စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Tuesday, June 10, 2008

လေဘေး စခန်းအချို့တွင် ဝမ်းရောဂါ ဖြစ်ပွား


ဖနိဒါ
တနင်္လာနေ့၊ ဇွန်လ 09 2008 20:43 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ လပွတ္တာမြို့ရှိ လေဘေးဒုက္ခသည် စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားလျှက် ရှိသည်ဟု ကုသမှုပေးနေသူ ဆရာဝန်၏ အပြောအရ သိရသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ကျနော့်လူနာတွေ ပြောပြတာက ဂေါက်ကွင်းစခန်း ၃ က ၈ဝ လောက် ဖြစ်နေတယ်။ ဟိုတနေ့ကပဲ ဆေးရုံ သွားပို့တာတောင် ရှိတယ်။ ကလေး တယောက်တောင် ဆုံးသွားတယ်။ ဝမ်းရောဂါကြီးတော့ မဟုတ်ဘူး၊ ရိုးရိုး ဝမ်းပျက်ပေါ့နော်။ ဒါပေမဲ့ မနေ့ညက လူနာတယောက် ရောက်လာ တယ်။ ညဘက်ကတည်းက ဝမ်းသွားတာ၊ မနက် ကျနော့်ဆီလာတော့ Pressure က သုည ဖြစ်နေတာနဲ့ ဆေးရုံ ပို့လိုက်တယ်” ဟု ဒေါက်တာ အေးကြူက မဇ္ဈိမကို ပြောသည်။ ဒေါက်တာ အေးကြူမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၀င်တဦးလည်း ဖြစ်ပြီး ၁၉၉၀ ခုနှစ် ရွေးကောက်ခံခဲ့ရသူ ပြည်သူ့ လွှတ်တော်အမတ် တဦးလည်း ဖြစ်သည်။သူ့ဆေးခန်းတွင် ကုသမှု လာရောက်ခံယူသူ လေဘေးသင့် စခန်းများမှ လူနာများသည် တနေ့လျှင် ပျမ်းမျှ ၆ဝ ခန့်တွင် ၂၅ ဦးခန့်မှာ ဝမ်းပျက် ဝမ်းလျောကြောင့်ဟု ပြောသည်။ လပွတ္တာမြို့ ၃ ရပ်ကွက် ဒုက္ခသည်စခန်း (၁) တွင် တဲ ၄၅ လုံး၊ စခန်း (၂) ဘောလုံးကွင်းတွင် တဲအလုံး ၈ဝ ၊ ဂေါက်ကွင်းစခန်း (၃) တွင် တဲအလုံးရေ ၁ဝဝဝ ၊ အမှတ် (၄) ၅ မိုင်တွင်မူ တဲပေါင်း ၆ဝ တဲခန့် ရှိသည်။ လပွတ္တာ ဆေးရုံတွင် တက်ရောက် ကုသခဲ့ရသည့် ကလေးငယ် တဦး၏ မိခင်က “ဆေးရုံတက်မှ ကလေးတွေ အများကြီးပါလားလို့ တွေ့ရတယ်။ အများအားဖြင့်တော့ မုန်တိုင်းခံရတဲ့ ကလေးတွေ အများဖြစ်တယ်။ ဆရာဝန်တွေက ပြောတာက ရေကြောင့်လို့ ပြောတယ်။ မုန်တိုင်း မိတဲ့အချိန်မှာ ရေငံတွေ သောက်လို့ ဖြစ်တယ်လို့ ပြောတယ်လေ။ အခုလည်း ရေမသန့်လို့ ပြောတာပဲ ဆရာဝန်တွေကတော့။ ကျမတို့က ဂရုစိုက်နေတဲ့ကြားက ဖြစ်သွားတယ်လေ” ဟု ပြောသည်။ ဒေါက်တာ အေးကြူက “နီးစပ်ရာ လယ်ကွင်းမှာ ရှိတဲ့ ရေကို ချိုးကြတယ်၊ သုံးကြတယ်ပေါ့နော်။ ဒီနှစ်တော့ အရင်နှစ်နဲ့ မတူဘူးနော်။ ယင်ကောင်ကလည်း အကြီးကြီးတွေပဲ၊ နည်းတဲ့ အကောင်တွေ မဟုတ်ဘူး။ လူတွေများလို့ ယင်ကောင်တွေ များလာတယ်လို့ ပြောကြတယ်။ ဆရာတို့ အိမ်တောင် ထမင်းစားပွဲမှာ ဖယောင်းတိုင် အမြဲ ထွန်းထားရတယ်။ မြို့အစွန်းတွေက လူနာတွေက သူတို့ဘက်မှာ ပိုများတယ်လို့ ပြောတယ်လေ” ဟု ပြောသည်။ လပွတ္တာမြို့ပေါ်ရှိ ဒေသခံတဦးက ယင်ကောင် များလာခြင်းကြောင့် စစ်အစိုးရမှ ပြီးခဲ့သည့် ရက်ပိုင်းက ဆေးဖျန်းခဲ့ရာ ယခုအခါ လျော့နည်းသွားပြီဟု ဆိုသည်။ သူက “ကျနော်က မေးလိုက်တာ၊ နေပြည်တော်က လာတဲ့ ဗိုလ်မှူးတယောက် ဦးဆောင်ပြီး လာတယ်ပေါ့နော်။ ယင်ကောင်တွေ များတော့ ကားနဲ့ ဆေးလိုက်ဖျန်းလိုက်တယ်။ အခု ဆေးဖျန်းလိုက်တော့ ယင်ကောင်တွေ ပျောက်နေပြီ။ ကျန်းမာရေး အဖွဲ့တခုပါ နာမည်တော့မသိဘူး။ ဓာတ်ခွဲ စမ်းသပ်တယ်၊ ကာလဝမ်းရောဂါ ဖြစ်၊ မဖြစ် ဆိုတာတွေပါ။ ကျန်တဲ့ ကလေးတွေလည်း တနှစ်ကျော်ကျော်၊ နှစ်နှစ် ကလေးအရွယ်တွေမှာ ဖြစ်နေတယ်၊ မြို့ပေါ်မှာလည်း ဖြစ်တယ်” ဟု သူက ပြောသည်။ အလားတူပင် ပြီးခဲ့သည့် တပတ်အတွင်းက ဘိုကလေးနှင့် ၄၅ မိုင်ခန့် အကွာတွင် တည်ရှိသည် ဧရာမြို့တွင်လည်း ဝမ်းရောဂါများ ဖြစ်ခဲ့မှုများ ရှိသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

လေဘေးကယ်ဆယ်ရေး လုပ်ငန်းတွင်ပင် သံဃာတော်များ ဝါဆိုမည်


ဇာနည်
တနင်္လာနေ့၊ ဇွန်လ 09 2008 21:01 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ဧရာဝတီတိုင်း အတွင်းရှိ မုန်တိုင်းဒဏ်သင့် ဒေသများတွင် လာရောက်၍ လေဘေးကယ်ဆယ်ရေး လှည့်လည် ဆောင်ရွက်နေသည့် သံဃာတော်များသည် လုပ်ငန်းများ ပြီးပြတ်မည် မဟုတ်သဖြင့် လာမည့် ဝါတွင်းကာလတွင် ရောက်ရှိသည့် ဒေသ၌ပင် ဝါဆိုရမည့် အခြေ ဆိုက်နေသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် မန္တလေး မဟာဂန္ဓာရုံ ကျောင်းတိုက်မှ သံဃာတော် ၁၁ ပါးက ဦးဆောင်၍ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေရာ တလခန့် ကြာမြင့်လာပြီးနောက် ဆက်လက်၍လည်း ပိုမို ထိရောက်စွာ လုပ်ကိုင်နိုင်ရေးအတွက် မိမိတို့၏ ကျောင်းတိုက်များသို့ ပြန်၍ ဝါဆိုနိုင်တော့မည် မဟုတ်ခြင်း ဖြစ်သည်။ “ဦးဇင်းတို့ ဒီလိုလုပ်တာက ဒုက္ခရောက်တဲ့ သူတွေကို ကူညီဖို့က အခု အနေအထားအရ တအား လိုအပ်နေတယ်။ ကယ်ဆယ်ရေးအတွက် ပိုထိရောက်အောင်လို့ပါ” ဟု မဟာဂန္ဓာရုံ ကျောင်းတိုက်မှ သံဃာတော် တပါးက မဇ္ဈိမကို မိန့်ကြားသည်။ရောက်ရှိနေသည့် နေရာအနီးရှိ ကျောင်းတိုက်များ၌ပင် ဝါဆိုခွင့် ရရှိရေးအတွက် ကျောင်းတိုက် ဆရာတော်ကြီးများထံ ခွင့်ပြုချက် ရယူရပေသည်၊လက်ရှိတွင် ဘိုကလေးနှင့် လပွတ္တာဘက်သို့ ဆရာဝန်များဖြင့် ဝေယျာဝစ္စ ကူညီရန် သွားရောက်ရန် သံဃာတော်များက စီစဉ်ထားသည်။ယမန်နှစ်ကလည်း မန္တလေးတဝိုက်တွင် ရေကြီးခဲ့စဉ်က သံဃာတော်များက ကယ်ဆယ်ရေး ပစ္စည်းများ ဝေမျှပေးခြင်းကို လုပ်ဆောင်ပေးခဲ့ ကြသည်။ ထိုစဉ်ကမူ ယခု အခြေအနေလောက် ဆိုးဝါးခြင်း မရှိ၍ သံဃာတော်များ ဝါဆိုခြင်း ကိစ္စကို ထိခိုက်ခြင်း မရှိခဲ့ကြောင်း သိရသည်။ဗုဒ္ဓဘာသာဝင်တို့၏ ဝါတွင်းကာလမှာ ဝါဆိုလပြည့်နေ့ ဖြစ်သော ဇူလိုင်လ ၁၇ ရက်နေ့မှ သီတင်းကျွတ် လပြည့်နေ့ဖြစ်သည့် အောက်တိုဘာလ ၁၄ ရက်နေ့ အထိ ဖြစ်သည်။သံဃာတော်များအနေဖြင့် ဝါတွင်း ၃ လအတွင်း မိမိတို့ မူလ သီတင်းသုံးရာ ကျောင်းတိုက်များတွင်သာ ဝါဆိုကြရပြီး ညအိပ်ညနေ ကျောင်းတိုက် အပြင်သို့ပင် ထွက်ခွင့် မရှိပေ။ဝါတွင်းကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ရပ်ဝေးသို့ ရောက်နေပါက ရောက်ရှိရာအရပ်မှ ကျောင်းတိုက်ကလည်း ခွင့်ပြုမည်ဆိုပါက ထိုကျောင်းတိုက်တွင် ဝါဆိုခွင့် ရှိကြောင်း ဦးဇင်းက ပြောကြားသွားသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မြန်မာအစိုးရနဲ့ အမေရိကန်သမ္မတ ဘွတ်ရှ် အစိုးရ၊ အတင်းဝင်ရောက်ကယ်တင်ချိန်တန်ပြီ








အပြည့်အစုံဖတ်လိုလျှင်

Monday, June 9, 2008

ဒီမိုကရေစီရနေသူများ မြန်မာပြည်သူတွေအတွက် သောက်ရေတခွက် တောင်း ပေးပါ

မီးခဲ

ဲတနင်္ဂနွေနေ့က ထုတ်လွှင့်သွားတဲ့ ဗွီအိုအေ တိုက်ရိုက်လေလှိုင်း အစီအစဉ်ကို ကြားလိုက်ရတော့ လက်ရှိမြန်မာပြည်သူတွေ ခံစားနေရတဲ့ သောကတွေကို ကြားလိုက်ရတယ်။ ဘ၀င်မကျစရာတွေ ရှိလာပြန်တော့ စာရေးချင်စိတ် ပေါက်လာပြန်တယ်။ နိုင်ငံတကာက အကူအညီတွေကို မျှော်လင့်ကြီးစွာ စောင့်စားနေတဲ့ မြန်မာပြည်သူတွေကို အမေရိကန်က ကယ်နိုး၊ ကုသမဂ္ဂက ကယ်နိုး၊ ဒီမိုကရေစီပါတီကြီး အန်အယ်လ်ဒီက ကယ်နိုး မျှော်လင့်နေကြတဲ့ နာဂစ်ဒုက္ခသည်တွေရဲ့ တစ်လကျော်ကြာ အိမ်မက်ကြီးက မိုးစင်စင်လင်းတာတောင် မပျက်မပြယ်နိုင် ဖြစ်နေရရှာတယ်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မျှော်လင့်ချက်တွေနဲ့ မျက်နှာသစ်၊ လူသေအလောင်းတွေကို နေ့စဉ်ကြည့်ပြီး ဆာရင် ဆာတယ်၊ ရေငတ်ရင် ရေငတ်တယ်ဆိုပြီး တရားဘာဝနာ ပွားများမှတ်သားနေရတဲ့ မြန်မာပြည်သူတွေ ဒီလောက်ဝဋ်ဆင်းရဲကြီးကို အစုလိုက် အပြုံလိုက် ကြုံရအောင် ဘယ်လိုကံကြမ္မာကများ ဖန်တီးခဲ့လေသလဲ။ ကံကြမ္မာဆိုတာ လူတွေ ဖန်တီးနေတဲ့ ကိစ္စဆိုရင် ဒီအချိန်ဟာ မိမိကံကြမ္မာကို မိမိဘာသာဖန်တီးရမယ့် အချိန်ပါ။ဘ၀င်မကျလို့ စာရေးချင်စိတ် ပေါက်လာတယ်ဆိုတာကို ပြန်ပြီးဆက်ပါမယ်။ ဘ၀င်မကျမှုကတော့ ပြည်သူတွေ အတိဒုက္ခရောက်ချိန်မှာ ပြည်ပက ဒီမိုကရေစီအင်အားစုတွေအနေနဲ့ အသံတွေ ငြိမ်သက်နေကြတာကိုပါ။ အဲဒီလို ငြိမ်သက်နေကြတာဟာ စစ်အုပ်စုနဲ့ အတွေးအခေါ် တူနေလို့ပဲလားဆိုတာကို စဉ်းစားမိလာလို့ပါ။မြန်မာ့အတိုက်အခံ ဒီမိုကရေစီအင်အားစုဆိုသူများ ဘာလုပ်နေကြပါသလဲ။ နိုင်ငံတကာ ကယ်ဆယ်ရေး တပ်ဖွဲ့တွေ အမြန်ဆုံးဝင်ပြီး အကူအညီပေးရေး တောင်းဆိုမှုတွေ လုပ်ဖို့ဆိုတဲ့ စဉ်းစားတွေးခေါ်မှုတောင် မရှိကြတော့ဘူးလား။ ကိုယ့်ပြည်သူတွေအတွက် အားစိုက်ထုတ်မှုတွေကို ဒီနေ့ကာလတွေမှာ မလုပ်ရင် ဘယ်တော့လုပ်ကြမှာလဲ။ အခုလို တိုင်းပြည်ပြောင်းလဲအောင် လုပ်ရမယ့် အချိန်အခါကောင်းမှာ အပြောင်းအလဲကို စစ်အုပ်စုဆီက တောင်းယူမှ ရမယ်လို့ ခင်ဗျားတို့တွေ ယူဆနေကြတာလား၊ မဟုတ်ရင် မြန်မာနိုင်ငံ အပြောင်းအလဲကို မလိုလားတဲ့ သူတွေထဲမှာ စစ်အုပ်စု၊ တရုတ်၊ အာဆီယံတို့နဲ့အတူ သဘောထား တခုထဲရှိနေကြပြီလား ဆိုတာတွေကို မေးခွန်းထုတ်ရတော့မယ်။မြန်မာပြည်သူတွေ အခုလို သေရေးရှင်ရေးကာလ ရောက်နေချိန်မှာ သက်တောင့်သက်သာနဲ့ ကိုယ့်အရေး မဟုတ်သလို နေနေကြတာ ရှက်စရာကောင်းလိုက်တာလို့များ ခင်ဗျားတို့ မတွေးမိကြဘူးလား။ ပြည်သူအတွက်ဆိုတဲ့ ကြွေးကြော်မှုကြီးကို ကိုင်စွဲပြီး၊ စစ်အုပ်စုဖိနှိပ်တာ ခံနေရတဲ့ ပြည်သူလူထုကြီးကို သနားစရာ သတ္တ၀ါလေးတွေလိုဘေးက ကြည့်ပြီး၊ နိုင်ငံတကာ အကူအညီတွေကို စစ်အုပ်စုက လက်ခံသင့်တယ်ဆိုပြီး ကြေညာချက်လေးထုတ်ပြီး ပွဲကြည့်ပရိသတ်လို ဘေးပြောပြောနေတဲ့ နိုင်ငံရေးသမား ဒီမိုကရေစီအင်အားစုများအနေနဲ့ အချိန်မနှောင်းခင် တာဝန်မဲ့ စိတ်တွေကို ပြုပြင်ပြီး ပြည်သူတွေအတွက် အမြန်ဆုံး အရေးဆိုပေးကြဖို့ အကြံပြုချင်ပါတယ်။ ခင်ဗျားတို့လိုသာ အေအေးဆေးဆေးလေး ကိုယ်နဲ့မဆိုင်သလို လုပ်နေရင် မြန်မာနိုင်ငံဟာ လွတ်လပ်ရေးတောင် ရခဲ့မှာမဟုတ်ဘူး။ဝေ့လည်လည်ပြောနေတဲ့ ဂျန်နရေးရှင်းများကိုလည်း အကြမ်းမဖက်ချင်ကြောင်း သိပ်မပြော သိပ်မရေးကြပါနဲ့လို့ ပြောချင်တယ်။ ဒီနေ့ခေတ် လူငယ်တွေကြားထဲကို အတွေးအခေါ် အမှားတွေ ဖြန့်ဝေပေးနေသလို ဖြစ်ပါလိမ့်မယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ခင်ဗျားတို့လို လူငယ်အရွယ်မှာပဲ တိုင်းပြည်လွတ်လပ်ရေးရဖို့ နိုင်ငံခြားမှာ စစ်ပညာသင်ပြီး ကိုယ်ကျိုးစွန့် တိုက်ခဲ့လို့ ပြည်သူကချစ်တဲ့ လူထုခေါင်းဆောင် ဖြစ်ခဲ့ရတယ်ဆိုတာကို သတိရဖို့ ပြောချင်တယ်။ ပတ်စပို့နဲ့ ထွက်လာပြီး ကွန်ပြူတာတလုံးနဲ့ အကြမ်းမဖက်ချင်ကြောင်း ကြေညာချက်လေးတွေ ထုတ်ရုံနဲ့ အာဏာရှင်စနစ်က လွတ်မြောက်ရေးတိုက်ပွဲကို ဖော်ဆောင်လို့မရဘူးဆိုတာ ဒီနေ့လူငယ်တွေ မှတ်သား သတိပြုသင့်ပါတယ်။ အတွေးအခေါ် မှားယွင်းသူတွေရဲ့ ကြိုးကိုင်ချယ်လှယ်မှုကို ခံရရင် ဝေ့လည်လည် ဂျန်နရေးရှင်းတွေ ဖြစ်သွားမယ်ဆိုတာ သမိုင်းသင်ခန်းစာတွေကနေ လေ့လာဆည်းပူးကြပါလို့ ပြောချင်တယ်။လူငယ်တချို့ ဒီလိုဖြစ်နေကြတာ ရှေ့ကနွားတွေက ဖြောင့်ဖြောင့်မသွားတာတွေကြောင့်ပါ။ ဒီမိုကရေစီအင်အားစုများအနေနဲ့ အလှူငွေကောက်ခံပြီး နာဂစ်ဒုက္ခသည်တွေကို ပေးမယ်ဆိုတဲ့ ခင်ဗျားတို့ရဲ့ သာရေးနာရေး အဆင့်လောက်ရှိတဲ့ အတွေးအခေါ်တွေကိုရပ်ပြီး တစ်လကျော်ကြာ စားစရာ သောက်စရာ နေထိုင်စရာမရှိတဲ့ ပြည်သူတွေအတွက် နိုင်ငံတကာ ကူညီကယ်ဆယ်ရေးတပ်ဖွဲ့တွေ အမြန်ဆုံးဝင်ရောက်ဖို့ ဖိအားပေးမှုတွေ အမြန်လုပ်ကြပါ။ ခင်ဗျားတို့ရဲ့လှုံဆော်မှုဟာ မရှိသလောက်ကို အားနည်းခဲ့တာကြောင့် ကူညီကယ်ဆယ်ရေးအတွက်လာတဲ့ သဘောင်္တချို့လည်း ပြန်သွားကြပြီ။ စစ်အုပ်စုက အ၀င်မခံတာ သဘာဝကျတယ်။ သူ့အကျိုးစီးပွား သူ့အာဏာပျက်ပြားမယ့် ကိစ္စကြောင့် အ၀င်မခံတာ၊ ခင်ဗျားတို့ကကော ဘာအကျိုးစီးပွားတွေ ရှိနေကြလို့ နှုတ်ဆိတ်နေကြတာလဲ။အခုလည်း စစ်အုပ်စုဘက်က အ၀င်မခံရင် နိုင်ငံတကာ အကူအညီတွေကို နယ်စပ်ဖြတ်ကျော်ပြီး ကျနော်တို့ ကူညီပေးလို့ ရပါတယ်ဆိုတဲ့ အန်စီယူဘီ အတွင်းရေးမှူးကြီးရဲ့ စကားကလည်း ငွေကို ကျနော်တို့လက်ထဲ ထည့်ပါဆိုသလို ဖြစ်နေပြန်ပြီ။ နာဂစ်အကြောင်းပြု ပရိုပိုဇယ်တောင်းဖို့ တာဆူနေမှုတွေကို ရပ်တန်းက ရပ်ကြပါ။ အားအားရှိ ကြေညာချက်တွေ ထုတ်နေတဲ့ အတိုက်အခံအင်အားစုများ ပြည်သူတွေအတွက် ကယ်ဆယ်ရေးတပ်ဖွဲ့တွေ အမြန်ဆုံးဝင်ရောက်ဖို့ ကုလသမဂ္ဂတို့ အမေရိကန်တို့ကို ဖိအားပေးတောင်းဆိုမှုတွေ လုပ်ခဲ့ကြသလား ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစားကြပါ၊၊နိုင်ငံတကာရောက် မျိုးချစ်မြန်မာများ လူ(၁၀၀)လောက်သေတဲ့ ဒီပဲယင်းကိစ္စကိုတောင် တခမ်းတနားလုပ်ပြီး ဆန္ဒပြနေကြသေးရင် မုန်တိုင်းကြောင့် သိန်းချီပြီးသေဆုံး သန်းချီပြီး ဒုက္ခရောက်ရတဲ့ ပြည်သူတွေအတွက် ဘာကြောင့် ကမ္ဘာတ၀ှမ်း မြန်မာသံရုံးတွေရှေ့မှာ ဆန္ဒပြပွဲတွေ မလုပ်ကြသလဲ။ နောက်ထပ်လည်း မသေသေးတဲ့ သူတွေကို ထပ်ပြီးသတ်နေတဲ့ စစ်အုပ်စုကို ကမ္ဘာက အရေးယူဖို့၊ နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားတွေ အရေးပေါ်ဝင်ပေးဖို့ တောင်းဆိုပွဲတွေ ဘာကြောင့် မလုပ်ကြသလဲ။ ခင်ဗျားတို့က နယ်စပ်က လူတွေခိုင်းမှ လုပ်ကြမှာလား။ ပရိုပိုဇယ်ဗုတ်နိုးကျတော့ ခင်ဗျားတို့ တက်ကြွနေလိုက်ကြတာ။ ကိုယ့်ပြည်သူအတွက် ကယ်ဆယ်ရေးလုပ်ဖို့ တောင်းတာဟာ ခင်ဗျားတို့အတွက် နိုင်ငံရေးဒုက္ခသည်ဖြစ်နိုင်ဖို့ လမ်းမရှိကြလို့လားလို့ပဲ မေးချင်တော့တယ်။ကိုယ့်တိုင်းပြည် ကိုယ်လူမျိုးအတွက် လုပ်နေကြတာ အချိန်နဲ့အမျှ တန်ဖိုးရှိပါတယ်။ ပြည်သူတွေက အသက်တွေ ရင်းနေကြရချိန်မှာ ဒီမိုကရေစီအင်အားစုတွေက ပွဲကြည့်ပရိသတ်လို အချဉ်ထုပ်စားလိုက် ကွာစေ့စားလိုက် ပြန်ကြည့်လိုက်လုပ်ပြီး အနားယူနေကြတယ်။ အခုအထိကော နားလို့ မပြီးကြသေးဘူးလား။ ဘာတွေလုပ်ခဲ့လို့ နားနေကြတာလဲ။ မုန်တိုင်းသင့် ပြည်သူတွေကို ကယ်ဆယ်ဖို့ နိုင်ငံတကာကို ပါးစပ်လေးနဲ့တောင် တက်တက်ကြွကြွ တောင်းဆိုမှုတွေ မလုပ်ကြတော့ဘူးလား မေးပါရစေ။နိုင်ငံတကာ ကယ်ဆယ်ရေးတပ်ဖွဲ့တွေ ၀င်ရောက်ကူညီနိုင်ရင် အနည်းဆုံး ဆင်းရဲဒုက္ခဖြစ်နေတဲ့ ကျူပ်တို့ပြည်သူတွေ အသက်ရှင် ရပ်တည်နိုင်မယ်။ လူလုံးမလှ ဖြစ်နေရတဲ့ ကျုပ်တို့ပြည်သူတွေအတွက် အကျိုးရှိမယ်။ ပြန်လည်ထူတောင်ရေးတွေ လုပ်နိုင်ခဲ့ရင် ကျုပ်တို့တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာမယ်။ ဖွံ့ဖြိုးတိုးတက်လာရင် ပြည်သူတွေရဲ့ စဉ်းစားတွေးခေါ်မှုတွေလည်း မြင့်မားလာမယ်။ နိုင်ငံတကာ လူထုတွေရှိနေရင် ကျူပ်တို့ပြည်သူတွေကို စစ်အုပ်စုက ဖိအားပေးမှုတွေလုပ်ဖို့ ခက်လာမယ်။ ပြည်သူကလည်း ဆန့်ကျင်ရဲတဲ့ အားတွေရှိလာမယ်။ မတရားတာကို ငုံခံမယ်ဆိုတာတွေလည်း နည်းလာမယ်။ နောက်ဆုံး တိုင်းပြည်ရဲ့ နိုင်ငံရေးအပြောင်းအလဲကိုပါ ဖော်ဆောင်နိုင်မယ်။ပြည်သူတွေ ဒီထက်ဆင်းရဲမှ အာဏာရှင်ကို ဆန့်ကျင်လိမ့်မယ်ဆိုတဲ့ ရက်စက်လွန်းတဲ့ အတွေးအခေါ်တွေကို ပရိုပိုဇယ်တင်ပြီး ဘီယာလေး တမြမြလုပ်နေတဲ့ ခင်ဗျားတို့တွေ စွန့်လွှတ်သင့်ပြီ။ ပြည်သူတွေ အသေခံပြီး ဆန့်ကျင်ပေးခဲ့ကြပေမယ့် ခင်ဗျားတို့ လုပ်နိုင်စွမ်းမရှိလို့ ဆန္ဒခံယူပွဲတို့ ရွေးကောက်ပွဲအသစ်တို့ဆိုတာ ဖြစ်လာရတာပဲ မဟုတ်လား။ အခုလည်း ၂၀၁၀ကို စောင့်ချင်နေကြသေးသလား။ ရွေးကောက်ပွဲအသစ်မှာ ပါဝင်ခွင့်ပြုဖို့ တောင်းဆိုကြဦးမှာလား။ အတွေးအခေါ်ကို စစ်အုပ်စုပေးမှ ခင်ဗျားတို့ ရကြတော့မှာလား။ ပြည်သူ့ရှေ့က ဦးဆောင်ရမယ့်နေရာမှာ စစ်အုပ်စုကိုတင်ပြီး ခေါင်းဆောင်ခိုင်းနေတဲ့ ခင်ဗျားတို့တွေကြောင့် တိုင်းပြည်က လူထုခမျာ ပိုပြီးနစ်နာနေရပါပြီ။နိုင်ငံတကာသိ အော်နေကြတဲ့ ဘာကမ်ပိန်း ညာကမ်ပိန်းဆိုတဲ့ အဖွဲ့တွေက ကျောင်းသား ခေါင်းဆောင်ကြီးများလည်း အဆင့်မြင့် တက္ကသိုလ်ကြီးတွေမှာ ကျောင်းတက်ပြီး၊ တသက်လုံး မသင်ခဲ့ဘူးတဲ့ စာတွေလေ့လာပြီး ပြည်သူတွေအတွက် အချိန်မပေးနိုင်ကြတော့ဘူးနဲ့ တူတယ်။ မြန်မာပြည်သူတွေအတွက် အရေးကြီးဆုံးအချိန်မှာ ခင်ဗျားတို့လည်း နှုတ်ဆိတ်နေကြတယ်။ နိုင်ငံရေးအစ်ရှုး မဟုတ်လို့လား၊ နိုင်ငံ့အရေး အစ်ရှုးဖြစ်နေတာ သတိပြုကြပါဦး၊ နိုင်ငံရေးအစ်ရှုးဆိုရင် စားလို့ကောင်း သောက်လို့ကောင်း တက်ကြွကြတဲ့ ခင်ဗျားတို့အနေနဲ့ နာဂစ်က အမြတ်မထွက်သလို စကော်လာရဖို့လည်း အကူအညီ မပေးနိုင်လို့ မတက်ကြွကြတာလား မေးပါရစေ။အမေရိကန် လွှတ်တော်အမတ်များနဲ့ ဖက်လှဲတကင်း ပေါင်းဖော်နေကြတဲ့ ခင်ဗျားတို့အနေနဲ့ အမေရိကန် အပါအ၀င် နိုင်ငံတကာက ဖိအားပေးပြီး မြန်မာပြည်သူတွေကို အင်းအားသုံး ၀င်ရောက်ကူညီ ကယ်ဆယ်ဖို့ ကိစ္စကျတော့ ကိုယ်နဲ့မဆိုင်သလို လုပ်နေကြတာ တာဝန်မဲ့ပြီး လူထုကို သစ္စာဖောက်နေကြသလို ဖြစ်နေပြီ။ ခင်ဗျားတို့ ဒီမိုကရေစီအင်အားစုဆိုသူများ ခင်ဗျားတို့ ရနေတဲ့ ဒီမိုကရေစီထဲက အားတဲ့အချိန်လေးကို ဖဲ့ပြီး မြန်မာပြည်သူများ အသက်ရှင် ရပ်တည်ရေးအတွက် နိုင်ငံတကာကို တိုက်တွန်းတောင်းဆိုမှုတွေ အမြန်ဆုံးလုပ်ကြပါလို့ ပြောပြရစေ။


မီးခဲ
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မိဘမဲ့ကလေးငယ်များ လုပ်အားခနည်းနည်းဖြင့် ခိုင်းစေခံနေရ


ဉာဏ်မောင်။ ဇွန် ၉၊ ၂၀၀၈


နာဂစ်မုန်တိုင်းကြောင့် မိဘမဲ့ဖြစ်သွားသည့် ကလေးငယ်များကို လုပ်အားခအနည်းငယ်မျှပေး၍ ခိုင်းစေမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေသည်။

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဧရာဝတီမြစ်ဝကျွန်းပေါ်မှ ကလေးငယ်များမှာ ပျောက်ဆုံးသွားသည့် မိဘဆွေမျိုးများကိုလိုက်ရှာစဉ် ယခုကဲ့သို့ လုပ်အားခအနည်းငယ်သာပေး၍ ခိုင်းစေခံနေရခြင်း ဖြစ်ကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်မှုများ လှုပ်ရှားသူ မာဗင်ပါဗက်က ပြောဆိုလိုက်ခြင်းဖြစ်သည်။
မိဘမဲ့ကလေးများ ခိုင်းစေခံရမှုနှင့်ပတ်သက်၍မာဗင်ပါဗက်က “နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုန်းတွေ က တက်နေပေမဲ့ လူတွေအသက်ရှင်ရတဲ့ ဘဝတခုပဲ ဈေးပေါနေတယ်၊ အားလုံးထဲမှာ ဈေး အပေါဆုံးကတော့ ကလေးတွေပဲ၊ နေရာအတော်များများမှာ သူတို့လေးတွေ မီးခြစ်ဂက်စ်ထည့် ပေးရတာ၊ သစ်သီးရောင်းနေတာတွေ၊ လ္ဘက်ရည်ဆိုင်၊ အစားအသောက်ချက်ပြုတ်ပေးနေရတဲ့ စားသောက်ဆိုင်တွေမှာနဲ့ နောက်ဆုံးဘုန်ကြီးကျောင်းမှာ သန့်ရှင်းရေးလုပ်နေတဲ့နေရာမကျန် အောင် သူတို့အလုပ်လုပ်နေကြရတယ်”ဟု ပြောသည်။
မြန်မာတနိုင်ငံလုံးအတိုင်းအတာဖြင့် တိုင်းရင်းသားလူမျိုးစုစစ်ပွဲများ၊ မိသားစုစားဝတ်နေရေး အခက်ခဲများ၊ ကလေးစစ်သားအသုံးပြုမှုများကြောင့် ကလေးအများစုသည် လူကုန်ကူးခြင်းခံ နေရပြီး ၎င်းတို့၏မိဘများမှာ တရက်လျှင် တဒေါ်လာအောက် (ကျပ်တထောင်အောက်) ဝင်ငွေ သာ ရရှိနေကြသူများဖြစ်သည်။
“မြစ်ဝကျွန်းပေါ်ဒေသက ကလေးတွေက ဆင်းရဲသားတွေထဲမှာ အဆင်းရဲဆုံးတွေဖြစ်ကုန်ပြီ၊ ဆိုင်ကလုန်းမတိုင်ခင်ကတောင်မှ သူတို့ဆီမှာ အစာရေစာငတ်မွတ်ရှားပါးနေကြတာ၊ ခုတော့ ဆိုင်ကလုန်းက သူတို့ကို ရာစုနှစ်တခုလောက် နောက်ပြန်ပို့လိုက်ပြီ၊ အခုဆိုရင်မိသားစုတွေက လည်း တကွဲတပြားစီဖြစ်နေကြတော့ သူတို့ရဲ့သားသမီးတွေကို မိဘတွေကိုယ်တိုင် စွန့်လွှတ် စတေးလိုက်ကြရပြီ၊ ဒီအချိန်မှာတော့ ကလေးတွေဟာ ထိခိုက်ပျက်စီးလွယ်နေပါပြီ”ဟု သူက ဆက်လက်ပြောဆိုသည်။
အထူးသဖြင့် ကလေးငယ်အများစုသည် မှတ်ပုံတင်မရှိ၊ ရွာနာမည်ပြောနိုင်ခြင်းမရှိသည့်အပြင် ကလေးသူငယ်များကို အကာအကွယ်ပေးရန်နှင့် မိသားစုဆွေမျိုးများနှင့် ပြန်ဆက်သွယ်ပေးနိုင် ရန် လုပ်ကိုင်ပေးနေကြသော်လည်း မြန်မာပြည်အသိုင်းအဝိုင်းတွင် မိသားစုနာမည်များ ထည့် သွင်းမှည့်ခေါ်လေ့မရှိသဖြင့် ခက်ခဲနေကြောင်း ၎င်းကဆက်လက်ပြောသည်။
ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့များ၏အဆိုအရ မြစ်ဝကျွန်းပေါ်ဒေသမှာ မုန်တိုင်းမကျမီ က အသက် (၁၈) နှစ်အောက် ကလေးဦးရေသည် လူဦးရေ၏ (၄၀) ရာခိုင်နှုန်းရှိပြီး UNICEF ၏အဆိုအရ ကလေးသူငယ် ၁.၁ သန်း တက်ရောက်နေသည့် စာသင်ကျောင်း (၄,၀၀၀)ကျော် ပျက်စီးသွားသည်ဟု ဆိုသည်။
မုန်တိုင်းဒဏ်ကြောင့် ကလေးငယ်အနည်းဆုံး (၂,၀၀၀) ကျော်သည် မိဘများသေဆုံး၊ ပျောက် ဆုံးသွားသည့်အတွက် မိဘမဲ့ကလေးများဖြစ်နေပြီး ဒေသခံများက ၎င်းအရေအတွက်ထက် ပိုကြောင်း ခန့်မှန်းပြောဆိုကြသည်။
မြစ်ဝကျွန်းပေါ်ဒေသရှိ မိသားစုများတွင် ကလေးငယ်ဦးရေ ပိုမိုများပြားပြီး လပွတ္တာတမြို့မှာပင် မိဘမဲ့ကလေး (၅၀၀၀)ကျော်ရှိနိုင်ကြောင်း ခန့်မှန်းပြောဆိုသည်။
စစ်အာဏာပိုင်များက ဒုက္ခသည်စခန်းများကို ပိတ်လိုက်ပြီး ကျေးရွာများသို့ အတင်းအကြပ် ပြန်လွှတ်နေကြောင်း ကယ်ဆယ်ရေးအေဂျင်စီများ၏ ပြောဆိုမှုများနှင့်ပတ်သက်၍ ငြင်းဆန်နေ လျှက်ရှိပြီး အစိုးရအနေဖြင့် ကလေးငယ်များကို မိဘများထံရောက်အောင် ဆောင်ရွက်ပေးကာ တနိုင်ငံလုံးကျောင်းများကိုလည်း ဇွန်လ(၂) ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်ဟု ဆိုသည်။
ကလေးသူငယ်များကယ်ဆယ်ရေး ညွှန်ကြားရေးမှူး အင်ဒရူး ကပ်ဝုဒ်က “ကလေးတွေ စာသင် ခန်းထဲ ပြန်ရောက်ပြီဆိုရင် ဘယ်ကလေးဟာဖြင့် စိတ်ခံစားမှုချို့ယွင်းနေတယ်၊ ဘယ်ကလေး ဟာဖြင့် အဟာရချို့တဲ့နေတယ် စသည်ဖြင့်ပေါ့ ကွာဟချက်တွေကို ဖြည့်ဆည်းပေးရဦးမယ်” ဟု ပြောသည်။
UNICEF က မြစ်ဝကျွန်းပေါ်ဒေသတွင် ကလေးသူငယ်စောင့်ရှောက်ရေးဂေဟာ (၈၀) ခန့် ဖွင့်လှစ်ထားပြီး ဂေဟာတခုတွင် ကလေး (၅၀) မှ (၃၅၀) ထိရှိကာ သီချင်းဆိုခြင်း၊ စာဖတ်ခြင်း၊ ကစားခြင်းနှင့် အုပ်စုလိုက်ဖျော်ဖြေမှုများပြုလုပ်၍ ၎င်းအတွက်လိုအပ်သည့် စာအုပ်များ၊ အထောက်အကူပြုပစ္စည်းများအပြင် အမိုးအကာဆောက်လုပ်ရေး လုပ်ငန်းများကို လုပ်ကိုင် လျှက်ရှိသည်။
ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးအစီအစဉ်တွင် လုပ်ကိုင်နေသူ အမျိုးသမီးတဦး က ကလေးသူငယ်များကို လူကုန်ကူးခြင်းနှင့် မိဘမဲ့လေးတွေအား မြို့သူမြို့သားများက ပြန် လည်မွေးစားပေးကြခြင်းဖြင့် ကာကွယ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းပြောဆိုသည်။
“လူတွေကတော့လာပြီး ဒီကလေးတွေကို ပြုစုစောင့်ရှောက်ပြီး မွေးစားပါမယ်လို့တော့ ပြော တယ်၊ သူတို့မှာ အခြားအကြောင်းအရာတွေလည်း ရှိချင်ရှိနေပါဦးမယ်၊ ကျမတို့ကတော့ ခွင့်မပြုနိုင်သေးပါဘူး၊ ကလေးတွေကို သူတို့ရဲ့မိသားစုတွေနဲ့ နေနိုင်ဖို့နဲ့ အထူးသဖြင့် ကလေး တွေကို ကာကွယ်ပေးဖို့အတွက် အလွန်ကိုအရေးကြီးနေပါတယ်” ဟု သူမက ဆက်လက်ပြော ဆိုသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဂြိုဟ်တုစလောင်းဆိုင်များရှိ ပစ္စည်းများကို ရှာဖွေသိမ်းယူနေ


ဝိုင်းပီး
တနင်္လာနေ့၊ ဇွန်လ 09 2008 20:13 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ရန်ကုန်မြို့ ဂြိုဟ်တု စလောင်းဆိုင်များသို့ အာဏာပိုင်များက ယခုရက်ပိုင်းတွင် ရှာဖွေကာ လိုင်စင် မရှိသူများကို မရောင်းချရန် ဆိုင်ရှင်များကို လက်မှတ်ထိုးခိုင်းပြီး အချို့ ဆိုင်များတွင် စလောင်းများကို သိမ်းယူသွားသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
လွန်ခဲ့သည့် ၃ ရက်ခန့်က လသာမြို့နယ် အနော်ရထာလမ်းရှိ တိုရှီဘာကျော်ဝင်း ဂြိုဟ်တုစလောင်း အရောင်းဆိုင်တွင် ဒေသ အာဏာပိုင်များက ဝင်ရောက်ရှာဖွေကာ ဆိုင်ရှင်ကို လိုင်စင်မရှိသူများကို ရောင်းချခြင်း မပြုလုပ်ပါကြောင်း ဝန်ခံချက် လက်မှတ် ရေးထိုးခိုင်းကာ စလောင်းများကိုမူ သိမ်းယူသွားခဲ့သည်။ “ဆိုင်တွေမှာ လိုက်ရှာနေတယ်။ ကျနော်တို့ ဆိုင်ကတော့ စလောင်း မရောင်းတော့ဘူး” ဟု ဗဟန်းမြို့နယ်ရှိ စိုးစံ အီလက်ထရောနစ် စင်တာ အရောင်းဆိုင်ရှင်က ပြောသည်။ယခု ရက်ပိုင်းအတွင်း၌ ဂြိုဟ်တု စလောင်းဆိုင်များ ရှာဖွေခံရသလို၊ စလောင်း Receiver ရောင်းသူ Grand electronic ဆိုင်မှ ကိုချစ်ဝင်းကြိုင် နှင့် Green Leaf မှ ပိုင်ရှင်တို့ အကြောင်းပြချက် မရှိဘဲ ဖမ်းဆီးခံခဲ့ရကြောင်း ရန်ကုန်မြို့မှ စလောင်း ရောင်းဝယ်သူများနှင့် နီးစပ်သည့် သတင်း ရပ်ကွက်က မဇ္ဈိမကို ပြောသည်။နှစ်စဉ်ကြေး တိုးမြှင့်ကောက်ခံခြင်းသည် ရွှေဝါရောင် လှုပ်ရှားမှုများအတွင်း စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့သည့် ဓာတ်ပုံ၊ ဗီဒီယို၊ သတင်း အချက်အလက်များနှင့် အခြား ကန့်သတ်လိုသည့် နိုင်ငံတကာ သတင်းများကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်ဟန် တူကြောင်း ထိုအချိန်တွင် ရန်ကုန် ဒေသခံများက ခန့်မှန်း ပြောဆိုခဲ့ကြသည်။ ရန်ကုန်မြို့နယ် အတွင်းရှိ ဂြိုဟ်တု စလောင်းဆိုင် အများအပြားသည် နအဖ စစ်အစိုးရမှ စလောင်း အခွန်ဆောင်ကြေး တိုးမြှင့်သည့် အချိန်မှ စတင်ကာ ရောင်းချမှု ထိုင်းမှိုင်းလာခဲ့သဖြင့် ဆက်လက် ရောင်းချခြင်း မပြုတော့ပါ။ “အခွန်ဆောင်ခတွေ တက်တော့ အဝယ် မလိုက်တော့တာနဲ့ မရောင်းတော့ဘူး” ဟု ယခင်က ဂြိုဟ်တုစလောင်း အရောင်းအဝယ် လုပ်ခဲ့သည့် တောင်ဒဂုံမြို့နယ်မှ လှဟန်နှင့်သားများ ဂြိုဟ်တုစလောင်း အရောင်းဆိုင်ရှင်က မဇ္ဈိမကို ပြောသည်။ ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင် လှုပ်ရှားမှုနောက်ပိုင်း နိုင်ငံတကာ ရုပ်မြင်သံကြား သတင်းဌာနကို ရန်ကုန် မြို့ခံများကြားတွင် စောင့်ကြည့်သူ များပြားလာခဲ့သည်။ ယခုလည်း မေလဆန်းအတွင်း တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်း သတင်းအချက်အလက် အမှန်များကို စစ်အစိုးရက ပြည်တွင်းပြင်ပသို့ မပေါက်ကြားစေရန် စလောင်းများ ရောင်းချမှုကို ယခုလို ပိတ်ပင်နေခြင်း ဖြစ်သည်ဟု လသာမြို့နယ်မှ အန်အယ်ဒီ ပါတီဝင်ဟောင်းက သုံးသပ် ပြောဆိုသည်။ သူက “စလောင်းတွေကို သိမ်းတာဟာ လူတွေကို သတင်း အမှောင်ချတာ” ဟု ပြောဆိုသည်။ အစိုးရ တရားဝင် ထုတ်ပြန်သည့် စာရင်းက လူဦးရေ သန်းပေါင်း ၅၅ သန်းကျော် ရှိသည့် မြန်မာနိုင်ငံတွင် ဂြိုဟ်တုစလောင်း အရေအတွက် ၆ သောင်းခန့် ရှိသည်ဟု ဆိုထားသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

နာဂစ် ရဲ့ ဘဝ တစုံ


မိုးထက်နေ
တနင်္လာနေ့၊ ဇွန်လ 09 2008 19:07 - မြန်မာစံတော်ချိန်

ကျုပ်နာမည်က ဖိုးတေ။ ကျုပ်တို့ နေတဲ့ ရွာနာမည်က ပြင်စလူရွာ။ အရင်ကတော့ လပွတ္တာ မြို့နယ်ထဲက ရွာငယ်လေးပေါ့။ အခု ဒီဘက်နှစ်တွေမှာ ကျုပ်တို့ရွာက စပါးကလည်း လွှတ်ဖြစ်၊ ရေလုပ်ငန်းကလည်း လွှတ်ကောင်းဆိုတော့ မြို့နယ်အဆင့် ဖြစ်တယ်ဆိုလား၊ ဘာဆိုလား။ ဒါတွေတော့ ကျုပ် သိပ်နားမလည်ပါဘူး။ ကျုပ်ကိုယ်တိုင်ကလည်း အချိန်ရှိ လယ်ထဲ ဆင်းလိုက်၊ ဆားကွင်း သွားလိုက်၊ အစုယူပြီး အငှားချထားတဲ့ ငါးဖမ်း လှေတွေဆီက ငွေသွားကောက်၊ လိုက်စာရင်း ရှင်းလိုက်၊ ပိုတဲ့ အချိန်လေးမှာ ကျုပ်မိသားစုနဲ့ နေလိုက်နဲ့ ရပ်ရေးရွာရေးလည်း သိပ်မသိပါဘူး။ အပေါ်ဖြူ အောက်စိမ်းဝတ်ပြီး တိုက်ပုံ တကားကားနဲ့ ကျောင်းဆရာ ဂိုက်ဖမ်းနေတဲ့ ကိုစိန်သန်းတို့  လူစုတွေနဲ့ မပတ်သက်ချင်တာလည်း ပါတာပေါ့ဗျာ။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
တကယ်တော့ ကျုပ်ရော ကျုပ်မိန်းမ မိအေးရော ဒီရွာဇာတိတော့ မဟုတ်ပါဘူး။ ကျုပ်က အညာက၊ မကွေးတိုင်းထဲက ဆီမီးခုံဆိုတဲ့ ရွာက။ ကျုပ်မိန်းမကတော့ ဘယ်မယ်မွေးတယ်ရယ် မသိဘူး။ မေးလည်း မေးမကြည့်ဖူးပါဘူး။ ကျုပ်တို့ တွေ့တာကတော့ ဧရာဝတီတိုင်း ရေတပ်စခန်း ဋ္ဌာနချုပ်မှာ။ အဲဒီတုန်းက သူက ဆရာကြီးသမီး၊ ကျုပ်က ၁ဝ တန်း နှစ်ခါကျလို့ အိမ်က ထွက်ပြေးလာပြီး လုပ်စရာမရှိလို့ စစ်ထဲ လိုက်ခဲ့တဲ့ ရဲဘော် အသစ်စက်စက်။ ရုပ်ရှင်တွေ၊ ပြဇာတ်တွေထဲက လိုတော့လည်း မဟုတ်ပါဘူး။ ဒီလိုပဲ နှုတ်ခမ်းပဲ့ချင်း မီးမှုတ်ခဲ့တာ ဆိုပါတော့။ သူ့အထွာနဲ့သူတော့ ရင်ခုန်ဖို့ ကောင်းတဲ့၊ ကြည်နူးဖို့ ကောင်းတဲ့ ပြဿနာလေးတွေ မကင်းခဲ့ပါဘူး။ အဲဒီတုန်းက ကျုပ်မိန်းမဖြစ်မယ့် မိအေးက ဥပဒေ အဝေးသင် ပထမနှစ်။ ကျုပ်ယောက္ခမတွေ အနေနဲ့ကလည်း အချိန်တန် ဘွဲ့လေးဘာလေး ရပြီးတော့ အရာရှိ တယောက်နဲ့ ပေးစား ဆိုတဲ့ အိမ်မက်တွေ ရှိတာပေါ့။ ကျုပ်က ဆရာကြီးကို ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ ကျုပ် ၁ဝ တန်း အောင်အောင် ဖြေမယ်၊ စစ်သက်ပြည့်တာနဲ့ ဗိုလ်သင်တန်း တက်ခွင့်ရအောင် လုပ်ပါ့မယ် ဆိုတာမျိုးတွေ ဘယ်လောက်ပြောပြော ဆောက်ဖြစ်မှ ကျောင်းဒါယကာ ဖြစ်မယ့် ကျုပ်နဲ့ ဘယ်သဘောတူမလဲ။ နောက်ဆုံးတော့လည်း ကျုပ်မိန်းမ မိအေးက ခေါင်းမာမာနဲ့ ဖိုးတေနဲ့ မပေးစားရင် ကျောင်းဆက်မတက်ဘဲ ခရစ်ယာန် သီလရှင် အပြီး လုပ်တော့မယ်ဆိုတဲ့ စကားတွေ နောက်မှာမှ လက်ထပ်ခွင့် တင်ပြီး အိမ်ထောင်သည်ဘဝ ရောက်ခဲ့ရတယ် ဆိုပါတော့။ အစတော့ တပ်ကပေးတဲ့ အိမ်ထောင်သည် လိုင်းမှာနေ၊ တပ်ကပေးတဲ့ ရိက္ခာစား၊ တပ်ကပေးတဲ့ လစာသုံးရင်း နေလာတာ သမင်မွေးရင်း ကျားစားရင်း ဆိုသလိုပါပဲ။ စုမိဆောင်းမိလည်း မရှိ။ ကျုပ်လည်း ၁ဝ တန်း ပြန်မဖြေနိုင်၊ ကျုပ်မိန်းမလည်း ကျောင်းဆက်မတတ်နိုင် ဖြစ်လာပါလေရော။ နောက်ဆုံးတော့ ဘာသာခြားတွေနဲ့ ယူပြီး ရာထူးတော်တော်နဲ့ မတက်၊ နေရာ တော်တော်နဲ့ မရတဲ့ အရာရှိတွေကို ကြည့်ပြီး သွေးလန့်လာတာက တကြောင်း၊ ကျုပ်ကိုယ်တိုင် အကြံအဖန် မလုပ်တတ်တာက တကြောင်း၊ ကိုယ်နဲ့ရွယ်တူ အရာရှိ ကတော်တွေ၊ ဆရာကြီး ကတော်တွေ သားသမီးတွေနဲ့ ယှဉ်ရင် ကျုပ်မိန်းမ မျက်နှာငယ်တာက တကြောင်း ဆိုတဲ့ အကြောင်းကြောင်းတွေကြောင့် ဆေးပင်စင် (တပ်ထဲမှာတော့ အရူးလက်မှတ် ခေါ်တာပေါ့) ရအောင် အကြံအဖန် လုပ်ပြီး ထွက်ခဲ့တယ်။ တပ်ထဲက ထွက်ပြီးခါစတော့ ပင်စင်ရတဲ့ ဆုကြေးငွေလေးနဲ့ လင်ကိုမယား နှစ်ယောက် ပုသိမ်မြို့ပေါ်မှာ အိမ်လေးတလုံး ငှားနေ။ ကျုပ်ကလည်း ရွာအနီးအနားမှာ စပါးပွဲစား လုပ်၊ ဆားပွဲစားလုပ်ရင်းနဲ့ နေလာလိုက်တာ ကျုပ်မိန်းမ ဘွဲ့ရတဲ့အထိ ဆိုပါတော့။ မိန်းမဘွဲ့ရပြီးလို့ ရှေ့နေ လုပ်စားဖို့ကလည်း ချိန်ဘာဆင်းဖို့ ဆရာမွေးစရာ ပိုက်ဆံကလည်း မရှိ။ နောက် ဒိုင်တွေ ပွဲရုံတွေကလည်း ရွာတွေအထိ ဆင်းကောက်တော့ ကျုပ်တို့လို ပွဲစားတွေမယ် နောက်ပိုင်း သိပ်အလုပ် မဖြစ်တော့ဘူး။ မိအေး နောက်ဆုံးနှစ် တက်နေတုန်းကတောင် ပိုက်ဆံပြတ်လို့ ပုသိမ် သင်္ဘောဆိပ်မှာ ညဘက် ပုတ်ပြတ်နဲ့ ကုန်တင်ကုန်ချ သွားလုပ်ရတာ အကြိမ်ကြိမ်။ အဲဒီကနေ ငါ့ဝမ်းပူဆာ မနေသာ ဆိုတဲ့အတိုင်း တခြားပွဲစား အပေါင်းအသင်းတွေက တဆင့် ချဲ လက်ခွဲရောင်းတဲ့ အလုပ်ကို လုပ်တဲ့အထိ ရောက်ရော။ အဲဒီအလုပ်က အဆင်လည်း ပြေပါတယ်။ ငွေလည်း ဝင်တယ်။ ဒါပေမဲ့ တွေ့သမျှလူ ဆရာခေါ်ရ။ ဟိုလူ ကြောက်ရ၊ ဒီလူ ကြောက်ရနဲ့ စိတ်ပျက်ဖို့တောင် အလွန်ကောင်းတာကလား။ နောက်ဆုံး မိအေး ဘွဲ့ဝတ်ရုံကြီး တကားကားနဲ့ ဘွဲ့တက်ယူတဲ့ နေ့ပြီးတော့ နောက်နေ့ ထင်တာပဲ ကျုပ်တို့ လင်မယား နှစ်ယောက် ရှိသမျှလေး ပိုက်ပြီး ရေကြည်ရာ မျက်နုရာမှာ လယ်လေး၊ ချောင်းလေး ရသလောက် ဝယ်ပြီး လုပ်ဖို့၊ နောက် အသက် သိပ်မရခင် ကလေးယူဖို့ တိုင်ပင်ပြီးတဲ့နောက် ပွဲစားလုပ်တုန်းက အဆက်အသွယ်တွေနဲ့ အခုနေတဲ့ ပြင်စလူဆိုတဲ့ ရွာလေးကို ရောက်လာတာ။ အခုဆို သမီးက ၁ဝ နှစ်၊ သားအငယ်လေးက ၈ နှစ် ဆိုတော့ ၁၂ မိုးလောက်ရှိထင်ပါ့။ ဒီရွာ ပြောင်းခါစတုန်းကများ ပြောပါတယ်။ ကျုပ်ကတော့ တောသားဆိုတော့ ကိုယ်တတ်နိုင်တဲ့ လယ်လေး ၂ ဧကလောက်ပေါ် အငှားကျွဲနဲ့ လုပ်နေရတာကို ပျော်လို့။ ကျုပ်မိန်းမ မိအေးကတော့ နည်းနည်း မျက်နှာ ပျက်ချင်တာပေါ့။ ဒီလိုနဲ့ ကျုပ်ရဲ့ မိသားစုကို ကောင်းကောင်း ထားချင်တဲ့စိတ်နဲ့ တွန်းလုပ်တာ နှစ်မိုးလောက်နေတော့ ကျွဲ အပိုင် ဖြစ်လာတယ်။ လယ်လည်း ၅ ဧက ဖြစ်လာတယ်။ နောက် အဲဒီနှစ်ပဲ သမီးလေး ကိုယ်ဝန်လည်း ရလာတယ်။ မိန်းမက သားဖွား ဆရာမနဲ့ပဲ မွေးမယ်လို့ ပြောပေမယ့် ကျုပ်က စိုးရိမ်လို့ ပုသိမ်မြို့က သားဖွားမီးယပ် ဆရာဝန်မကြီးနဲ့ သေချာ၊ ကျကျနန မွေးခဲ့တာပါ။ အဲဒီ နောက်ပိုင်း သားလေး မွေးလာပြီးတော့ စီးပွားတွေ တရိပ်ရိပ်တက်လာတယ် ဆိုပါတော့။ အခုတော့ ကျုပ်မိန်းမ ဦးစီးလုပ်နေတဲ့ ဆားကွင်းတွေရယ်၊ ကျုပ်ထောင်ထားတဲ့ ငါးဖမ်းလှေတွေရယ်၊ ကျုပ်လယ်တွေရယ်နဲ့ ဒီရွာမှာတော့ သူဋ္ဌေးစာရင်းပေါက် ဆိုပါတော့။ ရွာခံ လူတွေကလည်း ကျုပ်တို့ မိသားစုကို ချစ်ကြပါတယ်။ ကျုပ်မိန်းမ သဘောကောင်းတာ၊ အလှူအတန်းမှာ မနှေးတာရယ် ဘွဲ့ရပညာတတ် ရှားတာရယ် ပေါင်းတော့ ကျုပ်တို့ မိသားစုက ဒီရွာမှာတော့ ရွာ့မျက်နှာဖုံး မိသားစုဆိုရင် မမှားဘူးပေါ့လေ။ တခု ရယ်ရတာက ကျုပ်တို့အိမ်မှာ ကိစ္စတခုနဲ့ ဧည့်သည်တွေ လာပြီး နောက်ဆုံး ကျုပ်တို့ စီးပွားတက်တဲ့ အကြောင်းကို ရောက်သွားတဲ့ အခါတိုင်း ကျုပ်မိန်းမနဲ့ ပြောရင် ဘုရားသခင် အလိုတော်အတိုင်းပေါ့ မအေးရယ်လို့ ပြောတတ်ပြီး၊ ကျုပ်နဲ့ဆိုရင်တော့ ကံကံ၏ အကျိုးပေါ့ ကိုဖိုးတေရာလို့ ပြောတတ်တဲ့ ဓလေ့ ဒီရွာက ကျုပ်တို့ မိသားစုနဲ့ ရင်းနှီးတဲ့ လူတွေမှာ ရှိတတ်တာပါပဲ။ ဒီနှစ်တော့ ကျုပ် သားလေးကို ရှင်ပြုပြီး၊ ကျုပ်သမီးလေးကို နားသမယ့် နှစ်မို့လား မသိပါဘူး။ အလုပ်တိုင်းက အရင်နှစ်ကထက် ပိုပြီး ငွေဝင်တာမှ ကလေးတွေ ထိန်းဖို့ ခေါ်ထားတဲ့ ကျုပ် မိန်းမဘက်က တူမတော်တဲ့ ကလေးမလေးကိုတောင် နားဆွဲလေး လုပ်ပေးထားသေးတယ်။ ကျုပ်မိန်းမ မျိုးချစ်စိတ်ရှိပုံ ပြောပါတယ်။ ပြောရအုံးမယ်။ ကျုပ်နဲ့ မိအေးက ကလေးတွေ မမွေးခင်ကတည်းက သူ့ဘာသာ၊ ကိုယ့်ဘာသာ မခွဲဘဲ ဘာသာရေးနဲ့ ပတ်သက်တဲ့ ထုံးတမ်းစဉ်လာတွေ အကုန်လုပ်ပေးဖို့ သဘောတူထားခဲ့တယ်။ သူတို့ကြီးမှ သူတို့ ကြိုက်တဲ့ ဘာသာယူပါစေ ဆိုပြီးတော့ပေါ့။ ဒီတမိုး စပါးပေါ်တာနဲ့ ရှင်ပြုနားသပွဲလုပ်မယ့် အလှူရှင်တွေကလည်း များတော့ မိုးမကျခင်ဘဲ အလှူဆိုင်းဝိုင်း အတွက် စရံသတ်တာတို့၊ ရှင်လောင်းဝတ်စုံ ငှားတာတို့ ဆိုတဲ့ ကိစ္စလေးတွေ ပုသိမ်မြို့ပေါ် တက်လုပ် ပြန်ပြန်လာခဲ့တာဗျာ။ လူတိုင်းကလည်း ကျုပ်တို့ နှစ်ယောက်လုပ်မယ့် အလှူအတွက် ထင်ကြေး အမျိုးမျိုးပေးလို့။ ကြားတာတော့ မိအေး ကန်တော့ပွဲ ရွက်မရွက်တောင် ကာလသားတွေကြား အပျော်တမ်း အလောင်းအစား လုပ်ကြတယ်ဆိုပါ့ပဲ။ မိအေးကလည်း ကျုပ်မရှိတဲ့ အချိန်တွေတိုင်း ခေါင်းခုလေးတင်ပြီး ကန်တော့ပွဲ ရွက်ဖို့ ကြိတ်ကျင့်နေတာ ဘယ်သူမှ မသိကြဘူး။ ကျုပ်ကိုယ်တိုင်တောင် မသိဟန်ဆောင်နေရတာ။ အဲဒီနေ့က လေတွေ စထန်လာတော့ ကျုပ်တို့ဖြင့် မကြောက်ပေါင်။ ကျုပ်တို့ မြစ်ဝကျွန်းပေါ် ဒေသအတွက်က မုန်တိုင်းဆိုတာ အထူးအဆန်းမှ မဟုတ်ဘဲ။ ဒါပေမဲ့ နည်းနည်းကြာလာတော့ အခြေအနေ မဟန်မှန်း ကိုယ်စောင့်နတ်က နှိုးဆော်ဟန် တူပါတယ်။ သားရယ်၊ သမီးရယ်၊ မိအေးရယ်၊ မိအေးတူမလေးရယ် ခေါ်ပြီး တိုက်ခံ အဆောက်အဦလည်း ဖြစ်၊ အမြင့်ပိုင်းလည်းဖြစ်တဲ့ ဘုန်းကြီးကျောင်းဘက်ကို ထွက်လာလိုက်တာ ကံကောင်းတယ် ပြောမလား၊ ကံဆိုးတယ် ပြောမလား၊ အချိန် ကြာလာတာနဲ့အမျှ မုန်တိုင်း အားကောင်းလာပုံများ ကျုပ်ဖြင့် ကမ္ဘာပျက်တယ်ဆိုတာ ဒါပဲ နေမယ်လို့ တွေးမိတယ်။ ကလေးတွေရဲ့ ငိုသံတွေ၊ သွပ်မိုးတွေ လွင့်သွားတဲ့ အသံတွေ၊ တဲပြိုတဲ့ အသံ၊ အပင်လဲတဲ့ အသံတွေနဲ့ ကျုပ် ဘဝတလျှောက်လုံး ကြောက်စရာ အကောင်းဆုံး ဆိုတာတောင် အားလုံး ရယ်စရာတွေ ဖြစ်ကုန်တယ် ပြောလို့ ရပါတယ်။ ဒီလိုနဲ့  တလောက လုံးဝ ဝုန်းဒိုင်းကျဲနေတဲ့ ကာလကြီး အပြီးမှာတော့ ... ပထမဆုံး သတိထားမိတာ ဆာလောင်လို့ ငိုနေတဲ့ ကလေးငယ်တွေရဲ့ အသံ။ ပြီးတော့ မိအေးရဲ့ “မုန်တိုင်းရဲ့ အပေါ်မှာ ဘုရားသခင် ရှိပါတယ်။ သခင့် လက်ထဲမှာ ကျမတို့ ဘဝကို အပ်နှံထားပါတယ် အာမင်” ဆိုတဲ့ အသံ။ အဲဒီ အသံတွေရဲ့ နောက်မှာ စိုးရိမ်စွာ ကြည့်လိုက်မိတာ သမီးနဲ့ သား၊ ပြီးတော့ မယ်အေး တူမ။ သမီးနဲ့ သားကို ငေးကြောင်နေတဲ့ မျက်လုံးတွေအောက်မှာ ခြောက်သွေ့နေတဲ့ မျက်ရည် စီးကြောင်းတွေနဲ့ အတူ တွေ့လိုက်ရလို့ စိတ်အေးရပေမယ့် မိအေး တူမလေးကိုတော့ မတွေ့ဘူး။ အခြေအနေ ငြိမ်သက်စ ပြုတာနဲ့ ကျုပ်တို့လည်း အိမ်ပြန်ကြမယ်ဆိုပြီး ကလေးတွေကို မိအေးတယောက်၊ ကျနော်တယောက် လက်ဆွဲပြီး ထွက်အလာမှာလည်း ကျနေတဲ့ သစ်ပင်ကြီး အဲဒီအောက်မှာ လူသေကောင်တွေ။ ချက်ချင်းပဲ မိအေးနဲ့ ကလေးတွေကို ဘုန်းကြီးကျောင်းမှာ ဆက်နေခဲ့ဖို့ မှာရင်း အိမ်ရှိရာကို ကျုပ်တယောက်ထဲ ပြန်လာခဲ့တယ်။ ဒါပေမဲ့ ကျုပ်အိမ် ဘယ်မှာလဲဆိုတဲ့ အမေးကို ကျုပ်ကိုယ်တိုင်ကို ပြန်မဖြေပေးနိုင်ခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် သေသွားတဲ့ လူတွေနဲ့ ယှဉ်ရင်တော့ ကျုပ်တို့ မိသားစုက တော်သေးတယ် ဆိုရမှာပေါ့။ ကျုပ်လိုပဲ လူအများစုလည်း သူတို့ အိမ်တွေကို ရှာမတွေ့တော့ဘူး။ အိမ်တွေ နေရာမှာ ရေပြင်ကြီးဖွေးလို့။ အဲဒီရက်မှာတော့ ဘုန်းကြီးက မျှကျွေးတဲ့ အစာလေးတွေပဲ အားလုံး မျှစားရင်း ကျုပ်တို့အားလုံး နေကြရတာပေါ့။ ကျုပ်လို တောက တက်လာတဲ့လူ စစ်သား လူထွက်အတွက် အရေးမကြီးပေမဲ့ မိအေးနဲ့ ကလေးတွေ အခုလို စားနေရတာ ကြည့်ပြီး ကျုပ်တော့ လုံးလုံး စိတ်မကောင်းဘူး။ အဲဒီ အိပ်မက်ဆိုးကြီးအပြီး နှစ်ရက်သုံးရက်ရှိတော့ ရန်ကုန်က လူတွေ ရောက်လာတယ်။ ဒါပေမဲ့ ကျုပ်တို့ဆီ ရောက်လာတဲ့အခါ ရေဗူး နည်းနည်းနဲ့ ခေါက်ဆွဲခြောက်ထုပ် တထုပ်စီလား မသိဘူး ပေးနိုင်တာကလွဲလို့ ဘာမှလည်း လုပ်မပေးနိုင်ခဲ့ဘူး။ ကျုပ် သမီးနဲ့ သား မောင်နှစ်မ နှစ်ယောက်ကလည်း အလှူကျတော့၊ အလှူရောက်ရင် ဆိုတဲ့ စကားကို ရွယ်တူကလေးတွေ ကြားမှာ ပြောနေဆိုနေတုန်း။ အဲဒီအသံကြားတိုင်း ကျုပ် နှလုံးသားကို အပ်နဲ့ ဆွသလိုပါပဲ။ အဲလိုအချိန်မျိုးမှာ မိအေး အနားရှိလို့ လှမ်းကြည့်မိပြန်ရင်လည်း မလိုအပ်ဘဲ မျက်လုံး ပုတ်ခတ်ပုတ်ခတ် လုပ်တာကို သတိထားမိတယ်။ ကျုပ်တို့ အိမ်အခြေအနေ၊ လယ်အခြေအနေ၊ ကျွဲတွေရဲ့ အခြေအနေ၊ ဆားကွင်းအခြေအနေ၊ ငါးဖမ်းလှေတွေရဲ့ အခြေအနေကို ကျုပ်နဲ့ မိအေးကြား မပြောဖြစ်အောင် သတိထားနေတာလည်း သိသာတယ်။ ဒါပေမဲ့ အိပ်မက်ဆိုး မက်တဲ့ နေ့ကတည်းက ဒီနေ့အထိ ဝတ်ထားတဲ့ အဝတ်တွေက ကျုပ်တို့ မိသားစုသာမက ဒီနေရာမှာ ရှိနေတဲ့ မိသားစုတွေရဲ့ အခြေအနေကို ပြောပြနေသလိုပါပဲ။ တဖြည်းဖြည်းနဲ့ စေတနာရှင်တွေ ပိုပိုရောက်လာတယ်။ ကျနော့်အတွက် အဝတ်အစားလေးတွေ ရလာတယ်။ စားစရာတွေ နည်းနည်းပါးပါး ရလာတယ်။ မြို့ပေါ်တွေမှာလိုတော့ တားတာ ဆီးတာမျိုးတွေ မရှိပေမဲ့ နည်းနည်း လူလည်ကျတဲ့ အပိုင်းတွေတော့ ရှိတာပေါ့လေ။ အလှူရှင်တွေကလည်း စေတနာ ကောင်းကြပါတယ်။ ရေလမ်းခရီးကိုလည်း သက်စွန့်ဆံဖျား လာကြတယ်။ အာဏာပိုင်တွေရဲ့ ငြိုငြင်မှုကို ခံပြီးတော့လည်း လာကြတယ်။ ဘုန်းတော်ကြီးကတော့ ပြောတယ်၊ အမေရိကန်တို့၊ ပြင်သစ်တို့က သင်္ဘောကြီးတွေ ရောက်နေပြီ။ မကြာခင် ကျုပ်တို့ ရွာတွေဆီ လာပြီး၊ လိုတာ မှန်သမျှ ကူညီလိမ့်မယ်လို့ ပြောတယ်။ ကျုပ်ကတော့ ကျန်တာ ဘာမှ ပေးပေး၊ မပေးပေးပါ။ ဒီတမိုးအတွက် စားဖို့ရယ်။ ကျုပ်လယ်တွေကို စပါးစိုက်လို့ ရအောင် မြေပြင်ပေးပြီး မျိုးစပါးလေး ပေးရင်ကို တော်ပါပြီ။ ကျုပ် အလကား မယူပါဘူး။ ဒါတွေကို ပြန်ဆပ်ဆိုလည်း ဆပ်ပါ့မယ်။ ဒီနှစ်စပါးလေး စိုက်ငွေလေးတဲ့အခါမှ ဆားကွင်းလေးကို လူငှားနဲ့ ပြန်လုပ်ရင် ကျုပ်တို့ မိသားတစုတော့ ခါးမလှသေးတောင် ဝမ်းဝမှာတော့ မပူရဘူးပေါ့။ ကျုပ်တို့ရွာကို အလှူရှင် အဖွဲ့တွေ ရောက်လာတယ် ဆိုပေမယ့် သွားရေးခက်တော့ ဆင့်ပါးစပ် နှမ်းပက်သလို ဖြစ်နေတာပေါ့။ ဒါနဲ့ ကျုပ်၊ မိအေး၊ သမီးနဲ့ သားကို ခေါ်ပြီး လပွတ္တာဘက်ကို အလှူရှင်စက်လှေ အကြုံနဲ့ လိုက်သွားဖို့ စိတ်ကူးတယ်။ တဖက်က ကျုပ်မိသားစု ဝဝလင်လင် စားရဖို့ဆိုတဲ့ အတ္တစိတ်ကလေး ပါသလို၊ တဖက်ကလည်း ကျုပ်တို့ ၄ ယောက် လျော့သွားရင် တခြားလူတွေ ၄ ယောက်စာ ပိုရမယ်ဆိုတဲ့ အတွေးလေးလည်း တွေးမိပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အမေရိကန်ကြီးတွေ၊ ပြင်သစ်ကြီးတွေ လာတဲ့အခါ မြို့ပေါ်ကို အရင်လာမယ်။ အဲဒီတော့ အရင်ဆုံး တွေ့ရမယ်။ ကျုပ် လယ်တွေ ပြင်ဖို့၊ စပါးစိုက်ဖို့ စောစော လုပ်နိုင်မယ် ထင်တာပေါ့။ မိအေးကလည်း ဘွဲ့တောင် ရထားတာဆိုတော့ အမေရိကန်ကြီးတွေနဲ့ စကားပြောနိုင်မှာပဲကို။ မိအေးကို ဖွင့်တိုင်ပင်တော့လည်း သဘောတူတယ်။ နောက် ရွာ ဥက္ကဋ္ဌ ကို ပြောတော့လည်း ဥက္ကဋ္ဌ က သွားချင်သွားလို့ ပြောတယ်။ နောက်တရက် အလှူရှင်တွေ ရောက်လာပြီး စိတ်ကူးကို ပြောပြတော့ သဘောကောင်းတဲ့ ခေါင်းဆောင် လုပ်သူက ကျုပ်တို့ကို ခေါ်သွားပေးမယ် ပြောတယ်။ ရေဆိပ် ဆင်းခါနီး ကိုစိန်သန်းတို့ လူအုပ်က မဲလက်မှတ်ဆိုလား ဘာလားကို တင်တင်စီးစီးနဲ့ အတင်းလုပ်ခိုင်းလို့ လက်မှတ် ထိုးပေးလိုက်တာက လွဲရင် ကျန်တာ အဆင်ပြေတယ် ပြောရမှာပေါ့။ မဲလက်မှတ်လို့သာ ပြောတယ်။ သူတို့ပြောတဲ့ ပုံက အမှန်ခြစ်ပြီး ကြိုတင်မဲ လက်မှတ်ထိုးသွားတဲ့။ စိတ်ထဲ ဘဝင်မကျပေမဲ့ လောလောဆယ် မိသားစုအရေးက ရှိသေးတာကိုး။ စကားနဲ ရန်စဲပေါ့။ လပွတ္တာရောက်တော့ မြို့ထဲမှာနေတာထက် မြို့ပြင်ကားလမ်းမှာ သွားနေရင် ပို အဆင်ပြေတယ်လို့ အလှူရှင်တွေ အကြံပေးတဲ့အတိုင်း မြို့ပြင်ကားလမ်းဘက် ထွက်ခဲ့တယ်။ အလှူရှင်တွေက ပေးခဲ့တဲ့ မိုးကာလေးကို သုံးပြီး သစ်ပင်ကြီးတပင် အောက်မှာပဲ အဖြစ်တဲလေး ထိုးနေလိုက်တယ်။ နောက်နေ့ မနက်ကစလို့ လာလိုက်တဲ့ ကားကြီးကားငယ်တွေ။ တချို့ကားတွေကလည်း ရပ်ပြီး ပစ္စည်းတွေကို စနစ်တကျ ဝေတယ်။ တချို့ကတော့လည်း ဘာကြောင့် မှန်းမသိ ပစ်ပေးသွားတာမျိုးတွေ ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရွာမှာထက် စာရင်တော့ ကျုပ်တို့ ပိုစားရတာ အမှန်ပဲ။ နိုင်ငံခြားက လူတွေဆိုတာ ဘယ်တော့လာမလဲ တွေးလိုက်၊ အလှူရှင်တွေ လာရင် ပစ္စည်းလေးတွေ ယူလိုက်နဲ့ လက်ရှိ ကိုယ့်အဖြစ် ကိုယ်တောင် မေ့နေတယ်။ တရက်တော့ မနက်အစောကြီး ရဲတွေရယ်၊ ဖြူစိမ်းကောင်တွေရယ် ရောက်လာပြီး ကျုပ်တို့ မိသားစုကို ဒီမှာ နေခွင့် မရှိဘူး၊ သူတို့နဲ့ လိုက်ခဲ့ပါ၊ ကယ်ဆယ်ရေး စခန်းကို ပို့ပေးမယ်လို့ ပြောပြီး လာခေါ်တယ်။ ဒါနဲ့ ကျုပ်တို့ မိသားစုလည်း ဝမ်းသာအားရနဲ့ လိုက်ခဲ့တာပေါ့။ ဟိုလည်း ရောက်ရော တပ်ထဲတုန်းက ကြည့်ဖူးတဲ့ ရုပ်ရှင်ကားထဲကလို တဲလေးတွေ တန်းစီ ဆောက်ထားတာကို တွေ့ရတယ်။ အထဲမှာလည်း ဒန်အိုးဒန်ခွက်၊ ဆန်အိတ်၊ ဆီ၊ ဆားနဲ့ အခြောက်အခြမ်းတွေကို တွေ့ရတယ်။ ခဏတာတော့ လုံခြုံမှု ရပြီဆိုတဲ့ အသိ။ နောက် ကျုပ် ကလေးတွေရော၊ မိအေးနဲ့ ကျုပ်ကိုယ်တိုင်ရော ကားသံ နားထောင်လိုက်၊ ပစ္စည်းလှူမယ့်သူ မျှော်လိုက်နဲ့။ ပစ္စည်းတွေ သွားအလှူခံရတယ် ဆိုတဲ့ ဘဝကို ကြည့်ရတာလည်း မဖြစ်လို့သာရယ်။ တကယ်တမ်းတော့ တစက်ကလေးမှ စိတ်ချမ်းသာတာ မဟုတ်ဘူး။ အခုလိုဆိုတော့ စခန်းက ဝေတဲ့ရိက္ခာ သွားထုတ်ရင် နိုင်ငံခြားကလာမယ့် အကူအညီတွေကို ထိုင်စောင့်ရုံပဲပေါ့။ တအောင့်နေတော့ ရဟတ်ယာဉ်သံတွေ ဆူညံပြီး အရာရှိကြီးတွေ ကျနော်တို့ တဲတန်းတွေထဲ ဝင်လာတာကို မြင်ရတယ်။ တပ်ထဲတုန်းကလည်း ကျုပ်က ဓားမနောက်ပိတ်ခွေး ရိုးရိုးရဲဘော်ဆိုတော့ ဘယ်သူဘယ်ဝါရယ် လို့တော့လည်း မသိဘူးပေါ့။ ကျုပ်တို့တဲတွေဆီ တတဲချင်းကြည့်ပြီးတော့ အားပေးစကားပြောပေါ့။ ကျုပ်တို့လည်း ဝမ်းသာတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုလူကြီးတွေ လာတယ်ဆိုတော့။ လူကြီးတွေ ပြန်ထွက်သွားပြီး ခဏနေတော့ ကျုပ်တို့တဲတွေဆီကို တာဝန်ခံဆိုတဲ့ လူတွေ ရောက်လာပြီး ဆန်အိတ်တွေနဲ့ တခြား စားစာရာတွေကို ပြန်သယ်သွားတယ်။ ပါးစပ်ကလည်း ရေရှည်အတွက် ကျုပ်တို့က စေတနာနဲ့ လုပ်ပေးတာ၊ ဘာညာဆိုတာတွေ ပြောတယ်။ ပြီးတော့ ဆန်နှစ်ပြည်ရယ်၊ အခြောက်အခြမ်း နည်းနည်းရယ် ထည့်ထားတဲ့ အိတ်တွေကို “ဒါ တပတ်စာ” လို့ ပြောပြီး ပေးတယ်။ နောက် ဘယ်အလှူရှင်တွေဆီကမှလည်း တိုက်ရိုက် လက်မခံဖို့  မျက်နှာထားနဲ့ ပြောတယ်။ ကျုပ်ကလည်း တခုခုဆိုရင် မြုံမနေတတ်တော့ နိုင်ငံခြားက လူတွေကရော ဘယ်တော့ လာမလဲလို့ မေးလိုက်မိတယ်။ အဲဒီမှာ ခေါင်းဆောင် လုပ်သူက ဒေါနဲ့မာန်နဲ့ ဘယ်သူ့ အကူအညီမှ မလိုဘူး၊ နိုင်ငံတော်က ကူညီနိုင်တယ်၊ ဘာညာနဲ့ အော်ပါလေရော။ ကျုပ်တို့ကို မျိုးစပါး ပေးမှာလား၊ လယ်တွေ ပြင်ပေးမှာလား၊ ငွေချေးပေးမှာလား စတဲ့ မေးခွန်းတွေ ဆက်တိုက် မေးလိုက်တော့၊ အဲဒီလူလည်း မျက်နှာကြီး နီရဲလာပြီး ဒေါသတကြီး အော်ပါလေရော။ သူပြောတဲ့အထဲမှာ ဖားရှာ ငါးရှာစားတို့၊ ချောကလက် မလိုဘူးဆိုတဲ့ အသံတွေပဲ ကြားနေရတယ်။ မျက်လုံးထဲမှာတော့ တိုင်တချို့ကလွဲပြီး ဘာမှ မရှိတော့တဲ့ ကျုပ်တို့အိမ်။ လူတွေ စွန့်ကြဲတာကို သိမ်ငယ်တဲ့ မျက်လုံးတွေနဲ့ လက်ဖြန့်တောင်းနေတဲ့ ကျုပ်ချစ်တဲ့ မိအေးနဲ့ သမီးနဲ့ သားနဲ့ တခြားလူတွေ။ နောက် သမီးနဲ့ သားကို လှူတဲ့ အလှူပွဲ။ နောက်ဆုံး ကြားလိုက်ရတဲ့ စကားက ဘယ်နိုင်ငံခြားသားမှ အဝင်မခံဘူး၊ စားဖို့မရှိရင် တောင်းစားဆိုတဲ့ အသံ ... ကျုပ်ကို ကျုပ် ဘာလုပ်လိုက်မှန်း မသိခင်မှာ အဲဒီ ခေါင်းဆောင် လုပ်သူရဲ့ ပြူးကျယ်နေတဲ့ မျက်လုံး ကျုပ်လက်နှစ်ဘက်နဲ့ သူ့လည်ပင်း အထိအတွေ့ကိုပဲ သိတော့တယ်။ နောက် ချက်ချင်းလိုပဲ ကျုပ်ခေါင်းနဲ့ ခန္ဓာကိုယ်အနှံ့က နာကျင်မှု။ ဒါပေမဲ့ ကျုပ် လက်ကို ဘယ်တော့မှ မလွှတ်ဘူး။ မုန်တိုင်းက ကျုပ်တို့ဆီက ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုတွေပဲ လုယူတာ။ ကျုပ်လက်ထဲကလူနဲ့ သူလိုလူမျိုးတွေက ကျုပ်တို့ ဘဝတခုလုံးကို လုယူတာ။ ကျုပ် သားနဲ့ သမီးရဲ့ အနာဂတ်ကို ဖျက်ပစ်တာ။ ကျုပ်တို့ တရွာလုံးကို ဖျက်ပစ်တာ။ ထမင်းစားရရုံနဲ့ ကျုပ်တို့ ဘဝ ရပ်တည်လို့မှ မရတာ။ ဘယ်မလဲ လယ်၊ ဘယ်မလဲ နွား၊ ဘယ်မလဲ မျိုးစပါး။ ဘယ်သူတွေကရော ကျုပ်တို့ကို အမြဲ လှူနေနိုင်မလဲ။ တလလား၊ ၁ဝ လလား၊ တနှစ်လား။ ရဟန်းသံဃာ မဟုတ်ဘဲ သူများ လှူတာကို တသက်လုံး ထိုင်စားနေမယ် ဆိုရင်ရော ကျုပ်တို့ ဘာတွေ ဖြစ်ကုန်မလဲ။ ဘုရားကျွန်လား၊ သူဖုန်းစားလား၊ ဒုက္ခိတတွေလား။ ကျုပ်နဲ့ ဘဝတူ လူတွေရယ်။ အစာငတ်မှာ ကြောက်ပြီး ဘဝကို အငတ်ခံကြတော့ မလို့လား။ ကျုပ်တို့ လူမျိုးတွေက ခန္တီပါရမီ ကောင်းတာပဲလား၊ သရဲဘောကြောင်တာပဲလား။ ဓားမိုး အုပ်ချုပ်ခဲ့တဲ့ အချိန်တွေ သိပ်ကြာလာခဲ့လို့လား။ မေးခွန်းတွေရဲ့ အဖြေကို ရှာမတွေ့ခင်ဘဲ ကျုပ်တော့ အမှောင်အတိ ကျလို့။ နောက်ဆုံး မြင်လိုက်ရတာက ဧရာမ သင်္ဘောကြီး။ မိအေးနဲ့ ကလေးတွေလည်း ပျော်လို့။ -----------------(နိဂုံး) လေဘေးကယ်ဆယ်ရေး စခန်းထဲမှာ အရူးတယောက် စိတ်ဖောက်ပြီး ဥက္ကဋ္ဌကြီးကို လည်ပင်း ထညှစ်တာ ဘေးက လူတွေ ဝိုင်းကယ်လို့ ဥက္ကဋ္ဌကြီး ဘာမှ မဖြစ်တာဆိုတဲ့ သတင်းကို လူတွေ စုမိတိုင်း ပြောတတ်တယ်။ နောက် အလှူရှင်တွေနဲ့ အလှူခံတွေ စုဝေးနေတဲ့ နေရာတိုင်းမှာ မနက်ဖြန်အတွက် ဘာမှ စိတ်မပူကြပါနဲ့၊ ကျမ အမျိုးသား သင်္ဘောတွေ၊ ကယ်ဆယ်ရေး လုပ်မယ့်လူတွေ သွားခေါ်နေတယ်လို့ ငိုတခါ ရယ်တလှည့် ပြောနေတတ်တဲ့ လူရည်သန့် မိန်းမတယောက်ကို လူတွေ သတိထားမိလာကြတယ်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်