စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, June 12, 2008

မိုးစပါးအတွက် အမတော်ကြေးများ ထုတ်ပေးမည်

ဝိုင်းပီး
ကြာသပတေးနေ့၊ ဇွန်လ 12 2008 17:36 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ဧရာဝတီတိုင်းအတွင်းရှိ နာဂစ် မုန်တိုင်းဒဏ်သင့် မြို့နယ်များတွင် မြန်မာလယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ မိုးစပါးအတွက် အမတော်ကြေး လယ်တဧကလျှင် ၈ ထောင်ကျပ်နှုန်း ထုတ်ချေးရန် စီစဉ်လျှက် ရှိသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြို့နယ်အလိုက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ကျေးရွာတခုချင်း၏ ချေးငွေ စီစစ်ရေးအဖွဲ့ ဥက္ကဌများကို ခေါ်ယူကာ ၂ဝဝ၈ ခုနှစ် မိုးစပါး အတွက် ငွေချေးပုံစံ လျှောက်လွာများ ပေးအပ်ခဲ့ပြီး ဖြစ်သည်။

၁ ဧက ၈ဝဝဝ နှုန်းနှင့် ၁ဝ ဧကအထိ ချေးပေးမည် ဖြစ်ကာ ၁၇ ရာခိုင်နှုန်း အတိုးပေးရမည့် ချေးငွေအတွက် ရယူလိုသော လယ်သမားသည် ဘဏ်၏ အသင်းဝင် ဖြစ်ရမှာဖြစ်ပြီး ပိုင်ဆိုင်မှု အထောက်အထားများနှင့် ကျေးရွာ ချေးငွေ စီစစ်ရေးအဖွဲ့ ဥက္ကဌ၏ ထောက်ခံစာများ တင်ပြရမည် ဟု ဘိုကလေးမြို့နယ်ရှိ မြန်မာလယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ဒုတိယ ကြီးကြပ်ရေးမှူးတဦးက မဇ္ဈိမကို ပြောသည်။

နာဂစ် မုန်တိုင်းဒဏ်ကြောင့် မြို့နယ် လယ်ယာဘဏ်နှင့် နွေစပါးအတွက် အမတော်ကြေးငွေ ထုတ်ယူခဲ့သည့် လယ်သမားများ အခြေအတင် အငြင်းပွားနေရမှုများလည်း ရှိသည်။

ဖျာပုံမြို့နယ်တွင် ဘဏ်က လယ်သမားများထံမှ ချေးငွေ ပြန်ဆပ်ပြီး ဖြစ်ကြောင်း ပြေစာ ပြသနိုင်မှသာ နောက်ထပ် ချေးငွေအသစ် ပေးမည်ဟု ထုတ်ပြန်ထားသည်။

“ဘဏ်က ပြောတာကာ နာဂစ်ကြောင့် စာရွက်စာတမ်းတွေ ပျောက်သွားပြီတဲ့၊ အဲတော့ သူတို့မှာ စာရင်း မရှိတော့ဘူး။ လယ်သမားကပဲ ငွေဆပ် ပြီးတဲ့ စာပြရမယ်တဲ့။ လယ်သမားတွေလည်း နာဂစ်ကြောင့် အကုန်လုံး ဆုံးရှုံးမှတော့ စာရွက်စာတမ်းမရှိတဲ့ လူတွေက အများကြီး။ အဲဒီတော့ ဘဏ်က ချေးငွေသစ် ထုတ်မချေးပါဘူး လုပ်နေတယ်။” ဟု ဖျာပုံမြို့နယ်မှ တောင်သူကြီး တဦးက ပြောသည်။

ချေးထားသည့်ငွေများ ပြန်ဆပ်နိုင်ခြင်း မရှိသလို လယ်ယာ ဆက်လုပ်နိုင်ရန် ငွေကြေးလည်း မရှိခြင်းကြောင့် မျှော်လင့်ချက် မဲ့နေသည်ဟု လယ်သမားတဦးက ပြောသည်။

“လယ်လုပ်ငန်းကို ဆက်လုပ်ဖို့ အင်အားလည်း မရှိတော့ဘူး၊ မျှော်လင့်ချက် မဲ့နေတာ၊ ကျောချဖို့ တောင်မနည်း လုပ်နေရတယ်” ဟု မြင်းဂကုန်း ကျေးရွာမှ လယ်သမားတဦးက ပြောသည်။

အစိုးရဘဏ်က ထုတ်ချေးမှုမှာ ပမာဏ နည်းလွန်းလှသည်ဟုလည်း လယ်သမားများက ပြောသည်။

“ဘဏ်ကရတာ အရမ်းနည်းပါတယ်၊ ကုန်ကျစရိတ်ရဲ့ ရာခိုင်နှုန်း နည်းနည်းလေးပဲရတာ၊ မြို့ပေါ်က လုပ်ငန်းရှင်တွေဆီက ချေးပြီး လုပ်နေရတာ” ဟု မြင်းဂကုန်း ကျေးရွာရှိ လယ်သမားတဦးက ပြောသည်။ လယ်ဧက ၃ဝ ကျော်ပိုင်သော သူ၏ စပါးတင်း ၂ဝဝဝ ကျော် နာဂစ်ကြောင့် ရေစို ပျက်စီးသွားခဲ့သည်။

ထိုဒေသတွင် လယ် ၁ ဧကကို စိုက်ပျိုးရာတွင် ဓာတ်မြေသြဇာ အပါအဝင် ပျှမ်းမျှ ကုန်ကျစားရိတ်မှာ ကျပ် ၁ သိန်း ၈ သောင်း ဝန်းကျင် ဖြစ်သည်။ ငွေလိုသူ လယ်သမားများမှာ နီးစပ်ရာ ပုဂလိကများထံတွင် အတိုးနှုန်း အမြင့်နှင့် ချေးငှား လုပ်ဆောင်ရသည်ဟု လယ်သမားများက ပြောသည်။

ယခင် နွေစပါးအတွက် ချေးငွေနှုန်းထားမှာ တဧကလျှင် ၇ ထောင်ကျပ်နှုန်းဖြစ်ပြီး ၁ဝ ဧက အတွက် အများဆုံး ချေးငွေ ထုတ်ယူနိုင်သည်။

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် လယ်ယာ စိုက်ပျိုးရေးအဖွဲ့ (FAO) က ထုတ်ပြန်ချက်တွင် နာဂစ်ကြောင့် လယ်ဧကပေါင်း ၅ သိန်းကျော် ပျက်စီး သွားသည်ဟု ပြောသည်။

သို့သော် ယခု မိုးရာသီတွင် မုန်တိုင်းကြောင့် မစိုက်ပျိုးနိုင်သည့် လယ်ဧကမှာ တပြည်လုံး စပါးစိုက်ဧက၏ ၁ ရာခိုင်နှုန်း မပြည့်ဟု စစ်အစိုးရက ထုတ်ပြန်ထားသည်။

Rest of your post

No comments: