွေနဲ့ ပေါင်းပြီး သွားရောက်လှူဒါန်းခဲ့တယ်။

မေး။ ။ ကယ်ဆယ်ရေးအဖွဲ့တွေကို အာဏာပိုင်တွေ အနှောင့်အယှက်ပေးမှုနဲ့ ပတ်သက်ပြီး သိပါရစေ။
ဖြေ။ ။ ဒီပြဿနာ အန်တီတို့ ခဏခဏကြုံရတယ်။ အန်တီတို့လုပ်ငန်းက ကားလည်းငှား တော့ သားအကြီးဆိုရင် ကားမောင်းပြီး ကိုယ်တိုင်လိုက်တာ လမ်းခရီးမှာ တော်တော် ဒုက္ခ ရောက်တယ်။ စစ်ဆေးမေးမြန်းတာတွေများပြီး သွားမရလောက်အောင် အခက်အခဲတွေ ကြုံရ တယ်။ သွားမှာက ဒေးဒရဲကို ဒါပေမယ့် ဒေးဒရဲကို မရောက်ခဲ့ဘူး။ ပြန်လာတော့ ပစ္စည်းတွေ ကိုယ့်အိမ်ကိုလည်း ပြန်မသယ်ချင်တော့ လမ်းမှာ ကြုံရာကို ပေးခဲ့ရတယ်။ ပြန်လာတဲ့အခါ သားရော၊ ကားရော အဖမ်းခံခဲ့ရတယ်။ ကတိခံဝန်ချက်တွေ ဘာတွေတောင်းပြီးမှ ပြန်လွှတ် ပေးတယ်။ ဒီလိုပြဿနာမျိုး အခြားအလှူရှင်အဖွဲ့တွေ တော်တော်များများ ကြုံတွေ့ရတယ်။ အာဏာပိုင်တွေက သူတို့ကနေတဆင့်ပဲ လှူစေချင်တော့ ဒီကိစ္စကို စိတ်ဝင်စားတဲ့လူ မရှိကြ သလောက်ပဲ။

မေး။ ။ ပြည်တွင်းကို ပြန်ဖို့ အစီအစဉ်ရှိပါသလား။
ဖြေ။ ။ မရှိပါဘူး။ အန်တီတို့ကို အာဏာပိုင်တွေက အန်အယ်လ်ဒီမှန်းလည်း သိတယ်။ ခရီး သွားလုပ်ငန်း လုပ်မှန်းလည်းသိတယ်။ သူတို့က နည်းနည်းဆို များများ၊ အန်တီလည်း သူတို့နဲ့ နည်းနည်းစကားများခဲ့တာဆိုတော့ သူတို့လည်း သိတယ်။ အန်တီမိတ်ဆွေနှစ်ဦးဆိုရင် လှူရင်း တန်းရင်းကနေ အိမ်ပြန်မရောက်ဘဲ ဒီကနေ့အထိ ပျောက်ဆုံးနေတယ်။

မေး။ ။ လက်ရှိပြည်တွင်းအခြေအနေ ပြောပြပေးစေချင်ပါတယ်။
ဖြေ။ ။ မလုပ်သင့်တဲ့အချိန် လူထုဆန္ဒခံယူပွဲ လုပ်တာတွေ ဒီလိုဖြစ်လာမယ်ဆိုတာ သိတဲ့ အတွက် တတ်နိုင်သလောက် ကန့်ကွက်ဆန္ဒမဲပေးဖို့၊ စည်းရုံးတာတွေ လုပ်ခဲ့တယ်။ အခြေ
အနေက အန်တီတို့အိမ်က ကားစပယ်ရာတွေတောင် ကြံ့ခိုင်ရေးအဖွဲ့ဝင်ဖြစ်ကုန်ပြီ။ အန်တီတို့ကို ရန်တွေဘာတွေလုပ်ပြီး အိမ်ရှေ့ကနေ ခေါက်တုံ့ခေါက်ပြန် လျှောက်ပြီး တောင်ကြည့် မြောက် ကြည့်နဲ့ သူတို့မှာ အာဏာတွေ ပါဝါတွေ ဖြစ်ကုန်ပြီ။ အဲလိုဟာမျိုးတွေနဲ့ ကြာရှည်နေဖို့ဆိုတာ သိပ်ပြီး အဆင်အပြေလှဘူး။ လူထုတွေကတော့ အကျပ်အတည်းကြားမှာပဲ။ ကုန်ဈေးနှုန်းတွေ မြင့်မားနေတယ်။ လွတ်လွတ်လပ်လပ် ဘာမှမရှိဘူး။ အိမ်ရှိ လူအားလုံးဆင်းပြီး အလုပ်လုပ်ကြမှ စားရသောက်ရတယ်။ အလုပ်အကိုင် လုပ်ရတာတွေလည်း မချောမွေ့ဘူး။ အာဏာပိုင်တွေ
ကလည်း အမျိုးမျိုး အနှောင့်အယှက်ပေးတွေ ရှိတယ်။

မေး။ ။ ဒီမှာ ရှေ့ဆက် ဘာလုပ်ဖို့ အစီအစဉ်ရှိပါသလဲ။
ဖြေ။ ။ အပြင်ကို ရောက်နေတဲ့လူတွေက အလုပ်ပိုလုပ်နိုင်တယ်ထင်လို့ ထွက်လာတာ ဖြစ် တယ်။ ဟိုမှာက လှုပ်ရှားလို့မရဘူး။ နည်းနည်းလေးလုပ်တာနဲ့ ဆွဲပြီး ပြန်လွှတ်ဖို့တောင် အစီအစဉ် မရှိဘူး။ ခါတိုင်းဆိုရင် စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ပေးတာတွေ ရှိတယ်။ အခုက တခါတည်း ဆွဲထားလိုက်တာပဲ။

မေး။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရှေ့ရေးအခြေအနေ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ဒီကိစ္စနဲ့ပတ်သက်ပြီး လူကြီးတွေ လုပ်နေတာတွေ ရှိပါတယ်။ အန်တီတို့က အဖွဲ့ချုပ် အကြောင်းကိုလည်း သိပါတယ်။ ၉၀ ပြည့်နှစ် ရလဒ်ကို ဆုပ်ကိုင်ပြီး အမြဲတမ်း သွားကြမှာကို ဆုံးဖြတ်ထားပြီးဖြစ်တယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (စီအာပီပီ) လည်းရှိတယ်။ စီအာပီပီက ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်နဲ့ တွေ့ဆုံဆွေးနွေးရေးကိုပဲ အဖြေရှာမယ်။ ဒါက
တော့ အန်တီတို့ အမြဲတမ်းနေရမယ့်ကိစ္စဖြစ်တယ်။

မေး။ ။ အမျိုးသားဒီမိုကရေစီချုပ်အနေနဲ့ ၂၀၁၀ ကျရင် ရွေးကောက်ပွဲ ၀င်ဖို့ ရှိမရှိ သိပါရစေ။
ဖြေ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဝင်မယ်လို့ မထင်ပါဘူး။ ၀င်မယ်ဆိုရင် သူတို့ရဲ့ အခြေခံဥပဒေကို ထောက်သလို ဖြစ်နေမှာပေါ့။ အန်တီတို့ကတော့ ဒေါ်စုရဲ့အဖြေကိုပဲ လိုချင်တယ်။ အန်တီအမြင်ကတော့ ရွေးကောက်ပွဲကို ၀င်လိမ့်မယ် မထင်ဘူး။ မ၀င်တာကိုဘဲ အန်တီတို့ကတော့ မှန်တယ်လို့ ပြောရမယ်။

မေး။ ။ ပြည်တွင်း ပြည်ပမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ဘာများပြောချင်ပါသလဲ။
ဖြေ။ ။ အားလုံး အတူတကွ စည်းလုံးပြီး ညီညီညွတ်ညွတ်နဲ့ တိုက်ပွဲဝင်ကြဖို့ ဖြစ်စေချင်တယ်။ နောက်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုလည်း စိတ်ကောင်းလေးထားဖို့ ပြောချင်ပါတယ်။ တိုင်းပြည် ကိုပဲ သူတို့က ချစ်နေပြီးတော့ ပြည်သူလူထုကို မချစ်ဘူးလို့ စိတ်ထဲမှာထင်တယ်။ ဒါကြောင့် ကျော သားရင်သား မခွဲခြားဘဲ တိုင်းပြည်အကျိုးကို ကြည့်ဖို့ ပြောချင်ပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ (စီအာပီပီ) အဖွဲ့ အတွင်းရေးမှူး ဦးအေးသာအောင်နှင့် ခေတ်ပြိုင်မေးမြန်းခန်း


ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ (စီအာပီပီ) အဖွဲ့ အတွင်းရေးမှူး ဦးအေးသာအောင်နှင့် ခေတ်ပြိုင်မေးမြန်းခန်း

၂၀၀၈ ခုနှစ်ကုန်မှစပြီး ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေး ပါတီတွေ မှတ်ပုံတင်ခွင့် ပေးတော့မှာဖြစ်ကြောင်း အမျိုး သားညီလာခံ ကိုယ်စားလှယ် တက္ကသိုလ်မြတ်သူက ရန်ကုန်အခြေစိုက် ပေါ်ပြူလာဂျာနယ်သို့ မကြာခင်က ပြောခဲ့သည်။ သို့သော် ၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရပြီး ဖျက်သိမ်းခံထားရသည့် တိုင်းရင်းသားပါတီများ ရွေးကောက် ပွဲဝင်ခွင့် ရမရကိုမူ တက္ကသိုလ် မြတ်သူက ပြောခဲ့ခြင်းမရှိပေ။ မြန်မာစစ်အစိုးရ၏ ရွေးကောက်ပွဲ ပြင်ဆင်မှုအခြေအနေများနှင့် ပတ်သက်၍ ပြည့်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (စီအာပီပီ) အဖွဲ့ အတွင်းရေးမှူး ဦးအေးသာအောင်ကို ခေတ်ပြိုင်က တယ်လီ ဖုန်းဖြင့် မေးမြန်းခဲ့ရာ ဦးအေးသာအောင်က ယခုကဲ့သို့ စတင် ဖြေကြားသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဖြေ- ဟုတ်ကဲ့… ကျနော့်အမြင် ပြောရမယ်ဆိုရင်... ဒီလို လုပ်လာလိမ့်မယ်လို့တော့ ကြိုတင်ပြီး တော့ ကြားထားတာတွေတော့ ရှိပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ဘယ်နှလအလို ဘယ်နှလပဲ ရှိတယ်ဆိုတာတွေနဲ့ ပတ်သက်လို့ကတော့ ကျနော့်အနေနဲ့ သိပ်စိတ်မ၀င်စားဘူး။ ဘာကြောင့် လည်းဆိုရင် ကျနော်တို့က အခု ပြီးခဲ့တဲ့ referendum အပါအ၀င် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ ၂၀၁၀ ရွေးကောက်ပွဲတွေကို ကျနော်တို့က စိတ်မ၀င်စားဘူး။ ဘာကြောင့်လည်းဆိုရင် ဒီ Road map အပါအ၀င် အဆင့်ဆင့်သော လုပ်ငန်းစဉ်တွေဟာ တကယ့် တိုင်းပြည်အတွက် လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်တွေလို့လည်း မမြင်သလို ဒီလို လုပ်လိုက်တဲ့အတွက်ကြောင့်လည်းပဲ တိုင်းပြည်ရဲ့ အနာဂတ်မှာ ဒီမိုကရေစီနိုင်ငံ တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုကို ရလိမ့် မယ်လို့လည်း မယုံကြည်ဘူး။ ဘာကြောင့်လည်းဆိုရင် မြန်မာနိုင်ငံဟာ တကယ့် ဒီမိုကရေစီနိုင်ငံ ဒီမိုကရေစီ ထွန်းကားဖို့ လိုသလို၊ တိုင်းရင်းသားတွေအပါအ၀င် အမျိုးသားပြန်လည်သင့်မြတ် ရေးကို တည်ဆောက်ဖို့ လိုပါတယ်။ ဒီနေရာမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် နအဖ အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားတွေဟာ ဘယ်လိုပဲဖြစ်ဖြစ် ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တွေ့ဆုံဆွေးနွေးရာကနေတဆင့် အမျိုးသားလုပ်ငန်းစဉ်တွေကို ချမှတ်ပြီးတော့ သွားမှသာလျှင် အနာဂတ်မှာ တိုင်းပြည်အတွက်ရော ဒီနိုင်ငံမှာရှိကြတဲ့ အများ ပြည်သူအတွက်ပါ အကျိုးရှိလိမ့်မယ်လို့ ကျနော့်အနေနဲ့ မြင်လို့ပါ။

မေး- ဟုတ်ကဲ့ခင်ဗျ။ ဦးအေးသာအောင်ပြောသလို မူအားဖြင့် ကြည့်မယ်ဆိုရင်တော့ တွေ့ဆုံ ဆွေးနွေးရေးဟာ ငြင်းပယ်စရာ မရှိတဲ့အချက်ပါပဲ။ စစ်အစိုးရဘက်က လိုက်လျောလာမယ် ဆိုရင်ပေါ့လေ။ သို့သော်… စစ်အစိုးရဘက်က တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်လို့ လုံးဝ မဖြစ် နိုင်ဘူး၊ ဆွေးနွေးစရာအကြောင်း မရှိဘူးဆိုတဲ့ အချက်ကိုလည်း သူက အကြိမ်ကြိမ်အဖန်ဖန် တရားဝင် ထုတ်ဖော်ပြောခဲ့ပြီး ဖြစ်ပါတယ်။ နောက်တချက်ကလည်း နာဂစ်မုန်တိုင်း ဖြစ်နေတဲ့ ကာလမှာပဲ ဇွတ်ရော၊ အဓမ္မရော စစ်အစိုးရဘက်ကနေပြီးတော့မှ သူတို့ သတ်မှတ်ထားတဲ့ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး လူထုဆန္ဒခံယူပွဲကို လုပ်တယ်။ တရားမျှတသည်ဖြစ်စေ၊ မမျှတ သည်ဖြစ်စေ၊ သူတို့အောင်မြင်သွားပြီ၊ အတည်ဖြစ်သွားပြီဆိုတဲ့အကြောင်းလည်း ကြေညာထားပြီး ဖြစ်တယ်။ မကြာခင် (၄-၅) လ အလိုမှာလည်းပဲ ပါတီတွေ မှတ်ပုံတင်ရတော့မယ်လို့ ဆိုတဲ့အတွက် အခြေအနေဟာ ကိုယ်တောင်းဆိုထားတဲ့ အခြေအနေ၊ မိမိမယုံကြည်ဘူးဆိုတဲ့ အခြေအနေနဲ့ ဆန့်ကျင်ပြီးတော့ စစ်အစိုးရ အုပ်ချုပ်နေတဲ့ကာလမှာ သူချပေးတဲ့ လမ်းကြောင်းနဲ့ ဖြစ်နေတဲ့ အခါကျတော့ ရွေးချယ်စရာဟာ (အထူးသဖြင့် အန်အယ်လ်ဒီပေါ့) ဆရာဦးအေးသာအောင်တို့ ဘက်ကနေ ပြန်ကြည့်သည်ဖြစ်စေ၊ အန်အယ်လ်ဒီဘက်က ပြန်ကြည့်သည်ဖြစ်စေ အန်အယ်လ် ဒီဟာ ရွေးချယ်ဖို့ အချိန် (၅) လ (၆) လပဲ ကျန်တော့တဲ့အတွက် အန်အယ်လ်ဒီရဲ့ ကံကြမ္မာ ဘယ်လိုဆုံးဖြတ်သင့်တယ်လို့ ဦးအေးသာအောင် ယူဆပါသလဲ ခင်ဗျ။

ဖြေ- အန်အယ်လ်ဒီရဲ့ ကံကြမ္မာနဲ့ ပတ်သက်လို့ကတော့ အန်အယ်လ်ဒီမှာ တာဝန်ရှိတဲ့ CEC အပါ
အ၀င် ပါတီဝင် ပုဂ္ဂိုလ်တွေ အနေနဲ့တော့ ဒါ သူတို့တာဝန်ပဲလို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။ ဒီနေရာမှာ ကျနော့်အမြင်ကို ပြောမယ်ဆိုရင်တော့ နအဖက တဖက်သတ်လုပ်ရပ်တွေဟာ တောက်လျှောက်ပေါ့နော်။ လုပ်လာခဲ့တာတွေဟာ အချိန်အနေနဲ့ပဲဖြစ်စေ၊ လုပ်ရပ်အနေနဲ့ပဲဖြစ်ဖြစ် တဖက်သတ် လုပ်ခဲ့တာတွေဟာ တောက်လျှောက်ပါပဲ။ ခုလည်းပဲ referendum အပါအ၀င် ၂၀၁၀ ရွေးကောက်ပွဲဟာလည်း တဖက်သတ်လုပ်တဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်။ တဖက်သတ်လုပ်ရပ် မှန် သမျှကို နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီတွေက တောက်လျှောက်လိုက်လာခဲ့တာဖြစ်တယ်။ ဒီတော့ ဒီနေရာမှာ ကျနော့်အနေနဲ့ အရင့်အရင်ကလည်း ပြောခဲ့ဖူးပါတယ်။ ဒီလို တဖက်သတ် လုပ်သမျှကို နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေက လုပ်နေကြမှာလား။ လိုက်နေကြမှာလား။ တကယ်တိုင်းပြည်မှာ လိုအပ်တဲ့၊ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကိုကော ကိုယ့်နည်း ကိုယ့်ဟန် နဲ့ ဖြစ်မြောက်အောင် လုပ်ဖို့၊ ကြိုးစားဖို့ မလိုဘူးလားလို့ ကျနော့်အနေနဲ့ နိုင်ငံရေးသမားတွေကိုရော၊ နိုင်ငံရေးပါတီတွေကိုရော ပြောချင်ပါတယ်။ ဒါကြောင့်မို့လို့ နအဖဘက်က ဘယ်လိုဖြစ်ဖြစ် တဖက် သတ်လုပ်လာမယ့် လုပ်ရပ်တွေအပေါ်မှာတော့ ကျနော်တို့က လက်မခံတဲ့အပြင် ရှေ့ဆက်ပြီး တော့လည်းပဲ တိုင်းပြည်မှာ တကယ်ဖြစ်သင့်တဲ့ တကယ်လိုအပ်တဲ့ အခြေအနေအရပ်ရပ်တွေ ပေါ်ပေါက်လာအောင် တတ်နိုင်သလောက် ဆက်လက်ပြီးတော့ ကြိုးပမ်းသွားမယ်လို့ ကျနော့် အနေနဲ့ ပြောချင်ပါတယ်။

မေး- နောက်တချက်က အရေးကြီးတဲ့အချက်က စီအာပီပီ ကဏ္ဍပေါ့နော်။ ဦးအေးသာအောင်တို့ရဲ့ စီအာပီပီဆိုတဲ့ အဓိပ္ပာယ်ဟာ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီလို့ ကျနော်တို့ နားလည် ထားပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီဆိုတာ ပြည်သူက ရွေးချယ်တင်မြှောက် ထားတဲ့ လွှတ်တော်တရပ် မပေါ်ပေါက်မချင်း အဲဒီလွှတ်တော်ရဲ့ကိုယ်စား ဆောင်ရွက်ဖို့ဆိုပြီး တော့မှ ကြေညာထားတဲ့အတွက် အခု စစ်အစိုးရက သူ ရွေးကောက်ပွဲ ၂၀၁၀ မှာလုပ်မယ်။ နောက် မကြာခင် လွှတ်တော် ခေါ်တော့မယ် ဆိုတဲ့အခါကျတော့ စစ်အစိုးရ ခေါ်မယ့် လွှတ်တော်ဟာ
(၂) နှစ်ကျော်ကျော်လောက်ပဲ ကျန်ပါတော့တယ်။ အဲဒီအချိန်ဟာ စီအာပီပီရဲ့ လွှတ်တော်နဲ့ သွားပြီးတော့ တိုက်ဆိုင်နေမယ်ဆိုရင် ပဋိပက္ခတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီအချိန်မှာ စီအာ
ပီပီဟာ ဆက်လက်ပြီး တည်တံ့နေဦးမှာလား။ ဒါမှမဟုတ် စီအာပီပီရဲ့ အနာဂတ်ကိုရော ဘယ်လို ဆုံးဖြတ်ပါလဲ ခင်ဗျ။

ဖြေ- ဒီနေရာမှာ ကျနော် အလေးအနက်ထားပြီး ပြောချင်တာက မြန်မာနိုင်ငံမှာ အာဏာကို ရယူထားတဲ့ နအဖအစိုးရက ကျင်းပခဲ့တဲ့ ၉၀ ရွေးကောက်ပွဲဆိုတာ တရားလည်း ၀င်ပါတယ်။ တရားမျှမှုလည်းရှိပြီးတော့ အသိအမှတ်ပြုမှုဖြစ်တဲ့ အတွက်ကြောင့် ဒီရွေးကောက်ပွဲရလဒ်ကို တစုံတရာ အကောင်အထည် မဖော်ဘဲနဲ့ နောက်ထပ် ရွေးကောက်ပွဲ လုပ်မယ်ဆိုတာဟာလည်း နိုင်ငံနဲ့ လူမျိုးအတွက် သိက္ခာလည်းကျတယ်။ ဖြစ်လည်း မဖြစ်သင့်ဘူးလို့ ကျနော့်အနေနဲ့ ယူဆပါတယ်။ ဒါကြောင့်မို့လို့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်နဲ့အတူ ပေါ်ပေါက်လာတဲ့ လွှတ်တော် ကိုယ်စားပြုကော်မတီ ဆိုတာဟာလည်းပဲ တကယ်တော့ ကျနော်တို့ရဲ့ စိတ်ဆန္ဒနဲ့ ဖော်ဆောင် ထားတာမဟုတ်ဘဲနဲ့ တကယ့်ရွေးကောက်ပွဲရဲ့ ရလဒ်က ပေါ်ပေါက်လာတာ ဖြစ်တဲ့အတွက်ကြောင့် ဒါကို တစုံတခု အကောက်အထည်မဖော်ဘဲနဲ့ သွားမယ်ဆိုရင် စီအာပီပီ အပါအ၀င် လွှတ်တော် ရွေးကောက်ပွဲနဲ့အတူ ၁၉၉၀ ရွေးကောက်ပွဲရဲ့ ရလဒ်ကလည်းပဲ တစုံတခု အတိုင်းအတာအထိ ရှိနေလိမ့်မယ်လို့ ကျနော့်အနေနဲ့တော့ ယုံကြည်ပါတယ်။

မေး- အဲဒီ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ဟာ တစုံတရာ အတိုင်းအတာထိ ရှိနေမယ်ဆိုတာ ဟာ အချိန်ကာလအားဖြင့် လပိုင်းပဲ ကျန်ပါတော့တယ်။ နောက် ပါတီတွေ မှတ်ပုံတင်တော့မယ် ဆိုတဲ့အချိန်မှာ အန်အယ်လ်ဒီ မှတ်ပုံမတင်ခဲ့ရင် အန်အယ်လ်ဒီပါတီဟာ တရားဝင်ပါတီအဖြစ် ရပ်တည်မှုကနေ လျော့ကျပြီးတော့မှ တဖြည်းဖြည်းနဲ့ ပါတီ ဖျက်သိမ်းခံရနိုင်တယ်။ မှတ်ပုံတင် လိုက်ပြန်ရင်လည်းပဲ အန်အယ်လ်ဒီအနေနဲ့ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အလိုလိုဖျက်သိမ်း ပြီးသား ဖြစ်သွားနိုင်တယ်ဆိုပြီးတော့ ရန်ကုန် အန်အယ်လ်ဒီအဖွဲ့ဝင်တချို့ကိုယ်တိုင်က ယူဆနေတဲ့ သဘောလည်းရှိတယ်။ အတိုက်အခံတချို့ကလည်း ယူဆပါတယ်။ ဦးအေးသာအောင် ဘယ်လို မြင်ပါသလဲခင်ဗျ။

ဖြေ- ဒီနေရာမှာ တနည်းအားဖြင့် အန်အယ်လ်ဒီပါတီဟာ အဖျက်ခံရမယ်၊ မခံရဘူးဆိုတာကတော့ နအဖရဲ့ ခွဲခြားသတ်မှတ်တဲ့ ဥပဒေတွေပေါ်မှာ တည်ပါလိမ့်မယ်။ တကယ်တော့ တရားဝင်ပါတီ တရပ်ကို ဖျက်ဖို့ဆိုတာဟာ ကျနော်တို့ အမြင်အရ ပြည်သူတွေရဲ့ ဆန္ဒမဲအပေါ်မှာ တည်သလား။ ဒါမှမဟုတ်ဘဲနဲ့ နအဖကပြုလုပ်မယ့် ဥပဒေပေါ်မှာ တည်သလားဆိုတာကတော့ ဒီနေ့ နအဖက ကျင့်သုံးနေတဲ့ ဥပဒေတွေရဲ့ အပေါ်ကနေပြီးတော့ ကျင့်သုံးနေတဲ့အပေါ်မှာ တနည်းအားဖြင့် တည်ပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့ အမြင်ကတော့ ၉၀ ရွေးကောက်ပွဲ ရလဒ်နဲ့အတူ တည်ရှိ လာတဲ့ အန်အယ်လ်ဒီဆိုတာဟာ နအဖက ဖျက်သိမ်းလိုက်သည်ဖြစ်စေ၊ မဖျက်သိမ်းသည်ဖြစ်စေ တနည်းအားဖြင့်တော့ မြန်မာနိုင်ငံရဲ့ အခြေအနေ အရပ်ရပ်ပေါ်မှာ ရှိနေမှာပါ။ ဒါကြောင့်မို့လို့ တကယ်လို့ နိုင်ငံရေးအရ အန်အယ်လ်ဒီဟာ ရပ်တည်သွားမယ်ဆိုရင် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ရပ်တည်လို့ ရတယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။

မေး- နောက်ဆုံးမေးခွန်းတခုက စီအာပီပီနဲ့ ပတ်သက်လို့ စစ်အစိုးရဘက်က ရွေးကောက်ပွဲ လုပ်တော့မယ်။ ပြီးရင် ပထမအကြိမ် လွှတ်တော်ခေါ်မယ်။ ရွေးကောက်ပွဲအပြီး ရက် (၉၀) အကြာမှာ ပထမအကြိမ်လွှတ်တော် ခေါ်မယ်လို့ အတိအလင်း ကြေညာထားတဲ့အတွက် စီအာပီပီသည် စင်ပြိုင်လွှတ်တော် နှစ်ရပ်အဖြစ် မရှိသင့်တဲ့အတွက် စီအာပီပီကို ဖျက်သိမ်းပါလို့ စစ်အစိုးရက ပြောလာမယ်ဆိုရင် ဦးအေးသာအောင်တို့ဘက်က စီအာပီပီကို ဖျက်သိမ်းဖို့ အဆင်သင့် ပြင်ဆင်ထားပါသလားခင်ဗျ။

ဖြေ- ဒါကတော့ ကျနော်တယောက်တည်းရဲ့ သဘောထားနဲ့ ဖြေကြားဖို့ထက် စီအာပီပီ အဖွဲ့ဝင်
အားလုံး ဆုံပြီးတော့မှ အစည်းအဝေးတရပ်ကနေသော်လည်းကောင်း၊ အများစုအနေနဲ့သော် လည်းကောင်း ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်ပါတယ်။ ပြီးတော့ စီအာပီပီဆိုတာကလည်း ပါတီတခု၊ အဖွဲ့အစည်းတခုအနေနဲ့ ဖွဲ့စည်းခြင်းထက် တနည်းအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အပါအ၀င် တိုင်းရင်းသားပါတီများက တူညီတဲ့ ဘုံလုပ်ငန်းစဉ်တခုကို ဖော်ဆောင်ဖို့ ကော်မတီ တရပ်အနေနဲ့ ဖွဲ့ခဲ့ခြင်းသာ ဖြစ်တယ်လို့ ကျနော့်အနေနဲ့ ပြောလိုပါတယ်။

အပြည့်အစုံဖတ်လိုလျှင်