စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Wednesday, July 9, 2008

ကုလသမဂ္ဂအနေဖြင့် သတ်သတ် မှတ်မှတ် လုပ်ရန် လိုအပ်နေပေပြီ

ဧရာဝတီ ဇူလိုင် ၈၊ ၂၀၀၈

မြန်မာနိုင်ငံ၏ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသို့ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးလုပ်သားများ မုန်တိုင်းသင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ ဒေသများသို့ အကန့် အသတ်မရှိ အပြည့်အ၀ ၀င်ရောက်လုပ်ကိုင်ခွင့်ပေးပါမည်ဟု ကတိပြုခဲ့သည်မှာ ရက်သတ္တပတ် ၆ ပတ်ကျော်လာခဲ့ပြီ ဖြစ်သည်။ မူလက လူအများသေကြေဆုံးရှုံးရဖွယ်ရာ အခြေအနေနှင့် ရင်ဆိုင်ခဲ့ကြရပြီး ကုလသမဂ္ဂက “၀င်ရောက် ကာကွယ်ပေးပိုင်ခွင့် တာဝန်” ကို အတင်းအကျပ် အသုံးပြုရတော့မည့် အခြေအနေတိုင် ဆိုက်ခဲ့ရပြီးနောက်၊ ဘန်ကီမွန်းက ဤသို့ ခွင့်ပြုလာချက်ကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလက်ခံခဲ့သည်။ သို့သော်လည်း သူ၏ "လမ်းဖွင့်နိုင်ခဲ့ပြီ" ဆိုသည့် စကား၏ တန်ဖိုးကိုမူ လူအများက သံသယရှိနေကြဆဲ ဖြစ်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ယခုကဲ့သို့ စစ်အစိုးရ၏ ခေါင်းမာမှုအပေါ် အလျှော့ပေး လိုက်လျှောကျေနပ်ခဲ့ရသည်မှာ ကုလသမဂ္ဂအဖို့ ယခုတကြိမ်တည်း မျှသာ မဟုတ်ပေ။ ဘန်ကီမွန်းက သူ၏ရှေ့တော်ပြေး မစ္စတာ အီဗရာဟင် ဂမ်ဘာရီကို မြန်မာစစ်ဗိုလ်ချုပ်များနှင့် တွေ့ဆုံရန် ယခုနှစ် အစောပိုင်းက စေလွှတ်ခဲ့သည့်အခါ စစ်ဗိုလ်ချုပ်များက မစ္စတာဂမ်ဘာရီကို ဆိုးသည့်ကလေး ကြိမ်ဆုံးမသည့် သဖွယ် ဆက်ဆံလွှတ်ခဲ့ကြသည်။ ကမ္ဘာတ၀ှမ်းလုံးက စစ်အစိုးရအပေါ် ပစ်ပယ်ရှုံ့ချသည့် သဘောထားရှိပြီး ဆက်ဆံနေမှု များကို မကျေနပ်ဒေါသဖြစ်နေကြသည့် မြန်မာစစ်ဗိုလ်ချုပ်များက သူတို့၏ဒေါသများကို မစ္စတာဂမ်ဘာရီထံ ပုံအောဖွင့်ချခဲ့ ကြသည်။ သို့သော်လည်း ကုလ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်လာသည့်ကိစ္စက တမျိုးတဘာသာ ဖြစ်သည်။ သူက နိုင်ငံရေးကိစ္စနှင့် မပတ်သက်ဘဲ လာရောက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာ အကူအညီများ ပိုမိုရရှိလာစေရန် ကတိက၀တ်နှင့် တိတိကျကျ ရည်ရွယ်ချက်ချမှတ်လာခဲ့ခြင်း ဖြစ်သည်။ သို့အတွက်ကြောင့်လည်း ပို၍အဆင်ပြေချောမွေ့သော ဆက်ဆံခံရ ပြီး၊ ထိပ်တိုက်ရင်ဆိုင်တိုးရန်အခွင့်နည်းခဲ့သည်။

သို့သော်လည်း မစ္စတာဘန်ကီမွန်းလာရောက်ခဲ့သည့် ခရီးစဉ် ရည်ရွယ်ချက်၏ အောင်မြင်မှုကို လူမည်မျှ၏ အသက်ကို ကယ်ဆယ်နိုင်ခဲ့သနည်းဟူသည့် အရေအတွက်ဖြင့်သာ တိုင်းတာရမည် ဖြစ်သည်။ ယုံကြည်ဖွယ်မကောင်းလှသည့် နာမည် ပျက်နေသူ စစ်အစိုးရ၏ ကတိစကားများဖြင့် တိုင်းတာဆုံးဖြတ်၍ ရလိမ့်မည် မဟုတ်ပေ။ ထိုမျှမက သုံးပွင့်ဆိုင်ဗဟိုအဖွဲ့ (Tripartite Core Group) က ဆောင်ရွက်ပေးနေသည့် ကယ်ဆယ်ရေး ကြိုးပမ်းဆောင်ရွက်ချက်များကလည်း မရေမရာ မသဲမကွဲပင် ရှိနေသေးသည်။ ဤသုံးပွင့်ဆိုင်ဗဟိုအဖွဲ့က ကုလသမဂ္ဂ၏ ကိုယ်စားလှယ်များ၊ အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့ (အာဆီယံ)၊ မြန်မာစစ်အစိုးရတို့ ကိုယ်စားလှယ်များဖြင့် စုဖွဲ့ထားခြင်းဖြစ်ပြီး ဤအဖွဲ့က နာဂစ်မုန်တိုင်းကပ်ဘေးဆိုင် ရာ ကယ်ဆယ်ရေးလုပ်ငန်းများ ဦးဆောင်ဦးရွက် ပြုသွားမည်ဟုလည်း ဆိုထားသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးရုံး (UN OCHA) ၏ ဇွန်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ မုန်တိုင်းဒဏ်သင့်ခဲ့ရသူ ဒုက္ခသည် တသန်းကျော်မှာ ယခုတိုင် မည်သည့်အကူအညီမျှ ရရှိခြင်းမရှိသေး ဟု ဆိုပါသည်။ ပို၍ စိတ်ပျက်ဖွယ်ကောင်းသည့် အခြေအနေမှာ လွန်ခဲ့သည့် တလခန့်က ထုတ်ဝေသည့် အစီရင်ခံစာနှင့် နှိုင်းယှဉ်ပါကလည်း ကိန်းဂဏန်းများ မပြောင်းမလဲ ရှိနေခြင်းပင် ဖြစ်သည်။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ ဇွန်လ ၁၃ ရက်နေ့ထုတ် အစီရင်ခံစာအရ "ဇွန်လ ၄ ရက်နေ့တိုင် ပဏာမကြိုတင်ခန့်မှန်းမှုများအရ ကပ်ဘေး သင့်၍ ဒုက္ခခံစားရသည် လူဦးရေ ၂. ၄ သန်းအနက်မှ ၁. ၃ သန်းသော အကျိုးခံစာရဖွယ်ရှိသူများ (ဒုက္ခသည်များ) ထံသို့ သာ အကူအညီများရောက်ရှိနိုင်သေးသည်" ဟု ဆိုပါသည်။

နိုင်ငံတော်က ဦးဆောင်သည့်၊ နိုင်ငံတကာက ပါဝင်ဆောင်ရွက်နေသည့် ကယ်ဆယ်ရေးလုပ်ငန်းများ တလကြာမြင့်သည့် တိုင်အောင် မုန်တိုင်းဒဏ်သင့်ခဲ့ရသူ ဒုက္ခသည် အရေအတွက် တ၀က်နီးပါးမျှမှာ မည်သည့်အတွက်ကြောင့် အကူအညီများ မရရှိ ဖြစ်နေရပါသနည်း။ မေးခွန်းထုတ်ဖွယ် ရှိလာပါသည်။ ဖြစ်နိုင်ဖွယ် အကြောင်းမျိုးစုံ ရှိနိုင်ပါသည်။ ရာသီဥတုပြဿနာ များကြောင့်နှင့် မြစ်ဝကျွန်းပေါ်ဒေသတွင် ပျက်စီးဆုံးရှုံးမှု ပမာဏ ကြီးမားကျယ်ပြန့်ခြင်းကြောင့်လည်း ဖြစ်နိုင်ဖွယ် ရှိပါ သည်။ သို့သော်လည်း အခြားလွတ်လပ်သည့် သတင်းဌာနအမျိုးမျိုး၊ အစီရင်ခံချက် အမျိုးမျိုးမှ တွေ့ရှိနေရသည်ကား ပြဿနာ၏ အဓိက အစိတ်အပိုင်းမှာ စစ်အစိုးရ ကိုယ်တိုင် ဖြစ်နေပါသည်။ ၎င်းတို့က ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့် နှေးစေရန် နည်းပေါင်းစုံဖြင့် ဆောင်ရွက်နေကြပါသည်။

ကုလသမဂ္ဂ၏ ဌာနများက စစ်အစိုးရထံ အပြစ်ပုံ လက်ညှိုးမထိုးမိစေရန် သတိပြု ရှောင်လွှဲနေကြပါသည်။ သူတို့က တွေ့ ကြုံရသည့် အခက်အခဲများကို ခြေရာကောက်ပြီး ဒေသဆိုင်ရာ ဗြူရိုကရေစီ အဟန့်အတားများ၊ သို့မဟုတ် စစ်အစိုးရ၏ စစ်ဖက်ဆိုင်ရာ ကြားဝင်စွက်ဖက်မှုများအဖြစ် အချက်ပြဖော်ပြခဲ့ကြပါသည်။ ဥပမာတင်ပြရလျှင် ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးရုံး (OCHA) ၏ အစီရင်ခံစာတွင် ဖော်ပြထားရာ၌ " မကြာခဏ ဆိုသလို လူများရွှေ့ ပြောင်းနေခြင်းကြောင့်" သတ်မှတ်ထားသည့် လိုအပ်ချက်ရှိသူများထံ အကူအညီများရောက်ရှိစေရန် ကြိုးပမ်းဆောင်ရွက် မှု၌ ပြဿနာများ ပိုမိုရှုပ်ထွေးစေသည်ဟု ဆိုထားပါသည်။ သို့သော်လည်း ကိစ္စအများစုတွင် ဤသို့ပြောင်းရွှေ့နေကြမှုသည် လူအများက ဆန္ဒအရပြောင်းရွှေ့ခြင်း မဟုတ်ကြောင်း၊ စစ်အာဏာပိုင်များက လူများကို ဒုက္ခသည်စခန်းများမှ နေ၍ ၎င်းတို့ နေထိုင်ရာ ကျေးရွာလယ်ကွက်များတွင် အလုပ်ပြန်လုပ်ကိုင်ကြစေရန် အတင်းအကျပ် ပြန်လည်နှင်ထုတ် ပြောင်းရွှေ့စေ ခြင်း ဖြစ်ကြောင်း သူတို့က မဖော်ပြခဲ့ကြပါ။

အလားတူ ကိစ္စရပ် များစွာရှိပါသေးသည်။ ရဟတ်ယာဉ်များ မုန်တိုင်းသင့်ဒေသများသို့ ပို့ဆောင်ရန်အတွက် ခွင့်ပြုချက် ရရှိ ရန် နှောင့်နှေးကြန့်ကြာနေရမှုများ၊ ပြည်တွင်းမှ ဆန်ဝယ်ယူ၍ ဖြန့်ဖြူးရန် တားမြစ်ထားချက်များ၊ သတင်း အချက်အလက် များ ကန့်သတ်ထားခြင်းကြောင့် ထောက်ပံ့ရေးဆိုင်ရာ ပြဿနာကြုံရခြင်းများလည်း ရှိနေပါသေးသည်။ "သူတို့ (မြန်မာ အာဏာပိုင်များ) က ကျနော်တို့ကို အဲသည် မုန်တိုင်းဒဏ်ခံရတဲ့ နေရာတွေမှာ ဆက်သွယ်ရေးကိရိယာတွေနဲ့ မရှိစေချင် ဘူးဆိုတာ သေချာပါတယ်။" အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တခုဖြစ်သူ နယ်စည်းမခြား အဝေးပြောဆက်သွယ်ရေးအဖွဲ့ (Telecoms Sans Frontieres) မှ ပြောရေးဆိုခွင့်ရှိသူတဦးက ကုလသမဂ္ဂ တောင်းဆိုချက်အရ ထောက်ပံ့ပေးရန် မြန်မာ နိုင်ငံတွင်း ရောက်ရှိလာပြီးမှ လက်လျှော့ မထွက်ခွါရမီတွင် ပြောဆိုခဲ့ပါသည်။

ဤသို့သော ကန့်သတ်ချက် အခက်အခဲများမှာ ကုလသမဂ္ဂ အဖွဲ့အစည်းအတွက် တခုမျှ လက်ခံနိုင်ဖွယ် မရှိပါ။ သို့သော် လည်း ယခုအချိန်တွင် နိုင်ငံတကာအလှူရှင်များသို့ ၎င်းတို့၏ ကယ်ဆယ်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများ အောင်မြင်နေ ကြောင်း ဆင်ခြေပေး ပြသနေရပြီး ယခုအချိန်တွင် ၎င်းတို့၏ ရည်မှန်းချက်အထမြောက်၍ ဆောလျင်စွာ ပြန်လည်နာလံထူ ခဲ့ကြောင်း ဆင်ခြေပေး တိုက်တွန်းနေရသည့် အခြေအနေဖြစ်နေပေသည်။

ဤသို့တင်ပြချက်များကိုလည်း လူအများက ယုံကြည်လက်ခံရန် ခက်ခဲကြပေလိမ့်မည်။ အလျူရှင်များဖက်က ယုံကြည်မှု နည်းနေကြသည်။ စစ်အစိုးရက ကွင်းဆင်းဆောင်ရွက်နေသည့် အဖွဲ့များ ဆောင်ရွက်နိုင်ရန် အခြေခံမူ လုပ်ပိုင်ခွင့်များ သတ် မှတ်ပေးရန် ဆက်လက်ငြင်းဆန်နေခဲ့ပြီး၊ ဤအချက်ကြောင့်ပင် ကယ်ဆယ်ရေးလုပ်ငန်းများလည်း ထိခိုက်နှောင့် နှေးနေ စေသည်။ ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် အဖွဲ့ (WFP) က သတိပေးပြောကြားရာတွင် အကယ်၍ နောက်ထပ် ရန်ပုံငွေများ မရရှိပါက ယခုထောက်ပံ့ရေးလုပ်ငန်းများအတွက် ပျံသန်းနေကြသည့် ရဟတ်ယာဉ်များလည်း ရပ်နားနေကြရ တော့မည်ဟု သတိပေးပြောဆိုခဲ့သည်။ ဤသို့ဆိုလျှင် စစ်အစိုးရအလိုကျ ဖြစ်ရပေတော့မည်။ စစ်အစိုးရ က ဤရဟတ်ယာဉ် များ နိုင်ငံအတွင်း ပျံသန်းခွင့်ပြုရန် ကနဦးကတည်းက မလိုလားခဲ့ပါ၊ သို့အတွက်ကြောင့်ပင် ခွင့်ပြုချက် ပေးရေး တုံ့ဆိုင်း ဖင့်နှေးနေခြင်း ဖြစ်သည်။

အာဆီယံအဖွဲ့က ဦးဆောင် ဆောင်ရွက်ခဲ့သည့် နာဂစ်မုန်တိုင်းအပြီး ပူးတွဲအကဲဖြတ် စစ်ဆေးချက် (PONJA) ထွက်ပေါ် လာအပြီးတွင် ဤအကဲဖြတ်စစ်ဆေးမှုကြောင့် အကူအညီများ ပို၍ရလာဖွယ် ရှိသည်။ မြန်မာနိုင်ငံအဖွဲ့ဝင် ဖြစ်လာပြီး နောက် ဆယ်စုနှစ်တခုကြာ အကောင်းရလဒ်တခုမျှ မပြနိုင်ဘဲ ရှိနေရာမှ၊ ယခုအခါတွင် ဒေသဆိုင်ရာအဖွဲ့အစည်းဖြစ်သည့် အာဆီယံက ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့ကြောင်း ဟိတ်ဟန်ထုတ်လွန်းလိုမှုကြောင့်လည်း ၎င်း၏အခန်းကဏ္ဍကို ပြန်၍ ဖျက်နေသည့်သဖွယ်ရှိသည်။ မည်သို့ပင်ဆိုစေ အာဆီယံအဖွဲ့က ၎င်းတို့၏အစီအစဉ်များအတိုင်း အစီအစဉ်တကျ လုပ် ဆောင်နေနိုင်သည်ဟူသည့် ဗလာကတိ အာမခံချက်များထက်စာလျှင် အနည်းငယ်မျှသာ ပို၍ လုပ်ကိုင်ဆောင်ရွက်နိုင်ပါ သေးသည့် အခြေအနေ ရှိပါသည်။ "ဒုက္ခသည်တွေရဲ့ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆီးပေးနိုင်ပြီး သူတို့က ဆောလျှင်စွာ ပြန်လည်နာလံထူနိုင်ကြ ပြီ" ဟု အာဆီယံအဖွဲ့၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဆူရင် ပစ်ဆူဝန်က (PONJA) အကဲ ဖြတ် စစ်ဆေးမှုအဖွဲ့၏ ကနဦး လေ့လာတွေ့ရှိချက်များကို ကိုးကား၍ ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၏ ထိရောက်မှုအပေါ် သံသယဖြစ်နေကြမှုများ ပျောက်ကင်းကြရန်ဟု ဆိုလျှင် ကုလသမဂ္ဂအနေဖြင့် စစ်အစိုးရအလိုကျ အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်နေရ သည့် အခြေအနေမှ ရုန်းထွက်ရန် တနည်းသာ ရှိပါသည်။ အကူအညီပေးရေးလုပ်ငန်းများကို စစ်အစိုးရက ပြန်ပေးဆွဲထား သည့်သဖွယ် ပြုနေသည့် အခြေအနေကို ငြင်းဆန်ရန် လိုအပ်နေပါသည်။

ဤသို့ဖြစ်စေရန်ဆိုလျှင် စစ်အစိုးရက ယခုလူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးကို တုံ့ပြန်ဆောင်ရွက်ရေးအတွက် နောက် ထပ် နိုင်ငံတကာအကူအညီများ ရရှိရန်မျှော်လင့်နေသေးသည်ဆိုပါက၊ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှသာလျှင် လက်ခံ နိုင်ဖွယ် ရှိပါသည်။ ယခုဖြစ်ပွားခဲ့သည့် ကပ်ဘေးအခြေအနေက ပိုမိုဆိုးရွားသွားပြီး နိုင်ငံရေးအရ မငြိမ်မသက်မှုများ ဆက် လက် ဖြစ်ပွားလာမည့် အန္တရာယ်လည်း ရှိနေပါသည်။

ယခုလကုန်ပိုင်းတွင် ကုလသမဂ္ဂ၏ အထူးသံ မစ္စတာဂမ်ဘာရီက သွားရောက်သွားရောက်ဦးမည် ဖြစ်ပြီး၊ အမျိုးသားပြန် လည် ရင်ကြားစေ့ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်မြောက်လာစေရေးအတွက် နောက်ထပ်သွားရောက်တိုက်တွန်း လိမ့်ဦးမည် ဖြစ်သည်။ ဤအချိန်တွင် စစ်အစိုးရက အတိုက်အခံအင်အားစုများနှင့် ဆွေးနွေးညှိနှိုင်းစရာမလိုဟု မြင်ထား သည်။ သူ၏ အကြီးအကဲဖြစ်သူ မစ္စတာဘန်ကီမွန်က "မြန်မာပြည်သူများ လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီ အပြည့်အ၀ရရှိ ခံစားနိုင်စေရေးအတွက် အပြင်းအထန်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု သံန္နိဌာန်ခိုင်ခိုင်မာမာ ချထားကြောင်း" ပြောထား ခဲ့သည်။ အကယ်၍ သူက ဗိုလ်ချုပ်သန်းရွှေ၏ ကတိအတိုင်း မြဲစေအောင် မလုပ်ဆောင်နိုင်ပါက သူ၏ကတိစကားသည် လည်း မြန်မာနိုင်ငံကို အုပ်ချုပ်နေကြသည့် လူလိမ်ကြီးများ၏ အနှစ်မဲ့ကတိစကားသဖွယ် အတူတူသာ ဖြစ်နေပေတော့မည်။

အပြည့်အစုံဖတ်လိုလျှင်

Tuesday, July 8, 2008

ယူနီဆက်ထောက်ပံ့နေသည့် မုန်တိုင်းသင့်မြို့နယ်များတွင် ကျောင်း (၁,၅၀၀) ပျက်စီး

NEJ/ ၈ ဇူလိုင် ၂၀၀၈

နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ကျောင်းအရေအတွက်မှာ ဧရာဝတီတိုင်း (၇) မြို့နယ်နှင့် ရန်ကုန်တိုင်း (၁၀) မြို့နယ်တွင် စုစုပေါင်း (၁,၄၃၅) ကျောင်းရှိသည်ဟု ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်) က ဇူလိုင် (၇) ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အဆိုပါမြို့နယ်များမှ ပျက်စီးသည့် ကျောင်းအရေအတွက်မှာ ယူနီဆက်အဖွဲ့မှ ထောက်ပံ့နေသည့် မြို့နယ်များရှိ ကျောင်းအပျက်အစီး စာရင်းဖြစ်သည်။

ယူနီဆက် ထောက်ပံ့နေသည့် မြို့နယ်များရှိ ပျက်စီးကျောင်းအရေအတွက်မှာ ဧရာဝတီတိုင်း (၇) မြို့နယ်တွင် (၁,၂၀၈) ကျောင်းရှိပြီး ရန်ကုန်တိုင်း (၁၀) မြို့နယ်တွင် (၂၂၇) ကျောင်းရှိသည်။
ဧရာဝတီတိုင်းတွင် ဘိုကလေးမြို့နယ်မှာ (၂၉၂) ကျောင်း ပျက်စီးသွားပြီး ကျောင်းအများဆုံး ပျက်စီးသည့် မြို့နယ်ဖြစ်သည်။ ရန်ကုန်တိုင်းတွင် ကွမ်းခြံကုန်းမြို့နယ်မှာ ကျောင်းအများဆုံး ပျက်သည့် မြို့နယ်ဖြစ်သည်။


အပြည့်အစုံဖတ်လိုလျှင်

ရန်ကုန်တိုင်းအတွင်း (၃) လ စပါး မစိုက်သည့် လယ်သမားများကို လယ်မြေသိမ်းမည်ဟု စစ်အစိုးရက ခြိမ်းခြောက်

ဒလမြို့နယ် သပြေကုန်းရွာမှ လယ်စိုက်ခင်းများ
NEJ/ ၈ ဇူလိုင် ၂၀၀၈

ရန်ကုန်တိုင်းအတွင်းရှိ လယ်သမားများ စိုက်ပျိုးရန် စပါးကို နအဖ က သတ်မှတ်စိုက်ခိုင်းနေပြီး စိုက်ခိုင်းသော စပါးမျိုး မစိုက်ပါက လယ်ယာမြေများကို သိမ်းမည်ဟု ပြောကြောင်း ဒလမြို့နယ်မှ လယ်သမားတဦးက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဒလမြို့နယ် သပြေကုန်းရွာမှ လယ်သမားတဦးက “ကားလမ်းဝဲယာရှိတဲ့ လယ်မြေတွေမှာ သူတို့ စိုက်ခိုင်းတဲ့ စပါးမျိုး ဆင်းသွယ်လတ်ဆိုတာကို မစိုက်ရင် လယ်ကို သိမ်းမယ်လို့ ပြောထားတယ်။ ဒီအတွက် သိမ်းမှာကြောက်လို့ စိုက်ရတယ်။ အဲဒီစပါးက တဧကကို (၂) တင်းမျိုး သုံးရတယ်။
(၁) တင်းကို (၅,၀၀၀) ကျပ် ကနေ (၈,၀၀၀) ကျပ် ဈေးထိ ရယက က ရောင်းပေးတယ်။ အခု ဆိုရင် မျိုးစပါး (၁) တင်းကို (၁၀,၀၀၀) ကျပ် ဖြစ်နေပြီ” ဟု ပြောသည်။

နာဂစ်မုန်တိုင်းကြောင့် မျိုးစပါးများ ရေစိုသွားသည့် လယ်သမားအများစုသည် ယခုကဲ့သို့ နအဖက မျိုးစပါး ရောင်းချပေးနေသော်လည်း ယခုအချိန်သည် ပျိုးစိုက်ချိန် ရောက်နေပြီ ဖြစ်သည့်အတွက် မျိုးချချိန် မရှိတော့ဟု လယ်သမားများက ပြောသည်။

စစ်အစိုးရက ယခု ရောင်းချပေးနေသည့် မဖြစ်မနေ စိုက်ရမည့် ဆင်းသွယ်လတ် စပါးမျိုးမှာ (၃) လဖြင့် ရိတ်သိမ်းနိုင်သော သက်နုစပါးမျိုးဖြစ်ကြောင်း၊ ပုံမှန်စိုက်ပျိုးနေကျ စပါးမျိုးများကဲ့သို့ အထွက်နှုန်း မကောင်းကြောင်း၊ သို့သော် လယ်သမားများအနေဖြင့် လယ်သိမ်းခံရမည်ကြောက်၍ စိုက်ရခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

“ဒီဒေသမှာ စိုက်တဲ့စပါးမျိုးက တောင်ပျံ၊ ဘေးကျားစပါးမျိုး ဖြစ်တယ်။ အဲဒီစပါးက ရိတ်သိမ်းနိုင်ဖို့ (၅) လလောက်ကြာတယ်။ (၁) ဧကကို တင်း (၆၀) ကျော် ထွက်တယ်။ ဆင်းသွယ်လတ်က (၃) လ လောက်မှာ ရိတ်သိမ်းနိုင်တယ်။ (၁) ဧကကို တင်း (၂၀) လောက်ပဲ ထွက်တယ်။ ပြီးတော့ အဲဒီ စပါးမျိုး ဆန်ကို ချက်စားကြည့်၊ အရသာက လုံးဝကွာတယ်။ အစိုးရက (၃) လနဲ့ စပါးသီးပေါ်တာ ကိုပဲ မြင်တယ်။ အထွက်နှုန်းနဲ့ အရည်အသွေးကို မမြင်ဘူး။ သိတဲ့သူတွေကလည်း မတင်ပြရဲကြ ဘူး။ ပြောရင် ပြောတဲ့အတိုင်းပဲ ခေါင်းညိတ်ကြတယ်။ လယ်သမားတွေက နစ်နာတာပဲ အဖတ် တင်တယ်” ဟု အဆိုပါ သပြေကုန်းရွာမှ လယ်သမားက ပြောသည်။

လယ်ဧက (၃၀) ခန့်ရှိသည့် ကော့မှူးမြို့နယ် လယ်စိုက်ကျေးရွာမှ လယ်သမားတဦးကမူ ရယက မှရောင်းသည့် (၃) လစပါးမျိုးကို ကားလမ်း ၀ဲယာရှိ လယ်ကွက်များတွင် စိုက်ရန် ၀ယ်ထားသော် လည်း ကျန်သည့်လယ်ကွက်များတွင် ၀မ်းစာစပါးကို ပြန်စိုက်မည်ဟု ပြောသည်။

၎င်းက “မုန်တိုင်းတိုက်တော့ စပါးအားလုံး ရေစိုကုန်တယ် သုံးလို့မရတော့ဘူး။ ဒါကြောင့် ဒီနှစ် တော့ စားဖို့ထားတဲ့ စပါးကျီက ရေမစိုဘဲ ဖုံးဖိထားလို့ ကျန်လိုက်တဲ့ ၀မ်းစာစပါးကို မျိုးပြန်လုပ်ပြီး စိုက်ထားတယ်။ ဖြစ်ချင်ရာဖြစ်ဗျာ၊ ရှိတဲ့မျိုးကို စိုက်ရတာပဲ။ သူတို့ရောင်းပေးတဲ့ (၃) လစပါးထက် သာတယ်ဗျ” ဟု ပြောသည်။

တွံတေးမြို့နယ်အတွင်းရှိ လယ်သမားများကမူ “အစိုးရ ရောင်းပေးတဲ့ မျိုးစပါးက (၃) လစပါး၊ အချိန်တိုတိုနဲ့ စပါးမြန်မြန် ဖြစ်တယ်ဆိုပေမယ့် မိုးရာသီမကုန်ခင် မှည့်တာဆိုတော့ စပါးရိတ်သိမ်း
ရ ခက်တယ်။ တလင်းလည်းမရှိ၊ တာလမ်းမပေါ် တင်ပြီး စပါးတွေကို ခြွေလှည့်ပြန်တော့ ဟိုလူ ကအော်၊ ဒီလူက ငေါက်နဲ့” ဟု ပြောသည်။

စစ်အစိုးရ ရောင်းသည့် (၃) လ စပါးမျိုးမှာ ပြန်ရောင်းပါက တင်း (၁၀၀) လျှင် ပုံမှန်ဈေး (၄) သိန်းခန့်ရှိပြီး ဒေသခံများ စိုက်လေ့ရှိသော စပါးမှာ ပုံမှန်ဈေး တင်း (၁၀၀) လျှင် (၆) သိန်းကျော် ရောင်းရကြောင်း လယ်သမားများက ပြောသည်။

ရန်ကုန်တိုင်းတွင် ယခုနှစ် စပါး ပိုမိုထွက်ရှိရန် နအဖက စီမံချက်ချကာ တတိုင်းလုံးတွင် နွေစပါး၊ မျိုးစပါး စိုက်ပျိုးဧက (၁၄) သိန်းခန့်ကို စိုက်ပျိုးကာ တင်းပေါင်း သိန်း (၁,၀၀၀) ထွက်ရန် မျှော်မှန်း ထားကြောင်း မြန်မာနိုင်ငံ စပါးထုတ်လုပ်ရောင်းချသူများအသင်း၏ တာဝန်ရှိသူတဦးက ပြောသည်။

ရန်ကုန်တိုင်းတွင် ယခင်နှစ်များက စုစုပေါင်းဧက (၁၃) သိန်းခန့် စပါးစိုက်ပျိုးခဲ့သော်လည်း
ရန်ကုန်တိုင်းရှိ ပြည်သူများအတွက် ဆန်လုံလောက်မှုမရှိ၍ ဧရာဝတီတိုင်းမှ နေ့စဉ် ဆန်အိတ်ရေ (၄) သောင်းခန့် တင်ပို့ခဲ့ရသည်၊ ယခုနှစ်တွင် ဧက (၁) သိန်း ပို၍ ရန်ကုန်တိုင်းတွင် တိုးချဲ့စိုက်ပျိုး မည်ဆိုသော်လည်း နာဂစ်မုန်တိုင်းကြောင့် လယ်သမားများ မျိုးစပါးဆုံးရှုံးခဲ့ကြောင်း သိရ သည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ပြည်ပခရီးစဉ်လေယာဉ်လက်မှတ်ခများ (၃၂) ရာနှုန်းထိ ဈေးခုန်တက်

ပီတာအောင်/ ၈ ဇူလိုင် ၂၀၀၈

ကမ္ဘာ့လောင်စာဆီဈေး ကြီးမြင့်မှုကြောင့် မြန်မာနိုင်ငံရှိ ပြည်ပခရီးစဉ် ပြေးဆွဲနေသည့် လေယာဉ် လက်မှတ်ခ ဈေးနှုန်းများမှာ (၁၃) ရာနှုန်းမှ (၃၂) ရာနှုန်းထိ မြင့်တက်သွားသည်ဟု လေယာဉ် လက်မှတ် အရောင်းကိုယ်စားလှယ်တို့က ပြောသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ရန်ကုန်-ဘန်ကောက်ခရီးစဉ် အသွားအပြန် (၁) လအတွင်း စီးနိုင်သည့် လေယာဉ်လက်မှတ် တန်ဖိုးများမှာ မြန်မာနိုင်ငံတကာလေကြောင်းလိုင်း (အမ်အေအိုင်) တွင် အမေရိကန်ဒေါ်လာ (၁၆၀) မှ (၁၈၀) ထိ (၁၃) ရာနှုန်းတက်သွားပြီး ထိုင်းနိုင်ငံတကာလေကြောင်းလိုင်း တီဂျီမှာ ဒေါ်လာ (၂၁၆) မှ (၂၈၆) ထိ (၃၂) ရာနှုန်း တက်သွားသည်။

အလားတူ ရန်ကုန်- ကွာလာလမ်ပူ အသွားအပြန် (၁) လအတွင်း စီးနိုင်သည့် လေယာဉ်လက်မှတ် တန်ဖိုးများမှာ အမ်အေအိုင်က ဒေါ်လာ (၃၅၃)၊ မလေးရှား အဲယားလိုင်းက ဒေါ်လာ (၄၂၈) ထိ ဈေးတက်သွားသည်။ ရန်ကုန်-စင်ကာပူ အသွားအပြန် (၁) လ လက်မှတ်ဈေးနှုန်းများတွင် အမ်အေအိုင်က ဒေါ်လာ (၃၆၆) ရှိပြီး Silk အဲယားက ဒေါ်လာ (၃၇၇) မှ (၃၈၇) ဖြစ်သွားသည်။ လက်မှတ်ကိုယ်စားလှယ် တဦးနှင့်တဦး ဈေးနှုန်းကွာဟမှုရှိသည်။

ကမ္ဘာ့လောင်စာဆီဈေးနှုန်း မြင့်တက်မှုကြောင့် လေယာဉ်လက်မှတ်ခများ တက်သွားခြင်းဖြစ်ပြီး ကမ္ဘာ့လေကြောင်းလိုင်းများ အားလုံးလိုလို ဈေးနှုန်း မြင့်တက်သွားခြင်းဖြစ်ကြောင်း၊ လာမည့် (၁၅) ရက်နောက်ပိုင်း ဈေးနှုန်း ထပ်တက်ဖွယ်ရှိသည်ဟု ရန်ကုန် အမ်အေအိုင်ရုံးမှ လေယာဉ် လက်မှတ် အရောင်းတာဝန်ရှိသူတဦးက ခေတ်ပြိုင်ကို ပြောသည်။

ဘန်ကောက် အမ်အေအိုင်ရုံးမှ တာဝန်ရှိသူတဦးကလည်း “လေယာဉ်လက်မှတ်ဈေး တက်သွား တာကတော့ အဓိက လောင်စာဆီ ဈေးတက်လို့ပဲ။ ကမ္ဘာ့ဆီဈေးတက်တော့လည်း အားလုံး လိုက်တက်ကြရတာပေါ့။ မတက်ရင်လည်း ရှုံးသထက် ရှုံးမှာပဲ။ နိုင်ငံတကာမှာ ဖြစ်တာပဲ။ ကျနော်တို့ အဲလိုင်းကတော့ ခရီးစဉ်တခုကို (၁၀) ဒေါ်လာလောက် တက်သွားတယ်” ဟု ပြောသည်။

လေယာဉ်ခ ဈေးနှုန်းသစ်များကို လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်များထံ အကြောင်း ကြားထားပြီး ဖြစ်ကြောင်းနှင့် ခရီးသည်များ သယ်ဆောင်ခွင့်ရသည့် ခရီးဆောင်အိတ် luggage နှင့် လက်ဆွဲ (Hand Carry) သယ်ဆောင်ခွင့်ရသည့် အိတ်အလေးချိန်တို့မှာ မူလအတိုင်း အပြောင်းအလဲမရှိဟု သိရသည်။

ပြည်ပခရီးစဉ် လက်မှတ်ခနှုန်းများ မြင့်တက်သွားသော်လည်း ပြည်တွင်းလေကြောင်း ခရီးစဉ် လေယာဉ်လက်မှတ်ခများ အပြောင်းအလဲမရှိသေးဟု စုံစမ်းသိရသည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

နာဂစ်မုန်တိုင်းအပြီး (၂) လကျော်သော်လည်း ရန်ကုန်မှာ ဖုန်းများပျက်နေဆဲ

NEJ/ ၈ ဇူလိုင် ၂၀၀၈

ရန်ကုန်ရှိ မြို့နယ်အချို့တွင် နာဂစ်မုန်တိုင်း တိုက်ပြီး (၂) လကျော်ပြီ ဖြစ်သော်လည်း တယ်လီဖုန်း လိုင်းများ မရရှိသေးကြောင်း သိရသည်။

ပြည်လမ်းပေါ်ရှိ (၇) မိုင်၊ သလ္လာဝတီလမ်းမှ လမ်းသူလမ်းသားအချို့က “ဒီနေရာမှာ နေတာ တွေက နအဖနဲ့ ပတ်သက်တဲ့ ထိတ်ထိတ်ကျဲတွေ နေတာ။ လုံးချင်းတွေကလည်း နိုင်ငံခြားသား တွေ ငှားထားတာတွေရှိတယ်။ တယ်လီဖုန်းလိုင်းကို ဘာကြောင့် လာမပြင်လည်းဆိုတာ စဉ်းစား လို့မရဘူး။ သူတို့နဲ့ ပတ်သက်တဲ့သူတွေမှာက ဟမ်းဖုန်းတွေနဲ့ စကားပြောနိုင်တယ်လေ။ ကျမတို့ အထင်ကတော့ နိုင်ငံခြားသားတွေက အင်တာနက်လိုင်းချိတ်ပြီး အင်တာနက်သုံးတယ်။ ဒီအတွက် ဒီတယ်လီဖုန်းလိုင်းတွေကို ပြင်မပေးတာလို့ ထင်တယ်” ဟု ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နအဖ၏ နေ့စဉ်ထုတ် သတင်းစာမှ ယခုလ (၆) ရက်နေ့ ထုတ်ပြန်သည့် ကြေညာချက်တွင် ရန်ကုန် ရှိ တယ်လီဖုန်း လိုင်းများအားလုံး ရာနှုန်းပြည့်နီးပါး အသုံးပြုနိုင်ပြီး ချွတ်ယွင်းနေဆဲ ဖုန်းများကို တအိမ်ချင်း အမြန်ဆုံး ပြုပြင်ပေးမည်ဟု ဖော်ပြထားသည်။ ထို့အပြင် တယ်လီဖုန်းသုံးစွဲသူများက မိမိတယ်လီဖုန်း ချွတ်ယွင်းနေဆဲဖြစ်ပါက (၁၀၆)၊ (၁၀၂) နှင့် ဖက်စ် ၃၉၂,၂၄၄ ကို ဆက်သွယ် အကြောင်းကြားပါဟု ကြေညာချက်တွင် ပါရှိသည်။

“(၁၀၆) ကို ဆက်တာ အခါတရာလောက် ရှိနေပြီ။ အဲဒီ (၁၀၆) ဟာ နေပြည်တော်ကလို့ ပြော တာပဲ။ ဘာမှမထူးဘူး၊ နောက်ဆုံးတော့ ပိုက်ဆံပေးပါမယ်ဆိုတာတောင် လာမလုပ်ပေးဘူး။ ဘယ်ကို တိုင်လို့ တိုင်ရမှန်း မသိဘူး။ ဒါကြောင့် ဒီအတိုင်းပဲ ထားလိုက်တော့တယ်” ဟု ကြည့်မြင် တိုင်မြို့နယ် သရက်တောရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။

ဖုန်းလိုင်းကောင်းသည့် နေအိမ်များတွင်လည်း မကြာခဏ ဖုန်းပျက်နေကြောင်း ကျောက်တံတား မြို့နယ်မှ ကျောင်းဆရာတဦးက ပြောသည်။

အနော်ရထာလမ်းရှိ စတိုးဆိုင်တဆိုင်မှ တာဝန်ရှိသူကလည်း “နာဂစ်မုန်တိုင်းအပြီး (၁၅) ရက် လောက်မှာ ဖုန်းပြန်ရတယ်။ လက်ဖက်ရည်ဖိုး ပိုက်ဆံ (၅,၀၀၀) ကျပ် ပေးလိုက်တယ်။ ဒါပေမယ့် အခု ဖုန်းက မကြာ မကြာ ပျက်တယ်၊ မြို့နယ်ဖုန်းလိုင်းတာဝန်ရှိသူက လုံးဝ မပျက်စေဖို့
တာဝန်ယူတယ်။ တနှစ်စာ လိုင်းကြေး (၅၀,၀၀၀) ကျပ် ပေးရင် ရမယ်လို့ ပြောတယ်” ဟုပြောသည်။

(၃၁) လမ်းရှိ လက်ဖက်ရည် အရောင်းဆိုင် တဆိုင်တွင် ပြီးခဲ့သည် (၁၅) ရက်ခန့်က ဖုန်းလိုင်း ပျက်၍ သက်ဆိုင်ရာ ဖုန်းရုံးကို အကြောင်းကြားသော်လည်း လာရောက်မပြင်သဖြင့် လိုင်းပြင် သူကို ခေါ်ယူခဲ့ရာ လုံးဝမပျက်စေရန် တာဝန်ယူသည်ဟုဆိုကာ လိုင်းကြေးငွေ (၅၀,၀၀၀) ကျပ် တောင်းသဖြင့် (၃၅,၀၀၀) ကျပ်နှင့် ဈေးဆစ်ပေးလိုက်ရကြောင်း ဆိုင်ပိုင်ရှင်က ပြောသည်။

ရန်ကုန်တွင် တယ်လီဖုန်းလိုင်းများ မကြာခဏပြတ်ကာ ပြန်ပြင်ရန် လိုင်းပြင်သူကို ခေါ်ပါက တခါမှမပျက်စေရန် တနှစ်စာ လိုင်းကြေးငွေ တောင်းခံမှု မြို့နယ်တိုင်းတွင် ဖြစ်ပေါ်နေကြောင်း မြို့ခံများက ပြောသည်။ ။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ရန် ကော့သောင်း ရောက်လာသူများအတင်းအကျပ် ပြန်ပို့ခံရ

ကျော်ထင်/ ၈ ဇူလိုင် ၂၀၀၈

ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့မှတဆင့် ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ရန် ရည်ရွယ်ပြီး အနယ်နယ်အရပ်ရပ်မှ ရောက်လာသူများအား ပြီးခဲ့သည့်လများမှ စ၍ ကော့သောင်းမှ မြိတ်မြို့သို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင်လည်း ဟားခါးသင်္ဘောဖြင့် လူ (၅၀) ကျော်ခန့်ကို ပို့ဆောင်လိုက်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ပြန်ပို့ခံရသူများသည် ကော့သောင်းမြို့သို့ လေယာဉ်၊ သင်္ဘော၊ ကားလမ်းများမှတဆင့် ၀င်ရောက် လာသူများဖြစ်ကြပြီး ပြန်ပို့ခြင်းမခံရမီ မြို့ပေါ်ရှိ ရယကရုံး၊ ကြံဖွံ့ရုံးများတွင် ထိန်းသိမ်းခြင်း ခံထားရသူများဖြစ်သည်။

ယနေ့ ပြန်ပို့ခံရသူများထဲမှ တဦးကို ငွေဖြင့် ရွေးထုတ်လာသူ ကော့သောင်းမြို့ခံက “မနက် (၅) နာရီကို သင်္ဘောဆိပ်အရောက်ဆိုပြီးတော့ သူတို့ပြောထားတယ်လေ။ ဒီက ပတ်သက်တဲ့လူတွေက ကိုယ့်လူတွေကို ရွေးထုတ်လို့ ရလိုရငြားသွားတာ၊ ရဲကို အဖမ်းခံထားရတဲ့သူ သူ့နာမည်နဲ့ အဖေ နာမည် ပြောလိုက်တော့ ခေါ်ချလာတယ်။ အဲဒါ ဗမာငွေ (၂) သောင်း ပေးလိုက်ရတယ်လေ” ဟု ပြောသည်။

ဖမ်းဆီးပြန်ပို့မှုများ ပိုမိုများပြားလာသဖြင့် မြိတ်မြို့မှ ကားလမ်းဖြင့် လာသူများသည် ကော့သောင်း သို့ မရောက်မီ (၁၀) မိုင်ကျော်ခန့်တွင် ကားပေါ်မှ ဆင်းကာ ဆိုင်ကယ်တက္ကစီများဖြင့် ကော့ သောင်းသို့ ၀င်ရောက်နေကြကြောင်း သိရသည်။

အဆိုပါ ကော့သောင်းမြို့ခံက “မရောက်ခင် (၁၀) မိုင်၊ (၁၅) မိုင်လောက်ကနေပြီး ဆိုင်ကယ် သမားတွေက အုပ်စုဖွဲ့ပြီး စောင့်နေကြတယ်။ ကားရပ်ပေးတာနဲ့ ဆိုင်ကယ်သမားတွေက သူဆွဲ ငါဆွဲနဲ့လေ၊ သူ့လူ ကိုယ့်လူ အတင်းခေါ်ကြတာပေါ့။ လမ်းမှာတွေ့တဲ့ ဂိတ်တွေကိုပါ ရှင်းဖို့အတွက် ဆိုင်ကယ်သမားကို တခါတည်း ပေးရတယ်လေ။ ကျနော့်အိမ်ကို မနေ့က ရောက်လာတဲ့ လူငယ် (၂) ယောက်ဆိုရင် ဆိုင်ကယ်ခ (၃) သောင်းခွဲစီ ပေးလိုက်ရတယ်” ဟု ဆက်ပြောသည်။

ထိုင်းနိုင်ငံသို့ ၀င်ရောက်မည့်သူများကို နည်းမျိုးစုံနှင့် တားဆီးနေသော်လည်း အာဏာပိုင်များ၏ အကျင့်ပျက် ခြစားမှုများကြောင့် လူကုန်ကူးမှုကို တိုက်ဖျက်၍ မရနိုင်ကြောင်း အလုပ်သမား အရေးဆောင်ရွက်နေသည့် မြန်မာ့ဒီမိုကရေစီအရေး ထိုင်းလှုပ်ရှားမှုကော်မတီ (TACDB) မှ ဦးမြင့်
ဝေက ပြောသည်။

၎င်းက “အခုက လူကုန်ကူးမှု တိုက်ဖျက်တာ အကြောင်းပြပြီး မတရားတဲ့နည်းနဲ့ ပိုက်ဆံစားခွင့် အခွင့်အလမ်းကို ဖန်တီးပေးထားတာနဲ့ အတူတူပဲပေါ့။ ဧပြီလက ကားပေါ်မှာ (၅၄) ယောက် လေမွန်းလို့ သေတဲ့နောက်ပိုင်းကျမှ နိုင်ငံတကာကလည်း လူကုန်ကူးမှု ဥပဒေနဲ့ ပြင်းပြင်း ထန် ထန် ကိုင်တွယ်ပြီး အားလုံးက သူတို့ကိုလည်း အပြစ်တင်တဲ့အခါကျတော့ သူတို့က အဲဒါကို
ထပြီး ဖြေရှင်းဖို့ ကြိုးစားတာပါ” ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီလဆန်းကလည်း ရနောင်းမှတဆင့် ထိုင်းနိုင်ငံ ဖူးခက်ဒေသသို့ ခိုးဝင်လာသည့် မြန်မာ (၅၄) ဦး ကားနောက် အအေးခန်းတွင်း အသက်ရှူကျပ်ပြီး သေဆုံးခဲ့သည်။ အလားတူ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံတွင်းသို့ လူမှောင်ခိုသွင်းပြီး နယ်စပ်တနေရာရာတွင် အကြောင်းအမျိုး မျိုးဖြင့် သေဆုံးမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ ။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်အရေအတွက် ၂၀၀၆ ခုနှစ်ထက်လျော့လာ

NEJ/ ၈ ဇူလိုင် ၂၀၀၈

ထိုင်းနိုင်ငံအတွင်းနှင့် မွန်ပြည်နယ်အတွင်းရှိ ဒုက္ခသည် စုစုပေါင်းဦးရေသည် ယခုနှစ် မေလကုန် အထိ (၁) သိန်းခွဲခန့် ရှိကြောင်း ဒုက္ခသည်များကို ကူညီနေသည့် တီဘီဘီစီခေါ် ထိုင်း-မြန်မာ နယ်စပ် အကူအညီပေးရေးအဖွဲ့က ထုတ်ပြန်ထားပြီး ၂၀၀၆ ခုနှစ် စာရင်းထက် (၁) ရာနှုန်းနီးပါး လျော့နည်းသွားသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ထိုင်းနိုင်ငံရှိ ပြည်နယ် (၅) ခုမှ မြန်မာဒုက္ခသည် အရေအတွက် စုစုပေါင်း (၁၄၀,၀၀၀) ခန့်ရှိပြီး မဲဟောင်ဆောင်ပြည်နယ်တွင် မြန်မာဒုက္ခသည် ပိုများလာသည်။ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်း များမှာ ချင်းမိုင်ပြည်နယ်အတွင်း စခန်း (၁) ခု၊ မယ်ဟောင်ဆောင်ပြည်နယ်အတွင်း စခန်း (၄) ခု၊ တာ့ခ်ပြည်နယ်အတွင်း စခန်း (၃) ခု၊ ကန်ချနဘူရီနှင့် ရတ်ခ်ျဘူရီတို့တွင် စခန်း (၁) ခုစီတို့ ဖြစ်ကြ ပြီး ဒုက္ခသည်ဦးရေ (၁၃၉,၇၆၈) ဦးရှိကြောင်း တီဘီဘီစီ စာရင်း၌ ဖော်ပြသည်။

ထိုင်းနိုင်ငံရှိ ဒုက္ခသည်များတွင် ကရင်လူမျိုး အများစုဖြစ်ပြီး (၆၁) ရာခိုင်နှုန်းရှိကာ ၂၀၀၆ ခု စာရင်းနှင့် နှိုင်းယှဉ်လျှင် (၁) ရာခိုင်နှုန်း ကျဆင်းသွားသည်။ ကရင်နီလူမျိုးသည် ဒုတိယ အများဆုံးဖြစ်ပြီး (၁၇) ရာခိုင်နှုန်း ရှိသဖြင့် ၂၀၀၆ ခု စာရင်းနှင့် နှိုင်းယှဉ်လျှင် (၄) ရာခိုင်နှုန်း တိုးလာသည်။

နေရာဒေသအားဖြင့် ပဲခူးတိုင်းမှ (၆) ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းမှ (၁) ရာခိုင်နှုန်း၊ ရန်ကုန်တိုင်းမှ (၂) ရာခိုင်နှုန်း အသီးသီးဖြစ်သည်ဟု ဖော်ပြထားသည်၊ ထို့အပြင် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်တို့မှလည်း လာရောက် သူများရှိပြီး (၂) ရာခိုင်နှုန်းရှိကြောင်း တီဘီဘီစီ စာရင်း၌ ဖော်ပြသည်။

ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများအတွင်း၌ တာ့ခ်ပြည်နယ်အတွင်းရှိ မဲလစခန်းသည် လူဦးရေအများ ဆုံးဖြစ်ပြီး (၃၈,၀၀၀) ဦးကျော်ရှိသည်။ ဒုတိယအများဆုံးမှာ မယ်ဟောင်ဆောင်ပြည်နယ်အတွင်းရှိ ဘန်းနိုင်းစွိုင်စခန်းဖြစ်ပြီး (၁၉,၀၀၀) ဦးကျော်ရှိသည်။ မွန်ဒုက္ခသည် ပြန်လည်နေရာချထားရေး စခန်း (၄) ခုရှိပြီး စုစုပေါင်း ဒုက္ခသည်ဦးရေ (၉,၄၈၉) ဦးရှိကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ဒုက္ခသည် စုစုပေါင်း၏ (၅) ရာခိုင်နှုန်းရှိကြောင်း တီဘီဘီစီက ဖော်ပြသည်။

ယခင်လကုန်က ထုတ်ပြန်သည့် တီဘီဘီစီ စာရင်း၌ (ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသူ/ မတင်ထားသူ) ကျောင်းသူ/သားများ အပါအ၀င် စခန်းအတွင်း နေထိုင်သူအားလုံး ပါဝင်ပြီး စခန်းပြင်ပ၌ ခေတ္တ (သို့) အမြဲတမ်း နေထိုင်သူများ ပါဝင်ခြင်းမရှိပေ။

ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာမဟာမင်းကြီးရုံး (ယူအန်အိတ်ခ်ျစီအာ) ကလည်း မြန်မာဒုက္ခသည် အရေအတွက်ကို ယခင်လကုန်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ စာရင်းအတွင်း၌မူ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသူများ၊ ဆိုင်းငံ့ခံထားရသော ပီအေဘီများနှင့် ကျောင်းသူ/သား အချို့ပါဝင်သည်။ သို့သော် ထပ်မံရောက်ရှိလာသော ဒုက္ခသည်များ မပါဝင်ပေ။

၎င်း၏ ထုတ်ပြန်ချက်အရမူ ထိုင်းနိုင်ငံအတွင်းနေထိုင်သည့် မြန်မာဒုက္ခသည် အရေအတွက်မှာ (၁၂၅,၅၀၀) ဦးသာ ဖြစ်သည်။ ယင်းအပြင် အဆိုပါဒုက္ခသည်များအတွင်း၌ အမျိုးသမီး (၆၁,၆၁၆) ဦးနှင့် အမျိုးသား (၆၃,၈၈၄) ဦး ရှိကြောင်းလည်း ဖော်ပြသည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်