စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Saturday, January 26, 2008

မြန်မာစစ်အစိုးရကို ဆက်လက်ဖိအားပေးရေး

မြန်မာစစ်အစိုးရကို ဆက်လက်ဖိအားပေးရေး အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့ ပူးတွဲကြေညာချက်ထုတ်

25 January 2008

RiceEconomicForum012408_210

ကမ္ဘာ့စီးပွားရေးနှီးနှောဖလှယ်ပွဲ တက်ရောက်နေသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်





မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းတွေ
ကို ကူညီဖြေရှင်းပေးနိုင်အောင် စစ်အစိုးရကို ဆက်လက်ဖိအားပေးဖို့အတွက် ဆွစ်ဇာလန်
နိုင်ငံ ဒါဗို့စ်မှာကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲမှာ တက်ရောက်နေတဲ့ နိုင်ငံ တကာခေါင်းဆောင်တွေကို အမေရိကန်
ပြည်ထောင်စု၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့က
မေတ္တာရပ်ခံ ပန်ကြားလိုက်ပါတယ်။ ဒါဗို့စ်မှာ
ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်
ပွဲအတွင်း မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ လွတ်မြောက်ရေးအတွက် ဆက်ပြီး အကူအညီပေးဖို့ အခိုင်အမာ ဆုံးဖြတ်ထားတဲ့
အကြောင်းနဲ့ နိုင်ငံတကာခေါင်းဆောင်တွေအနေနဲ့လည်း မြန်မာ့အရေးကို အာရုံစူး
စိုက်ဖို့ သုံးနိုင်ငံ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို ဥပေက္ခာပြုလိုက်မယ်ဆိုရင် တန်ဖိုး
ထားတဲ့ တန်ဖိုးထားမှုတွေကို လက်လွှတ်ဆုံးရှုံးခံလိုက်သလို ဖြစ်သွားလိမ့်မယ်ဆိုပြီး အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေရဲ့
ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါဗို့စ်မှာကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးနှီးနှောဖလှယ်ပွဲမှာ အမေရိကန်နိုင်ငံခြားရေး
ဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် (Condoleezza Rice) ရဲ့ မိန့်ခွန်းမှာလည်း ကမ္ဘာ့ဒီမိုကရေစီ
အရေး၊ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ အခုလို ထည့်သွင်းပြောဆိုခဲ့ပါတယ်။
“စီးပွားရေးအရ ပိုမိုကောင်းမွန်တဲ့စနစ်တွေ ထူထောင်နိုင်ဖို့ ကျမတို့တတွေ ပြောဆိုနေ တဲ့တချိန်တည်းမှာ ပိုမိုလွတ်လပ်ပြီး ဒီမိုကရေစီနည်းကျတဲ့ကမ္ဘာကို တည်ဆောက်နိုင်
ဖို့လည်း ကျမတို့တတွေ ကြိုးစားဆောင်ရွက်ကြဖို့ လိုပါတယ်။ တနေ့မှာ ဒီမိုကရေစီ နည်းကျအုပ်ချုပ်တဲ့ ကျူးဘား၊ မြန်မာနဲ့ ဒီမိုကရေစီ အပြည့်အ၀ရရှိတဲ့ အရှေ့အလယ်
ပိုင်းဒေသတွေပါဝင်တဲ့ ကမ္ဘာကို ထူထောင်နိုင်ဖို့ပါ”

ဒီမိုကရေစီဆိုတာ မတူကွဲပြားတဲ့ လူတွေအကြား ကွဲလွဲချက်တွေကို အဖြေရှာနိုင်မယ့် ယုတ္တိဗေဒအကျဆုံး နည်းလမ်းတခုဖြစ်တယ်လို့ ကွန်ဒိုလီဇာရိုက်စ်က ပြောပါတယ်။
ဒီလိုကွဲပြားမှုတွေအကြား အာဏာမျှဝေကျင့်သုံးနိုင်ရေး လူမှုရေးခြားနားမှုတွေကို
ညှိနှိုင်းကုစားဖို့ အကြမ်းဖက်မှုမရှိ၊ ဖိနှိပ်မှုမရှိဘဲ ဖြေရှင်းနိုင်တဲ့ အဖြစ်နိုင်ဆုံးနည်းလမ်း
က ဒီမိုကရေစီဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်က
ပြောပါတယ်။

ဒီလိုပြောဆိုတဲ့တချိန်တည်းမှာ ဗြိတိန်၊ ပြင်သစ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့
အတူ မြန်မာနိုင်ငံဆိုင်ရာ ကြေညာချက်ကို ပူးတွဲထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ကြေညာချက်ပါ အချက်တွေကိုတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့
အာရှနဲ့ ပစိဖိတ်ရေးရာဌာန အရာရှိတဦးဖြစ်တဲ့ ကန်းနက်စ်ဘယ်လီက ဗွီအိုအေကို အခုလိုဖတ်ပြပါတယ်။
“အခုလို နိုင်ငံတကာခေါင်းဆောင်တွေ အရေးကြီးတဲ့ အကြောင်းအရာမျိုးစုံ ဆွေးနွေး
နေတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ အရေးကိစ္စကိုလည်း ဦးစားပေးအဖြစ် ထည့်သွင်းရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံငြိမ်းချမ်းရေး၊ ကြွယ်ဝချမ်းသာပြီး ဒီမိုကရေစီနိုင်ငံ တည်ထောင်နိုင်ရေးအတွက် ရုန်းကန်ကြိုးစားနေတဲ့ မြန်မာပြည်သူတွေကို ထောက်ခံ
ပံ့ပိုးသွားဖို့ သန္နိဋ္ဌာန်ချထားတယ်ဆိုတာ ပြသလိုက်တာပါ။ ဒီဆုံးဖြတ်ချက်ကြောင့်
မြန်မာ့အရေးကို ထည့်သွင်းပြီး ကြေညာချက် ထုတ်ပြန်လိုက်တာပါ”

ဒီကြေညာချက်က မြန်မာနိုင်ငံရဲ့ အခြေအနေဟာ လက်ရှိအနေအထားအတိုင်း ဆက်
သွားလို့မရနိုင်တဲ့အကြောင်း ရှင်းရှင်းလင်းလင်း အသိပေး အကြောင်းကြားလိုက်တာ
ပါလို့လည်း အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်း သံဃာတော်တွေ၊ သီလရှင်တွေ အပါအ၀င် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့
တဲ့သူတွေကို စစ်အစိုးရက အကြမ်းဖက် ရက်ရက်စက်စက် နှိမ်နင်းခဲ့တဲ့ ပုံတွေ လေးလ ကျော်သွားပေမယ့် မေ့ပစ်ဖို့ မဖြစ်နိုင်သေးတဲ့အကြောင်း၊ မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ တောင်းဆိုချက်တွေကို လိုက်နာပြီး မြန်မာပြည်သူတွေရဲ့ အခြေခံအခွင့်အရေးတွေကို လေးစားလိုက်နာလာအောင် ဆက်ပြီး တိုက်တွန်းသွား
မယ့်အကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်း မြန်မာပြည်သူတွေရဲ့ စီးပွားရေး၊ လူမှုရေး အကျပ်အတည်းတွေ
ဖြေရှင်းရေး အပါအ၀င် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ဆောင်ဖို့ မျှော်လင့်ချက်
တွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြေညာချက် ထုတ်ပြန်ထားသလိုပဲ အမေ ရိကန်ပြည်ထောင်စုအနေနဲ့လည်း ဒီမျှော်မှန်းချက်တွေကို ထပ်မံကြေညာခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတဦးဖြစ်တဲ့ ကန်းနက်စ်ဘယ်လီက ကြေညာချက်ပါအချက်တွေကို အခုလို ဆက်ဖတ်ပြပါတယ်။
“မြန်မာစစ်အစိုးရအနေနဲ့ လုံခြုံရေးကောင်စီနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မျှော်မှန်း
ချက်တွေကို တခုမှ အကောင်အထည်ဖော် လုပ်ကိုင်တာ မတွေ့ရသေးပါဘူး။ သူတို့
ဘာသာ ချမှတ်ထားတဲ့ လမ်းညွှန်အစီအစဉ်အတိုင်း အရပ်ဖက်အုပ်ချုပ်ရေးကို ဆက်ပြီးလုပ်ဆောင်မယ်လို့ ပြောဆိုနေပေမယ့် ၁၄ နှစ်သာကြာခဲ့တယ်၊ အချိန်အတိ
အကျ သတ်မှတ်အကောင်အထည်ဖော်တာမျိုးလည်း မရှိသေးပါဘူး”

မြန်မာစစ်အစိုးရအနေနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး မစ္စတာ
အီဘရာဟင် ဂမ်ဘာရီကို မြန်မာနိုင်ငံအတွင်း အမြန်ဆုံးပြန်လာခွင့်ပေးဖို့နဲ့ ကုလသမဂ္ဂ
နဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း စစ်အစိုးရကို ကြေညာချက်မှာ တောင်း ဆိုထားပါတယ်။ မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ ဒုက္ခတွေကို စစ်အစိုးရက မျက်
ကွယ်ပြုထားပေမယ့် ကမ္ဘာက လက်ပိုက်ကြည့်မနေဘူးဆိုတာ ပြသဖို့ ဒီစီးပွားရေး
နှီးနှောဖလှယ်ပွဲကို တက်ရောက်ခဲ့တဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို တောင်းဆိုပါတယ်
ဆိုပြီး အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့
ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီစီးပွားရေးနှီးနှောဖလှယ်ပွဲကို တက်ရောက်ခဲ့တဲ့ ကမ္ဘာ့ခေါင်းဆောင်တွေဟာ နိုင်ငံ
တကာ အရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့၊ အဖြေရှာခဲ့တဲ့ အစဉ်အလာတွေ ရှိခဲ့တဲ့အကြောင်း၊ ဒီနှီးနှောဖလှယ်ပွဲဟာ ကမ္ဘာ့နိုင်ငံရေးမျက်နှာစာမှာ ထူးခြား အရေး ပါတဲ့အကြောင်းကိုလည်း ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

Friday, January 25, 2008

ညီညွတ်ရေး စာမျက်နှာသစ်ကို ဖွင့်လှစ်ကြပါစို့

ညီညွတ်ရေး စာမျက်နှာသစ်ကို ဖွင့်လှစ်ကြပါစို့
တူမောင်ညို
line

ညီညွတ်ရေး...
ပြောရလွယ်ကူသလောက် လုပ်ရကိုင်ရ ခက်ခဲသောကိစ္စများအနက် တခုအပါအ၀င်ဖြစ်သည်။ ညီညွတ်ရေးကို အားလုံးက ပြောနေကြသည်။ အုပ်စိုးသူ အဆက်ဆက်ဘက်ကလည်း ပြောခဲ့ ကြသည်။ အုပ်စိုးသူ အဆက်ဆက် ဆန့်ကျင်ရေး အင်အားစုများဘက်ကလည်း ပြောခဲ့ကြသည်။ စကားလုံးသုံးစွဲကြပုံခြင်းသာ ကွဲမည်။

လက်ရှိ (နအဖ) စစ်အစိုးရက “အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး”၊ “တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး” ဟု ရေးနေ၊ ပြောနေသည်။ ကျနော်တို့ အင်အားစုများဘက်ကလည်း “အမျိုး သားသွေးစည်းညီညွတ်ရေး”၊ “အမျိုးသားပြန်လည်သင့်မြတ်ရေး” ဟု ပြောကြသည်။

ဤသို့ ရေးသားပြောဆိုနေကြခြင်းမှာ ပြောရလွယ်၍ ပြောနေကြခြင်းလော၊ လုပ်ရကိုင်ရ ခက်ခဲ သောကြောင့် ပြောနေကြခြင်းလော၊ သို့တည်းမဟုတ် သမရိုးကျ ပြောရိုးပြောစဉ် ဖြစ်နေသဖြင့် ပြောလိုက်ကြခြင်းပင်လောဟု တခါတခါ နာကြင်စွာ စဉ်းစားမိပါသည်။

“ညီညွတ်ရေးသည် အင်အား”၊ “ညီညွတ်ရေးသည် အောင်ပွဲ” စသဖြင့် ကြွေးကြော်ကြသည်များကို ကြေညာချက်များ၊ ဟောပြောပွဲများ၊ ပြန်လည်သင့်မြတ်ရေး ညစာစားပွဲများ၊ အစည်းအဝေးပွဲများ တွင် ဖတ်ရသည်၊ ကြားနေကြရသည်။ ညီညွတ်ရေး၏ လိုအပ်မှု၊ ညီညွတ်ရေး၏ အရေးပါမှု၊ ညီညွတ်ရေး၏ အဆုံးအဖြတ်ကျသည့် အခန်းကဏ္ဍတို့ကို ဟောကြ ပြောကြသည်။ စည်းရုံး လှုံ့ဆော်ကြ သည်။ အဟောတ၀၊ ကောင်းလေစွ။

ညီညွတ်လိုသော စေတနာ ဆန္ဒတွေ ရှိနေကြသည်၊ ထက်သန်နေကြသည်မှာ ကောင်းသောကိစ္စ ဖြစ်ပါသည်။ ဘယ်လို စတင်ညီညွတ်ကြမည်နည်း။ အစကောင်းမှ အနှောင်းသေချာမည်။ အရေး ကြီးလျှင် သွေးစည်းကြရမည် မဟုတ်လော။ သွေးမစည်းနိုင်ခဲ့သဖြင့် သူ့ကျွန်ဘ၀ ကျရောက်ခဲ့ရပြီ။

မညီညွတ်နိုင်သဖြင့် လွတ်လပ်ရေးသက်တမ်း နှစ် (၆၀) တွင် တိုင်းပြည်ရော လူထုပါ ဆင်းရဲမွဲပြာ ကျခဲ့ရပြီ။ ဘယ်မှာလဲ အမျိုးသားဂုဏ်သိက္ခာ။ အမျိုးသား သွေးစည်းညီညွတ်မှုမရှိလျှင် သူတပါးကို မှီခိုနေရမည်သာဖြစ်သည်။ သူတပါး ဗိုလ်ကျတာကို ခံရမည်သာ ဖြစ်သည်။ မညီညွတ်ခြင်း၊ မငြိမ်း ချမ်းခြင်းသည် မလွတ်လပ်ခြင်းပင် ဖြစ်သည်။ ညီညွတ်ငြိမ်းချမ်းမှသာလျှင် စစ်မှန်သော လွတ်လပ် ခြင်း မည်ပေလိမ့်မည်။ ညီညွတ်ငြိမ်းချမ်းနေလျှင် ကိုယ့်ခွန်ကိုယ့်အားဖြင့် ကိုယ်ပိုင် ဖွံ့ဖြိုးမှုလမ်း ကြောင်းကို ရွေးချယ်လျှောက်လှမ်းနိုင်မည်။ အိမ်နီးချင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ နိုင်ငံများနှင့် ဆက်ဆံရာတွင် ဂုဏ်သိက္ခာရှိမည်။ အဆင့်နေရာ ရရှိနိုင်မည်။ ယခု အားလုံး၏ လမ်းညွှန်တာကို ခံနေရသည်။ ခါးသည်း နာကျင်ဖွယ်ရာ ဖြစ်ပါသည်။

ညီညွတ်လိုသောဆန္ဒ။ ထိုအကောင်အထည်မဲ့သော ညီညွတ်လိုသည့် ဆန္ဒမှသည် လက်တွေ့ကျ သည့် ညီညွတ်မှု၊ အကောင်အထည်ရှိသော ညီညွတ်ရေး ကျောက်သားဗိမာန်ကို တည်ဆောက် အကောင်အထည်ဖော်နိုင်ရန် လက်တွေ့ကျကျ ဆောင်ရွက်ရမည် မဟုတ်ပါလော။ ယင်းလိုအပ် ချက်ကို ပြောခဲ့လှပြီ။ အကြိမ်ကြိမ် အခါခါ ရှိခဲ့ပြီ။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။

‘သင်ပုန်းချေရေး’၊ ‘သူမနာ ကိုယ်မနာ ငြိမ်းချမ်းရေး’ စသဖြင့် နည်းလမ်းပေါင်းစုံ။ အချို့သည် ညီညွတ်ရေးကို အသက်ရှူသကဲ့သို့ ပြောကြားရင်း အကောင်အထည်ဖော်ဆောင်ရွက်ကြရင်း ကွယ်လွန်ခဲ့ကြရပြီ။ ‘ဆရာမသေခင် တိုင်းပြည်မှာ တကယ့်ငြိမ်းချမ်းရေးရသွားတာ မြင်ချင်တယ်’ ဟူသော အဖိုး သခင်ကိုယ်တော်မှိုင်း၏ ဆန္ဒ ပြည့်ဝမသွားခဲ့ပါ။ ယခုလည်း လူထုဒေါ်အမာ၊ ဒဂုန်တာရာတို့က ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် တဖွဖွ သတိပေးနေကြသည်၊ တိုက်တွန်း နှိုးဆော်နေကြပါသည်။

သို့သော်လည်း ညီညွတ်ရေးသည် ဟိုးအဝေးမှာ။ ညီညွတ်ရေးသည် အုပ်စိုးသူနှင့် အုပ်စိုးခံများ အကြားတွင်လည်း မရရှိနိုင်သေးပါ။ ညီညွတ်ရေးသည် အုပ်စိုးသူ အဆက်ဆက်ဘက်၌လည်း မတည်ဆောက်နိုင်သေးပါ။ အုပ်စိုးသူ ဆန့်ကျင်ရေး အင်အားစုများ၏ဘက်တွင်လည်း မရရှိနိုင်သေးပါ။

အုပ်စိုးသူဘက်တွင်လည်း တည်မြဲ/ သန့်ရှင်း။ ဦးဗိုလ်၊ သခင်၊ ဆိုရှယ်နီ၊ ပထစ စသဖြင့် ကစဥ့် ကလျား၊ အကွဲကွဲ အပြဲပြဲ။ အုပ်စိုးသူဆန့်ကျင်ရေး အင်အားစုများဘက်တွင်လည်း ဗကပ၊ အလံနီ၊ ရဲဘော်ဖြူ၊ ရဲဘော်ဝါ စသဖြင့် အမျိုးမျိုး အဖုံဖုံ။

(မဆလ) ခေတ်တွင်လည်း ဖြုတ်ပွဲထုတ်ပွဲတွေ၊ အတွင်းကျိတ် လုပ်ကြံမှုတွေ ရှိခဲ့သည်။ (န၀တ) (နအဖ) ခေတ်တွင် ပို၍ ထင်ရှားသည်၊ ပို၍ကြီးမားသည်။ “တပ်မတော် ဖြိုခွဲမည့်အကြံ ဒို့လက်မခံ” ဟု ကြွေးကြော် အော်ဟစ်နေသည့်ကြားကပင် (န၀တ) စစ်အစိုးရ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စောမောင် ပြုတ်သွားသည်။ ဒီ့နောက် (န၀တ) ထိပ်သီးများဖြစ်သော ဗိုလ်ထွန်း ကြည်၊ ဗိုလ်ကျော်ဘတို့ လွင့်စင်သွားသည်။ အတွင်းရေးမှူး (၂) ဗိုလ်တင်ဦး သေဆုံးရသည်။ ဗိုလ်နေ၀င်း၏ သားသမက်များနှင့် ကွဲကြပြဲကြသည်။ နောက်ဆုံးတွင် အာဏာရှိလှပါသည်ဆိုသော အတွင်းရေးမှူး (၁) ဗိုလ်ခင်ညွှန့်နှင့် ထောက်လှမ်းရေးအုပ်စုကြီးတခုလုံး ဖြုတ်ချခံလိုက်ရသည်။ ယခုလည်း (နအဖ) စစ်အုပ်စု အတွင်းမှ အာဏာနှင့် ဘဏ္ဍာ စားခွက်လုမှုများ၊ အားပြိုင်အုပ်စု ဖွဲ့မှုများ၊ ခြေပုန်းခုတ်မှုများကို ကြားနေကြရသည်။ သုံးသပ်ပြောဆိုနေကြသည်။

အုပ်စိုးသူ အဆက်ဆက် ဆန့်ကျင်ရေးအင်အားစုများဘက်တွင်လည်း ဖရိုဖရဲ အလဲလဲ အပြိုပြိုပင်။ ခွဲထွက်မှုများ၊ ကွဲအက်မှုများ ရှိနေသည်။ သွေးထွက်သံယို ဖြစ်ရသည်။ ရဲဘော်ရဲဘက်ခြင်း ပဋိပက္ခ၊ မိတ်ဖက် ပဋိပက္ခအသွင်မှ ရန်ငါ ပဋိပက္ခအဆင့်အထိ မြင့်တက်သွားရသည့်ဖြစ်ရပ်များပင် ရှိခဲ့သည်။ သို့ဖြင့် ညီညွတ်ရေးသည် ကွဲအက်နေသော ဒူးရင်းသီးကို နှီးဖြင့်တုပ်ထားရသည့်ပမာ ရှိနေတော့ သည်။ နာကျင်ကြေကွဲစရာ ကောင်းလှသည်။ ခါးသီးသော သင်ခန်းစာများပင် ဖြစ်သည်။

သို့ဖြင့် ကျနော်သည် ညီညွတ်ရေး ပုစ္ဆာ၏ အဖြေကို ရှာနေမိသည်။ မညီညွတ်နိုင်ခြင်း၏ အကြောင်း တရား၊ ညီညွတ်ရေးပြိုကွဲရခြင်း၏ ဇစ်မြစ်နှင့် အကြောင်းကျိုးဆက်များကို ကျနော် လက်လှမ်းမီ သလောက် ရှာဖွေကြည့်မိသည်။ ထိုသို့ အဖြေရှာသည်ကို သို့လော သို့လောဖြင့် ငြိုငြင်လာကြ မည်ကိုလည်း ကြိုတင်စဉ်းစားမိပါသည်။ မတတ်နိုင်ပါ။ သက်ဆိုင်သူ အားလုံးကလည်း ကိုယ်စီ ကိုယ်စီ အဖြေရှာကြည့်စေချင်ပါသည်။

ကျနော်၏ အဖြေရှာလိုသည့် စိတ်ဓာတ်နှင့် ဦးတည်ချက်မှာ မည်သူ၊ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့် ပါတီ အဖွဲ့အစည်း၊ မည်သည့်လူမျိုးကိုမျှ တဖက်သတ် အပြစ်ဖို့ရန်၊ လက်ညှိုးထိုးရန် မဟုတ်ချေ။ အဓိကကျသော ချို့ယွင်းချက်၊ အားနည်းချက်များနှင့် သော့ချက်ကျသည့် အမှားများကို သေချာစွာ နားလည်သိမြင်ရန်နှင့် ၎င်းတို့ကို ကျော်လွှားပြီး ကျနော်တို့အားလုံးအကြားတွင် ညီညွတ်ရေး ကျောက်သားဗိမာန်တော်သစ်ကို အခိုင်အမာ တည်ဆောက်နိုင်ရန် ရည်ရွယ်ရင်း ဖြစ်သည်။

ညီညွတ်ရေးသည် ကျနော်တို့အတွက် ပဟေဠိ မဟုတ်ပါ။ ကျိန်စာ မဟုတ်ပါ။ အကောင်အထည်မဲ့ ဆန္ဒသက်သက် မဟုတ်ပါ။ ကွဲခြင်းပြဲခြင်းသည် ကျနော်တို့ လူမျိုး၏ ထူးခြားချက် မဟုတ်ပါ။ အချိန်ကာလတခု၏ ပြဿနာတရပ်သာ ဖြစ်ပါသည်။ ယင်းကို ကျနော်တို့ ကျော်လွှားနိုင်ပါလိမ့်မည်။

လက်တွေ့တွင် ကျနော်တို့ တည်ဆောက်လိုသော ညီညွတ်ရေးအတွက် ညီညွတ်နိုင်သည့် ရေခံ မြေခံကောင်းတွေ ရှိနေပါသည်။ “ဘုံရန်သူ” အထင်အရှား ရှိနေသည်။ စစ်အစိုးရ၊ စစ်အာဏာရှင် စနစ်၊ စစ်ဗျူရိုကရေစီယန္တယားသည် ကျနော်တို့ အားလုံး၏ တဦးတည်းသော ဘုံရန်သူပင် ဖြစ်ပါ သည်။ မည်သူ အငြင်းပွားအံ့နည်း။ အချို့က ‘ဖက်ဆစ်’ ဟုပင် ပြတ်သားစွာ အကဲဖြတ်ပြောဆို နေကြသည်။ သို့သော်လည်း မည်သူကမျှ ဖက်ဆစ်တိုက်ဖျက်ရေး လုပ်ငန်းစဉ် ရေးဆွဲတင်ပြ ခြင်းတော့ မရှိသေးပါ။

ထို့အပြင် (နအဖ) စစ်အစိုးရကို ဆန့်ကျင်နေကြသည့် အဖွဲ့အစည်းတိုင်း/ပါတီတိုင်းက တရားဝင် ထုတ်ပြန်ကြေညာထားသည့် ရည်ရွယ်ချက်၊ ဦးတည်ချက်များကလည်း အားလုံးလောက်နီးပါး တူညီနေကြသည်။

- စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး
- ပါတီစုံ ဒီမိုကရေစီစနစ် တည်ဆောက်ရေး
- စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး
ဘာမျှ ကွဲလွဲစရာ မရှိ၊ အငြင်းပွားစရာ မရှိပါ။ သို့သော် ကွဲလွဲနေကြသည်၊ အငြင်းပွားနေကြဆဲ ဖြစ်သည်။

“ဘုံရန်သူ” အထင်အရှားရှိနေပြီ။ ဦးတည်ချက်၊ ရည်ရွယ်ချက်များ အခြေခံအားဖြင့် နီးစပ်တူညီ နေကြပြီ။ ဤအချက်များသည် ညီညွတ်ရေးအတွက် ရေခံမြေခံကောင်းများ ဖြစ်သည်။ ဤကဲ့ သို့သော အခိုင်အမာ အချက်အလက်များပေါ်တွင် ကျနော်တို့၏ ညီညွတ်လိုသော စေတနာဆန္ဒ မျိုးစေ့ကို စိုက်ပျိုးကြရမည်သာ ဖြစ်သည်။

ယခုအခါ ဘုံရန်သူဖြစ်သည့် (နအဖ) စစ်အာဏာရှင်အစိုးရသည် ပြည်သူများကို ဖိနှိပ်သတ်ဖြတ် ရုံသာမက၊ ပြည်သူအများစုက အထွတ်အမြတ်ထား ကိုးကွယ်ယုံကြည်သော “ဘုရား၊ တရား၊ သံဃာ” ဟူသည့် ရတနာမြတ်သုံးပါးအနက် တပါး အပါအ၀င်ဖြစ်သော သံဃာတော်များကိုပင် ဖိနှိပ်သတ်ဖြတ်ခဲ့ကြပြီ။ အကြမ်းဖက် ၀င်ရောက်စီးနင်းခဲ့ပြီ။ ဓမ္မတရား၏ တေးလင်္ကာများဖြင့် ငြိမ်းချမ်းအေးမြသည့် ကျောင်းသင်္ခမ်းရိပ်ငြိမ်သည် သေနတ်သံများ၊ ယမ်းခိုးယမ်းငွေ့များ၊ သွေးကွက်များဖြင့် ညစ်ထေးခဲ့ရပြီ။ သံဃာတော်များ သွေးမြေကျခဲ့ရပြီ။ ၀ါရွှေသော သင်္ကန်း တော်သည် သွေးတို့ဖြင့် စွန်းထင်းခဲ့လေပြီ။ သို့ဖြင့် ဖက်ဆစ် စစ်အာဏာရှင်စနစ်ဟု အကဲဖြတ် ကြခြင်းဖြစ်သည်။ ပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ်ကို ရင်ဆိုင်ရာတွင် နောက်ဆုတ်၍ မရတော့ဟူ၍လည်း သုံးသပ်ပြောကြားနေကြသည်။

ဓမ္မနှင့် အဓမ္မ တို့၏ တိုက်ပွဲဟု ပြောဆိုနေကြသည်။ ဓမ္မက အဓမ္မ ကို အနိုင်ရမည်ဟုလည်း အခိုင် အမာ ပြောကြားနေကြသည်။ “မေတ္တာလက်နက်” ဖြင့် အနိုင်ယူမည်ဟုလည်း ဆိုသည်။

“မေတ္တာလက်နက်”

ဆန့်ကျင်ဘက်များ ပေါင်းစည်းခြင်းပင်။ မေတ္တာကို လက်နက်သဖွယ် အသုံးပြုကြမည်။ နူးညံ့ သိမ်မွေ့သော လှပမွှေးမြသော မေတ္တာ၊ ရေလိုအေး၍ ပန်းကြာပွင့်နှယ် မွှေးသော မေတ္တာကို လက်နက်အဖြစ် အသုံးပြုကြမည်။ သို့ဖြင့် ကျနော်သည် “မေတ္တာလက်နက်” ဟူသော တွဲစပ် ထားမှုကို သဘောကျနေမိပါသည်။ တဘက်တွင်လည်း မေတ္တာလက်နက်သည် ဒီမိုကရေစီ အောင်ပွဲ၏ သရဖူကို လက်ဝယ်ပိုင်ပိုင် ရရှိနိုင်ပါမည်လော။ ၂၀၀၇ ခုနှစ် သြဂုတ် - စက်တင်ဘာ လှုပ်ရှားမှုများ၊ ငွေကြာယံ ဘုန်းတော်ကြီးကျောင်းတိုက်ထဲက သွေးကွက်များ၊ သေနတ်သံများ၊ မျက်ရည်ယိုဗုံး အခိုးအငွေ့များကို မြင်ယောင်နေပါသည်။

(နအဖ) စစ်အစိုးရက သူ၏ လမ်းပြမြေပုံအတိုင်းသာ ဆက်သွားမည်ဟု ပြည်တွင်းနှင့် နိုင်ငံတကာ
ကို ခပ်တင်းတင်းပြောဆိုနေသည်။ ယခုအခါ ဆက်ဆံရေးဝန်ကြီး ဗိုလ်အောင်ကြည်ကိုပင် ဒေါ်အောင်ဆန်းစုကြည်ထံ မလွှတ်တော့ချေ။

အချို့ကလည်း (နအဖ) စစ်အစိုးရ ဆွေးနွေးလာလိမ့်မည်ဟု ရိုးသားစွာ မျှော်လင့်နေကြဆဲ။ ပန်ကြားချက်များ ထုတ်ပြန်၍ ပန်ကြား မေတ္တာရပ်ခံနေကြဆဲ ဖြစ်သည်။ အချို့က စီးပွားရေး ပိတ်ဆို့မှုများ လျော့ပေါ့ပေးရန်အထိ ပြောလာကြသည်။

(နအဖ) စစ်အစိုးရသည် ခေါင်းမာမြဲ ခေါင်းမာဆဲ၊ လှုပ်ရှားမှုနှင့် လှုပ်ရှားသူများကို နှိပ်ကွပ်မြဲ၊ ချေမှုန်းမြဲ၊ ဖမ်းဆီးနေဆဲပင် ဖြစ်သည်။ အချို့မီဒီယာများ၌ နှစ် (၆၀) ပြည့် လွတ်လပ်ရေးနေ့တွင် ပြန်လည်သင့်မြတ်ရေး ရှေ့ရှုချက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးလာလိမ့်နိုး မျှော်ကိုးနေကြသံကို ကြားရသည်။ (နအဖ) စစ်အစိုးရသည် ပြောင်းလဲလာလိမ့်မည် မဟုတ်ပါ။

မေတ္တာပို့နေသူများ၊ ပန်ကြားချက်ထုတ်နေသူများကို လေးစားပါသည်။ တတ်နိုင်သည့် နည်းလမ်း ဖြင့် ဆန့်ကျင်နေကြသူများ ဖြစ်သည်ဟုလည်း လေးစားစွာ အသိအမှတ်ပြုပါသည်။ သို့သော်လည်း မေတ္တာပို့သနေရုံ၊ ပန်ကြားနေရုံမျှဖြင့် (နအဖ) စစ်အစိုးရ ပျော့ပြောင်းလာလိမ့်မည် မဟုတ်ပါ။ ယင်းကို သြဂုတ် - စက်တင်ဘာလများအတွင်းက ကျဆင်းခဲ့ရသော သွေးစက်များက သက်သေ ထူခဲ့ပါပြီ။ မေတ္တာပို့ အမျှဝေသံကို သေနတ်သံဖြင့် အဖြေပေးခဲ့ပါပြီ။

ကျနော်တို့ တိုင်းပြည်၏ အတိတ်သမိုင်းကြောင်း၌ ညီညွတ်ခဲ့ကြသော အတိတ်ကောင်း၊ အစဉ် အလာကောင်း၊ နမူနာကောင်းများ ရှိပါသည်။ အလားတူပင် ညီညွတ်ရေး ပြိုကွဲခဲ့ကြရသည့် သင်ခန်းစာများလည်း ရှိပါသည်။ ကောင်းမွေ၊ ဆိုးမွေ သင်ခန်းစာများကို ကျနော်တို့ အားလုံး
ကိုယ်စီ ကိုယ်စီ ထုတ်ယူနိုင်ကြရန် ဖြစ်ပါသည်။

အလုပ်သမား၊ လယ်သမား၊ ပညာတတ်များ၏ ညီညွတ်မှုစွမ်းပကားဖြင့် ၁၃၀၀ ပြည့် အရေးတော် ပုံကြီးကို ဆင်နွှဲကာ ဗြိတိသျှ ကိုလိုနီ အစိုးရကို ခြိမ်းချောက် အကျပ်ကိုင်နိုင်ခဲ့ကြသည်။ (ဖတပလ) အမျိုးသားညီညွတ်ရေး တပ်ပေါင်းစုကြီးကို တည်ဆောက်ပြီး ဖက်ဆစ်ဂျပန်ကို တော်လှန် တိုက် ထုတ်နိုင်ခဲ့ကြသည်။ နေသူရိန် ညီလာခံကြီးတွင် တမျိုးသားလုံး၏ ညီညွတ်မှုစွမ်းအားကို ဖော် ထုတ်ကာ ပရောဂျက်များဖြင့် ထပ်မံကျွန်ပြုရန် ရောက်ရှိလာသော ဗြိတိသျှ ကိုလိုနီအစိုးရကို လုံးဝ
လွတ်လပ်ရေးရာဇသံကို ပေးနိုင်ခဲ့ကြသည်။

သို့သော်လည်း ကံအကြောင်း မလှစွာပင်။ လွတ်လပ်ရေးခရီး၏ လမ်းခုလပ်၌ အမျိုးသားသွေးစည်း ညီညွတ်မှု ပြိုကွဲခဲ့ရသည်။ ယင်း၏ နာကျင်ခါးသည်းဖွယ်ရာ အကျိုးဆက်များအဖြစ်၊ နယ်ချဲ့ သမား၏ စနက်ဖြင့် အမျိုးသားခေါင်းဆောင် ကျဆုံးခဲ့ရသည်။ လွတ်လပ်ရေးနှင့် ရှေ့ဆင့် နောက်ဆင့် ပြည်တွင်းစစ်ကြီးဖြစ်ခဲ့ရသည်။ ယနေ့အထိ ထိုပြည်တွင်းစစ်ကို မငြိမ်းသတ်နိုင် သေးချေ။ ပြည်တွင်းစစ် ဖြစ်လာသဖြင့် စစ်တပ်အခန်း ရှေ့ရောက်လာပြီး နောက်ဆုံး တိုင်းပြည်၏ နိုင်ငံရေးဇာတ်ခုံပေါ်တွင် စစ်အာဏာရှင်စနစ် မင်းမူလာခဲ့တော့သည်။

သို့ဖြင့် တိုင်းပြည်နှင့်လူထု အဘက်ဘက်က ဆင်းရဲခဲ့ရပြီး ခေတ်နောက်ကျကျန်ခဲ့ရသည်။ ထို အမည်းရောင် အတိတ်သမိုင်းသည် ယခုနှစ်ပေါင်း (၆၀) တိုင်ခဲ့ပြီ။ ထိုအမျိုးသား သွေးစည်း ညီညွတ်မှု ပြိုကွဲခဲ့ရသော လှိုင်းဂယက်သည် မြို့ပြတွင်သာမက တောတွင်းသို့လည်း ရိုက်ခတ် ခဲ့သည်။ ထို့အပြင် ယခုအခါ ထိုငလျင်လှိုင်းဂယက်၏ အကျိုးဆက်သည် ပြည်ပအထိပင် ခြေဆန့် ခဲ့တော့သည်။ အမွှာမွှာ အစိတ်စိတ်၊ အဖိတ်ဖိတ် အစင်စင်၊ ဖန်ကွဲစများသဖွယ် ဂိုဏ်းဂဏမျိုးစုံ၊ အာဃာတမျိုးစုံ။

ယခု ထိုဂိုဏ်းဂဏမျိုးစုံ၊ အာဃာတမျိုးစုံကို ရပ်ဆိုင်းပြစ်ကြပါစို့၊ ထိုအမည်းရောင် အတိတ်သမိုင်း
ကို ပြည်ဖုံးကား ချလိုက်ကြပါစို့၊ ညီညွတ်ရေး စာမျက်နှာသစ်ကို ဖွင့်လှစ်ကြပါစို့။ စစ်အာဏာရှင် စနစ်တိုက်ဖျက်ရေးဟူသည် ဘုံဦးတည်ချက်၌ ပြည်တွင်းပြည်ပ အင်အားစုများအားလုံး ရှေ့ရှုကြ ပါစို့၊ မျက်နှာမူကြပါစို့။

ယခုလတ်တလော ကာလတွင် လမ်းပြမြေပုံအဆင့်(၄) ၌ (နအဖ) စစ်အစိုးရ ချပြလာမည့် ‘အခြေခံ ဥပဒေမူကြမ်း’ ကို ပြတ်ပြတ်သားသား ဆန့်ကျင်ပယ်ချနိုင်ရန်အတွက် ပြည်တွင်းပြည်ပ အင်အားစု အားလုံး ညီညွတ်ကြရလိမ့်မည်။ စုပေါင်း ပြင်ဆင်ကြရလိမ့်မည်။ စုပေါင်း လုံးပမ်းကြရလိမ့်မည်။ သူတမျိုး ငါတဖုံ လုပ်နေကြရတော့မည့် အချိန်မဟုတ်တော့ပါ။

ထိုသို့ တူညီသော လက်တွေ့လုပ်ငန်းပေါ်တွင် ကျနော်တို့ ညီညွတ်ရေး ကျောက်သားဗိမာန်တော်၏ အခြေခံ အုတ်မြစ်သစ်ကို ချမှတ်ကြပါစို့။ ယင်းသို့သော ညီညွတ်မှုစွမ်းပကားဖြင့်သာ (နအဖ) စစ်အစိုးရ ချပြလာမည့် “အခြေခံဥပဒေမူကြမ်း” ကို ပြတ်ပြတ်သားသား ဆန့်ကျင်ပယ်ချနိုင်ပါ လိမ့်မည်။ စစ်အာဏာရှင်စနစ်ကို အမှန်တကယ် ဖြိုချပစ်နိုင်မှသာလျှင် စစ်မှန်သော ပါတီစုံဒီမို ကရေစီစနစ်အတွက် လမ်းပွင့်သွားပါလိမ့်မည်။ သို့မှသာ ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ
ရေး၊ ခေတ်မီတိုင်းပြည်တည်ဆောက်ရေးဟူသည့် မင်းလမ်းမကြီး ဖြောင့်ဖြူးသွားပါလိမ့်မည်။

ညီညွတ်ရေးသည် အကြွင်းမဲ့ မဟုတ်ပါ။
တပုံစံတည်းလုပ်ရေး မဟုတ်ပါ။
တူညီသော ခရီးပန်းတိုင်အတွက် တလှေထဲစီးပြီး ကိုယ်စီကိုငှ လှော်ခတ်သွားကြရန်သာ ဖြစ်ပါ
သည်။ တူညီသော ဘုံရန်သူ၊ တူညီသော ဦးတည်ချက်၊ ရည်ရွယ်ချက်ရှိမှုအခြေခံပေါ်တွင် တူညီသော ဘုံလုပ်ငန်းစဉ်ကို အပြန်အလှန် ညှိနှိုင်းရေးဆွဲကာ တဖွဲ့ချင်းစီ၊ တပါတီချင်းစီ၏ တန်းတူမှုနှင့် လွတ်လပ်မှုကို အာမခံနိုင်သော ညီညွတ်ရေးမျိုးကို တည်ဆောက်ကြရန် ဖြစ်ပါသည်။

၂၀၀၈ ခုနှစ်၊ နှစ်သစ်အခါသမယ၌ ညီညွတ်ရေးစာမျက်နှာသစ်ကို ဖွင့်လှစ်ကြပါစို့။

အပြည့်အစုံဖတ်လိုလျှင်

ရှမ်းပြည်မြောက်ပိုင်းမှ အဂတိလိုက်စားသည့်ရဲများ အရေးယူခံရ

ရှမ်းပြည်မြောက်ပိုင်းမှ အဂတိလိုက်စားသည့်ရဲများ အရေးယူခံရ
NEJ/ ၂၄ ဇန်န၀ါရီ ၂၀၀၈
line

muse
တရုတ်ပြည်ဘက်သို့ပို့မည့် မြန်မာစီးကရက်နှင့် စားသောက်ကုန်သေတ္တာများ

ရှမ်းပြည်မြောက်ပိုင်းတွင် တာဝန်ကျနေသည့် ရဲတပ်
ဖွဲ့ဝင်များအနက် အဂတိလိုက်စားသူ အယောက် (၈၀) ကျော်အား ယခုလ ဒုတိယပတ်အတွင်း၌ အလုပ်မှ ထုတ်ပယ်ခြင်း၊ နေရာပြောင်းရွှေ့ခြင်း စသည့် အရေး ယူမှုများကို နေပြည်တော်ရှိ ပြည်ထဲရေးဌာနမှ ပြုလုပ် ခဲ့ကြောင်း သိရသည်။

မူဆယ်၊ ကွတ်ခိုင်၊ လားရှိုး၊ သီပေါအပါအ၀င်
တရုတ်-မြန်မာနယ်စပ် မူဆယ်နှင့်မန္တလေး မော်တော်

ကားလမ်းပေါ်ရှိ ရဲစခန်းများမှ အဂတိလိုက်စားသည့် ရဲတပ်ဖွဲ့ဝင်များအား ဒီဇင်ဘာနှောင်းပိုင်းမှစ၍ နေပြည်တော် ပြည်ထဲရေးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေးမှ တာဝန်ရှိသူများ ပူးပေါင်းကာ ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးသည့်နောက် အချို့ကို အလုပ်မှထုတ်ပယ်ကာ အချို့အား နယ်ပြောင်း ခဲ့ကြောင်း လားရှိုးရဲတပ်ဖွဲ့နှင့်နီးစပ်သည့် ဒေသခံတဦးက ပြောသည်။

၎င်းက “လားရှိုး အမှတ် (၂) ရဲစခန်းကဆို အားလုံးနီးပါးလောက် အရေးယူခံရတယ်၊ လားရှိုးရဲမှူး လည်း ပြုတ်သွားတယ်လို့ သိရတယ်။ အဓိကအမှုက လာဘ်စားတာပဲလေ၊ အောက်ဘက်က တက်လာတဲ့ ကျောက်တို့၊ သစ်တို့ကို လွှတ်ပေးတာတို့၊ တရုတ်ပစ္စည်းတွေ ဖမ်းမိတာကို ငွေပေးပြီး ပြန်လွှတ်ပေးတာတို့၊ ဖမ်းမိတဲ့ ဆိုင်ကယ်တွေဆိုရင် အထက်ကိုမတင်ဘဲ အောက်မှပဲ အပျောက် ရိုက်တာတို့ပေါ့” ဟု ပြောသည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် တင်းကျပ်သည့် စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်း များကြောင့် တရားဝင်ကုန်သွယ်မှုထက် တရားမ၀င်ကုန်သွယ်မှုက ပိုများနေသည်ဟု တရုတ်နယ်စပ် ကုန်သည်တဦးက ပြောသည်။

၎င်းက “ကုန်သွင်းမယ်ဆိုရင် နေပြည်တော်က (TC) လို့ ခေါ်တဲ့ ကုန်သွယ်မှုကောင်စီကို အရင် တင်ရတယ်။ အဲဒီမှာလည်း အစည်းဝေးတွေ ထိုင်တဲ့ရက်နဲ့ ကပ်မှ၊ မဟုတ်ရင် နောက်တပတ် စောင့်ရတယ်။ အမျိုးအမည်နဲ့ ဈေးနှုန်းတွေကို တင်ပြပြီး အားလုံးအိုကေမှ သွင်းရတယ်၊ အဲဒီ မှာလည်း Earning ( ပြည်ပပို့ကုန်မှ ရရှိငွေ) ရှာရသေးတယ်၊ အချိန်တွေ ကုန်တာပေါ့။ သွင်းပြန် တော့လည်း တံဆိပ်လွဲနေတာတို့၊ ပုံစံပြောင်းနေတာတို့ဆိုရင်လည်း သိမ်းချင်သိမ်းပြန်ရော။ ဒီတော့ TC ထက် TG (ထော်လာဂျီ) က အလုပ်မရပ်တော့ဘူးဆိုပြီး TG တရားမ၀င်သွင်းတဲ့ ကိစ္စတွေ ဖြစ်နေတာပေါ့” ဟု ပြောသည်။

တရုတ်ဘက်မှ ကုန်ပစ္စည်းများကို ဆိုက္ကားများဖြင့်လည်းကောင်း၊ နယ်စပ်ခြံစည်းရိုးကျော်၍ လည်းကောင်း မူဆယ်သို့ ပို့ဆောင်စုစည်းပြီး ထော်လာဂျီများဖြင့် လားရှိုးသို့ သယ်ယူကာ ထိုမှ
တဆင့် ကုန်ကားများဖြင့် မန္တလေးသို့ သယ်ဆောင်နေကြကြောင်း၊ မန္တလေးဘက်မှ လာသည့် စီးကရက်၊ အချိုရည်၊ မုန့် စသည့် စားသောက်ကုန်များကိုလည်း ထော်လာဂျီများဖြင့် စစ်ဆေး ရေးဂိတ်အဆင့်ဆင့်ထံ ငွေပေးဖြတ်ကျော်ကာ တရုတ်ဘက်သို့ သွင်းနေရကြောင်း အဆိုပါ ကုန်သည်က ပြောသည်။

ယခုလ အစောပိုင်းကလည်း တရားဝင် ကုန်ပစ္စည်းများဖြစ်သည့် သစ်မွှေး၊ နံ့သာနီ၊ တမလန်း၊ အင်ကျင်းကျောက်တို့ တင်ဆောင်ထားသည့် ကုန်ကားများအား တရုတ်ပြည်သို့ ထွက်ရန် ခွင့်ပြု ခဲ့သည့် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ဇုန်မှ ပို့ကုန်စစ်ဆေးရေးကွင်း တာဝန်ကျ နကသအရာရှိနှင့်
ဝန်ထမ်း (၃) ဦး ဖမ်းဆီးခံခဲ့ရပြီး အကောက်ခွန်အရာရှိ (၂) ဦးမှာ အဖမ်းမခံဘဲ ထွက်ပြေး တိမ်းရှောင်ခဲ့သည်။ ။

အပြည့်အစုံဖတ်လိုလျှင်

Thursday, January 24, 2008

အကျဉ်းကျခံ သတင်းစာ ဆရာကြီး ဦးဝင်းတင် ရန်ကုန် ပြည်သူ့ဆေးရုံတွင် ခွဲစိပ်ကုသရန် ရောက်ရှိနေ

အကျဉ်းကျခံ သတင်းစာ ဆရာကြီး ဦးဝင်းတင် ရန်ကုန် ပြည်သူ့ဆေးရုံတွင် ခွဲစိပ်ကုသရန် ရောက်ရှိနေ

အင်းစိန်အကျဉ်းထောင်မှာ နှစ်ရှည်အကျဉ်းချခံထားရတဲ့သတင်းစာဆရာကြီး ဦးဝင်းတင်ဟာ မနေ့ကပဲ အူကျတဲ့ရောဂါနဲ့ ရန်ကုန် ပြည်သူ့ဆေးရုံကြီးကို ခွဲစိပ်ကုသဖို့ ရောက်လာခဲ့တယ်လို့ ဆေးရုံကြီးနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက တဆင့်သိရပါတယ်။ အကျဉ်းသားတွေကိုပဲသီးသန့်ထားတဲ့ ဆေးရုံကြီးရဲ့  မြေအောက်ခန်းမှာ ဦးဝင်းတင်ကို ထားတယ်လို့ ဆိုပါတယ်။ အသေးစိတ် အခြေအနေတွေကို သိရအောင်လို့ ရန်ကုန် ဆေးရုံကြီးကို ဆက်သွယ်နေတာ ဘာမှ မသိရသေး ပါဘူး။ ဒါပေမယ့် ဦးဝင်တင်ရဲ့  မိတ်ဆွေတဦးဖြစ်တဲ့ ဦးမောင်မောင်ခင်ကတော့ သူသိရသမျှ ဦးဝင်းတင်ရဲ့  နောက်ဆုံး ကျန်းမာရေး အခြေအနေတွေကို ဗွီအိုအေကို ရှင်းပြထားပါတယ်။

“တရားဝင်တော့ ကျွန်တော်တို့ကို သက်ဆိုင်ရာက အကြောင်းကြားတာ မဟုတ်ဘူးဗျ။ ကျွန်တော်တို့က သူများက ပြောလို့ ဆေးရုံကြီး ရောက်နေပြီဆိုလို့ သွားပြီး စုံစမ်းရတာ။ စုံစမ်းတော့ တွေ့ပါတယ်။ ဆေးရုံကြီးရဲ့  Guard Ward မှာသူ့ကိုတွေ့ ပါတယ်။ မနေ့ကရောက်တယ်တဲ့ ဆယ့်တစ်နာရီ လောက်။ လိုအပ်တာတွေ သူ့ကိုစစ်ဆေးတယ်တဲ့။ ဒီနေ့လည်းစစ်တယ်။ မနက်ဖန်လည်း စစ်ဆေးဦးမယ်တဲ့။ ဒါပေမယ့် အတိအကျ ဘာလုပ်မယ် ဆိုတာတော့ မသိသေးဘူးတဲ့။ အကြောင်းကတော့ Hannyar ကိုခွဲဖို့မခွဲဖို့ပေါ့၊ လိုအပ်တာတွေကို စစ်ဆေးနေပါတယ်တဲ့။ ကျန်းမာရေးက မဆိုးပါဘူးတဲ့။”

အခုတကြိမ်နဲ့ ပါဆိုရင် ဦးဝင်းတင် အကျဉ်းချ ခံထားရတုံး ခွဲစိပ်ခံရတာ နှစ်ကြိမ်ရှိမှာ ဖြစ်ပါတယ်။ အကျဉ်းသား ဘ၀မှာပဲ ဆေးရုံတက်ရတာ လေးကြိမ် ရှိသွားပါပြီ။ ၁၈နှစ်ကျော် အကျဉ်းချခံထားရတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ဟာ အခု အသက်၇၈နှစ် ရှိနေပါပြီ။ ဦးဝင်းတင် လွတ်မြောက်ရေး အတွက် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ တွေကရော၊ သတင်းမီဒီယာ အဖွဲ့ အစည်းတွေကရော၊ ဒီမိုကရေစီ အင်အားစုတွေကရော အမြဲလိုလို တောင်းဆိုနေကြတာပါ။ ဒါပေမယ့်လည်း မြန်မာ စစ်အစိုးရကတော့ အခုအချိန်ထိ ဦးဝင်းတင်ကို ပြန်လွှတ်ပေးမယ့် အရိပ်အရောင်တွေ လုံးဝပြသတာ မတွေ့ သေးပါဘူး။ ကုလသမဂ္ဂရဲ့ မြန်မာပြည်ဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ် ပါမောက္ခ ပေါ်လိုဆာဂျီယို ပီညဲရိုး ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကမြန်မာပြည်ကိုရောက်လာခဲ့တုံးကလည်း အင်းစိန် ထောင်ထဲမှာ ဦးဝင်းတင်နဲ့တွေ့ ဆုံခဲ့ပါသေးတယ်။ ဦးဝင်းတင်လိုမျိုးအသက်အရွယ်ကြီးရင့်ပြီး ကျန်းမာရေးအရလည်းစိုးရိမ်ရတဲ့ပုဂ္ဂိုလ်မျိုးတွေကိုအမြန်ဆုံးပြန်လွှတ်ပေးဖို့လည်း ဒေါက်တာ ပီညဲရိုးက မြန်မာစစ်အစိုးရကို တောင်းဆိုခဲ့တာ အကြိမ်ကြိမ်ရှိနေပါပြီ။ ဒါပေမယ့် ပြန်လွှတ်ပေးမယ့် အရိပ်အရောင်တွေ မတွေ့ သေးပါဘူး။

အပြည့်အစုံဖတ်လိုလျှင်

မြန်မာနိုင်ငံမှဒုက္ခများကို ရမ်ဘိုရုပ်ရှင်ဖြင့် မင်းသားစတားလုံး မီးမောင်းထိုးပြ


မကြာခင်ရုံတင်ပြသတော့မည့် ရမ်ဘိုရုပ်ရှင်ကားသစ်သည် စစ်ပွဲဒဏ်ခံနေရသည့် မြန်မာနိုင်ငံမှ ဒုက္ခပြဿနာများကို မီးမောင်းထိုးပြနိုင်မည်ဟု မျှော်လင့်ကြောင်း မင်းသား ဆယ်ဗက်စ်တာ စတားလုံးက ပြောသည်။

စတားလုံး ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ရိုက်ကူးသည့် Rambo IV ရုပ်ရှင်ကားအား လာမည့်
ဇန်န၀ါရီ (၂၅) ရက်တွင် ရုံတင်ပြသခါနီး၌ မင်းသားစတားလုံးက အမေရိကန်မီဒီယာများကို ပြောခြင်းဖြစ်သည်။

ရိုက်ကူးစဉ် ၎င်းသိမြင်ခဲ့ရမှုများအပေါ် အံ့အားသင့် တုန်လှုပ်သွားခဲ့မိကြောင်း၊ ကမ္ဘာတွင် အမှန် တကယ်ဖြစ်ပျက်နေသည့် အကြောင်းအရာများကို ရုပ်ရှင်ပရိသတ်များ သိရှိစေရန် နောက်ဆက်တွဲ ဇာတ်လမ်းများ တတ်နိုင်သမျှရိုက်ရန် စိတ်ပိုင်းဖြတ်ထားကြောင်း မင်းသားစတားလုံးက ပြောသည်။

၎င်းက “မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ရက်စက်ကြမ်းကြုတ်ဆုံး၊ တင်းကျပ်ဆုံး၊ လူမဆန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်ဆုံး နိုင်ငံဖြစ်တယ်။ မြန်မာဟာ ကမ္ဘာမှာ အကြီးမားဆုံး လူမျိုးတုံး သတ်ဖြတ်မှုရှိတယ်။ ပြည်တွင်းစစ်ဖြစ်နေတာဟာ နှစ် (၆၀) ရှိနေပြီ။ ကျနော်တို့ ပြောသလိုပဲ ပြည်သူလူထုတွေဟာ ငရဲခန်းကို ကျော်ဖြတ်နေရတာပါ ” ဟု ပြောသည်။

အက်ရှင်ကားရိုက်မည်ဆိုပါက အက်ရှင်ရုပ်ရှင်ကားတခုနှင့် တကယ့်အဖြစ်အပျက်အကြား အသိ ဉာဏ်ပေးနိုင်မည့်အရာတခုပေးရန် စဉ်းစားသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

Rambo IV ရုပ်ရှင်ကားကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့အနီး၌ ၂၀၀၆ ခုနှစ်ကုန်ပိုင်းကတည်းက စတင် ရိုက်ကူးပြီး မြန်မာနိုင်ငံတွင်း ဖိနှိပ်ခံနေရသည် ကရင်တိုင်းရင်းသားများအတွက် လူလူချင်း
စာနာမှု အကူအညီသွားပေးသည့် ခရစ်ယာန်သာသနာပြုအဖွဲ့ကို မြန်မာနအဖစစ်တပ်က ဖမ်းဆီး ထောင်ချထားသဖြင့် ရမ်ဘိုက သွားရောက်ကယ်တင်သည့် ဇာတ်လမ်းဖြင့် ဇာတ်အိမ်တည် ထားသည်။

ထိုဇာတ်ကား ရုံတင်ချိန်တွင် အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့၌ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှား သူများက ရုပ်ရှင်ရုံရှေ့သွားရောက်၍ မြန်မာပြည်လွတ်မြောက်ရေးလှုပ်ရှားမှုများ ပြုလုပ်သွား မည်ဟု ကြေညာထားသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

ရန်ကုန်ဝေဘာဂီဆေးရုံ၏ အခမဲ့ဆေးကုသမှုစနစ် ရပ်ဆိုင်း

ရန်ကုန်ဝေဘာဂီဆေးရုံ၏ အခမဲ့ဆေးကုသမှုစနစ် ရပ်ဆိုင်း
အေးချမ်းမြေ့ | ဇန်နဝါရီ ၂၃၊ ၂၀၀၈

‘ယခင်ပံ့ပိုးနေသော အဖွဲ့အစည်းများမှ ကူညီပံ့ပိုးငွေများ ရပ်ဆိုင်းသွားပါသဖြင့် ၂၁-၁-၀၈ ရက်နေ့မှစပြီး ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းနှင့် တီဘီဓာတ်မှန်များကို စရိတ်မျှပေးအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း လူနာများအား အသိပေး အပ်ပါသည်’ ဟူသည့်သတိပေးစာကို ရန်ကုန်မြောက်ဥက္ကလာပ ဝေဘာဂီဆေးရုံ ကြီးတွင်ကပ်ထားသဖြင့် HIV/AIDS ဝေဒနာသည်များ စိတ်ဒုက္ခရောက်နေကြရကြောင်း သိရသည်။

ယခင်ကဆေးစစ်၊ သွေးစစ်၊ ဓာတ်မှန်ရိုက် အစရှိသည့် ဓာတ်ခွဲခန်းနှင့် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဝေဘာဂီဆေးရုံကြီး တွင် အခမဲ့ပြုလုပ်ပေးသော်လည်း ဇန်နဝါရီ ၂၁ ရက်နေ့မှစ၍ စရိတ်မျှပေးအစီအစဉ်ဖြင့်သာ ဆောင်ရွက်ပေးတော့မည် ဖြစ်ကြောင်း HIV/AIDS ဝေဒနာခံစားနေရသူ ကိုတင်ကိုကိုက ပြောပြသည်။

“စရိတ်မျှပေး အစီအစဉ်ဆိုတာ တကယ်တော့ အပ်တိုလေးတချောင်းကစပြီး ကိုယ့်ငွေနဲ့ကိုယ်ဝယ်ရတာကို ပြောတာပါ” ဟု ဆေးရုံအသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ပြောသည်။ မြန်မာနိုင်ငံရှိ ဆေးရုံတိုင်းတွင် စရိတ်မျှ ပေးကျန်းမာရေးဟူသော စာတန်းကပ်ထားပြီး ဆရာဝန်ဝယ်ခိုင်းသမျှ ဆေးနှင့်၊ ဆေးပစ္စည်း အားလုံးကို ဆေးရုံအတွင်းရှိ ဆေးဆိုင်များမှ မိမိငွေဖြင့် ဝယ်ယူရသောစနစ်ဖြစ်သည်။

HIV/AIDS ဝေဒနာရှင်များအနေနှင့် ဆေးစစ်၊ သွေးစစ်ခ ကျပ် ၃၀၀၀၊ ၄၀၀၀ စသည်ဖြင့် ပေးရသည့်ပြင် သွေးစစ်ခန်းထဲရှိ စက္ကူအလှူခံပုံးထဲသို့ မလှူမနေရအလှူငွေ ကျပ် ၅၀၀ ထည့်ဝင်လှူဒါန်းရသည်ဟု ကိုတင်ကိုကိုက ပြောသည်။

“တနင်္လာနေ့ကဆို တချို့ဝေဒနာရှင်တွေ ငိုပြီးပြန်ကြတယ်၊ ဆေးစစ်တဲ့ငွေကို မပေးနိုင်ကြဘူးလေ” ဟု ၎င်းကဆက်ပြော သည်။ ဇန်နဝါရီ ၂၁ ရက်နေ့က ဆေးစစ်ရန်လာသည့် HIV/AIDS ဝေဒနာရှင်များသည် ယခင်ပုံစံအတိုင်း အခမဲ့ဆေးစစ်မှု ခံယူရမည်ဟုထင်ကာ ခရီးစရိတ်နှင့် ထမင်းဖိုးသာပါလာသဖြင့် ဆေးစစ်ရန်အဖိုးအခ ပေးစရာမရှိသဖြင့် လှည့်ပြန်ကြရ သည်ဟုဆိုသည်။

“အစိုးရကို ဘယ်အဖွဲ့အစည်းကမှ မကူညီတော့ဘူး ဆိုတာပြတာပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် အစိုးရအနေနဲ့ ကူညီတဲ့သူမရှိဘူး ဆိုပြီး ဝေဒနာရှင်တွေကို မျက်နှာလွှဲ ခဲပစ်လုပ်ဖို့တော့မကောင်းဘူး” ဟု ကိုတင်ကိုကိုက ဆက်ပြောသည်။

ကိုတင်ကိုကိုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးစောင့်ရှောက်ထားသည့် HIV/AIDS ဝေဒနာသည် များထဲမှ တဦးဖြစ်သည်။ ၎င်းဝေဒနာသည်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် တဦးဖြစ်သူ မဖြူဖြူသင်းက စောင့်ရှောက် လျက်ရှိပြီး ယခုလက်ရှိတွင် စစ်အစိုးရက လိုက်လံရှာဖွေနေသဖြင့် ပုန်းအောင်းနေရသည်။

လက်ရှိတွင် မဖြူဖြူသင်း ဆောင်ရွက်ခဲ့သော တာဝန်များကို ၎င်း၏လုပ်ဖော်ကိုင်ဖက် တဦးဖြစ်သူ ကိုရာဇာက တာဝန်ယူ လျက်ရှိကြောင်းသိရသည်။ ၎င်းတို့အနေနှင့် စက်တင်ဘာ အရေးအခင်း နောက်ပိုင်းမှစ၍ ဝေဒနာသည်များ လိုအပ်လျက် ရှိသည့် ARV ဆေးများ ရရှိနိုင်မှု အလွန်ခက်ခဲသွားသည်ဟု ဆိုသည်။ စစ်အစိုးရက ၎င်းတို့နှင့်အတူ လုပ်ကိုင်ဆောင်ရွက် လျှက်ရှိသော လုပ်ဖော်ဆောင်ဖက်များကို လိုက်လံဖမ်းဆီးနေခြင်းက ဆေးရရှိမှု ခက်ခဲရခြင်း၏ အကြောင်းရင်း တရပ်ဖြစ် ကြောင်း ကိုရာဇာက ရှင်းပြသည်။

၎င်းတို့ စောင့်ရှောက်နေသည့် ဝေဒနာရှင်များမှာ စုစုပေါင်း ၆၀၀ နီးပါးခန့်ရှိပြီး ၂၀၀ မှာ နယ်မြို့များမှဖြစ်၍ အယောက် ၃၀ ကို ရန်ကုန်မြို့တွင်းရှိ လုံခြုံစိတ်ချရသောနေရာတခုတွင်ထားကြောင်း ကိုရာဇာက ပြောသည်။

ထိုဝေဒနာသည်များအတွက် အလှူငွေနှင့် အခြားသောကူညီမှုများကို မည်သည့်အစိုးရမဟုတ်သော အဖွဲ့အစည်းများထံမှ ရရှိခြင်းမရှိဘဲ အချို့သော NLD အဖွဲ့ဝင်များ၊ နာမည်ကြီး မင်းသား မင်းသမီးများ၊ အခြားအလှူ ရှင်များထံမှသာရရှိကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဧရာဝတီက တယ်လီဖုန်းဆက်မေးမြန်းရာ မြောက်ဥက္ကလာပ ဝေဘာဂီဆေးရုံကြီးမှ တာဝန်ရှိသူ များက ၎င်းကြေညာချက်နှင့် ပတ်သက်၍ ထင်မြင်ချက်ပေးရန်ငြင်းဆန်ကြသည်။

ယခင်က ဝေဘာဂီဆေးရုံကြီးကို AZG အဖွဲ့ကထောက်ပံ့လျက်ရှိပြီး ယခုမည်သည့် အတွက်ကြောင့် ထောက်ပံ့မှုမရှိတော့ သည်ကို မသိရကြောင်း ၎င်းဆေးရုံကြီးနှင့် နီးစပ်သည့် ဆရာဝန်တဦးက ပြောသည်။ ၎င်းက ဆက်လက်၍ HIV/AIDS ဝေဒနာသည်များအနေနှင့် ရှိနေသောဗိုင်းရပ်စ်ပိုး ပမာဏကိုသိရှိစေရန် မကြာခဏဆေး စစ်သင့်သည်ဟုဆိုသည်။

AZG (နယ်သာလန်နိုင်ငံအခြေစိုက် နယ်စည်းမခြားဆရာဝန်များအဖွဲ့ ရန်ကုန်ရုံးခွဲ) သည် HIV/AIDS ဝေဒနာရှင်များအတွက် ARV ဆေးများကို ကူညီထောက်ပံ့ခဲ့သော်လည်း ၂၀၀၇ ခု၊ ဇန်နဝါရီ မှစ၍ ဝေဒနာရှင်သစ်များအတွက် ဆေးထောက်ပံ့မှုကို ရပ်ဆိုင်းခဲ့သည်။

၂၀၀၆ ခုနှစ် ဇွန်လလယ်က ဥရောပကော်မရှင်သည် မြန်မာနိုင်ငံအတွင်း HIV/AIDS၊ တီဘီရောဂါနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက် စတင်ထောက်ပံ့ခဲ့ပြီး စီမံကိန်းများကို ၂၀၀၇ တွင်စတင်ခဲ့သည်။ ရောဂါသုံးမျိုး တိုက်ဖျက်ရေး ရန်ပုံငွေအဖွဲ့ (3D funds) ကလည်း မြန်မာနိုင်ငံအတွက် ကူညီနေမှုကို ၂၀၀၅ သြဂုတ်လက ရုတ်သိမ်းသွားခဲ့သည်။

၂၀၀၇ နိုဝင်ဘာလ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ထုတ်ပြန်ချက်အရ မြန်မာပြည်တွင် HIV/AIDS ဝေဒနာသည် ၃၃၉၀၀၀ ရှိပြီး အာရှတိုက်၏ အဆိုးရွားဆုံး အခြေအနေရှိသော နိုင်ငံများထဲမှ တနိုင်ငံအဖြစ်ပါဝင်ကြောင်း သိရသည်။

အပြည့်အစုံဖတ်လိုလျှင်

စပိန်နိုင်ငံက ဆုချီးမြှင့်

ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းမဖက် လှုပ်ရှားမှုအတွက် စပိန်နိုင်ငံက ဆုချီးမြှင့်
ပီတာအောင်/ ၂၃ ဇန်န၀ါရီ ၂၀၀၈

အကြမ်းမဖက်သည့် ဒီမိုကရေစီရေး လှုပ်ရှားမှု အတွက် ဒေါ်အောင်ဆန်းစုကြည်ကို စပိန်နိုင်ငံရှိ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားသည့် အာဘို ဂါဒို ဒေ အာတိုချာ ဖောင်ဒေးရှင်းက အာတို ချာရှေ့ နေများဆု (Abogados de Atocha) ကို ဂုဏ်ပြု ချီးမြှင့်သည်။

ယင်းဆုကို ယမန်နေ့ ညနေက စပိန်နိုင်ငံ တိုလေ ဒိုးမြို့၌ ကတ်စတီရာလာလာမန်းချားပြည်နယ် သမ္မတ ဟိုဆေး မာရီရာဘာရတ်တာက အခမ်းအနားဖြင့် ပေးအပ်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ၀န်ကြီး ဦးဘိုလှတင့်က ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဆုလက်ခံယူသည်။

ဦးဘိုလှတင့်က “ဒေါ်အောင်ဆန်းစုကြည်ဟာ အကြမ်းမဖက်တဲ့နည်းနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့် အရေး၊ လွတ်လပ်မှုနဲ့ ဒီမိုကရေစီရရှိအောင် ဦးဆောင်ကြိုးပမ်းနေတဲ့ အမျိုးသမီးခေါင်းဆောင်ဖြစ် တယ်။ သူ့ရဲ့အတွေးအခေါ်ကလည်း အကြောက်တရား ကင်းဝေးဖို့အတွက် လူတွေကို ဦးဆောင် လမ်းညွှန်ပေးနေတယ်။ သူဟာ အကြမ်းမဖက်ဘဲ နှလုံးရည်နဲ့ ဦးဆောင်နေတဲ့ ခေါင်းဆောင်ဖြစ် တယ်။ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် သူ့ရဲ့ကိုယ်ကျိုးစီးပွား အနစ်နာခံတယ်ဆိုတဲ့ အချက် တွေအပေါ်မှာ ပေးတာဖြစ်တယ်” ဟု ပြောသည်။

လွန်ခဲ့သည့် နှစ်ပေါင်း(၂၅) နှစ်ခန့်က လူ့အခွင့်အရေးလှုပ်ရှားသူ စပိန်ရှေ့နေ (၉) ဦး အကြမ်းဖက် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရသည်ကို အောက်မေ့သည့်အနေဖြင့် ယင်းဆုကို ချီးမြှင့်ခြင်းဖြစ်ပြီး အကြမ်း မဖက်သည့်နည်းဖြင့် လွတ်လပ်မှု၊ တရားမျှတမှုနှင့် ဒီမိုကရေစီရရှိအောင်ကြိုးပမ်းနေသူများကို ၂၀၀၂ ခုမှ စ၍ ရွေးချယ်ပေးအပ်သည်။

ယမန်နှစ်က မက္ကစီကိုနိုင်ငံမှ အမျိုးသမီး အခွင့်အရေး တိုက်ပွဲဝင်သူ အမျိုးသမီးခေါင်းဆောင်တဦး အဆိုပါဆုရရှိပြီး တရားမျှတမှုအတွက် ပေးအပ်သည့် နိုင်ငံတကာဆုအဖြစ် စပိန်နိုင်ငံသားတို့က တန်ဖိုးထား ဂုဏ်ယူကြသည်။

ဆုပေးအပ်သည့် အာဘိုဂါဒို ဒေ အာတိုချာဖောင်ဒေးရှင်းကို စပိန်နိုင်ငံရှိ နာမည်ကြီးကဗျာဆရာများ၊ ရှေ့နေများ အစိုးရ၀န်ကြီးများနှင့် လွတ်လပ်မှုကို မြတ်နိုးသည့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည်။

နေအိမ်အကျယ်ချုပ်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု အပါ
အ၀င် ကမ္ဘာ့နိုင်ငံအသီးသီးမှ ချီးမြှင့်သည့် ဆုပေါင်း (၈၂) ခု ရရှိထားပြီးဖြစ်သည်။ ။



အပြည့်အစုံဖတ်လိုလျှင်