AP/ ၁၂ ဇွန် ၂၀၀၈
နိုင်ငံခြားအကူအညီများကို မြန်မာစစ်အစိုးရက လိုလိုချင်ချင် ဖြစ်လာသောအခါ ကယ်ဆယ်ရေး အေဂျင်စီများကလည်း စိုးရိမ်ပူပန်မှုများကို ဖော်ထုတ်ပြောလာကြပြီး ဆိုင်ကလုန်းမုန်တိုင်း ဒုက္ခသည်များထဲတွင် ကိုယ်ဝန်ဆောင် (၃၅,၀၀၀) ဦးကို သင့်တင့်လျောက်ပတ်သည့် စောင့်ရှောက်မှုမျိုး ပြုလုပ်ရန် အရေးတကြီး လိုအပ်သည်ဟု ကုလသမဂ္ဂမှ ကျွမ်းကျင်သူတဦးက ပြောကြားသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အာရှတိုက်မှ အဆင်းရဲဆုံး နိုင်ငံများစာရင်းဝင် မြန်မာနိုင်ငံ၌ ဆိုင်ကလုန်းမုန်တိုင်း မဖြစ်ခင် ကာလကပင် ကိုယ်ဝန်ဆောင်ခြင်းနှင့် သားဖွားခြင်းဆိုင်ရာ ကျန်းမာရေးကိစ္စများတွင် အန္တရာယ် စွန့်စားမှုများ ရှိခဲ့ပြီးဖြစ်ကြောင်း ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ၀ီလျမ် ရိုင်ယန်က ယမန်နေ့၌ ပြောကြားခြင်းဖြစ်သည်။
ဆိုင်ကလုန်းထိခိုက်ရာ ဒေသတွင် တနေ့လျှင် ကလေး (၁၀၀) ကျော် နေ့စဉ် မွေးဖွားနေသည်ဟု မစ္စတာ ရိုင်ယန်က ထိုင်းနိုင်ငံ ဘန်ကောက်ရှိ သတင်းထောက်များကို ပြောသည်။
“ကျန်းမာရေးဌာနတွေ ပျက်စီးရတာတွေ၊ သားဖွားဆရာမတွေ ဆုံးရှုံးသွားရတာတွေဟာ နဂိုရှိတဲ့ စွန့်စားရတဲ့ အခြေအနေတွေကို ပိုဆိုးလာစေတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီး တော်တော် များများဟာ ကျွမ်းကျင်တဲ့ ထောက်ပံ့ကူညီမှုမျိုးနဲ့ မီးဖွားကြဖို့ဆိုရင် ဘယ်နေရာမှ သွားစရာ မရှိဘူး” ဟု ၎င်းက ပြောသည်။
ပျက်စီးသွားသည့် ကျန်းမာရေးထောက်ကူပစ္စည်းများကို ပြန်လည်တည်ဆောက်သင့်ပြီး လေ့ကျင့် သင်ကြားပေးထားသည့် သားဖွားဆရာမများလည်း လိုအပ်နေကြောင်း၊ မုန်တိုင်းမတိုက်မီ အချိန် အထိ ဒေသတွင်းရှိ သားဖွားမှု (၁) သိန်းတွင် သေဆုံးမှု (၃၈၀) နှုန်းရှိပြီး ယင်းနှုန်းသည် ထိုင်း နိုင်ငံထက် (၄) ဆများပြီး ဂျပန်နိုင်ငံထက် အဆ (၆၀) များသည်ဟု မစ္စတာ ရိုင်ယန်က ပြောသည်။
မုန်တိုင်းထိခိုက်သည့် (၁၀) မြို့နယ်တွင်ရှိသည့် ဆေးခန်းများတွင် ဖြန့်ချိရန်အတွက် ဆေးရုံသုံး ပစ္စည်းများနှင့် ရာဘာလက်အိတ်များ အပါအ၀င် ကျန်းမာရေးအတွက် ထောက်ကူပစ္စည်းများကို မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနသို့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေမှ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
တချိန်တည်းမှာပင် မုန်တိုင်းဒုက္ခသည်များ ကယ်ဆယ်ရေးအတွက် အစိုးရ၏ အသစ်ချမှတ်ထား သော စည်းကမ်းအသစ်များကြောင့် ထောက်ကူကယ်ဆယ်ရေးများတွင် နှောင့်နှေးစေသည်ဟု လည်း နိုင်ငံတကာ ကယ်ဆယ်ရေးအေဂျင်စီများက ဆိုသည်။
စစ်အစိုးရနှင့် ကုလသမဂ္ဂအေဂျင်စီများ၊ ပုဂ္ဂလိက လူသားချင်းစာနာထောက်ထားသည့် အဖွဲ့များ တို့ ပြုလုပ်ခဲ့သည့် အင်္ဂါနေ့ စည်းဝေးပွဲတွင် ဖြန့်ဝေခဲ့သော စည်းကမ်းချက် အသစ်များအရ ထောက်ပံ့ကူညီမှုများ လုပ်ဆောင်ကြရာတွင် စာရွက်စာတမ်းအတော်များများ လိုအပ်မည်ဖြစ်ပြီး အစိုးရအဖွဲ့အစည်းများနှင့်လည်း ထပ်တလဲလဲ ဆက်သွယ်နေရမည်ဖြစ်သည်။
ထောက်ခံချက်ရရန် အပိုလုပ်ဆောင်ရသော အဆင့်များသည် ကယ်ဆယ်ရေးတွင် မလိုအပ်ဘဲ နှောင့်နှေးကြန့်ကြာစေသည်ဟုလည်း ကမ္ဘာ့ကြက်ခြေနီအဖွဲ့နှင့် လခြမ်းနီအဖွဲ့များက အစီရင် ခံစာတစောင်တွင် ဖော်ပြထားသည်။
Rest of your post
Thursday, June 12, 2008
ကိုယ်ဝန်ဆောင်အမျိုးသမီးများကို စောင့်ရှောက်ရန်လိုအပ်ဟု ကုလအဖွဲ့ပြော
Posted by
54freedom
at
11:59 PM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ
မြစ်ဝကျွန်းပေါ်ဒေသသို့ ၀င်ရောက်ကူညီခွင့် အပြည့်အ၀ ရမည်ဟု အာဆီယံအကြီးအကဲ ပြောကြား
AFP/ ၁၂ ဇွန် ၂၀၀၈
လုပ်ဆောင်ခွင့်ရရှိမည်ဟု အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ဆူရင် ပစ်စ၀မ်က ပြော ကြားသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“အခု ကျနော်တို့ရဲ့ နာဂစ်အပြီး ကူညီဆောက်ရွက်မှု အဖွဲ့ဝင် (၂၅၀) ကျော်ဟာ ရန်ကုန်တိုင်း တောင်ပိုင်းမှာရှိတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အပြည့်
အ၀ လုပ်ဆောင်တော့မှာပါ။ အထိနာတဲ့ နေရာတွေကိုလည်း ၀င်ရောက်ခွင့်ရပါမယ်” ဟု ဆူရင် ပစ်စ၀မ်က စင်ကာပူနိုင်ငံတွင် သတင်းထောက်များကို ယမန်နေ့က ပြောသည်။
ဆိုင်ကလုန်းနာဂစ်သည် ရန်ကုန်မြို့အပါအ၀င် မြန်မာနိုင်ငံ၏ အနောက်တောင်ပိုင်း ဧရာဝတီ
မြစ်ဝကျွန်းပေါ်ဒေသတွင် မေ (၂-၃) ရက်တို့၌ တိုက်ခတ်သွားခဲ့ရာ လူပေါင်း (၁၃၃,၀၀၀) ကျော် အသေအပျောက်ရှိခဲ့သည်။ ။
Rest of your post
Posted by
54freedom
at
11:47 PM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ
ရောဂါဖြစ်မှုများသော်လည်း ကပ်ဘေးအဆင့် မဟုတ်ဟု MSF ပြော
ဇာနည်
ကြာသပတေးနေ့၊ ဇွန်လ 12 2008 18:58 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ မြန်မာနိုင်ငံ ဆိုင်ကလုံးဒဏ်ခံ အသက်ရှင် ကျန်ရစ်သူများအကြား ၀မ်းရောဂါနှင့် အသက်ရူ လမ်းကြောင်းဆိုင်ရာ ပြဿနာများ ရှိနေသော်လည်း ကပ်ဘေးတခု အနေအထားအထိ ရောက်ရှိသည့် လက္ခဏာ မတွေ့ရသေးဟု ပြောလိုက်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
"အဲဒီဒေသမှာ ၀မ်းပျက် ၀မ်းလျောဖြစ်တာ လူနာ ၅၀ ကျော် တွေ့ရတယ်" ဟိုင်းကြီးကျွန်းပေါ်တွင် အဖွဲ့နှင့်အတူ ဆေးကုသရေး လုပ်ကိုင်နေသူ မြန်မာ ဆရာဝန်တဦးက ဗုဒဟူးနေ့က မဇ္ဈိမသို့ ပြောသည်။
"ဒါပေမယ့် ရောဂါပြန့်ပွားမှုကို ကျနော်တို့ ထိန်းချုပ်နိုင်ပြီး ရောဂါကပ်ဘေး အနေနဲ့ ပျံ့ပွားမယ့် အနေအထား မဟုတ်ပါဘူး" ဟု သူက ပြောသည်။
ဆရာဝန်နှင့် သူဆေးအဖွဲ့သည် မေ ၂ ရက်နေ့က မုန်တိုင်း တိုက်ခိုက်မှု ခံရသည့် ဟိုင်းကြီးကျွန်း ကျေးရွာအုပ်စုမှ ကျေးရွာ ၁၀၀ ကျော်ကို သွားရောက်ခဲ့ပြီးနောက် ယခုလို သုံးသပ်ပြခြင်း ဖြစ်သည်။
လပွတ္တာမြို့တွင် ကိုယ်ပိုင် ဆေးခန်းတွင် ဆိုင်ကလုံး ဒုက္ခသည်များကို ဆေးကုသမှု ပေးနေသူ ဒေါက်တာအေးကြူက သူ၏ ဆေးခန်းသို့ နေစဉ် လူနာ ၂၅ ဦးခန့် ၀မ်းရောဂါနှင့် ပတ်သက်ပြီး လာရောက်ကုသမှု ခံယူလျှက် ရှိသည်ဟု ပြောသည်။
ဇွန် ၁၀ ရက်နေ့က ထုတ်ပြန်သော ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ စစ်တမ်းအရ လူပေါင်း ၆၈၅ ယောက် အသက်ရူလမ်းကြောင်းဆိုင်ရာ ဝေဒနာ ခံစားနေရပြီး ၀မ်းရောဂါဖြစ်ပွားသူ ၁၁၇ ယောက်၊ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၃ ဦး၊ အသည်းရောင်အသားဝါ ဖြစ်သူ ၄ ဦးတို့ကို ရန်ကုန်တိုင်း နှင့် ဧရာဝတီတိုင်းအတွင်း တွေ့ရှိခဲ့သည်ဟု ပါရှိသည်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကလည်း ကပ်ဘေးတခု အနေဖြင့် သတ်မှတ်ခြင်း မပြုပေ။ ထို့အပြင် ဆေးဝါး အထောက်အပံ့များ ဝေးလံ ခေါင်ဖျား ဒေသများအထိ ပို့ဆောင်ရန် လုပ်ဆောင်ပြီး ဖြစ်သည်ဟုလည်း ပြောသည်။
သို့သော်လည်း ကယ်ဆယ်ရေး လုပ်သားများကို ကန့်သတ် တားမြစ်ခြင်း ခံရလျှင် ဆေးဝါးကုသမှု အကူအညီများ ချက်ခြင်း မရောက်နိုင်လျှင် လူအမြောက်အများ သေစေနိုင်သည့် "ဒုတိယမြောက် သေမင်းတမန် လှိုင်းလုံးကြီး" ဖြစ်သွားမည့် အန္တရာယ် ရှိသည်ဟုတော့ ကုလသမဂ္ဂ အဖွဲ့ကြီးက သတိပေးထားသည်။
Rest of your post
Posted by
54freedom
at
11:42 PM
0
comments
Labels: ပြည်တွင်း သတင်းများ
ဒေါ်စုသည် ကြိမ်နဲ့ ရိုက်ဆုံးမရမည့် "လူဆိုးလေး" ဟု စစ်အစိုးရပြော
မုံးပီး
ကြာသပတေးနေ့၊ ဇွန်လ 12 2008 18:38 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်း သာယာရေးကို နှောက်ယှက် ခြိမ်းခြောက်သူ ဖြစ်သည့်အတွက် ကြိမ်နဲ့ ရိုက်ဆုံးမရမည့် "လူဆိုးလေး" ဖြစ်သည်ဟု ပြောသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
လက်ရှိဥပဒေအရ ပြဌာန်းထားသော ကန့်သတ်ကာလထက် ကျော်လွန်ကာ နေအိမ် အကျယ်ချုပ် ဆက်လက် ချုပ်နှောင်ခြင်းကို စစ်အစိုးရက ဗုဒ္ဓဟူးနေ့က ခုခံ ပြောဆိုရာတွင် သူမသည် လက်နက်စွဲကိုင် တိုက်ခိုက်နေသော အကြမ်းဖက် သောင်းကျန်းသူများကို နေအိမ်တွင် လက်ခံထားခြင်း၊ အကြမ်းဖက် အဖွဲ့အစည်းများနှင့် နိုင်ငံခြား အစိုးရများထံမှ ငွေကြေး ပစ္စည်း လက်ခံရယူခဲ့ခြင်း ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
"အမှန်ကတော့ ကျောင်းပေါ်ခေါ်ပြီး ကြိမ်နဲ့ မှတ်လောက် သားလောက်အောင် ရိုက်ရမယ့် လူဆိုးလေးတွေပါဗျာ။ ဒါပေမယ့် မိဘနဲ့ တူတဲ့ နိုင်ငံတော် အစိုးရတွေအနေနဲ့ မဖြစ်သင့် မဖြစ်ထိုက်တာတွေ မဖြစ်ရအောင် နောင် ဒီလိုပြစ်မှုတွေ ထပ်မံကျူးလွန်လို့ မရအောင်ဆိုပြီး နေအိမ်မှာ တားဆီးမိန့်တွေ ထုတ်ပြန်ထားရတာပါ" ဟု စစ်အစိုးရ မူဝါဒကို ထင်ဟပ်သည့် မြန်မာ့အလင်း နေ့စဉ်ထုတ် သတင်းစာက ရေးသားထားသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားမှု ယခုဆိုလျှင် ဆက်တိုက် ခြောက်နှစ်ထဲ ၀င်လာခြင်းအပေါ် စစ်အစိုးရက ခုခံပြောဆိုရာတွင် အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့ အပါအ၀င် နိုင်ငံအချို့တွင် ကျင့်သုံးသော အကြမ်းဖက်မှု ဆန့်ကျင်ရေး ဥပဒေများနှင့် နှိုင်းယှဉ်ကာ ရေးသားထားသည်။
မလေးရှား၊ စင်္ကပူ၊ အမေရိကန်နှင့် ဗြိတိန်တို့ရှိ ပြည်တွင်းလုံခြုံရေး ဥပဒေများနှင့် အကြမ်းဖက်မှု ကာကွယ် ဆန့်ကျင်ရေး ဥပဒေများကို ဖော်ပြသွားပြီး " နိုင်ငံတော်အား နှောက်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်ဖို့အတွက် လိုအပ်တဲ့ ဥပဒေကို ပြဌာန်းတာဟာ မြန်မာနိုင်ငံ တခုတည်း မဟုတ်ပါဘူး။ " ဟု ရေးသားထားသည်။
"မိမိနိုင်ငံရဲ့ အခြေအနေအရ နိုင်ငံတော် လုံခြုံရေးကို ကာကွယ်ဖို့၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့၊ လိုအပ်လာရင် ဘယ်နိုင်ငံမှာမဆို ဒီလိုပဲ ပြဌာန်းကြရတာပါပဲ" ဟု သတင်းစာက ရေးသားထားသည်။ စစ်အစိုးရက နေ့စဉ်ထုတ် သတင်းစာများကို ထိန်းချုပ်ထားပြီး သူတို့၏ ၀ါဒဖြန့်ချီမှုအတွက် ကိရိယာတခု အနေဖြင့် အသုံးပြုသည်။
သို့သော် ဝေဖန်သူများနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများကမူ စစ်အစိုးရ၏ လက်ရှိ ဖိနှိပ်မှု ပြင်းထန်သော ဥပဒေအရပင်မူ သူမကို ၅ နှစ်ဆက်တိုက်သာ ချုပ်နှောင်ထားခွင့် ရှိသည်ဟု ပြောသည်။ ထိုအတိုင်းသာဆိုလျှင် သူမကို တရားရုံး မတင်ဘဲ ချုပ်နှောင်ခွင့်မှာ ပျက်ပြယ် သွားပြီ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေ အကြံပေးအဖြစ် မိသားစုက ခန့်အပ်ခြင်းခံရသူ အမေရိကန်နိုင်ငံ အခြေစိုက် ဥပဒေ အကျိုးဆောင်အဖွဲ့ "Freedom Now" မှ ဂျားရတ် ဂျန်ဆာက အစိုးရ၏ ၁၉၇၅ ခုနှစ် အခြေခံဥပဒေအရ နိုင်ငံတော် လုံခြုံရေးကို ခြိမ်းခြောက်လျှင် လူပုဂ္ဂိုလ်တဦးကို တနှစ်တခါ သက်တမ်းတိုးကာ ဆက်တိုက် ၅ နှစ်သာ ချုပ်နှောင်ထားနိုင်သည်ဟု ပြောသည်။
၁၉၇၅ ခုနှစ် နိုင်ငံတော် ကာကွယ်ရေး ဥပဒေ ပုဒ်မ ၁၀ (ခ) အရ နိုင်ငံတော် လုံခြုံရေးနှင့် အချုပ်အခြာ အာဏာကို ထိပါး ခြိမ်းခြောက်လျှင် ထိုသူကို တနှစ်တခါ သက်တမ်းတိုးကာ ဆက်တိုက် ၅ နှစ်အထိ ထိန်းသိမ်းထားနိုင်သည်။
သို့သော် ဗုဒဟူးနေ့က စစ်အစိုးရ၏ ပြောကြားချက်တွင်မူ ထိုအခြေခံ ဥပဒေကိုပင် အဓိပ္ပါယ် ဖွင့်ဆိုမှု မတူ ကွဲပြားနေသည်။
"နိုင်ငံသား တဦးဦးသည် နိုင်ငံတော်၏ အချုပ်အခြာ အာဏာနှင့် နိုင်ငံတော် လုံခြုံရေးကို ဖြစ်စေ၊ အများပြည်သူတို့၏ အေးချမ်း သာယာရေးကို ဖြစ်စေ ထိပါးအန္တရာယ် ဖြစ်စေမည့် ပြုလုပ်မှုတခုခု ပြုလုပ်ခဲ့သည် သို့မဟုတ် ပြုလုပ်နေသည် သို့မဟုတ် ပြုလုပ်တော့မည်ဟု ယုံကြည် လောက်သော အကြောင်းရှိလျှင် ၀န်ကြီးအဖွဲ့သည် ယင်းပုဂ္ဂိုလ်၏ မူလ အခွင့်အရေး တရပ်ကို လိုအပ်သလို ကန့်သတ် ချမှတ်နိုင်သည်။" ဟု သတင်းစာက ရေးသားထားသည်။
Rest of your post
Posted by
54freedom
at
11:40 PM
0
comments
Labels: ပြည်တွင်း ဆောင်းပါးများ
မိုးစပါးအတွက် အမတော်ကြေးများ ထုတ်ပေးမည်
ဝိုင်းပီး
ကြာသပတေးနေ့၊ ဇွန်လ 12 2008 17:36 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ ဧရာဝတီတိုင်းအတွင်းရှိ နာဂစ် မုန်တိုင်းဒဏ်သင့် မြို့နယ်များတွင် မြန်မာလယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ မိုးစပါးအတွက် အမတော်ကြေး လယ်တဧကလျှင် ၈ ထောင်ကျပ်နှုန်း ထုတ်ချေးရန် စီစဉ်လျှက် ရှိသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြို့နယ်အလိုက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ကျေးရွာတခုချင်း၏ ချေးငွေ စီစစ်ရေးအဖွဲ့ ဥက္ကဌများကို ခေါ်ယူကာ ၂ဝဝ၈ ခုနှစ် မိုးစပါး အတွက် ငွေချေးပုံစံ လျှောက်လွာများ ပေးအပ်ခဲ့ပြီး ဖြစ်သည်။
၁ ဧက ၈ဝဝဝ နှုန်းနှင့် ၁ဝ ဧကအထိ ချေးပေးမည် ဖြစ်ကာ ၁၇ ရာခိုင်နှုန်း အတိုးပေးရမည့် ချေးငွေအတွက် ရယူလိုသော လယ်သမားသည် ဘဏ်၏ အသင်းဝင် ဖြစ်ရမှာဖြစ်ပြီး ပိုင်ဆိုင်မှု အထောက်အထားများနှင့် ကျေးရွာ ချေးငွေ စီစစ်ရေးအဖွဲ့ ဥက္ကဌ၏ ထောက်ခံစာများ တင်ပြရမည် ဟု ဘိုကလေးမြို့နယ်ရှိ မြန်မာလယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ဒုတိယ ကြီးကြပ်ရေးမှူးတဦးက မဇ္ဈိမကို ပြောသည်။
နာဂစ် မုန်တိုင်းဒဏ်ကြောင့် မြို့နယ် လယ်ယာဘဏ်နှင့် နွေစပါးအတွက် အမတော်ကြေးငွေ ထုတ်ယူခဲ့သည့် လယ်သမားများ အခြေအတင် အငြင်းပွားနေရမှုများလည်း ရှိသည်။
ဖျာပုံမြို့နယ်တွင် ဘဏ်က လယ်သမားများထံမှ ချေးငွေ ပြန်ဆပ်ပြီး ဖြစ်ကြောင်း ပြေစာ ပြသနိုင်မှသာ နောက်ထပ် ချေးငွေအသစ် ပေးမည်ဟု ထုတ်ပြန်ထားသည်။
“ဘဏ်က ပြောတာကာ နာဂစ်ကြောင့် စာရွက်စာတမ်းတွေ ပျောက်သွားပြီတဲ့၊ အဲတော့ သူတို့မှာ စာရင်း မရှိတော့ဘူး။ လယ်သမားကပဲ ငွေဆပ် ပြီးတဲ့ စာပြရမယ်တဲ့။ လယ်သမားတွေလည်း နာဂစ်ကြောင့် အကုန်လုံး ဆုံးရှုံးမှတော့ စာရွက်စာတမ်းမရှိတဲ့ လူတွေက အများကြီး။ အဲဒီတော့ ဘဏ်က ချေးငွေသစ် ထုတ်မချေးပါဘူး လုပ်နေတယ်။” ဟု ဖျာပုံမြို့နယ်မှ တောင်သူကြီး တဦးက ပြောသည်။
ချေးထားသည့်ငွေများ ပြန်ဆပ်နိုင်ခြင်း မရှိသလို လယ်ယာ ဆက်လုပ်နိုင်ရန် ငွေကြေးလည်း မရှိခြင်းကြောင့် မျှော်လင့်ချက် မဲ့နေသည်ဟု လယ်သမားတဦးက ပြောသည်။
“လယ်လုပ်ငန်းကို ဆက်လုပ်ဖို့ အင်အားလည်း မရှိတော့ဘူး၊ မျှော်လင့်ချက် မဲ့နေတာ၊ ကျောချဖို့ တောင်မနည်း လုပ်နေရတယ်” ဟု မြင်းဂကုန်း ကျေးရွာမှ လယ်သမားတဦးက ပြောသည်။
အစိုးရဘဏ်က ထုတ်ချေးမှုမှာ ပမာဏ နည်းလွန်းလှသည်ဟုလည်း လယ်သမားများက ပြောသည်။
“ဘဏ်ကရတာ အရမ်းနည်းပါတယ်၊ ကုန်ကျစရိတ်ရဲ့ ရာခိုင်နှုန်း နည်းနည်းလေးပဲရတာ၊ မြို့ပေါ်က လုပ်ငန်းရှင်တွေဆီက ချေးပြီး လုပ်နေရတာ” ဟု မြင်းဂကုန်း ကျေးရွာရှိ လယ်သမားတဦးက ပြောသည်။ လယ်ဧက ၃ဝ ကျော်ပိုင်သော သူ၏ စပါးတင်း ၂ဝဝဝ ကျော် နာဂစ်ကြောင့် ရေစို ပျက်စီးသွားခဲ့သည်။
ထိုဒေသတွင် လယ် ၁ ဧကကို စိုက်ပျိုးရာတွင် ဓာတ်မြေသြဇာ အပါအဝင် ပျှမ်းမျှ ကုန်ကျစားရိတ်မှာ ကျပ် ၁ သိန်း ၈ သောင်း ဝန်းကျင် ဖြစ်သည်။ ငွေလိုသူ လယ်သမားများမှာ နီးစပ်ရာ ပုဂလိကများထံတွင် အတိုးနှုန်း အမြင့်နှင့် ချေးငှား လုပ်ဆောင်ရသည်ဟု လယ်သမားများက ပြောသည်။
ယခင် နွေစပါးအတွက် ချေးငွေနှုန်းထားမှာ တဧကလျှင် ၇ ထောင်ကျပ်နှုန်းဖြစ်ပြီး ၁ဝ ဧက အတွက် အများဆုံး ချေးငွေ ထုတ်ယူနိုင်သည်။
ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် လယ်ယာ စိုက်ပျိုးရေးအဖွဲ့ (FAO) က ထုတ်ပြန်ချက်တွင် နာဂစ်ကြောင့် လယ်ဧကပေါင်း ၅ သိန်းကျော် ပျက်စီး သွားသည်ဟု ပြောသည်။
သို့သော် ယခု မိုးရာသီတွင် မုန်တိုင်းကြောင့် မစိုက်ပျိုးနိုင်သည့် လယ်ဧကမှာ တပြည်လုံး စပါးစိုက်ဧက၏ ၁ ရာခိုင်နှုန်း မပြည့်ဟု စစ်အစိုးရက ထုတ်ပြန်ထားသည်။
Rest of your post
Posted by
54freedom
at
11:38 PM
0
comments
Labels: ပြည်တွင်း သတင်းများ
ဗီဒီယို ကင်မရာများ လိုက်လံ သိမ်းဆည်းနေ
နန်းဒေဝီ
ကြာသပတေးနေ့၊ ဇွန်လ 12 2008 17:34 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ နာဂစ် မုန်တိုင်းဒဏ် ခံရသည့် ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့တွင် အာဏာပိုင်များက ဗီဒီယိုနှင့် ရုပ်သေ ကင်မရာ ၁ဝ လုံးထက်မနည်း သိမ်းဆည်းထားသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
စစ်အစိုးရ သတင်းစာမှ စစ်အစိုးရ ဆန့်ကျင်သူများနှင့် ကိုယ်ကျိုးရှာ အတ္တသမားများက လေဘေး ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို လုပ်ကြံသတင်းများ ဖန်တီးလျက် ဓာတ်ပုံ ဗီဒီယို ရိုက်ကူးပြီး ပြည်ပ သတင်းဌာနများသို့ ပေးပို့ကာ ကိုယ်ကျိုးရှာနေကြကြောင်း ရေးသား ဖော်ပြခဲ့ပြီးနောက် သိမ်းဆည်းမှု ဖြစ်လာခဲ့သည်။
“ကွမ်းခြံကုန်းမှာ သိမ်းတာ။ ဒီဂျစ်တယ် ဗီဒီယို ကင်မရာ ၄ လုံးနဲ့ တခြား အိမ်သုံးကင်မရာ စုစုပေါင်း ၁ဝ ခုထက် မနည်းတော့ဘူး။ ဒီအပတ် ထဲမှာလည်း အိမ်တွေကို လိုက်ပြီးတော့ ကင်မရာတွေ သိမ်းနေတာ” ဟု ကွမ်းခြံကုန်းမှ ပြန်ရောက်လာသူ မဇ္ဈိမ သတင်းထောက်တဦးက ပြောသည်။
အလှူ မင်္ဂလာဆောင် မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးသူ အများစုထံနှင့် ဓာတ်ပုံ ရိုက်ကူးရေး ဆိုင်ငယ်များ ဖွင့်ထားသူများ ထံမှ ခေတ္တခဏဟု ပြောကာ ယူငင်သွားသော်လည်း ယခုအချိန်အထိ ပြန်ပေးခြင်း မရှိသေးကြောင်း သူက ဆက်ပြောသည်။
ယခုလဆန်း ၄ ရက်နေ့ ညပိုင်းတွင် အာဏာပိုင်များက နာဂစ် မုန်တိုင်းဒဏ် ခံနေရသည့် ဒုက္ခသည်များအား ကူညီပေးနေသည့် ရုပ်ရှင်လောကမှ နာမည်ကျော် အနုပညာရှင် ဟာသ သရုပ်ဆောင် ကိုဇာဂနာကို ဖမ်းဆီး ထိန်းသိမ်းထားသည်။
ကိုဇာဂနာ ခေါ် ကိုသူရ၏ အိပ်ခန်းရှိ နာဂစ် ဗီစီဒီခွေများ၊ နာဂစ်မုန်တိုင်းနှင့် ပတ်သက်ပြီး ကလေးသူငယ်များ သီဆိုထားသည့် သီချင်းခွေများပါ သိမ်းဆည်းသွားသည်။
မေလ ၂-၃ ရက်နေ့များအတွင်းက တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်တိုင်း မြို့နယ်အချို့နှင့် ဧရာဝတီတိုင်း မြို့နယ်များရှိ လူများ သေကြေပျက်စီးပုံ၊ လမ်း၊ သစ်ပင်များ၊ လူနေအိမ်ခြေများ ပျက်စီး ပြိုလဲမှုများကို မှတ်တမ်း တင်ထားသော ဓာတ်ပုံ၊ ဗွီဒီယိုခွေ၊ ဗီစီဒီခွေများကို အရောင်းတွင်ကျယ် လူကြိုက်များခဲ့သည်။
Rest of your post
Posted by
54freedom
at
11:37 PM
0
comments
Labels: ပြည်တွင်း သတင်းများ
လေဘေး အကူအညီအတွက် တံခါးဖွင့်ထားရန် သခင်သိန်းဖေ ပန်ကြား
နေသွင်
ကြာသပတေးနေ့၊ ဇွန်လ 12 2008 14:44 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ စစ်အစိုးရအနေဖြင့် လေဘေး ဒုက္ခသည်များထံ အကူအညီ အလုံအလောက် ရရှိရေးအတွက် ကျွမ်းကျင်သူများနှင့် အကူအညီ များကို ခွင့်ပြု လက်ခံရန် သက်ရှိထင်ရှား လွတ်လပ်ရေး တိုက်ပွဲဝင် ရဲဘော်ဟောင်းကြီးက ယနေ့ တိုက်တွန်းလိုက်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မုန်တိုင်းကျပြီး တလကျော်ကြာ ယခုထိ ဝေးလံခေါင်ဖျားဒေသမှ လေဘေး ဒုက္ခသည်များထံ အကူအညီများ မရောက်ရှိဟူသော သတင်းစကား များ ကြားရပြီးနောက် အသက် ၉၂ နှစ်ပြည့်သွားပြီ ဖြစ်သည့် သခင်သိန်းဖေက ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“အစိုးရအနေနဲ့ တတ်နိုင်သမျှ လုပ်ဆောင်ပေးနေပေမယ့် လုံလောက်မှု မရှိတာ ကြားနေရတယ်။ သမာရိုးကျ အတင်းအကျပ် တံခါးပိတ် ထားတာမျိုး မလုပ်ဘဲနဲ့ နိုင်ငံထဲကို ဝင်ရောက်ပြီး ဘေးဒုက္ခရောက်နေတဲ့ ကိုယ့်တိုင်းသူပြည်သားတွေကို ထိထိရောက်ရောက် အကူအညီ ပေးနိုင်ရေးကို ဆောင်ရွက်သင့်ပါတယ်။ ခွင့်ပြုသင့်ပါတယ်” ဟု ရန်ကုန်မြို့ နေအိမ်တွင် ပြုလုပ်သည့် သူ၏ မွေးနေ့ အခမ်းအနားတွင် သခင်သိန်းဖေက ပြောဆိုသွားသည်။
အခမ်းအနားသို့ သခင်လှကွန်း၊ သခင်လှမြင့်၊ သခင်သိန်းမောင်၊ သခင်ချန်ထွန်း စသော လုပ်ဖော်ကိုင်ဖက် သခင်ဟောင်းကြီးများ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တန်း ခေါင်းဆောင်များဖြစ်သည့် ဦးစိုးမြင့်၊ ဦးညွန့်ဝေ၊ ဦးမြင့်သိန်း နှင့် ဦးသုဝေ၊ ဦးဝင်းနိုင် အပါအဝင် ထင်ရှားသော နိုင်ငံရေးသမားများနှင့် ဧည့်ပရိသတ် ၁ဝဝ ခန့် တက်ရောက်ကြသည်။
ဝါရင့် နိုင်ငံရေးသမားကြီးက မြန်မာပြည်၏ လက်ရှိ အခြေအနေ အရပ်ရပ်သည် လွတ်လပ်ရေးမရခင် အချိန်ကထက်ပင် ဖိနှိပ်မှု၊ အကြမ်းဖက်မှု များ ရှိနေပြီး လွတ်လပ်ရေး တိုက်ပွဲဝင်စဉ်က မျှော်မှန်းခဲ့သော လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ အမျိုးသား သွေးစည်း ညီညွတ်ရေး နှင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးတို့ လုံးဝ ပျောက်ကွယ်နေသည်ဟု ဝေဖန်သည်။
လွတ်လပ်ရေးတိုက်ပွဲဝင် လုပ်ဖော်ကိုင်ဖက်များသည် မေလ ၂၂ ရက်နေ့ကလည်း လေမုန်တိုင်းအလွန် ပြန်လည် ထူထောင်ရေး လုပ်ငန်များတွင် အင်ဒိုနီးရှားနိုင်ငံ၏ ဆူနာမီ အတွေ့အကြုံကို နမူနာယူရန် စစ်အစိုးရကို တိုက်တွန်းခဲ့သေးသည်။ ၂ဝဝ၄ ခုနှစ် ဆူနာမီ ဖြစ်စဉ်က အင်ဒိုနီးရှား နိုင်ငံတွင် ပြည်တွင်းနိုင်ငံရေး ပြဿနာများ ရှိနေသော်လည်း နိုင်ငံတကာမှ အကူအညီ ပေးသူများကို အတားအဆီးမရှိ လွတ်လပ်စွာ ကူညီခွင့်ပေးခဲ့သည့် နမူနာကို ရယူရန် ထောက်ပြခဲ့ခြင်း ဖြစ်သည်။
သခင်သခင်ချန်ထွန်း (၈၇ နှစ်) က စစ်ခေါင်းဆောင်များ၏ သဘောထား ပျော့ပြောင်းမည့် အချိန်ကို ဆုတောင်းနေရသည်ဟု ပြောသည်။ ပုံမှန်အားဖြင့် နိုင်ငံရေးသမားကြီးများ၏ တိုက်တွန်းချက်ကို စစ်အစိုးရက အလေးဂရုပြုသည့် လက္ခဏာ ပြသမှု မရှိပေ။
“ကျနော်တို့ အနေနဲ့က ကျနော်တို့ ထုတ်သမျှတွေ၊ တိုက်ရိုက်ပေးစာတွေ အကုန်လုံးကို အရောက်ပို့ပေးပါတယ်။ ကမ္ဘာ့ကလည်း တိုက်တွန်း၊ ကျနော်တို့ကလည်း တိုက်တွန်း၊ အားလုံးက တိုက်တွန်းနေမှာပဲ။ လက်ရှိ တပ်မတော် ခေါင်းဆောင်တွေ အနေနဲ့ သူတို့က ဘယ်သူမှ၊ ဘာမှ ဂရုစိုက်ဘူး၊ လုပ်ချင်ရာ လုပ်မယ်ဆိုပြီး လုပ်နေတာ၊ မြင်နေတာပဲ။ ဘယ်တော့ ပျော့ပြောင်းလာမယ် ဆိုတာတော့ ကျနော်တို့ စောင့်ကြည့် နေရတာပါပဲ။ သဘောထားတွေ ပြောင်းပါစေတော့လို့ ဆုတောင်းနေရတာပဲ” ဟု သခင်ချန်ထွန်းက ပြောသည်။
ယမန်နေ့က ထုတ်ပြန်သော စစ်အစိုးရ အာဘော် သတင်းစာတွင် ယခုအချိန်တွင် ပြည်ပမှ ဝင်ရောက်လာပြီး လေဘေးသင့် ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူပေါင်း ၅၆၉ ဦး ရှိသည်ဟု ဆိုသည်။ သူတို့တွင် ကုလသမဂ္ဂ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့များနှင့် တသီးပုဂ္ဂလများ ပါဝင်သည်ဟု ဆိုသည်။
လူပေါင်း ၁ သိန်း ၃ သောင်းကျော် အသေအပျောက် ရှိခဲ့သော မြစ်ဝကျွန်းပေါ်မှ ကယ်ဆယ်ရေး လုပ်ငန်းများအတွက် အနည်းဆုံး ၆ လကြာ အချိန်ယူ ရမည်ဟု ကုလသမဂ္ဂက တွက်ဆထားသော်လည်း စစ်အစိုးက မြစ်ဝကျွန်းပေါ်တွင် ကယ်ဆယ်ရေး လုပ်ငန်းများ ပြီးဆုံးကာ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ စတင်နေပြီဟု ဆိုသည်။
ဤအတောအတွင်း မြစ်ဝကျွန်းပေါ် အစွန်အဖျား ဒေသသို့ ရှေ့ပြေး ရောက်သွားသော သုံးပွင့်ဆိုင် ကယ်ဆယ်ရေး အဖွဲ့က ဒေသတွင်း၌ အကူအညီများ လိုအပ်နေသည်ဟု ပြောသည်။ ကုလသမဂ္ဂ၊ အာဆီယံနှင့် မြန်မာတို့ ပါဝင်သော အဖွဲ့သည် ယခုအခါ မြစ်ဝကျွန်းပေါ်ဒေသ၏ နောက်ဆုံး အခြေအနေကို ကွင်းဆင်းကာ အချက်အလက် စုဆောင်းနေဆဲ ဖြစ်သည်။
Rest of your post
Posted by
54freedom
at
11:35 PM
0
comments
Labels: ပြည်တွင်း သတင်းများ
