ဆော်လမွန်
အင်္ဂါနေ့၊ ဇွန်လ 17 2008 19:07 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်ရှိ အနည်းဆုံး ကျေးရွာအုပ်စု ၁၃ စုအတွင်း ပင်လယ်ရေ ဝင်ရောက်မှု တားဆီးနိုင်ရန် တာရိုးများ ပိတ်ဆို့ရေးအတွက် ဆာလာအိတ်ခွံ တသိန်းခန့် လိုအပ်နေသည်ဟု ကယ်ဆယ်ရေး အဖွဲ့တဖွဲ့က ကြေညာထားသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နာဂစ်မုန်တိုင်းသင့် ကျေးရွာများကို ကူညီနေသည့် ပြည်တွင်းအခြေစိုက် မြန်မာ အရေးပေါ် အကူအညီပေးရေး ကွန်ယက် (M/BEAN-Myanmar/Burma Emergency Aid Network) မှ ကျေးရွာအုပ်စုများရှိ လယ်ယာမြေများ အတွင်း ပင်လယ်ရေ ဝင်ရောက်မှု တားဆီးရန် တာရိုးများကို ပြန်လည် ပြုပြင်ရေးအတွက် အရေးပေါ် လိုအပ်နေသဖြင့် အလှူရှင်များကို ဖိတ်ခေါ် ကြေညာထားသည်။
M/BEAN ၏ မေတ္တာ ရပ်ခံချက်ထဲတွင် မုန်တိုင်းကြောင့် တာရိုးအရှည် ၉ မိုင်ကျော်အနက် ၁၇ နေရာခန့်သည် ကျိုးပေါက် ပျက်စီးနေပြီး ပင်လယ် ရေများ ဝင်ရောက်ကာ လယ်မြေဧက သောင်းချီ၍ ဆားငန်ရေ ဖုံးလွှမ်းနေသလို၊ ယခုလည်း ပင်လယ်ရေသည် ဆက်လက် တက်နေသဖြင့် လယ်သမားများ အချိန်မှီ ပြန်လည် ထွန်ယက်ရန် အခက်အခဲ တွေ့နေသည်ဟု ဆိုသည်။
M/BEAN သည် ဒေဒရဲ မြို့နယ်တဝိုက်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ကိစ္စများကို လုပ်ကိုင်နေပြီး ပါဝင် လုပ်ကိုင်နေသူများနှင့် အသိမိတ်ဆွေများ အကူအညီဖြင့် လုပ်ကိုင်နေသော အဖွဲ့ဖြစ်သည်။
အသေးစိတ် အချက်အလက်များ ပိုမိုသိရှိနိုင်ရန်အတွက် အဖွဲ့အစည်း တာဝန်ရှိသူတဦးထံ ဆက်သွယ် မေးမြန်းသော်လည်း ဖြေဆိုရန် ငြင်းဆို ခဲ့သည်။
ပင်လယ် ဒီရေတက်ချိန် ဒေးဒရဲ အရှေ့ခြမ်းရှိ နာခေါင်းချောင်း၊ ကဝက်ချောင်းကြီး၊ ကဝက်ရေကံချောင်၊ ကြပ်စဉ်ပျို့၊ တမာတကော၊ တိုး၊ ကျုံကနိ၊ ဦးတို၊ ဆူးကလပ်၊ ရှမ်းကန်၊ တော်ချိုက်၊ ကျုံဒက်၊ မရမ်းအနောက် ကျေးရွာအုပ်စုများ၏ လယ်မြေများတွင် ပင်လယ်ရေ ဝင်လာတတ် သဖြင့် အမြင့် ၈ ပေ၊ အကျယ် ၁၆ ပေ ရှိ တာရိုးကို ၉ မိုင်ကျော် ကာရံထားခဲ့သည်။
ကျိုးပေါက်နေသော တာရိုးများကို မြေဖို့ရန်အတွက် ရေကျချိန်ဖြစ်သည့် ဇွန်လ ၁ဝ ရက်မှ ၁၄ ရက်နှင့် ဇွန်လ ၂၅ ရက်မှ ၂၉ ရက်အတွင်းသာ လုပ်ဆောင်နိုင်မည် ဖြစ်ကာ လယ်သမားများသည် ဝါဆိုလပြည့်အမှီ ပျိုးကြဲရန်အတွက် တာရိုးကို အမြန်ဆုံး ပြုပြင်ရန် လိုအပ်သည်ဟု M/BEAN က ဆိုထားသည်။
ဒေးဒရဲမှ ရန်ကုန်သို့ ပြန်လည် ရောက်ရှိလာသော ကယ်ဆယ်ရေး လုပ်ငန်း လုပ်ကိုင်နေသူတဦးက “အစိုးရ ရုပ်မြင်သံကြားမှာ ပြနေတာကတော့ တာရိုးကို နည်းနည်းပါးပါး ဖို့နေတာတော့ တွေ့နေတာပဲ။ လူတွေနဲ့ ဖို့ခိုင်းလိုက်၊ စက် တစီးနှစ်စီးနဲ့ ဆွဲတင်လိုက်နဲ့ တွေ့နေရတာပဲ။ ဒါပေမဲ့ လွန်ခဲ့တဲ့အပတ်က ကျနော့် မျက်မြင်နဲ့ လက်တွေ့ အခြေအနေအရ ဘယ်လိုမှ မပြီးနိုင်ပါဘူး” ဟု ပြောသည်။
စက်အင်အား အသုံးပြုနိုင်မှု နည်းပါးကာ လူအင်အားဖြင့်သာ အဓိက လုပ်ဆောင်နေရကြောင်း သူက ထပ်မံ ပြောဆိုသွားသည်။
Rest of your post
Wednesday, June 18, 2008
ဒေးဒရဲ လယ်မြေများ ကာကွယ်ရန် ဆာလာအိတ်ခွံ တသိန်းခန့် လိုအပ်
Posted by
54freedom
at
12:12 AM
0
comments
Labels: ပြည်တွင်းသတင်းများ
လွတ်လပ်စွာ သတင်းယူခွင့်ပြုရန် စစ်အစိုးရကို နိုင်ငံတကာ သတင်းစာအဖွဲ့ကြီးက တောင်းဆို
မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဇွန်လ 17 2008 20:47 - မြန်မာစံတော်ချိန်
ဘဲလ်ဂိတ်။ ။ ကမ္ဘာတဝှမ်းမှ ထိပ်သီး စာနယ်ဇင်းသမားများ ကွန်ယက်တခုဖြစ်သော နိုင်ငံတကာ သတင်းစာ အင်စတီကျူ (အိုင်ပီအိုင်) ၅၇ ကြိမ်မြောက် အထွေထွေ အစည်းအဝေးက နာဂစ်မုန်တိုင်းဒါဏ်သင့် ဒေသများတွင် သတင်းယူနေသော သတင်းစာ ဆရာများ စာနယ်ဇင်း လွတ်လပ်ခွင့်ကို မြန်မာ စစ်အစိုးရအနေဖြင့် လေးစား ကာကွယ်ရန် တောင်းဆိုလိုက်သည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မေ ၂ ရက်နှင့် ၃ ရက်နေ့များက တိုက်ခတ်သော မုန်တိုင်းကြောင့် သေဆုံးသူနှင့် ပျောက်ဆုံးသူ စုစုပေါင်း လူ တသိန်း သုံးသောင်းရှိခဲ့သော မုန်တိုင်းဒါဏ်သင့် ဒေသများတွင် လွတ်လပ်စွာ သတင်းယူခြင်းကို ခွင့်ပြုရန် ပျက်ပြားခဲ့သည့်အတွက် ဆားဗီးယား နိုင်ငံ မြို့တော် ဘဲလ်ဂိတ်တွင် ပြုလုပ်သည့် အစည်းအဝေးတွင် မြန်မာ စစ်အစိုးရကို အိုင်ပီပီ အဖွဲ့ဝင်များက ရှုတ်ချ ပြောဆိုလိုက်သည်။
မုန်တိုင်းတိုက်ပြီးလို့ အစားအသောက်၊ သောက်သုံးရေ၊ နေထိုင်ဖိုနဲ့ ဆေးဝါးကုသခံဖို့ လိုအပ်တဲ့လူတွေ တသန်းကျော် ရှိနေတာတောင်မှ မြန်မာ စစ်အစိုးရက သတင်း အချက်အလက်တွေကို ဆင်ဆာဖြတ်နေလို့ ကောင်းတုံး ဟု အိုင်ပီအိုင် တင်္နလာနေ့က ထုတ်ပြန်သော ဆုံးဖြတ် ကြေညာချက်တွင် ပါရှိသည်။
ယခုကဲ့သို့သော မြန်မာပြည်နှင့် ပတ်သက်သော ပြောဆိုချက်သည် အိုင်ပီအိုင် ကမ္ဘာတဝှမ်းရှိ အစိုးရများကို စာနယ်ဇင်းသမားများ အခွင့်အရေး။ အထူးသဖြင့် သဘာဝ ကပ်ဘေးများနှင့် ပတ်သက်သော သတင်းများ ရေးသားပေးပို့ နေသူများကို သတင်းအချက်အလက်များ ဖြန့်ဖြူးပေးရန်။ သတင်းယူခြင်းကို ခွင့်ပြုရန်စသည့် တိုက်တွန်းထားချက် တစိတ်တဒေသ ဖြစ်သည်။
“မြေငလျင်တွေ၊ ဟာရီကိန်းတွေ၊ ရေကြီးတာတွေနဲ့ တခြား ကပ်ဘေးတွေ ကျရောက်တဲ့အခါ မီဒီယာ သတင်းပေးပို့ချက်တွေက အလွန့်အလွန် ကိုပဲ မရှိမဖြစ် လိုအပ်တာပါ၊ သူတို့ရဲ့ အင်တိုက်အားတိုက် ချက်ခြင်း လုပ်ဆောင်မှုတွေကြောင့် လူပေါင်း မြောက်များစွာရဲ့ အသက်တွေ ကယ်တင် နိုင်ပြီး သင့်တင့်လျောက်ပတ်တဲ့ ကယ်ဆယ်ရေးနဲ့ ကူညီ လုပ်ဆောင်မှုတွေ ပါလာနိုင်တာ” ဟု အိုင်ပီအိုင်က ပြောသည်။
မြန်မာပြည်တွင်းမှာတော့ အစိုးရက မုန်တိုင်းဒါဏ် သင့်သူတွေအတွက် ကယ်ဆယ် ထောက်ပံ့ရေးများ လုပ်ဆောင်နေသော လုပ်အားဒါန အလှူရှင်များကို ဖမ်းဆီးလျှက်ရှိရာမှာ အပတ်စဉ်ထုတ် ဂျာနယ်တခု အယ်ဒီတာဟောင်း ဦးဇော်သက်ထွေးလည်း ပါဝင်သွားသည်။
အိုင်ပီအိုင် ၅၇ ကြိမ်မြောက် အစည်းအဝေးကြီးကို ယခင် ယူဂိုဆလားဗီးယား နိုင်ငံမြို့တော်လည်း ဖြစ်သည့် ဘဲလ်ဂိတ်မှာ ကျင်းပရာ နိုင်ငံပေါင်း ၆ဝ ကျော်မှ ထိပ်သီး သတင်းစာ အယ်ဒီတာ။ မီဒီယာ အလုပ်အမှုဆောင်ချုပ်များ အပါအဝင် သတင်းစာဆရာ ၆ဝ ကျော် တက်ရောက်ခဲ့သည်၊ မဇ္ဈိမ သတင်းဌာနမှ လက်ထောက် အယ်ဒီတာ ကိုမုံပီးက မဇ္ဈိကို ကိုယ်စားပြု တက်ရောက်ခဲ့သည်။
အိုင်ပီအိုင်အနေဖြင့် လွတ်လပ်စွာ ပြောဆိုခွင့်၊ ထုတ်ဖော်ခွင့်နှင့် စာနယ်ဇင်းသမားများ လုပ်ငန်း လုပ်ဆောင်နေစဉ်အတွင်း လုံခြုံရေး ကာကွယ်မှု ပေးနိုင်ရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
Rest of your post
Posted by
54freedom
at
12:10 AM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ
ဒေါ်စု မွေးနေ့ပွဲ နိုင်ငံတကာရောက် မြန်မာများ ကျင်းပမည်
မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဇွန်လ 17 2008 19:19 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၃ နှစ်မြောက် မွေးနေ့ပွဲကို ကျင်းပသွားရန် နိုင်ငံတကာရှိ မြန်မာ အင်အားစုများက ပြင်ဆင်နေကြသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ ဂျပန်နှင့် အိန္ဒိယနိုင်ငံရောက် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများက ကျင်းပသွားရန် အတွက် ပြင်ဆင်နေကြောင်း လက်ရှိ သတင်းရထားသည်။
စင်္ကာပူတွင် ကျင်းပမည့် အစီအစဉ်ကို မျိုးချစ် မြန်မာများအဖွဲ့မှ ကိုစိုးထွန်းက “ဘုန်းကြီးကျောင်းမှာ လာမယ့် တနင်္ဂနွေမှာ လုပ်မှာပါ။ အခမ်းအနားကို မနက် ၁ဝ နာရီမှာ စတင်လုပ်မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ မွေးနေ့ပွဲမှာ ဂုဏ်ပြုတဲ့အနေနဲ့ ကဗျာရွတ်ပွဲနဲ့ ဓာတ်ပုံပြပွဲကို စင်္ကာပူမှာ ရှိတဲ့ တိုပါးရိုး ဘုန်းကြီးကျောင်းမှာ လုပ်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
မလေးရှားနိုင်ငံ Puchong ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်) (မလေးရှားဌာနခွဲ) ရုံးတွင် ဓာတ်ပုံပြပွဲ ပြုလုပ်သွားမည်ဟု အဖွဲ့ ဥက္ကဋ္ဌ ကိုကျော်ကျော်က ပြောသည်။
ထိုင်းနိုင်ငံ မဲဆောက်တွင် ကျင်းပမည့် အစီအစဉ်များနှင့် ပတ်သက်ပြီး အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ သဘာပတိ အဖွဲ့ဝင်တဦးက “စကားဝိုင်းတွေ လုပ်ဖို့ရှိတယ်။ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကျောင်းတွေမှာ စကားဝိုင်း လုပ်တာတွေ ရှိမယ်။ မဲဆောက် ဒေသမှာရှိတဲ့ နေရာတနေရာမှာ အခမ်းအနား လုပ်မှာပါ။ ဓာတ်ပုံပြပွဲမျိုး မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှုတွေပါတဲ့ ဓာတ်ပုံတွေကို အခမ်းအနားမှာ ပြထားမယ်။ အခမ်းအနားအတွင်းမှာ ဆုတောင်းပွဲနဲ့ တပါထဲ လုပ်သွားမှာ ဖြစ်တယ်” ဟု ပြောသည်။
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လွှတ်တော်ထဲတွင် မွေးနေ့ပွဲနှင့် မြန်မာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲများ စီစဉ်ထားသည်။
အခန်းအနား စီစဉ် ဆောင်ရွက်မည့်သူ ဒေါ်ချိုချိုအေးက “ဂျပန် အမျိုးသမီး အမတ်တွေက ကမကထပြု စီစဉ်ပေးတာပါ။ ကျမတို့က “လက်ရှိ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ အခြေအနေ” ခေါင်းစဉ်နဲ့ ဂျပန်ပါလီမန်မှာ ဟောပြောမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ပြသသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
မြန်မာ့အရေး ပူးပေါင်း ဆောင်ရွက်မှု ကော်မတီ (ဂျပန်) မှ ကိုနိုင်ကျော်ဦးက “လွှတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မတရား ဆက်ဖမ်း ထားတဲ့ အပေါ်မှာရယ်၊ လက်ရှိ နာဂစ်မုန်တိုင်း အချက်အလက်တွေရယ်ကို မြန်မာ့အရေး ကူညီပေးနေတဲ့ အမတ်တွေက စုံလင်အောင် တင်ပြ ပြီးတာနဲ့ ကျနော်တို့နဲ့ ပူးပေါင်းပြီးတော့ ချီတက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
နေ့လယ် ၂ နာရီခွဲတွင် မြန်မာ့အရေး လှုပ်ရှားသူများနှင့် ဒေသခံ ဂျပန်အဖွဲ့များ ပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် သူမ၏ ဓာတ်ပုံများ ပါရှိသည့် တီရှပ်အင်္ကျီများ ဝတ်ဆင်ကာ၊ ပိုစတာ ဓာတ်ပုံများ ကိုင်ဆောင်၍ တိုကျိုမြို့ရှိ ရှိပူးရာ Shi Puya အရပ်မှ ရွပ်ပွန်းဂီး Roppon Gi အရပ်အထိ ၁ နာရီကြာ လမ်းလျှောက် ချီတက်မည် ဖြစ်သည်။
အိန္ဒိယနိုင်ငံတွင် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ဦးဆောင်ပြီး နယူးဒေလီ မြို့တွင်းသို့ လမ်းလျှောက် ချီတက်ပွဲတရပ် ပြုလုပ်သွားမည် ဖြစ်သလို၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ၊ အနောက်ဖက်ဒေသ) က ကြီးမှူးကာ ရှစ်လေးလုံး ဘုန်းကြီးကျောင်းတွင် ဆွမ်းကပ် တရားနာပွဲ ကျင်းပ သွားမည်ဟု သိရသည်။
ကိုရီးယားနိုင်ငံတွင်မူ ပြီးခဲ့သည့် တနင်္ဂနွေနေ့၊ ၁၅ ရက်နေ့ နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီအထိ ပွတ်ချွန်းမြို့ရှိ နိုင်ငံခြားသား အလုပ်သမား ရိပ်သာတွင် မွေးနေ့ပွဲကို ကိုရီးယား လွှတ်တော်အမတ်များ၊ ဥပဒေ ပညာရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့များ၊ မြန်မာနိုင်ငံသားများ စုစုပေါင်း အင်အား ၁၅ဝ ခန့် တက်ရောက်ကာ ကျင်းပခဲ့ပြီး ဖြစ်သည်။
“ကဗျာတွေ၊ တေးသီးချင်းတွေနဲ့ ဂုဏ်ပြုပွဲလုပ်တာပါ။ ကိုရီးယားနိုင်ငံမှာ ရောက်နေတဲ့ အာရှ နိုင်ငံလုံးဆိုင်ရာ ဖျော်ဖြေရေးပြပွဲ အတွင်းမှာရှိတဲ့ မြန်မာနိုင်ငံသား ဖျော်ဖြေရေး ပညာရှင်တွေရယ်၊ ဖိလစ်ပိုင် နိုင်ငံသား ဖျော်ဖြေရေး ပညာရှင်တွေရယ်၊ ကိုရီးယား ပညာရှင်တွေရယ် ပေါင်းပြီးတော့ မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ် လက်အောက်မှာ ကြုံတွေ့နေရတဲ့ အနက် အဓိပ္ပာယ်ကို ပေါ်လွင်တဲ့ ဖျော်ဖြေရေးတွေကို ပြသ သွားပါတယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်၊ ကိုရီးယားဌာနခွဲ) မှ ကိုရန်နိုင်ထွန်းက ပြောသည်။
Rest of your post
Posted by
54freedom
at
12:08 AM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ
သာကေတတွင် ကျောင်းပြို၍ အနည်းဆုံး ကျောင်းသား ၅ ဦး ဒဏ်ရာရ
မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဇွန်လ 17 2008 17:30 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ သာကေတမြို့နယ်ရှိ အလယ်တန်းကျောင်းတကျောင်း အင်္ဂနေ့ နံနက်က ပြိုကျရာ အနည်းဆုံး ကျောင်းသားငါးဦး ဒဏ်ရာ ရသွားခဲ့သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အုတ်စီ နှစ်ထပ် အဆောက်အဦးဖြစ်သော အခြေခံပညာ အမှတ် ၈ အလယ်တန်းကျောင်းသည် လွန်ခဲ့သည့် လအတွင်း ဖြစ်ပွားသော နာဂစ်မုန်တိုင်းဒဏ်ကြောင့် အပျက်အစီး များခဲ့ရသည်ဟု မျက်မြင်သက်သေ တဦးက ပြောသည်။ သို့သော် စစ်အစိုးရ အမိန့်ဖြစ်သော ဇွန် ၂ ရက်နေ့မှ စတင်ကာ မဖြစ်မနေ ကျောင်းဖွင့်ရမည် ဆိုခြင်းအတွက် တက်သုတ်ရိုက် ပြင်ဆင်ခဲ့ကြရသည်။
စစ်အစိုးရက မြို့နယ်ပညာရေး အရာရှိများ၊ ကျောင်းအုပ်ဆရာ ဆရာမများကို ဇွန်လ ၂ ရက်နေ့ ကျောင်းပြန်ဖွင့်ရန် ညွန်ကြားခဲ့ပြီး လိုက်နာမှု မရှိလျှင် အရေးယူမည်ဟု ပါရှိသည်။
Rest of your post
Posted by
54freedom
at
12:07 AM
0
comments
Labels: ပြည်တွင်းသတင်းများ
ကယ်ဆယ်ရေး လုပ်နေသူများ ထပ်မံ ဖမ်းဆီးမှုများ ရှိခဲ့
နန်းဒေဝီ
အင်္ဂါနေ့၊ ဇွန်လ 17 2008 16:24 - မြန်မာစံတော်ချိန်
နယူးဒေလီ။ နာဂစ် မုန်တိုင်းဒဏ်သင့် ပြည်သူများကို ကယ်ဆယ် ထောက်ပံ့ရေး လုပ်ဆောင်နေသူ တက်ကြွ လှုပ်ရှားသူများကို ဖမ်းဆီးထားမှုများ ဆက်လက် စုံစမ်းသိရှိရပြန်သည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဖမ်းဆီး စစ်ဆေးခံနေရသူများတွင် ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ဝင်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များနှင့် တသီးပုဂ္ဂလများ ပါဝင်သည်။ ယမန်နေ့က ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင် ၃ ဦးအား ဖမ်းဆီးခဲ့မှုကို မဇ္ဈိမက သတင်းထုတ်ပြန်ပြီး ဖြစ်သည်။ (“လေဘေးကူညီသူ ၈၈ ကျောင်းသားများ အဖမ်းခံရ” တွင် ဖတ်ရှုနိုင်သည်။)
ထပ်မံ စုံစမ်းသိရှိရသည်မှာ ဇွန် ၁၂ ရက်နေ့ တရက်တည်းမှာပင် နောက်ထပ် ၅ ယောက် အဖမ်းခံရရာ မဆည်းဆာ၊ ကိုဇော်၊ ဦးတင်မောင်ဦး၊ မနီမိုးလှိုင်၊ ဦးတိုးကျော်လှိုင်တို့ ဖြစ်သည်ဟု ဖြစ်သည်။
သူတို့ အားလုံးကို အထူး ရဲသတင်း တပ်ဖွဲ့က နေရာကွဲများတွင် ဖမ်းဆီးသွားခြင်း ဖြစ်သည်။
“လောလောဆယ်တော့ အင်းစိန် သီးသန့်ဆောင်မှာ ထားပြီးတော့ စစ်ဆေးမှုတွေ လုပ်နေတယ်၊ ဘာတွေ မေးတယ်ဆိုတာတော့ အသေးစိတ် မသိရသေးဘူး၊ ရုံးတင် စစ်ဆေးတာမျိုးတော့ မလုပ်သေးဘူး” ဟု အင်းစိန်ထောင် ဝန်ထမ်းတယောက်နှင့် တွေ့ဆုံခဲ့သည့် အမည်မဖော်လိုသူ လုပ်ဖော်ကိုင်ဖက်တဦးက မဇ္ဈိမသို့ ပြန်လည် ပြောပြသည်။
ဦးတိုးကျော်လှိုင်အား တာမွေရှိ နေအိမ်တွင် ဖမ်းမိခြင်းဖြစ်ပြီး လေဘေးကယ်ဆယ်ရေး မှတ်တမ်း စီဒီချပ်များနှင့် ကွန်ပြူတာ တလုံးတို့ကိုပါ သိမ်းဆည်းသွားခဲ့သည်။
မကြာသေးမီက ဖွဲ့စည်းလိုက်သော ၈၈ မျိုးဆက် ကျောင်းသားများ၏ “မေတ္တာပေါင်းကူး” လေဘေး ကယ်ဆယ်ရေးအဖွဲ့သည် နာဂစ် လေမုန်တိုင်းဒါဏ် ခံရသည့် ဧရာဝတီတိုင်းရှိ ဘိုကလေးမြို့နယ်နှင့် လပွတ္တာ မြို့နယ်များရှိ လေဘေးဒုက္ခသည်များအား လိုက်လံ ကူညီ ပေးနေသည်။
ယခုလ ဇွန်လ လဆန်းပိုင်းမှ စတင်ကာ အာဏာပိုင်များက လေဘေး ဒုက္ခသည်များအား အကူအညီပေးသည့် လူမှု ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေကြသည့် အဖွဲ့အစည်းများအား ထပ်မံ တင်းကျတ်လိုက်သည့် အနေဖြင့် လိုက်နာရမည့် စည်းကမ်းချက် ၈ ချက်အား ထုတ်ပြန်ခဲ့သည့် နောက်ပိုင်း ပိုမို တင်းကြပ်လာခဲ့ကြောင်း ရေဘေး ကယ်ဆယ်ရေး လုပ်ကိုင်နေသည့် အဖွဲ့များက ယခုလို ပြောဆိုသည်။
“ဒေးဒရဲကို သွားရင်တောင် လမ်းမှာ ဂိတ်တွေ ၃ဝ လောက် ဖြတ်ရတယ်။ တဂိတ်နဲ့တဂိတ် ၁ ဖာလုံ ကျော်ကျော်လောက်ဘဲ ဝေးတယ်။ အစုံမေးတယ်။ ဘယ်အဖွဲ့လည်း၊ ဘယ်သွားမှာလည်း၊ ဘယ်သူ ဦးဆောင်လည်း၊ ဘာတွေပါလည်း၊ တန်ဘိုး ဘယ်လောက် ရှိလည်းပေါ့။ မေးထားခိုင်းလို့ မေးတာပါလို့ ပြောတယ်” ဟု အမည်မဖော်လိုသူ ကယ်ဆယ်ရေး လုပ်သူတဦးက ပြောသည်။
ယခုလို လိုက်လံ မေးမြန်းသူများတွင် အာဏာပိုင်များ ခန့်အပ်ထားသည့် မြို့နယ်အတွင်းရှိ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းမှ စည်းရုံးရေးမှူးများ၊ ကျေးရွာများရှိ ရပ်ကွက် အာဏာပိုင်များက ဦးဆောင်၍ ဂိတ်များတွင် တာဝန်ယူ မေးမြန်းလျက် ရှိသည်။
အလားတူ ဧရာဝတီတိုင်း အတွင်းရှိ နာဂစ်လေမုန်တိုင်း လေဘေး ဒုက္ခသည်များအား ကူညီပေးနေသည့် ဟာသ အနုပညာရှင် ကိုဇာဂနာ နှင့် အားကစား ဆောင်းပါး ရေးသားသူ ကိုဇော်သက်ထွေးတို့အားလည်း အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။
Rest of your post
Posted by
54freedom
at
12:06 AM
0
comments
Labels: ပြည်တွင်းသတင်းများ
ဓားပြများက ကျောင်းဆရာမကို ပြန်ပေးဆွဲ
ဇလပ်မေ
အင်္ဂါနေ့၊ ဇွန်လ 17 2008 16:41 - မြန်မာစံတော်ချိန်
အိုက်ဇော။ ။ ချင်းပြည်နယ် ပလက်ဝမြို့နယ် ပေါင်းမိုကျေးရွာရှိ ကျောင်းဆရာမ တဦးနှင့် ကောလိပ် ကျောင်းသူတဦးကို အမည်မသိ လက်နက်ကိုင် ၅ ဦးက ယခုလ ၉ ရက်နေ့က ပြန်ပေးဆွဲသွားသည်။
၉ ရက်နေ့ ညပိုင်းတွင် လက်နက်ကိုင် ဓားပြ ၅ ဦးသည် ကျေးရွာအတွင်း ဝင်ရောက်ကာ ရွာလူကြီးများအား ခေါ်ယူပြီး ကျပ်ငွေ သိန်း ၇ဝ တောင်းရာ သိန်း ၂ဝ သာ ပေးနိုင်သဖြင့် ပေါင်းမိုရွာ မူလတန်း ကျောင်းဆရာမ မအောင်ပ (၂၆ နှစ်) နှင့် အဘ ဦးဇာနည်အောင် ၏ သမီးဖြစ်သူ ကောလိပ်ကျောင်းသူ မရာရီး (၁၈ နှစ်) တို့အား ပြန်ပေးဆွဲသွားခြင်း ဖြစ်သည်၊၊
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“လက်နက်ကိုယ်စီ ကိုင်ပြီး ညမှာ ရွာထဲကို သူတို့ ဝင်လာတယ်။ ရပ်ရွာလူကြီးတွေ ခေါ်ပြီးမှ ငွေတောင်းတယ်။ သိန်း ၇ဝ တောင်းတယ်။ လူကြီးတွေက သိန်း ၂ဝ ပဲ ပေးနိုင်တာကြောင့် ကျန်တဲ့ သိန်း ၅ဝ အတွက် အမျိုးသမီး နှစ်ယောက်ကို ပြန်ပေးဆွဲတဲ့ သဘောနဲ့ ခေါ်သွားတယ်” ဟု ပလက်ဝမြို့မှ အမည်မဖော်လိုသူ ဒေသခံတဦးက ပြောသည်၊၊
မျက်နှာဖုံး စွပ်မထားသည့် ဓားပြများသည် ရွာထဲတွင် ဗမာစကားသာ ပြောဆိုခဲ့ပြီး၊ ကျန်ရှိသည့်ငွေ ပေးချေရမည့် နေရာကို ပြောဆိုခြင်း မရှိသေးကြောင်းနှင့် သူတို့သည် မည်သည့် လက်နက်များ ကိုင်ဆောင်ခဲ့သည်ကို မခန့်မှန်းနိုင်ကြောင်း ဒေသခံများက ဆိုသည်။
ဓားစာခံ အမျိုးသမီးများနှင့် ပတ်သက်ပြီး ရွာမှ တရက်ကြာ လမ်းလျှောက်သွားရသည့် စဥ့်အိုးဝကျေးရွာ အခြေစိုက် ပြည်သူ့ ရဲတပ်ဖွဲ့ထံ ကျေးရွာ လူကြီးများက တိုင်ကြားသော်လည်း တာဝန်ယူ ဖြေရှင်းနိုင်ခြင်း မရှိသေးပါ။
ဓားစာခံများ၏ ဆွေမျိုးများကမူ ဖမ်းဆီး ခံထားရသူများ ပြန်လည် လွတ်မြောက်ရေးအတွက် လိုအပ်သည့်ငွေ ပြည့်မီရန် ရှာဖွေနေကြသည်။
မရာရီး၏ ဆွေမျိုးတဦးက “ဖမ်းသွားကတည်းက အခုထိ သူတို့ ဘာမှ အကြောင်းမကြားသေးဘူး၊ ဘယ်နေရာမှာ ထားသလဲဆိုတာလည်း မသိရဘူး။ အခု ကျန်နေသေးတဲ့ ပိုက်ဆံကိုလည်း သူတို့ကို ပြန်ရွေးဖို့ ရှာနေရတယ်။ အတိုးနဲ့ချေးဖို့ ရှာနေတုန်း” ဟု ပြောသည်၊၊
ယခင်ကလည်း ပလက်ဝမြို့နယ် ကျေးရွာအချို့တွင် လက်နက်ကိုင် အချို့က အလားတူ ဆက်ကြေးသဘော တောင်းခံမှုမျိုး ရှိခဲ့ဟု ဆိုသည်။
Rest of your post
Posted by
54freedom
at
12:04 AM
0
comments
Labels: ပြည်တွင်းသတင်းများ
စမ်းချောင်းဥက္ကဌ ဖဲရိုက်နေစဉ် အဖမ်းခံရ
မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဇွန်လ 17 2008 16:48 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ တာဝန်ချိန်အတွင်း ရုံးထဲမှာပင် ဖဲရိုက်နေသူ မြို့နယ်ဥက္ကဌကို စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးမှု ယနေ့ နံနက်က ဖြစ်ပွားခဲ့သည်။
ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် အေးချမ်းသာယာရေး ရုံးအတွင်း မြို့နယ်ဥက္ကဌ ဦးကျော်ခိုင်၊ အတွင်းရေးမှူး ဦးခင်မောင်ဦးတို့ ပါဝင်သည့် လူအုပ်စုက အပျော်တမ်း ပိုကာဒေါင်း ဖဲရိုက်နေစဉ် စရဘ တပ်ဖွဲ့ဝင်များက ဝင်ရောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်။
Posted by
54freedom
at
12:00 AM
0
comments
Labels: ပြည်တွင်းသတင်းများ