စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Friday, June 20, 2008

မြောင်းမြဆန် ပခုက္ကူတင်ခွင့်ပိတ်

NEJ/ ၂၀ ဇွန် ၂၀၀၈

ဧရာဝတီတိုင်း ဆန်ဖူလုံရေး ရည်ရွယ်ပြီး မြောင်းမြကတဆင့် ပခုက္ကူသို့ ရေလမ်းခရီးမှ ဆန်တင်ပို့ခွင့် ရပ်ဆိုင်းလိုက်ကြောင်း မြောင်းမြမြို့ခံ ဆန်ကုန်သည်တဦးက ပြောသည်။
၎င်းက “ပြီးခဲ့တဲ့ တနင်္လာနေ့က ဆန်ကုန်သည်တွေနဲ့ ခရိုင်အာဏာပိုင်အဖွဲ့ တွေ့တယ်။ အဲဒီမှာ ဧရာဝတီတိုင်းအတွင်း ဆန်ဖူလုံရေးအတွက် ပခုက္ကူဘက်ကို ဆန်တင်နေတာတွေ ရပ်ခိုင်းတယ်။ ရန်ကုန်ကို တင်နေတာတွေကိုတော့ ဆက်ပြီး ခွင့်ပြုထားသေးတယ်” ဟု ပြောသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဧရာဝတီတိုင်း မြောင်းမြမြို့သည် ပြီးခဲ့သည့် မေ (၂) ရက်နှင့် (၃) ရက်နေ့တို့တွင် တိုက်ခဲ့သည့် လေမုန်တိုင်းဒဏ် အနည်းငယ်သာ ခံရသည့်မြို့ဖြစ်သည်။ လောလောဆယ် ဧရာဝတီတိုင်းအတွင်း ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူများ၊ ဧရာဝတီတိုင်းအတွင်း မုန်တိုင်းဒဏ်သင့် မြို့နယ်များ အတွက် မျိုးစပါးလိုအပ်နေသူများသည် မြောင်းမြမြို့မှ ဆန်နှင့်စပါးများကိုသာ အဓိကထား ၀ယ်ယူနေကြကြောင်း၊ ထို့အပြင် ပိုလျံသည့် ကြိတ်ခွဲပြီး ဆန်များကိုလည်း ရန်ကုန်ဈေးကွက်နှင့် မကွေးတိုင်း ပခုက္ကူမြို့သို့ ဆက်လက်တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။
ပခုက္ကူမြို့သည် မြန်မာနိုင်ငံ အလယ်ပိုင်းမှ ဆန်ဈေးကွက်ဖြစ်ထွန်းရာ မြို့တမြို့ဖြစ်ပြီး မြန်မာပြည် အောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းမှ ဆန်များ ပခုက္ကူဈေးကွက်ကို ရောက်ရှိကာ ပခုက္ကူမှတဆင့် အခြားဒေသအသီးသီးကို သယ်ပို့ရောင်းဝယ်ဖောက်ကားကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ် စပါးအထွက် တင်းသန်းပေါင်း (၁,၄၀၀) ကျော်ရှိပြီး ဧရာဝတီတိုင်းမှ တင်းသန်း (၄၃၀) ထွက်သည်။ တနည်းဆိုရလျင် မနှစ်က ဧရာဝတီတိုင်း စပါးအထွက်နှုန်းသည် တပြည်လုံး၏ (၃၀) ရာနှုန်းရှိသည်။
ဇွန်လ (၁၀) ရက်နေ့ ကုလသမဂ္ဂ၊ အာစီယံ၊ မြန်မာအစိုးရ သုံးပွင့်ဆိုင် အစည်းဝေးတွင် ၀န်ကြီး ဦးစိုးသာက မုန်တိုင်းကြောင့် မစိုက်ပျိုးနိုင်သည့် လယ်ဧကသည် တနိုင်ငံလုံး၏ (၁) ရာခိုင်နှုန်း မပြည့်ကြောင်း၊ ဆန်စပါးပျက်စီးမှုသည်လည်း တပြည်လုံးအထွက်၏ (၂.၃) ရာခိုင်နှုန်းသာရှိ၍ မပူပင်ရကြောင်း ပြောသည်။ သို့သော် မုန်တိုင်းကြောင့် စပါးစိုက်ဧက ပျက်နှုန်းသည် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတွင် တနိုင်ငံလုံးစိုက်ဧက၏ (၃၇) ရာနှုန်းရှိသည်ဟု ကမ္ဘာ့စားနပ်ရိကာအဖွဲ့ FAO က ပြောသည်။ မုန်တိုင်းထိ ပြည်နယ်တိုင်း (၄) ခုရှိ စပါးအပျက်နှုန်းသည် တနိုင်ငံလုံးစိုက်ဧက၏ (၆၀) ရာနှုန်းရှိသည်ဟု အမေရိကန် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဧရာဝတီတိုင်း မုန်တိုင်းလွတ်ခဲ့သည့် မြို့များမှ ဆန်စပါးများသည် လာမည့် သြဂုတ်လအထိသာ လုံလောက်မည်ဖြစ်ပြီး သြဂုတ်လကျော်သည်နှင့် အခြားပြည်နယ်နှင့် တိုင်းတို့က ဧရာဝတီတိုင်းသို့ ဆန်ပြန်လည်တင်ပို့ ထောက်ပံ့ရမည်ဖြစ်ကြောင်း မြောင်းမြနှင့်ရန်ကုန်ရှိ ဆန်ကုန်သည်များက ခန့်မှန်းထားသည်။ ။
Rest of your post


အပြည့်အစုံဖတ်လိုလျှင်

ဧရာဝတီတိုင်းလေဘေး ထောက်ပံ့ပစ္စည်းများ စစ်တပ်ထဲရောက်

NEJ/ ၂၀ ဇွန် ၂၀၀၈

လေဘေးသင့်သူများအတွက် နိုင်ငံတကာမှထောက်ပံ့သည့် Shelter Box နှင့် အခြားစားစရာ အသုံးအဆောင်များ တပ်တွင်းရောက်ရှိလာပြီး အရာရှိမိသားစုများနှင့် အခြားအိမ်ထောင်သည် မိသားစုများ ခွဲဝေယူကြကြောင်း ပုသိမ်အခြေစိုက် ခလရ (၃၈) မှ အိမ်ထောင်သည် အမျိုးသမီး တဦးက ပြောသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၎င်းက “ကျမတို့ တပ်ထဲကို Shelter Box နဲ့ ရွက်ဖျင်တဲတွေ၊ နိုင်ငံခြားက လေဘေးအတွက်လှူတဲ့ အစားအသောက်တွေ ရောက်လာတယ်၊ ဘယ်လိုရောက်လာသလဲတော့ မသိဘူး။ Shelter Box နဲ့ ရွက်ဖျင်တဲ အကောင်းစားတွေကိုတော့ အရာရှိတွေ ခွဲဝေယူကြတယ်၊ ပိုပေမယ့် အခြားအရာခံဗိုလ်၊ အကြပ်တွေကိုတောင် ခွဲမပေးဘဲ ထောက်ပံ့ရေးဂိုဒေါင်ထဲမှာပဲ သိမ်းထားလိုက်တယ်။ သူတို့ရတဲ့ သေတ္တာတွေထဲမှာ တန်ဖိုးရှိတဲ့ လက်သမားနဲ့ အိမ်ဆောက်သုံး ကိရိယာတန်ဆာပလာတွေပါတယ်။ အခြားအဆင့်တွေကိုကျတော့ ခြင်ထောင်၊ အ၀တ်အထည်နဲ့ အစားအသောက်တွေကို ခွဲပေးတာ၊ တချို့ မဲဖောက်ပေးတာ လုပ်တယ်။ ဒါပေမယ့် အဝေမတည့်တော့၊ မမျှတတော့ ကျမတို့ချင်း စကားများကြတယ်။ ဘယ်လိုရသလဲဆိုတာတော့ မသိဘူး” ဟု ပြောသည်။
အဆိုပါပစ္စည်းများ ခွဲဝေပေးစဉ်၌ တပ်ရင်းမှူးနှင့် တာဝန်ရှိသူများက တဆင့်ပြန်လည်ရောင်းချခြင်း လုံးဝမပြုလုပ်ရန်နှင့် ပြုလုပ်သည်ကို တွေ့ရှိပါက ကြီးလေးသည့် ပြစ်ဒဏ်နှင့် အရေးယူခြင်းခံရ မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အသုံးအဆောင်ပစ္စည်း၊ အစားအသောက်များကို ဝေငှပေးခြင်းလည်း အပြင်တွင် လုံးဝပြောဆိုခြင်းမပြုရန် တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားကြောင်း အဆိုပါ အိမ်ထောင် သည်အမျိုးသမီးက ပြောသည်။
ပြီးခဲ့သည့် သီတင်းပတ်က တပ်ရင်းအရာရှိတဦးထံ ညအိပ်သွားရောက်လည်ပတ်ပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသူတဦးက ၎င်းတည်းခိုသည့် အရာရှိမိသားစုနေအိမ်၌ အဆိုပါ Shelter Box နှင့် ရွက်ဖျင်တဲကို မြင်တွေ့ခဲ့ရကြောင်း ပြောသည်။
နာဂစ်လေမုန်တိုင်းဘေးဒဏ် ခံရသူများကို နိုင်ငံတကာက ပေးအပ်သည့် အကူအညီများအနက် အချို့မှာ စစ်အစိုးလက်ထဲ တိုက်ရိုက်ပေးအပ်လိုက်ရသည့်အတွက် စစ်အစိုးရကသာ အပြည့်အ၀ ချုပ်ကိုင်ဖြန့်ဝေခြင်းရှိသကဲ့သို့ ငွေကြေးအချို့နှင့် ပစ္စည်းများကို ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှတဆင့် လက်ခံရယူ ဖြန့်ဖြူးပေးနေခြင်းလည်းရှိသည်။
မုန်တိုင်းဒဏ်ခံ ဒေသများရှိ ပြည်သူများကမူ အစိုးရဖြန့်ဖြူးသည့် ပစ္စည်းနှင့် အစားအသောက်များ ထဲတွင် နိုင်ငံခြားက ကူညီလှူဒါန်းသည့် အစားအသောက်နှင့် ပစ္စည်းများ လက်ခံရခြင်းမရှိကြောင်း ပြည်တွင်းပြည်ပ မီဒီယာများကို ထုတ်ဖော်ပြောဆိုခဲ့ကြပြီး ဖြစ်သည်။
စစ်အစိုးရလက်ထဲ ငွေနှင့်ပစ္စည်းများ အပ်နှံလိုက်သည့်အခါတွင် နိုင်ငံတကာ အလှူရှင်များ အနေ ဖြင့် မည်သည့်နေ့ရက်၊ မည်သည့်နေရာ၌ မည်သူများကို မည်မျှဖြန့်ဖြူးခဲ့ကြောင်း အချက်အလက် အတိအကျတောင်းပြီး ပစ္စည်းများ အမှန်တကယ် ရောက်မရောက် လွတ်လပ်သည့် အဖွဲ့အစည်း များ ဖွဲ့စည်းစုံစမ်းခိုင်းသင့်ကြောင်း ရန်ကုန်မြို့မှ သတင်းစာဆရာများက သုံးသပ်ပြောဆိုကြသည်။
Rest of your post


အပြည့်အစုံဖတ်လိုလျှင်

မုဒိမ်းကျင့်မှုကို လက်နက်အဖြစ်ဆက်လက်အသုံးပြုပါက အရေးယူရန် WLB တောင်းဆို

အမျိုးသမီးများအား အဓမ္မပြုကျင့်မှုကို လက်နက်သဖွယ်အသုံးပြုနေမှုအား ရပ်တန့်ကြရန် ယမန်နေ့က ကုလမဂ္ဂ လုံခြုံရေးကောင်စီ၌ ဆုံးဖြတ်ချက်ချလိုက်သည့်အပေါ် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ဒဗလျူအယ်လ်ဘီက ကြိုဆိုလိုက်ပြီး မလိုက်နာသူများကို အရေးယူရန် တောင်းဆိုသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ယမန်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ အမျိုးသမီး၊ ငြိမ်းချမ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စများကို တနေ့တာ ဆွေးနွေးငြင်းခုန်ကြပြီးနောက် အဖွဲ့ဝင်နိုင်ငံများ အားလုံး၏ သဘော တူညီချက်ဖြင့် အဓမ္မပြုကျင့်မှုကို လက်နက်သဖွယ် အသုံးမပြုရေး ဆုံးဖြတ်ချက်ကို ချမှတ် ခြင်းဖြစ်သည်။
ဒဗလျူအယ်လ်ဘီ အထွေထွေအတွင်းရေးမှူး မနန်းယဉ်က “ ဒီဆုံးဖြတ်ချက်အပေါ် ကျမတို့က လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်။ ဒါဟာ မြန်မာပြည်မှာတင်မဟုတ်ဘူး၊ ကမ္ဘာ့နိုင်ငံအရပ်ရပ် ဘယ် နေရာမှာပဲဖြစ်ဖြစ် ဒီကိစ္စမျိုးဟာ လုံးဝမပြုလုပ်သင့်တဲ့ဟာ ဖြစ်တဲ့အတွက် ရှိသင့်တဲ့ ဆုံးဖြတ်ချက် တခုဖြစ်တယ်။ တကယ်လို့ လက်ရှိ နအဖ စစ်အုပ်စုက ဒါကို မလိုက်နာဘူးဆိုရင် အရေးယူ ဆောင်ရွက်မှုတွေ နည်းလမ်းရှာပြီးပြုလုပ်ဖို့ ကျမတို့တောင်းဆိုပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ၌ တိုင်းရင်းသားနယ်မြေများတွင် နအဖစစ်တပ်၏ အဓမ္မပြုကျင့်မှုများ ဆက်လက်ရှိနေ ဆဲဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အနိုင်မတိုက်နိုင်သဖြင့် ၎င်းတို့နှင့်ပတ်သက် သည့် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်ကာ အနိုင်ယူခြင်းဖြစ်ကြောင်း၊ နအဖစစ်တပ်ကျူးလွန်ခဲ့သည့် အဓမ္မပြုကျင့်မှုပေါင်း (၅၀၀) ခန့်ကို ရှမ်း၊ ကရင်၊ ချင်း စသည့် အမျိုးသမီးအဖွဲ့များက အထောက်အထားခိုင်လုံစွာ ပြုစုထားပြီးဖြစ်ကြောင်း ဒဘလျူအယ်လ်ဘီက ပြောသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်ကလည်း “ဒီကနေ့ ကမ္ဘာ့နေရာအချို့မှာ အမျိုးသမီးတွေအပေါ် မယုံနိုင်လောက်အောင် ရက်စက်ရမ်းကားမှုတွေ ရှိနေပါတယ်။ ဥပမာ မြန်မာနိုင်ငံမှာဆိုရင် စစ်သားတွေဟာ အမျိုးသမီးတွေနဲ့ (၈) နှစ်အရွယ် မိန်းကလေးငယ်တွေ ကိုတောင်မှ အဓမ္မပြုကျင့်တာတွေ မှန်မှန်လုပ်နေတယ်” ဟု ယမန်နေ့က လုံခြုံရေးကောင်စီ၌ ပြောကြားသည်။
အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုသည် ပြောမပြနိုင်လောက်သည့် ပမာဏအတိုင်း အတာထိ အနှံ့အပြားဖြစ်ပွားနေကြောင်းနှင့် အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် ကျရောက် နေသည့် အသံတိတ်စစ်ပွဲကို တားဆီးကြရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တောင်း ဆိုသည်။
အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ပဋိပက္ခများတွင် အစဉ်အမြဲ ပစ်မှတ်ထားခံနေရ ကြောင်း၊ အရှက်ရစေရန်၊ စိုးမိုးခြယ်လှယ်ရန်၊ ကြောက်ရွံ့စေရန်နှင့် တိုင်းရင်းသားအုပ်စုများအား အတင်းအကျပ်လူစုခွဲ နေရာရွှေ့ပြောင်းရန်တို့အတွက် စစ်လက်နက်အဖြစ် အသုံးပြုနေသည်ဟု လုံခြုံရေးကောင်စီအဖွဲ့ဝင်များက ပြောသည်။
မနန်းယဉ်က “ဒီဟာတွေဟာ စစ်ပွဲတွေရဲ့အနိဋ္ဌာရုံတွေဖြစ်တယ်။ ဒီလိုအဖြစ်အပျက်တွေ ဆက်ရှိနေ သေးသရွေ့ လူတွေရဲ့မကျေနပ်မှုတွေ ဆက်ဖြစ်နေမယ်။ ပြည်တွင်းစစ်ဆိုတာကလည်း ဆက်ပြီးရှိ နေအုန်းမယ်။ စစ်ပွဲရှိနေသရွေ့ နိုင်ငံတနိုင်ငံ နယ်မြေတနေရာက မလုံခြုံမှုဖြစ်နေမယ်ဆိုရင် ကျန်တဲ့နိုင်ငံတွေကို မလုံခြုံမှုတွေဟာ ဆက်ပြီးကူးစက်မှာပဲ။ သက်ဆိုင်ရာဒေသတခုလုံးကို ပြန့်လာပြီး တိုင်းပြည်တွေရဲ့တည်ငြိမ်ငြိမ်းချမ်းမှုကို ထိခိုက်ပျက်ပြားစေမယ်” ဟု ပြောသည်။
ကမ္ဘာတ၀န်းလုံးရှိ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသည့် အဖွဲ့အားလုံးအနေဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ချက်ချင်းရပ်တန့်ကြရန်နှင့် စစ်တပ်ကို သင်တန်းများပေးခြင်း၊ စစ်စည်းကမ်း များတွင်ထည့်သွင်းခြင်းတို့ ပြုလုပ်ကြရန် လုံခြုံရေးကောင်စီဆုံးဖြတ်ချက်၌ တောင်းဆိုထားသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မြန်မာဆိုင်ကလုန်းဒုက္ခသည်များအတွက် အမေရိကန်မှ ထပ်ဆောင်းထောက်ပံ့

Asian Tribune/၂၀ ဇွန် ၂၀၀၈

မြန်မာနိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီးနောက် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ (USAID) မှ လူသားချင်းစာနာမှုအထောက်အပံ့ မက်ထရစ်တန်ချိန် (၂,၆၄၉) တန် ပေးပို့ထားခဲ့ပြီးနောက် ထောက်ပံ့ပို့ဆောင်ရေးများ လုပ်ဆောင်နေသည့် ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်အဖွဲ့(WFP) ကို အမေရိကန်ဒေါ်လာ (၃) သန်း ထပ်ဆောင်း ထောက်ပံ့ ပေးမည်ဖြစ်သည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။

မြန်မာပြည်တွင်း ထောက်ပံ့ပို့ဆောင်ရေးအတွက် USAID မှ ယနေ့အချိန်အထိ WFP ကို ထောက်ပံ့ ပေးထားသည်မှာ စုစုပေါင်း ဒေါ်လာ (၄) သန်းရှိပြီဖြစ်သည်။
WFP သည် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ထောက်ပံ့မှုများကို ကုလသမဂ္ဂပူးပေါင်းပါဝင်သည့် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းအဖြစ် မြန်မာပြည်သူများအား ကယ်ဆယ်ရေး ထောက်ပံ့မှုများ ဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။ ထိုထောက်ပံ့ပို့ဆောင်ရေးအတွက် WFP က ထောက်ပံ့ပို့ ဆောင်ရေးစခန်း (၅) ခု အခြေစိုက်ထားပြီးနောက် ထိုစခန်းများမှ မုန်တိုင်းထိခိုက်ရာနေရာများသို့ ရေပေါ်လျှပ်ပြေးယာဉ်၊ လှေငယ်၊ ထရပ်ကား၊ ရဟတ်ယာဉ်များ စသည်တို့ဖြင့် ကယ်ဆယ်ရေး ပစ္စည်းများ၊ စားရေရိက္ခာများ ဖြန့်ဖြူးပေးနေသည်။“နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အသိုင်းအ၀န်းအနေနဲ့ မြန်မာပြည်သူတွေကို ထောက်ပံ့ပေးဖို့အတွက် ထောက်ပံ့ပို့ဆောင်ရေးတွေမှာ WFP ကိုပဲ အားထားနေကြရတယ်။ WFP ရဲ့ ကယ်ဆယ်ရေးလုပ်ဆောင်ချက်တွေမှာ အများကြီးလိုအပ်နေတဲ့ ထပ်ဆောင်းထောက်ပံ့ မှုတွေ လုပ်ပေးရတဲ့အတွက် ကျေနပ်မိပါတယ်” ဟု USAID စီမံခန့်ခွဲမှူး ဟင်နရီတာဖိုးက ပြောသည်။ယနေ့အထိ နာဂစ်မုန်တိုင်းနှင့်ပတ်သက်ပြီး အရေးပေါ်ထောက်ပံ့မှုများအတွက် USAID မှ မြန်မာ နိုင်ငံသို့ ထောက်ပံ့ပေးခဲ့သည်မှာ စုစုပေါင်း ဒေါ်လာ (၃၁.၄) သန်း ရှိသွားပြီဖြစ်သည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးထားသည့် ဒေါ်လာ (၉.၅) သန်းနှင့်ဆိုလျှင် အမေရိကန် အစိုးရမှ မြန်မာနိုင်ငံကို ကူညီထောက်ပံ့ထားမှုမှာ စုစုပေါင်း ဒေါ်လာ (၄၀.၉) သန်း ရှိသွားပြီ ဖြစ်သည်။ ။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ကြားဖြတ်သတင်း

၂၀ ဇွန် ၂၀၀၈

စစ်အစိုးရ ထိပ်ပိုင်းရာထူးနေရာများ အပြောင်းအလဲ ဖြစ်

အပြည့်အစုံဖတ်လိုလျှင်

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမေရိကန်လွှတ်တော်တွင် ဂုဏ်ပြုကျင်းပ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။မေ ၆၊ ၂၀၀၂။

20 June 2008

နေအိမ်အကျယ်ချုပ် ကျခံနေရဆဲဖြစ်တဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၃ နှစ်ပြည့် မွေးနေ့ပွဲကို အမေရိကန်နိုင်ငံ အောက်လွှတ်တော်ဆိုင်ရာ လူ့အခွင့်အရေးကော်မတီမှာ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေနဲ့ မြန်မာ့အရေး အားပေးထောက်ခံတဲ့ အမေရိကန် နိုင်ငံရေးလောကသားတချို့ စုဝေးပြီး မနေ့က ၀ါရှင်တန်ဒီစီမှာဂုဏ်ပြုကျင်းပခဲ့ပါတယ်။ အပြည့်အစုံကို ကိုယ်တိုင်တက်ရောက် သတင်းယူခဲ့တဲ့ ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အမေရိကန် အောက်လွှတ်တော်မှာ မနေ့ကကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲ အခမ်းအနားမှာ ထူးထူးခြားခြား တက်ရောက်ပြောဆိုခဲ့သူ တဦးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဝင်တဦး ငှားရမ်းမှုကြောင့် ဒေါ်စုလွတ်မြောက်ရေး ရှေ့နေလိုက်ပေးနေတဲ့ အမေရိကန်အခြေစိုက် Freedom Now အဖွဲ့ ဥက္ကဋ္ဌ မစ္စတာ ဂျဲရက် ဂျန်ဆာ ဖြစ်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို လေးကြိမ်တိုင်တိုင် အရင်က ဖမ်းဆီးခဲ့တုန်းကလည်း ကုလသမဂ္ဂဘက်ကနေ ဒီလိုဖမ်းဆီးမှုတွေဟာ တရားမ၀င်တဲ့ ဖမ်းဆီးမှုတွေ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ အခုလိုဖမ်းဆီးထားတာဟာ နိုင်ငံတကာ ဥပဒေနဲ့လည်း မညီညွတ်ပါဘူး။ အဲဒါကြောင့် ဇွန်လ ၁၈ ရက်နေ့ကပဲ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ကုလသမဂ္ဂဘက်ကနေ တရားဝင်နည်းလမ်းတွေနဲ့ အရေးပေါ် အရေးယူဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံချက်တစောင် ကျနော်ပေးပို့ခဲ့ပါတယ်” လို့ ရှေ့နေ ဂျဲရက် ဂျန်ဆာက ပြောသွားခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှ-ပစိဖိတ်ရေးရာ ညွှန်ကြားရေးမှူး အလီးနား နဂီးကလည်း မနေ့ကပဲ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးဖို့၊ အခုလိုဖမ်းဆီးထားတဲ့အတွက် မြန်မာစစ်အစိုးရကို ပြစ်တင်ရှုတ်ချတဲ့အကြောင်း ကြေညာချက်တစောင် ထုတ်ခဲ့တာရှိတယ်လို့ ဆိုပါတယ်။
“ဒီကနေ့ပဲ နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်က ကုလသမဂ္ဂမှာ အတွင်းရေးမှူးချုပ်မစ္စတာ ဘန်ကီမွန်းနဲ့ တွေ့ဆုံပြီး ဒေါ်စုလွတ်မြောက်ရေးအပြင် မြန်မာပြည်အတွက် ဒီမိုကရေစီ အပြောင်းအလဲ လုပ်ဆောင်မှုတွေအကြောင်း ဆွေးနွေးခဲ့ပါတယ်” လို့ ရှင်းပြခဲ့ပါတယ်။
အခမ်းအနားမှာ တက်ရောက်ပြောဆိုသူ နောက်တဦးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုဝမ်းကွဲတော်သူ NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရရဲ့ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်း ဖြစ်ပါတယ်။ ဒေါ်စုလွတ်ခြင်း၊ မလွတ်ခြင်းနဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဘယ်လောက်ဆက်စပ်မှုတွေ ရှိနေသလဲလို့ ဒေါက်တာစိန်ဝင်းကို မေးကြည့်ပါတယ်။
“နိုင်ငံရေးရေချိန်ကို ဒေါ်အောင်ဆန်းစုကြည် လွတ်မလွတ်၊ လွတ်တဲ့အခါမှာလည်း ဘယ်လိုစည်းကမ်းနဲ့လွတ်တယ်၊ မလွတ်ဘူး၊ စသည်အားဖြင့် ဒါတွေနဲ့ ချိန်ကိုက်လို့ရပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ကို တနှစ်ဆက်တိုးတယ်။ ၂၀၀၃ ကနေစပြီး တရားမ၀င် ဖမ်းဆီးထားတယ်ဆိုတာ မြန်မာပြည်ရဲ့ နိုင်ငံရေး၊ လူမှုရေးအခြေအနေ ဘယ်လောက်ဆိုးတယ်ဆိုတာ ရှင်းနေတာပါပဲ။”
အမေရိကန်နိုင်ငံ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အာရှ-ပစိဖိတ်ရေးရာ ညွှန်ကြားရေးမှူး မစ္စတာ တီကူးမားကလည်း ဒေါ်စုရဲ့မွေးနေ့ဟာ ခါးသီးတဲ့ ချိုမြိန်မှုတခုလို့ ဆိုပါတယ်။
“ဒီနေ့ဟာ ကျနော်တို့အားလုံးအတွက် ခါးသီးတဲ့ချိုမြိန်မှုတခုကို ခံစားရတဲ့နေ့ပါပဲ။ မြန်မာပြည်သူတရပ်လုံးနဲ့အတူ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုချိန်ထိ တိုင်းပြည်ထဲမှာ အကျဉ်းချခံနေရတုန်းပါ” လို့ မစ္စတာ တီကူးမားက ပြောသွားခဲ့ပါတယ်။
မွေးနေ့ပွဲမှာ မြန်မာ့အရေး ထောက်ခံကြတဲ့ အမေရိကန် နိုင်ငံရေးလောကသားတွေအပြင် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ စုစုပေါင်း ၅၀ ကျော် တက်ရောက်ခဲ့ပါတယ်။ အဲဒီအထဲမှာ မြန်မာအမျိုးသမီးငယ်လေး တဦးလည်း ပါဝင်ပါတယ်။
“အန်တီစုမွေးနေ့နဲ့ ပတ်သက်ပြီးတော့ တခါမှ မကျင်းပဖူးပါဘူး။ ဒါပေမယ့် သတင်းတွေ၊ ဆောင်းပါးတွေကြည့်တဲ့အခါ မျက်ရည်ကျပြီး စိတ်ထဲမှာ အရမ်းခံစားရတယ်။ဘာဖြစ်လို့လဲဆိုတော့ မိန်းမတယောက်အနေနဲ့ ဒီလို နိုင်ငံရေးစိတ်ဓာတ် အရမ်းပြင်းပြတယ်ဆိုတာ မြန်မာပြည်သူတွေအတွက် သတင်းကောင်းတခုပါပဲ။ အမျိုးသမီးတွေအတွက်လည်း ရှေ့ဆောင်ပြနေပါတယ်။ ငါတို့နိုင်ငံမှာ ယောက်ျားမှမဟုတ်ဘူး၊အမျိုးသမီးတွေလည်း တိုက်ခိုက်ဖို့အတွက် အားအင်တခုဖြစ်လာတယ်။
“သမီးတို့လူငယ်တွေအနေနဲ့ နိုင်ငံရေးနဲ့ပတ်သက်ပြီး မြန်မာပြည်ထဲမှာ ဂဃနဏ မသိရဘူး။ ဒီလို ပြည်ပကိုရောက်လာတဲ့အခါ ပိုပြီးတော့ ကိုယ့်နိုင်ငံသားထက် တခြား ပြည်ပနိုင်ငံက လူတွေကပါ ဒေါ်အောင်ဆန်းစုကြည်ရယ်လို့သိပြီး အားပေးတော့ ကိုယ့်မြန်မာနိုင်ငံသားတွေအနေနဲ့ ဘာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည် ထောင်ကျနေရာကလွတ်အောင် ဘယ်လိုအားပေးကူညီ လုပ်ဆောင်ရမယ်ဆိုတာ သူ့အလိုလို သွေးထဲကနေ စကားပြောလာတယ်။ အဲဒီအတွက် သမီးတို့ပြည်ပက လူတွေအနေနဲ့ ပြည်တွင်းကလူတွေ လွတ်မြောက်အောင် တနည်းနည်းနဲ့ ကယ်တင်မယ်ဆိုပြီး စိတ်ထဲမှာဖြစ်လာပါတယ်။”
တိုက်တိုက်ဆိုင်ဆိုင်ပဲ အကျဉ်းချခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဟာ သူ့လိုပဲ အကျဉ်းချခံထားရတဲ့ ရွှေဝါရောင်တော်လှန်ရေးရဲ့ ခေါင်းဆောင်တဦးဖြစ်သူ အရှင်ဂမ္ဘီရရဲ့ ၂၈ နှစ်မြောက်မွေးနေ့နဲ့ တိုက်ဆိုင်နေတဲ့အကြောင်း အခမ်းအနားကို ဦးစီးကျင်းပခဲ့တဲ့ US Campaign for Burma အဖွဲ့က ဂျနီဖာ ၀င်ဂလီကလည်း ပြောသွားခဲ့ပါတယ်။
မွေးနေ့တွေတော်တော်များများကို အကျဉ်းချခံပြီး ဖြတ်ကျော်နေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် ပျော်ရွှင်ဖို့မကောင်းတဲ့ မွေးနေ့ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည် ပျော်ရွှင်ပါစေလို့ ဆုတောင်းကြမယ့်အစား ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်ပါစေလို့ပဲ ဆန္ဒပြု ဆုတောင်းကြတာကို တွေ့ခဲ့ရပါတယ်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မြန်မာနိုင်ငံတွင် အမျိုးသမီးများအပေါ် အကြမ်းဖက် ရက်စက်မှုများရှိဟု လုံခြုံရေးကောင်စီ၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်။ဇွန် ၁၈၊ ၂၀၀၈။

20 June 2008

မနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အမျိုးသမီး ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတရပ်ကို ကျင်းပရာမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် (Condoleezza Rice) က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဒီပွဲကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်တိုင်လည်း တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဒီပွဲမှာ နိုင်ငံခြားရေးဝန်ကြီး ရိုက်စ်က မြန်မာနိုင်ငံအတွင်း အမျိုးသမီးတွေအပေါ် ရက်စက်ရမ်းကားမှုတွေ ရှိနေတာကို အခုလို ဥပမာပေး ပြောသွားပါတယ်။
“ကျမတို့အားလုံး သိနေပြီးသားပါ။ ဒီကနေ့ ကမ္ဘာ့နေရာအချို့မှာ အမျိုးသမီးတွေအပေါ် မယုံနိုင်စရာ ရက်စက်ရမ်းကားမှုတွေ ရှိနေပါတယ်။ ဥပမာ မြန်မာနိုင်ငံကိုကြည့်ပါ၊ စစ်သားတွေဟာ အမျိုးသမီးတွေနဲ့ အသက် ၈ နှစ်လောက်ပဲရှိတဲ့ မိန်းကလေးငယ်တွေကိုတောင်မှ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုတာတွေ မပြတ်ကျူးလွန်နေပါတယ်။”
ဒါ့အပြင် အခုလို ကမ္ဘာအနှံ့က လွတ်မြောက်ရေးတိုက်ပွဲဝင်နေတဲ့ အမျိုးသမီးတွေရဲ့ အခြေအနေကို ပြောကြမယ်၊ ဆွေးနွေးကြမယ်ဆိုရင် မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မေ့ထားလို့မရဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ရိုက်စ်က အခုလို ပြောသွားပါတယ်။
“မြန်မာနိုင်ငံက ၀မ်းနည်းကြေကွဲစရာ အဖြစ်အပျက်တခုကိုလည်း ပြောရပါမယ်။ မြန်မာနိုင်ငံမှာ ရွေးချယ်ခံ အနိုင်ရပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာအစိုးရခေါင်းဆောင် ဖြစ်ရမယ့်အစား ဒီကနေ့ကျရောက်တဲ့ သူမရဲ့မွေးနေ့မှာနေအိမ်မှာ အကျယ်ချုပ်ခံထားရပါတယ်။ အကြမ်းဖက်မှုတွေ ရှိနေတဲ့နေရာက လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေတဲ့ အမျိုးသမီးလှုပ်ရှားသူ အခြေအနေကို ကျမတို့ ဆန်းစစ်ကြတဲ့နေရာမှာ ဒီအချက်ကိုလည်း မေ့ထားလို့မရပါဘူး။”
ဒါကတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရိုက်စ်က မနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမျိုးသမီး ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စ ဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။ အင်္ဂလန်နိုင်ငံက ကိုယ်စားလှယ်ဖြစ်တဲ့ ပက်ထရစ်ရှာ စကော့တ်လန် (PATRICIA SCOTLAND) ကလည်း အကြမ်းဖက်မှုတွေရှိနေတဲ့ မြန်မာနိုင်ငံအတွင်းက အမျိုးသမီးထုရဲ့ အခြေအနေကိုလည်း သတိရစရာ ဖြစ်မိတယ်လို့ ပြောသွားပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်အကြောင်း နည်းနည်းပြောချင်ပါတယ်။ ဒီကနေ့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ဘ၀နဲ့ နောက်ထပ် မွေးနေ့ ကျင်းပရပြန်ပါပြီ။ မြန်မာနိုင်ငံသားတွေဟာ ၁၉၆၂ ခုနှစ်ကတည်းက စစ်အစိုးရလက်အောက်မှာနစ်နာခံစားခဲ့ကြရပါတယ်။ ဒီကနေ့ အမျိုးသမီး ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စတွေကို အခု ပြောဆိုဆွေးနွေးကြတော့ ဒေါ်အောင်ဆန်းစုကြည်ကို သတိရစရာ ဖြစ်လာပါတယ်။ ဒါ့အပြင် မြန်မာစစ်အစိုးရကြောင့်ဖြစ်လာတဲ့ စီးပွားရေးကျဆင်းမှုတွေ၊ ဖိနှိပ်မှုတွေမှာ ခါးစည်းခံကြရတဲ့ မြန်မာနိုင်ငံက သာမန်အမျိုးသမီးတွေကိုလည်း ကျမ သတိရမိပါတယ်။”
အခု ဒီဆွေးနွေးပွဲ ကျင်းပခဲ့တဲ့အချိန်မှာဆိုရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေး ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ ချမှတ်နိုင်ခဲ့တာ ၈ နှစ်ပြည့်အချိန် ကျင်းပခဲ့တာပါ။ အခုလို ဒီဆုံးဖြတ်ချက်ချပြီး ၈ နှစ်အကြာ ကမ္ဘာအနှံ့ စစ်မက်ဖြစ်ပွားတဲ့နေရာတွေက အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ဘယ်အခြေအနေရောက်နေပြီလဲဆိုတာကို ပြန်ပြီး သုံးသပ်ဆွေးနွေးခဲ့ကြတာပါ။ ဒီပွဲကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်တိုင်လည်း တက်ရောက်ပြီး ပဋိပက္ခဖြစ်တဲ့နေရာတွေမှာ အမျိုးသမီးတွေ အကြမ်းဖက်မှုတွေ အဆုံးသတ်နိုင်ဖို့အတွက် ပိုပြီး အားစိုက်လုပ်ကြဖို့လိုတယ်လို့ ပြောဆိုသွားပါတယ်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်