ဆော်လမွန်
အင်္ဂါနေ့၊ ဇွန်လ 10 2008 14:20 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ ဆိုင်ကလုံး မုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသများသို့ ကယ်ဆယ်ရေး ပစ္စည်းများကို ကုလ ရဟတ်ယာဉ်များက ကူသယ် ခေါက်သယ် သယ်ပို့ပေးနေသဖြင့် နောက်ဆုံးတွင် အကူအညီများ တဖြေးဖြေးချင်း ရောက်ရှိနေပုံ ရပါသည်။ သို့သော် ဤသို့ နောက်ကျခြင်း သည် မုန်တိုင်းဘေးမှ အသက်မသေ လွတ်မြောက် ကျန်ခဲ့သူများအတွက် ကြီးမားစွာထိ ခိုက်နစ်နာစေခဲ့မည်ကို စိုးရိမ်ရကြောင်း ဝေဖန်သူများက ပြောကြားကြပါသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ ကယ်ဆယ်ရေး ပစ္စည်းများ လွန်ခဲ့သော အပတ်ကမှ လေကြောင်းဖြင့် ပထမဆုံး ရောက်ရှိခဲ့သည်။ ကယ်ဆယ်ရေး ပစ္စည်းများကို မြစ်ဝကျွန်းပေါ် ဒေသသို့ သယ်ပို့ပေးရန် ယခု ရက်သတ္တပတ် ကုန်ပိုင်းက နောက်ထပ် ရဟတ်ယဉ် ၅ စင်းကို မြန်မာ စစ်အစိုးရက ခွင့်ပြုခဲ့သည်။ “မနေ့က ရဟတ်ယဉ် ၂ စင်းသွားတယ်။ ၄ စင်းက ဒီနေ့ အစားအစာတွေ သွားပို့တယ်” ဟု ဘန်ကောက်ရှိ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ပြောရေးဆိုခွင့်ရှိသူ ပေါလ်ရစ်စလေ (Paul Risley) က ပြောကြားလိုက်ပါသည်။ “ဘယ်တော့မှတော့ အရမ်း နောက်ကျသွားပြီရယ်လို့ မရှိပါဘူး၊ ဒါပေမဲ့ ပြဿနာက ခုအချိန်ဆိုရင် လူအတော်များများက သေပြီး ဖြစ်နေတော့ မှာ” ဟု ကင်ပိန်းအုပ်စု တခုဖြစ်သည့် ယှဉ်ပြိုင် အာဆီယံ ကွန်ရက် (Altsean) ၏ ဆက်သွယ် ညှိနှိုင်းရေးမှူး ဒက်ဘီစတော့ဟတ် (Debbie Stothard) က ပြောဆိုသွားပါသည်။ “ဆိုင်ကလုံး မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ဒေသက ပြည်သူတွေ အတွက်ကတော့ တကယ့်ကို ဝမ်းနည်းစရာ ဖြစ်ရပ်ကြီးပါဘဲ၊ ဘာအကူအညီမှ မရဘဲ နေခဲ့ရတာ တလကျော်နေပြီ” ဟု စတော့ဟတ် (Stothard) က ဆက်လက် ပြောဆိုသွားပါသည်။ ရန်ကုန်မြို့ရှိ နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီတခုနှင့် လုပ်ကိုင်နေသော မြန်မာ အကူအညီပေးရေး လုပ်သားတဦးကလည်း မည်သို့ပင် ဖြစ်စေ အကူအညီပေးရေး ပစ္စည်းများ ဖြန့်ဖြူးရေး လုပ်ငန်းများ တိုးတက် ဖွံ့ဖြိုးမှုသည် အလွန် နည်းနေဆဲ ဖြစ်ပြီး နေရာ အများအပြားကို ယခုတိုင် ရောက်ရှိခြင်း မရှိသေးဟု ပြောဆိုသွားပါသည်။ “လူအတော်များများက ဘာအကူအညီမှ မရဘဲ သူတို့ဖာသာ သူတို့ အသက်ရှင်နေရတာ။ ရောဂါမျိုးစုံ ဖြစ်နေတာ ခံနေရတာ ခုဆို တလကျော်ပြီ” ဟု ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ လပွတ္တာမြို့မှ မကြာသေးခင်ကမှ ပြန်လည် ရောက်ရှိလာသူ အဆိုပါ အကူအညီပေးရေး လုပ်သားက ပြောကြားသွားခဲ့ပါသည်။ အစိုးရ၏ ကန့်သတ်မှုများကလည်း အကူအညီ အပူတပြင်း လိုအပ်နေသော ဒုက္ခသည်များထံ အကူအညီများ ရောက်ရှိရေး ကြန့်ကြာစေသည်ဟု သူက ဆက်လက် ပြောဆိုသွားပါသည်။ “လူတွေ အများကြီးဆီ အရောက်သွားပြီး ကူညီကယ်ဆယ်နိုင်ဘို့ ဆိုတာ နိုင်ငံတကာ အကူအညီပေးရေး လုပ်သားတွေရဲ့ ကျွမ်းကျင်မှု ရဘို့ လိုပါတယ်” သူကပင် ထပ်မံ ပြောဆိုသွားပါသည်။ဤအတောအတွင်း သူတို့၏ နိုင်ငံတကာ ဝန်ထမ်း ၃၆ ဦး မြန်မာအစိုးရထံမှ ပြည်ဝင်ခွင့်ဗီဇာ ရရှိပြီး ဖြစ်သည် ဟု (WFP) က ပြောဆိုပါသည်။ သို့သော် ဘန်ကောက်တွင် စောင့်ဆိုင်းနေသော သူတို့၏ ရဟတ်ယဉ် ၄ စင်း ယခုထိ ဝင်ခွင့် မရသေး၍ စောင့်ဆိုင်း နေရကြောင်းကိုလည်း ဆက်လက် ပြောဆိုသွားပါသည်။ မြန်မာနိုင်ငံကို မေ ၂ ရက်နှင့် ၃ ရက်နေ့များက တိုက်ခတ်သွားခဲသော့ ဆိုင်ကလုံး မုန်တိုင်းကြောင့် ဖြစ်ပေါ်လာခဲ့သည့် စုစုပေါင်း မုန်တိုင်း ဒုက္ခသည် ၂ သန်းခွဲအနက် ယခုအခါ ဒုက္ခသည် ၁.၃ သန်းခန့်မှာ အကူအညီများ ရရှိခဲ့ပြီ ဖြစ်ကြောင်းဖြင့် ကုလသမဂ္ဂက ပြောကြားပါသည်။ သို့သော် မြန်မာ စစ်အစိုးရကမူ အစိုးရ၏ ချက်ချင်း အရေးယူ ဆောင်ရွက်ခဲ့မှုနှင့် မြန်မာပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကြောင့် ယခုအခါ မုန်တိုင်း ဒုက္ခသည်များအား ‘အရေးပေါ် ကယ်ဆယ်ရေးအဆင့်’ ပြီးဆုံးသွားပြီ ဖြစ်ပြီး၊ ယခုအခါ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို အာရုံပြု လုပ်ဆောင်နေကြောင်း ပြောဆိုခဲ့ပါသည်။ မြန်မာနိုင်ငံ (Altsean) မှ ဒက်ဘီစတော့ဟတ် ကမူ အကူအညီ လုံးလုံးမရခဲ့ခြင်း၊ သို့မဟုတ် အနည်းအကျဉ်းသာ ရရှိခဲ့ခြင်းကြောင့် မုန်တိုင်းဘေးမှ အသက်မသေ လွတ်မြောက်ခဲ့ပြီးမှ အများအပြား သေဆုံးခဲ့ရသည်ဟု ပြောဆိုလိုက်ပါသည်။ မုန်တိုင်း ဒုက္ခသည်များအား ကူညီကယ်ရေး ကိစ္စ ချဉ်းကပ်ပုံကို နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် ပြန်လည် စဉ်းစားသင့်သည်ဟု သူမက ဆက်လက် ပြောဆိုသွားပါသည်။ “ဒီလိုသာ နောက်ထပ် ကြန့်ကြာနေဦးမယ် ဆိုရင် သူတို့ (နိုင်ငံတကာ အသိုင်းအဝိုင်း) အနေနဲ့ နအဖ (SPDC) ဆီက ခွင့်ပြုချက် မတောင်းဘဲ လူသားချင်း စာနာတဲ့ ဝင်ရောက် စွက်ဖက်မှုမျိုးကို ထောက်ခံသင့်တယ်” ဟု (Stothard) က ဆိုလိုက်ပါသည်။
Rest of your post
Tuesday, June 10, 2008
မြစ်ဝကျွန်းပေါ် ဒေသသို့ ကုလရဟတ်ယာဉ်များ ကယ်ဆယ်ရေး ပစ္စည်းများ သယ်ပို့ပေးနေ
Posted by
54freedom
at
8:03 PM
0
comments
Labels: ပြည်တွင်း သတင်းများ
ပုဂ္ဂလိက လှူဒါန်းမှုများ ကျဆင်းလာနေ
ဇာနည်
အင်္ဂါနေ့၊ ဇွန်လ 10 2008 13:17 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ တလကျော် ကြာမြင့်လာပြီးနောက် လူပန်း ငွေနည်း ဖြစ်လာသဖြင့် နာဂစ် လေဘေး ဒုက္ခသည်များအတွက် ပုဂ္ဂလိက အကူအညီများ ယခုအခါ တဖြေးဖြေး ကျဆင်းလာနေသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မုန်တိုင်းတိုက်ပြီး နောက်ပိုင်း ဒေသ အသီးသီးမှ တပိုင်တနိုင် အလှူရှင်များက ဧရာဝတီတိုင်းရှိ လေဘေး ဒုက္ခသည်များကို ထောက်ပံ့ကူညီမှု အမျိုးမျိုး ပေးလာခဲ့ရာမှ တလနှင့် ရက်သတ္တ တပတ်ခန့် အကြာတွင် အကူအညီများ သိသာစွာ ကျဆင်းသွားခြင်း ဖြစ်သည်။ “အခု သွားခဲ့တာက ဒုတိယအကြိမ်။ ပထမ အခေါက်တုန်းက၊ မေလ လယ်လောက်ကဆိုရင် လာလှူတဲ့ သူတွေက အများကြီး ရှိတယ်။ အခုတခေါက်မှာတော့ တော်တော် ပါးသွားတယ်” ဟု ဧရာဝတီတိုင်း လပွတ္တာဘက်သို့ သွားရောက် လှူဒါန်းခဲ့သူ ရန်ကုန်မှ ကိုကျော်ကျော်က မဇ္ဈိမကို ပြောသည်။ မန္တလေးမှ အသိမိတ်ဆွေများ စုပေါင်းကာ ဖျာပုံဘက်တွင် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင် ပေးနေသူများကလည်း ရှေ့ဆက်လုပ်ရန် အခက်အခဲများ တွေ့နေရပြီဟု ဆိုသည်။“ကျနော်တို့ ဒီလကုန်ရင်တော့ ဆက်မလုပ်နိုင်တော့ဘူး။ လူပန်းတာရယ်၊ ရန်ပုံငွေ မရှိတော့တာတွေရယ်ကြောင့်ပါ” ဟု အဖွဲ့ဝင်တဦးက ပြောသည်။သူတို့အဖွဲ့သည် မုန်တိုင်းကျအပြီး အစားအသောက်၊ အဝတ်အထည်နှင့် ဆေးဝါးများကို တပိုင်တနိုင် စတင် လှူဒါန်းခဲ့ရာမှ ယခု ၃ ကြိမ်မြောက်တွင်မူ ခြေကုန်လက်ပန်း ကျနေပြီဟု သူက ထပ်မံ ပြောသွားသည်။ ဘိုကလေးမြို့သို့ လာရောက် လှူဒါန်းသူ ပုဂ္ဂလိက အလှူရှင် အရေအတွက်သည်လည်း ယခင်ကထက် ၃ ပုံ ၁ ပုံ ခန့် နည်းပါးသွားသည်ဟု ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ကိုင်နေသော ဒေသခံများက ပြောဆိုသည်။မဟာဂန္ဓာရုံ ကျောင်းတိုက်မှ သံဃာတော်တပါးက “တကာ၊ တကာမတွေက အခုဆိုရင် လှူနိုင်တဲ့အား လျော့သွားတယ်။ ဦးဇင်းတို့ ဆိုရင်လည်း တော်တော် ပင်ပန်းနေကြပြီ။ အချိန်ကလည်း ကြာလာပြီလေ” ဟု မဇ္ဈိမကို မိန့်ကြားသည်။ပုဂ္ဂလိက အလှူရှင်များသည် မိမိတို့ နီးစပ်ရာ အသိုင်းအဝိုင်းများမှ အထောက်အပံ့ ပစ္စည်းများကို စုဆောင်းပြီး ဧရာဝတီတိုင်းရှိ ဒုက္ခသည်များထံ သွားရောက် ပေးလှူကြခြင်း ဖြစ်သည်။ရန်ကုန်ရှိ နာရေး ကူညီမှု အသင်းကဲ့သို့သော ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် အဖွဲ့များကို လှူဒါန်းခြင်း ရှိသလို လေဘေးသင့် ဒေသများသို့ ကိုယ်တိုင် သွားရောက် လှူဒါန်းကြသူများလည်း ရှိကြသည်။ အလှူရှင် တဦးက “အခုဆို ကျနော်လှူတာ ၂ ခါရှိပြီ။ အစားအစာနဲ့ အဝတ်တွေပါတယ်။ သွားရတာတွေက ပင်ပန်းတာရယ်၊ နောက် ပစ္စည်းတွေ စုဆောင်းဖို့ အခက်အခဲတွေ ရှိနေတော့ အခုတခေါက်က တော်တော် အားနည်းသွားတယ်” ဟု ပြောသည်။ရန်ကုန်မှ ပုဂ္ဂလိက အလှူရှင် တဦးကလည်း “သူတို့ ကြုံရတဲ့ ဒုက္ခက ကျမတို့ထက်တောင် ဆိုးတယ်။ ဆက်ပြီး ပေးချင်ပေမယ့် ကိုယ့်မိသားစု အရေးကလည်း ရှိသေးတယ်လေ။ သူတို့ဘို့ ဒီလောက်ပဲ လုပ်ပေးနိုင်လို့ စိတ်မကောင်းဘူး” ဟု ပြောသည်။
Posted by
54freedom
at
7:42 PM
0
comments
Labels: ပြည်တွင်း သတင်းများ
မြန်မာနိုင်ငံ လေဘေး ဒုက္ခသည်များအတွက် ဒလိုင်းလားမား ငွေလှူဒါန်း
မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဇွန်လ 10 2008 12:36 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ မြန်မာနိုင်ငံ ဆိုင်ကလုံး လေဘေး ဒုက္ခသည်များ ကယ်ဆယ်ရေးနှင့် ပြန်လည် တည်ဆောက်ရေးအတွက် ရူပီး ၅ဝဝဝဝဝ (အမေရိကန် ဒေါ်လာ ၁၂၅ဝဝ) ကို ပြည်ပရောက် တိဗက် ဘာသာရေး ခေါင်းဆောင်ကြီး ဘုန်းတော်ကြီး ဒလိုင်းလားမားက တနင်္လာနေ့က လှူဒါန်းလိုက်ပါသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြန်မာနိုင်ငံရှိ နာဂစ်ဆိုင်ကလုံး မုန်တိုင်း ဒုက္ခသည်များကို ကူညီရန်အတွက် နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒလိုင်းလားမားက ဤသို့ ရှေ့ထွက် လှူဒါန်းလိုက်ခြင်း ဖြစ်သည် ဟု ပြည်ပရောက် အစိုးရအဖွဲ့ ဖြစ်သည့် မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) ဝန်ကြီး ဒေါက်တာတင့်ဆွေက ငွေလက်ခံ ရယူအပြီး ပြောကြားသွားပါသည်။ “ဒါ မြန်မာပြည်သူတွေအတွက် အားတက်ဘွယ် ကိစ္စတရပ်ပါဘဲ” ဟု ဒေါက်တာတင့်ဆွေက ပြောကြားသွားခဲ့ပြီး၊ ယခု လှူဒါန်းငွေကို မြန်မာနိုင်ငံ သာသနာ့ မောလိအဖွဲ့ (ABMA) သို့ လွှဲပြောင်း ပေးအပ်မည်ဟုလည်း ဆက်လက် ပြောဆို သွားပါသည်။ တိဗက် ဘုန်းတော်ကြီး၏ ယခု လှူဒါန်းငွေသည် ကြောက်မက်ဘွယ် ကောင်းလှသည့် ဆိုင်ကလုံး မုန်တိုင်းကြီး မြန်မာနိုင်ငံ ကမ်းရိုးတန်း ဒေသဖြစ်သည့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသနှင့် ရန်ကုန်တိုင်းတို့ကို တိုက်ခတ်သွား အပြီး ဒုတိယ အကြိမ်မြောက် လှူဒါန်းခြင်း ဖြစ်သည်။ မုန်တိုင်း တိုက်ခတ်ပြီးပြီးချင်း မြန်မာနိုင်ငံ လေဘေး ဒုက္ခသည်များအတွက် ရူပီးငွေ ၅ဝဝဝဝ ကို ဘုန်းတော်ကြီး ဒလိုင်းလားမား က လှူဒါန်းခဲ့သေးသည်။
Rest of your post
Posted by
54freedom
at
7:33 PM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ
လေဘေး စခန်းအချို့တွင် ဝမ်းရောဂါ ဖြစ်ပွား
ဖနိဒါ
တနင်္လာနေ့၊ ဇွန်လ 09 2008 20:43 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ လပွတ္တာမြို့ရှိ လေဘေးဒုက္ခသည် စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားလျှက် ရှိသည်ဟု ကုသမှုပေးနေသူ ဆရာဝန်၏ အပြောအရ သိရသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ကျနော့်လူနာတွေ ပြောပြတာက ဂေါက်ကွင်းစခန်း ၃ က ၈ဝ လောက် ဖြစ်နေတယ်။ ဟိုတနေ့ကပဲ ဆေးရုံ သွားပို့တာတောင် ရှိတယ်။ ကလေး တယောက်တောင် ဆုံးသွားတယ်။ ဝမ်းရောဂါကြီးတော့ မဟုတ်ဘူး၊ ရိုးရိုး ဝမ်းပျက်ပေါ့နော်။ ဒါပေမဲ့ မနေ့ညက လူနာတယောက် ရောက်လာ တယ်။ ညဘက်ကတည်းက ဝမ်းသွားတာ၊ မနက် ကျနော့်ဆီလာတော့ Pressure က သုည ဖြစ်နေတာနဲ့ ဆေးရုံ ပို့လိုက်တယ်” ဟု ဒေါက်တာ အေးကြူက မဇ္ဈိမကို ပြောသည်။ ဒေါက်တာ အေးကြူမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၀င်တဦးလည်း ဖြစ်ပြီး ၁၉၉၀ ခုနှစ် ရွေးကောက်ခံခဲ့ရသူ ပြည်သူ့ လွှတ်တော်အမတ် တဦးလည်း ဖြစ်သည်။သူ့ဆေးခန်းတွင် ကုသမှု လာရောက်ခံယူသူ လေဘေးသင့် စခန်းများမှ လူနာများသည် တနေ့လျှင် ပျမ်းမျှ ၆ဝ ခန့်တွင် ၂၅ ဦးခန့်မှာ ဝမ်းပျက် ဝမ်းလျောကြောင့်ဟု ပြောသည်။ လပွတ္တာမြို့ ၃ ရပ်ကွက် ဒုက္ခသည်စခန်း (၁) တွင် တဲ ၄၅ လုံး၊ စခန်း (၂) ဘောလုံးကွင်းတွင် တဲအလုံး ၈ဝ ၊ ဂေါက်ကွင်းစခန်း (၃) တွင် တဲအလုံးရေ ၁ဝဝဝ ၊ အမှတ် (၄) ၅ မိုင်တွင်မူ တဲပေါင်း ၆ဝ တဲခန့် ရှိသည်။ လပွတ္တာ ဆေးရုံတွင် တက်ရောက် ကုသခဲ့ရသည့် ကလေးငယ် တဦး၏ မိခင်က “ဆေးရုံတက်မှ ကလေးတွေ အများကြီးပါလားလို့ တွေ့ရတယ်။ အများအားဖြင့်တော့ မုန်တိုင်းခံရတဲ့ ကလေးတွေ အများဖြစ်တယ်။ ဆရာဝန်တွေက ပြောတာက ရေကြောင့်လို့ ပြောတယ်။ မုန်တိုင်း မိတဲ့အချိန်မှာ ရေငံတွေ သောက်လို့ ဖြစ်တယ်လို့ ပြောတယ်လေ။ အခုလည်း ရေမသန့်လို့ ပြောတာပဲ ဆရာဝန်တွေကတော့။ ကျမတို့က ဂရုစိုက်နေတဲ့ကြားက ဖြစ်သွားတယ်လေ” ဟု ပြောသည်။ ဒေါက်တာ အေးကြူက “နီးစပ်ရာ လယ်ကွင်းမှာ ရှိတဲ့ ရေကို ချိုးကြတယ်၊ သုံးကြတယ်ပေါ့နော်။ ဒီနှစ်တော့ အရင်နှစ်နဲ့ မတူဘူးနော်။ ယင်ကောင်ကလည်း အကြီးကြီးတွေပဲ၊ နည်းတဲ့ အကောင်တွေ မဟုတ်ဘူး။ လူတွေများလို့ ယင်ကောင်တွေ များလာတယ်လို့ ပြောကြတယ်။ ဆရာတို့ အိမ်တောင် ထမင်းစားပွဲမှာ ဖယောင်းတိုင် အမြဲ ထွန်းထားရတယ်။ မြို့အစွန်းတွေက လူနာတွေက သူတို့ဘက်မှာ ပိုများတယ်လို့ ပြောတယ်လေ” ဟု ပြောသည်။ လပွတ္တာမြို့ပေါ်ရှိ ဒေသခံတဦးက ယင်ကောင် များလာခြင်းကြောင့် စစ်အစိုးရမှ ပြီးခဲ့သည့် ရက်ပိုင်းက ဆေးဖျန်းခဲ့ရာ ယခုအခါ လျော့နည်းသွားပြီဟု ဆိုသည်။ သူက “ကျနော်က မေးလိုက်တာ၊ နေပြည်တော်က လာတဲ့ ဗိုလ်မှူးတယောက် ဦးဆောင်ပြီး လာတယ်ပေါ့နော်။ ယင်ကောင်တွေ များတော့ ကားနဲ့ ဆေးလိုက်ဖျန်းလိုက်တယ်။ အခု ဆေးဖျန်းလိုက်တော့ ယင်ကောင်တွေ ပျောက်နေပြီ။ ကျန်းမာရေး အဖွဲ့တခုပါ နာမည်တော့မသိဘူး။ ဓာတ်ခွဲ စမ်းသပ်တယ်၊ ကာလဝမ်းရောဂါ ဖြစ်၊ မဖြစ် ဆိုတာတွေပါ။ ကျန်တဲ့ ကလေးတွေလည်း တနှစ်ကျော်ကျော်၊ နှစ်နှစ် ကလေးအရွယ်တွေမှာ ဖြစ်နေတယ်၊ မြို့ပေါ်မှာလည်း ဖြစ်တယ်” ဟု သူက ပြောသည်။ အလားတူပင် ပြီးခဲ့သည့် တပတ်အတွင်းက ဘိုကလေးနှင့် ၄၅ မိုင်ခန့် အကွာတွင် တည်ရှိသည် ဧရာမြို့တွင်လည်း ဝမ်းရောဂါများ ဖြစ်ခဲ့မှုများ ရှိသည်။
Rest of your post
Posted by
54freedom
at
7:28 PM
0
comments
Labels: ပြည်တွင်း သတင်းများ
လေဘေးကယ်ဆယ်ရေး လုပ်ငန်းတွင်ပင် သံဃာတော်များ ဝါဆိုမည်
ဇာနည်
တနင်္လာနေ့၊ ဇွန်လ 09 2008 21:01 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ ဧရာဝတီတိုင်း အတွင်းရှိ မုန်တိုင်းဒဏ်သင့် ဒေသများတွင် လာရောက်၍ လေဘေးကယ်ဆယ်ရေး လှည့်လည် ဆောင်ရွက်နေသည့် သံဃာတော်များသည် လုပ်ငန်းများ ပြီးပြတ်မည် မဟုတ်သဖြင့် လာမည့် ဝါတွင်းကာလတွင် ရောက်ရှိသည့် ဒေသ၌ပင် ဝါဆိုရမည့် အခြေ ဆိုက်နေသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် မန္တလေး မဟာဂန္ဓာရုံ ကျောင်းတိုက်မှ သံဃာတော် ၁၁ ပါးက ဦးဆောင်၍ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေရာ တလခန့် ကြာမြင့်လာပြီးနောက် ဆက်လက်၍လည်း ပိုမို ထိရောက်စွာ လုပ်ကိုင်နိုင်ရေးအတွက် မိမိတို့၏ ကျောင်းတိုက်များသို့ ပြန်၍ ဝါဆိုနိုင်တော့မည် မဟုတ်ခြင်း ဖြစ်သည်။ “ဦးဇင်းတို့ ဒီလိုလုပ်တာက ဒုက္ခရောက်တဲ့ သူတွေကို ကူညီဖို့က အခု အနေအထားအရ တအား လိုအပ်နေတယ်။ ကယ်ဆယ်ရေးအတွက် ပိုထိရောက်အောင်လို့ပါ” ဟု မဟာဂန္ဓာရုံ ကျောင်းတိုက်မှ သံဃာတော် တပါးက မဇ္ဈိမကို မိန့်ကြားသည်။ရောက်ရှိနေသည့် နေရာအနီးရှိ ကျောင်းတိုက်များ၌ပင် ဝါဆိုခွင့် ရရှိရေးအတွက် ကျောင်းတိုက် ဆရာတော်ကြီးများထံ ခွင့်ပြုချက် ရယူရပေသည်၊လက်ရှိတွင် ဘိုကလေးနှင့် လပွတ္တာဘက်သို့ ဆရာဝန်များဖြင့် ဝေယျာဝစ္စ ကူညီရန် သွားရောက်ရန် သံဃာတော်များက စီစဉ်ထားသည်။ယမန်နှစ်ကလည်း မန္တလေးတဝိုက်တွင် ရေကြီးခဲ့စဉ်က သံဃာတော်များက ကယ်ဆယ်ရေး ပစ္စည်းများ ဝေမျှပေးခြင်းကို လုပ်ဆောင်ပေးခဲ့ ကြသည်။ ထိုစဉ်ကမူ ယခု အခြေအနေလောက် ဆိုးဝါးခြင်း မရှိ၍ သံဃာတော်များ ဝါဆိုခြင်း ကိစ္စကို ထိခိုက်ခြင်း မရှိခဲ့ကြောင်း သိရသည်။ဗုဒ္ဓဘာသာဝင်တို့၏ ဝါတွင်းကာလမှာ ဝါဆိုလပြည့်နေ့ ဖြစ်သော ဇူလိုင်လ ၁၇ ရက်နေ့မှ သီတင်းကျွတ် လပြည့်နေ့ဖြစ်သည့် အောက်တိုဘာလ ၁၄ ရက်နေ့ အထိ ဖြစ်သည်။သံဃာတော်များအနေဖြင့် ဝါတွင်း ၃ လအတွင်း မိမိတို့ မူလ သီတင်းသုံးရာ ကျောင်းတိုက်များတွင်သာ ဝါဆိုကြရပြီး ညအိပ်ညနေ ကျောင်းတိုက် အပြင်သို့ပင် ထွက်ခွင့် မရှိပေ။ဝါတွင်းကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ရပ်ဝေးသို့ ရောက်နေပါက ရောက်ရှိရာအရပ်မှ ကျောင်းတိုက်ကလည်း ခွင့်ပြုမည်ဆိုပါက ထိုကျောင်းတိုက်တွင် ဝါဆိုခွင့် ရှိကြောင်း ဦးဇင်းက ပြောကြားသွားသည်။
Rest of your post
Posted by
54freedom
at
7:25 PM
0
comments
Labels: ပြည်တွင်း သတင်းများ
မြန်မာအစိုးရနဲ့ အမေရိကန်သမ္မတ ဘွတ်ရှ် အစိုးရ၊ အတင်းဝင်ရောက်ကယ်တင်ချိန်တန်ပြီ
Posted by
54freedom
at
6:18 PM
0
comments
Labels: ဆောင်းပါး
Monday, June 9, 2008
ဒီမိုကရေစီရနေသူများ မြန်မာပြည်သူတွေအတွက် သောက်ရေတခွက် တောင်း ပေးပါ
မီးခဲ
ဲတနင်္ဂနွေနေ့က ထုတ်လွှင့်သွားတဲ့ ဗွီအိုအေ တိုက်ရိုက်လေလှိုင်း အစီအစဉ်ကို ကြားလိုက်ရတော့ လက်ရှိမြန်မာပြည်သူတွေ ခံစားနေရတဲ့ သောကတွေကို ကြားလိုက်ရတယ်။ ဘ၀င်မကျစရာတွေ ရှိလာပြန်တော့ စာရေးချင်စိတ် ပေါက်လာပြန်တယ်။ နိုင်ငံတကာက အကူအညီတွေကို မျှော်လင့်ကြီးစွာ စောင့်စားနေတဲ့ မြန်မာပြည်သူတွေကို အမေရိကန်က ကယ်နိုး၊ ကုသမဂ္ဂက ကယ်နိုး၊ ဒီမိုကရေစီပါတီကြီး အန်အယ်လ်ဒီက ကယ်နိုး မျှော်လင့်နေကြတဲ့ နာဂစ်ဒုက္ခသည်တွေရဲ့ တစ်လကျော်ကြာ အိမ်မက်ကြီးက မိုးစင်စင်လင်းတာတောင် မပျက်မပြယ်နိုင် ဖြစ်နေရရှာတယ်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မျှော်လင့်ချက်တွေနဲ့ မျက်နှာသစ်၊ လူသေအလောင်းတွေကို နေ့စဉ်ကြည့်ပြီး ဆာရင် ဆာတယ်၊ ရေငတ်ရင် ရေငတ်တယ်ဆိုပြီး တရားဘာဝနာ ပွားများမှတ်သားနေရတဲ့ မြန်မာပြည်သူတွေ ဒီလောက်ဝဋ်ဆင်းရဲကြီးကို အစုလိုက် အပြုံလိုက် ကြုံရအောင် ဘယ်လိုကံကြမ္မာကများ ဖန်တီးခဲ့လေသလဲ။ ကံကြမ္မာဆိုတာ လူတွေ ဖန်တီးနေတဲ့ ကိစ္စဆိုရင် ဒီအချိန်ဟာ မိမိကံကြမ္မာကို မိမိဘာသာဖန်တီးရမယ့် အချိန်ပါ။ဘ၀င်မကျလို့ စာရေးချင်စိတ် ပေါက်လာတယ်ဆိုတာကို ပြန်ပြီးဆက်ပါမယ်။ ဘ၀င်မကျမှုကတော့ ပြည်သူတွေ အတိဒုက္ခရောက်ချိန်မှာ ပြည်ပက ဒီမိုကရေစီအင်အားစုတွေအနေနဲ့ အသံတွေ ငြိမ်သက်နေကြတာကိုပါ။ အဲဒီလို ငြိမ်သက်နေကြတာဟာ စစ်အုပ်စုနဲ့ အတွေးအခေါ် တူနေလို့ပဲလားဆိုတာကို စဉ်းစားမိလာလို့ပါ။မြန်မာ့အတိုက်အခံ ဒီမိုကရေစီအင်အားစုဆိုသူများ ဘာလုပ်နေကြပါသလဲ။ နိုင်ငံတကာ ကယ်ဆယ်ရေး တပ်ဖွဲ့တွေ အမြန်ဆုံးဝင်ပြီး အကူအညီပေးရေး တောင်းဆိုမှုတွေ လုပ်ဖို့ဆိုတဲ့ စဉ်းစားတွေးခေါ်မှုတောင် မရှိကြတော့ဘူးလား။ ကိုယ့်ပြည်သူတွေအတွက် အားစိုက်ထုတ်မှုတွေကို ဒီနေ့ကာလတွေမှာ မလုပ်ရင် ဘယ်တော့လုပ်ကြမှာလဲ။ အခုလို တိုင်းပြည်ပြောင်းလဲအောင် လုပ်ရမယ့် အချိန်အခါကောင်းမှာ အပြောင်းအလဲကို စစ်အုပ်စုဆီက တောင်းယူမှ ရမယ်လို့ ခင်ဗျားတို့တွေ ယူဆနေကြတာလား၊ မဟုတ်ရင် မြန်မာနိုင်ငံ အပြောင်းအလဲကို မလိုလားတဲ့ သူတွေထဲမှာ စစ်အုပ်စု၊ တရုတ်၊ အာဆီယံတို့နဲ့အတူ သဘောထား တခုထဲရှိနေကြပြီလား ဆိုတာတွေကို မေးခွန်းထုတ်ရတော့မယ်။မြန်မာပြည်သူတွေ အခုလို သေရေးရှင်ရေးကာလ ရောက်နေချိန်မှာ သက်တောင့်သက်သာနဲ့ ကိုယ့်အရေး မဟုတ်သလို နေနေကြတာ ရှက်စရာကောင်းလိုက်တာလို့များ ခင်ဗျားတို့ မတွေးမိကြဘူးလား။ ပြည်သူအတွက်ဆိုတဲ့ ကြွေးကြော်မှုကြီးကို ကိုင်စွဲပြီး၊ စစ်အုပ်စုဖိနှိပ်တာ ခံနေရတဲ့ ပြည်သူလူထုကြီးကို သနားစရာ သတ္တ၀ါလေးတွေလိုဘေးက ကြည့်ပြီး၊ နိုင်ငံတကာ အကူအညီတွေကို စစ်အုပ်စုက လက်ခံသင့်တယ်ဆိုပြီး ကြေညာချက်လေးထုတ်ပြီး ပွဲကြည့်ပရိသတ်လို ဘေးပြောပြောနေတဲ့ နိုင်ငံရေးသမား ဒီမိုကရေစီအင်အားစုများအနေနဲ့ အချိန်မနှောင်းခင် တာဝန်မဲ့ စိတ်တွေကို ပြုပြင်ပြီး ပြည်သူတွေအတွက် အမြန်ဆုံး အရေးဆိုပေးကြဖို့ အကြံပြုချင်ပါတယ်။ ခင်ဗျားတို့လိုသာ အေအေးဆေးဆေးလေး ကိုယ်နဲ့မဆိုင်သလို လုပ်နေရင် မြန်မာနိုင်ငံဟာ လွတ်လပ်ရေးတောင် ရခဲ့မှာမဟုတ်ဘူး။ဝေ့လည်လည်ပြောနေတဲ့ ဂျန်နရေးရှင်းများကိုလည်း အကြမ်းမဖက်ချင်ကြောင်း သိပ်မပြော သိပ်မရေးကြပါနဲ့လို့ ပြောချင်တယ်။ ဒီနေ့ခေတ် လူငယ်တွေကြားထဲကို အတွေးအခေါ် အမှားတွေ ဖြန့်ဝေပေးနေသလို ဖြစ်ပါလိမ့်မယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ခင်ဗျားတို့လို လူငယ်အရွယ်မှာပဲ တိုင်းပြည်လွတ်လပ်ရေးရဖို့ နိုင်ငံခြားမှာ စစ်ပညာသင်ပြီး ကိုယ်ကျိုးစွန့် တိုက်ခဲ့လို့ ပြည်သူကချစ်တဲ့ လူထုခေါင်းဆောင် ဖြစ်ခဲ့ရတယ်ဆိုတာကို သတိရဖို့ ပြောချင်တယ်။ ပတ်စပို့နဲ့ ထွက်လာပြီး ကွန်ပြူတာတလုံးနဲ့ အကြမ်းမဖက်ချင်ကြောင်း ကြေညာချက်လေးတွေ ထုတ်ရုံနဲ့ အာဏာရှင်စနစ်က လွတ်မြောက်ရေးတိုက်ပွဲကို ဖော်ဆောင်လို့မရဘူးဆိုတာ ဒီနေ့လူငယ်တွေ မှတ်သား သတိပြုသင့်ပါတယ်။ အတွေးအခေါ် မှားယွင်းသူတွေရဲ့ ကြိုးကိုင်ချယ်လှယ်မှုကို ခံရရင် ဝေ့လည်လည် ဂျန်နရေးရှင်းတွေ ဖြစ်သွားမယ်ဆိုတာ သမိုင်းသင်ခန်းစာတွေကနေ လေ့လာဆည်းပူးကြပါလို့ ပြောချင်တယ်။လူငယ်တချို့ ဒီလိုဖြစ်နေကြတာ ရှေ့ကနွားတွေက ဖြောင့်ဖြောင့်မသွားတာတွေကြောင့်ပါ။ ဒီမိုကရေစီအင်အားစုများအနေနဲ့ အလှူငွေကောက်ခံပြီး နာဂစ်ဒုက္ခသည်တွေကို ပေးမယ်ဆိုတဲ့ ခင်ဗျားတို့ရဲ့ သာရေးနာရေး အဆင့်လောက်ရှိတဲ့ အတွေးအခေါ်တွေကိုရပ်ပြီး တစ်လကျော်ကြာ စားစရာ သောက်စရာ နေထိုင်စရာမရှိတဲ့ ပြည်သူတွေအတွက် နိုင်ငံတကာ ကူညီကယ်ဆယ်ရေးတပ်ဖွဲ့တွေ အမြန်ဆုံးဝင်ရောက်ဖို့ ဖိအားပေးမှုတွေ အမြန်လုပ်ကြပါ။ ခင်ဗျားတို့ရဲ့လှုံဆော်မှုဟာ မရှိသလောက်ကို အားနည်းခဲ့တာကြောင့် ကူညီကယ်ဆယ်ရေးအတွက်လာတဲ့ သဘောင်္တချို့လည်း ပြန်သွားကြပြီ။ စစ်အုပ်စုက အ၀င်မခံတာ သဘာဝကျတယ်။ သူ့အကျိုးစီးပွား သူ့အာဏာပျက်ပြားမယ့် ကိစ္စကြောင့် အ၀င်မခံတာ၊ ခင်ဗျားတို့ကကော ဘာအကျိုးစီးပွားတွေ ရှိနေကြလို့ နှုတ်ဆိတ်နေကြတာလဲ။အခုလည်း စစ်အုပ်စုဘက်က အ၀င်မခံရင် နိုင်ငံတကာ အကူအညီတွေကို နယ်စပ်ဖြတ်ကျော်ပြီး ကျနော်တို့ ကူညီပေးလို့ ရပါတယ်ဆိုတဲ့ အန်စီယူဘီ အတွင်းရေးမှူးကြီးရဲ့ စကားကလည်း ငွေကို ကျနော်တို့လက်ထဲ ထည့်ပါဆိုသလို ဖြစ်နေပြန်ပြီ။ နာဂစ်အကြောင်းပြု ပရိုပိုဇယ်တောင်းဖို့ တာဆူနေမှုတွေကို ရပ်တန်းက ရပ်ကြပါ။ အားအားရှိ ကြေညာချက်တွေ ထုတ်နေတဲ့ အတိုက်အခံအင်အားစုများ ပြည်သူတွေအတွက် ကယ်ဆယ်ရေးတပ်ဖွဲ့တွေ အမြန်ဆုံးဝင်ရောက်ဖို့ ကုလသမဂ္ဂတို့ အမေရိကန်တို့ကို ဖိအားပေးတောင်းဆိုမှုတွေ လုပ်ခဲ့ကြသလား ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစားကြပါ၊၊နိုင်ငံတကာရောက် မျိုးချစ်မြန်မာများ လူ(၁၀၀)လောက်သေတဲ့ ဒီပဲယင်းကိစ္စကိုတောင် တခမ်းတနားလုပ်ပြီး ဆန္ဒပြနေကြသေးရင် မုန်တိုင်းကြောင့် သိန်းချီပြီးသေဆုံး သန်းချီပြီး ဒုက္ခရောက်ရတဲ့ ပြည်သူတွေအတွက် ဘာကြောင့် ကမ္ဘာတ၀ှမ်း မြန်မာသံရုံးတွေရှေ့မှာ ဆန္ဒပြပွဲတွေ မလုပ်ကြသလဲ။ နောက်ထပ်လည်း မသေသေးတဲ့ သူတွေကို ထပ်ပြီးသတ်နေတဲ့ စစ်အုပ်စုကို ကမ္ဘာက အရေးယူဖို့၊ နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားတွေ အရေးပေါ်ဝင်ပေးဖို့ တောင်းဆိုပွဲတွေ ဘာကြောင့် မလုပ်ကြသလဲ။ ခင်ဗျားတို့က နယ်စပ်က လူတွေခိုင်းမှ လုပ်ကြမှာလား။ ပရိုပိုဇယ်ဗုတ်နိုးကျတော့ ခင်ဗျားတို့ တက်ကြွနေလိုက်ကြတာ။ ကိုယ့်ပြည်သူအတွက် ကယ်ဆယ်ရေးလုပ်ဖို့ တောင်းတာဟာ ခင်ဗျားတို့အတွက် နိုင်ငံရေးဒုက္ခသည်ဖြစ်နိုင်ဖို့ လမ်းမရှိကြလို့လားလို့ပဲ မေးချင်တော့တယ်။ကိုယ့်တိုင်းပြည် ကိုယ်လူမျိုးအတွက် လုပ်နေကြတာ အချိန်နဲ့အမျှ တန်ဖိုးရှိပါတယ်။ ပြည်သူတွေက အသက်တွေ ရင်းနေကြရချိန်မှာ ဒီမိုကရေစီအင်အားစုတွေက ပွဲကြည့်ပရိသတ်လို အချဉ်ထုပ်စားလိုက် ကွာစေ့စားလိုက် ပြန်ကြည့်လိုက်လုပ်ပြီး အနားယူနေကြတယ်။ အခုအထိကော နားလို့ မပြီးကြသေးဘူးလား။ ဘာတွေလုပ်ခဲ့လို့ နားနေကြတာလဲ။ မုန်တိုင်းသင့် ပြည်သူတွေကို ကယ်ဆယ်ဖို့ နိုင်ငံတကာကို ပါးစပ်လေးနဲ့တောင် တက်တက်ကြွကြွ တောင်းဆိုမှုတွေ မလုပ်ကြတော့ဘူးလား မေးပါရစေ။နိုင်ငံတကာ ကယ်ဆယ်ရေးတပ်ဖွဲ့တွေ ၀င်ရောက်ကူညီနိုင်ရင် အနည်းဆုံး ဆင်းရဲဒုက္ခဖြစ်နေတဲ့ ကျူပ်တို့ပြည်သူတွေ အသက်ရှင် ရပ်တည်နိုင်မယ်။ လူလုံးမလှ ဖြစ်နေရတဲ့ ကျုပ်တို့ပြည်သူတွေအတွက် အကျိုးရှိမယ်။ ပြန်လည်ထူတောင်ရေးတွေ လုပ်နိုင်ခဲ့ရင် ကျုပ်တို့တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာမယ်။ ဖွံ့ဖြိုးတိုးတက်လာရင် ပြည်သူတွေရဲ့ စဉ်းစားတွေးခေါ်မှုတွေလည်း မြင့်မားလာမယ်။ နိုင်ငံတကာ လူထုတွေရှိနေရင် ကျူပ်တို့ပြည်သူတွေကို စစ်အုပ်စုက ဖိအားပေးမှုတွေလုပ်ဖို့ ခက်လာမယ်။ ပြည်သူကလည်း ဆန့်ကျင်ရဲတဲ့ အားတွေရှိလာမယ်။ မတရားတာကို ငုံခံမယ်ဆိုတာတွေလည်း နည်းလာမယ်။ နောက်ဆုံး တိုင်းပြည်ရဲ့ နိုင်ငံရေးအပြောင်းအလဲကိုပါ ဖော်ဆောင်နိုင်မယ်။ပြည်သူတွေ ဒီထက်ဆင်းရဲမှ အာဏာရှင်ကို ဆန့်ကျင်လိမ့်မယ်ဆိုတဲ့ ရက်စက်လွန်းတဲ့ အတွေးအခေါ်တွေကို ပရိုပိုဇယ်တင်ပြီး ဘီယာလေး တမြမြလုပ်နေတဲ့ ခင်ဗျားတို့တွေ စွန့်လွှတ်သင့်ပြီ။ ပြည်သူတွေ အသေခံပြီး ဆန့်ကျင်ပေးခဲ့ကြပေမယ့် ခင်ဗျားတို့ လုပ်နိုင်စွမ်းမရှိလို့ ဆန္ဒခံယူပွဲတို့ ရွေးကောက်ပွဲအသစ်တို့ဆိုတာ ဖြစ်လာရတာပဲ မဟုတ်လား။ အခုလည်း ၂၀၁၀ကို စောင့်ချင်နေကြသေးသလား။ ရွေးကောက်ပွဲအသစ်မှာ ပါဝင်ခွင့်ပြုဖို့ တောင်းဆိုကြဦးမှာလား။ အတွေးအခေါ်ကို စစ်အုပ်စုပေးမှ ခင်ဗျားတို့ ရကြတော့မှာလား။ ပြည်သူ့ရှေ့က ဦးဆောင်ရမယ့်နေရာမှာ စစ်အုပ်စုကိုတင်ပြီး ခေါင်းဆောင်ခိုင်းနေတဲ့ ခင်ဗျားတို့တွေကြောင့် တိုင်းပြည်က လူထုခမျာ ပိုပြီးနစ်နာနေရပါပြီ။နိုင်ငံတကာသိ အော်နေကြတဲ့ ဘာကမ်ပိန်း ညာကမ်ပိန်းဆိုတဲ့ အဖွဲ့တွေက ကျောင်းသား ခေါင်းဆောင်ကြီးများလည်း အဆင့်မြင့် တက္ကသိုလ်ကြီးတွေမှာ ကျောင်းတက်ပြီး၊ တသက်လုံး မသင်ခဲ့ဘူးတဲ့ စာတွေလေ့လာပြီး ပြည်သူတွေအတွက် အချိန်မပေးနိုင်ကြတော့ဘူးနဲ့ တူတယ်။ မြန်မာပြည်သူတွေအတွက် အရေးကြီးဆုံးအချိန်မှာ ခင်ဗျားတို့လည်း နှုတ်ဆိတ်နေကြတယ်။ နိုင်ငံရေးအစ်ရှုး မဟုတ်လို့လား၊ နိုင်ငံ့အရေး အစ်ရှုးဖြစ်နေတာ သတိပြုကြပါဦး၊ နိုင်ငံရေးအစ်ရှုးဆိုရင် စားလို့ကောင်း သောက်လို့ကောင်း တက်ကြွကြတဲ့ ခင်ဗျားတို့အနေနဲ့ နာဂစ်က အမြတ်မထွက်သလို စကော်လာရဖို့လည်း အကူအညီ မပေးနိုင်လို့ မတက်ကြွကြတာလား မေးပါရစေ။အမေရိကန် လွှတ်တော်အမတ်များနဲ့ ဖက်လှဲတကင်း ပေါင်းဖော်နေကြတဲ့ ခင်ဗျားတို့အနေနဲ့ အမေရိကန် အပါအ၀င် နိုင်ငံတကာက ဖိအားပေးပြီး မြန်မာပြည်သူတွေကို အင်းအားသုံး ၀င်ရောက်ကူညီ ကယ်ဆယ်ဖို့ ကိစ္စကျတော့ ကိုယ်နဲ့မဆိုင်သလို လုပ်နေကြတာ တာဝန်မဲ့ပြီး လူထုကို သစ္စာဖောက်နေကြသလို ဖြစ်နေပြီ။ ခင်ဗျားတို့ ဒီမိုကရေစီအင်အားစုဆိုသူများ ခင်ဗျားတို့ ရနေတဲ့ ဒီမိုကရေစီထဲက အားတဲ့အချိန်လေးကို ဖဲ့ပြီး မြန်မာပြည်သူများ အသက်ရှင် ရပ်တည်ရေးအတွက် နိုင်ငံတကာကို တိုက်တွန်းတောင်းဆိုမှုတွေ အမြန်ဆုံးလုပ်ကြပါလို့ ပြောပြရစေ။
မီးခဲ
Rest of your post
Posted by
54freedom
at
11:01 PM
0
comments
Labels: ရင်တွင်းဖြစ် ဆောင်းပါး





