စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Monday, June 9, 2008

နာဂစ် ရဲ့ ဘဝ တစုံ


မိုးထက်နေ
တနင်္လာနေ့၊ ဇွန်လ 09 2008 19:07 - မြန်မာစံတော်ချိန်

ကျုပ်နာမည်က ဖိုးတေ။ ကျုပ်တို့ နေတဲ့ ရွာနာမည်က ပြင်စလူရွာ။ အရင်ကတော့ လပွတ္တာ မြို့နယ်ထဲက ရွာငယ်လေးပေါ့။ အခု ဒီဘက်နှစ်တွေမှာ ကျုပ်တို့ရွာက စပါးကလည်း လွှတ်ဖြစ်၊ ရေလုပ်ငန်းကလည်း လွှတ်ကောင်းဆိုတော့ မြို့နယ်အဆင့် ဖြစ်တယ်ဆိုလား၊ ဘာဆိုလား။ ဒါတွေတော့ ကျုပ် သိပ်နားမလည်ပါဘူး။ ကျုပ်ကိုယ်တိုင်ကလည်း အချိန်ရှိ လယ်ထဲ ဆင်းလိုက်၊ ဆားကွင်း သွားလိုက်၊ အစုယူပြီး အငှားချထားတဲ့ ငါးဖမ်း လှေတွေဆီက ငွေသွားကောက်၊ လိုက်စာရင်း ရှင်းလိုက်၊ ပိုတဲ့ အချိန်လေးမှာ ကျုပ်မိသားစုနဲ့ နေလိုက်နဲ့ ရပ်ရေးရွာရေးလည်း သိပ်မသိပါဘူး။ အပေါ်ဖြူ အောက်စိမ်းဝတ်ပြီး တိုက်ပုံ တကားကားနဲ့ ကျောင်းဆရာ ဂိုက်ဖမ်းနေတဲ့ ကိုစိန်သန်းတို့  လူစုတွေနဲ့ မပတ်သက်ချင်တာလည်း ပါတာပေါ့ဗျာ။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
တကယ်တော့ ကျုပ်ရော ကျုပ်မိန်းမ မိအေးရော ဒီရွာဇာတိတော့ မဟုတ်ပါဘူး။ ကျုပ်က အညာက၊ မကွေးတိုင်းထဲက ဆီမီးခုံဆိုတဲ့ ရွာက။ ကျုပ်မိန်းမကတော့ ဘယ်မယ်မွေးတယ်ရယ် မသိဘူး။ မေးလည်း မေးမကြည့်ဖူးပါဘူး။ ကျုပ်တို့ တွေ့တာကတော့ ဧရာဝတီတိုင်း ရေတပ်စခန်း ဋ္ဌာနချုပ်မှာ။ အဲဒီတုန်းက သူက ဆရာကြီးသမီး၊ ကျုပ်က ၁ဝ တန်း နှစ်ခါကျလို့ အိမ်က ထွက်ပြေးလာပြီး လုပ်စရာမရှိလို့ စစ်ထဲ လိုက်ခဲ့တဲ့ ရဲဘော် အသစ်စက်စက်။ ရုပ်ရှင်တွေ၊ ပြဇာတ်တွေထဲက လိုတော့လည်း မဟုတ်ပါဘူး။ ဒီလိုပဲ နှုတ်ခမ်းပဲ့ချင်း မီးမှုတ်ခဲ့တာ ဆိုပါတော့။ သူ့အထွာနဲ့သူတော့ ရင်ခုန်ဖို့ ကောင်းတဲ့၊ ကြည်နူးဖို့ ကောင်းတဲ့ ပြဿနာလေးတွေ မကင်းခဲ့ပါဘူး။ အဲဒီတုန်းက ကျုပ်မိန်းမဖြစ်မယ့် မိအေးက ဥပဒေ အဝေးသင် ပထမနှစ်။ ကျုပ်ယောက္ခမတွေ အနေနဲ့ကလည်း အချိန်တန် ဘွဲ့လေးဘာလေး ရပြီးတော့ အရာရှိ တယောက်နဲ့ ပေးစား ဆိုတဲ့ အိမ်မက်တွေ ရှိတာပေါ့။ ကျုပ်က ဆရာကြီးကို ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ ကျုပ် ၁ဝ တန်း အောင်အောင် ဖြေမယ်၊ စစ်သက်ပြည့်တာနဲ့ ဗိုလ်သင်တန်း တက်ခွင့်ရအောင် လုပ်ပါ့မယ် ဆိုတာမျိုးတွေ ဘယ်လောက်ပြောပြော ဆောက်ဖြစ်မှ ကျောင်းဒါယကာ ဖြစ်မယ့် ကျုပ်နဲ့ ဘယ်သဘောတူမလဲ။ နောက်ဆုံးတော့လည်း ကျုပ်မိန်းမ မိအေးက ခေါင်းမာမာနဲ့ ဖိုးတေနဲ့ မပေးစားရင် ကျောင်းဆက်မတက်ဘဲ ခရစ်ယာန် သီလရှင် အပြီး လုပ်တော့မယ်ဆိုတဲ့ စကားတွေ နောက်မှာမှ လက်ထပ်ခွင့် တင်ပြီး အိမ်ထောင်သည်ဘဝ ရောက်ခဲ့ရတယ် ဆိုပါတော့။ အစတော့ တပ်ကပေးတဲ့ အိမ်ထောင်သည် လိုင်းမှာနေ၊ တပ်ကပေးတဲ့ ရိက္ခာစား၊ တပ်ကပေးတဲ့ လစာသုံးရင်း နေလာတာ သမင်မွေးရင်း ကျားစားရင်း ဆိုသလိုပါပဲ။ စုမိဆောင်းမိလည်း မရှိ။ ကျုပ်လည်း ၁ဝ တန်း ပြန်မဖြေနိုင်၊ ကျုပ်မိန်းမလည်း ကျောင်းဆက်မတတ်နိုင် ဖြစ်လာပါလေရော။ နောက်ဆုံးတော့ ဘာသာခြားတွေနဲ့ ယူပြီး ရာထူးတော်တော်နဲ့ မတက်၊ နေရာ တော်တော်နဲ့ မရတဲ့ အရာရှိတွေကို ကြည့်ပြီး သွေးလန့်လာတာက တကြောင်း၊ ကျုပ်ကိုယ်တိုင် အကြံအဖန် မလုပ်တတ်တာက တကြောင်း၊ ကိုယ်နဲ့ရွယ်တူ အရာရှိ ကတော်တွေ၊ ဆရာကြီး ကတော်တွေ သားသမီးတွေနဲ့ ယှဉ်ရင် ကျုပ်မိန်းမ မျက်နှာငယ်တာက တကြောင်း ဆိုတဲ့ အကြောင်းကြောင်းတွေကြောင့် ဆေးပင်စင် (တပ်ထဲမှာတော့ အရူးလက်မှတ် ခေါ်တာပေါ့) ရအောင် အကြံအဖန် လုပ်ပြီး ထွက်ခဲ့တယ်။ တပ်ထဲက ထွက်ပြီးခါစတော့ ပင်စင်ရတဲ့ ဆုကြေးငွေလေးနဲ့ လင်ကိုမယား နှစ်ယောက် ပုသိမ်မြို့ပေါ်မှာ အိမ်လေးတလုံး ငှားနေ။ ကျုပ်ကလည်း ရွာအနီးအနားမှာ စပါးပွဲစား လုပ်၊ ဆားပွဲစားလုပ်ရင်းနဲ့ နေလာလိုက်တာ ကျုပ်မိန်းမ ဘွဲ့ရတဲ့အထိ ဆိုပါတော့။ မိန်းမဘွဲ့ရပြီးလို့ ရှေ့နေ လုပ်စားဖို့ကလည်း ချိန်ဘာဆင်းဖို့ ဆရာမွေးစရာ ပိုက်ဆံကလည်း မရှိ။ နောက် ဒိုင်တွေ ပွဲရုံတွေကလည်း ရွာတွေအထိ ဆင်းကောက်တော့ ကျုပ်တို့လို ပွဲစားတွေမယ် နောက်ပိုင်း သိပ်အလုပ် မဖြစ်တော့ဘူး။ မိအေး နောက်ဆုံးနှစ် တက်နေတုန်းကတောင် ပိုက်ဆံပြတ်လို့ ပုသိမ် သင်္ဘောဆိပ်မှာ ညဘက် ပုတ်ပြတ်နဲ့ ကုန်တင်ကုန်ချ သွားလုပ်ရတာ အကြိမ်ကြိမ်။ အဲဒီကနေ ငါ့ဝမ်းပူဆာ မနေသာ ဆိုတဲ့အတိုင်း တခြားပွဲစား အပေါင်းအသင်းတွေက တဆင့် ချဲ လက်ခွဲရောင်းတဲ့ အလုပ်ကို လုပ်တဲ့အထိ ရောက်ရော။ အဲဒီအလုပ်က အဆင်လည်း ပြေပါတယ်။ ငွေလည်း ဝင်တယ်။ ဒါပေမဲ့ တွေ့သမျှလူ ဆရာခေါ်ရ။ ဟိုလူ ကြောက်ရ၊ ဒီလူ ကြောက်ရနဲ့ စိတ်ပျက်ဖို့တောင် အလွန်ကောင်းတာကလား။ နောက်ဆုံး မိအေး ဘွဲ့ဝတ်ရုံကြီး တကားကားနဲ့ ဘွဲ့တက်ယူတဲ့ နေ့ပြီးတော့ နောက်နေ့ ထင်တာပဲ ကျုပ်တို့ လင်မယား နှစ်ယောက် ရှိသမျှလေး ပိုက်ပြီး ရေကြည်ရာ မျက်နုရာမှာ လယ်လေး၊ ချောင်းလေး ရသလောက် ဝယ်ပြီး လုပ်ဖို့၊ နောက် အသက် သိပ်မရခင် ကလေးယူဖို့ တိုင်ပင်ပြီးတဲ့နောက် ပွဲစားလုပ်တုန်းက အဆက်အသွယ်တွေနဲ့ အခုနေတဲ့ ပြင်စလူဆိုတဲ့ ရွာလေးကို ရောက်လာတာ။ အခုဆို သမီးက ၁ဝ နှစ်၊ သားအငယ်လေးက ၈ နှစ် ဆိုတော့ ၁၂ မိုးလောက်ရှိထင်ပါ့။ ဒီရွာ ပြောင်းခါစတုန်းကများ ပြောပါတယ်။ ကျုပ်ကတော့ တောသားဆိုတော့ ကိုယ်တတ်နိုင်တဲ့ လယ်လေး ၂ ဧကလောက်ပေါ် အငှားကျွဲနဲ့ လုပ်နေရတာကို ပျော်လို့။ ကျုပ်မိန်းမ မိအေးကတော့ နည်းနည်း မျက်နှာ ပျက်ချင်တာပေါ့။ ဒီလိုနဲ့ ကျုပ်ရဲ့ မိသားစုကို ကောင်းကောင်း ထားချင်တဲ့စိတ်နဲ့ တွန်းလုပ်တာ နှစ်မိုးလောက်နေတော့ ကျွဲ အပိုင် ဖြစ်လာတယ်။ လယ်လည်း ၅ ဧက ဖြစ်လာတယ်။ နောက် အဲဒီနှစ်ပဲ သမီးလေး ကိုယ်ဝန်လည်း ရလာတယ်။ မိန်းမက သားဖွား ဆရာမနဲ့ပဲ မွေးမယ်လို့ ပြောပေမယ့် ကျုပ်က စိုးရိမ်လို့ ပုသိမ်မြို့က သားဖွားမီးယပ် ဆရာဝန်မကြီးနဲ့ သေချာ၊ ကျကျနန မွေးခဲ့တာပါ။ အဲဒီ နောက်ပိုင်း သားလေး မွေးလာပြီးတော့ စီးပွားတွေ တရိပ်ရိပ်တက်လာတယ် ဆိုပါတော့။ အခုတော့ ကျုပ်မိန်းမ ဦးစီးလုပ်နေတဲ့ ဆားကွင်းတွေရယ်၊ ကျုပ်ထောင်ထားတဲ့ ငါးဖမ်းလှေတွေရယ်၊ ကျုပ်လယ်တွေရယ်နဲ့ ဒီရွာမှာတော့ သူဋ္ဌေးစာရင်းပေါက် ဆိုပါတော့။ ရွာခံ လူတွေကလည်း ကျုပ်တို့ မိသားစုကို ချစ်ကြပါတယ်။ ကျုပ်မိန်းမ သဘောကောင်းတာ၊ အလှူအတန်းမှာ မနှေးတာရယ် ဘွဲ့ရပညာတတ် ရှားတာရယ် ပေါင်းတော့ ကျုပ်တို့ မိသားစုက ဒီရွာမှာတော့ ရွာ့မျက်နှာဖုံး မိသားစုဆိုရင် မမှားဘူးပေါ့လေ။ တခု ရယ်ရတာက ကျုပ်တို့အိမ်မှာ ကိစ္စတခုနဲ့ ဧည့်သည်တွေ လာပြီး နောက်ဆုံး ကျုပ်တို့ စီးပွားတက်တဲ့ အကြောင်းကို ရောက်သွားတဲ့ အခါတိုင်း ကျုပ်မိန်းမနဲ့ ပြောရင် ဘုရားသခင် အလိုတော်အတိုင်းပေါ့ မအေးရယ်လို့ ပြောတတ်ပြီး၊ ကျုပ်နဲ့ဆိုရင်တော့ ကံကံ၏ အကျိုးပေါ့ ကိုဖိုးတေရာလို့ ပြောတတ်တဲ့ ဓလေ့ ဒီရွာက ကျုပ်တို့ မိသားစုနဲ့ ရင်းနှီးတဲ့ လူတွေမှာ ရှိတတ်တာပါပဲ။ ဒီနှစ်တော့ ကျုပ် သားလေးကို ရှင်ပြုပြီး၊ ကျုပ်သမီးလေးကို နားသမယ့် နှစ်မို့လား မသိပါဘူး။ အလုပ်တိုင်းက အရင်နှစ်ကထက် ပိုပြီး ငွေဝင်တာမှ ကလေးတွေ ထိန်းဖို့ ခေါ်ထားတဲ့ ကျုပ် မိန်းမဘက်က တူမတော်တဲ့ ကလေးမလေးကိုတောင် နားဆွဲလေး လုပ်ပေးထားသေးတယ်။ ကျုပ်မိန်းမ မျိုးချစ်စိတ်ရှိပုံ ပြောပါတယ်။ ပြောရအုံးမယ်။ ကျုပ်နဲ့ မိအေးက ကလေးတွေ မမွေးခင်ကတည်းက သူ့ဘာသာ၊ ကိုယ့်ဘာသာ မခွဲဘဲ ဘာသာရေးနဲ့ ပတ်သက်တဲ့ ထုံးတမ်းစဉ်လာတွေ အကုန်လုပ်ပေးဖို့ သဘောတူထားခဲ့တယ်။ သူတို့ကြီးမှ သူတို့ ကြိုက်တဲ့ ဘာသာယူပါစေ ဆိုပြီးတော့ပေါ့။ ဒီတမိုး စပါးပေါ်တာနဲ့ ရှင်ပြုနားသပွဲလုပ်မယ့် အလှူရှင်တွေကလည်း များတော့ မိုးမကျခင်ဘဲ အလှူဆိုင်းဝိုင်း အတွက် စရံသတ်တာတို့၊ ရှင်လောင်းဝတ်စုံ ငှားတာတို့ ဆိုတဲ့ ကိစ္စလေးတွေ ပုသိမ်မြို့ပေါ် တက်လုပ် ပြန်ပြန်လာခဲ့တာဗျာ။ လူတိုင်းကလည်း ကျုပ်တို့ နှစ်ယောက်လုပ်မယ့် အလှူအတွက် ထင်ကြေး အမျိုးမျိုးပေးလို့။ ကြားတာတော့ မိအေး ကန်တော့ပွဲ ရွက်မရွက်တောင် ကာလသားတွေကြား အပျော်တမ်း အလောင်းအစား လုပ်ကြတယ်ဆိုပါ့ပဲ။ မိအေးကလည်း ကျုပ်မရှိတဲ့ အချိန်တွေတိုင်း ခေါင်းခုလေးတင်ပြီး ကန်တော့ပွဲ ရွက်ဖို့ ကြိတ်ကျင့်နေတာ ဘယ်သူမှ မသိကြဘူး။ ကျုပ်ကိုယ်တိုင်တောင် မသိဟန်ဆောင်နေရတာ။ အဲဒီနေ့က လေတွေ စထန်လာတော့ ကျုပ်တို့ဖြင့် မကြောက်ပေါင်။ ကျုပ်တို့ မြစ်ဝကျွန်းပေါ် ဒေသအတွက်က မုန်တိုင်းဆိုတာ အထူးအဆန်းမှ မဟုတ်ဘဲ။ ဒါပေမဲ့ နည်းနည်းကြာလာတော့ အခြေအနေ မဟန်မှန်း ကိုယ်စောင့်နတ်က နှိုးဆော်ဟန် တူပါတယ်။ သားရယ်၊ သမီးရယ်၊ မိအေးရယ်၊ မိအေးတူမလေးရယ် ခေါ်ပြီး တိုက်ခံ အဆောက်အဦလည်း ဖြစ်၊ အမြင့်ပိုင်းလည်းဖြစ်တဲ့ ဘုန်းကြီးကျောင်းဘက်ကို ထွက်လာလိုက်တာ ကံကောင်းတယ် ပြောမလား၊ ကံဆိုးတယ် ပြောမလား၊ အချိန် ကြာလာတာနဲ့အမျှ မုန်တိုင်း အားကောင်းလာပုံများ ကျုပ်ဖြင့် ကမ္ဘာပျက်တယ်ဆိုတာ ဒါပဲ နေမယ်လို့ တွေးမိတယ်။ ကလေးတွေရဲ့ ငိုသံတွေ၊ သွပ်မိုးတွေ လွင့်သွားတဲ့ အသံတွေ၊ တဲပြိုတဲ့ အသံ၊ အပင်လဲတဲ့ အသံတွေနဲ့ ကျုပ် ဘဝတလျှောက်လုံး ကြောက်စရာ အကောင်းဆုံး ဆိုတာတောင် အားလုံး ရယ်စရာတွေ ဖြစ်ကုန်တယ် ပြောလို့ ရပါတယ်။ ဒီလိုနဲ့  တလောက လုံးဝ ဝုန်းဒိုင်းကျဲနေတဲ့ ကာလကြီး အပြီးမှာတော့ ... ပထမဆုံး သတိထားမိတာ ဆာလောင်လို့ ငိုနေတဲ့ ကလေးငယ်တွေရဲ့ အသံ။ ပြီးတော့ မိအေးရဲ့ “မုန်တိုင်းရဲ့ အပေါ်မှာ ဘုရားသခင် ရှိပါတယ်။ သခင့် လက်ထဲမှာ ကျမတို့ ဘဝကို အပ်နှံထားပါတယ် အာမင်” ဆိုတဲ့ အသံ။ အဲဒီ အသံတွေရဲ့ နောက်မှာ စိုးရိမ်စွာ ကြည့်လိုက်မိတာ သမီးနဲ့ သား၊ ပြီးတော့ မယ်အေး တူမ။ သမီးနဲ့ သားကို ငေးကြောင်နေတဲ့ မျက်လုံးတွေအောက်မှာ ခြောက်သွေ့နေတဲ့ မျက်ရည် စီးကြောင်းတွေနဲ့ အတူ တွေ့လိုက်ရလို့ စိတ်အေးရပေမယ့် မိအေး တူမလေးကိုတော့ မတွေ့ဘူး။ အခြေအနေ ငြိမ်သက်စ ပြုတာနဲ့ ကျုပ်တို့လည်း အိမ်ပြန်ကြမယ်ဆိုပြီး ကလေးတွေကို မိအေးတယောက်၊ ကျနော်တယောက် လက်ဆွဲပြီး ထွက်အလာမှာလည်း ကျနေတဲ့ သစ်ပင်ကြီး အဲဒီအောက်မှာ လူသေကောင်တွေ။ ချက်ချင်းပဲ မိအေးနဲ့ ကလေးတွေကို ဘုန်းကြီးကျောင်းမှာ ဆက်နေခဲ့ဖို့ မှာရင်း အိမ်ရှိရာကို ကျုပ်တယောက်ထဲ ပြန်လာခဲ့တယ်။ ဒါပေမဲ့ ကျုပ်အိမ် ဘယ်မှာလဲဆိုတဲ့ အမေးကို ကျုပ်ကိုယ်တိုင်ကို ပြန်မဖြေပေးနိုင်ခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် သေသွားတဲ့ လူတွေနဲ့ ယှဉ်ရင်တော့ ကျုပ်တို့ မိသားစုက တော်သေးတယ် ဆိုရမှာပေါ့။ ကျုပ်လိုပဲ လူအများစုလည်း သူတို့ အိမ်တွေကို ရှာမတွေ့တော့ဘူး။ အိမ်တွေ နေရာမှာ ရေပြင်ကြီးဖွေးလို့။ အဲဒီရက်မှာတော့ ဘုန်းကြီးက မျှကျွေးတဲ့ အစာလေးတွေပဲ အားလုံး မျှစားရင်း ကျုပ်တို့အားလုံး နေကြရတာပေါ့။ ကျုပ်လို တောက တက်လာတဲ့လူ စစ်သား လူထွက်အတွက် အရေးမကြီးပေမဲ့ မိအေးနဲ့ ကလေးတွေ အခုလို စားနေရတာ ကြည့်ပြီး ကျုပ်တော့ လုံးလုံး စိတ်မကောင်းဘူး။ အဲဒီ အိပ်မက်ဆိုးကြီးအပြီး နှစ်ရက်သုံးရက်ရှိတော့ ရန်ကုန်က လူတွေ ရောက်လာတယ်။ ဒါပေမဲ့ ကျုပ်တို့ဆီ ရောက်လာတဲ့အခါ ရေဗူး နည်းနည်းနဲ့ ခေါက်ဆွဲခြောက်ထုပ် တထုပ်စီလား မသိဘူး ပေးနိုင်တာကလွဲလို့ ဘာမှလည်း လုပ်မပေးနိုင်ခဲ့ဘူး။ ကျုပ် သမီးနဲ့ သား မောင်နှစ်မ နှစ်ယောက်ကလည်း အလှူကျတော့၊ အလှူရောက်ရင် ဆိုတဲ့ စကားကို ရွယ်တူကလေးတွေ ကြားမှာ ပြောနေဆိုနေတုန်း။ အဲဒီအသံကြားတိုင်း ကျုပ် နှလုံးသားကို အပ်နဲ့ ဆွသလိုပါပဲ။ အဲလိုအချိန်မျိုးမှာ မိအေး အနားရှိလို့ လှမ်းကြည့်မိပြန်ရင်လည်း မလိုအပ်ဘဲ မျက်လုံး ပုတ်ခတ်ပုတ်ခတ် လုပ်တာကို သတိထားမိတယ်။ ကျုပ်တို့ အိမ်အခြေအနေ၊ လယ်အခြေအနေ၊ ကျွဲတွေရဲ့ အခြေအနေ၊ ဆားကွင်းအခြေအနေ၊ ငါးဖမ်းလှေတွေရဲ့ အခြေအနေကို ကျုပ်နဲ့ မိအေးကြား မပြောဖြစ်အောင် သတိထားနေတာလည်း သိသာတယ်။ ဒါပေမဲ့ အိပ်မက်ဆိုး မက်တဲ့ နေ့ကတည်းက ဒီနေ့အထိ ဝတ်ထားတဲ့ အဝတ်တွေက ကျုပ်တို့ မိသားစုသာမက ဒီနေရာမှာ ရှိနေတဲ့ မိသားစုတွေရဲ့ အခြေအနေကို ပြောပြနေသလိုပါပဲ။ တဖြည်းဖြည်းနဲ့ စေတနာရှင်တွေ ပိုပိုရောက်လာတယ်။ ကျနော့်အတွက် အဝတ်အစားလေးတွေ ရလာတယ်။ စားစရာတွေ နည်းနည်းပါးပါး ရလာတယ်။ မြို့ပေါ်တွေမှာလိုတော့ တားတာ ဆီးတာမျိုးတွေ မရှိပေမဲ့ နည်းနည်း လူလည်ကျတဲ့ အပိုင်းတွေတော့ ရှိတာပေါ့လေ။ အလှူရှင်တွေကလည်း စေတနာ ကောင်းကြပါတယ်။ ရေလမ်းခရီးကိုလည်း သက်စွန့်ဆံဖျား လာကြတယ်။ အာဏာပိုင်တွေရဲ့ ငြိုငြင်မှုကို ခံပြီးတော့လည်း လာကြတယ်။ ဘုန်းတော်ကြီးကတော့ ပြောတယ်၊ အမေရိကန်တို့၊ ပြင်သစ်တို့က သင်္ဘောကြီးတွေ ရောက်နေပြီ။ မကြာခင် ကျုပ်တို့ ရွာတွေဆီ လာပြီး၊ လိုတာ မှန်သမျှ ကူညီလိမ့်မယ်လို့ ပြောတယ်။ ကျုပ်ကတော့ ကျန်တာ ဘာမှ ပေးပေး၊ မပေးပေးပါ။ ဒီတမိုးအတွက် စားဖို့ရယ်။ ကျုပ်လယ်တွေကို စပါးစိုက်လို့ ရအောင် မြေပြင်ပေးပြီး မျိုးစပါးလေး ပေးရင်ကို တော်ပါပြီ။ ကျုပ် အလကား မယူပါဘူး။ ဒါတွေကို ပြန်ဆပ်ဆိုလည်း ဆပ်ပါ့မယ်။ ဒီနှစ်စပါးလေး စိုက်ငွေလေးတဲ့အခါမှ ဆားကွင်းလေးကို လူငှားနဲ့ ပြန်လုပ်ရင် ကျုပ်တို့ မိသားတစုတော့ ခါးမလှသေးတောင် ဝမ်းဝမှာတော့ မပူရဘူးပေါ့။ ကျုပ်တို့ရွာကို အလှူရှင် အဖွဲ့တွေ ရောက်လာတယ် ဆိုပေမယ့် သွားရေးခက်တော့ ဆင့်ပါးစပ် နှမ်းပက်သလို ဖြစ်နေတာပေါ့။ ဒါနဲ့ ကျုပ်၊ မိအေး၊ သမီးနဲ့ သားကို ခေါ်ပြီး လပွတ္တာဘက်ကို အလှူရှင်စက်လှေ အကြုံနဲ့ လိုက်သွားဖို့ စိတ်ကူးတယ်။ တဖက်က ကျုပ်မိသားစု ဝဝလင်လင် စားရဖို့ဆိုတဲ့ အတ္တစိတ်ကလေး ပါသလို၊ တဖက်ကလည်း ကျုပ်တို့ ၄ ယောက် လျော့သွားရင် တခြားလူတွေ ၄ ယောက်စာ ပိုရမယ်ဆိုတဲ့ အတွေးလေးလည်း တွေးမိပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အမေရိကန်ကြီးတွေ၊ ပြင်သစ်ကြီးတွေ လာတဲ့အခါ မြို့ပေါ်ကို အရင်လာမယ်။ အဲဒီတော့ အရင်ဆုံး တွေ့ရမယ်။ ကျုပ် လယ်တွေ ပြင်ဖို့၊ စပါးစိုက်ဖို့ စောစော လုပ်နိုင်မယ် ထင်တာပေါ့။ မိအေးကလည်း ဘွဲ့တောင် ရထားတာဆိုတော့ အမေရိကန်ကြီးတွေနဲ့ စကားပြောနိုင်မှာပဲကို။ မိအေးကို ဖွင့်တိုင်ပင်တော့လည်း သဘောတူတယ်။ နောက် ရွာ ဥက္ကဋ္ဌ ကို ပြောတော့လည်း ဥက္ကဋ္ဌ က သွားချင်သွားလို့ ပြောတယ်။ နောက်တရက် အလှူရှင်တွေ ရောက်လာပြီး စိတ်ကူးကို ပြောပြတော့ သဘောကောင်းတဲ့ ခေါင်းဆောင် လုပ်သူက ကျုပ်တို့ကို ခေါ်သွားပေးမယ် ပြောတယ်။ ရေဆိပ် ဆင်းခါနီး ကိုစိန်သန်းတို့ လူအုပ်က မဲလက်မှတ်ဆိုလား ဘာလားကို တင်တင်စီးစီးနဲ့ အတင်းလုပ်ခိုင်းလို့ လက်မှတ် ထိုးပေးလိုက်တာက လွဲရင် ကျန်တာ အဆင်ပြေတယ် ပြောရမှာပေါ့။ မဲလက်မှတ်လို့သာ ပြောတယ်။ သူတို့ပြောတဲ့ ပုံက အမှန်ခြစ်ပြီး ကြိုတင်မဲ လက်မှတ်ထိုးသွားတဲ့။ စိတ်ထဲ ဘဝင်မကျပေမဲ့ လောလောဆယ် မိသားစုအရေးက ရှိသေးတာကိုး။ စကားနဲ ရန်စဲပေါ့။ လပွတ္တာရောက်တော့ မြို့ထဲမှာနေတာထက် မြို့ပြင်ကားလမ်းမှာ သွားနေရင် ပို အဆင်ပြေတယ်လို့ အလှူရှင်တွေ အကြံပေးတဲ့အတိုင်း မြို့ပြင်ကားလမ်းဘက် ထွက်ခဲ့တယ်။ အလှူရှင်တွေက ပေးခဲ့တဲ့ မိုးကာလေးကို သုံးပြီး သစ်ပင်ကြီးတပင် အောက်မှာပဲ အဖြစ်တဲလေး ထိုးနေလိုက်တယ်။ နောက်နေ့ မနက်ကစလို့ လာလိုက်တဲ့ ကားကြီးကားငယ်တွေ။ တချို့ကားတွေကလည်း ရပ်ပြီး ပစ္စည်းတွေကို စနစ်တကျ ဝေတယ်။ တချို့ကတော့လည်း ဘာကြောင့် မှန်းမသိ ပစ်ပေးသွားတာမျိုးတွေ ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရွာမှာထက် စာရင်တော့ ကျုပ်တို့ ပိုစားရတာ အမှန်ပဲ။ နိုင်ငံခြားက လူတွေဆိုတာ ဘယ်တော့လာမလဲ တွေးလိုက်၊ အလှူရှင်တွေ လာရင် ပစ္စည်းလေးတွေ ယူလိုက်နဲ့ လက်ရှိ ကိုယ့်အဖြစ် ကိုယ်တောင် မေ့နေတယ်။ တရက်တော့ မနက်အစောကြီး ရဲတွေရယ်၊ ဖြူစိမ်းကောင်တွေရယ် ရောက်လာပြီး ကျုပ်တို့ မိသားစုကို ဒီမှာ နေခွင့် မရှိဘူး၊ သူတို့နဲ့ လိုက်ခဲ့ပါ၊ ကယ်ဆယ်ရေး စခန်းကို ပို့ပေးမယ်လို့ ပြောပြီး လာခေါ်တယ်။ ဒါနဲ့ ကျုပ်တို့ မိသားစုလည်း ဝမ်းသာအားရနဲ့ လိုက်ခဲ့တာပေါ့။ ဟိုလည်း ရောက်ရော တပ်ထဲတုန်းက ကြည့်ဖူးတဲ့ ရုပ်ရှင်ကားထဲကလို တဲလေးတွေ တန်းစီ ဆောက်ထားတာကို တွေ့ရတယ်။ အထဲမှာလည်း ဒန်အိုးဒန်ခွက်၊ ဆန်အိတ်၊ ဆီ၊ ဆားနဲ့ အခြောက်အခြမ်းတွေကို တွေ့ရတယ်။ ခဏတာတော့ လုံခြုံမှု ရပြီဆိုတဲ့ အသိ။ နောက် ကျုပ် ကလေးတွေရော၊ မိအေးနဲ့ ကျုပ်ကိုယ်တိုင်ရော ကားသံ နားထောင်လိုက်၊ ပစ္စည်းလှူမယ့်သူ မျှော်လိုက်နဲ့။ ပစ္စည်းတွေ သွားအလှူခံရတယ် ဆိုတဲ့ ဘဝကို ကြည့်ရတာလည်း မဖြစ်လို့သာရယ်။ တကယ်တမ်းတော့ တစက်ကလေးမှ စိတ်ချမ်းသာတာ မဟုတ်ဘူး။ အခုလိုဆိုတော့ စခန်းက ဝေတဲ့ရိက္ခာ သွားထုတ်ရင် နိုင်ငံခြားကလာမယ့် အကူအညီတွေကို ထိုင်စောင့်ရုံပဲပေါ့။ တအောင့်နေတော့ ရဟတ်ယာဉ်သံတွေ ဆူညံပြီး အရာရှိကြီးတွေ ကျနော်တို့ တဲတန်းတွေထဲ ဝင်လာတာကို မြင်ရတယ်။ တပ်ထဲတုန်းကလည်း ကျုပ်က ဓားမနောက်ပိတ်ခွေး ရိုးရိုးရဲဘော်ဆိုတော့ ဘယ်သူဘယ်ဝါရယ် လို့တော့လည်း မသိဘူးပေါ့။ ကျုပ်တို့တဲတွေဆီ တတဲချင်းကြည့်ပြီးတော့ အားပေးစကားပြောပေါ့။ ကျုပ်တို့လည်း ဝမ်းသာတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုလူကြီးတွေ လာတယ်ဆိုတော့။ လူကြီးတွေ ပြန်ထွက်သွားပြီး ခဏနေတော့ ကျုပ်တို့တဲတွေဆီကို တာဝန်ခံဆိုတဲ့ လူတွေ ရောက်လာပြီး ဆန်အိတ်တွေနဲ့ တခြား စားစာရာတွေကို ပြန်သယ်သွားတယ်။ ပါးစပ်ကလည်း ရေရှည်အတွက် ကျုပ်တို့က စေတနာနဲ့ လုပ်ပေးတာ၊ ဘာညာဆိုတာတွေ ပြောတယ်။ ပြီးတော့ ဆန်နှစ်ပြည်ရယ်၊ အခြောက်အခြမ်း နည်းနည်းရယ် ထည့်ထားတဲ့ အိတ်တွေကို “ဒါ တပတ်စာ” လို့ ပြောပြီး ပေးတယ်။ နောက် ဘယ်အလှူရှင်တွေဆီကမှလည်း တိုက်ရိုက် လက်မခံဖို့  မျက်နှာထားနဲ့ ပြောတယ်။ ကျုပ်ကလည်း တခုခုဆိုရင် မြုံမနေတတ်တော့ နိုင်ငံခြားက လူတွေကရော ဘယ်တော့ လာမလဲလို့ မေးလိုက်မိတယ်။ အဲဒီမှာ ခေါင်းဆောင် လုပ်သူက ဒေါနဲ့မာန်နဲ့ ဘယ်သူ့ အကူအညီမှ မလိုဘူး၊ နိုင်ငံတော်က ကူညီနိုင်တယ်၊ ဘာညာနဲ့ အော်ပါလေရော။ ကျုပ်တို့ကို မျိုးစပါး ပေးမှာလား၊ လယ်တွေ ပြင်ပေးမှာလား၊ ငွေချေးပေးမှာလား စတဲ့ မေးခွန်းတွေ ဆက်တိုက် မေးလိုက်တော့၊ အဲဒီလူလည်း မျက်နှာကြီး နီရဲလာပြီး ဒေါသတကြီး အော်ပါလေရော။ သူပြောတဲ့အထဲမှာ ဖားရှာ ငါးရှာစားတို့၊ ချောကလက် မလိုဘူးဆိုတဲ့ အသံတွေပဲ ကြားနေရတယ်။ မျက်လုံးထဲမှာတော့ တိုင်တချို့ကလွဲပြီး ဘာမှ မရှိတော့တဲ့ ကျုပ်တို့အိမ်။ လူတွေ စွန့်ကြဲတာကို သိမ်ငယ်တဲ့ မျက်လုံးတွေနဲ့ လက်ဖြန့်တောင်းနေတဲ့ ကျုပ်ချစ်တဲ့ မိအေးနဲ့ သမီးနဲ့ သားနဲ့ တခြားလူတွေ။ နောက် သမီးနဲ့ သားကို လှူတဲ့ အလှူပွဲ။ နောက်ဆုံး ကြားလိုက်ရတဲ့ စကားက ဘယ်နိုင်ငံခြားသားမှ အဝင်မခံဘူး၊ စားဖို့မရှိရင် တောင်းစားဆိုတဲ့ အသံ ... ကျုပ်ကို ကျုပ် ဘာလုပ်လိုက်မှန်း မသိခင်မှာ အဲဒီ ခေါင်းဆောင် လုပ်သူရဲ့ ပြူးကျယ်နေတဲ့ မျက်လုံး ကျုပ်လက်နှစ်ဘက်နဲ့ သူ့လည်ပင်း အထိအတွေ့ကိုပဲ သိတော့တယ်။ နောက် ချက်ချင်းလိုပဲ ကျုပ်ခေါင်းနဲ့ ခန္ဓာကိုယ်အနှံ့က နာကျင်မှု။ ဒါပေမဲ့ ကျုပ် လက်ကို ဘယ်တော့မှ မလွှတ်ဘူး။ မုန်တိုင်းက ကျုပ်တို့ဆီက ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုတွေပဲ လုယူတာ။ ကျုပ်လက်ထဲကလူနဲ့ သူလိုလူမျိုးတွေက ကျုပ်တို့ ဘဝတခုလုံးကို လုယူတာ။ ကျုပ် သားနဲ့ သမီးရဲ့ အနာဂတ်ကို ဖျက်ပစ်တာ။ ကျုပ်တို့ တရွာလုံးကို ဖျက်ပစ်တာ။ ထမင်းစားရရုံနဲ့ ကျုပ်တို့ ဘဝ ရပ်တည်လို့မှ မရတာ။ ဘယ်မလဲ လယ်၊ ဘယ်မလဲ နွား၊ ဘယ်မလဲ မျိုးစပါး။ ဘယ်သူတွေကရော ကျုပ်တို့ကို အမြဲ လှူနေနိုင်မလဲ။ တလလား၊ ၁ဝ လလား၊ တနှစ်လား။ ရဟန်းသံဃာ မဟုတ်ဘဲ သူများ လှူတာကို တသက်လုံး ထိုင်စားနေမယ် ဆိုရင်ရော ကျုပ်တို့ ဘာတွေ ဖြစ်ကုန်မလဲ။ ဘုရားကျွန်လား၊ သူဖုန်းစားလား၊ ဒုက္ခိတတွေလား။ ကျုပ်နဲ့ ဘဝတူ လူတွေရယ်။ အစာငတ်မှာ ကြောက်ပြီး ဘဝကို အငတ်ခံကြတော့ မလို့လား။ ကျုပ်တို့ လူမျိုးတွေက ခန္တီပါရမီ ကောင်းတာပဲလား၊ သရဲဘောကြောင်တာပဲလား။ ဓားမိုး အုပ်ချုပ်ခဲ့တဲ့ အချိန်တွေ သိပ်ကြာလာခဲ့လို့လား။ မေးခွန်းတွေရဲ့ အဖြေကို ရှာမတွေ့ခင်ဘဲ ကျုပ်တော့ အမှောင်အတိ ကျလို့။ နောက်ဆုံး မြင်လိုက်ရတာက ဧရာမ သင်္ဘောကြီး။ မိအေးနဲ့ ကလေးတွေလည်း ပျော်လို့။ -----------------(နိဂုံး) လေဘေးကယ်ဆယ်ရေး စခန်းထဲမှာ အရူးတယောက် စိတ်ဖောက်ပြီး ဥက္ကဋ္ဌကြီးကို လည်ပင်း ထညှစ်တာ ဘေးက လူတွေ ဝိုင်းကယ်လို့ ဥက္ကဋ္ဌကြီး ဘာမှ မဖြစ်တာဆိုတဲ့ သတင်းကို လူတွေ စုမိတိုင်း ပြောတတ်တယ်။ နောက် အလှူရှင်တွေနဲ့ အလှူခံတွေ စုဝေးနေတဲ့ နေရာတိုင်းမှာ မနက်ဖြန်အတွက် ဘာမှ စိတ်မပူကြပါနဲ့၊ ကျမ အမျိုးသား သင်္ဘောတွေ၊ ကယ်ဆယ်ရေး လုပ်မယ့်လူတွေ သွားခေါ်နေတယ်လို့ ငိုတခါ ရယ်တလှည့် ပြောနေတတ်တဲ့ လူရည်သန့် မိန်းမတယောက်ကို လူတွေ သတိထားမိလာကြတယ်။
Rest of your post

No comments: