စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Saturday, July 5, 2008

ကလေးငယ်များ ကျန်းမာရေးဆိုးဝါးနေပြီး လယ်သမားများ အခက်ကြုံနေရ

ဖြိုးကြီး။ ဇူလိုင် ၄၊ ၂၀၀၈

မုန်တိုင်းသင့်ဒေသများတွင် ကလေးငယ်များ ကျန်းမာရေးအခြေအနေ ဆိုးဝါးနေလျှက်ရှိပြီး လယ်သမားများအတွက် စိုက်ပျိုးရေးလုပ်ငန်းများနှင့် စားဝတ်နေရေးအခက်အခဲများ ကြုံတွေ့ နေရသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ပြင်ခရိုင်နယ်တ၀ိုက်တွင် ကလေးငယ်များမှာ သွေးလွန်တုတ် ကွေးရောဂါ ဖြစ်ပွားနေပြီး လယ်ယာစိုက်ပျိုးရေးအတွက် မျိုးစပါးများညံ့ဖျင်းမှုကြောင့် စိုက်ပျိုး နိုင်ခြင်း တစုံတရာမရှိသည့်အပြင် အလှူရှင်များ လာရောက်မှုမရှိသည့်အတွက် စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရခြင်းဖြစ်သည်။

ပြင်ခရိုင်နယ်တ၀ိုက်ရှိ ကလေးငယ်များ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ ဒေသခံတဦးက “အခုကျနော်တို့ရွာမှာ သွေးလွန်တုတ်ကွေးဖြစ်တာ ကလေး အယောက် ၂၀ ကျော်လောက်ရှိ တယ်၊ ငှက်ဖျားတိုက်ဖျက်ရေး၊ သွေးလွန်တုတ်ကွေးတိုက်ဖျက်ရေးအဖွဲ့တွေကတော့ လာတယ်၊ ဆေးတွေဖျန်းတာလောက်ပဲ ရှိတယ်”ဟု ပြောသည်။

စစ်အစိုးရအာဏာပိုင်များဘက်မှာ တစုံတရာဆေးဝါးကုသပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ယနေ့ထိ လုပ်ဆောင်ပေးခြင်းမရှိကြောင်းနှင့် ပုဂ္ဂလိကအဖွဲ့စည်းအချို့ကသာ ကုသပေးနေရကြောင်း အဆိုပါဒေသခံက ဆက်လက်ပြောသည်။

ထို့အပြင် ဒေသခံလယ်သမားများအတွက် မျိုးစပါး တတင်းနှုန်းသာပေးထားပြီး အဆိုပါ မျိုးစပါး များမှာ ရေငံစပါးစိုက်ပျိုးသော ပြင်ခရိုင်ဒေသတွင်း စိုက်ပျိုး၍မရသည့် ရေချိုစပါးများဖြစ်နေ သောကြောင့် အခက်အခဲကြုံနေရကာ လယ်ယာမြေများ ထွန်ယက်သည့်နေရာတွင်လည်း အခက်အခဲများစွာ ရှိသည်ဟု လယ်သမားတဦးက ပြောသည်။

“သူတို့ပေးတဲ့စပါးက မပေါက်ဘူး၊ တချို့ကိုယ့်မျိုးနဲ့ကိုယ် ပျိုးထောင်ထားတာက အနည်းကျဉ်း တော့ ရှိတယ်၊ မစိုက်ရသေးဘူး၊ ကြဲခင်းတွေကတော့ လုံးဝမလုပ်ရသေးဘူး၊ လယ်ထွန်နေရတာ ကလည်း သူတို့ပေးတဲ့စက်တွေက မောင်းရင်ပျက်တာတွေနဲ့၊ ကောင်းတာကြတော့လည်း မောင်းရင် ဆီမရှိတာနဲ့ ဒုက္ခက မျိုးစုံပဲ၊ အဲလိုကိုဖြစ်နေတာ”ဟု အဆိုပါဒေသခံလယ်သမားက ပြောသည်။

ပြင်ခရိုင်နယ်အပိုင်တွင် ကျေးရွာပေါင်း (၁၂) ရွာရှိပြီး စပါးစိုက်ပျိုးမြေဧက (၂,၀၀၀) ကျော်ရှိကာ စိုက်ပျိုးမြေစုစုပေါင်း၏ (၉၀) ရာခိုင်နှုန်းမှာ ထွန်ယက်နိုင်ခြင်းမရှိသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

စိုက်ပျိုးရေးအခြေအနေများအပြင် ယခုလက်ရှိ စားဝတ်နေရေးနှင့်ပတ်သက်၍ “စားဝတ်နေ ရေးက တော်တော်ကို ဒုက္ခရောက်နေတာ၊ ပထမကတော့ နည်းနည်းရ နည်းနည်းစားနေရတယ်၊ အခုတော့ အခက်အခဲကြုံတွေ့နေတယ်၊ ပုဂ္ဂလိကအလှူရှင်တွေ အရင်ကတော့လာတယ်၊ အခု မလာတာတော်တော်ကြနေပြီ၊ အဲလိုမလာကြတော့တာကလည်း သူတို့တွေကို အာဏာပိုင်တွေ ဘက်က ဟန့်တားတာတွေလုပ်လို့”ဟု ပြောသည်။

ထို့အပြင် သက်ဆိုင်ရာဒေသအာဏာပိုင်များက လေဘေးဒုက္ခသည်များအတွက် လွန်ခဲ့သည့် နှစ်လခန့်ကတည်းက ပေးပို့ထားသည့် ဆန်များကို ပေးဝေခြင်းမရှိသည့်အပြင် ဆန်များက မိုးရေများစိုနေသောကြောင့် တိရိစ္ဆာန်ပင် စားနိုင်ခြင်းမရှိကြောင်းနှင့် လာရောက်လှူဒါန်းသည့် အလှူရှင်များကိုလည်း တားမြစ်ထားသည်ဟု ၎င်းက ဆက်လက်ပြောသည်။

အပြည့်အစုံဖတ်လိုလျှင်

ကိုထင်ကျော်ကို တရားရုံး မထုတ်ဘဲ ရမန်ပေး

ဖနိဒါ
သောကြာနေ့၊ ဂျူလိုင်လ 04 2008 16:01 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ လောင်စာဆီဈေးနှုန်း ကျဆင်းရေး ဦးဆောင် ဆန္ဒပြခဲ့သူ အဖမ်းဆီးခံ ကိုထင်ကျော်အား ယမန်နေ့က အင်းစိန်ထောင်အတွင်း ၅ ကြိမ်မြောက် ရုံးချိန်းရက် ဖြစ်သော်လည်း ရုံးမထုတ်ဘဲ ယမန်ပေးခဲ့သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လိုလားသူများ အဖွဲ့ဝင် ကိုထင်ကျော်အား အကျဉ်းထောင်အတွင်း အနောက်ပိုင်းခရိုင် တရားရုံးမှ တရားသူကြီး ဦးဌေးဝင်း ပြောင်းရွှေ့သွားရာ တရားသူကြီးအသစ် ရောက်မလာသေးသဖြင့် လာမည့် ဇူလိုင်လ ၁၆ ရက်နေ့သို့ ထပ်မံ၍ ရုံးချိန်းရက် ပေးလိုက်ခြင်း ဖြစ်သည်။

“သူ့ကို စစ်နေတဲ့ အနောက်ပိုင်းခရိုင် တရားရုံးရှေ့နေက ပြောင်းသွားတယ်။ သူ့နေရာကို နောက်လာမယ့် တရားသူကြီးက မလာသေးဘူးဆိုပြီး မစစ်ဖြစ်တာပါ” ဟု ကိုထင်ကျော်၏ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။

ကိုထင်ကျော်အား ၂ဝဝ၇ ခုနှစ် မတ်လ ၂၂ ရက်နေ့က ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံ၌ ဘုန်းကြီးဝတ်ခွင့် အတွက် ဆန္ဒပြတောင်းဆိုမှု၊ ၂ဝဝ၇ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က သင်္ကန်းကျွန်း စံပြဈေးတွင် ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြမှု၊ သြဂုတ်လ ၂၅ ရက်နေ့က ရန်ကုန်သိမ်ကြီးဈေးတွင် ဆန္ဒပြမှု စသည့် အမှုတမှုစီအတွက် အစိုးရကို အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) တို့ဖြင့် တရားစွဲဆိုထားသည်။

အမှုများကို အနောက်ပိုင်းခရိုင် တရားရုံးမှ တာဝန်ယူ စစ်ဆေးနေကာ လက်ရှိတွင် ပန်းပဲတန်း မြို့နယ်၌ ဆန္ဒပြမှုနှင့် ပတ်သက်ပြီး သက်သေများကို စစ်ဆေးနေသည်မှာ မပြီးစီးသေးကြောင်း သိရသည်။

၂ဝဝ၇ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် မြန်မာစစ်အစိုးရက လောင်စာဆီ ဈေးနှုန်းများ အဆမတန် တိုးမြှင့်ခဲ့သည့်အပေါ် ဈေးနှုန်း ပြန်ချပေးရန် သြဂုတ်လ ၂၂ ရက်နေ့တွင် တောင်းဆို ဆန္ဒပြရေးအတွက် ကိုထင်ကျော်က ပြည်သူများအား တိုက်တွန်းနှိုးဆော်ခဲ့ပြီး သြဂုတ်လ ၂၅ ရက်နေ့ သိမ်ကြီးဈေး ဆန္ဒပြပွဲတွင် သူ့ကို အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

ရှေ့နေ ဦးခင်မောင်ရှိန်က “ပြည်သူတယောက်က မကျေနပ်မှုကို တောင်းဆိုတာဟာ တကယ်တော့ ၁၂၄ (က) နဲ့ မငြိစွန်းဘူး။ နိုင်ငံတော် အကြည်ညို ပျက်စေတဲ့ကိစ္စ မဟုတ်ဘူးပေါ့နော်။ ကိုထင်ကျော်တို့က ဆန္ဒဖော်ထုတ်တာ ဖြစ်တဲ့အတွက်၊ ဒါတွေကလည်း အဖြစ်မှန် ဖြစ်တဲ့အပေါ်မှာ တောင်းဆိုတာ ဖြစ်တဲ့အတွက် နိုင်ငံတော်ကို အကြည်ညိုပျက်စေတာ မဟုတ်ဘူးဆိုတာကို အန်ကယ်တို့ ရုံးတော်မှာ လျှောက်ထားပါတယ်” ဟု ပြောသည်။

နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) သည် တသက်တကျွန်းနှင့် ထောင်ဒဏ် နှစ် ၂ဝ အထိ ကျခံရနိုင်ပြီး၊ နိုင်ငံတော် ငြိမ်ဝမ်ပိပြားမှုကို ပျက်ပြားစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) သည် ထောင်ဒဏ် ၂ နှစ် ကျနိုင်ရာ ပြစ်မှုမြောက်ခဲ့လျှင် အမြင့်ဆုံး နှစ် ၆ဝ နှင့် အနိမ့်ဆုံး ၆ နှစ် ကျခံရနိုင်သည်ဟု ဦးခင်မောင်ရှိန်က ပြောသည်။

ကိုထင်ကျော်သည် အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသည့် သံဃာတော်များ၊ ကျောင်းသားနှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ထောင်တွင်း၌ ဆန္ဒပြခဲ့သလို၊ အကျဉ်းထောင်အတွင်း နိုင်ငံရေး အကျဉ်းသားများ လမ်းလျှောက်ခွင့် ရရေးလည်း တောင်းဆိုဆန္ဒပြဖူးကာ တတိယအကြိမ်တွင် “စစ်အာဏာရှင်စနစ် ကျဆုံးပါစေ” ဟု ကြွေးကြော် အော်ဟစ်သဖြင့် ၃ ကြိမ်မြောက် စစ်ခွေးတိုက်တွင် တိုက်ပိတ်ခံရသူ ဖြစ်သည်။

အပြည့်အစုံဖတ်လိုလျှင်

ဧရာဝတီတိုင်း ရေလုပ်ငန်း နာလန်မထူနိုင်သေး

ဒေးဒရဲအပိုင် ပင်လယ်ဝ ကျေးရွာတခုမှ လှေပျက်စီးနေသည့် တံငါတဲတခု

NEJ/ ၄ ဇူလိုင် ၂၀၀၈

နာဂစ်မုန်တိုင်းဒဏ်ခံလိုက်ရသည့် ဧရာဝတီတိုင်း၏ ရေလုပ်ငန်းသည် အချိန်တိုအတွင်း နာလန်ထူ နိုင်ဦးမည်မဟုတ်ဟု နိုင်ငံခြားသို့ ငါး၊ ပုစွန်တင်ပို့နေသည့် အအေးခန်းလုပ်ငန်းပိုင်ရှင်တဦးက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၎င်းက “ပြီးခဲ့တဲ့နှစ် ဇွန်လကဆို ကျနော်တို့အအေးခန်းစက်ရုံကနေ ဧရာဝတီတိုင်းထွက် တိုင်းဂါး ပုစွန်တွေ ပုံးပေါင်းရာနဲ့ချီ ပို့ခဲ့ရတယ်။ ဒီနှစ် မုန်တိုင်းဒဏ်ခံလိုက်ရလို့ (၂) လရှိလာတဲ့ အခုအချိန် အထိ ပုစွန်တွေ တက်လာတာ လုံးဝမရှိသေးဘူး။ လက်ရှိ ရခိုင်ပြည်နယ်ဘက်က တက်လာတဲ့ ပုစွန်တွေကိုပဲ ပြည်ပတင်နေရတယ်၊ ဧရာဝတီတိုင်းက ရေထွက်ကုန်ဟာ ပြည်ပပို့ ရေထွက်ကုန် စုစုပေါင်းရဲ့ (၈၀) ရာနှုန်းလောက်ရှိတယ်” ဟု ပြောသည်။

ဧရာဝတီတိုင်း၏ ရေလုပ်ငန်းမှာ အဓိကအားဖြင့် တပိုင်တနိုင် ငါး၊ ပုစွန်ဖမ်းသူများက အများစု ဖြစ်ကြပြီး ၎င်းတို့ဖမ်းဆီးရမိသည့် ငါး၊ ပုစွန်များကို နီးစပ်ရာ အ၀ယ်ဒိုင်များသို့ သွားရောက်ရောင်း ချ အသက်မွေးကျောင်းပြုကြသူများဖြစ်သည်။

အဆိုပါ ရေလုပ်သားများနှင့် မိသားစုများသည် ပြီးခဲ့သည့်မေ (၂) ရက်နှင့် (၃) ရက်တွင် တိုက်ခတ် ခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကာလအတွင်း နေအိမ်၊ ပစ္စည်းဥစ္စာများသာမက လုပ်ငန်းသုံး ပစ္စည်းကိရိယာများပါ ဆုံးရှုံးသွားခဲ့ကြသောကြောင့် လက်ရှိအချိန်အထိ နိုင်ငံတကာနှင့် ပြည်တွင်း အလှူရှင်များ၏ လှူဒါန်းမှုများဖြင့်သာ နေထိုင်စားသောက်နေကြခြင်းဖြစ်သည်။

မုန်တိုင်းဒဏ်ကြောင့် ရေလုပ်သား (၁၇,၈၇၆) ဦးသေဆုံးပြီး (၉,၆၁၂) ဦး ပျောက်ဆုံးခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက ကြေညာထားသည်။ ထို့အပြင် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းရှိ ကမ်းဝေး
ငါးဖမ်းစက်လှေ၊ ဒေသခံ ကမ်းဝေးငါးဖမ်းစက်လှေ၊ ကမ်းနီးငါးဖမ်းစက်လှေ (စက်တပ်/စက်မဲ့) စုစုပေါင်း (၂,၀၈၈) စီး နစ်မြုပ်ခဲ့ပြီး ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းကိရိယာ ကျပ်သိန်း (၂,၇၆၀) ဖိုး ဆုံးရှုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

အလားတူ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ ငါး၊ ပုစွန်၊ ကဏာန်းမွေးမြူရေးကန် စုစုပေါင်း (၃၈၇၁၆.၃၉) ဧက ပျက်စီးဆုံးရှုံးခဲ့ပြီ အအေးခန်းစက်ရုံများအနေဖြင့် ရန်ကုန်တိုင်းတွင် စက်ရုံ (၅၀) နှင့် ဧရာဝတီတိုင်းတွင် စက်ရုံ (၅) ရုံ ပျက်စီးခဲ့သည်ဟုလည်း ဖော်ပြထားသည်။

အစိုးရ မွေးမြူရေးနှင့်ရေလုပ်ငန်းဘဏ်မှ မုန်တိုင်းဒဏ်သင့်သူများကို ငွေချေးပေးမည်ဟုဆိုသော် လည်း အများစုသည် စက်လှေနစ်မြုပ်သည့် ကုမ္ပဏီကြီးများသာ ရရှိကြောင်း အဆိုပါ အအေးခန်း လုပ်ငန်းပိုင်ရှင်က ပြောသည်။

တနိုင်တပိုင် ငါးပုစွန်ဖမ်းနေသည့် အသေးစား ရေလုပ်သားမိသားစုအတွက် အခြေခံ လိုအပ်ချက် များဖြစ်သည့် လှေ၊ အင်ဂျင်၊ ငါးဖမ်းပိုက်များကို အစိုးရက အကြွေးစနစ်ဖြင့် ရောင်းချပေးမည် ဆိုသော်လည်း ယခုတိုင် တစီးတလေမှ ၎င်းတို့လက်ဝယ်ရောက်ရှိခြင်း မရှိသေးကြောင်း ဧရာဝတီ တိုင်းမှ ဒေသခံ ရေလုပ်ငန်းလုပ်ကိုင်သူ အများစုက ပြောသည်။

အစိုးရပိုင် သတင်းစာများတွင်မူ မုန်တိုင်းဒဏ်ခံရသည့် ရေလုပ်သားများအတွက် စက်မပါသည့် ငါးဖမ်းလှေတစီး ကျပ် (၂) သိန်း၊ စက်အပါ ကျပ် (၄) သိန်းကို လှူဒါန်းနိုင်ကြောင်း ကြေညာ ထားသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

ယာဉ်ကြောမပိတ်ဆို့ရေး စီမံချက်ကြောင့် ယာဉ်ကြောများပိတ်ဆို့ခဲ့

NEJ/ ၄ ဇူလိုင် ၂၀၀၈

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရေး စီမံချက်သစ် စတင်ခဲ့မှုကြောင့် ယမန်နေ့၌ ခရီးသည်တင်ယာဉ်များ ယာဉ်ကြောပိတ်ဆို့ကုန်ကာ နေ့တွက်မကိုက်ဖြစ်ကြရသည်ဟု သိရသည်။

မော်တော်ယာဉ်လိုင်းကားများကို ယာဉ်ကြောတကြောတည်း အသုံးပြုစေရန် ယာဉ်ထိန်းရဲများက ကြီးကြပ်လုပ်ဆောင်ခဲ့သောကြောင့် ဖြစ်ကြောင်း ခရီးသည်တင် ယာဉ်မောင်းများက ပြောသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“မှတ်တိုင်မှာ ခရီးသည်စောင့်ပြီး တင်ရမှာ ရဲတွေရှိနေတော့ တင်လို့မရဘူးဖြစ်နေတယ်။ ခရီးသည် က (၁၀) ဦးတက်မယ်ဆိုရင် (၃) ယောက်လောက်ပဲ ပြေးလွှားတက်ရတယ်။ ရပ်၊ တင်၊ ချ လုပ်တာ အချိန်ပိုမြန်ပေမယ့် ယာဉ်လိုင်းတွေအတွက် ယာဉ်ကြောတကြောစာပဲ ပေးထားတော့ ရှေ့ကားကို ကျော်တက်လို့လည်းမရဘူး။ တစီးနောက်ကနေ တစီးလိုက်နေရလို့ တနေ့ကို (၆) ကြောင်း (သွား၊ ပြန်) ဆွဲနေတဲ့ကားတွေ (၃) ကြောင်းအနိုင်နိုင်၊ ပိုက်ဆံကျတော့ အဆင်မပြေဘူးပေါ့” ဟု (၁၀၅) ဒိုင်နာကား မောင်းနှင်သူတဦးက ပြောသည်။

ယခုချမှတ်ဆောင်ရွက်နေသော ယာဉ်ကြော မကျပ်တည်းရေး စီမံချက်မှာ ရန်ကုန်တိုင်း တိုင်းမှူး အသစ်ဖြစ်သော အမှတ် (၇၇) တပ်မဌာချုပ် တပ်မမှူး ဗိုလ်ချုပ်ဝင်းမြင့် ရောက်ရှိပြီး နောက်ပိုင်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ ချမှတ်သော စီမံချက်အသစ်ဖြစ်သည်ဟု ရန်ကုန် တိုင်း ရဲတပ်ဖွဲ့ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ယာဉ်ထိန်းရဲတဦးက ပြောသည်။

“အခု ဒီစီမံချက်ကို စမ်းသပ်ကာလအဖြစ် ထားရှိဆောင်ရွက်နေတာဖြစ်တယ်။ အောင်မြင်မှုရှိရင် ဆက်လက်ဆောင်ရွက်သွားမယ်” ဟု ၎င်းက ပြောသည်။

မော်တော်ယာဉ်လိုင်းကားများကို ယာဉ်ကြောတကြောတည်းမှာ အသုံးပြုစေရန် ကြီးကြပ်နေသော ယာဉ်ထိန်းရဲများမှာ ပန်းဆိုးတန်းမှတ်တိုင်မှ ကုန်ဈေးတန်း (သိမ်ကြီးဈေးမှတ်တိုင်) ထိရှိပြီး ယာဉ် များမှာလည်း ပန်းဆိုးတန်းကားမှတ်တိုင်မှ သိမ်ကြီးဈေးမှတ်တိုင်ထိ စီတန်းစောင့်ဆိုင်းနေရ သည်ဟု ခရီးသည်တဦးက ပြောသည်။

အချို့ယာဉ်လိုင်းများက သည်းမခံနိုင်၍ ကျော်တက်ပါက ထိုယာဉ်ကို နံပါတ်မှတ် အရေးယူရန် မှတ်သားဖမ်းဆီးအဖွဲ့ကလည်း လမ်းမ၏ တဖက်တွင် ရှိနေသည်ဟုလည်း ၎င်းက ပြောသည်။

ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းတွင် နေထိုင်သူတဦးက ယခုတိုင်းမှူးအသစ် ချမှတ်သည့် စီမံချက် သစ်ကြောင့် လိုင်းကားများ ဒုက္ခရောက်ကုန်ကြောင်း၊ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းနိုင်ရန် လိုင်းကားစီးသူများနှင့် ဈေးသည်များကို စည်းကမ်းတကျ ကြပ်မတ်ရန် လိုအပ်ကြောင်း ပြောသည်။

၎င်းက “ရန်ကုန်မြို့တွင်း အ၀င်လမ်းတွေထဲက အနော်ရထာလမ်းနဲ့ မဟာဗန္ဓုလလမ်းတွေမှာ လိုင်းကားစီးသူများတယ်။ အဓိက ပန်းဆိုးတန်း မှတ်တိုင်ပေါ့။ အဲဒီမှတ်တိုင် ပလက်ဖောင်းမှာ ဈေးသည်တွေရှိတယ်။ ဈေးသည်တွေကြောင့် ခရီးသည်တွေက လမ်းပေါ်ကို ဆင်းပြီး ကား ရပ်စောင့်တယ်။ ကားတွေက ခရီးသည်တွေကို ရှောင်ရတယ်၊ တစီးနဲ့တစီး ကျော်တက်တယ်၊ ခရီးသည်ခေါ်တင်တယ်၊ ဒါကြောင့် ယာဉ်ကြောကျပ်တယ်။ အမှန်ဆိုရင် ဘတ်စ်ကားမှတ်တိုင် ပလက်ဖောင်းပေါ်မှာ လူတွေ ကားစောင့်တဲ့အကျင့် လုပ်ပေးရမယ်။ ဈေးသည်တွေကိုလည်း အခြားနေရာ တခုခုမှာ စီစဉ်ပေးသင့်တယ်” ဟု ရှင်းပြသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

မုန်တိုင်းသင့်မြို့များ၌ အိမ်ငှားခ သိန်းချီဈေးကောင်းရနေ

ပီတာအောင်/ ၄ ဇူလိုင် ၂၀၀၈

နာဂစ်မုန်တိုင်းဒဏ်ခံရသည့် ဧရာဝတီတိုင်း လပွတ္တာနှင့် ဘိုကလေးမြို့ပေါ်၌ အန်ဂျီအိုများက လေဘေးအကူအညီပေးရေးလုပ်ငန်းများ လုပ်ကိုင်ရန် လာရောက်ငှားရမ်းနေထိုင်သဖြင့် လုံးချင်းအိမ်ငှားခများ သိန်းနှင့်ချီ၍ ဈေးကောင်းရနေကြောင်း ဒေသခံတို့က ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
လပွတ္တာမြို့ခံတဦးက “မြို့ပေါ်မှာ အန်ဂျီအိုတွေ နင်းကန်လာတဲ့အခါကျတော့ အိမ်တွေ တော်တော် များများ ငှားလိုက်ကြရတယ်။ ဈေးကောင်းပေးတယ်။ (၇) သိန်း၊ (၈) သိန်း၊ (၉) သိန်း၊ (၁၂) သိန်း အဲလောက်ထိပေးကြတယ်။ အိမ်သေးကျတော့ (၂) သိန်းတန်၊ (၄) သိန်းတန်စသဖြင့် ၀န်ထမ်းတွေ စုနေကြဖို့ အန်ဂျီအိုက ငှားပေးထားတယ်။ နဂိုက ဒီဈေး ဘယ်ရမလဲ၊ အန်ဂျီအိုတွေလာမှ ဈေး ကောင်းသွားတာ။ အရင်တုန်းကဆိုရင် လေးငါးခြောက်သောင်းဆို ရပြီ။ အခုသိန်းကျော်ဖြစ်သွားပြီ” ဟု ပြောသည်။

အိမ်ငှားနေသည့် အဖွဲ့အစည်းများတွင် German Agro Action၊ Save the Children၊ World Vision, UNDP စသည့် နိုင်ငံတကာ အန်ဂျီအိုများနှင့် ပြည်တွင်းကုမ္ပဏီအချို့ ပါဝင်သည်။ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကာလရှည် ဆောင်ရွက်လုပ်ကိုင်ရမည် ဖြစ်၍ ရုံးခန်းများ ဖွင့်လှစ်ရန်နှင့် နေထိုင်ရန် (၆) လ၊ (၁) နှစ် စသဖြင့် ငှားရမ်းနေကြခြင်းဖြစ်သည်။

အိမ်ငှားခများနည်းတူ တည်းခိုခန်းခများလည်း မူလက တနေ့လျှင် ကျပ် (၁,၀၀၀)၊ (၁, ၅၀၀) ရှိရာမှ အမျိုးအစားပေါ်လိုက်၍ ကျပ် (၂,၀၀၀) မှ (၄,၀၀၀) ထိ ဈေးတက်ကုန်ပြီး အနယ်နယ် အရပ်ရပ်မှ လာရောက်သည့် ကယ်ဆယ်ရေးအဖွဲ့များဖြင့် ပြည့်နှက်နေကြောင်း၊ အရက်ဆိုင်နှင့် စားသောက် ဆိုင်များလည်း အရောင်းအ၀ယ်ကောင်းကြောင်း သိရသည်။

အလားတူ ဘိုကလေးမြို့ရှိ တတိယလမ်းနှင့် ဒုတိယလမ်းကဲ့သို့ မြို့၏ အချက်အချာကျသော နေရာများ၌ လုံးချင်းအိမ်ငှားခများ ဈေးကောင်းနေပြီး အိမ်အမျိုးအစားကိုလိုက်၍ တလလျှင် ကျပ်ငွေ (၄) သိန်းမှ (၁၀) သိန်းကျော်ထိ ဈေးကောင်းရနေသည်ဟု မြို့ခံတို့က ပြောသည်။

မြို့ပေါ်၌ အန်ဂျီအိုအဖွဲ့များ မှိုလိုပေါက်နေသော်လည်း မြို့ခံလူထုအနေဖြင့် အိမ်ပြန်ပြင်ရန် သွပ်တချပ်ပင် အကူအညီမရ ဖြစ်နေပြီး နေအိမ်များ ပြန်ပြင်မဆောက်နိုင် ဖြစ်နေကြရကြောင်း အခြားဘိုကလေးမြို့ခံတဦးက ပြောသည်။

မေလဆန်းက တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ဘိုကလေးမြို့ပေါ်ရှိ လူနေအိမ် (၉၀) ရာခိုင်နှုန်းခန့် အမိုးလန်ကုန်ပြီး (၅၀) ရာခိုင်နှုန်းခန့် ထိခိုက်ပျက်စီးကာ (၂၀) ရာခိုင်နှုန်းခန့် ပြိုလဲသွားခဲ့သည်ဟု မြို့ခံအန်ဂျီအိုနှင့် နီးစပ်သူတဦးက ပြောသည်။

ဘိုကလေးမြို့သည် မြို့အနီးနားပတ်ဝန်းကျင်ရှိ ကျေးရွာများမှ လယ်သမားများနှင့် အခြေခံလူ တန်းစားများကို အားပြု၍ ရောင်းဝယ်ဖောက်ကား စီးပွားဖြစ်နေသည့်မြို့ဖြစ်ပြီး မုန်တိုင်းကြောင့် လယ်သမားများ အတိဒုက္ခရောက်ကုန်ကြသဖြင့် မြို့ပေါ်၌ စီးပွားရေး လည်ပတ်နိုင်ခြင်း မရှိတော့ဘဲ အရောင်းအ၀ယ် နည်းပါးလျက်ရှိသည်။

ဘိုကလေးမြို့ခံတဦးက “အရင်တုန်းက မြို့မှာ လုံးချင်းငှားနေတာ သိပ်မရှိကြပါဘူး။ အခန်း လောက်ပဲငှားနေကြတာ။ အိမ်ငှားခ အများဆုံး (၃) သောင်းလောက်ပဲရှိတာ။ အခု ငှားတယ်ဆိုတာ မုန်တိုင်းဒဏ်မထိတဲ့အိမ်တွေက အိမ်ပိုင်ရှင်တွေက လုပ်ငန်းပျက်၊ စီးပွားပျက်ဆိုတော့ သူတို့အိမ်ကို ပြန်ငှားစားတာပေါ့။ ဒါပေမယ့် ဘိုကလေးမြို့ပေါ်မှာ အိမ်ငှားရတဲ့လူကလည်း လက်ချိုးရေလို့ ရပါတယ်။ အလုံး (၂၀) လောက်ပဲရှိတယ်” ဟု ပြောသည်။

နေအိမ်များကို ငှားစားသူတို့အနက် အချို့ဆွေမျိုးများနှင့် သွားနေကြပြီး အချို့က နေအိမ် နောက် ဖေး၌ပင် အဖီထိုးကာနေကြ၍ အချို့က ဈေးသက်သာသည့် အိမ်ငှားနေကာ ပြောင်းရွှေ့နေထိုင်ကြ ကြောင်း သိရသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

မြန်မာနိုင်ငံအား ငွေချေးမှုနှင့် ပတ်သက်ပြီး တရားသူကြီးများ ခုံသမာဓိဖွဲ့

NEJ/ ၄ ဇူလိုင် ၂၀၀၈

ထိုင်း သွင်းကုန်ထုတ်ကုန်ဘဏ်မှ မြန်မာနိုင်ငံကို ဘတ် (၄) ဘီလီယံ ချေးသည့်ကိစ္စနှင့် ပတ်သက်ပြီး အမှုတင်သွင်းရေး၊ မတင်သွင်းရေးအတွက် ဆုံးဖြတ်ရန် တရားသူကြီး (၉) ဦးကို ယမန်နေ့က ရွေးချယ်လိုက်ကြောင်း ယနေ့ ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နိုင်ငံတော်တရားရုံးချုပ်၏ ဥက္ကဋ္ဌဖြစ်သူ ၀ီရတ် လင်ဝီချိုင်းက တရားသူကြီးများ ခုံသမာဓိအဖွဲ့ ဖွဲ့ရန်အတွက် ယမန်နေ့က တရားသူကြီး (၉) ဦးကို ရွေးချယ်ရန် တရားရုံးချုပ်အစည်းအဝေး
ခေါ်ယူခဲ့သည်။ ခုံသမာဓိအဖွဲ့တွင် ဒု-တရားရုံးချုပ် ဥက္ကဋ္ဌ (၂) ဦး၊ တရားရုံးချုပ် ဌာနခွဲ အကြီး
အကဲ (၅) ဦးနှင့် ၀ါရင့်တရားရုံးချုပ် တရားသူကြီး (၂) ဦးတို့ ပါဝင်သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင် ရှင်နာဝါထရာအား ကိုယ်ကျိုးရှာမှု၊ အာဏာအလွဲသုံးစားလုပ်မှု တို့နှင့် ပိုင်ဆိုင်မှုစစ်ဆေးရေးကော်မတီမှ တရားစွဲဆိုထားချက်ကို လက်ခံသင့်၊ မခံသင့် ဇူလိုင် (၃၀) ရက်တွင် ထိုခုံသမာဓိအဖွဲ့က ဆုံးဖြတ်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်း အခြေခံဆက်သွယ်ရေး တိုးတက်မှုအတွက် မြန်မာအစိုးရကို သွင်းကုန်ထုတ်ကုန် ဘဏ်မှ ထိုင်းဘတ်ငွေ (၄) ဘီလီယံချေးငှားရန် တပ်ဆင်က ထောက်ခံပေးခဲ့ပြီး နောက်ဆုံးတွင် အမှန်တကယ် အကျိုးအမြတ်ရသွားသူမှာ တပ်ဆင်ပိုင်သည့် တယ်လီကွမ်းလုပ်ငန်းပင် ဖြစ်သွား ကြောင်း ပိုင်ဆိုင်မှုစစ်ဆေးရေးအဖွဲ့က စွဲဆိုထားသည်။

အမျိုးသားဆက်သွယ်ရေးစနစ် တိုးတက်ကောင်းမွန်ရေးအတွက် မြန်မာအစိုးရသည် ထိုင်းသွင်း ကုန် ထုတ်ကုန်ဘဏ်မှ ထိုငွေကို ချေးယူခဲ့ပြီး လိုအပ်သည့် ဆက်သွယ်ရေးပစ္စည်းများကို တပ်ဆင် မိသားစု အစုရှယ်ယာ အများဆုံးပိုင်သော ရှင်းဂြိုဟ်တု ဆက်သွယ်ရေးကုမ္ပဏီမှ ၀ယ်ယူခဲ့ခြင်း ဖြစ်ကြောင်း ပိုင်ဆိုင်မှု စစ်ဆေးရေးကော်မတီက ဆိုထားသည်။

၂၀၀၄ ခုတွင် ထိုင်းအစိုးရပိုင် ထုတ်ကုန်သွင်းကုန်ဘဏ်မှ မြန်မာနိုင်ငံသို့ ငွေထုတ်ချေးခဲ့ခြင်းသည် ထိုအချိန်က ၀န်ကြီးချုပ်ဖြစ်သူ တပ်ဆင်မိသားစုပိုင် ရှင်းဂြိုဟ်တု ဆက်သွယ်ရေးကုမ္ပဏီအတွက် အကျိုးအမြတ် ရရှိစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ၂၀၀၆ ခု စက်တင်ဘာတွင် ထိုင်းနိုင်ငံ၌ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ဖွဲ့စည်းခဲ့သည့် ပိုင်ဆိုင်မှု စစ်ဆေးရေးကော်မတီက ဆုံးဖြတ် ခဲ့သည်။

(၁၂) နှစ်ကြာ ငွေထုတ်ချေးမှုတွင် ထိုင်းနိုင်ငံထွက် ပစ္စည်းများ သုံးသည့် အစိုးရဆောက်လုပ် ရေးနှင့် ကြေးနန်းဆက်သွယ်ရေး စီမံကိန်းများ ပါဝင်ပြီး (၅) နှစ်အထိ နှစ်ပတ်လည်အတိုးနှုန်း (၃) ရာခိုင်နှုန်းနှင့် ပေးဆပ်ရန်လည်း ခွင့်ပြုထားသည်။

ငွေထုတ်ချေးမှုသည် ထိုင်းစစ်အစိုးရ အာဏာသိမ်းချိန်တွင် ဆိုင်းငံ့သွားပြီး ယခု တပ်ဆင်၏ မဟာမိတ်ဖြစ်သူ ထိုင်းဝန်ကြီးချုပ် ဆမတ် ဆန်ဒါရာဝပ်က မြန်မာစစ်အစိုးရအား ချေးရန် ကျန်ရှိသည့်ငွေများကို ဆက်လက်ထုတ်ချေးရန် ပြီးခဲ့သည့် မတ်လအတွင်း၌ ဆုံးဖြတ်ခဲ့သည်။
တပ်ဆင်သည် ချေးငွေကိစ္စကို မြန်မာစစ်ခေါင်းဆောင်များနှင့် တရားမ၀င် ဆွေးနွေးညှိနှိုင်း၍ ငွေချေးရန် ကတိပေးခဲ့ခြင်းဖြစ်ပြီး ချေးငွေပမာဏကိုလည်း တိုးပေးခဲ့ကာ အစိုးရ၏ ထောက်ခံ ချက်မပါဘဲ အတိုးနှုန်းကို လျှော့ချခဲ့ကြောင်း ကော်မရှင်က စုံစမ်းတွေ့ရှိခဲ့သည်။ ။

အပြည့်အစုံဖတ်လိုလျှင်

စိန်ခေါ်မှုများကို အန်တုသူ

ဇင်လင်း
၂၀၀၈ ခုနှစ် ဇူလိုင်လ (၄) ရက်နေ့ဆိုလျှင် အင်းစိန် ထောင်၌ မတရားထောင်ချခံထားရသူ ဆရာဦးဝင်းတင်သည် ထောင်သက် (၁၉) နှစ် တင်းတင်း ပြည့်ပြီဖြစ်သည်။ လူသတ်မှုဖြင့် ထောင်တသက် တကျွန်း ကျနေသူများပင် ထောင်တွင်း ဆုမှတ်ရက် လျှော့ရက်များ ခံစားခွင့်ရသဖြင့် (၇) နှစ်သာသာ လောက် ထောင်တွင်း၌ နေသားရလျှင် ထောင်မှ လွတ်မြောက်ကြသည်။ ဆရာသည် နိုင်ငံတော်ကို လက်နက်ကိုင် ပုန်ကန်ခဲ့သူတဦး မဟုတ်သလို အာဏာရှင်တို့အား လုပ်ကြံရန်လည်း အိပ်မက်မျှ မက်ခဲ့သူမဟုတ်။ ဆရာသည် သတင်းစာသမားပီပီ တိုင်းပြည် လူထု တွေ့ကြုံ ခံစားနေရသော ဒုက္ခဆင်းရဲတို့ကို နှလုံးရည်ဖြင့် ကယ်တင်ရန် ကြိုးစား အားထုတ်သူမျှသာဖြစ်သည်။ ထို့ကြောင့်လည်း တိုင်းပြည်ပြဿနာများကို အကြမ်းမဖက်သည့်နည်း (နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာသည့်နည်း) ဖြင့် အဖြေရှာလိုသူ ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲမိခြင်း ဖြစ်ပေသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဆရာဦးဝင်းတင်ကဲ့သို့သော နှလုံးရည်သမားတဦးကို ငြိုးသူရန်ဖက်သဖွယ် ဆယ်စုနှစ် (၂) စုနီးပါး ထောင်သွင်း အကျဉ်းချထားရက်သည့် စစ်ဗိုလ်ချုပ်ကြီးများ၏ “သူရသတ္တိ” ကား အံ့စရာကောင်းလှ ပေသည်။ အကယ်သာ စစ်ဗိုလ်ချုပ်ကြီးများ တိုင်းပြည်နှင့် လူမျိုးကို အမှန်တကယ် ချစ်သည်ဆိုလျှင် “ပြည့်မျက်စိ”၊ “ပြည့်နား”၊ ပြည့်ဦးနှောက်” သဖွယ်ဖြစ်သော သတင်းစာဆရာ စာရေးဆရာ ပညာရှင်များကို ဖမ်းဆီးထောင်ချမည့်အစား နေရာပေး စကားပြောဆို ဆွေးနွေးခွင့် ပေးရပေမည်။
ဆရာသည် စာရေးဆရာ သတင်းစာဆရာအဖြစ် နှစ်ပေါင်း (၃၀) ကျော် တိုင်းပြည်နှင့် လူမျိုးကို အလုပ်အကျွေးပြုခဲ့သည်။ သူ နေထိုင် ကျင်လည်ရာ လူမှုပတ်ဝန်းကျင်ရှိ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်း လုပ်ဖော် ကိုင်ဖက်များကိုလည်း စိတ်စေတနာ ပြည့်ဝစွာ ကူညီထောက်ပံ့လေ့ ရှိသည်မှာ သူ၏ ထူးခြားထင်ရှားသည့် စရိုက်သဘာဝဖြစ်သည်။ ထို့ကြောင့် ဆရာသည် လူချစ် လူခင်များသူ ဖြစ်ပေသည်။ ဆရာသည် သူ့ လူမှုပတ်ဝန်းကျင်တွင် အကူအညီလိုနေသူ မည်သူ့ကို မဆို မျက်နှာစိမ်း မျက်နှာကျက် မရွေး ကူညီတတ်သူ ဖြစ်သည်။ အထူးသဖြင့် သူအလုပ်လုပ်သည့် သတင်းစာတိုက်မှ လုပ်ဖော်ကိုင်ဖက် အလုပ်သမား မိသားစုများ၏ စားဝတ်နေရေး အခက်အခဲ များကို သူ့အိတ်ထဲမှ စိုက်ထုတ်ကူညီလေ့ရှိသည်။ သူ ရရှိသည့်လစာ ၀င်ငွေကို သူ့အတွက် သုံးစွဲသည်က နည်း၍ အခြားလိုအပ်နေသူ မိတ်ဆွေများ လုပ်ဖော်ကိုင်ဖက်များအတွက် သုံးစွဲသည်က များပေသည်။ ထို့ကြောင့် ဆရာဦးဝင်းတင်၏ နေထိုင်စားသောက်မှု ဘ၀ပုံသဏ္ဌာန်ကို အာဏာရှင်ဘက်သားတို့က “ဘုံဝါဒ” သမားအဖြစ် ကင်ပွန်းတပ်ကြခြင်းဖြစ်သည်။ ဆရာ့ကို ကွန်မြူနစ်ဟု တံဆိပ်ကပ်ကြခြင်းဖြစ်သည်။ ဗိုလ်အောင်ကြီးကပင်လျှင် ဆရာ့အား ကွန်မြူနစ်ဟု စွပ်စွဲခဲ့သည်ကို မှတ်မိကြမည် ထင်ပါသည်။
အမှန်တွင်မူ ဆရာ့စိတ်နေ စိတ်ထားမှာ “သူတော်စင်” တဦးကဲ့သို့ ဖြူစင်နေခြင်းဖြစ်သည်။ ဆရာသည် သူ့တကိုယ်ရေ တကာယအတွက် ခြိုးခြံစွာနေတတ်သူဖြစ်၍ အ၀တ်အစား၊ အသုံး အဆောင်မှအစ ငွေကြေးအဆုံး အခြားလိုအပ်နေသူများကို ဝေမျှစွန့်ကြဲတတ်သည်မှာ ၀ါသနာ တခုလိုပင် ဖြစ်သည်။ အလွန် ကျဉ်းကျပ်သည့် ထောင်ထဲမှာပင် ဆရာသည် သူ၏ ထောင်ဝင်စာတွင် ပါရှိလာသော အသုံးအဆောင် အစားအသောက်များကို အခြားလိုအပ်နေသူများအား မျှဝေ စွန့်ကြဲလေ့ ရှိပေသည်။ ရံဖန်ရံခါ သူ့အတွက် အမှန်တကယ် လိုအပ်သည့် အာဟာရဖြစ်မည့် အစားအသောက်နှင့် ဆေးဝါးများကိုပင် ဝေမျှတတ်သဖြင့် ဘေးမှ ရဲဘော်များက ၀င်ရောက် ဟန့်တားကြရသည်။ သို့တိုင်အောင် ဆရာက အပြုံးမပျက်ဘဲ “ဝေလိုက်ပါဗျာ၊ ကျနော်လည်း နေကောင်းနေတာပဲ၊ အသည်းအသန်ကြီး ဖျားနာနေတာမှမဟုတ်ဘဲ” ဟု ပြောတတ်သည်။ နောက်ဆုံး ဆရာ စိတ်ချမ်းသာအောင် သူပြောသည့်အတိုင်း ခွဲတမ်းချ ဝေမျှပေးရမြဲဖြစ်သည်။
အမှန်ဆိုလျှင် ဆရာ့ကျန်းမာရေးမှာ ဒေါင်ဒေါင်မည်မဟုတ်ပါ။ အရိုးကျည်းပေါင်းတက် ရောဂါကြောင့် လည်ပင်းတွင် အမြဲတစေ ဒေါက်ချာ စွပ်ထားရသည်။ နှလုံးရောဂါအတွက်လည်း အမြဲ ဆေးစား နေရသည်။ ဆီးရောဂါ ခံစားနေရရုံမက အူကျဝေဒနာကိုလည်း အာဏာပိုင်များက လျစ်လျူပြု ထား၍ လက်တဖက်နှင့် အမြဲဖေးမထားရပါသည်။ အကျဉ်းထောင်တိုက်ထဲတွင် နေရောင်၊ လေကောင်းလေသန့်၊ ရေကောင်းရေသန့် မရသဖြင့်လည်း အာဟာရချို့တဲ့မှု ရှိပါသည်။ အကျိုး ဆက်မှာ ဆရာ့မျက်စေ့များ မှုန်ဝါးနေပြီ။ အပေါ်သွားများ လုံးဝမရှိရှာတော့။ အောက်သွားလည်း သွားလေးငါးချောင်းသာ ကျန်တော့သည်။ သို့တိုင်အောင် ဆရာသည် စာရေးသောက်ရေးနှင့် ပတ်သက်လာလျှင် ဘ၀တူရဲဘော်များအတွက်သာ ကြည့်၍ သူ့အတွက် စဉ်းစားလေ့မရှိပါ။ စစ်အာဏာပိုင်များနှင့် ပတ်သက်လျှင်ကား သူ့ရပ်တည်ချက် ယုံကြည်ချက်တို့ကို မြူမှုံမျှပင် အပွန်းအပဲ့ ခံတတ်သူမဟုတ်ပါ။ ဤသည်ပင် နိုင်ငံရေးအကျဉ်းသားများက ဆရာ့အပေါ် အထူးလေးစား ချစ်ခင်ရသည့်အကြောင်းဖြစ်သည်။
ထောင်ထဲတွင် ထောင်ဝင်စာ လုံးဝမလာနိုင်သူများ၊ (၂) လ (၃) လမှ တကြိမ်လာတတ်သူများ၊ ထောင်ဝင်စာလာသော်လည်း ချို့တဲ့သူများ စသည်တို့ကို ဆရာက အသေအချာ မှတ်သားထား တတ်သည်။ သူ ထောင်ဝင်စာတွေ့ပြီး ပြန်လာသည်နှင့် အဆင်သင့်သူ ရဲဘော်တဦးကို အကူအညီ တောင်း၍ အစားအသောက်များကို ခွဲတမ်းချ အထုပ်ကလေးများ ထုပ်စေသည်။ လူပုဂ္ဂိုလ်တဦးချင်း အတွက် လိုအပ်ချက်နှင့် ဆီလျော်အောင် ဟင်းလျာ၊ မုန့်ပဲသွားရေစာ၊ သစ်သီး၊ ဆေးဝါး စသည် များကို အထုပ်ငယ်များ ထုပ်၍ မျှဝေပေးသည်။ သူ့အတွက် အနည်းငယ်သာ ချန်တတ်သည်။ စစ်အာဏာရှင်၏ အကျဉ်းတိုက်ထဲ၌ ထိုကဲ့သို့ ကိုယ့်အတ္တကို ချိုးနှိမ်ကာ ခြိုးခြိုးခြံခြံ ဝေမျှ စားသောက်နိုင်ရေး ကိစ္စသည် ပြောသလောက် လွယ်သည့်ကိစ္စမဟုတ်ပေ။ အခက်အခဲ အကျပ်အတည်းကြီးလေ “အတ္တစိတ်က တိုးထွက်လာတတ်လေလေ” ဖြစ်သည်။
တိုက်ခန်းတခန်းထဲတွင် နှစ်ယောက်အတူ ပိတ်ထားခြင်းခံနေရသော်လည်း မိမိ၏ ထောင်ဝင်စာ ရိက္ခာကို အခန်းဖော် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်ချင်း ဝေမျှ မကျွေးနိုင်သူများ ရှိခဲ့သည်ဟုဆိုလျှင် တချို့က ယုံချင်မှ ယုံပါလိမ့်မည်။ ပို၍အံ့သြစရာကောင်းသည်မှာ “ငပိကျော်တဇွန်း” “ဆေးလိပ် တဖွာ” ဝေမျှ မစားနိုင်သူများက နိုင်ငံရေး ဆွေးနွေးကြသောအခါ “ကိုယ်ကျိုးစွန့်ရေး” “အနစ်နာ ခံရေး” ဆိုသော ဝေါဟာရများကို ထပ်တလဲလဲ ပြောတတ်ကြသည်။ “ငပိကျော်တဇွန်း” “ဆေးလိပ် တဖွာ” အတွက်နှင့် ကိုယ့်ရဲဘော်ကို သစ္စာဖောက်ကာ အာဏာပိုင်၏ သတင်းပေးဖြစ်သွားကြသူများ လည်းရှိသည်။ ထို့ကြောင့် ထောင်အတွင်း အခြေအနေ စရိုက်သဘာဝနှင့် အခက်အခဲများကို သိမှသာ ဆရာဦးဝင်းတင်၏ စိတ်နေစိတ်ထား မွန်မြတ်လှပုံကို သိနိုင်ပေမည်။ ဆရာနှင့် အကျဉ်း ထောင်တိုက် တခုတည်းတွင် အတူနေဖူးကြတော့မှ ဆရာ့ကို အာဏာပိုင်တို့က ဘာကြောင့် ကွန်မြူနစ်ဟု တံဆိပ်ကပ်ကြသည်ကို နားလည်လာရသည်။ အမှန်တွင် ဆရာသည် “လူသား ဆန်လွန်းသူ” “လူပီသလွန်းသူ” ပုဂ္ဂိုလ်တဦးဖြစ်သဖြင့် သူနှင့် ဆက်ဆံဖူးသူများက သူ့ကို ချစ်ခင် လေးစားသွားခြင်းဖြစ်ပေသည်။ ထို့ကြောင့် လူအများ၏ စက်ဆုတ်ရွံရှာခြင်းခံရသူ အာဏာရှင်တို့က ဆရာ့ကို လူအများ အထင်အမြင်လွဲမှားအောင် ၀ါဒဖြန့်ခဲ့ကြပုံရပေသည်။
လူတဦးကို လူအများက လေးစားချစ်ခင်သည်ဆိုခြင်းမှာ အကြောင်းမဲ့ဖြစ်နိုင်သည် မဟုတ်ပေ။ ဆရာ ဦးဝင်းတင်ကဲ့သို့ တိုင်းပြည်လူထုကပါ ချစ်ခင်လေးစားဖို့ဆိုသည်က ပို၍ပင်မလွယ်ပါ။ လူထု၏ချစ်ခင်လေးစားမှုကို ငွေပေးဝယ်၍ ရနိုင်သည်မဟုတ်သကဲ့သို့၊ သေနတ်နှင့်ချိန်၍ လေးစားခိုင်းသော်လည်း မရနိုင်ပါ။ ဤသည်မှာ လူတဦး၏ တသက်တာ နေထိုင်စားသောက်မှုနှင့် တကွ ကိုယ့်ကျင့်သီလတို့နှင့်ပါ သက်ဆိုင်သည့် ကိစ္စဟု ဆိုရပေမည်။
ဆရာ့ နောက်ကြောင်းကို တစေ့တစောင်းမျှ လေ့လာကြည့်လျှင် လူထုက ဘာကြောင့် ဆရာ့အား လေးစားကြသည်ကို နားလည်သဘောပေါက်နိုင်လိမ့်မည် ထင်ပါသည်။ ဆရာဦးဝင်းတင်၏ ဇာတိမှာ ပဲခူးတိုင်း ကြို့ပင်ကောက်မြို့ဖြစ်သည်။ အဖ ဦးပုနှင့် အမိ ဒေါ်အမာတို့မှ ၁၉၃၀ ပြည့် မတ်လ (၁၂) ရက်နေ့တွင် မွေးဖွားခဲ့၍ ယခုနှစ် မတ်လတွင် (၇၈) နှစ်ပြည်ပြီးခဲ့ပြီဖြစ်သည်။ ဆရာသည် ငယ်စဉ်ကပင် စာဖတ်ဝါသနာ ထုံခဲ့သူဖြစ်သည့်အလျောက် စာပေဗဟုသုတကြွယ်ဝသူဖြစ်သည်။ အသက် (၂၀) အရွယ် တက္ကသိုလ် တက်နေစဉ်မှာပင် တဘက်၌ သတင်းထောက်တပိုင်း ဖြစ်နေခဲ့ပြီ။ ဆရာသည် ၁၉၅၃ ခုနှစ် (၂၃) နှစ်အရွယ်တွင် အင်္ဂလိပ်စာပေ၊ ခေတ်သစ်ရာဇ၀င်နှင့် နိုင်ငံရေးသိပ္ပံ ဘာသာတွဲဖြင့် ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ရခဲ့သည်။ အသက် (၁၃) နှစ်အရွယ် ၁၉၄၃ ခုနှစ်တွင် “အကျိုးဆောင်” ဂျာနယ်တွင် ၀င်ရောက်လုပ်ကိုင်ခဲ့ဖူးသည်။ စာပေဗိမာန်၌လည်း လက်ထောက် အယ်ဒီတာအဖြစ် ၁၉၅၀ မှ ၁၉၅၄ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သေးသည်။
ဝိဇ္ဇာဘွဲ့ရသည့် ၁၉၅၃ ခုနှစ်တွင် Agence France-Presse (AFP) နိုင်ငံခြားသတင်းဌာနတွင် ညပိုင်းအယ်ဒီတာအဖြစ် ၀င်ရောက်လုပ်ကိုင်နေပြီဖြစ်သည်။ ဆရာသည် သူစိတ်အားထက်သန်သည့် သတင်းစာပညာနှင့် စာရေးခြင်းကိစ္စ၌သာ အာရုံစူးစိုက်၍ ကြိုးစား အလုပ်လုပ်ခဲ့သည်။ အသက် (၂၀) အရွယ်မျှနှင့် စာပေဗိမာန်တွင် လက်ထောက်အယ်ဒီတာဖြစ်နေပြီ။ (၂၃) နှစ်တွင် (AFP) နိုင်ငံခြားသတင်းဌာနတွင် ညပိုင်း အယ်ဒီတာဖြစ်နေပြီဆိုသည်ကို ကြည့်လျှင် ဆရာ၏ ပညာထူးချွန်မှုကို သိနိုင်ပေသည်။
ထို့ကြောင့်ပင် ၁၉၅၄ မှ ၁၉၅၇ ခုနှစ်ထိ နယ်သာလန် (ဟော်လန်) နိုင်ငံ၊ အမ်စတာဒမ်မြို့၊ ဂျမ်ဘာတန် (Jambarton) စာအုပ်ထုတ်ဝေရေး ကုမ္ပဏီတွင် စာအုပ်ထုတ်ဝေမှုပညာနှင့် စာနယ်ဇင်းပညာဆည်းပူးခွင့် ရရှိခဲ့သည်။ ဂျမ်ဘာတန်မှာပင် ပညာဆည်းပူးရင်း မြန်မာဘာသာပြန် စာအုပ်စာတမ်းများ ထုတ်ဝေရေးတွင် “အကြံပေးအယ်ဒီတာ” အဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုသို့ မအားလပ်သည့် ကြားမှပင် မြန်မာနိုင်ငံသတင်းများ စုဆောင်း၍ ကိုယ်တိုင်ဘာသာပြန် တည်းဖြတ် လက်နှိပ်စက်ရိုက်၍ “ဒို့ပြည်သတင်း” ဆိုသည့် သတင်းစာ စောင်ရေ (၅၀၀) ခန့်ကို ကိုယ့်အိတ်ထဲမှ ငွေကြေးစိုက်ထုတ်ကာ ထုတ်ဝေခဲ့သည်။ ထိုသတင်းစာကို ကမ္ဘာတ၀ှမ်းရှိ ပြည်ပရောက် မြန်မာများထံ စာတိုက်မှ အခမဲ့ပေးပို့ ဖြန့်ဝေသည့်အလုပ်ကို ၁၉၅၇ ခုနှစ်၊ ဧပြီလ မြန်မာနိုင်ငံ ပြန်လာသည့်အချိန်ထိ လုပ်ဆောင်ခဲ့သည်။ တော်ရုံတန်ရုံ ဇွဲလုံ့လနှင့် ပညာလည်းသင် အလုပ်လည်း လုပ် တဘက်တွင်လည်း စေတနာ့ဝန်ထမ်း သတင်းစာထုတ် စသည်တို့ကို တပြိုင်နက်လုပ်နိုင်မည် မဟုတ်ပေ။ ယနေ့ခေတ် လူငယ်များ အတုယူဖွယ်ဖြစ်သည်။
၁၉၅၇ ခုနှစ် ကြေးမုံသတင်းစာ စတင်ထူထောင်စဉ်ကလည်း ကြေးမုံဦးသောင်း (အောင်ဗလ) နှင့် အတူ ပါဝင်ခဲ့ပြီး ကြေးမုံသတင်းစာ ဦးစီးအယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။ ကြေးမုံသတင်းစာ ချိတ်ပိတ်ခံရပြီးနောက်၊ ၁၉၆၉ ခုနှစ်မှ ၁၉၇၈ ခုနှစ်ထိ မန္တလေး “ဟံသာဝတီသတင်းစာ” အယ်ဒီတာချုပ် ဖြစ်ခဲ့သည်။ ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်ဘ၀တွင် ဥရောပနှင့် အာရှနိုင်ငံများစွာသို့ သတင်းစာဆရာတယောက်အဖြစ် လေ့လာရေး ခရီးဆန့်ခဲ့သည်။
ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူစဉ် မြန်မာစာပေ လှုပ်ရှားမှုအတွက် အရေးပါသော “မန္တလေး စနေစာဖတ်ဝိုင်း” ကို ဦးဆောင် ကျင်းပခဲ့သူတဦးလည်း ဖြစ်ခဲ့သည်။ ထို စနေစာပေ၀ိုင်းတွင် လူထုဦးလှ၊ လူထုဒေါ်အမာ၊ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၊ မောင်သာနိုး၊ မောင်စွမ်းရည်၊ တင်မိုး၊ ကြည်အောင်၊ ကိုလေး (အင်းဝဂုဏ်ရည်) အစရှိသော ထင်ရှားသည့် စာပေကဗျာပညာရှင်များ တက်ရောက် စာတမ်းဖတ် ဆွေးနွေးခဲ့ကြသဖြင့် မဆလအာဏာရှင်တို့၏ မျက်မာန်ရှခြင်း ခံခဲ့ရပေသည်။ ၁၉၇၈ ခုနှစ်၌ မဆလအစိုးရက ဟံသာဝတီသတင်းစာကို ပိတ်ပင်ဖျက်သိမ်းလိုက်ပြီး၊ ဦးဝင်းတင်ကိုလည်း ရာထူးမှ ထုတ်ပယ်ခဲ့သည်။
သို့သော် ဆရာသည် ထိုအချိန်မှစ၍ စာပိုရေးနိုင်ခဲ့သည်။ “ပေါ်သစ်” ကလောင်အမည်ဖြင့် စာပေ၊ ပန်းချီ၊ သဘင်၊ ဂီတ စသည်တို့နှင့် ပတ်သက်၍ ဆောင်းပါး၊ စာတမ်းနှင့် ဝေဖန် အကဲဖြတ်ချက် များကို ရေးသားခဲ့သည်။ မဂ္ဂဇင်းဂျာနယ်များတွင် ကိုယ်တိုင်ရေးဆောင်းပါးများ၊ ဘာသာပြန် ဆောင်းပါးများ အဆက်မပြတ်ရေးခဲ့သည်။
ဆရာ ဦးဝင်တင်၏ ထင်ရှားသော ဘာသာပြန်စာအုပ်များမှာ “ကွိ” (Queed)၊ “ဥတ္တရအလင်း” (The Northern Star) တို့ဖြစ်သည်။ “ကမ္ဘာနီတွင် တဒင်္ဂ” ဆိုသည့် ခရီးသွားမှတ်တမ်းစာအုပ်ကိုလည်း ရေးသားခဲ့သည်။ ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်ဘ၀တွင် ဥရောပတိုက်သို့ မြန်မာ ယဉ်ကျေးမှုအက အဖွဲ့နှင့် လိုက်ပါခဲ့စဉ်က အတွေ့အကြုံများကို သတင်းစာများတွင် အခန်းဆက် ဆောင်းပါးများ ရေးခဲ့သည်။ ယင်းဆောင်းပါးများကို စုစည်း၍ “ခြေမှာစကား လက်ဖျားကဗျာ” ဟု စာအုပ်တအုပ် ထုတ်ဝေခဲ့သည်။
ရှစ်လေးလုံးအရေးတော်ပုံအတွင်း စာပေ အနုပညာရှင်ပေါင်းစုံတို့ လက်မှတ်ထိုး ထုတ်ပြန်သည့် ကြေညာချက် ထွက်ပေါ်လာရေးအတွက် ဆရာဦးဝင်းတင် ကမကထပြု၍ ကြိုးပမ်းဆောင်ရွက် ခဲ့သည်။ “စာနယ်ဇင်းသမဂ္ဂ” ဖွဲ့စည်းလှုပ်ရှားကြသည့်အခါ ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ကျောင်းသားမသဂ္ဂမှ ထုတ်ဝေခဲ့သည့် “သမဂ္ဂသတင်းစာ” တွင်လည်း တက်ကြွစွာ ပါဝင်ရေးသား ခဲ့သည်။
“ဆန္ဒဖော်သံ သတင်းစာ” ကို ၁၉၈၈ ခုနှစ် သြဂုတ်လ (၃၀) တွင် ကိုယ်တိုင်ဦးစီးထုတ်ဝေခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက် စက်တင်ဘာလ (၂၄) ရက်နေ့တွင် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်” စတင်ဖွဲ့စည်းသည့်အခါ ဒေါ်အောင်ဆန်းစုကြည်၏ အစုအဖွဲ့မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလတွင် အဖွဲ့ချုပ်မှ ဦးအောင်ကြီး နုတ်ထွက်ခဲ့ ရပြီးနောက် ပြန်လည်ဖွဲ့စည်းခဲ့သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီတွင် “အတွင်းရေးမှူး” အဖြစ် ဆောင်ရွက်ခဲ့သည်။
စစ်အစိုးရ၏ ပြည်ထဲရေးနှင့် သာသနာရေး ၀န်ကြီးဌာနမှ ၁၉၈၉ ခုနှစ် ဇွန်လ (၆) ရက်နေ့တွင် နိုင်ငံရေးပါတီများ၏ လွတ်လပ်စွာ ရေးသားထုတ်ဖော် စည်းရုံးခွင့်ကို ပိတ်ပင်ချုပ်ချယ်ရန် ရည်ရွယ်၍ ကြေညာချက်အမှတ် (၃၈) ကို ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် အဖွဲ့ချုပ်မှ ဦးဆောင်၍ နိုင်ငံရေးပါတီ များအနေဖြင့် ထိုအမိန့်ကို ဆန့်ကျင်ရန် ဆော်သြခဲ့သည်။ ထိုသို့ဆော်သြရာ၌ သုံးစွဲခဲ့ရသည့် “အများပြည်သူ၊ သဘောမတူတဲ့၊ အမိန့်အာဏာဟူသမျှ၊ တာဝန်အရ ဖီဆန်ကြ” ဟူသော ဆောင်ပုဒ်ကို ဆရာဦးဝင်းတင် ရေးသားခဲ့သည်။
၁၉၈၈ ခုနှစ် အောက်တိုဘာလတွင် ပြစ်မှုမှ ရှောင်တိမ်းနေသည့် တရားခံ (ထိုစဉ်က အဖွဲ့ချုပ်လူငယ် စိုးသိမ်း) ၏ ဖခင်ထံ တယ်လီဖုန်း ဆက်သွယ်စကားပြောဆို၍ဟူသော အကြောင်းပြချက်ဖြင့် ၁၉၈၉ ခုနှစ် ဇူလိုင် (၄) ရက်နေ့တွင် ဆရာ ဦးဝင်းတင် ဖမ်းဆီးခံရသည်။ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ် ချမှတ်ခံရသည်။ လွတ်ရက်စေ့ကာနီးတွင် ဆရာဦးဝင်းတင်အား နိုင်ငံရေးကို စွန့်၍ စစ်အုပ်စုနှင့် လက်တွဲရန် စစ်ထောက်လှမ်းရေးမှ ဗိုလ်မှူးချုပ်သန်းထွန်းက စည်းရုံးခဲ့သည်။ ဆရာက “စစ်လွှမ်းမိုး ရေးဒဿန” ကို သူ အသက်ရှင်နေသရွေ့ အမြစ်ပြတ်အောင် တိုက်မည်ဟု တုန့်ပြန်ခဲ့သဖြင့် ၁၉၉၂ ခုနှစ် ဇွန်လတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အများပြည်သူ ဆူပူအုံကြွအောင် လုပ်ဆောင် ရာတွင် နောက်ကွယ်မှ ကြိုးကိုင်အားပေးခဲ့သည်ဟု စွပ်စွဲကာ အင်းစိန်ထောင်ထဲမှာပင် ထောင်ဒဏ် (၁၁) နှစ် ထပ်မံ ချမှတ်ခံရသည်။
ဆရာ ဦးဝင်းတင်အား ၁၉၈၉ ခု ဇူလိုင်လ (၄) ရက်နေ့ ဖမ်းဆီးချိန်မှ စ၍ အင်းစိန်ထောင် အထူး တိုက်ဝင်းအတွင်း ထားရှိ၍ ပတ်ဝန်းကျင်နှင့် လုံးဝ အဆက်အသွယ် ဖြတ်တောက်ထားခဲ့သည်။ ၁၉၉၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဆရာ ဦးဝင်းတင်အား အထူးတိုက်မှ (၃) တိုက်သို့ ပြောင်းရွှေ့ ထားခဲ့သည်။ အကျဉ်းထောင်အတွင်း အာဏာပိုင်များ၏ မတရားပြုမှုများကို ဆန့်ကျင်တိုက်ပွဲ ဆင်ရာတွင် ဦးဆောင်ခဲ့သည်။ ထောင်တွင်းနိုင်ငံရေး အကျဉ်းသားအခွင့်အရေးအတွက် တိုက်ပွဲ ၀င်ရင်း သတင်းစဉ်တခုကို တိုက်ဝင်းအတွင်း ထုတ်ဝေနိုင်ခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် Suu-Slorc Dialogue “တွေ့ဆုံဆွေးနွေး အဖြေရှာရေးလမ်းစဉ်” ကို ရေးသားခဲ့သည်။ “ဒေါ်အောင်ဆန်းစုကြည် အား ပြန်လွှတ်ပေးရန်” “အမျိုးသားညီလာခံ ဖျက်သိမ်းပေးရန်” “စစ်မှန်သော တွေ့ဆုံဆွေးနွေး မှုများ စတင်ရန်” သဘောထားစာတမ်းကို ရေးသားဖြန့်ဝေခဲ့သည်။ ထို့နောက် “သုံးပွင့်ဆိုင် ဆွေးနွေးပွဲ” စတင်ရန်၊ ဒေါ်အောင်ဆန်းစုကြည်၊ န၀တ၊ လူမျိုးစုခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးမှသာလျှင် မြန်မာနိုင်ငံ လက်ငင်းကြုံတွေ့နေရသော ပြဿနာအရပ်ရပ်ကို ဖြေရှင်း နိုင်မည်ဖြစ်ကြောင်း နိုင်ငံရေးပေါ်လစီတရပ် ချမှတ် ထုတ်ပြန်ကြေညာခဲ့သည်။
၁၉၉၅ ခုနှစ် သြဂုတ်လတွင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာပြီးနောက် စစ်မှန်သော တွေ့ဆုံဆွေးနွေးပွဲများ အရိပ်အယောင်မတွေ့ရသဖြင့် “Appeal to the World” ကမ္ဘာကြီးသို့ ပန်ကြားချက်တစောင်ကို ရေးသား၍ ဘ၀တူထောင်ကျ နိုင်ငံရေး ရဲဘော်များ၏ အကူအညီဖြင့် ထောင်ပြင်ပသို့ ရောက်ရှိပြန့်နှံ့အောင် လုပ်ဆောင်ခဲ့နိုင်သည်။ ထိုစာတွင် စစ်အစိုးရ၏ လုပ်ရပ် များသည် ရိုးသားမှန်ကန်မှု မရှိသဖြင့် နိုင်ငံတကာမှ စစ်အာဏာရှင် နအဖအား ၀ိုင်းဝန်းအရေး ယူပေးပါရန် တောင်းဆိုခဲ့သည်။ ထို့နောက် ရက်ပိုင်းအတွင်း “Appeal to the public” ကမ္ဘာ့ ပြည်သူများသို့ ပန်ကြားချက်ကို ရေးသားဖြန့်ဝေခဲ့သည်။ ယင်း “ပန်ကြားချက်” တွင် စစ်အာဏာ ရှင်တို့သည် ကမ္ဘာ့ပြည်သူများအား အထပ်ထပ်အဖန်ဖန် လိမ်လည်လှည့်ဖြားနေသည်ကို ဒဏ်ခတ် သောအားဖြင့် နည်းမျိုးစုံ ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်ကြပါရန် တိုက်တွန်းထားသည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် ဇူလိုင်လအတွင်းမှာပင် “ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုအစီရင်ခံစာ” ကို မြန်မာနိုင်ငံလူ့အခွင့်အရေးစောင့်ကြည့်သူ “မစ္စတာ ယိုဇိုယိုကိုတာ” မှတဆင့် ကုလသမဂ္ဂရွှေရတုညီလာခံသို့ ရောက်ရှိအောင် စုပေါင်းဆောင်ရွက်ကြ ရာတွင် ဆရာဦးဝင်းတင် ဦးဆောင်ခဲ့သည်။
ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အတုအယောင်အမျိုးသားညီလာခံမှ နှုတ်ထွက် သင့်ကြောင်း အကြံပြုချက်ကို ထောင်တွင်းနိုင်ငံရေးအကျဉ်းသားများ စုပေါင်းလက်မှတ်ရေးထိုး၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့နိုင်ခဲ့ သည်။ ထို့ပြင် လက်ငင်းအရေးကြီးဆုံး လုပ်ငန်းစဉ် (၂) ခုကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း အကြံပြုတိုက်တွန်းခဲ့သည်။
ယင်းလုပ်ငန်းစဉ် (၂) ရပ်မှာ ပါတီပြုပြင်ရေး (Party Reform) နှင့် ညီလာခံ ပြုပြင်ပြောင်းလဲရေး (NC Reform) တို့ဖြစ်သည်။ ဆရာဦးဝင်းတင်သည် ထောင်တွင်း၌ “ထ” လေးလုံးပေါ်လစီကို ချမှတ်လမ်းညွှန်မှု ပေးခဲ့ပေသည်။ “ထူထောင်ရမယ်၊ ထိန်းသိမ်းရမယ်၊ ထိုင်မနေနဲ့၊ ထိတွေ့ရမယ်” ဆိုသည့် ပေါ်လစီဖြစ်သည်။ ယင်းပေါ်လစီက “ထောင်တွင်းရှိနိုင်ငံရေးအကျဉ်းသားများ စိတ်ဓာတ် မကျရေး”၊ “စစ်ထောက်လှမ်းရေး၏ ဦးနှောက်ခ၀ါချမှု မခံရရေး”၊ “မိမိ၏ အတွေးအခေါ် ပိုမို အားကောင်း တိုးတက်လာအောင် ကြိုးပမ်းအားထုတ်ရေး”၊ “အကျဉ်းသားအခွင့်အရေးများ ပိုမိုရရှိရေးအတွက် အာဏာပိုင်တို့၏ ဖိနှိပ်မှုများကို ငုံ့မခံရေး”၊ “မိမိတို့ ရပိုင်ခွင့်များအတွက် ညီညီညွတ်ညွတ် တိုက်ပွဲဝင်ရေး” စသည်တို့ကို လမ်းညွှန်ပေးခဲ့သည်။
၁၉၉၅-ဇူလိုင်လလယ်တွင် ထောင်တွင်းနိုင်ငံရေးအဖွဲ့ အစည်း အင်အားစုအသီးသီး ပါဝင်စုစည်းသော ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ထောင်တွင်းဖိနှိပ်ညှဉ်းပမ်းမှုများ၊ ရဲဘက်စခန်းများ၏ ငရဲခန်းများ၊ လက်ရှိမြန်မာနိုင်ငံအခြေအနေတို့ ပါဝင်သော (၈၃) မျက်နှာပါ စာတမ်း “ထောင်တွင်းလူ့အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာ” ကို အပြင်သို့ ခိုးထုတ်နိုင်ခဲ့သည်။ တိုက်ဆိုင်စွာပင် ဒေါ်စုကလည်း ဇူလိုင် (၁၀) တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာချိန် ဖြစ်သည်။
နောက်တိုက်ဆိုင်မှုတခုမှာ ထိုစဉ်က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည့်သူ ကုလသမဂ္ဂ သံတမန် မစ္စတာယိုဇိုယိုကိုတာလည်း မရှေးမနှောင်းမှပင် ရန်ကုန်သို့ ရောက်လာချိန်ဖြစ်သည်။ ဤသို့ဖြင့် အစီရင်ခံစာမှာ ချောမောစွာပင် မစ္စတာ ယိုဇိုယိုကိုတာ၏ လက်သို့ ရောက်သွားကြောင်း သတင်းကြားခဲ့ရသည်။
ထို့ ပြင် တဆက်တည်းမှာပင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အား ကျင်းပဆဲအမျိုးသားညီလာခံမှ နှုတ်ထွက်သင့်ကြောင်း ထောင်တွင်းနိုင်ငံရေး အင်အားစုများက စုပေါင်းလက်မှတ်ရေးထိုးကာ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ နိုင်ခဲ့ကြသည်။ ဤကဲ့သို့ ထောင်တွင်း၌ နိုင်ငံရေးအကျဉ်းသားများ ညီညီညွတ်ညွတ် စိတ်ဓာတ်မကျဘဲ နိုင်ငံရေးတာဝန်များ ဆက်လက်ထမ်းဆောင်နိုင်ခြင်းမှာ ဦးဝင်းတင်ကဲ့သို့ သော ခေါင်းဆောင်ကောင်းတယောက်၏ ဦးဆောင်လမ်းညွှန်မှု ရှိနေသောကြောင့် ဆိုသည်မှာ အလွန်ထင်ရှားပါသည်။
၁၉၉၅ ခုနှစ် နိုဝင်ဘာလတွင် ထို (၈၃) မျက်နှာပါစာတမ်း “ထောင်တွင်းလူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာ” ကုလသမဂ္ဂသို့ ရောက်ရှိသွာခြင်းနှင့် စပ်လျဉ်း၍ အာဏာပိုင်များ အကြီးအကျယ် ဒေါသပေါက်ကွဲကာ (၄) တိုက်မှ နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူ တပ်ကြပ်ကြီးဟောင်း တင်ဝင်းအား စစ်ထောက်လှမ်းရေးမှ သွေးဆောင်စည်းရုံး၍ တိုက်ဝင်းအတွင်းရှိ လှုပ်ရှားမှုများကို စစ်ဆေးမေးမြန်းခဲ့သည်။
တင်ဝင်းက သူအားစစ်ထောက်လှမ်းရေးက ပြန်လွှတ်ပေးမည်ဟူသော မက်လုံးကြောင့် သစ္စာ ဖောက်ခဲ့သည်။ ဤသို့ ဖြင့် နိုင်ငံရေးအကျဉ်းသားများထားရာ တိုက်ဝင်းအတွင်းရှိ လျှို့ ဝှက်ချက်များ ပေါက်ကြားကာ ရေဒီယိုအပါအဝင် စာရွက်စာတမ်းများ သိမ်းဆည်းခံခဲ့ရသည်။ အမျိုးသားနေ့ စိန်ရတုသဘင်အထိမ်းအမှတ် လက်ရေးစာစောင်နဲ့ ဖုန်းမော်အထိမ်းအမှတ် သွေးသစ်လှိုင်းစာစောင် အပတ်စဉ် လက်ရေးသတင်းစာစောင်များလည်း သိမ်းဆည်းခံရပါသည်။ နိုင်ငံရေးအကျဉ်းသား (၆၃) ယောက်ကို ထောင်ထဲမှာပင် စစ်ထောက်လှမ်းရေးက ထပ်မံဖမ်းဆီး တိုက်ပိတ်လိုက်ပါသည်။
သို့ဖြင့် ဆရာဦးဝင်းတင်အပါအဝင် ကျနော်တို့ နိုင်ငံရေးအကျဉ်းသား (၈) ယောက်ကို နာမည်ကျော်စစ်ခွေးတိုက်တွင် တိုက်ပိတ်လိုက်ပါသည်။ စစ်ခွေးတိုက် (၁) ခန်းတွင် ဒေါက်တာမြင့်နိုင် (ကန့်ဘလူလွှတ်တော်ကိုယ်စားလှယ်)၊ (၂) ခန်းတွင် စာရေးသူ၊ (၃) ခန်းတွင် ဒေါက်တာဇော်မြင့်မောင် (အမရပူရ လွှတ်တော်ကိုယ်စားလှယ်)၊ (၄) ခန်းတွင် မျိုးမြင့်ညိမ်း၊ (၅) ခန်းတွင် ဒေါက်တာ ခင်ဇော်ဝင်း၊ (၇) ခန်းတွင် ဦးနိုင်းနိုင်း (ပုဇွန်တောင်လွှတ်တော်ကိုယ်စားလှယ်)၊ အခန်း (၈) တွင် ဦးထွန်းဝင်း (မင်းဗျားစီးနင်းတိုက်ခိုက်မှု) နှင့် အခန်း (၁၀) တွင် ဆရာဦးဝင်းတင် ဖြစ်ပါသည်။ စစ်ခွေးတိုက်တခုလုံးတွင် ကျနော်တို့ (၈) ယောက်သာ ရှိပါသည်။
သံမံတလင်းပေါ်တွင် အိပ်ကြရပြီး သောက်ရေအိုးနှင့်တကွ မည်သည့်အသုံးအဆောင်မျှမပေးပါ။ အဆိုးဆုံးကိစ္စမှာ အိမ်သာသွားရန် ဘာမှစီစဉ်မပေးခြင်းဖြစ်သည်။ သီတင်းတပတ်မျှလည်း ရေချိုးခွင့်မပေးပဲ ထားခဲ့သည်။ ကျနော်တို့ က ကိုယ့်အတွက်ထက် ဆရာဦးဝင်းတင်အတွက် ပို၍စိုးရိမ်ခဲ့ကြသည်။ ဆရာသည် ထိုစဉ်က အူကျဝေဒနာ ခွဲစိပ်ကုသမှုခံယူထားရသည်မှာ မကြာ သေး။ ထို့ကြာင့် ဤမျှဆိုးရွားလှသော ညှဉ်းပမ်းနှိပ်စက်မှုဒဏ်ကြောင့် ဆရာ့ကျန်းမာရေး ပိုမို ဆိုးရွားသွားမည်ကို အားလုံးက စိုးရိမ်ခဲ့ကြသည်။ သို့သော် ဆရာကား အပြုံးမပျက်၊ အခြား သူများကိုပင် စိတ်ဓာတ်မကျရန် အားပေးနေခဲ့သည်။၁၉၉၆ မတ်လ (၁၂) ရက်နေ့ တွင် ဆရာ့ (၆၆) နှစ်မြောက် မွေးနေ့ ပွဲကို ထိုစစ်ခွေးတိုက်မှာပင် ကျနော်တို့ ဆင်နွှဲခဲ့ကြသည်။ ကျနော်တို့အားလုံးက သီချင်းဖြင့်လည်းကောင်း၊ ကဗျာဖြင့် လည်းကောင်း၊ ဆရာ့မွေးနေ့ကို ဂုဏ်ပြုရွတ်ဆိုခဲ့ကြသည်။ ဆရာကလည်း သူ့ဘဝဖြတ်သန်းမှု အတွေ့အကြုံ အချို့ကို ပြန်ပြောင်းပြောပြခဲ့သည်။
ဆရာက လူ့ ဘဝဆိုသည်မှာ “စိန်ခေါ်မှုများကို ရင်ဆိုင်ခြင်း” ဖြစ်ကြောင်း၊ စိန်ခေါ်မှုကို ရင်မဆိုင် လို၍ ထွက်ပြေးပါက ဘဝအရှုံးသမားအဖြစ် နိဂုံးချုပ်ရရုံသာရှိကြောင်း၊ ထို့ကြောင့် စိန်ခေါ်မှု မှန်သမျှကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရန် ပြင်ဆင်ထားခြင်းသည် အောင်မြင်ခြင်း၏ အကြောင်းဖြစ်သည်ဟု ကျနော်တို့ကို အားတက်ဖွယ်ရာစကားများ ပြောကြားခဲ့သည်။စစ်ခွေးတိုက်တွင် ဆရာနှင့်အတူနေရစဉ်က “မြန်မာပြည်မှာ နိုင်ငံရေးလုပ်တော့မယ်ဆို ကတည်းက စစ်အာဏာရှင်တွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ ကျနော်တို့ ကြိုတင်တွက်ဆထားရမယ်။ အာဏာရှင်ကို ပလ္လင်ပေါ်ကဆွဲချတဲ့အခါ အဆင်မသင့်ရင် အသက်တောင် ပေးချင်ပေးရလိမ့်မယ်ဆိုတာလည်း ကျနော်တို့ မြင်ထားဖို့ လိုပါတယ်။ ကျနော်တို့ ခေတ်မှာ ကျနော်တို့ တာဝန်မကျေရင် နောက်လာမယ့် မျိုးဆက်တွေက ကျနော်တို့ကို အပြစ်တင်စရာ ဖြစ်လိမ့်မယ်။ အနည်းဆုံး နောက်တက်လာမယ့် လူငယ်မျိုးဆက်ကို လွတ်လပ်ရေးနဲ့ တရားမျှတရေးအတွက် ဘယ်လမ်းကို လျှောက်ရမယ်ဆိုတာ လောက်တော့ စံနမူနာပြနိုင်ရမယ်။ ကျနော်တို့ကိုယ်တိုင် အလံမလှဲစတမ်း စွန့်လွှတ်စွန့်စားပြနိုင်မှ နောက်လူငယ်မျိုးဆက်ကလည်း ဒီအလံကို ဆက်လက်စွဲကိုင် ချီတက်ကြမှာဖြစ်တယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ စစ်လွှမ်းမိုးရေးဒဿနကို အမြစ်ကလှန်နိုင်ဖို့  ဒီပွဲမှာ အလံ မလှဲစတမ်း ယုံကြည်ချက်ကို မြဲမြဲဆုပ်ကိုင်ထားကြဖို့ လိုပါတယ်။” ဟု ဆရာပြောခဲ့သော စကားရပ်ကို ယခုပြန်လည်စဉ်းစားကြည့်သောအခါ ဆရာကိုယ်တိုင်က စိန်ခေါ်မှုများအတွက် အသင့်ပြင်ဆင် ထားပုံကို တွေ့ ရတယ်။ ဆရာဦးဝင်းတင်၏ ကျန်းမာရေးအခြေအနေကို သိနေသူများက ဤမျှလောက်အထိ ဆရာ ကြံ့ကြံ့ ခံနိုင်ပါ့မလားဟု စိုးရိမ်နေကြသော်လည်း ဆရာက သူ့ တွင် စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်စွမ်း ရှိသေးကြောင်း၊ မျိုးဆက်သစ်တို့ကို လမ်းပြလျက်ရှိနေဆဲပင်ဖြစ်သည်။ လွန်ခဲ့သော မတ်လတွင် အသက် (၇၈) နှစ်ပြည့်၍ (၇၉) နှစ်တာခရီးကို စတင်နေသူ ဆရာဦးဝင်းတင်သည် အကျဉ်းထောင် အတွင်းရှိ တိုက်ခန်းကျဉ်းကျဉ်းကလေးထဲ၌ အထီးကျန်ဘဝကို ဖြတ်သန်းရင်း စစ်အာဏရှင်တို့  စိန်ခေါ်မှုကို ရင်ဆိုင်အံတုနိုင်ဆဲ ရှိပေသည်။မျိုးဆက်သစ်တို့ အနေဖြင့် “ဆရာဦးဝင်းတင်” ကို အားကျအတုယူရင်း “မြန်မာ့ဒုတိယ လွတ်လပ် ရေးတိုက်ပွဲ” အတွက် ပေါ်ပေါက်လာမည့် စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်အံတုရန် ပြင်ဆင်ကြရ ပေဦးမည်။ စစ်အာဏာရှင်စနစ်၏ စိန်ခေါ်မှုအသစ်တို့ကို ရင်ဆိုင်အနိုင်ယူဖို့ ပြင်ဆင်ကြရပေဦးမည်။ “အာဏာရှင်ကို ပလ္လင်ပေါ်ကဆွဲချတဲ့အခါ အဆင်မသင့်ရင် အသက်တောင် ပေးချင်ပေးရလိမ့်မယ် ဆိုတာလည်း ကျနော်တို့ မြင်ထားဖို့ လိုပါတယ်။” ဆိုသော ဆရာ့စကားမှာ “အမြင့်ဆုံးသော စိန်ခေါ် မှုကြီး” ကိုရင်ဆိုင်ရန် ဆရာ့အနေနှင့် အသင့်ပြင်ဆင်ထားပြီးဖြစ်သည်ကို သိမြင်နိုင်သည်။
ထို့ ပြင်ဆရာ၏ “ထူထောင်ရမယ်၊ ထိန်းသိမ်းရမယ်၊ ထိုင်မနေနဲ့၊ ထိတွေ့ ရမယ်” ဆိုသည့် အားပေး စကားမှာလည်း မျိုးဆက်သစ်တို့အတွက် ရည်ရွယ်ပုံရပေသည်။ “အောင်မြင်မှု” မည်သည် “စိန်ခေါ် မှုများကို ကျော်လွှားနိုင်သူ” တို့အတွက် ဖြစ်ပေသည်။ ။

အပြည့်အစုံဖတ်လိုလျှင်