ညလင်းဖြူ
တနင်္လာနေ့၊ ဇွန်လ 23 2008 16:46 - မြန်မာစံတော်ချိန်
ဇွန်လ ဆိုတာက ဒီနိုင်ငံရဲ့ ကျောင်းဖွင့်ရာသီလေ။
ကျမကတော့ သားလေးအတွက် ရန်ကုန်က Orange Super Market ရှေ့က Back to School ဆိုတဲ့ ဧရိယာမှာ လိုအပ်တဲ့ ကျောင်းသုံးပစ္စည်း တွေ ဝယ်ဖို့ ကြည့်နေမိတယ်။ အနီးအနားက ကျမလိုပဲ မိခင်နှစ်ယောက်ကလည်း သူတို့ ကလေးတွေအတွက် လိုအပ်တာတွေ ကြည့်နေရင်း တယောက်က သူ့သမီးလေးက ဒီနှစ်မှ ကျောင်းကြီးကို စပို့ရမှာဖြစ်ပြီး၊ ဒီမြို့ရဲ့ နာမည် အကြီးဆုံးကျောင်းကို ပို့ချင်ပေမယ့် ကျောင်းဝင်ကြေးနဲ့ အလှူငွေကို မတတ်နိုင်လို့ အိမ်နားက မူလတန်းကျောင်းကိုပဲ စိတ်လျှော့ပြီး အပ်ရတော့မယ့်အကြောင်း ပြောပြနေပါတယ်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကျန်တဲ့ မိခင် တယောက်ရဲ့ ကလေးက သူတို့ပြောတဲ့ နာမည်ကြီးကျောင်းမှာ ထားလက်စထင်တယ်။ အဲဒီ မိခင်စကားကို ထောက်ခံပြီး အဲဒီ ကျောင်းမှာ လက်တွေ့ထားရင် နောက်ဆက်တွဲ ဘယ်လို ကုန်တဲ့အကြောင်း၊ အတန်းကောင်းရဖို့ အတန်းပိုင်ဆရာမ ကျေနပ်ဖို့ နည်းအမျိုးမျိုးနဲ့ အရမ်း ကြိုးစားရတဲ့ အကြောင်း၊ ကျောင်း တခါတခါ ပိတ်သွားရင်တော့ သူ့မှာ အသက်ရှူလေး ချောင်မလား စဉ်းစားပေမယ့် တခြားကလေး တွေလို Summer School ကို နေချင်လို့ သူ့ကလေး ပူဆာတော့ သနားလို့ ထားရပြန်ကြောင်း၊ အိမ်ရဲ့ ဝင်ငွေနဲ့ ထွက်ငွေက မမျှတော့ တခြား ဘက်တွေကို ချွေတာသုံးရပြီး ကလေးပညာရေးကိုတော့ တတ်နိုင်သလောက် ပံ့ပိုးနေရကြောင်း ပြောပါတယ်။
သူတို့ ပြောသလိုပဲ စ မပို့ရသေးဘူး၊ အခု ကျောင်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေကိုက မတန်တဆ ဖြစ်နေတာ တွေ့ရတယ်။ နေ့လယ် ထမင်းဗူး ထည့်ဖို့အတွက် ပလပ်စတစ်နဲ့ လုပ်ထားတဲ့ ခပ်သေးသေး ခြင်းတောင်းလေး တခုကိုက ထောင်ဂဏန်းတွေနဲ့ ချီပေးနေရတာ။ ကျမလည်း မတန်လို့ အဲဒီ ခြင်းတောင်းကို ပြန်ချထားပြီး ဒီ့ထက် အထည့်ဆန့်ပြီး ဈေးသက်သာတာ ထပ်ရှာကြည့်တယ်။ စိတ်တိုင်းကျ မတွေ့ရဘူး။ တခြား လိုအပ်တာတွေက ရှိသေးတော့ ခြင်းတောင်သေး တခုအတွက်နဲ့ ငွေ သိပ်မဖြုန်းချင်လို့ပါ။
ခဏနေတော့ နောက်ထပ် မိခင်နှစ်ယောက် Back to School နားကို ရောက်လာကြပြန်တယ်။ ဒီနှစ်ယောက်ကတော့ တမျိုး။ ကလေးသုံး ပစ္စည်းတွေက ကပ်ထားတဲ့ ဈေးနှုန်းတွေကို ကျမတို့လို စစ်စစ်ပေါက်ပေါက် ကြည့်မနေဘူး။ သူတို့ ကြိုက်တာတွေကို တခုပြီးတခု ယူပြီး လက်တွန်းလှည်း (trolley) ပေါ်ကို တင်နေကြတယ်။ လှည်းပေါ်မှာလည်း တခြားပစ္စည်းတွေက အပြည့်။ ပြီးတော့ မိခင်တယောက်က မနှစ်က သူ့သားကို ထားတဲ့ International School က ပိုဈေးသက်သာတဲ့ International School ကိုပဲ ပြောင်းထားမယ့်အကြောင်း၊ ကလေးက ၃ ယောက်ဆိုတော့ အဲဒီလောက်အထိ မတတ်နိုင်ဘူးလို့ စကားသံခပ်ဝဲဝဲနဲ့ တခြားတယောက်ကို ရှင်းပြနေတယ်။
အဖော်ပါလာတဲ့ မိခင်ကလည်း ထောက်ခံပြီး မန္တလေးမှာ International School က ရွေးချယ်စရာ နည်းတဲ့အကြောင်း၊ ရန်ကုန်က ပိုများကြောင်း၊ စီးပွားရေးက ထင်သလောက် အဆင်မပြေလို့သာ ဒီမှာ ထားနေရကြောင်း၊ ဖြစ်နိုင်ရင် စင်္ကာပူမှာပဲ တခါထဲ ထားချင်ကြောင်း သူ့ဆန္ဒကို ပြောနေပြန်တယ်။
ဘာပဲပြောပြော အလွှာချင်းမတူညီတဲ့ ကျမတို့ မိခင်တွေအားလုံးမှာ တူညီနေတာ တခုကတော့ ကျောင်းဖွင့်ရာသီ ရောက်ရင် ကိုယ့်ကလေး ပညာရေးအတွက် အတတ်နိုင်ဆုံး ပံ့ပိုး ပေးချင်ကြတာရယ်၊ အိမ်ရဲ့ ဝင်ငွေထွက်ငွေကို သိထားလို့ ချိန်ဆနေရတဲ့အတွက် အားမရ စိတ်ညစ်နေကြ တာတွေရယ်ကတော့ အကုန် အတူတူပါပဲလို့ တွေးမိရတယ်။
ကျောင်းဖွင့်ရာသီအပေါ် ကလေးတွေရဲ့ ခံစားမှု
International School တွေမှာ ဖွင့်လေ့ရှိတဲ့ Summer School မှာ ခဏတွေ့ရတဲ့ သူငယ်ချင်း အသစ်တွေနဲ့ ခွဲခွာရတော့မှာ ဖြစ်ပေမယ့် တနှစ်ပတ်လုံး အတူနေ၊ အတူဆော့လာခဲ့တဲ့ ကျောင်းက သူငယ်ချင်းတွေနဲ့ ပြန်ဆုံရတော့မှာမို့ ကလေးတွေကတော့ အရမ်းကို ပျော်နေကြတယ်။ ကျမတို့ ငယ်ငယ်က ခံစားချက်လိုပဲ အတန်းသစ် တတန်းကို တက်ရတော့မယ့် ခံစားမှုကလည်း ရင်ခုန်စရာတမျိုးပေါ့။ အသက် တနှစ်ကြီးသွားပြီ၊ အတန်းတတန်း ကြီးသွားပြီဆိုတဲ့ သဘောလေ။
ဒီခေတ် ကလေးတွေကြားမှာ ပြောစရာတခု ရှိလာတာက နွေရာသီတုန်းက သူတို့ တက်ခဲ့တဲ့ Summer School က ကစားကွင်း ဘယ်လောက် ကျယ်တဲ့အကြောင်း၊ ဘယ်လို သားနားတဲ့ အကြောင်း၊ ဘယ်သူတွေနဲ့ တွေ့ပြီး ဆော့ခဲ့ကြကြောင်း၊ အဆင့်မြင့် ဟိုတယ်ကြီးတွေမှာ ကျင်းပတဲ့ ကျောင်းဆင်းပွဲမှာ ဘယ်လို ပါဝင် လှုပ်ရှားခဲ့ကြောင်း၊ တယောက် အတွေ့အကြုံတွေကို တခြားတယောက်ကို ပြောပြဖလှယ်ကြ။ တချို့ကတော့ ကျောင်းကြီးကို ဖွင့်စေချင်လှပြီ။ အဲဒီ အတွေ့အကြုံတွေကိုလည်း ပြောပြချင်ကြလို့။ နောက်ပြီး တနှစ်တာလုံး ရင်းရင်းနှီးနှီး နေခဲ့တဲ့ ပတ်ဝန်းကျင် အဟောင်းမှာ ပြန်ကစားချင်လာကြလို့။
မိခင်တွေရဲ့ ငွေကြေး အခက်အခဲ၊ လူမှုကိစ္စ အခက်အခဲတွေကို ဘာမှ နားမလည်တဲ့ မသိကြရှာတဲ့ ကလေးတွေ အတွက်ကတော့ ကျောင်းဖွင့်ချိန် ဟာ မင်္ဂလာပါ။ တချို့ မလိုက်မသိတဲ့ ကလေးတွေဆိုရင် အရင်ကျောင်း အဟောင်းကို မနေချင်တော့ကြောင်း၊ Summer School မှာပဲ ဆက်နေချင်ကြောင်း နားပူနားဆာ လုပ်ကြတာတွေလည်း ရှိရဲ့။ ကျောင်းသုံးပစ္စည်း ဝယ်တဲ့အခါမှာလည်း တန်၏၊ မတန်၏ နားမလည်ရှာဘဲ လိုချင်တာတွေကိုပဲ အတင်း ပူဆာကြသူတွေလည်း ရှိရဲ့။
ဒီခေတ်မှာ ကျောင်းတွေက အပတ်စဉ် အစမ်းစာမေးပွဲ ပဲရှိပြီး အတန်းနှစ်ကျ (Repeater) ရယ်လို့လည်း မရှိတော့ ကျမတို့တုန်းကလို အဲဒီ ဘက်မှာ စိတ်ပူစရာ မလိုတော့ဘူးလေ။ အတန်းသစ်တတန်းကို လွယ်လွယ်ကူကူနဲ့ တက်ရတော့မယ် ဆိုတာကို သိနေကြတယ်။ ဒီတော့ ကျောင်းဖွင့်ချိန်ဟာ ဘာစိတ်ပူစရာမှ မရှိတဲ့ ကလေးတွေအတွက် အပျော်ကြီး ပျော်စရာ အချိန်ပေပဲပေါ့။
ဆန့်ကျင်ဘက် ခံစားမှုနှစ်ခု
Sky Walk Shopping Mall နဲ့ Orange Super Market eJ‹ Back to School မှာ ကျောင်းသုံးပစ္စည်းတွေ ဝယ်လာပြီး စက်လှေကားက ဆင်းခဲ့တယ်။ တော်သေးတယ်၊ သားတော်မောင်ကို ခေါ်မလာခဲ့လို့။ သူ့ကိုသာ ခေါ်လာရင် ဈေး တန်တာ၊ မတန်တာ နားမလည်တော့ ဟိုဟာ လိုချင်တယ်၊ ဒီဟာ ယူချင်တယ်နဲ့ လုပ်တတ်လေ့ ရှိတယ်။ ဒါပေမဲ့ သူ့ကို ခေါ်မလာဘဲ အမေက စိတ်ကြိုက်ဝယ်လာတဲ့ ပစ္စည်းဆိုရင်တော့ ချေးမများတတ်ရှာဘူး။ တမြတ်တနိုးနဲ့ လက်ခံလေ့ ရှိတယ်လေ။ ဒါကိုသိတဲ့ ကျမက အခုလို ကျောင်းဖွင့်ရာသီအတွက် လိုအပ်တာတွေ ဝယ်ဖို့ ထွက်ရင် သားလေးကို ခေါ်လေ့ မရှိတော့ဘူး။ သူလိုချင်တာက ဈေးမတော်လို့ ဝယ်မပေးရင် စိတ်မကောင်း ဖြစ်မှာလည်း စိုးလို့ပါ။
စက်လှေကားအဆင်းမှာ သားလေးအရွယ် ကလေး ၃ ယောက်လောက် တယောက်က ရတနာပုံ ဈေးထဲက ဆိုင်တဆိုင်အတွက် အဝတ်ထုပ်ကြီးတွေ ထမ်းသယ်သွားတာကို တွေ့ရတယ်။ နောက်နှစ်ယောက်က ရေသန့်ပုံးတွေ တင်ထားတဲ့ လက်တွန်းလှည်းလေးကို အရှေ့က တယောက်၊ အနောက်ဘက်က တယောက် မျှပြီး တွန်းနေကြလေရဲ့။
ကျမ ဖြတ်အသွား အနားက အမျိုးသမီးနှစ်ယောက်က အပြန်အလှန် စကားပြောနေကြတယ်။ ဈေးဗန်းကို ဘေးချထားတဲ့ အမျိုးသမီးက ပါတိတ်ဝမ်းဆက်နဲ့ အမျိုးသမီးကို သူ့ကလေး သုံးယောက်ကို အခုလို အလုပ်ရအောင် သွင်းပေးလို့ ကျေးဇူးတင်တဲ့အကြောင်း ပြောနေတာပါ။ ဒီနှစ် ကျောင်းဖွင့်ရာသီမှာ အငယ်လေး နှစ်ယောက်ကိုပဲ ကျောင်းထားနိုင်တော့လို့ စိတ်မကောင်းပေမယ့် အကြီး သုံးယောက်ကို အခုလို အလုပ်ခွင်ကိုပဲ ပို့ရတော့တဲ့အကြောင်း ဆက်ပြောနေတယ်။
မိခင်တယောက်ဖြစ်တဲ့ ကျမ သူ့မျက်နှာကို ကြည့်လိုက်မိတော့ မျက်လုံးလေးတွေထဲမှာ အရည်ကြည်လေးတွေ လဲ့နေတာကို စိတ်မကောင်းစွာ တွေ့လိုက်ရတယ်။ ခပ်လှမ်းလှမ်းမှာတော့ အဆော့မက်တဲ့ ကလေးတချို့ ကျောင်းစိမ်းအင်္ကျီရောင်းတဲ့ ဆိုင်ရှေ့မှာ ရပ်ပြီး အင်္ကျီလေးတွေကို ငေးကြည့်နေလေရဲ့။ သူတို့ အခြေအနေတွေကတော့ ကျမတို့နဲ့ ဆန့်ကျင်ဘက်။ အခုလို ကျောင်းဖွင့်ရာသီမှာ မိခင်ရော ကလေးဖြစ်သူတွေပါ ကျောင်းဆက်တက်ဖို့ အခက်အခဲ ရှိနေတော့ နှစ်ဦးနှစ်ဖက် စိတ်မကောင်းဖြစ်နေကြတဲ့ ခံစားမှုတွေက တူညီနေတာ တွေ့ရတယ်။ မိခင်လုပ်သူကလည်း မပျော်နိုင်သလို၊ ကလေးတွေကလည်း သူများပျော်လို့ မပျော်နိုင်တဲ့ အခြေအနေလေ။
ကျောင်းဖွင့်ရာသီတွေမှာ အခုလို ဆန့်ကျင်ဘက်တွေ ဖြစ်နေခဲ့တာက အခုမှလား၊ အရင်ကတည်းကလား ကျမ အတွေးတွေ ရှုပ်လာတယ်။ ရှုပ်နေတဲ့ အတွေးတွေကို ဖျောက်လိုက်ပြီး ဈေးတက်သွားတဲ့ ကားရပ်နားခ အခွန်ငွေ ၂ဝဝ ပေးပြီး ကားကို ဂရုတစိုက်မောင်း အိမ်ပြန်ခဲ့တော့ တယ်။ ကားမောင်းနေရင်း ဝယ်လာတဲ့ ကျောင်းသုံးပစ္စည်း အသစ်လေးတွေကို ကြည့်ပြီး ကျောင်းတက်ရတော့မယ် ဆိုတဲ့ အသိနဲ့ ဝမ်းသာ ပျော်ရွှင်နေမယ့် သားလေးရဲ့ ချစ်စရာ မျက်နှာလေးကို မြင်ယောင်မိပြီး ပြုံးလိုက်မိတယ်။ ဒါပေမဲ့ ဈေးလမ်းကြားထဲမှာ အလုပ်လုပ်နေရာက ကျောင်းစိမ်းအင်္ကျီ ဆိုင်ရှေ့အရောက် အလုပ်ကိုရပ်ပြီး ငေးကြည့်နေရှာတဲ့ ကလေးရဲ့ မျက်နှာကို သွားသတိရမိလိုက်တော့ အပြုံးက ချက်ချင်း ရပ်သွားမိတော့တယ်။
ညလင်းဖြူ
Rest of your post
Monday, June 23, 2008
ဆန့်ကျင်ဘက် ခံစားမှုနှစ်ခု
Posted by
54freedom
at
10:23 PM
0
comments
Labels: ရင်တွင်းဖြစ် ဆောင်းပါး
Monday, June 9, 2008
ဒီမိုကရေစီရနေသူများ မြန်မာပြည်သူတွေအတွက် သောက်ရေတခွက် တောင်း ပေးပါ
မီးခဲ
ဲတနင်္ဂနွေနေ့က ထုတ်လွှင့်သွားတဲ့ ဗွီအိုအေ တိုက်ရိုက်လေလှိုင်း အစီအစဉ်ကို ကြားလိုက်ရတော့ လက်ရှိမြန်မာပြည်သူတွေ ခံစားနေရတဲ့ သောကတွေကို ကြားလိုက်ရတယ်။ ဘ၀င်မကျစရာတွေ ရှိလာပြန်တော့ စာရေးချင်စိတ် ပေါက်လာပြန်တယ်။ နိုင်ငံတကာက အကူအညီတွေကို မျှော်လင့်ကြီးစွာ စောင့်စားနေတဲ့ မြန်မာပြည်သူတွေကို အမေရိကန်က ကယ်နိုး၊ ကုသမဂ္ဂက ကယ်နိုး၊ ဒီမိုကရေစီပါတီကြီး အန်အယ်လ်ဒီက ကယ်နိုး မျှော်လင့်နေကြတဲ့ နာဂစ်ဒုက္ခသည်တွေရဲ့ တစ်လကျော်ကြာ အိမ်မက်ကြီးက မိုးစင်စင်လင်းတာတောင် မပျက်မပြယ်နိုင် ဖြစ်နေရရှာတယ်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မျှော်လင့်ချက်တွေနဲ့ မျက်နှာသစ်၊ လူသေအလောင်းတွေကို နေ့စဉ်ကြည့်ပြီး ဆာရင် ဆာတယ်၊ ရေငတ်ရင် ရေငတ်တယ်ဆိုပြီး တရားဘာဝနာ ပွားများမှတ်သားနေရတဲ့ မြန်မာပြည်သူတွေ ဒီလောက်ဝဋ်ဆင်းရဲကြီးကို အစုလိုက် အပြုံလိုက် ကြုံရအောင် ဘယ်လိုကံကြမ္မာကများ ဖန်တီးခဲ့လေသလဲ။ ကံကြမ္မာဆိုတာ လူတွေ ဖန်တီးနေတဲ့ ကိစ္စဆိုရင် ဒီအချိန်ဟာ မိမိကံကြမ္မာကို မိမိဘာသာဖန်တီးရမယ့် အချိန်ပါ။ဘ၀င်မကျလို့ စာရေးချင်စိတ် ပေါက်လာတယ်ဆိုတာကို ပြန်ပြီးဆက်ပါမယ်။ ဘ၀င်မကျမှုကတော့ ပြည်သူတွေ အတိဒုက္ခရောက်ချိန်မှာ ပြည်ပက ဒီမိုကရေစီအင်အားစုတွေအနေနဲ့ အသံတွေ ငြိမ်သက်နေကြတာကိုပါ။ အဲဒီလို ငြိမ်သက်နေကြတာဟာ စစ်အုပ်စုနဲ့ အတွေးအခေါ် တူနေလို့ပဲလားဆိုတာကို စဉ်းစားမိလာလို့ပါ။မြန်မာ့အတိုက်အခံ ဒီမိုကရေစီအင်အားစုဆိုသူများ ဘာလုပ်နေကြပါသလဲ။ နိုင်ငံတကာ ကယ်ဆယ်ရေး တပ်ဖွဲ့တွေ အမြန်ဆုံးဝင်ပြီး အကူအညီပေးရေး တောင်းဆိုမှုတွေ လုပ်ဖို့ဆိုတဲ့ စဉ်းစားတွေးခေါ်မှုတောင် မရှိကြတော့ဘူးလား။ ကိုယ့်ပြည်သူတွေအတွက် အားစိုက်ထုတ်မှုတွေကို ဒီနေ့ကာလတွေမှာ မလုပ်ရင် ဘယ်တော့လုပ်ကြမှာလဲ။ အခုလို တိုင်းပြည်ပြောင်းလဲအောင် လုပ်ရမယ့် အချိန်အခါကောင်းမှာ အပြောင်းအလဲကို စစ်အုပ်စုဆီက တောင်းယူမှ ရမယ်လို့ ခင်ဗျားတို့တွေ ယူဆနေကြတာလား၊ မဟုတ်ရင် မြန်မာနိုင်ငံ အပြောင်းအလဲကို မလိုလားတဲ့ သူတွေထဲမှာ စစ်အုပ်စု၊ တရုတ်၊ အာဆီယံတို့နဲ့အတူ သဘောထား တခုထဲရှိနေကြပြီလား ဆိုတာတွေကို မေးခွန်းထုတ်ရတော့မယ်။မြန်မာပြည်သူတွေ အခုလို သေရေးရှင်ရေးကာလ ရောက်နေချိန်မှာ သက်တောင့်သက်သာနဲ့ ကိုယ့်အရေး မဟုတ်သလို နေနေကြတာ ရှက်စရာကောင်းလိုက်တာလို့များ ခင်ဗျားတို့ မတွေးမိကြဘူးလား။ ပြည်သူအတွက်ဆိုတဲ့ ကြွေးကြော်မှုကြီးကို ကိုင်စွဲပြီး၊ စစ်အုပ်စုဖိနှိပ်တာ ခံနေရတဲ့ ပြည်သူလူထုကြီးကို သနားစရာ သတ္တ၀ါလေးတွေလိုဘေးက ကြည့်ပြီး၊ နိုင်ငံတကာ အကူအညီတွေကို စစ်အုပ်စုက လက်ခံသင့်တယ်ဆိုပြီး ကြေညာချက်လေးထုတ်ပြီး ပွဲကြည့်ပရိသတ်လို ဘေးပြောပြောနေတဲ့ နိုင်ငံရေးသမား ဒီမိုကရေစီအင်အားစုများအနေနဲ့ အချိန်မနှောင်းခင် တာဝန်မဲ့ စိတ်တွေကို ပြုပြင်ပြီး ပြည်သူတွေအတွက် အမြန်ဆုံး အရေးဆိုပေးကြဖို့ အကြံပြုချင်ပါတယ်။ ခင်ဗျားတို့လိုသာ အေအေးဆေးဆေးလေး ကိုယ်နဲ့မဆိုင်သလို လုပ်နေရင် မြန်မာနိုင်ငံဟာ လွတ်လပ်ရေးတောင် ရခဲ့မှာမဟုတ်ဘူး။ဝေ့လည်လည်ပြောနေတဲ့ ဂျန်နရေးရှင်းများကိုလည်း အကြမ်းမဖက်ချင်ကြောင်း သိပ်မပြော သိပ်မရေးကြပါနဲ့လို့ ပြောချင်တယ်။ ဒီနေ့ခေတ် လူငယ်တွေကြားထဲကို အတွေးအခေါ် အမှားတွေ ဖြန့်ဝေပေးနေသလို ဖြစ်ပါလိမ့်မယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ခင်ဗျားတို့လို လူငယ်အရွယ်မှာပဲ တိုင်းပြည်လွတ်လပ်ရေးရဖို့ နိုင်ငံခြားမှာ စစ်ပညာသင်ပြီး ကိုယ်ကျိုးစွန့် တိုက်ခဲ့လို့ ပြည်သူကချစ်တဲ့ လူထုခေါင်းဆောင် ဖြစ်ခဲ့ရတယ်ဆိုတာကို သတိရဖို့ ပြောချင်တယ်။ ပတ်စပို့နဲ့ ထွက်လာပြီး ကွန်ပြူတာတလုံးနဲ့ အကြမ်းမဖက်ချင်ကြောင်း ကြေညာချက်လေးတွေ ထုတ်ရုံနဲ့ အာဏာရှင်စနစ်က လွတ်မြောက်ရေးတိုက်ပွဲကို ဖော်ဆောင်လို့မရဘူးဆိုတာ ဒီနေ့လူငယ်တွေ မှတ်သား သတိပြုသင့်ပါတယ်။ အတွေးအခေါ် မှားယွင်းသူတွေရဲ့ ကြိုးကိုင်ချယ်လှယ်မှုကို ခံရရင် ဝေ့လည်လည် ဂျန်နရေးရှင်းတွေ ဖြစ်သွားမယ်ဆိုတာ သမိုင်းသင်ခန်းစာတွေကနေ လေ့လာဆည်းပူးကြပါလို့ ပြောချင်တယ်။လူငယ်တချို့ ဒီလိုဖြစ်နေကြတာ ရှေ့ကနွားတွေက ဖြောင့်ဖြောင့်မသွားတာတွေကြောင့်ပါ။ ဒီမိုကရေစီအင်အားစုများအနေနဲ့ အလှူငွေကောက်ခံပြီး နာဂစ်ဒုက္ခသည်တွေကို ပေးမယ်ဆိုတဲ့ ခင်ဗျားတို့ရဲ့ သာရေးနာရေး အဆင့်လောက်ရှိတဲ့ အတွေးအခေါ်တွေကိုရပ်ပြီး တစ်လကျော်ကြာ စားစရာ သောက်စရာ နေထိုင်စရာမရှိတဲ့ ပြည်သူတွေအတွက် နိုင်ငံတကာ ကူညီကယ်ဆယ်ရေးတပ်ဖွဲ့တွေ အမြန်ဆုံးဝင်ရောက်ဖို့ ဖိအားပေးမှုတွေ အမြန်လုပ်ကြပါ။ ခင်ဗျားတို့ရဲ့လှုံဆော်မှုဟာ မရှိသလောက်ကို အားနည်းခဲ့တာကြောင့် ကူညီကယ်ဆယ်ရေးအတွက်လာတဲ့ သဘောင်္တချို့လည်း ပြန်သွားကြပြီ။ စစ်အုပ်စုက အ၀င်မခံတာ သဘာဝကျတယ်။ သူ့အကျိုးစီးပွား သူ့အာဏာပျက်ပြားမယ့် ကိစ္စကြောင့် အ၀င်မခံတာ၊ ခင်ဗျားတို့ကကော ဘာအကျိုးစီးပွားတွေ ရှိနေကြလို့ နှုတ်ဆိတ်နေကြတာလဲ။အခုလည်း စစ်အုပ်စုဘက်က အ၀င်မခံရင် နိုင်ငံတကာ အကူအညီတွေကို နယ်စပ်ဖြတ်ကျော်ပြီး ကျနော်တို့ ကူညီပေးလို့ ရပါတယ်ဆိုတဲ့ အန်စီယူဘီ အတွင်းရေးမှူးကြီးရဲ့ စကားကလည်း ငွေကို ကျနော်တို့လက်ထဲ ထည့်ပါဆိုသလို ဖြစ်နေပြန်ပြီ။ နာဂစ်အကြောင်းပြု ပရိုပိုဇယ်တောင်းဖို့ တာဆူနေမှုတွေကို ရပ်တန်းက ရပ်ကြပါ။ အားအားရှိ ကြေညာချက်တွေ ထုတ်နေတဲ့ အတိုက်အခံအင်အားစုများ ပြည်သူတွေအတွက် ကယ်ဆယ်ရေးတပ်ဖွဲ့တွေ အမြန်ဆုံးဝင်ရောက်ဖို့ ကုလသမဂ္ဂတို့ အမေရိကန်တို့ကို ဖိအားပေးတောင်းဆိုမှုတွေ လုပ်ခဲ့ကြသလား ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစားကြပါ၊၊နိုင်ငံတကာရောက် မျိုးချစ်မြန်မာများ လူ(၁၀၀)လောက်သေတဲ့ ဒီပဲယင်းကိစ္စကိုတောင် တခမ်းတနားလုပ်ပြီး ဆန္ဒပြနေကြသေးရင် မုန်တိုင်းကြောင့် သိန်းချီပြီးသေဆုံး သန်းချီပြီး ဒုက္ခရောက်ရတဲ့ ပြည်သူတွေအတွက် ဘာကြောင့် ကမ္ဘာတ၀ှမ်း မြန်မာသံရုံးတွေရှေ့မှာ ဆန္ဒပြပွဲတွေ မလုပ်ကြသလဲ။ နောက်ထပ်လည်း မသေသေးတဲ့ သူတွေကို ထပ်ပြီးသတ်နေတဲ့ စစ်အုပ်စုကို ကမ္ဘာက အရေးယူဖို့၊ နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားတွေ အရေးပေါ်ဝင်ပေးဖို့ တောင်းဆိုပွဲတွေ ဘာကြောင့် မလုပ်ကြသလဲ။ ခင်ဗျားတို့က နယ်စပ်က လူတွေခိုင်းမှ လုပ်ကြမှာလား။ ပရိုပိုဇယ်ဗုတ်နိုးကျတော့ ခင်ဗျားတို့ တက်ကြွနေလိုက်ကြတာ။ ကိုယ့်ပြည်သူအတွက် ကယ်ဆယ်ရေးလုပ်ဖို့ တောင်းတာဟာ ခင်ဗျားတို့အတွက် နိုင်ငံရေးဒုက္ခသည်ဖြစ်နိုင်ဖို့ လမ်းမရှိကြလို့လားလို့ပဲ မေးချင်တော့တယ်။ကိုယ့်တိုင်းပြည် ကိုယ်လူမျိုးအတွက် လုပ်နေကြတာ အချိန်နဲ့အမျှ တန်ဖိုးရှိပါတယ်။ ပြည်သူတွေက အသက်တွေ ရင်းနေကြရချိန်မှာ ဒီမိုကရေစီအင်အားစုတွေက ပွဲကြည့်ပရိသတ်လို အချဉ်ထုပ်စားလိုက် ကွာစေ့စားလိုက် ပြန်ကြည့်လိုက်လုပ်ပြီး အနားယူနေကြတယ်။ အခုအထိကော နားလို့ မပြီးကြသေးဘူးလား။ ဘာတွေလုပ်ခဲ့လို့ နားနေကြတာလဲ။ မုန်တိုင်းသင့် ပြည်သူတွေကို ကယ်ဆယ်ဖို့ နိုင်ငံတကာကို ပါးစပ်လေးနဲ့တောင် တက်တက်ကြွကြွ တောင်းဆိုမှုတွေ မလုပ်ကြတော့ဘူးလား မေးပါရစေ။နိုင်ငံတကာ ကယ်ဆယ်ရေးတပ်ဖွဲ့တွေ ၀င်ရောက်ကူညီနိုင်ရင် အနည်းဆုံး ဆင်းရဲဒုက္ခဖြစ်နေတဲ့ ကျူပ်တို့ပြည်သူတွေ အသက်ရှင် ရပ်တည်နိုင်မယ်။ လူလုံးမလှ ဖြစ်နေရတဲ့ ကျုပ်တို့ပြည်သူတွေအတွက် အကျိုးရှိမယ်။ ပြန်လည်ထူတောင်ရေးတွေ လုပ်နိုင်ခဲ့ရင် ကျုပ်တို့တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာမယ်။ ဖွံ့ဖြိုးတိုးတက်လာရင် ပြည်သူတွေရဲ့ စဉ်းစားတွေးခေါ်မှုတွေလည်း မြင့်မားလာမယ်။ နိုင်ငံတကာ လူထုတွေရှိနေရင် ကျူပ်တို့ပြည်သူတွေကို စစ်အုပ်စုက ဖိအားပေးမှုတွေလုပ်ဖို့ ခက်လာမယ်။ ပြည်သူကလည်း ဆန့်ကျင်ရဲတဲ့ အားတွေရှိလာမယ်။ မတရားတာကို ငုံခံမယ်ဆိုတာတွေလည်း နည်းလာမယ်။ နောက်ဆုံး တိုင်းပြည်ရဲ့ နိုင်ငံရေးအပြောင်းအလဲကိုပါ ဖော်ဆောင်နိုင်မယ်။ပြည်သူတွေ ဒီထက်ဆင်းရဲမှ အာဏာရှင်ကို ဆန့်ကျင်လိမ့်မယ်ဆိုတဲ့ ရက်စက်လွန်းတဲ့ အတွေးအခေါ်တွေကို ပရိုပိုဇယ်တင်ပြီး ဘီယာလေး တမြမြလုပ်နေတဲ့ ခင်ဗျားတို့တွေ စွန့်လွှတ်သင့်ပြီ။ ပြည်သူတွေ အသေခံပြီး ဆန့်ကျင်ပေးခဲ့ကြပေမယ့် ခင်ဗျားတို့ လုပ်နိုင်စွမ်းမရှိလို့ ဆန္ဒခံယူပွဲတို့ ရွေးကောက်ပွဲအသစ်တို့ဆိုတာ ဖြစ်လာရတာပဲ မဟုတ်လား။ အခုလည်း ၂၀၁၀ကို စောင့်ချင်နေကြသေးသလား။ ရွေးကောက်ပွဲအသစ်မှာ ပါဝင်ခွင့်ပြုဖို့ တောင်းဆိုကြဦးမှာလား။ အတွေးအခေါ်ကို စစ်အုပ်စုပေးမှ ခင်ဗျားတို့ ရကြတော့မှာလား။ ပြည်သူ့ရှေ့က ဦးဆောင်ရမယ့်နေရာမှာ စစ်အုပ်စုကိုတင်ပြီး ခေါင်းဆောင်ခိုင်းနေတဲ့ ခင်ဗျားတို့တွေကြောင့် တိုင်းပြည်က လူထုခမျာ ပိုပြီးနစ်နာနေရပါပြီ။နိုင်ငံတကာသိ အော်နေကြတဲ့ ဘာကမ်ပိန်း ညာကမ်ပိန်းဆိုတဲ့ အဖွဲ့တွေက ကျောင်းသား ခေါင်းဆောင်ကြီးများလည်း အဆင့်မြင့် တက္ကသိုလ်ကြီးတွေမှာ ကျောင်းတက်ပြီး၊ တသက်လုံး မသင်ခဲ့ဘူးတဲ့ စာတွေလေ့လာပြီး ပြည်သူတွေအတွက် အချိန်မပေးနိုင်ကြတော့ဘူးနဲ့ တူတယ်။ မြန်မာပြည်သူတွေအတွက် အရေးကြီးဆုံးအချိန်မှာ ခင်ဗျားတို့လည်း နှုတ်ဆိတ်နေကြတယ်။ နိုင်ငံရေးအစ်ရှုး မဟုတ်လို့လား၊ နိုင်ငံ့အရေး အစ်ရှုးဖြစ်နေတာ သတိပြုကြပါဦး၊ နိုင်ငံရေးအစ်ရှုးဆိုရင် စားလို့ကောင်း သောက်လို့ကောင်း တက်ကြွကြတဲ့ ခင်ဗျားတို့အနေနဲ့ နာဂစ်က အမြတ်မထွက်သလို စကော်လာရဖို့လည်း အကူအညီ မပေးနိုင်လို့ မတက်ကြွကြတာလား မေးပါရစေ။အမေရိကန် လွှတ်တော်အမတ်များနဲ့ ဖက်လှဲတကင်း ပေါင်းဖော်နေကြတဲ့ ခင်ဗျားတို့အနေနဲ့ အမေရိကန် အပါအ၀င် နိုင်ငံတကာက ဖိအားပေးပြီး မြန်မာပြည်သူတွေကို အင်းအားသုံး ၀င်ရောက်ကူညီ ကယ်ဆယ်ဖို့ ကိစ္စကျတော့ ကိုယ်နဲ့မဆိုင်သလို လုပ်နေကြတာ တာဝန်မဲ့ပြီး လူထုကို သစ္စာဖောက်နေကြသလို ဖြစ်နေပြီ။ ခင်ဗျားတို့ ဒီမိုကရေစီအင်အားစုဆိုသူများ ခင်ဗျားတို့ ရနေတဲ့ ဒီမိုကရေစီထဲက အားတဲ့အချိန်လေးကို ဖဲ့ပြီး မြန်မာပြည်သူများ အသက်ရှင် ရပ်တည်ရေးအတွက် နိုင်ငံတကာကို တိုက်တွန်းတောင်းဆိုမှုတွေ အမြန်ဆုံးလုပ်ကြပါလို့ ပြောပြရစေ။
မီးခဲ
Rest of your post
Posted by
54freedom
at
11:01 PM
0
comments
Labels: ရင်တွင်းဖြစ် ဆောင်းပါး
နာဂစ် ရဲ့ ဘဝ တစုံ
မိုးထက်နေ
တနင်္လာနေ့၊ ဇွန်လ 09 2008 19:07 - မြန်မာစံတော်ချိန်
ကျုပ်နာမည်က ဖိုးတေ။ ကျုပ်တို့ နေတဲ့ ရွာနာမည်က ပြင်စလူရွာ။ အရင်ကတော့ လပွတ္တာ မြို့နယ်ထဲက ရွာငယ်လေးပေါ့။ အခု ဒီဘက်နှစ်တွေမှာ ကျုပ်တို့ရွာက စပါးကလည်း လွှတ်ဖြစ်၊ ရေလုပ်ငန်းကလည်း လွှတ်ကောင်းဆိုတော့ မြို့နယ်အဆင့် ဖြစ်တယ်ဆိုလား၊ ဘာဆိုလား။ ဒါတွေတော့ ကျုပ် သိပ်နားမလည်ပါဘူး။ ကျုပ်ကိုယ်တိုင်ကလည်း အချိန်ရှိ လယ်ထဲ ဆင်းလိုက်၊ ဆားကွင်း သွားလိုက်၊ အစုယူပြီး အငှားချထားတဲ့ ငါးဖမ်း လှေတွေဆီက ငွေသွားကောက်၊ လိုက်စာရင်း ရှင်းလိုက်၊ ပိုတဲ့ အချိန်လေးမှာ ကျုပ်မိသားစုနဲ့ နေလိုက်နဲ့ ရပ်ရေးရွာရေးလည်း သိပ်မသိပါဘူး။ အပေါ်ဖြူ အောက်စိမ်းဝတ်ပြီး တိုက်ပုံ တကားကားနဲ့ ကျောင်းဆရာ ဂိုက်ဖမ်းနေတဲ့ ကိုစိန်သန်းတို့  လူစုတွေနဲ့ မပတ်သက်ချင်တာလည်း ပါတာပေါ့ဗျာ။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
တကယ်တော့ ကျုပ်ရော ကျုပ်မိန်းမ မိအေးရော ဒီရွာဇာတိတော့ မဟုတ်ပါဘူး။ ကျုပ်က အညာက၊ မကွေးတိုင်းထဲက ဆီမီးခုံဆိုတဲ့ ရွာက။ ကျုပ်မိန်းမကတော့ ဘယ်မယ်မွေးတယ်ရယ် မသိဘူး။ မေးလည်း မေးမကြည့်ဖူးပါဘူး။ ကျုပ်တို့ တွေ့တာကတော့ ဧရာဝတီတိုင်း ရေတပ်စခန်း ဋ္ဌာနချုပ်မှာ။ အဲဒီတုန်းက သူက ဆရာကြီးသမီး၊ ကျုပ်က ၁ဝ တန်း နှစ်ခါကျလို့ အိမ်က ထွက်ပြေးလာပြီး လုပ်စရာမရှိလို့ စစ်ထဲ လိုက်ခဲ့တဲ့ ရဲဘော် အသစ်စက်စက်။ ရုပ်ရှင်တွေ၊ ပြဇာတ်တွေထဲက လိုတော့လည်း မဟုတ်ပါဘူး။ ဒီလိုပဲ နှုတ်ခမ်းပဲ့ချင်း မီးမှုတ်ခဲ့တာ ဆိုပါတော့။ သူ့အထွာနဲ့သူတော့ ရင်ခုန်ဖို့ ကောင်းတဲ့၊ ကြည်နူးဖို့ ကောင်းတဲ့ ပြဿနာလေးတွေ မကင်းခဲ့ပါဘူး။ အဲဒီတုန်းက ကျုပ်မိန်းမဖြစ်မယ့် မိအေးက ဥပဒေ အဝေးသင် ပထမနှစ်။ ကျုပ်ယောက္ခမတွေ အနေနဲ့ကလည်း အချိန်တန် ဘွဲ့လေးဘာလေး ရပြီးတော့ အရာရှိ တယောက်နဲ့ ပေးစား ဆိုတဲ့ အိမ်မက်တွေ ရှိတာပေါ့။ ကျုပ်က ဆရာကြီးကို ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ ကျုပ် ၁ဝ တန်း အောင်အောင် ဖြေမယ်၊ စစ်သက်ပြည့်တာနဲ့ ဗိုလ်သင်တန်း တက်ခွင့်ရအောင် လုပ်ပါ့မယ် ဆိုတာမျိုးတွေ ဘယ်လောက်ပြောပြော ဆောက်ဖြစ်မှ ကျောင်းဒါယကာ ဖြစ်မယ့် ကျုပ်နဲ့ ဘယ်သဘောတူမလဲ။ နောက်ဆုံးတော့လည်း ကျုပ်မိန်းမ မိအေးက ခေါင်းမာမာနဲ့ ဖိုးတေနဲ့ မပေးစားရင် ကျောင်းဆက်မတက်ဘဲ ခရစ်ယာန် သီလရှင် အပြီး လုပ်တော့မယ်ဆိုတဲ့ စကားတွေ နောက်မှာမှ လက်ထပ်ခွင့် တင်ပြီး အိမ်ထောင်သည်ဘဝ ရောက်ခဲ့ရတယ် ဆိုပါတော့။ အစတော့ တပ်ကပေးတဲ့ အိမ်ထောင်သည် လိုင်းမှာနေ၊ တပ်ကပေးတဲ့ ရိက္ခာစား၊ တပ်ကပေးတဲ့ လစာသုံးရင်း နေလာတာ သမင်မွေးရင်း ကျားစားရင်း ဆိုသလိုပါပဲ။ စုမိဆောင်းမိလည်း မရှိ။ ကျုပ်လည်း ၁ဝ တန်း ပြန်မဖြေနိုင်၊ ကျုပ်မိန်းမလည်း ကျောင်းဆက်မတတ်နိုင် ဖြစ်လာပါလေရော။ နောက်ဆုံးတော့ ဘာသာခြားတွေနဲ့ ယူပြီး ရာထူးတော်တော်နဲ့ မတက်၊ နေရာ တော်တော်နဲ့ မရတဲ့ အရာရှိတွေကို ကြည့်ပြီး သွေးလန့်လာတာက တကြောင်း၊ ကျုပ်ကိုယ်တိုင် အကြံအဖန် မလုပ်တတ်တာက တကြောင်း၊ ကိုယ်နဲ့ရွယ်တူ အရာရှိ ကတော်တွေ၊ ဆရာကြီး ကတော်တွေ သားသမီးတွေနဲ့ ယှဉ်ရင် ကျုပ်မိန်းမ မျက်နှာငယ်တာက တကြောင်း ဆိုတဲ့ အကြောင်းကြောင်းတွေကြောင့် ဆေးပင်စင် (တပ်ထဲမှာတော့ အရူးလက်မှတ် ခေါ်တာပေါ့) ရအောင် အကြံအဖန် လုပ်ပြီး ထွက်ခဲ့တယ်။ တပ်ထဲက ထွက်ပြီးခါစတော့ ပင်စင်ရတဲ့ ဆုကြေးငွေလေးနဲ့ လင်ကိုမယား နှစ်ယောက် ပုသိမ်မြို့ပေါ်မှာ အိမ်လေးတလုံး ငှားနေ။ ကျုပ်ကလည်း ရွာအနီးအနားမှာ စပါးပွဲစား လုပ်၊ ဆားပွဲစားလုပ်ရင်းနဲ့ နေလာလိုက်တာ ကျုပ်မိန်းမ ဘွဲ့ရတဲ့အထိ ဆိုပါတော့။ မိန်းမဘွဲ့ရပြီးလို့ ရှေ့နေ လုပ်စားဖို့ကလည်း ချိန်ဘာဆင်းဖို့ ဆရာမွေးစရာ ပိုက်ဆံကလည်း မရှိ။ နောက် ဒိုင်တွေ ပွဲရုံတွေကလည်း ရွာတွေအထိ ဆင်းကောက်တော့ ကျုပ်တို့လို ပွဲစားတွေမယ် နောက်ပိုင်း သိပ်အလုပ် မဖြစ်တော့ဘူး။ မိအေး နောက်ဆုံးနှစ် တက်နေတုန်းကတောင် ပိုက်ဆံပြတ်လို့ ပုသိမ် သင်္ဘောဆိပ်မှာ ညဘက် ပုတ်ပြတ်နဲ့ ကုန်တင်ကုန်ချ သွားလုပ်ရတာ အကြိမ်ကြိမ်။ အဲဒီကနေ ငါ့ဝမ်းပူဆာ မနေသာ ဆိုတဲ့အတိုင်း တခြားပွဲစား အပေါင်းအသင်းတွေက တဆင့် ချဲ လက်ခွဲရောင်းတဲ့ အလုပ်ကို လုပ်တဲ့အထိ ရောက်ရော။ အဲဒီအလုပ်က အဆင်လည်း ပြေပါတယ်။ ငွေလည်း ဝင်တယ်။ ဒါပေမဲ့ တွေ့သမျှလူ ဆရာခေါ်ရ။ ဟိုလူ ကြောက်ရ၊ ဒီလူ ကြောက်ရနဲ့ စိတ်ပျက်ဖို့တောင် အလွန်ကောင်းတာကလား။ နောက်ဆုံး မိအေး ဘွဲ့ဝတ်ရုံကြီး တကားကားနဲ့ ဘွဲ့တက်ယူတဲ့ နေ့ပြီးတော့ နောက်နေ့ ထင်တာပဲ ကျုပ်တို့ လင်မယား နှစ်ယောက် ရှိသမျှလေး ပိုက်ပြီး ရေကြည်ရာ မျက်နုရာမှာ လယ်လေး၊ ချောင်းလေး ရသလောက် ဝယ်ပြီး လုပ်ဖို့၊ နောက် အသက် သိပ်မရခင် ကလေးယူဖို့ တိုင်ပင်ပြီးတဲ့နောက် ပွဲစားလုပ်တုန်းက အဆက်အသွယ်တွေနဲ့ အခုနေတဲ့ ပြင်စလူဆိုတဲ့ ရွာလေးကို ရောက်လာတာ။ အခုဆို သမီးက ၁ဝ နှစ်၊ သားအငယ်လေးက ၈ နှစ် ဆိုတော့ ၁၂ မိုးလောက်ရှိထင်ပါ့။ ဒီရွာ ပြောင်းခါစတုန်းကများ ပြောပါတယ်။ ကျုပ်ကတော့ တောသားဆိုတော့ ကိုယ်တတ်နိုင်တဲ့ လယ်လေး ၂ ဧကလောက်ပေါ် အငှားကျွဲနဲ့ လုပ်နေရတာကို ပျော်လို့။ ကျုပ်မိန်းမ မိအေးကတော့ နည်းနည်း မျက်နှာ ပျက်ချင်တာပေါ့။ ဒီလိုနဲ့ ကျုပ်ရဲ့ မိသားစုကို ကောင်းကောင်း ထားချင်တဲ့စိတ်နဲ့ တွန်းလုပ်တာ နှစ်မိုးလောက်နေတော့ ကျွဲ အပိုင် ဖြစ်လာတယ်။ လယ်လည်း ၅ ဧက ဖြစ်လာတယ်။ နောက် အဲဒီနှစ်ပဲ သမီးလေး ကိုယ်ဝန်လည်း ရလာတယ်။ မိန်းမက သားဖွား ဆရာမနဲ့ပဲ မွေးမယ်လို့ ပြောပေမယ့် ကျုပ်က စိုးရိမ်လို့ ပုသိမ်မြို့က သားဖွားမီးယပ် ဆရာဝန်မကြီးနဲ့ သေချာ၊ ကျကျနန မွေးခဲ့တာပါ။ အဲဒီ နောက်ပိုင်း သားလေး မွေးလာပြီးတော့ စီးပွားတွေ တရိပ်ရိပ်တက်လာတယ် ဆိုပါတော့။ အခုတော့ ကျုပ်မိန်းမ ဦးစီးလုပ်နေတဲ့ ဆားကွင်းတွေရယ်၊ ကျုပ်ထောင်ထားတဲ့ ငါးဖမ်းလှေတွေရယ်၊ ကျုပ်လယ်တွေရယ်နဲ့ ဒီရွာမှာတော့ သူဋ္ဌေးစာရင်းပေါက် ဆိုပါတော့။ ရွာခံ လူတွေကလည်း ကျုပ်တို့ မိသားစုကို ချစ်ကြပါတယ်။ ကျုပ်မိန်းမ သဘောကောင်းတာ၊ အလှူအတန်းမှာ မနှေးတာရယ် ဘွဲ့ရပညာတတ် ရှားတာရယ် ပေါင်းတော့ ကျုပ်တို့ မိသားစုက ဒီရွာမှာတော့ ရွာ့မျက်နှာဖုံး မိသားစုဆိုရင် မမှားဘူးပေါ့လေ။ တခု ရယ်ရတာက ကျုပ်တို့အိမ်မှာ ကိစ္စတခုနဲ့ ဧည့်သည်တွေ လာပြီး နောက်ဆုံး ကျုပ်တို့ စီးပွားတက်တဲ့ အကြောင်းကို ရောက်သွားတဲ့ အခါတိုင်း ကျုပ်မိန်းမနဲ့ ပြောရင် ဘုရားသခင် အလိုတော်အတိုင်းပေါ့ မအေးရယ်လို့ ပြောတတ်ပြီး၊ ကျုပ်နဲ့ဆိုရင်တော့ ကံကံ၏ အကျိုးပေါ့ ကိုဖိုးတေရာလို့ ပြောတတ်တဲ့ ဓလေ့ ဒီရွာက ကျုပ်တို့ မိသားစုနဲ့ ရင်းနှီးတဲ့ လူတွေမှာ ရှိတတ်တာပါပဲ။ ဒီနှစ်တော့ ကျုပ် သားလေးကို ရှင်ပြုပြီး၊ ကျုပ်သမီးလေးကို နားသမယ့် နှစ်မို့လား မသိပါဘူး။ အလုပ်တိုင်းက အရင်နှစ်ကထက် ပိုပြီး ငွေဝင်တာမှ ကလေးတွေ ထိန်းဖို့ ခေါ်ထားတဲ့ ကျုပ် မိန်းမဘက်က တူမတော်တဲ့ ကလေးမလေးကိုတောင် နားဆွဲလေး လုပ်ပေးထားသေးတယ်။ ကျုပ်မိန်းမ မျိုးချစ်စိတ်ရှိပုံ ပြောပါတယ်။ ပြောရအုံးမယ်။ ကျုပ်နဲ့ မိအေးက ကလေးတွေ မမွေးခင်ကတည်းက သူ့ဘာသာ၊ ကိုယ့်ဘာသာ မခွဲဘဲ ဘာသာရေးနဲ့ ပတ်သက်တဲ့ ထုံးတမ်းစဉ်လာတွေ အကုန်လုပ်ပေးဖို့ သဘောတူထားခဲ့တယ်။ သူတို့ကြီးမှ သူတို့ ကြိုက်တဲ့ ဘာသာယူပါစေ ဆိုပြီးတော့ပေါ့။ ဒီတမိုး စပါးပေါ်တာနဲ့ ရှင်ပြုနားသပွဲလုပ်မယ့် အလှူရှင်တွေကလည်း များတော့ မိုးမကျခင်ဘဲ အလှူဆိုင်းဝိုင်း အတွက် စရံသတ်တာတို့၊ ရှင်လောင်းဝတ်စုံ ငှားတာတို့ ဆိုတဲ့ ကိစ္စလေးတွေ ပုသိမ်မြို့ပေါ် တက်လုပ် ပြန်ပြန်လာခဲ့တာဗျာ။ လူတိုင်းကလည်း ကျုပ်တို့ နှစ်ယောက်လုပ်မယ့် အလှူအတွက် ထင်ကြေး အမျိုးမျိုးပေးလို့။ ကြားတာတော့ မိအေး ကန်တော့ပွဲ ရွက်မရွက်တောင် ကာလသားတွေကြား အပျော်တမ်း အလောင်းအစား လုပ်ကြတယ်ဆိုပါ့ပဲ။ မိအေးကလည်း ကျုပ်မရှိတဲ့ အချိန်တွေတိုင်း ခေါင်းခုလေးတင်ပြီး ကန်တော့ပွဲ ရွက်ဖို့ ကြိတ်ကျင့်နေတာ ဘယ်သူမှ မသိကြဘူး။ ကျုပ်ကိုယ်တိုင်တောင် မသိဟန်ဆောင်နေရတာ။ အဲဒီနေ့က လေတွေ စထန်လာတော့ ကျုပ်တို့ဖြင့် မကြောက်ပေါင်။ ကျုပ်တို့ မြစ်ဝကျွန်းပေါ် ဒေသအတွက်က မုန်တိုင်းဆိုတာ အထူးအဆန်းမှ မဟုတ်ဘဲ။ ဒါပေမဲ့ နည်းနည်းကြာလာတော့ အခြေအနေ မဟန်မှန်း ကိုယ်စောင့်နတ်က နှိုးဆော်ဟန် တူပါတယ်။ သားရယ်၊ သမီးရယ်၊ မိအေးရယ်၊ မိအေးတူမလေးရယ် ခေါ်ပြီး တိုက်ခံ အဆောက်အဦလည်း ဖြစ်၊ အမြင့်ပိုင်းလည်းဖြစ်တဲ့ ဘုန်းကြီးကျောင်းဘက်ကို ထွက်လာလိုက်တာ ကံကောင်းတယ် ပြောမလား၊ ကံဆိုးတယ် ပြောမလား၊ အချိန် ကြာလာတာနဲ့အမျှ မုန်တိုင်း အားကောင်းလာပုံများ ကျုပ်ဖြင့် ကမ္ဘာပျက်တယ်ဆိုတာ ဒါပဲ နေမယ်လို့ တွေးမိတယ်။ ကလေးတွေရဲ့ ငိုသံတွေ၊ သွပ်မိုးတွေ လွင့်သွားတဲ့ အသံတွေ၊ တဲပြိုတဲ့ အသံ၊ အပင်လဲတဲ့ အသံတွေနဲ့ ကျုပ် ဘဝတလျှောက်လုံး ကြောက်စရာ အကောင်းဆုံး ဆိုတာတောင် အားလုံး ရယ်စရာတွေ ဖြစ်ကုန်တယ် ပြောလို့ ရပါတယ်။ ဒီလိုနဲ့  တလောက လုံးဝ ဝုန်းဒိုင်းကျဲနေတဲ့ ကာလကြီး အပြီးမှာတော့ ... ပထမဆုံး သတိထားမိတာ ဆာလောင်လို့ ငိုနေတဲ့ ကလေးငယ်တွေရဲ့ အသံ။ ပြီးတော့ မိအေးရဲ့ “မုန်တိုင်းရဲ့ အပေါ်မှာ ဘုရားသခင် ရှိပါတယ်။ သခင့် လက်ထဲမှာ ကျမတို့ ဘဝကို အပ်နှံထားပါတယ် အာမင်” ဆိုတဲ့ အသံ။ အဲဒီ အသံတွေရဲ့ နောက်မှာ စိုးရိမ်စွာ ကြည့်လိုက်မိတာ သမီးနဲ့ သား၊ ပြီးတော့ မယ်အေး တူမ။ သမီးနဲ့ သားကို ငေးကြောင်နေတဲ့ မျက်လုံးတွေအောက်မှာ ခြောက်သွေ့နေတဲ့ မျက်ရည် စီးကြောင်းတွေနဲ့ အတူ တွေ့လိုက်ရလို့ စိတ်အေးရပေမယ့် မိအေး တူမလေးကိုတော့ မတွေ့ဘူး။ အခြေအနေ ငြိမ်သက်စ ပြုတာနဲ့ ကျုပ်တို့လည်း အိမ်ပြန်ကြမယ်ဆိုပြီး ကလေးတွေကို မိအေးတယောက်၊ ကျနော်တယောက် လက်ဆွဲပြီး ထွက်အလာမှာလည်း ကျနေတဲ့ သစ်ပင်ကြီး အဲဒီအောက်မှာ လူသေကောင်တွေ။ ချက်ချင်းပဲ မိအေးနဲ့ ကလေးတွေကို ဘုန်းကြီးကျောင်းမှာ ဆက်နေခဲ့ဖို့ မှာရင်း အိမ်ရှိရာကို ကျုပ်တယောက်ထဲ ပြန်လာခဲ့တယ်။ ဒါပေမဲ့ ကျုပ်အိမ် ဘယ်မှာလဲဆိုတဲ့ အမေးကို ကျုပ်ကိုယ်တိုင်ကို ပြန်မဖြေပေးနိုင်ခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် သေသွားတဲ့ လူတွေနဲ့ ယှဉ်ရင်တော့ ကျုပ်တို့ မိသားစုက တော်သေးတယ် ဆိုရမှာပေါ့။ ကျုပ်လိုပဲ လူအများစုလည်း သူတို့ အိမ်တွေကို ရှာမတွေ့တော့ဘူး။ အိမ်တွေ နေရာမှာ ရေပြင်ကြီးဖွေးလို့။ အဲဒီရက်မှာတော့ ဘုန်းကြီးက မျှကျွေးတဲ့ အစာလေးတွေပဲ အားလုံး မျှစားရင်း ကျုပ်တို့အားလုံး နေကြရတာပေါ့။ ကျုပ်လို တောက တက်လာတဲ့လူ စစ်သား လူထွက်အတွက် အရေးမကြီးပေမဲ့ မိအေးနဲ့ ကလေးတွေ အခုလို စားနေရတာ ကြည့်ပြီး ကျုပ်တော့ လုံးလုံး စိတ်မကောင်းဘူး။ အဲဒီ အိပ်မက်ဆိုးကြီးအပြီး နှစ်ရက်သုံးရက်ရှိတော့ ရန်ကုန်က လူတွေ ရောက်လာတယ်။ ဒါပေမဲ့ ကျုပ်တို့ဆီ ရောက်လာတဲ့အခါ ရေဗူး နည်းနည်းနဲ့ ခေါက်ဆွဲခြောက်ထုပ် တထုပ်စီလား မသိဘူး ပေးနိုင်တာကလွဲလို့ ဘာမှလည်း လုပ်မပေးနိုင်ခဲ့ဘူး။ ကျုပ် သမီးနဲ့ သား မောင်နှစ်မ နှစ်ယောက်ကလည်း အလှူကျတော့၊ အလှူရောက်ရင် ဆိုတဲ့ စကားကို ရွယ်တူကလေးတွေ ကြားမှာ ပြောနေဆိုနေတုန်း။ အဲဒီအသံကြားတိုင်း ကျုပ် နှလုံးသားကို အပ်နဲ့ ဆွသလိုပါပဲ။ အဲလိုအချိန်မျိုးမှာ မိအေး အနားရှိလို့ လှမ်းကြည့်မိပြန်ရင်လည်း မလိုအပ်ဘဲ မျက်လုံး ပုတ်ခတ်ပုတ်ခတ် လုပ်တာကို သတိထားမိတယ်။ ကျုပ်တို့ အိမ်အခြေအနေ၊ လယ်အခြေအနေ၊ ကျွဲတွေရဲ့ အခြေအနေ၊ ဆားကွင်းအခြေအနေ၊ ငါးဖမ်းလှေတွေရဲ့ အခြေအနေကို ကျုပ်နဲ့ မိအေးကြား မပြောဖြစ်အောင် သတိထားနေတာလည်း သိသာတယ်။ ဒါပေမဲ့ အိပ်မက်ဆိုး မက်တဲ့ နေ့ကတည်းက ဒီနေ့အထိ ဝတ်ထားတဲ့ အဝတ်တွေက ကျုပ်တို့ မိသားစုသာမက ဒီနေရာမှာ ရှိနေတဲ့ မိသားစုတွေရဲ့ အခြေအနေကို ပြောပြနေသလိုပါပဲ။ တဖြည်းဖြည်းနဲ့ စေတနာရှင်တွေ ပိုပိုရောက်လာတယ်။ ကျနော့်အတွက် အဝတ်အစားလေးတွေ ရလာတယ်။ စားစရာတွေ နည်းနည်းပါးပါး ရလာတယ်။ မြို့ပေါ်တွေမှာလိုတော့ တားတာ ဆီးတာမျိုးတွေ မရှိပေမဲ့ နည်းနည်း လူလည်ကျတဲ့ အပိုင်းတွေတော့ ရှိတာပေါ့လေ။ အလှူရှင်တွေကလည်း စေတနာ ကောင်းကြပါတယ်။ ရေလမ်းခရီးကိုလည်း သက်စွန့်ဆံဖျား လာကြတယ်။ အာဏာပိုင်တွေရဲ့ ငြိုငြင်မှုကို ခံပြီးတော့လည်း လာကြတယ်။ ဘုန်းတော်ကြီးကတော့ ပြောတယ်၊ အမေရိကန်တို့၊ ပြင်သစ်တို့က သင်္ဘောကြီးတွေ ရောက်နေပြီ။ မကြာခင် ကျုပ်တို့ ရွာတွေဆီ လာပြီး၊ လိုတာ မှန်သမျှ ကူညီလိမ့်မယ်လို့ ပြောတယ်။ ကျုပ်ကတော့ ကျန်တာ ဘာမှ ပေးပေး၊ မပေးပေးပါ။ ဒီတမိုးအတွက် စားဖို့ရယ်။ ကျုပ်လယ်တွေကို စပါးစိုက်လို့ ရအောင် မြေပြင်ပေးပြီး မျိုးစပါးလေး ပေးရင်ကို တော်ပါပြီ။ ကျုပ် အလကား မယူပါဘူး။ ဒါတွေကို ပြန်ဆပ်ဆိုလည်း ဆပ်ပါ့မယ်။ ဒီနှစ်စပါးလေး စိုက်ငွေလေးတဲ့အခါမှ ဆားကွင်းလေးကို လူငှားနဲ့ ပြန်လုပ်ရင် ကျုပ်တို့ မိသားတစုတော့ ခါးမလှသေးတောင် ဝမ်းဝမှာတော့ မပူရဘူးပေါ့။ ကျုပ်တို့ရွာကို အလှူရှင် အဖွဲ့တွေ ရောက်လာတယ် ဆိုပေမယ့် သွားရေးခက်တော့ ဆင့်ပါးစပ် နှမ်းပက်သလို ဖြစ်နေတာပေါ့။ ဒါနဲ့ ကျုပ်၊ မိအေး၊ သမီးနဲ့ သားကို ခေါ်ပြီး လပွတ္တာဘက်ကို အလှူရှင်စက်လှေ အကြုံနဲ့ လိုက်သွားဖို့ စိတ်ကူးတယ်။ တဖက်က ကျုပ်မိသားစု ဝဝလင်လင် စားရဖို့ဆိုတဲ့ အတ္တစိတ်ကလေး ပါသလို၊ တဖက်ကလည်း ကျုပ်တို့ ၄ ယောက် လျော့သွားရင် တခြားလူတွေ ၄ ယောက်စာ ပိုရမယ်ဆိုတဲ့ အတွေးလေးလည်း တွေးမိပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အမေရိကန်ကြီးတွေ၊ ပြင်သစ်ကြီးတွေ လာတဲ့အခါ မြို့ပေါ်ကို အရင်လာမယ်။ အဲဒီတော့ အရင်ဆုံး တွေ့ရမယ်။ ကျုပ် လယ်တွေ ပြင်ဖို့၊ စပါးစိုက်ဖို့ စောစော လုပ်နိုင်မယ် ထင်တာပေါ့။ မိအေးကလည်း ဘွဲ့တောင် ရထားတာဆိုတော့ အမေရိကန်ကြီးတွေနဲ့ စကားပြောနိုင်မှာပဲကို။ မိအေးကို ဖွင့်တိုင်ပင်တော့လည်း သဘောတူတယ်။ နောက် ရွာ ဥက္ကဋ္ဌ ကို ပြောတော့လည်း ဥက္ကဋ္ဌ က သွားချင်သွားလို့ ပြောတယ်။ နောက်တရက် အလှူရှင်တွေ ရောက်လာပြီး စိတ်ကူးကို ပြောပြတော့ သဘောကောင်းတဲ့ ခေါင်းဆောင် လုပ်သူက ကျုပ်တို့ကို ခေါ်သွားပေးမယ် ပြောတယ်။ ရေဆိပ် ဆင်းခါနီး ကိုစိန်သန်းတို့ လူအုပ်က မဲလက်မှတ်ဆိုလား ဘာလားကို တင်တင်စီးစီးနဲ့ အတင်းလုပ်ခိုင်းလို့ လက်မှတ် ထိုးပေးလိုက်တာက လွဲရင် ကျန်တာ အဆင်ပြေတယ် ပြောရမှာပေါ့။ မဲလက်မှတ်လို့သာ ပြောတယ်။ သူတို့ပြောတဲ့ ပုံက အမှန်ခြစ်ပြီး ကြိုတင်မဲ လက်မှတ်ထိုးသွားတဲ့။ စိတ်ထဲ ဘဝင်မကျပေမဲ့ လောလောဆယ် မိသားစုအရေးက ရှိသေးတာကိုး။ စကားနဲ ရန်စဲပေါ့။ လပွတ္တာရောက်တော့ မြို့ထဲမှာနေတာထက် မြို့ပြင်ကားလမ်းမှာ သွားနေရင် ပို အဆင်ပြေတယ်လို့ အလှူရှင်တွေ အကြံပေးတဲ့အတိုင်း မြို့ပြင်ကားလမ်းဘက် ထွက်ခဲ့တယ်။ အလှူရှင်တွေက ပေးခဲ့တဲ့ မိုးကာလေးကို သုံးပြီး သစ်ပင်ကြီးတပင် အောက်မှာပဲ အဖြစ်တဲလေး ထိုးနေလိုက်တယ်။ နောက်နေ့ မနက်ကစလို့ လာလိုက်တဲ့ ကားကြီးကားငယ်တွေ။ တချို့ကားတွေကလည်း ရပ်ပြီး ပစ္စည်းတွေကို စနစ်တကျ ဝေတယ်။ တချို့ကတော့လည်း ဘာကြောင့် မှန်းမသိ ပစ်ပေးသွားတာမျိုးတွေ ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရွာမှာထက် စာရင်တော့ ကျုပ်တို့ ပိုစားရတာ အမှန်ပဲ။ နိုင်ငံခြားက လူတွေဆိုတာ ဘယ်တော့လာမလဲ တွေးလိုက်၊ အလှူရှင်တွေ လာရင် ပစ္စည်းလေးတွေ ယူလိုက်နဲ့ လက်ရှိ ကိုယ့်အဖြစ် ကိုယ်တောင် မေ့နေတယ်။ တရက်တော့ မနက်အစောကြီး ရဲတွေရယ်၊ ဖြူစိမ်းကောင်တွေရယ် ရောက်လာပြီး ကျုပ်တို့ မိသားစုကို ဒီမှာ နေခွင့် မရှိဘူး၊ သူတို့နဲ့ လိုက်ခဲ့ပါ၊ ကယ်ဆယ်ရေး စခန်းကို ပို့ပေးမယ်လို့ ပြောပြီး လာခေါ်တယ်။ ဒါနဲ့ ကျုပ်တို့ မိသားစုလည်း ဝမ်းသာအားရနဲ့ လိုက်ခဲ့တာပေါ့။ ဟိုလည်း ရောက်ရော တပ်ထဲတုန်းက ကြည့်ဖူးတဲ့ ရုပ်ရှင်ကားထဲကလို တဲလေးတွေ တန်းစီ ဆောက်ထားတာကို တွေ့ရတယ်။ အထဲမှာလည်း ဒန်အိုးဒန်ခွက်၊ ဆန်အိတ်၊ ဆီ၊ ဆားနဲ့ အခြောက်အခြမ်းတွေကို တွေ့ရတယ်။ ခဏတာတော့ လုံခြုံမှု ရပြီဆိုတဲ့ အသိ။ နောက် ကျုပ် ကလေးတွေရော၊ မိအေးနဲ့ ကျုပ်ကိုယ်တိုင်ရော ကားသံ နားထောင်လိုက်၊ ပစ္စည်းလှူမယ့်သူ မျှော်လိုက်နဲ့။ ပစ္စည်းတွေ သွားအလှူခံရတယ် ဆိုတဲ့ ဘဝကို ကြည့်ရတာလည်း မဖြစ်လို့သာရယ်။ တကယ်တမ်းတော့ တစက်ကလေးမှ စိတ်ချမ်းသာတာ မဟုတ်ဘူး။ အခုလိုဆိုတော့ စခန်းက ဝေတဲ့ရိက္ခာ သွားထုတ်ရင် နိုင်ငံခြားကလာမယ့် အကူအညီတွေကို ထိုင်စောင့်ရုံပဲပေါ့။ တအောင့်နေတော့ ရဟတ်ယာဉ်သံတွေ ဆူညံပြီး အရာရှိကြီးတွေ ကျနော်တို့ တဲတန်းတွေထဲ ဝင်လာတာကို မြင်ရတယ်။ တပ်ထဲတုန်းကလည်း ကျုပ်က ဓားမနောက်ပိတ်ခွေး ရိုးရိုးရဲဘော်ဆိုတော့ ဘယ်သူဘယ်ဝါရယ် လို့တော့လည်း မသိဘူးပေါ့။ ကျုပ်တို့တဲတွေဆီ တတဲချင်းကြည့်ပြီးတော့ အားပေးစကားပြောပေါ့။ ကျုပ်တို့လည်း ဝမ်းသာတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုလူကြီးတွေ လာတယ်ဆိုတော့။ လူကြီးတွေ ပြန်ထွက်သွားပြီး ခဏနေတော့ ကျုပ်တို့တဲတွေဆီကို တာဝန်ခံဆိုတဲ့ လူတွေ ရောက်လာပြီး ဆန်အိတ်တွေနဲ့ တခြား စားစာရာတွေကို ပြန်သယ်သွားတယ်။ ပါးစပ်ကလည်း ရေရှည်အတွက် ကျုပ်တို့က စေတနာနဲ့ လုပ်ပေးတာ၊ ဘာညာဆိုတာတွေ ပြောတယ်။ ပြီးတော့ ဆန်နှစ်ပြည်ရယ်၊ အခြောက်အခြမ်း နည်းနည်းရယ် ထည့်ထားတဲ့ အိတ်တွေကို “ဒါ တပတ်စာ” လို့ ပြောပြီး ပေးတယ်။ နောက် ဘယ်အလှူရှင်တွေဆီကမှလည်း တိုက်ရိုက် လက်မခံဖို့  မျက်နှာထားနဲ့ ပြောတယ်။ ကျုပ်ကလည်း တခုခုဆိုရင် မြုံမနေတတ်တော့ နိုင်ငံခြားက လူတွေကရော ဘယ်တော့ လာမလဲလို့ မေးလိုက်မိတယ်။ အဲဒီမှာ ခေါင်းဆောင် လုပ်သူက ဒေါနဲ့မာန်နဲ့ ဘယ်သူ့ အကူအညီမှ မလိုဘူး၊ နိုင်ငံတော်က ကူညီနိုင်တယ်၊ ဘာညာနဲ့ အော်ပါလေရော။ ကျုပ်တို့ကို မျိုးစပါး ပေးမှာလား၊ လယ်တွေ ပြင်ပေးမှာလား၊ ငွေချေးပေးမှာလား စတဲ့ မေးခွန်းတွေ ဆက်တိုက် မေးလိုက်တော့၊ အဲဒီလူလည်း မျက်နှာကြီး နီရဲလာပြီး ဒေါသတကြီး အော်ပါလေရော။ သူပြောတဲ့အထဲမှာ ဖားရှာ ငါးရှာစားတို့၊ ချောကလက် မလိုဘူးဆိုတဲ့ အသံတွေပဲ ကြားနေရတယ်။ မျက်လုံးထဲမှာတော့ တိုင်တချို့ကလွဲပြီး ဘာမှ မရှိတော့တဲ့ ကျုပ်တို့အိမ်။ လူတွေ စွန့်ကြဲတာကို သိမ်ငယ်တဲ့ မျက်လုံးတွေနဲ့ လက်ဖြန့်တောင်းနေတဲ့ ကျုပ်ချစ်တဲ့ မိအေးနဲ့ သမီးနဲ့ သားနဲ့ တခြားလူတွေ။ နောက် သမီးနဲ့ သားကို လှူတဲ့ အလှူပွဲ။ နောက်ဆုံး ကြားလိုက်ရတဲ့ စကားက ဘယ်နိုင်ငံခြားသားမှ အဝင်မခံဘူး၊ စားဖို့မရှိရင် တောင်းစားဆိုတဲ့ အသံ ... ကျုပ်ကို ကျုပ် ဘာလုပ်လိုက်မှန်း မသိခင်မှာ အဲဒီ ခေါင်းဆောင် လုပ်သူရဲ့ ပြူးကျယ်နေတဲ့ မျက်လုံး ကျုပ်လက်နှစ်ဘက်နဲ့ သူ့လည်ပင်း အထိအတွေ့ကိုပဲ သိတော့တယ်။ နောက် ချက်ချင်းလိုပဲ ကျုပ်ခေါင်းနဲ့ ခန္ဓာကိုယ်အနှံ့က နာကျင်မှု။ ဒါပေမဲ့ ကျုပ် လက်ကို ဘယ်တော့မှ မလွှတ်ဘူး။ မုန်တိုင်းက ကျုပ်တို့ဆီက ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုတွေပဲ လုယူတာ။ ကျုပ်လက်ထဲကလူနဲ့ သူလိုလူမျိုးတွေက ကျုပ်တို့ ဘဝတခုလုံးကို လုယူတာ။ ကျုပ် သားနဲ့ သမီးရဲ့ အနာဂတ်ကို ဖျက်ပစ်တာ။ ကျုပ်တို့ တရွာလုံးကို ဖျက်ပစ်တာ။ ထမင်းစားရရုံနဲ့ ကျုပ်တို့ ဘဝ ရပ်တည်လို့မှ မရတာ။ ဘယ်မလဲ လယ်၊ ဘယ်မလဲ နွား၊ ဘယ်မလဲ မျိုးစပါး။ ဘယ်သူတွေကရော ကျုပ်တို့ကို အမြဲ လှူနေနိုင်မလဲ။ တလလား၊ ၁ဝ လလား၊ တနှစ်လား။ ရဟန်းသံဃာ မဟုတ်ဘဲ သူများ လှူတာကို တသက်လုံး ထိုင်စားနေမယ် ဆိုရင်ရော ကျုပ်တို့ ဘာတွေ ဖြစ်ကုန်မလဲ။ ဘုရားကျွန်လား၊ သူဖုန်းစားလား၊ ဒုက္ခိတတွေလား။ ကျုပ်နဲ့ ဘဝတူ လူတွေရယ်။ အစာငတ်မှာ ကြောက်ပြီး ဘဝကို အငတ်ခံကြတော့ မလို့လား။ ကျုပ်တို့ လူမျိုးတွေက ခန္တီပါရမီ ကောင်းတာပဲလား၊ သရဲဘောကြောင်တာပဲလား။ ဓားမိုး အုပ်ချုပ်ခဲ့တဲ့ အချိန်တွေ သိပ်ကြာလာခဲ့လို့လား။ မေးခွန်းတွေရဲ့ အဖြေကို ရှာမတွေ့ခင်ဘဲ ကျုပ်တော့ အမှောင်အတိ ကျလို့။ နောက်ဆုံး မြင်လိုက်ရတာက ဧရာမ သင်္ဘောကြီး။ မိအေးနဲ့ ကလေးတွေလည်း ပျော်လို့။ -----------------(နိဂုံး) လေဘေးကယ်ဆယ်ရေး စခန်းထဲမှာ အရူးတယောက် စိတ်ဖောက်ပြီး ဥက္ကဋ္ဌကြီးကို လည်ပင်း ထညှစ်တာ ဘေးက လူတွေ ဝိုင်းကယ်လို့ ဥက္ကဋ္ဌကြီး ဘာမှ မဖြစ်တာဆိုတဲ့ သတင်းကို လူတွေ စုမိတိုင်း ပြောတတ်တယ်။ နောက် အလှူရှင်တွေနဲ့ အလှူခံတွေ စုဝေးနေတဲ့ နေရာတိုင်းမှာ မနက်ဖြန်အတွက် ဘာမှ စိတ်မပူကြပါနဲ့၊ ကျမ အမျိုးသား သင်္ဘောတွေ၊ ကယ်ဆယ်ရေး လုပ်မယ့်လူတွေ သွားခေါ်နေတယ်လို့ ငိုတခါ ရယ်တလှည့် ပြောနေတတ်တဲ့ လူရည်သန့် မိန်းမတယောက်ကို လူတွေ သတိထားမိလာကြတယ်။
Rest of your post
Posted by
54freedom
at
10:19 PM
0
comments
Labels: ရင်တွင်းဖြစ် ဆောင်းပါး
Sunday, June 8, 2008
ဆိုင်ကလုံးနာဂစ် ပြန်လည် တည်ဆောက်ရေးရဲ့ မမြင်ရတဲ့ အဖိုးအခများ
လာရီဂျေဂင်
သောကြာနေ့၊ ဇွန်လ 06 2008 22:23 - မြန်မာစံတော်ချိန်
ဘန်ကောက်။ ။ ကြောက်မက်ဘွယ် ဆိုင်ကလုံးမုန်တိုင်းကြီး ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို ဝင်ရောက်မွှေနှောက် တိုက်ခတ် သွားခဲ့သည်မှာ ၁ လ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ၁ သန်းကျော်မျှသော မုန်တိုင်း ဒုက္ခသည်များမှာ ယခုထိ နည်းနည်းမျှ မရသေးသူနှင့် နည်းနည်းပါးပါးသာ ရသေးသူ တို့သာ ဖြစ်နေဆဲပင် ရှိသည် ဟု မြန်မာနိုင်ငံတွေင် လုပ်ကိုင်နေသော ကယ်ဆယ်ရေး အေဂျင်စီများက ပြောကြားကြပါသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နိုင်ငံတကာ အသိုင်းအဝိုင်းက အကြီးအကျယ် ကူညီရန် အသင့်ပြင်ထားခဲ့သော်လည်း စစ်အစိုးရကမူ နိုင်ငံတကာ အကူအညီ ပေးရေး လုပ်သားများနှင့် သဘာဝ ကပ်ဘေးအန္တရာယ် ကျွမ်းကျင်သူများ နိုင်ငံတွင်း ဝင်ရောက်ခွင့်ကို တားဆီး ပိတ်ပင်နေဆဲ ရှိသေးသည်။ လက်ဆုပ်စာကိုသာ မြစ်ဝကျွန်းပေါ် အောက်ပိုင်းဒေသ မုန်တိုင်းဒဏ် ဆိုးဆိုးဝါးဝါး ခံခဲ့ရသော ဒေသများသို့ ဝင်ရောက်ခွင့် ပြုခဲ့သည်။ စစ်အစိုးရသည် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများနှင့် ပူးပေါင်း ဆောင်ရွက်ပါမည် ဟူသော သူ့ကတိကို ချိုးဖျက်၍ လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း ၎င်းတို့၏ လုပ်ငန်း ဆောင်ရွက်မှုများကို ကန့်သတ်မှုများ ပြုလုပ်တော့မည်ဟု မြန်မာစစ်တပ်၏ ယုံကြည် စိတ်ချရသော သတင်းရပ်ကွက်၏ အဆိုအရ သိရသည်။ “အမေရိကန်နဲ့ နိုင်ငံတကာ အန်ဂျီအို (INGOs) တွေက ငါတို့ နိုင်ငံကို ကျွန်လုပ်ချင်နေတာ။ ငါတို့ ပြည်သူတွေကို ကူညီချင်တာ မဟုတ်ဘူး” ဟု ဗိုလ်ချုပ်ကြီး မောင်အေးက ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ တာဝန်ယူ လုပ်ဆောင်နေသည့် ဝန်ကြီးများအား ယခု ရက်သတ္တပတ် အစောပိုင်းက ပြောကြားခဲ့သည်ဟု ဆိုသည်။ ဒေသခံ ရပ်ကျိုးရွာကျိုး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများကိုလည်း အလှူရှင်များ၏ ကျေးကျွန်များအဖြစ် မြင်နေကာ သူတို့ကိုလည်း ပစ်မှတ်ထား စောင့်ကြည့် နေသည်ဟု အဆိုပါ သတင်း ရပ်ကွက်ကပင် ဆက်လက် ပြောကြားသွားသည်။ မြစ်ဝကျွန်းပေါ် ဒေသရှိ အကူအညီ အပူတပြင်း အရေးတကြီး လိုအပ်နေသော ဒုက္ခသည်များကို ဝင်ရောက် အကူအညီပေးရန် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများ အားလုံးက အသည်းအသန် ကြိုးပန်းနေရချိန်၌ ဒေသခံ မြန်မာ စေတနာရှင်များက မိမိတို့ဖာသာပင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေကြရသည်။ သုံးပတ် ကျော်ကြာမျှ ရေသန့်နှင့် အစားအစာ ဘာမျှ မရခဲ့သည့် ကျေးရွာသားများထံ သူတို့၏ အကူအညီများ စတင် ရောက်ရှိနေကြပြီ ဖြစ်သည်။ သို့သော် ယခုအခါ သူတို့ကိုလည်း မြန်မာ စစ်အာဏာပိုင်များက အမြင်မကြည်လင်တော့။ ထိုသို့ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် အဓိက ပုဂ္ဂိုလ်တဦး ဖြစ်သော ရုပ်ရှင်ဒါရိုက်တာနှင့် ဟာသ သရုပ်ဆောင် ဇာဂနာကို ယခု ရက်သတ္တပတ် အစောပိုင်းက ထိန်းသိမ်းလိုက်သည်။ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးက သတိကြီးစွာ ထား၍ အကောင်းမြင်ပါသည်ဟု လူသိရှင်ကြား ပြောဆိုနေသော်လည်း ဆိုင်ကလုံး မုန်တိုင်းက ဖျက်ဆီးခဲ့သော အပျက်အစီးများမှ မြန်မာနိုင်ငံ ပြန်လည် နာလန်ထလာနိုင်ရေး အတွက် ပေါ်ပေါက် လာတော့မည့် ပြဿနာကြီးများကို ကိုင်တွယ် ဖြေရှင်းရန် လိုသည်ဟု နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများ နှင့် လူ့အခွင့်အရေး အုပ်စုများက သတိပေးလိုက်ကြသည်။ မုန်တိုင်း ဒုက္ခသည်များ၏ စိတ်ဒဏ်ရာနှင့် ပရိဒေဝ သောကများသည် မြန်မာနိုင်ငံ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွင် အဓိက အဟန့်အတားများ ဖြစ်လာဘွယ် ရှိသည်ဟု ဥရောပ အခြေစိုက် နယ်စည်းမထား ဆရာဝန်များ အဖွဲ့ (MSF) ကပြောဆိုလိုက်ပြီး၊ ယူကေ အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ ဖြစ်သည့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) ကမူ တိုးပွါးလာနေသော လူ့အခွင့်အရေး ချိုးဖောက်မှု တိုင်တန်းချက်များကြောင့် စိုးရိမ် ပူပန်မိသည်ဟု ဆိုလိုက်သည်။ သူတို့ ခိုလှုံရာ နေရာများမှ အတင်းအကြပ် မောင်းထုတ်ခြင်း၊ နေရာ ရွှေ့ပြောင်းခိုင်းခြင်း၊ အဓမ္မ လုပ်အားပေး ခိုင်းစေခြင်း၊ အတင်းအကြပ် စစ်တပ်ထဲ ဝင်စေခြင်း၊ လူကုန်ကူးခြင်း နှင့် လယ်မြေများ အဓမ္မ သိမ်းပိုက်ခြင်း စသည်တို့က မြန်မာနိုင်ငံ ပြန်လည် တည်ဆောက်ရေး ကြိုးပန်းမှုများအား အတားအဆီး အနှောင့်အယှက် ဖြစ်စေမည်ကို စိုးရိမ်ကြောင်း ပြောဆိုကြသည်။ ဤကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်နေသူ အားလုံးအတွက် အဓိက ပြဿနာမှာ မြစ်ဝကျွန်းပေါ် ဒေသသို့ ဝင်ရောက်ခွင့် ရရှိရေး ဖြစ်သည်။ “ညှိနှိုင်း အစည်းအဝေးတွေမှာ လူတွေတော့ အများကြီး တွေ့နေရတာဘဲ။ ဒါပေမဲ့ အဖွဲ့အစည်းတွေတော့ အများကြီး မတွေ့ရဘူး” ဟု (MSF) ၏ မြန်မာနိုင်ငံတွင်း လုပ်ငန်းများဆိုင်ရာ အကြီးအကဲ (Frank Smithuis) က မဇ္ဈိမကို ပြောကြားသွားပါသည်။ ယခုအခါ သူတို့၏ နိုင်ငံတကာဝန်ထမ်း ၂ဝ ကျော်ကို မြစ်ဝကျွန်းပေါ် ဒေသသို့ အရောက် ပို့နိုင်ခဲ့ပြီ ဖြစ်ပြီး မြန်မာဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးလုပ်သား ၂၅ဝ ခန့်နှင့်အတူ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသမှ မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသော ဒေသများတွင် လုပ်ငန်းများ လုပ်ဆောင်လျက် ရှိနေပြီဟု ဆိုသည်။ “နေ့တိုင်းဘဲ ကျနော်တို့ အဖွဲ့သားတွေ မုန်တိုင်း တိုက်ပြီးကတဲက ဘာအကူအညီမှ မရသေးပါဘူးလို့ ပြောတဲ့ ရွာသားတွေနဲ့ တွေ့နေရတယ်။ လုံလုံလောက်လောက် ပြည့်ပြည့်စုံစုံတော့ ဘာမှ မလုပ်နိုင်သေးပါဘူး။ ခုထိ အရေးပေါ် အခြေအနေ အဆင့်မှာဘဲ ရှိနေပါသေးတယ်” ဟု သူက ဆက်လက် ပြောကြားသွားသည်။ အမေရိကန် အခြေစိုက် (World Vision) နှင့် သြစတြေလျ အခြေစိုက် (CARE) တို့ အပါအဝင် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ အတော် များများသည် မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသော ဒေသများတွင် သူတို့၏ နိုင်ငံတကာ ဝန်ထမ်းများကို စေလွှတ် ချထားနိုင်ခဲ့ပြီး ဖြစ်သည်။ အခြား ဝေးလံ ခေါင်သီလှသည့် မြစ်ဝကျွန်းပေါ် ဒေသတနေရာသို့ (CARE) အဖွဲ့ သွားရောက်ခဲ့ရာ ကျေးရွာသားများက “ကျနော်တို့ ဝမ်းစာစပါးတွေလဲ အကုန် ပျက်စီးသွားပြီ။ အုန်းသီးတွေ ကောက်စားနေရတယ်၊ ရေစိုဆန်အောက်တွေ စားပြီး အသက်ရှင်နေရတယ်” ဟု သူတို့ကို ပြောကြားခဲ့ကြသည်။ ဤအကြောင်းကို သတင်းထောက်များအား (CARE) အဖွဲ့ကြီး၏ အရေးပေါ် တုံ့ပြန် ဆောင်ရွက်ပေးရေး ညွှန်ကြားရေးမှူး ဂျွန်မစ်ချဲလ် (Jon Mitchell) က ဤကျေးရွာသို့ ယခု ရက်သတ္တပတ် အစောပိုင်းက သွားရောက် လေ့လာအပြီး ပြောကြားခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးက သူတို့၏ နိုင်ငံတကာ ဝန်ထမ်း ၂ဝ ခန့်ကို မြစ်ဝကျွန်းပေါ် ဒေသသို့ စေလွှတ်နိုင်ခဲ့ပြီ ဖြစ်သော်လည်း ထိုဒေသတွင် ကြာရှည်နေခွင့် မရသေးဟု ဆိုသည်။ “မြစ်ဝကျွန်းပေါ် ဒေသကို အရောက်သွားရရေးဟာ စိန်ခေါ်မှုကြီး တရပ်ဖြစ်ဆဲပါဘဲ” ဟု ပေါလ်ရစ်စလေ (Paul Risley) က ယခု ရက်သတ္တပတ် အစောပိုင်းက ကျင်းပခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။ “လွန်ခဲ့တဲ့ ၂ ပတ်က မစ္စတာ ဘန်ကီမွန်းနဲ့ သန်းရွှေတို့ တွေ့ပြီးကတဲက မြစ်ဝကျွန်းပေါ် ဒေသကို သွားခွင့်ရရေးဟာ သိသိသာသာ တိုးတက်မှု ရှိလာခဲ့ပါတယ်။ ခရီးသွားခွင့် ခွင့်ပြုမိန့် ရရေးအတွက် နှေးကွေး လေးလံလှတဲ့ ဗျူရိုကရက် ဆန်သည့် လုပ်ထုံးလုပ်နည်းများကို အဆင်ပြေ ချောမွေ့အောင် လုပ်နိုင်ခဲ့ပါသည်” ဟု လူသားချင်း စာနာမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်း ဆောင်ရွက်ရေးရုံး (UNOCHA) ၏ ပြောရေးဆိုခွင့်ရှိသူ ရစ်ချတ်ဟော်ဆေး (Richard Horsey) က ပြောဆိုလိုက်ပါသည်။ မြစ်ဝကျွန်းပေါ် ဒေသသို့ သူတို့၏ နိုင်ငံတကာ ဝန်ထမ်းများ စေလွှတ်နိုင်ရေးအတွက် ကုလသမဂ္ဂ အနေဖြင့် ယခုအထိ ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်သော်လည်း သူတို့ကို ကြီးမားစွာ ကန့်သတ် တားဆီးမှုများ လုပ်သည်ကို ခံနေရဆဲ ရှိသည်။ သူတို့ သွားလေရာ အစိုးရက ထည့်ပေးသည့် အစောင့်အရှောက်များ ပါနေသည်။ ကယ်ဆယ်ရေး လုပ်ငန်းတွင် သွားလိုရာ ဒေသသို့ အရောက်သွားခွင့် ရရေးသည် အဓိက ပြဿနာ ဖြစ်မြဲပင် ရှိသေးသည်။ ဤပြဿနာကို အာဆီယံ၊ ကုလသမဂ္ဂ၊ မြန်မာအစိုးရတို့၏ အကြီးတန်း ကိုယ်စားလှယ် ၉ ဦး ပါဝင်သည့် သုံးပွင့်ဆိုင် အစည်းအဝေးတွင် တင်ပြ ဆွေးနွေးခဲ့သည်။ မေလ (၃၁) ရက်နေ့ စနေနေ့တွင် တကြိမ်၊ ဇွန်လ (၂) ရက်နေ့ တနင်္လာနေ့တွင် တကြိမ် စုစုပေါင်း ၂ ကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။ ကယ်ဆယ်ရေး လုပ်ငန်းကို ထိထိရောက်ရောက် လုပ်နိုင်ရန် ကုလဝန်ထမ်းများ မြစ်ဝကျွန်းပေါ် ဒေသတွင် ကြာရှည်စွာ နေခွင့်ရရေးမှာ တကယ့် ပြဿနာတရပ် ဖြစ်သည်။ “နိုင်ငံတကာ ကျွမ်းကျင်သူတွေ ဆိုင်ကလုံး မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဒေသတွေကို အရောက်သွားနိုင်ဘို့ လိုတယ်။ အခုအထိတော့ တံခါးက ကျယ်ကျယ် ဖွင့်မပေးသေးဘူး” ဟု ရစ်ချတ်ဟော်ဆေး (Richard Horsey) က ပြောကြား လိုက်ပါသည်။ မြစ်ဝကျွန်းပေါ် ဒေသသို့ နိုင်ငံတကာ ဝန်ထမ်းများ သွားရောက်၍ ကြာကြာနေခွင့် ရရေးအတွက် ကုလသမဂ္ဂက ကြိုးစားလျက် ရှိသည်။ သို့သော် မြန်မာအစိုးရက မည်သို့ တုံ့ပြန်မည်ဆိုသည့် အရိပ်အယောင် တစုံတရာ မတွေ့ရသေးပါ။ ကုလသမဂ္ဂက အကောင်း မျှော်လင့်နေသော်လည်း ခွဲခြမ်းစိတ်ဖြာ သုံးသပ်သူများကမူ ယခုအခါ ကယ်ဆယ်ရေး လုပ်ငန်း၏ ပင်မ နေရာများအဖြစ် သတ်မှတ်ထားသည့် လပွတ္တာနှင့် ဘိုကလေး မြို့များသို့သာ သွားခွင့် ပေး၍ အဆိုပါ ဝန်ထမ်းတို့၏ လှုပ်ရှားမှုကို ကန့်သတ်ထားလိမ့်မည်ဟု ယုံကြည်နေကြသည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသရှိ သန်းပေါင်း များစွာသော လူတို့၏ အသက်မှာ ကုလသမဂ္ဂ၊ နိုင်ငံတကာ အေဂျင်စီများ၊ ဒေသခံ မြန်မာအုပ်စုများ၏ မုန်တိုင်းဒဏ်ခံ ဒေသများ၌ ကယ်ဆယ်ရေး လုပ်ငန်းကို ကြီးကြီးမားမား ထိထိရောက်ရောက် လုပ်ပေးနိုင်မှု အပေါ်တွင် မူတည်နေသည်။ သို့သော် အစိုးရဘက်မှ ပြသခဲ့သော လက္ခဏာများမှာမူ မကောင်းပါ။ ယခု ရက်သတ္တပတ် အစောပိုင်းက တိုင်းပြည်၏ ဒုတိယ အာဏာအရှိဆုံး ဗိုလ်ချုပ်ကြီး မောင်အေးနှင့် အခြား အဓိကကျ အရေးပါသည့် ဗိုလ်ချုပ်တယောက် ဖြစ်သော အတွင်းရေးမှူး ၁ တို့ မြစ်ဝကျွန်းပေါ် ဒေသသို့ သွားရောက် ကြည့်ရှုခဲ့ကြသည်။ ထို့နောက် ဒေသမြို့တော် ပုသိမ်တွင် ပြန်လည် တည်ဆောက်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက် ပေးနေသည့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများအား “အစိုးရက အလှူရှင်တွေဆီက အလှူငွေတွေ လက်ခံ ရယူနေတဲ့ နိုင်ငံတကာ အန်ဂျီအို (INGOs) တွေနဲ့ ဒေသခံ အဖွဲ့အစည်းတွေကို စစ်ကြေညာထားပြီ” ဟု လွန်ခဲ့သော ၂ ရက်က ပြောကြားခဲ့သည်။ မောင်အေးသည် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများအပေါ် ကြာမြင့်စွာ ကတဲကပင် သင်္ကာမကင်း ဖြစ်နေခဲ့သူ ဖြစ်သည်။ ၂ဝဝ၄ ခုနှစ် အောက်တိုဘာလတွင် စစ်ထောက်လှမ်းရေး အကြီးအကဲ ခင်ညွန့်ကို ဖမ်းဆီးခဲ့စဉ်က နိုင်ငံတကာ အန်ဂျီအိုများ၏ ဝင်ထွက်သွားလာ လှုပ်ရှားနိုင်မှု အတိုင်းအတာ အထူးသဖြင့် ရှမ်းပြည်နယ်တွင် ရရှိနေသည့် လုပ်ကိုင် ဆောင်ရွက်ခွင့်များကို တွေ့ရှိသွားပြီး အတော် တုန်လှုပ် ခြောက်ခြားသွားခဲ့သည်။ ဤတိုင်းရင်းသားများ အများစု နေထိုင်သည့် ဒေသများတွင် အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသည့် တိုင်းရင်းသား အုပ်စုများကို လက်နက် ဖြုတ်ရန် အစိုးရ၏ ကြိုးပန်းမှုများကို (INGOs) များက မတည်မငြိမ် ဖြစ်စေလိမ့်မည်ဟု သူစိုးရိမ် ထိတ်လန့်ခဲ့သည်။ “ခုလဲ ဇာဂနာ နဲ့ ကိုကျော်သူလို ဒေသခံ မြန်မာ စေတနာရှင် အဖွဲ့တွေက လုပ်နေတဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေရဲ့ အတိုင်းအတာကို ကြည့်ပြီး သူလန့်နေမှာဘဲ။ စစ်အစိုးရက လုပ်နေတာက သူတို့ လုပ်နေတာနဲ့ နှိုင်းယှဉ်လိုက်ရင် ဘာမှ အရေးမပါဘူး ဖြစ်နေတယ်” ဟု လွတ်လပ်သော မြန်မာပညာရှင် ဦးဝင်းမင်းက မဇ္ဈိမကို ပြောကြားသွားပါသည်။ အကူအညီပေးရေး အေဂျင်စီ အများအပြားက ကားများ၊ ထရပ်ကားများ၊ လှေငယ်များကို ငှါးရမ်းကာ ဆိုင်ကလုံး ဒုက္ခသည်များကို ကယ်ဆယ်ရေး ပစ္စည်းများ ဖြန့်ဝေပေးနေကြသည်။ ၎င်းတို့ထဲမှ အများအပြားမှာ ယခုထိ အရောက် မသွားနိုင်သေးသည့် ဒေသများတွင် ရှိနေသေးသည်။ ကယ်ဆယ်ရေး ပစ္စည်းများ ဖြန့်ဝေပေးပို့ရာတွင် အကူအညီ ရစေရန် ရဟတ်ယာဉ်များ သုံးဘို့ ကုလသမဂ္ဂက ကြိုးစားခဲ့သေးသည်။ သို့သော် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) အနေနှင့် သူတို့ ကိုယ်ပိုင်ရဟတ်ယာဉ် တစင်းကိုသာ သုံးခွင့်ရသေးသည်။ လွန်ခဲ့သော ၂ ပတ်ကျော်က ကွာလာလမ်ပူမြို့မှ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး ယခုအထိ လပွတ္တာမြို့သို့ နေ့စဉ်ပျံသန်း ပို့ဆောင်ပေးနေသည်။နောက်ထပ် (WFP) ၏ ရဟတ်ယဉ် ၉ စင်းမှာ ရန်ကုန်သို့ ပျံသန်းခွင့်ရရန် ထိုင်းနိုင်ငံတွင် စောင့်ဆိုင်းနေဆဲ ရှိသေးသည်။ ယင်းတို့အနက်မှ ၂ စင်းမှာ တောင်အာဖရိကနိုင်ငံမှ သြစတြေလျ ကုန်တင် လေယဉ်ဖြင့် သယ်ဆောင်လာခဲ့ခြင်း ဖြစ်ပြီး ပြန်လည် တပ်ဆင်ပြီး စောင့်နေသည်မှာ တပတ် ကျော်သွားပြီ ဖြစ်သည်။ “ကယ်ဆယ်ရေး ပစ္စည်းတွေ ဖြန့်တဲ့ လုပ်ငန်းမှာ ရဟတ်ယာဉ်တွေက မြန်မြန်ဆန်ဆန် လုပ်ပေးနိုင်မှာ သေချာပါတယ်” ဟု (Smithuis) က ပြောကြားပါသည်။ သို့သော် စစ်အစိုးရကမူ နိုင်ငံတကာ လေယာဉ်များကို မြန်မာနိုင်ငံ နယ်နိမိတ်တဝိုက် ပျံသန်းခွင့် ပေးရန် ဝန်လေးနေဆဲပင် ရှိသည်။ မြန်မာစစ်တပ်သည် ကယ်ဆယ်ရေး လုပ်ငန်းတွင် အသုံးပြုရန် မြန်မာ စစ်တပ်၏ ရဟတ်ယဉ် ၄ စင်းကိုမူ အသုံးပြုခွင့် ပေးထားသည်။ နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများ၏ အဓိက ဦးစားပေး လုပ်ငန်းမှာ သန်းနှင့်ချီရှိသည့် မုန်တိုင်းဘေးမှ လွတ်မြောက်ခဲ့သည့် ဒုက္ခသည်များထံ ကယ်ဆယ်ရေး ပစ္စည်းများ အရောက်ပို့ရေး ဖြစ်သည်။ အများစုမှာ လွန်ခဲ့သော ရက်သတ္တပတ် ၅ ပတ်လုံးလုံး အစားအစာသော် လည်းကောင်း၊ ရေသော် လည်းကောင်း မရဘဲ ရှိခဲ့သည်။ သူတို့ကို အမိုးအကာအောက်သို့ အရောက်ပို့ရန်လည်း လိုသည်။ အချို့မှာ ရေရှည် လိုအပ်ချက်များ ရှိနေကြောင်း ပြသနေသည်။ “သူတို့ အစာစားရဘို့ လိုတယ်။ အခုအတွက်ဘဲ မဟုတ်ဘူး၊ နောက်လ အတော်တော်များများ အတွက်ပါ လိုတာ။ သူတို့ စပါးပြန်စိုက်နိုင်မယ်လို့ ထင်ပါတယ်၊ ဒါပေမဲ့ မျိုးစပါး လိုတယ် လို့ ဒီလူတွေက ကျနော်တို့ကို ပြောကြတယ်။ အခု စိုက်မဲ့ စပါးတွေ အောင်မယ်ဘဲထားဦး၊ အဲဒီ စပါးတွေမပေါ်ခင် ၅ လလောက် စားဘို့က လိုသေးတယ်။ မြစ်ဝကျွန်းပေါ် အနှံ့ ကျေးရွာတွေအတွက် အစားအစာ အကူအညီတွေ ပေးဘို့ဟာ အဓိက ရေရှည် ဦးစားပေး လုပ်ငန်းပါ” ဟု (CARE) ၏ အရေးပေါ် တုံ့ပြန် ဆောင်ရွက်မှုပေးရေး ညွှန်ကြားရေးမှူး ဂျွန်မစ်ချဲလ် (Jon Mitchell) က ပြောကြား သွားပါသည်။ (MSF) အဖွဲ့ကြီးအတွက်မူ နောက်ထပ် ပို၍ကြီးမားသည့် အခြေခံ ပြဿနာ အခက်အခဲကြီး တရပ် ရှိသေးသည်။ မုန်တိုင်းဘေးမှ အသက်မသေ လွတ်မြောက်ခဲ့သူများ၏ စိတ်ကျန်းမာရေး ပြဿနာ ဖြစ်သည်။ “မြစ်ဝကျွန်းပေါ်မှာ ကျနော် တွေ့ခဲ့တဲ့ သူတိုင်း စိတ်ခြောက်ခြားမှုလွန် စိတ်ဖိစီးမှုတွေ၊ သောကတွေ၊ ပရိဒေဝမီးတွေ တောက်လောင် ခံစားနေရတာကို တွေ့ခဲ့ရတယ်” ဟု မြစ်ဝကျွန်းပေါ်တွင် ၂ ပတ်ကြာ နေထိုင်ခဲ့သည့် (MSF) ၏ စိတ်ကျန်းမာရေး အကြံပေး Kaz de Jong က ပြောကြားသွားသည်။ “သူတို့ဟာ သိသိသာသာဘဲ ကြောက်လန့်နေတယ်၊ စိုးရိမ်နေတယ်၊ ဝမ်းနည်းပူဆွေး နေကြတယ်။ ကလေးတွေက တယောက်နဲ့တယောက် ဖက်ထားကြတယ်။ မုန်တိုင်း မကျခင် နောက်ဆုံး သူတို့လက်ထဲ ရှိနေခဲ့တဲ့ အရာတွေကို တင်းတင်းကြီး ဆုပ်ထားကြတယ်” ဟု သူက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။ “သူတို့ အိပ်မရဘူး၊ အိပ်မက်ဆိုးတွေ မက်တယ်၊ ဆိုင်ကလုံး မုန်တိုင်းမတိုက်ခင် နောက်ဆုံး အချိန်လေးကို သူတို့ စိတ်တွေက ပြန်ပြန် ရောက်သွားကြတယ်၊ မုန်တိုင်းအတွင်း အသက်ဆုံးပါးသွားကြတဲ့ သူတို့ ဆွေမျိုးတွေနဲ့ နောက်ဆုံးရှိခဲ့တဲ့ အချိန်လေးကို ပြန်ပြန်မြင်နေတယ်လို့ သူတို့က ကျနော်တို့ကို ပြောပြကြတယ်” ဟု သူက မဇ္ဈိမကို ပြောကြားသွားပါသည်။ သူတို့မှာ ခွန်အားတွေလဲ ဆုံးရှုံးသွားပြီ၊ လုပ်ချင်ကိုင်ချင်စိတ်လဲ မရှိတော့ဘူး၊ ဤအချက်များသည် သူတို့ဘဝများကို ပြန်လည် တည်ဆောက်ရာတွင် အဟန့်အတား ဖြစ်စေလိမ့်မည်။ “ဒါ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေနဲ့ ကြုံရတဲ့ အခါ ပုံမှန် တုံ့ပြန်မှု တရပ်ပါဘဲ” ဟု de Jong က ပြောပါသည်။ သို့သော် ဤလူ့အသိုင်းအဝိုင်း တခုလုံး အပြည့်အဝ ပြန်လည် နာလန်ထူလာဘို့ ဆိုလျှင် ဤရောဂါကို ကုသမှ ရမည်။ မြစ်ဝကျွန်းပေါ်အနှံ့ စိတ်ပျက် အားငယ်မှုများကို တွေ့နေရသည်။ အတွေ့ရ အများဆုံးမှာ အသက်ရှင် ကျန်ရစ်ခဲ့ရသည်ကို စိတ်မသန့် ဖြစ်နေခြင်း ဖြစ်သည်။ ကလေးများက ငူငူကြီးထိုင်ပြီး မိမိတို့ မိဘများက အသက်ရှင် ကျန်မနေခဲ့ဘဲ မိမိတို့က အသက်ရှင် ကျန်နေခဲ့သလဲဟု စဉ်းစား တွေးတောနေကြသည်။ “ဘယ်ကများ ဆန်ရပါ့မလဲလို့ တွေးပြီး ကျမတို့ စိတ်ပူနေရတယ်။ ဒါပေမဲ့ စားတော့ စားရမှာဘဲ၊ စားတော့ စားချင်တာဘဲ။ မုန်တိုင်းထဲမှာ အားလုံး ဆုံးရှုံးသွားပြီ၊ ကျမက ဘာလို့ စားနေဦးမှာလဲ” ဟု အဖွားအို တဦးက (MSF) ဆရာဝန်တဦးကို ပြောပြပါသည်။ဤစိတ်ဒဏ်ရာကို ကုသရန် မြန်မာ နှစ်သိမ့်ဆွေးနွေးရေး ပညာရှင်များကို (MSF) က သင်တန်းပေးနေသည်။ သို့သော် ဤဝေဒနာသည် အားလုံးကို ကုသရမည့် အရေးမှာ အတော့်ကို ခက်ခဲသည့် လုပ်ငန်းကြီးတရပ် ဖြစ်နေသည်။ အချိန်များစွာ ယူရမည်။ သူတို့၏ နေအိမ်များ၊ သူတို့ လယ်ယာများ၊ သူတို့ ငါးကန်များကို ပြန်လည် တည်ဆောက် လုပ်ကိုင်နိုင်သည့်တိုင်အောင် ဤဆင်းရဲလှသော လူထုအတွက် ဆိုင်ကလုံး မုန်တိုင်းက ချန်ထားခဲ့သည့် စိတ်ဒဏ်ရာမှ ကျော်နင်းလွန်မြောက်နိုင်ရန်မှာ တဘဝစာလဲ ကြာချင်ကြာလိမ့်မည်။
လာရီဂျေဂင်
Rest of your post
Posted by
54freedom
at
8:53 AM
0
comments
Labels: ရင်တွင်းဖြစ် ဆောင်းပါး
Thursday, June 5, 2008
မြန်မာ့ ကာမိကာဇေ၊ သို့မဟုတ် ကိုယ်တိုင်ရေး သမိုင်း
နေသန်မောင်
ကြာသပတေးနေ့၊ ဇွန်လ 05 2008 13:23 - မြန်မာစံတော်ချိန်
မြန်မာ့ရေပိုင်နက်အနီး နိုင်ငံတကာ ရေပိုင်နက်အတွင်း နာဂစ် လေမုန်တိုင်းဒဏ် ခံရသူများအတွက် အရေးပေါ် အကူအညီ ပေးနိုင်ရေး သီတင်းပတ်ပေါင်း များစွာ စောင့်ဆိုင်းနေခဲ့တဲ့ အမေရိကန် ရေတပ်သင်္ဘောတွေ ပြန်လည် ဆုတ်ခွါလိုက်တာနဲ့အတူ အမေရိကန် ဦးဆောင်တဲ့ နိုင်ငံတကာရဲ့ ၀င်ရောက် စွက်ဖက်ရေးအတွက် မျှော်လင့်ချက် အသီးသီးဟာလည်း နောက်ထပ်တကြိမ် ပြိုလဲသွားခဲ့ပါတယ်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်ရဲ့ “နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ကျနော်တို့ လေးစား လိုက်နာရပါမယ်” ဆိုတဲ့အပြောနဲ့ ဆယ်စုနှစ်ပေါင်းများစွာ ပြည်သူတွေအပေါ် ရက်စက် ဖိနှိပ်နေတဲ့ မြန်မာ စစ်အစိုးရအပေါ် ထားတဲ့ အမေရိကန်လူသန်ကြီးရဲ့ နောက်ဆုံး ပေါ်လစီက လူအများအပြားကို အံ့အား သင့်သွားစေခဲ့ပါတယ်။ မေလဆန်းပိုင်းကစပြီး နာဂစ် လေမုန်တိုင်းကြောင့် ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ လူပေါင်း (၁) သိန်းခွဲ နီးပါး အသက် ဆုံးရှုံးခဲ့ရမှုအပေါ် စစ်အစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ပြင်သစ်နဲ့ ဗြိတိသျှ အစိုးရတို့ရဲ့ သဘောထားက အတော်ကလေးကို ပြင်းပြင်းထန်ထန် ရှိခဲ့ပြီး လူသားချင်း စာနာရမယ့် ၀င်ရောက် စွက်ဖက်မှုဆိုတဲ့ စကားလုံးကို ကျယ်ကျယ်လောင်လောင် သုံးနှုံးခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတကာ ကူညီ ကယ်ဆယ်ရေးအဖွဲ့တွေ ၀င်ရောက်ခွင့်ကို ပိတ်ဆို့ထားတာနဲ့ ပတ်သက်ပြီး စစ်အစိုးရဟာ လူမဆန်တဲ့ ရာဇ၀တ်မှုကို ကျူးလွန်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ နိုင်ငံတကာမှာ ဥပေဒအရ ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဆောင်နိုင်တဲ့ ဒီစွဲချက်ဟာ လုံခြုံရေး ကောင်စီရဲ့ ဗီတိုအာဏာပိုင် ဥရောပနိုင်ငံ (၂) နိုင်ငံက ဆောင်ရွက်ခဲ့တာမို့ မြန်မာပြည် အကျပ်အတည်းဟာ နေ့လားညလား ဖြစ်ခဲ့ရတာပါ။နာဂစ်မုန်တိုင်းလွန် ကာလတွေမှာ အမေရိကန်အစိုးရဲ့ မြန်မာ့အရေး ချဉ်းကပ် လုပ်ဆောင်မှုတွေဟာ လုပ်နိုင်တဲ့ အတိုင်းအတာ တခုအတွင်း တတ်နိုင်သမျှ အကောင်းဆုံး လုပ်ခဲ့တယ် ဆိုတာကတော့ သံသယ မရှိပါဘူး။ စစ်အစိုးရနဲ့ သံခင်းတမန်ခင်း တိတ်တိတ်ပုန်း ညှိနှိုင်းပြီး အမေရိကန် ကယ်ဆယ်ရေး ထောက်ပံ့ ပစ္စည်းတွေကို လေယာဉ်တွေနဲ့ ရန်ကုန်မြို့ကို အကြိမ်ကြိမ် ပေးပို့နိုင်ခဲ့ပါတယ်။ စစ်အစိုးရအပေါ် အာဆီယံ အပါအ၀င် အနောက်နိုင်ငံတွေက အကြီးအကျယ် စိတ်ပျက်လက်ပျက် ဖြစ်နေချိန်မှာ အမေရိကန်ဟာ ခပ်မဆိတ် နေခဲ့ပါတယ်။ ရှင်းရှင်းပြောရရင် ဒီပွဲမှာ ၀ါရှင်တန်ဟာ လက်ရှောင်နေခဲ့ပါတယ်။ ဒီအတွက် ရလဒ်ကောင်းတခုကတော့ မြန်မာ စစ်အစိုးရအပေါ် အစဉ်တစိုက် ပိတ်ဆို့ဖိအားပေး တိုက်ခိုက်နေခဲ့တဲ့ အမေရိကန် ပေါ်လစီဟာ အလုပ်မဖြစ်ဘူးဆိုတဲ့ တရုတ်အပါအ၀င် မြန်မာ့ အိမ်နီးချင်းတွေကို ကဲ ... ကြည့်ကြပါ၊ ဘယ်သူက မှားနေတာလဲလို့ ထုတ်ပြပြီး စစ်အစိုးရရဲ့ ဗီလိန်ရုပ် အသွင်မှန်ကို ဘွင်းဘွင်းကြီး ချပြလိုက်နိုင်တာပါ။ မြန်မာပြည်သူတွေရဲ့ ဒုက္ခတွေအပေါ် အမေရိကန်က လျစ်လှူပြု မထားပါဘူးဆိုတဲ့ ပေါ်လစီကိုတော့ ကောင်းကောင်းကြီး ပြသခဲ့ပါတယ်။ဒါပေမယ့် အမေရိကန်ရဲ့ သရုပ်မှန်ဝါဒ ချဉ်းကပ်မှုဟာ မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက် ရွှေတောင်ကြီး တအိအိ ပြိုကျခဲ့တယ် ဆိုတာကတော့ ငြင်းပယ်လို့ မရပါဘူး။ ၁၉၈၈ ဒီမိုကရေစီရေး အုံကြွဆန္ဒပြမှု နောက်ပိုင်း၊ ၂၀၀၅ ခုနှစ် သန်းရွှေ စစ်အစိုးရ နေပြည်တော်ကို ဆိုင်းမဆင့်ဘုံမပါ ပြောင်းပြေးမှု၊ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးနဲ့ နာဂစ်မုန်တိုင်းဒဏ် ပြဿနာ အရပ်ရပ်တိုင်းမှာ အမေရိကန် ဦးဆောင်တဲ့ နိုင်ငံတကာ တပ်တွေ စစ်အစိုးရကို ၀င်ရောက် တိုက်ခိုက်ပါဆိုတဲ့ မျှော်လင့်ချက်တွေက (ကျူးကျော်မှု ထောက်ခံရေး၊ ဆန့်ကျင်ရေး သဘောထားတွေ ရှိနေလင့်ကစား) ပြည်သူတွေအကြား သက်သေ သကာယတွေအဖြစ် ထင်ထင်ရှားရှား ရှိခဲ့တာပါ။၂၀၀၈ အမေရိကန်မှာ သမတ ရွေးကောက်ပွဲတွေ အတွက် ပဏာမ ပြင်ဆင်မှုတွေ အရှိန်ရနေချိန်၊ လက်ရှိ အစိုးရအဖွဲ့ရဲ့ ရာထူးသက်တမ်း လအနည်းငယ်သာ ကျန်တော့တဲ့အချိန်၊ အမေရိကန် ပြည်ထောင်စုမှာ စီးပွါးရေး ကျဆင်း၊ ရေနံဈေးတွေ ကြောက်ခမန်းလိလိ ထိုးတက်နေပြီး လူထုတွေ ညည်းငြူနေချိန်မှာ အမေရိကန်ဟာ နိုင်ငံတကာ နိုင်ငံရေး နယ်ပယ်မှာ စွန့်စားခန်းတွေ လုပ်ဖို့ အကန့်အသက်တွေ တင်းကြပ် ပြည့်နေပါတယ်။ မြန်မာပြည် မုန်းတိုင်းဘေးသင့်လို့ သိန်းချီပြီး လူတွေ အသက်ဆုံးချိန် ပြင်သစ်နဲ့ ဗြိတိန်အစိုးရတို့ လောက်တောင် လေသံဟဟ မထွက်ခဲ့တဲ့ အမေရိကန်ဟာ သန်းရွှေ စစ်အစိုးရဲ့ လုပ်ရပ်အပေါ် “လျစ်လျူပြု ခံနေရတဲ့ ရာဇ၀တ်မှု” အဖြစ်သာ ရောဘတ်ဂိတ်က ပြောပြီး အမေရိကန် ပါဝင် ပက်သက်မှုကို တခန်းရပ်စေခဲ့ပါတယ်။မြန်မာ စစ်အစိုးရရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ ခြေလှမ်းတိုင်းအပေါ် မြန်မာပြည်သူတွေ စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့တာ နှစ် (၂၀) ကြာခဲ့ပါပြီ။ အထူးသဖြင့် ကုလသမဂ္ဂနဲ့ အာဆီယံ၊ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ မြန်မာပြည်အပေါ် သဘောထားတွေကြောင့် လူထုဟာ ခြေကုန်လက်ပန်း ကျသလောက် ဖြစ်တာပါ။ မြန်မာပြည်သူတွေဟာ နိုင်ငံတကာ အကူအညီကို နေ့နေ့ညည မျှော်လင့်ချက်တွေ အပြည့်နဲ့ စောင့်ဆိုင်းခဲ့ရတာတွေဟာ တခါမျှ အရာမထင်ခဲ့ပါဘူး။ နောက်ဆုံးတော့လည်း ရှိသမျှ ဒုက္ခ အ၀၀ကိုသာ ခါးစည်း ခံတော့မယ်ဆိုတဲ့ စိတ်တွေနဲ့ ဆက်ပြီး အသက်ရှင်နေကြဆဲပါ။ ကုလသမဂ္ဂဟာ မြန်မာပြည်သူတွေ စိတ်အပျက်ရဆုံး အယုံအကြည် ထားဖို့ မသင့်တော့တဲ့ ကမ္ဘာ့ အဖွဲ့အစည်းကြီး တစ်ခုအဖြစ် ပြည်သူတွေက ထင်မြင်လာပါတယ်။ ဒီအခြေအနေတွေဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံရေး လှုပ်ရှားမှုတိုင်းမှာ နိုင်ငံတကာရဲ့ ထောက်ခံကူညီမှုကို အဆက်အပြတ် တောင်းခံရင်း တဆင့်ပြီးတဆင့် ပေါ်ပေါက်လာခဲ့ရတဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ဖြစ်ပြီး ဒီမျှော်ကိုးမှုတွေဟာ ဘယ်တော့မှာ အစစ်အမှန် ဖြစ်မလာခဲ့ပြန်ပါဘူး။စစ်တပ်ရဲ့ ဆိုးရွားတဲ့ ဖိနှိပ်မှုအောက်မှာ လူထုတရပ်လုံးဟာ ထွက်ပေါက်ပိတ်ပြီး ပြင်ပကမ္ဘာရဲ့ ဒဏ္ဍာရီဆန်ဆန် ကယ်တင်မှုကို ငံ့လင့်လာပါတယ်။ ကိုယ့်အားကိုယ်ကိုးမှု အခြေခံတွေ တစတစ ဆုတ်ယုတ်လာပြီး စစ်ဖိနပ်အောက်မှု ဘ၀တွေကို စတေးနေကြရပါတယ်။ဒီအခြေအနေမှာ စစ်အုပ်စုကို အမြစ်ဖြုတ် ခြေမှူန်းရေး လူထုတိုက်ပွဲတွေ အတွက် မျှော်လင့်ချက်ဟာ လက်တွေ့ ဖြစ်မလာခဲ့ပါဘူး။ ကြပ်တည်းမှုကြီး လာတိုင်း လူထုအုံကြွမှု ပေါ်ပေါက်ရမယ် ဆိုတဲ့ သီအိုရီတိုင်းဟာ မမှန်ပါဘူး။ လက်ရှိ မြန်မာစစ်တပ်ရဲ့ အုပ်စိုးမှုဟာ ခပ်ယိုင်ယိုင်ပဲ ရှိတယ်ဆိုတာ အားလုံး သိထားကြပေမယ့် ၀ုန်းခနဲ ပြိုလဲသွားအောင် ဖြိုလှဲနိုင်တဲ့ အားအပေါ် မေးခွန်း ထုတ်စရာပါ။ နှစ်ပေါင်း (၄၀)ကျော်ကြာ ဖိနှိပ်မှုတွေအောက် ပြားပြားဝပ်နေရတဲ့ မြန်မာပြည်သူတွေဟာ မျိုးဆက် တခုပြီးတခု စနစ်တကျ ဖျက်ဆီးခံခဲ့ရပြီး လူထုအာဏာ လှုပ်ရှားမှုအတွက် အားမှန်သမျှကလည်း တစစီ လွင့်စင်အောင် လုပ်ခံခဲ့ရပါတယ်။ အကောင်းဆုံးသော ဥပမာကတော့ ရွှေဝါရောင် တော်လှန်ရေးရဲ့ သင်ခန်းစာအရ စစ်အုပ်စုအပေါ် ကြောက်ရွံ့စိတ်တွေ၊ မုန်းတီးမှုတွေ အမြင့်ဆုံး ဒီဂရီကို ရောက်ခဲ့ပေမယ့် စစ်ဗိုလ်တွေရဲ့ အာဏာ ဆုပ်ကိုင်ထားမှုအပေါ် အပြီးသတ် တွန်းလှန်နိုင်ဖို့ အတွက်တော့ နောက်တွန့်ခဲ့ပါတယ်။ ဒါတွေဟာ ပကတိ အမှန်တရားတွေ ဖြစ်ပါတယ်။ အဲဒီကနေ နောက်တဆင့်ကို မရောက်ခဲ့ပါဘူး။နာဂစ်မုန်တိုင်း ဖြစ်ပြီး ရက်အနည်းငယ် လောက်ကစပြီး ပြည်တွင်းပြည်ပက တက်ကြွ လှုပ်ရှားသူ အများစုက လေဘေးကပ်ဆိုးကို နိုင်ငံရေးနဲ့ မရောထွေးဖို့ကို ကြွေးကြော်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် အကူအညီတွေ တောင်းခံခဲ့ကြပါတယ်။ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ မိသားစုကလည်း မြန်မာပြည်က သဘာဝ ကပ်ဘေးကြီးကို နိုင်ငံရေး ပြဿနာတွေနဲ့ မရောထွေးဖို့ သတိကြီးကြီးထားပြီး ခြေလှမ်းတွေ စခဲ့ပါတယ်။ အားလုံးရဲ့ မျှော်လင့်ချက်တွေဟာ ပွဲဦးထွက်မှာကတည်းက တပ်လန်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သန်းရွှေ ဦးဆောင်တဲ့ ခေါင်းမာ ဂိုဏ်းသားတွေဟာ နာဂစ်အရေးကို နိုင်ငံရေးနဲ့ ပေါင်းစပ်ပြီး ပြည်တွင်းပြည်ပကို တုံ့ပြန်ခဲ့ပါတယ်။ ရလဒ်အနေနဲ့ ပြည်တွင်းပြည်ပက စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးတွေ မုန်တိုင်းဒဏ် ခံရတဲ့နေရာကို သွားရောက်နိုင်ရေး၊ ကူညီရေး လုပ်ငန်းစဉ်တွေက ရက်ပေါင်း (၃၀) နီးပါး နောက်ကျခဲ့ရပြီး အသေအကြေ၊ အပျက်အစီးတွေက ပိုပြီး မြင့်မားခဲ့ပါတယ်။နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့တွေ တပ်တွေကို အလုံးအရင်းနဲ့ ၀င်ရောက်ခွင့်သာ ပေးလိုက်ရင် ပြည်တွင်းမှာ သူထင်သလိုကြဲမယ့် ဆန္ဒခံယူပွဲအတွက် အခက် တွေ့နိုင်မယ့်အရေး၊ ၀င်ခွင့်ပေးပြီးရင် ချက်ချင်း ပြန်မောင်းထုတ်လုပ်လို့ မရနိုင်တာမို့ လက်ရှိ စစ်တပ်ရဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး မဟာဗျူဟာ လမ်းကြောင်း မှန်သမျှ နိုင်ငံတကာ သတင်းမီဒီယာတွေနဲ့ ကုလအဖွဲ့တွေ၊ တပ်တွေ သိရှိသွားနိုင်မယ့်အရေး၊ ရန်ကုန်နဲ့ ဧရာဝတီတခွင် နိုင်ငံတကာအဖွဲ့တွေ ပြဲပြဲစင် ဒိုးယိုပေါက် ၀င်ထွက်နေပြီး အခြေအနေ မှန်သမျှ ကမ္ဘာကို အသိပေးနေမှုဟာ သူ့အစိုးရရဲ့ တည်ရှိမှုကို အကြီးအကျယ် စိန်ခေါ်လာနိုင်ပြီး ပြည်တွင်း နိုင်ငံရေး အင်အားစုတွေ ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့အတူ စည်းရုံးရေး မြင့်တက်လာရင်း နိုင်ငံတကာ မျက်စိရှေ့ စစ်တပ်ရဲ့ အာဏာကို စိန်ခေါ်မယ့် လှုပ်ရှားမှုတွေ ဟန့်တားနိုင်ရေး စတဲ့ စတဲ့ ပြဿနာပေါင်း များစွာနဲ့ ယှဉ်တွဲ စဉ်းစားခဲ့ပါတယ်။သက်သေ အထောက်အထား အနေနဲ့ မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဒေသတွေမှာ မေလ (၂၄) ရက်နေ့ ဆန္ဒခံယူမှု ဖြစ်တဲ့နည်းဖြင့် ကျင်းပပြီးမှ ကုလသမဂ္ဂ အဖွဲ့တွေကို ၀င်ရောက်ခွင့်၊ ရန်ကုန်မှာ ကယ်ဆယ်ရေး ရန်ပုံငွေ နိုင်ငံတကာ အစည်းအဝေး ကျင်းပခွင့်တွေကို ဆက်တိုက် အချိန်ကိုက် ဆောင်ရွက်ခဲ့တာပါ။သောက ဗျာပါဒတွေ ဝေနေတဲ့ ပြည်သူတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန်၊ ဆီ၊ ဆားလောက်တောင် တပ်မက်မှု မရှိခဲ့ပါဘူး။ နောက်ဆုံးမတော့ (၉၂)% ကျော်နဲ့ တစ်ဖက်သတ် အတည်ပြုလိုက်ပြီလို့ သန်းရွှေက လက်သီးလက်မောင်းတန်း ကြွေးကြော်ခဲ့တာတောင်မှ လူထုဟာ တုပ်တုပ်မျှ မလုပ်ဘဲ ဝေဒနာတွေကို သက်သာရာရရေး နည်းလမ်းတွေ ရှာနေဆဲပါ။ သန်းရွှေအတွက်ကတော့ ဒီတောင်ကို အမောင်ကျော်နိုင်ခဲ့ပြီလို့ တထစ်ချ တွက်လိုက်ပုံ ရပါတယ်။ ပါးစပ်ပိတ်နေတဲ့ လူထုက သူနဲ့ တသဘောထဲ ရှိနေတယ်လို့ စိတ်ချလက်ချ ရှိနေပုံလည်း ရပါတယ်။ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး စစ်အာဏာရှင် ဖြုတ်ချရေး အန္ဒိမအောင်ပွဲအတွက် အဖြေတခုထွက်ဖို့က ၀မ်းနည်းစရာ ကောင်းလောက်အောင် ကို အခွင့်အလမ်း နည်းပါးနေပါတယ်။ ကုလသမဂ္ဂ အပေါအ၀င် နိုင်ငံတကာရဲ့ အကူအညီကို မျှော်လင့်နေတာက ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး အတွက် လမ်းကြောင်းပိုပြီး လွဲသွားစေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သန်းရွှေ စစ်အစိုးရ ဖြုတ်ချရေး ဘယ်နိုင်ငံကမှ ထိထိရောက်ရောက် ကိုယ်ကျိုးစွန့် လုပ်ပေးနိုင်မှာ မဟုတ်လို့ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်သူတွေဟာ ကိုယ့်လမ်းကြောင်းကို ကိုယ့်ဖာသာ ပီပီပြင်ပြင် မရွေးချယ်နိုင်ဘဲနဲ့ ဘယ်သူ့ ကူညီမှုကိုမှ တကယ်တမ်းရဖို့ မလွယ်ဘူးဆိုတာ ကိုယ်တွေ့ သင်ခန်းစာတွေထဲကနေ ယူဖို့ အချိန်ရောက်နေပါပြီ။လွတ်မြောက်ရာလမ်းကို သွားဖို့ဆိုတာ သွားချင်တဲ့ ဆန္ဒတစ်ခုတည်း ရှိယုံနဲ့ ပြီးပြည့်စုံတာ မဟုတ်ဘဲ တကယ်တမ်း ကိုယ်ထိလက်ရောက် အစွန့်လွှတ် အပင်ပန်းခံ လျှောက်လှမ်းဖို့က ပိုပြီး ပဓါန ကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လွတ်လပ်ရေးဆိုတဲ့ အသီးအပွင့်ဟာ ကောင်းကင်ဘုံက ချပေးလိုက်တဲ့ နတ်ပန်းတပွင့် မဟုတ်လို့ပါပဲ။စိတ်ဓါတ်ဟာ ရုန်းကန်ရေးတိုင်းအတွက် အရေးအကြီးဆုံး အင်အားတခု ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုဟာ အဲဒီစိတ်ဓါတ်နဲ့ ပန်းတိုင်ကို ချီတက်နေကြတာ ဖြစ်ပါတယ်။ လမ်းတလျှောက်မှာ ခြေထိုးခံရသူတွေ၊ မှောက်လျက် လဲသူတွေ၊ အနာတရ ဖြစ်သူတွေ ထုနဲ့ဒေး ရှိနေတဲ့ကြားက ယုံကြည်မှုဆိုတဲ့ စိတ်ဓါတ်လေး တခုတည်းနဲ့ကို စွန့်လွှတ် အနစ်နာခံနေကြတာ ဖြစ်ပါတယ်။ ဒီလို စိတ်ဓါတ်မျိုးကို မြန်မာပြည်သူတွေ အားလုံး မွေးဖို့ လိုပါတယ်။အရင်တုန်းက စကားတစ်ခွန်း ရှိပါတယ်။ တော်လှန်ရေးတရပ် အောင်မြင်ဖို့အတွက် လူသောင်းနဲ့ချီ မလိုအပ်ပါဘူး၊ လူတရာလောက်ရှိရင်ပဲ အနိုင်ရပါပြီတဲ့။ ဒီကနေ့ မြန်မာပြည်ရဲ့ လွတ်မြောက်ရေး ရုန်းကန်ရေး ခရီးရှည်ကြီး အတွက်ကတော့ မြန်မာပြည်သူ တဦးတယောက်တိုင်းဆီရဲ့ ဦးဆောင်မှု၊ လွတ်မြောက်ရမယ်ဆိုတဲ့ ယုံကြည်ချက် မြင့်မားမှု၊ စွန့်လွှတ် အနစ်နာခံမယ်ဆိုတဲ့ စိတ်ဓါတ်ရှိမှုတွေက အရေးပါတဲ့ မောင်းနှင်အားတွေ ဖြစ်ပါတယ်။၁၃ ရာစုနှောင်းပိုင်းမှာ မွန်ဂိုလီးယန်းတွေဟာ ဂျပန်ကျွန်းတွေကို သိမ်းပိုက်ဖို့ လှေတွေ၊ သင်္ဘောတွေနဲ့ ကြိုးစားပြီး တိုက်ခိုက်ခဲ့ပါတယ်။ ဂျပန်တွေဟာ ပြည်ပ ကျူးကျော်မှုကို တွန်းလှန်ဖို့အား မရှိခဲ့ပေမယ့်လည်း ကံကြမ္မာက ဂျပန်တွေကို ကယ်တင်ခဲ့ပါတယ်။ အဲဒါကတော့ ဒီကနေ့ အချိန်ထိ ဂျပန်လူမျိုးတွေကြားထဲ တသသ ပြောနေရဆဲ “ကာမိကာဇေ” ဆိုတဲ့ စကားလုံးပါပဲ။ မွန်ဂိုတွေ အင်အား အလုံးအရင်းနဲ့ ဂျပန်ကျွန်းတွေဆီ စစ်အင်အားအပြည့် ရေကြောင်းကနေ အကြိမ်ကြိမ် ချီတက်နေတုန်း ပစိဖိတ် သမုဒ္ဒရာရဲ့ အင်အားကြီးလှပြီး ကြောက်မက်ဖွယ် ကောင်းတဲ့ မုန်းတိုင်းနဲ့အတူ ရေလှိုင်းလုံးတွေက မွန်ဂိုတပ်တွေကို တ၀ုန်းဝုန်းနဲ့ ရိုက်ချခဲ့လို့ မွန်ဂိုတွေဟာ ဂျပန်ကို ကျူးကျော် သိမ်းပိုက်မယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ရသလို ဂျပန်ဟာလည်း မွန်ဂိုတွေအောက်က လွတ်မြောက်ခဲ့ပါတယ်။ နတ်ဘုရားက ဖန်ဆင်းတဲ့ လေမုန်တိုင်းလို့ မြန်မာပြန်ဆိုနိုင်မယ့် ကာမိကာဇေဟာ ဂျပန်တွေအတွက်ကတော့ ကယ်တင်ခြင်း နတ်ဘုရားသဖွယ် ဖြစ်ခဲ့ပါတယ်။နာဂစ်ဟာ ဒုက္ခ ပင်လယ်ဝေနေတဲ့ မြန်မာပြည်သူတွေကို ကယ်တင်ဖို့ မဟုတ်ဘဲ ပိုမိုဆိုးရွားတဲ့ ဘ၀တွေအထိ ရောက်အောင် တွန်းပို့ခဲ့တာမို့ မြန်မာ့ ကာမိကာဇေလို့တော့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် ဒီမုန်တိုင်းနဲ့အတူ ပါလာတဲ့ စစ်အစိုးရဲ့ တာဝန်ကင်းမဲ့မှု၊ ရက်စက် ယုတ်မာမှုတွေကို နိုင်ငံတကာ အလယ်မှာ ဘွားခနဲ ဖွင့်ချနိုင်ခဲ့ပါတယ်။ သူတော်ကောင်း ယောင်ဆောင်ပြီး မျိုးချစ်စစ်သား အမည်ခံနေတဲ့ ဘီလူးဇာတ် ခင်းနေတဲ့ နေပြည်တော်က မင်းသားကြီးတသိုက်ရဲ့ နေ၀င်ချိန်ကို ရေးဆွဲဖို့ မြန်မာပြည်သူတိုင်းဟာ တာဝန်အသီးသီး ယူကြမယ် ဆိုရင်ဖြင့် နာဂစ်ဟာ ကောင်းကင်ဘုံရဲ့ လေမုန်တိုင်း မြန်မာပြည်ရဲ့ ကာမိကာဇေအဖြစ် အသွင်ပြောင်းနိုင်ပါတယ်။ပြောင်းလဲမှုတွေ သယ်ဆောင်လာမယ့် ကောင်းကင်ဘုံရဲ့နိမိတ်၊ ဖိနှိပ်မှုတွေကို အဆုံးသတ်စေမယ့် နိမိတ်အဖြစ် မှတ်ယူမယ်ဆိုရင် မြန်မာပြည်သူတွေဟာ ၂၀၁၀ ရွေးကောက်ပွဲ ကာလအထိ စောင့်ဆိုင်းနေဖို့ မသင့်ပါဘူး။ သန်းရွှေ သေဆုံးမယ့်နေ့ကို လက်ပိုက် စောင့်ဆိုင်းနေလို့ မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငကန်းသေရင် ငစွေပေါ်လာမှာမို့ ဒီစစ်ဘုရင်ရူး မျိုးဆက်ကို ဒီအချိန်မှာပဲ နိတိတံစေဖို့ နိုင်ငံရေး အသိစိတ်တွေ နိုးကြားဖို့က အင်မတန်မှကို အရေးပါနေပါပြီ။ ။
Rest of your post
Posted by
54freedom
at
9:41 PM
0
comments
Labels: ရင်တွင်းဖြစ် ဆောင်းပါး
Sunday, May 25, 2008
ကိုယ်ရံတော် လေးသန်းနဲ့ဘုရင်
မြန်မာပြည်မှာ အစိုးရလုပ်ရတာ ဘာမှ ရှက်စရာ မျက်နှာပူစရာ မလိုပါလား။လူသိန်းနဲ့ချီ သေသွားတဲ့ မုန်တိုင်းကြီးစဲလို့ နှစ်ပတ်ကျော် ကြာမှ လူမြင်ကွင်းကို သွေးအေးအေးနဲ့ ထွက်လာတဲ့ ကျွန်ုပ်တို့၏ နိုင်ငံတော်အကြီးအကဲကြီးကို မြင်ရတယ်။ ရွက်ဖျင်တဲတွေရှေ့မှာ တန်းစီရပ်ပြီး လက်အုပ်လေးတွေ ချီနေရတဲ့ ဒုက္ခသည်တွေရှေ့မှာ။ “ဧရာဝတီ မြစ်ထဲမှာ အပုပ်နံ့တွေ လှိုင်နေပြီ”၊ “နွံထဲ ဒိုက်ထဲက အလောင်းတွေ ခုထိ မဆယ်ရသေးဘူး”၊ “ရေပုပ်တွေပဲ ခပ်သောက်နေရတယ်၊ ၀မ်းရောဂါ ဖြစ်ကုန်ပြီ”ဆိုတဲ့ အသံတွေ ရက်ဆက် ကြားနေရတုန်းက ခမျာ ဘယ်များ ရောက်နေပါလိမ့်။
နင်တို့တွေတော့ ဘဲဥ အလုံး ၁၀၀၀ ကို ချဉ်ဟင်းချက်ပြီး လူ ၂၀၀၀ စာ ရအောင် တယောက်တခြမ်း ဝေရင် ကောင်းမလား၊ ပွားပြီး ပွတက်လာအောင် ဆိုဒါထည့်ကြော်ပြီး လူတယောက် ကြက်ဥကြော် တဖဲ့စီပဲ ထမင်းပေါ် ပုံကျွေးရကောင်းမလား မနက်မနက်ဆို စဉ်းစားရင်း ခေါင်းခြောက်နေကြပြီလား။ မယုံမရှိနဲ့၊ ၀က်သား အချိန် ၂၀ ကို လူ ၂၀၀၀ စာ ကျွေးနိုင်တယ်ဟဲ့ ပြောတော့ တပိဿာကို လူ ၂၀၀ နှုန်း ဘယ်လိုများ လောက်အောင် ကျွေးပါလိမ့်လို့ ငါ လိုက်မမီ ဖြစ်ရသေးတယ်။ လက်သည်းခွံလောက် အတုံးသေးသေးလေး တွေ ညီအောင် တုံးနည်းတို့၊ ဟင်းအနှစ်များလာအောင် ကြက်သွန်ငရုတ်သီး များများ ထောင်းထည့်နည်းတို့၊ အသားဟင်းချက်ရင် အာလူး မဖြစ်မနေ ရောနည်းတို့ နင်တို့ ယောက်ျားလေးတွေ တသက်လုံး စိတ်မ၀င်စားခဲ့တဲ့ မီးဖိုချောင်အတတ်တွေ ခုမှ နာဂစ်ကျေးဇူးနဲ့ တဖက်ကမ်းခတ်ကုန်ရောပေါ့။
“ဆန်က တအိတ် ၂သောင်းရှစ်ထောင်ထိတော့ ပြန်ကျသွားပြီ။ ဒါလဲ ဝေရတာ မလောက်တော့ ကယ်ဆယ်ရေးဆန်ပဲ သောင်းရှစ်ထောင်နဲ့ ပြန်ဝယ်ပြီး တအိမ်ထောင် ၄ ဘူးလောက်စီ လိုက်ဝေတော့မယ်။ သူတို့ပြန်ရောင်းတဲ့ ကယ်ဆယ်ရေးဆန်က နီတယ်၊ ကြမ်းတယ်၊ အကျိုးအကြေများတယ်။ ဒါပေမယ့် ဈေးပေါပေါနဲ့ ရဖို့ အရေးကြီးတယ်။ ဝေရတာ မလောက်လွန်းလို့”
“ရေသန့်ဆိုတာ ချိုလဲ မချိုဘူးတဲ့။ ရေသန့်ဘူးတွေ ဝေတော့ သောက်တဲ့ တောသားကြီးတွေက အံ့သြပြီး ပြန်ပြောတယ်။ မြို့မှာ ပိုက်ဆံပေး ၀ယ် သောက်ကြတဲ့ ဘူးသွတ်ရေဆိုတော့ သူတို့သောက်နေကျ ရိုးရိုးရေနဲ့ အရသာ ကွာမယ် ထင်ကြတာ။ သူတို့ တသက်လုံး မသောက်ဖူးဘူးလေ”
“ဒီနေ့ ထမင်းဟင်းသွားဝေတဲ့ ရွာက ဘယ်သူ့ကြည့်ကြည့် ပိန်ခြောက်နေတာပဲ။ သားတို့ နောက်ရက်လဲ လာပါဦးတဲ့။ ဘာမှ ပြန်မပြောဘဲ ထွက်လာခဲ့ရတယ်။ ငတ်နေတဲ့ ရွာတွေက အများကြီး။ အလှည့်နဲ့ သွားဝေရဦးမှာ။ နောက်ရက်တွေလဲ သူတို့ မျှော်နေမယ်ဆိုတာ သိတော့ သိတယ်။ ဒါပေမယ့်...”
“သူတို့တောင်ယာတွေ အကုန်ရေလွှမ်းကုန်တာ။ ရေကျသွားတော့ စားလို့ရတဲ့ အပင်မှန်သမျှ ဘာမှ မကျန်တော့ဘူး။ စားစရာက မရှိဘူးဆို ဘာမှကို မရှိတာ။ ဆား မရှိဘူး။ ဆီမရှိဘူး။ ဆန်မရှိဘူး”
ဖုန်းထဲက နင်တို့ ညည်းသံတွေကို နားထောင်ရင်း “သဘာဝဘေး ဒုက္ခသည်များအတွက် အကြံပေးချက် လမ်းညွှန်“တွေကို နင်တို့ဆီ ပို့မပေးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ အမေရိကားက ကက်တရီးနား မုန်တိုင်းဘေး ဒုက္ခသည်မျိုးတွေအတွက် လိုအပ်မယ့် အကြံပေးစကားတွေ ဟာ ငါတို့ မြန်မာပြည်နဲ့ ဘာမှ မဆိုင်သေးမှန်း သိလိုက်ပြီ။ ဒီအညွှန်းတွေထဲကအတိုင်း ရေချွေတာတဲ့အနေနဲ့ ဟဲယားစပရေးဘူးခွံတို့၊ ဘော်ဒီစပရေး ဘူးခွံတို့ထဲ ရေထည့်ပြီး ကိုယ်ကို ဖြန်းပါဆိုရင် ဒါတွေ တသက်လုံး မသုံးဘူးတဲ့ သူတွေက ဒီဘူးခွံတွေ ဘယ်က လိုက်ရှာရမလဲမသိ ဖြစ်ကုန်မယ်။ အဲဒါတွေက မုန့်နာမည်တွေလား ပြန်တောင် အမေးခံရနိုင်တဲ့ကိစ္စ။ ဆပ်ပြာရှားရင် မုတ်ဆိတ်ရိတ်တဲ့ ကရင်မ်တို့၊ ခန္ဓာကိုယ်လိမ်းတဲ့ ကရင်မ်တို့ကို ဆပ်ပြာအစားထိုး သုံးနိုင်တဲ့အကြောင်းရော ဒီပစ္စည်းတွေ မွေးကတည်းက တခါမှ မမြင်ဖူးတဲ့ သူတွေကို ဘယ်လို သွားပြောရမလဲ။ ဒုက္ခသည်တွေကို စိတ်ဖိစီးမှုတွေ သက်သာစေတဲ့ သကြားလုံးတို့၊ ချောကလက်တို့ ဝေပေးသင့်တယ် ဆိုရင်တော့ ဈေးအပေါဆုံး ဆန်ကြမ်းကိုတောင် တအိမ်ထောင် နို့ဆီဘူး သုံးလေးလုံးစာပဲ မျက်နှာပူပူနဲ့ မလောက်မင လိုက်ဝေနေရတဲ့ နင်တို့တွေက “အဲဒါတွေ နင်ပဲမျို”လို့ ငါ့ကို မေတ္တာပို့လိမ့်မယ်။
ပြည်တွင်းစစ်နဲ့ ငတ်မွတ်ခေါင်းပါးဘေးကြောင့် ဖွတ်ဖွတ်ကျေနေတဲ့ ဆိုမာလီမှာ မယ်မယ်ရရ အစိုးရ မရှိတော့တာ ၁၀ နှစ်ကျော်ပြီတဲ့။ “စစ်ပွဲမရှိရင် ငါတို့နိုင်ငံက အရမ်းနေလို့ကောင်းတာ”လို့ တမ်းတမ်းတတ ညည်းနေကျ ဆိုမာလီသူ ငါ့သူငယ်ချင်းတွေ ပြောဖူးတယ်။ ဒီအတိုင်းဆို ငါတို့မြန်မာနိုင်ငံကတော့ သူတို့နဲ့ ပြောင်းပြန် တတိုင်းပြည်လုံး အစိုးရတွေ ဖြစ်ကုန်ပြီ။ ကယ်ဆယ်ရေးဝန်ကြီး၊ ပြန်လည် နေရာချထားရေးဝန်ကြီး၊ စားနပ်ရိက္ခာ ထောက်ပံ့ရေးဝန်ကြီး၊ ရေအရင်းအမြစ်ဆိုင်ရာ ၀န်ကြီး ဆိုပြီး အချင်းချင်း နောက်ပြောင်ခေါ်ရင်း အထုပ်ကြီးအထုပ်ငယ်တွေ၊ ရေသန့်ဘူးတွေ ထမ်းပြီး မုန်တိုင်းထိသွားတဲ့ အရပ်တွေကို ဆင်းနေကြတဲ့ လူတွေကို အစိုးရ ဆိုတဲ့ ပုဂ္ဂိုလ်တွေ ဘယ်လိုမျက်နှာနဲ့ ရင်ဆိုင်ပါလိမ့်။ အင်းလေ... ရင်မဆိုင်ချင်လို့ပဲ သူတို့ ရှောင်နေကြတာပေါ့။ တခြားနိုင်ငံမှာ ဒီလိုသွားလုပ်ရင် ပြုတ်သွားတာ ကြာပြီလို့ ကြိမ်းမိရင် “ဒါ မြန်မာပြည်လေ”လို့ အကြောင်သား ကြည့်ပြီး ပြန်ပြောမယ်ထင်တယ်။
ကုလသမဂ္ဂကြီးရဲ့ အတွင်းရေးမှူးချုပ် တယောက်လုံးလဲ မြန်မာပြည်က နိုင်ငံ့အကြီးအကဲဆိုတဲ့ သူနဲ့တွေ့မှ မရှုမလှ ခံရတော့တာပဲ။ “ကျနော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဖုန်းဆက်စကားပြောခွင့် ရဖို့ အကြိမ်ကြိမ် ကြိုးစားပါတယ်။ မအောင်မြင်ဘူး”တဲ့။ ဂျော့ဒဗလျူဘုရှ်တို့၊ ဂေါ်ဒွန်ဘရောင်းတို့နဲ့ စကားပြောချင်ရင် ဘယ်တုန်းကမှ အောက်မကျခဲ့ရဖူးတဲ့ ဘန်ကီမွန်းခမျာ ပြောရှာတယ်။ ကယ်ဆယ်ရေးပစ္စည်းတွေ လက်ခံပါမယ့်အရေး အထပ်ထပ် တောင်းပန်နေရတဲ့ နိုင်ငံတကာက သမ္မတတွေ၊ ၀န်ကြီးချုပ်တွေ ဘ၀ရော ဘာထူးလဲ။ ငါတို့အတွက်ကတော့ မြန်မာပြည်မှာ ပေါ်ထွန်းခဲ့တဲ့ အစိုးရတခုဟာ ကမ္ဘာ့ခေါင်းဆောင်တွေကို ဒီလို နိုင်ချင်တိုင်း နိုင်ဖူးတဲ့အကြောင်း နောက်လာနောင်သားတွေကို ပြန်ပြောပြရတာပေါ့လေ။
“ပစ္စည်းတွေကို ကိုယ်တိုင် လာမဝေပါနဲ့၊ ရပ်ကွက် ကယ်ဆယ်ရေးစခန်းများသို့ လာရောက် အပ်နှံကြပါ”ဆိုတဲ့ နှိုးဆော်စာတွေ နင်တို့ မိတ္တူဆွဲပြီး အီးမေးနဲ့ ပို့ပေးလို့ ဖတ်ရပါတယ်။ “ဒုက္ခသည်တွေဟာ ဒီပစ္စည်းတွေကို မှောင်ခိုဈေးကနေ ပြန်ဝယ်နိုင်ဖို့ တပြားမှ မရှိတော့လို့ ကိုယ်တိုင်ပဲ ဝေခဲ့ပါရစေ”လို့သာ ပြောလိုက်ကြပါတော့။ ဒီလို လာဝေနေရင် လူတွေ သူတောင်းစား ဖြစ်ကုန်မယ်တဲ့။ အင်း မှန်ပေတယ်။ သူတို့သိမ်းပြီး အောက်ဈေးနဲ့ ပြန်ရောင်းတာ ၀ယ်စားရင် သူတောင်းစား မဟုတ်တော့ဘူးပေါ့။
မိုးကျလာပြီဆိုတော့ ဒုက္ခသည်တွေအတွက် ခြုံစရာစောင်နဲ့ အမိုးမိုးဖို့ တာရပတ်စတွေ လိုတယ်တဲ့။ အိမ်မိုးဖို့ ထိုင်းက လှူတဲ့ သွပ်ပြားတွေတော့ ရောင်းစားလို့ ကျန်မှ ကျန်သေးရဲ့လားမသိ။ ခြုံဖို့စောင်ကတော့ နိုင်ငံတကာက လှူတဲ့ ပစ္စည်းတွေ ပြန်ရောင်းတဲ့ နေရာတွေမှာ နင်တို့ လိုက်ဝယ်ရင် ရမှာပါ။ လေယာဉ်ပေါ်က ချပြီးကတည်းက ပို့ထားတဲ့ ဂိုဒေါင်တွေမှာ တိုးတိုးတိတ်တိတ် ပြောပြီး ၀ယ်လဲ ရတယ်ဆို။ ဒါလဲ ကောင်းတာပဲ။ ပင်ရင်းဒိုင်ကြီးက ၀ယ်တော့ ဈေးသက်သာတာပေါ့။
ဒုက္ခသည်တွေအတွက် ဆေးလေးဝါးလေး ၀ယ်ပေးဖို့ ရှည်ပြီး ငါ အကြံပေးမိတော့ “စားဖို့ဆန်က အဓိကပဲ။ ဆန်ဝယ်ပေးဖို့ ပိုက်ဆံထဲက ဆေးဖိုး မဖဲ့နိုင်ဘူး”လို့ နင်တို့ လက်တွေ့ကျကျ ပြန်ဖြေတယ်။ တခြားသူငယ်ချင်းတယောက်က သူ့ငွေနဲ့ ဆပ်ပြာနဲ့ သွားတိုက်ဆေးတွေ ရသလောက် ၀ယ်လှူပေးဖို့ ပြောတုန်းကလဲ “စားလို့မရတဲ့ ပစ္စည်းတွေအကြောင်း ဒီအချိန် လာမပြောရင် ကောင်းမယ်။ ခုနေ ထမင်းမစားရမှ သေမှာ။ ပါးစပ်တွေ ကိုယ်တွေ နံဟောင်နေရုံနဲ့ လူမသေသေးဘူး”တဲ့။ ပိန်ချုံးနေတဲ့ ဗိုက်ပူနံကား ကလေးတွေ၊ မျက်တွင်းဟောက်ကျနေတဲ့ အဘိုးကြီး အမယ်ကြီးတွေ လူ့ဘ၀ထဲက ထွက်မသွားရအောင် စုဆောင်းလို့ ရသမျှ စားရေရိက္ခာနဲ့ တားနေရတဲ့ နင်တို့ စကားတွေဟာ တချက်တချက် မချိုသာနိုင်တော့တာ ငါ နားလည်ပါတယ်။ “မိုးရွာထဲမှာ ဒုက္ခသည်တွေကို အင်္ကျီပါ ချွတ်ပေးခဲ့ရလို့ ပြန်လာတော့ အမျိုးသမီးတွေပဲ အင်္ကျီ ပြန်ပါတယ်။ သွားဝေတဲ့ ယောက်ျားမှန်သမျှ ကိုယ့်အိမ်ပေါ် ကိုယ်ပြန်တက်တော့ အင်္ကျီင်္ကျွတ်ချည်းပဲ“လို့ ပြောပြတုန်းကတော့ နင်တို့ ရယ်နိုင်ကြသေးတယ်။
ဒီလောက် ၀ုန်းဒိုင်းကြဲနေတာတောင် ကြပ်ပြေးက မထွက်တမ်း ဂူအောင်းနေတဲ့ တယောက်ကို နင်တို့ စိတ်ဆိုးကြမယ်ထင်တာ။ မြန်မာပြည်ထဲက နင်တို့တွေကတော့ “ဒါမျိုး ရိုး...ဟိုးဟိုးနေပြီ”ဆိုတဲ့ ပုံစံအပြည့်နဲ့။ လူတွေ သေပြီး နှစ်ပတ်ကျော်မှ ၀မ်းနည်းကြေကွဲခြင်း သုံးရက် အူကြောင်ကြောင် ကြေညာတော့လဲ နင်တို့ စိတ်မ၀င်စားအားဘူး။ “အာလူးတပိဿာ ၅၀၀ တဲ့။ အိတ်လိုက်ဝယ်ပြီး တအိမ်ထောင် လေးငါးလုံးရရ ဝေပေးရင် ကောင်းမယ်”၊ “ပုစွန်ခြောက်တွေ ငါးခြောက်သေးသေးလေးတွေ လေးငါးအိတ် စုဝယ်ပြီး ငရုတ်သီးနဲ့ ကြော်ရအောင်။ ဆာလာအိတ်တွေနဲ့ သယ်သွားပြီး ဝေရင် နှစ်ရွာလောက်တော့ တနပ်စာ ရမှာပါ”ဆိုတာတွေနဲ့ပဲ ဗျာများနေတယ်။
နင်တို့က ဘယ်လောက်ရရ တနေ့တနေ့ ဝေလို့ မလောက်နိုင်တဲ့ ဆန်တွေ၊ ဆီတွေ၊ ငရုတ်ကြက်သွန်တွေနဲ့ ဒုက္ခသည်တွေရဲ့ မျှော်လင့်မျက်နှာတွေကြား ခေါင်းမဖော်နိုင်အောင် ဖြစ်နေတဲ့အချိန်မှာ သမုဒ္ဒရာတဖက်က ငါလဲ လမ်းတွေ့သမျှ ဖြူဖြူညိုညို လူမျိုးပေါင်းစုံရဲ့ မေးခွန်းတွေကို ဖြေပြီးရင်း ဖြေနေရတယ်။
“အစားအစာတွေ တင်လာတဲ့ သင်္ဘောတွေ နင်တို့အစိုးရက ပေးမ၀င်ဘူးဆို”
“ကယ်ဆယ်ရေးအိတ်စ်ပတ်တွေ မလာရဘူးဆို”
“လှူတဲ့ ပစ္စည်းတွေ ဒုက္ခသည်တွေဆီ အကုန်မရောက်ဘူးဆို”
“...................................... ဆို”
“...............................ဆို”
သေတဲ့သူတွေအတွက် ရက်လည်ဆွမ်းတောင် နှစ်ခါပြန် သွတ်ပြီးလောက်တဲ့ ၁၇ ရက်မြောက်နေ့မှ လူကြားထဲ ခပ်တည်တည် ထွက်လာတဲ့ ငါတို့ နိုင်ငံတော်အကြီးအကဲဟာ တော်တော်တန်တန် နိုင်ငံမှာဆို အရိုးတခြားအသားတခြား ဖြစ်သွားလောက်တယ်။ နိုင်ငံအကြီးအကဲဆိုတဲ့သူရဲ့ မျက်နှာပေါ်က စိတ်မပါ့တပါ အပြုံးတောင့်တောင့်ကြီးရယ်၊ လက်နှစ်ဖက် တောင့်တောင့်ကြီး ဘေးချလို့ လိုက်လာတဲ့ နောက်တော်ပါ ဗိုလ်ချုပ်တွေရယ်၊ လူကြီးလာစစ်မယ်ဆိုလို့ အရေးပေါ် ဆောက်ပြီးစ ရွက်ဖျင်တဲတွေရှေ့မှာ မတ်တပ်ရပ်ပြီး တောင့်တောင့်ကြီး အသင့်စောင့်နေရတဲ့ ဒုက္ခသည်တွေရယ်ကို မြင်ရတာ သက်သောင့်သက်သာ မရှိလိုက်တာ။ မျက်နှာပေါ်က အကြောအခြင်တွေကလဲ အားလုံး တညီတည်း တောင့်လို့။
ရှေ့ဆုံးကနေ ယူနီဖောင်း လှလှဝတ်ပြီး လက်ယမ်းပြနေတဲ့ နိုင်ငံ့ခေါင်းဆောင်ပုံကို ကြည့်ရင်း သူ့နိုင်ငံက တောသူတောင်သားတွေဆီ အရောက်ဆင်းပြီး သူ့လက်နဲ့ အသုံးအဆောင်ပစ္စည်းတွေ ကိုယ်တိုင် ဝေတတ်တဲ့ ထိုင်းဘုရင် ဘူမိဘော အဒူယာဒက်ကို မြင်ယောင်တယ်။ ပစ္စည်းတွေ ခြင်းတွေနဲ့ထည့်ပြီး ပေးနေတဲ့ ထိုင်းဘုရင်နဲ့ လက်ခံယူနေတဲ့ တောသားကြီးတွေရဲ့ မျက်နှာပေါ်မှာ အပြန်အလှန် နွေးထွေးမှုတွေနဲ့။
၁၉၇၃ ခုနှစ်က တကမ္ဘာလုံးမှာ စွမ်းအင်ပြဿနာ ဖြစ်တော့ နော်ဝေမှာလဲ စွမ်းအင် ချွေတာတဲ့အနေနဲ့ စနေ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ ကားမောင်းတာကို ပိတ်ထားတယ်။ သွားစရာ လာစရာ ရှိတဲ့သူတွေ အများသုံး ရထားကိုပဲ သုံးကြပေါ့။
အော်စလို မြို့ပြင်မှာ နှင်းလျှောစီးချင်တဲ့ အသက် ၇၀ အရွယ် အဘိုးကြီးတယောက်ဟာ စည်းကမ်းကို လိုက်နာတဲ့အနေနဲ့ သူ သုံးနေကျ ကားကို ထားခဲ့ပြီး အများပြည်သူသုံး ရထားပေါ် တယောက်တည်း တက်လာတယ်။ တခုံပြီးတခုံ လက်မှတ်လိုက်စစ်၊ လပေးလက်မှတ် မသုံးတဲ့ သူတွေကို တကြောင်းစာလက်မှတ်ရောင်းနဲ့ အလုပ်များနေတဲ့ လက်မှတ်စစ် သူ့နားရောက်လာတော့ အဘိုးကြီးက လက်မှတ်ခ ပေးဖို့ ငွေအကြွေတွေကို အိတ်ထဲက ထုတ်လိုက်တယ်။
လက်မှတ်စစ်က သူ့ကို လက်မှတ်ခ အကြွေလေးတွေ ကမ်းပေးနေတဲ့ နော်ဝေဘုရင် ပဉ္စမမြောက် အိုလာ့ဗ်ကို အပြုံးနဲ့ကြည့်ပြီး ပြန်ဖြေလိုက်တယ်။
“နောက်ခုံက လူတွေက ဘုရင်မင်းမြတ်အတွက် လက်မှတ်ခ ပေးလိုက်ပြီးပါပြီခင်ဗျား”
တခြားခရီးသည်တွေနဲ့ ရောပြီး ရထားပေါ်မှာ အေးအေးဆေးဆေး စီးလိုက်လာတဲ့ အဘိုးကြီးဟာ နော်ဝေဘုရင်မင်းမြတ်မှန်းသိတော့ လက်မှတ်ခ စိုက်ရှင်းပေးသွားတဲ့ သူ့ပြည်သူတွေနဲ့ ဘုရင်ကြားက ဆက်ဆံရေးက ဒိုးယိုပေါက် နွေးထွေးပွင့်လင်းလို့။ ကိုယ်ရံတော် အစောင့်အရှောက်မပါဘဲ လူထုကြားမှာ တယောက်တည်း သွားလာတတ်တဲ့ အိုလာ့ဗ်ဘုရင်ကို သတင်းစာဆရာ တယောက်က “အကာအကွယ်မဲ့ သွားလာရတာ ဘုရင်မင်းမြတ် မကြောက်ဘူးလား”လို့ မေးခွန်းထုတ်ဖူးတယ်။
“ကျုပ်က ဘာကြောက်ရမှာလဲဗျ။ ကျုပ်မှာ ကိုယ်ရံတော် လေးသန်းတောင် ရှိနေတာပဲ”
အဲဒီအချိန်က သူ့နိုင်ငံ လူဦးရေကို ရည်ညွှန်းပြီး ဘုရင်ကြီးက ပြန်ဖြေလိုက်တယ်။
ကြိုမှာထားတဲ့အတိုင်း လက်အုပ်ပြိုင်တူ ချီပြီး ကြိုနေရတဲ့ ပိန်လှီနွမ်းဖတ် ဒုက္ခသည်တွေ ရှေ့ကနေ အစောင့်အရှောက် အပြည့်နဲ့ တောင့်တောင့်ကြီး ဖြတ်လျှောက်လာတဲ့ ”နိုင်ငံ့ခေါင်းဆောင်”တွေကို ကြည့်ပြီး အိုလာ့ဗ်ဘုရင်ကို မြင်ယောင်မိတယ်။
Posted by
54freedom
at
5:55 PM
0
comments
Labels: ရင်တွင်းဖြစ် ဆောင်းပါး