စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Wednesday, July 23, 2008

ဗေဒင် နက္ခတ္တ ဆရာ မင်းသိင်္ခ ကျန်းမာရေး ဆိုးရွား


အေးလဲ့ ဇူလိုင်၂၃၊ ၂၀၀၈

ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ရှိ ဗေဒင်နက္ခတ္တ ဆရာ မင်းသိင်္ခသည် နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ယခုလအတွင်း ခြေထောက်ဖြတ်ရမည့် အခြေအနေအထိ ရောဂါဆိုးရွားခဲ့၍ ဆေးဝါး ဆက်လက်ကုသမှု ခံယူကာအနားယူနေရကြောင်း ဆရာမင်းသိင်္ခ၏ တပည့်ဖြစ်သူတဦးက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ဒီလ ၄ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ သုခကမ္ဘာဆေးရုံမှာ တက်ရ တယ်၊ အဓိကကတော့ နှလုံးသွေးကြော ကျဉ်းပြီးတော့ ညာဘက် ခြေထောက် အောက်ပိုင်းကို သွေးမစီးနိုင်တော့တဲ့အတွက် ခြေထောက် ဖြတ်ရမလို ဖြစ်တဲ့အထိ ကျန်းမာရေး ဆိုးဝါးသွားပါတယ်၊ အခုတော့ ဆေးလိပ်ဖြတ်၊ အစားအသောက်ရှောင်ပြီးတော့ပဲ ကျန်းမာအောင် အနားယူနေရပါတယ်” ဟု ဆရာမင်းသိင်္ခ၏ တပည့် ဆရာမင်းသိမ်းခိုင် က ပြောသည်။

ဆရာ မင်းသိင်္ခတက်ရောက်ကုသသော သုခကမ္ဘာဆေးရုံမှ တာဝန်ကျ ဆရာဝန်တဦးကလည်း “နှလုံးသွေးကြောကျဉ်းတာနဲ့ ခြေထောက် ဖြတ်ရတာနဲ့ အမှတ်တမဲ့ကြည့်ရင်တော့ နှလုံးနဲ့ခြေထောက်က အဝေး ကြီးပဲလေ၊ နှလုံးသွေးကြောကျဉ်းသလို ခြေထောက်လည်း သွေးကြော ကျဉ်းသွားတယ်၊ ဆေးလိပ် သိပ်သောက်တဲ့သူတွေက သွေးကြော ကျဉ်းပြီး မာသွားပါတယ်၊ လောလောဆယ်တော့ ဖြတ်ဖို့မလိုသေး ပါဘူးး လော လောဆယ်ကိုပြောတာနော် နောက် တချိန်ချိန်မှာ အဲဒီ သွေးကြောကပိုပြီးကျဉ်း သွားပြီဆိုရင်တော့ အဲဒီ အခြေအနေကိုရောက်ရင်လည်း ရောက်သွားနိုင်တယ်၊ ကံသေကံမတော့ မပြောနိုင်ဘူး”ဟု ပြောသည်။

ဆရာမင်း သိင်္ခကို နှလုံးရောဂါအထူးကု ဒေါက်တာနွယ်နွယ်က ကုသနေပြီး ကိုယ်ခန္ဓာပြန်လည်လှုပ်ရှားမှုရရန် အကြောပြင် ဆရာက လေ့ကျင့်ခန်းကုထုံးဖြင့် ကုသနေကြောင်းလည်း သိရသည်။

ဆရာမင်းသိင်္ခမှာ သတိမေ့မြောသည့် အခြေအနေမဟုတ်ဘဲ စာရေးသားနိုင်ကြောင်းနှင့် နေ့စဉ် ယတြာပေးသည့် လုပ်ငန်း များကိုမူ ဆရာမင်းသိမ်းခိုင်တို့က ဦးစီးလုပ်ဆောင် ပေးနေသည်ဟု ဆိုသည်။

ဆရာမင်းသိင်္ခသည် အန္ဒိယနိုင်ငံ ကာလာ ကတ္တား တက္ကသိုလ် နက္ခတ္တဆိုင်ရာ သုတေတနဌာနမှ ပေးအပ်သည့် ၂၀၀၉ ခုနှစ် ရိုးရာ ဗေဒင်ပညာရပ်ဆိုင်ရာ ပါရဂူဘွဲ့အတွက် ရွေးချယ်ခြင်းခံရပြီး ၎င်းဘွဲ့ကို လာမည့် နိုဝင်ဘာလတွင် သွားရောက်ယူရန် စီစဉ်နေကြောင်းလည်း ဆရာ မင်းသိမ်းခိုင်က ပြောသည်။

ပြီးခဲ့သည့် ဇွန်လ၂၅ ရက်နေ့တွင် အသက် ၇၀ ပြည့်ပြီးဖြစ်သည့် ဆရာမင်းသိင်္ခသည် နှလုံး၊ ဆီးချို၊ သွေးတိုး စသည့်ရောဂါ များကို ခံစားနေရပြီး ဘီးတပ်ကုလားထိုင်ဖြင့် သွားလာနေထိုင်နေရသည်။ ယမန်နှစ် ဒီဇင်ဘာလ အတွင်းကလည်း မျက်စိ ခွဲစိပ်ကုသမှု ခံယူခဲ့ရသေးသည်။

ဆရာမင်းသိင်္ခသည် ယခုနှစ် ဇန်န၀ါရီလအတွင်းက ၎င်း၏ မှော်ဘီ ခြံအတွင်းသို့ စစ်တပ်အရာရှိ ဆိုသူတဦးက ၀င်ရောက် ရမ်းကားသည့် အမှုနှင့် ပတ်သက်ပြီး တရားရင်ဆိုင်နေရကြောင်းလည်း သိရသည်။

“ဒီအမှုကိုတော့ ခရိုင်ရုံး၊ တိုင်းရုံး နောက်တော့ လှည်းကူးတရားရုံး၊ အခုလည်း ရုံးချူပ်ကိုလွဲလိုက်ပြန်ပြီ၊ အမှုမစစ်လည်းဘဲ လက်မှတ်တော့သွားထိုးနေရတယ်၊ ရှေ့လ ၁ ရက်နေ့မှာလည်း ရုံးချိန်းရှိတယ်” ဟု ဆရာမင်းသိမ်းခိုင်က ပြောဆိုသည်။

အပြည့်အစုံဖတ်လိုလျှင်

ရန်ကုန်-ဘန်ကောက်၊ ရန်ကုန်-မလေးရှား အမ်အေအိုင်လေကြောင်းလိုင်း အရေးပေါ် ရပ်ဆိုင်းပြီ


ပီတာအောင်/ ၂၃ ဇူလိုင် ၂၀၀၈

လတ်တလော ယာယီအပိတ်ခံရသည့် ထိုင်းလေကြောင်းလိုင်းတခုမှ လေယာဉ်များငှားရမ်း အသုံး ပြုနေရသည့် မြန်မာနိုင်ငံတကာ လေကြောင်းလိုင်း (အမ်အေအိုင်) ပြေးဆွဲနေသော ရန်ကုန်-နိုင်ငံ တကာခရီးစဉ်အချို့ကို ယနေ့မှစ၍ အရေးပေါ် ရပ်ဆိုင်းလိုက်ရသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ရန်ကုန် အမ်အေအိုင်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးမြသာက “၀မ်းတူးဂိုးကိစ္စကြောင့်ပါ။ သူတို့ ရပ်ဆိုင်းခံရတဲ့အခါကျတော့ ကျမတို့လည်း အဲဒီလေယာဉ်ပျံကို ငှားထားမိရက်သားဖြစ်သွားတော့ နောက်ပိုင်း ဘယ်လိုမှလဲ အဆင်မပြေနိုင်တော့ဘဲ ပြန်အပ်လိုက်တာပေါ့နော်။ အခု အဲယားဘတ်စ် လေယာဉ်တစီး အသစ်ရထားတော့ အဲဒါနဲ့ပြန်ပြီး (၂၅) ရက်နေ့ကျရင် ပြန်ဆွဲမှာပါ။ ၀မ်းတူးဂိုးက တစီးပဲ ယူထားတာပါ” ဟု ပြောသည်။

ရန်ကုန်-ဘန်ကောက်နှင့် ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ် (၂) ခုကို ယနေ့စ၍ ရပ်ဆိုင်းလိုက် ကြောင်း၊ လေယာဉ်လက်မှတ် ကြိုတင်ဝယ်ထားသူများကို ငွေပြန်လိုချင်ပါက ငွေပြန်အမ်းပေး ကြောင်းနှင့် ယခုရက်အတွင်း ခရီးသွားလိုသူများကို ဘန်ကောက်လေကြောင်းလိုင်း၊ ထိုင်းလေ ကြောင်း (တီဂျီ) တို့ဖြင့် ခရီးသွားနိုင်အောင် စီစဉ်ပေးနေကြောင်း ၎င်းက ပြောသည်။ ရန်ကုန်-စင်ကာပူ ခရီးစဉ်ကိုမူ ပုံမှန်အတိုင်း ပြေးဆွဲနေကြောင်း သိရသည်။

သတ်မှတ်သည့် လုပ်ငန်းစံချိန်စံညွှန်း မမီသည့်အတွက် ထိုင်းနိုင်ငံ ၀မ်းတူးဂိုးလေကြောင်းလိုင်း အား ရက်ပေါင်း (၃၀) ပျံသန်းခွင့် ပိတ်လိုက်ကြောင်း ထိုင်းအစိုးရ မြို့ပြလေကြောင်းဦးစီးဌာနက ကြေညာပြီး ရက်ပိုင်းအတွင်း ရန်ကုန်နှင့် ပြေးဆွဲနေသည့် နိုင်ငံတကာလေယာဉ် ခရီးစဉ်အချို့ကို ရပ်ဆိုင်းကြောင်း မြန်မာနိုင်ငံတကာလေကြောင်းလိုင်း (အမ်အေအိုင်) က ထုတ်ဖော်ပြောဆို ခြင်းဖြစ်သည်။

ဝမ်းတူးဂိုး လေကြောင်းလိုင်းသည် လေကြောင်းဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေး စည်းမျဉ်း များကို ချိုးဖောက်ခဲ့သည့်ပြင် လေကြောင်းလိုင်းကိုလည်း မှန်ကန်စွာ စီမံအုပ်ချုပ်နိုင်ခြင်းမရှိဟု ထိုင်းအစိုးရ မြို့ပြလေကြောင်းဦးစီးဌာနက စစ်ဆေးတွေ့ရှိသည်။ နောက်ဆက်တွဲအဖြစ် ၀မ်းတူးဂိုး လေကြောင်းလိုင်းမှ လေယာဉ်မှူး (၉) ဦးကိုပါ လေယာဉ်မောင်းနှင်ခွင့်လိုင်စင် ပြန်ရုပ်သိမ်းခဲ့သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာတွင် ၀မ်းတူးဂိုး လေကြောင်းလိုင်းပိုင် လေယာဉ်တစီး ဖူးခက်တွင် ပျက်ကျ၍ လူ (၈၉) ဦးသေဆုံးသည့်ကိစ္စ စစ်ဆေးအပြီးတွင် ၀မ်းတူးဂိုးလေကြောင်းလိုင်းအား ယခုကဲ့သို့ အရေးယူခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတကာလေကြောင်းလိုင်း (အမ်အေအိုင်) ကို ၁၉၉၃ ခုနှစ်တွင် စစ်အစိုးရပိုင် မြန်မာ့လေ ကြောင်းနှင့် ဘရူနိုင်းဘုရင့်လေကြောင်းလိုင်း အထောက်အပံ့ ယူထားသည့် စင်ကာပူ ကုမ္ပဏီတခု တို့ဖြင့် ဖက်စပ်တည်ထောင်ခဲ့သည်။ ယမန်နှစ်က မြန်မာ့လေကြောင်းက (၅၁) ရာခိုင်နှုန်း ရှယ်ယာထည့်ဝင်ပြီး စင်ကာပူပိုင် Region Air (HK) Ltd. က (၄၉) ရာခိုင်နှုန်း ရှယ်ရာထည့်ဝင်၍ လုပ်ကိုင်နေသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

ဧရာဝတီတိုင်းမှာ မုန်တိုင်းနောက်ဆက်တွဲရောဂါများ ခံစားနေရ

မင်းရန်နိုင်/ ၂၃ ဇူလိုင် ၂၀၀၈

နာဂစ်မုန်တိုင်းဒဏ်မှ လွတ်မြောက်ရှင်သန်ခဲ့သူများမှာ ယခုအခါ မုန်တိုင်းအတွင်း ခံခဲ့ရသည့် ဒဏ်များကြောင့် စိတ်ဖိစီးမှုဒဏ် ခံရခြင်းအပါအ၀င် ယခင် မဖြစ်ခဲ့ဖူးသည့် ရောဂါဝေဒနာများ ခံစားနေကြရသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အသက်မသေဘဲ လွတ်မြောက်ကျန်ခဲ့သည့် မုန်တိုင်းဒုက္ခသည်များသည် မုန်တိုင်းနောက်ဆက်တွဲ ဆိုးကျိုးများကို အချိန်နှင့်အမျှ ပိုခံစားလာကြရသည်ဟု လပွတ္တာမြို့နယ်တွင်း ကျေးရွာများသို့ အခမဲ့ဆေးလှည့်လည် ကုသပေးနေသသည့် ပုဂ္ဂလိက စေတနာရှင် ဆေးကုသရေးအဖွဲ့တခုမှ ဆရာဝန်တဦးက ပြောသည်။

၎င်းက “အဓိက အများဆုံးတွေ့ပြီး ကုသပေးရတာက အားနည်း အာဟာရချို့တဲ့လူနာတွေပါ၊ သူတို့တွေက ဒီမုန်တိုင်းကြီးဒဏ် ခံခဲ့ကြရပြီး သားသေ၊ မယားသေ၊ ဆွေမျိုးတွေသေ အသက် အိုးအိမ်စည်းစိမ်တွေ အများကြီး ဆုံးရှုံးခဲ့တော့ မစားနိုင်၊ မသောက်နိုင် ဖြစ်ကြတာပေါ့။ ညဘက် ဆိုလဲ စိတ်ဆင်းရဲစရာတွေပဲ အလိုလိုပြန်တွေးမိပြီး အိပ်မပျော်ကြတော့ဘူး။ နောက် ဒီလိုမျိုးကြီး ထပ်ဖြစ်ဦးမလားဆိုပြီး စိုးရိမ်စိတ်တွေလည်း ဖြစ်နေတာမျိုးတွေ အများကြီး တွေ့ရပါတယ်” ဟု ပြောသည်။

ယခင်က တခါတရံမှ ဖြစ်လေ့ရှိသော အအေးမိ၊ နှာစေး၊ အဆုတ်အအေးပတ် ရောဂါဝေဒနာများကို မုန်တိုင်းအပြီး (၂) လကျော်ကြာထိ ခံစားနေကြရဆဲ လူနာများလည်း ရှိသည်ဟု ဆိုသည်။

ထို့ပြင် ယခင်က တခါမှမဖြစ်ဖူးသော နားလေထွက်၊ အရည်ထွက်နှင့် မျက်စိေ၀၀ါးသည့် ဝေဒနာ
များ ခံစားလာကြရသူများ ရှိလာသည်ဟု သိရသည်။

“မုန်တိုင်းကြောင့် မြင့်တက်လာတဲ့ ဒီရေလှိုင်း ရိုက်တဲ့ဒဏ်၊ အဲဒီရေလှိုင်းထဲမှာ အချိန်အကြာကြီး နေခဲ့ရတဲ့ဒဏ်တွေ၊ ရေငန်ဝင်ခံခဲ့ရတာတွေကြောင့် ဒီလိုလက္ခဏာတွေ ဖြစ်လာတာပါ။ အချိန်မီ ဂရုစိုက်မကုသနိုင်ရင် နားလေး၊ မျက်စိမှုံပြီး ကွယ်တာမျိုးတွေထိ ဖြစ်လာနိုင်ပါတယ်” ဟု မျက်စိ အထူးကု ဆရာဝန်ကြီးတဦးက ရှင်းပြသည်။

အဆိုပါဒေသများတွင် လူအချို့မှာ မုန်တိုင်းအတွင်း ထိခိုက်မိသော ဒဏ်များကြောင့် အကြောများ ဆိုင်း၊ ခြေလက်များ လေးလံကာ ယခင်ကလို ပေါ့ပေါ့ပါးပါး သွားလာလုပ်ကိုင်နိုင်ခြင်း မရှိတော့ ကြောင်း သိရသည်။

အာဟာရချို့တဲ့လူနာများအတွက် အားဆေးပုလင်းဒရစ်များ သွင်းပေးခြင်း၊ အကြောအားဆေး ထိုးပေးခြင်း၊ စားသောက်ကောင်းစေရန် မာလ်တီဗီတာမင် အားဆေးများ ပေးခြင်း၊ အသက်ကြီး သူများကို အဓိက ဗိုလက်ဇုံအားဆေးများ ပေးခြင်းဖြင့် ကုသခဲ့ကြောင်း၊ မိမိတို့ ကုသပေးခဲ့ရသည့် ရွာများထဲမှ တရွာဆိုလျှင် ရွာသူရွာသား (၅၀၀) ခန့်ရှိရာ၌ အားလုံးနီးပါး အားနည်းနေကြောင်း၊ အထူးသဖြင့် အာဟာရချို့တဲ့နေသည့် ကလေးအများအပြား တွေ့ရှိကုသပေးခဲ့ရကြောင်း စေတ နာရှင် ဆေးကုအဖွဲ့မှ အဆိုပါ ဆရာဝန်က ဆက်လက်ရှင်းပြသည်။

“အကောင်းဆုံးကတော့ နှစ်သိမ့်ဆွေးနွေး အထူးကုအဖွဲ့တွေ၊ (Counseling) ကျွမ်းကျင်သူတွေ လာပြီး နှစ်သိမ့်ဆွေးနွေးပေးဖို့ ကောင်းတယ်။ အဲဒါမျိုး အဖွဲ့တွေ လုံးဝ မတွေ့ရသလောက်ပဲ။ စိတ်ဝေဒနာခံစားနေရတဲ့ လူနာတွေအတွက် အိပ်ဆေး၊ စိတ်ငြိမ်ဆေး၊ ဒိုင်ယာစီပင် (DZ) စတဲ့ ဆေးတွေ အများဆုံးပေးရတယ်” ဟု ၎င်းက ပြောသည်။

၎င်းတို့အဖွဲ့သည် လပွတ္တာမြို့နယ် ရွေးမြစ်တလျှောက် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ရွာများသို့ အဓိက ကွင်းဆင်းကုသပေးခဲ့ကြောင်း၊ ဘိုကလေးမြို့နယ်အတွင်း ကျေးရွာများသို့ ကွင်းဆင်းကုသနေသည့် ၎င်း၏မိတ်ဆွေ ဆရာဝန်ဆေးကုအဖွဲ့မှလည်း ယခုကဲ့သို့ ရောဂါ
ဝေဒနာများ အတွေ့များကာ ကုသပေးခဲ့ရသည်ဟု ဆိုကြောင်း သိရသည်။

အစိုးရမှ စေလွှတ်သည့် အထူးကုဆရာဝန်များအဖွဲ့ရှိသော်လည်း ၎င်းတို့သည် မြို့ပေါ်တွင်သာ ကုသမှုပေးကြောင်း၊ နိုင်ငံခြားမှ ပြည်တွင်းအခြေချ အန်ဂျီအိုများနှင့် ပုဂ္ဂလိကစေတနာရှင် ဆေးအဖွဲ့များကသာ မြို့နှင့်ဝေးသည့် ရွာများသို့ စက်လှေများဖြင့် သွားရောက်ကုသပေးနေ ကြကြောင်း သိရသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

မုန်တိုင်းကြောင့် ဒေါ်လာ သန်းလေးထောင် ဆုံးရှုံး

AP/ ၂၃ ဇူလိုင် ၂၀၀၈

နိုင်ငံတကာ ကူညီငွေ အမေရိကန်ဒေါ်လာ သန်း (၁) ထောင် ထပ်မံမရရှိပါက ဆိုင်ကလုန်း နာဂစ် ဘေးမှ အသက်ရှင်ကျန်ရစ်သူများအနေဖြင့် ဒုတိယမြောက် အရေးပေါ်အခြေအနေနှင့် ရင်ဆိုင်ကြ ရမည်ဖြစ်ကြောင်း ယခုလ (၂၁) ရက်ထုတ် ပထမဆုံးအကြိမ် သဘာဝဘေး အကဲဖြတ်ချက် အစီ ရင်ခံစာ (PONJA) က ဖော်ပြသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မုန်တိုင်းကြောင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် ပိုင်ဆိုင်မှု တန်ဖိုး ဆုံးရှုံးမှု ပမာဏမှာ ဒေါ်လာ (၁.၇) ဘီလီယံနှင့် ထုတ်လုပ်မှုပိုင်းဆိုင်ရာ ဆုံးရှုံးမှု ဒေါ်လာ (၂.၃) ဘီလီယံရှိပြီး စုစုပေါင်း ဒေါ်လာ သန်း (၄) ထောင် ဆုံးရှုံးသည်ဟု အစီရင်ခံစာ၌ တွက်ပြ ထားသည်။ ယင်းသို့ စာရင်းဇယားများဖြင့် ကျားကန်ဖော်ပြထားသော်လည်း သဘာဝဘေး အန္တရာယ်အပေါ် မြန်မာစစ်အစိုးရ၏ တုံ့ပြန်မှု နှေးကွေးခဲ့ခြင်းကိုမူ တစွန်းတပါဒမျှ အစီရင်ခံစာတွင် ဖော်ပြထားခြင်း မရှိခဲ့ပေ။

အကယ်၍ ဘေးအန္တရာယ်ကို လျင်မြန်စွာ တုံ့ပြန်ခဲ့ပါက အသက်ပေါင်းများစွာ ကယ်တင်နိုင်ခဲ့မည်ဟု စစ်အစိုးရအနေဖြင့် ခံစားရခြင်းရှိမရှိ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းအား အေပီသတင်း ထောက်တဦးက မေးမြန်းခဲ့ရာ စင်ကာပူဝန်ကြီးချုပ် ဂျော့ခ်ျ ယိုးက “နိုင်ငံရေးမေးခွန်း” ဆိုပြီး ပယ်ချခဲ့သည်။

နာဂစ်ဆိုင်ကလုန်း ကျရောက်ပြီး ပထမသီတင်းပတ်အတွင်း အလောင်းများ ရေထဲမျောပါနေ ကြောင်း သတင်းများ ထွက်ပေါ်ချိန်တွင် မြန်မာစစ်သားများ၏ တုံ့ပြန်မှု တစုံတရာမျှ မတွေ့ရှိ
ရသဖြင့် ကမ္ဘာတ၀န်းရှိ ပြည်သူများအနေဖြင့် အံသြတုန်လှုပ်ခဲ့ကြရသည်။

ထို့အပြင် မြန်မာစစ်အစိုးရက နိုင်ငံတကာအကူအညီများကိုလည်း နှေးကွေးစွာ လက်ခံခဲ့သည် သာမက မုန်တိုင်းဒဏ်ပြင်းထန်စွာ ခံရသော ဒေသများသို့ သွားရောက်ကူညီလိုသူ ကယ်ဆယ်ရေး လုပ်သားများကိုလည်း ကိုယ်ထိလက်ရောက် တားဆီးမှုများ ပြုလုပ်ခဲ့သည်။

နိုင်ငံတကာအစိုးရများကလည်း မြန်မာစစ်အစိုးရ၏ ဂရုမမူ နှေးကွေးသည့်တုံ့ပြန်မှုအပေါ် ပြင်းထန် စွာ ဝေဖန်ခဲ့ကြသကဲ့သို့ စစ်ခေါင်းဆောင်များအား အကူအညီများ ရယူရန် ဖျောင်းဖျပြောဆိုခဲ့ ကြသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

စစ်အစိုးရက ရွေးကောက်ပွဲကို တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် သြတြေးလျနိုင်ငံက မြင်လို

Agencies/ ၂၃ ဇူလိုင် ၂၀၀၈

မြန်မာစစ်အစိုးရ၏၂၀၁၀ ပြည့်နှစ် ရွေးကောက် ပွဲအား အန်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အင်အားစု များအားလုံး ပါဝင်ပြီး လွတ်လပ်၍ တရား မျှတသော ရွေးကောက်ပွဲအဖြစ် တွေ့မြင်လို ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး စတီဖန် စမစ်က ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မစ္စတာ စမစ်က “မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ ကျနော် မနေ့က စကားပြောဖြစ်ပါတယ်။ မြန်မာ ပြည်သူတွေရဲ့ ဆန္ဒသဘောထားတွေကို ထင်ဟပ်စေမယ့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေး ကောက်ပွဲ ဖြစ်ပေါ်လာမှာကို သြစတြေးလျအစိုးရက မြင်တွေ့လိုပါတယ်” ဟု စင်ကာပူ၌ သတင်းထောက်များအား ယနေ့ပြောသည်။

စင်ကာပူတွင် ကျင်းပနေသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ မြန်မာနိုင်ငံ ခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းကို ယင်းသို့ပြောကြားခဲ့ရာ ဦးဥာဏ်ဝင်းထံမှမူ ၎င်းတို့အနေဖြင့် စစ်အစိုးရ Road Map အတိုင်း ဆက်လက်လုပ်ကိုင်နေသည်ဟူသော အဖြေကိုသာရခဲ့ကြောင်း မစ္စတာစမစ်က ပြောသည်။

စစ်ဗိုလ်ချုပ်ကြီးများ၏ အာဏာသက်ဆိုး ရှည်စေရန် ရည်ရွယ်လုပ်ဆောင်သည်ဟု စွပ်စွဲ၍ အတိုက် အခံ နိုင်ငံရေးအင်အားစုများက ပယ်ချထားသော ဖွဲ့စည်းပုံအခြေခံဥပဒေအောက်၌ ၂၀၁၀ ပြည့် နှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်ရန် မြန်မာစစ်အစိုးရက ကြိုးစားနေခြင်းဖြစ်သည်။

လူ့အခွင့်အရေးဆိုင်ရာ အခြေခံ အာဆီယံပဋိညာဉ်စာချုပ်ကို ယခုလ (၂၁) ရက်တွင် သဘောတူခဲ့ သည့် မြန်မာစစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် လိုအပ်ကြောင်း မစ္စတာစမစ်က ယနေ့ ထပ်မံတိုက်တွန်းလိုက်သည်။

သို့သော် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်တိုက် ကျူးလွန်နေသော စစ်အစိုးရက အာဆီယံ ပဋိညာဉ်စာချုပ်ကို ယခုကဲ့သို့ သဘောတူခြင်းသည် ဟန်ပြသာဖြစ်၍ ပြောင်းလဲမည့် လက္ခဏာ တစုံတရာ မတွေ့ရကြောင်း လေ့လာသူများက ပြောသည်။

သြစတြေးလျအစိုးရက မြန်မာမုန်တိုင်းဘေးအတွက် ကူညီငွေ အမေရိကန်ဒေါ်လာ (၂၉) သန်း ထပ်မံပေးမည်ဖြစ်ကြောင်း ယနေ့ကြေညာခဲ့သည်။ ယခုငွေ မတိုင်မီကလည်း အမေရိကန်ဒေါ်လာ (၂၄) သန်းကျော် ကူညီပြီးဖြစ်သည်။ ။

အပြည့်အစုံဖတ်လိုလျှင်

ချင်းပြည်နယ် မြို့နယ်အချို့တွင် တပ်စခန်းများ တိုးချဲ့ချထားလာ

ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 23 2008

အိုက်ဇော။ ။ ချင်းပြည်နယ်ရှိ မြို့နယ်အချို့တွင် ပြီးခဲ့သည့် ဇွန်လမှစတင်ကာ စစ်တပ်အင်အား တိုးချဲ့ ချထားလိုက်သလို စစ်ကြောင်းလှည့်မှုများလည်း ယခင်ထက် အကြိမ်အရေအတွက် ပိုများလာသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ချင်းပြည်နယ် ထန်တလန်၊ ဟားခါး၊ ဖလမ်းနှင့် ပလက်ဝမြို့နယ်များတွင် ခြေလျင်တပ်ရင်း (ခလရ) နှင့် ခြေမြန်တပ်ရင်း (ခမရ) တပ်များ ၁၂ ခုထက်မနည်း တိုးချလာသလို လှုပ်ရှားတပ်များကလည်း ဒေသခံများကို စစ်ဆေးမှုများ ကြပ်မတ်လာခြင်း ဖြစ်သည်။

“အရင်တုန်းက ရွာမှာ ၃-၄ လဆိုရင် တခါလောက်ပဲ လှည့်တတ်တယ်။ အခု အရင်လှုပ်ရှားတဲ့ နေရာတွေမှာ တလမှာ ၄ ခါလောက် လှုပ်ရှားလာကြတယ်။ အဝင်အထွက် စစ်ဆေးတာတွေ အရမ်းလုပ်လာတာ။ မသင်္ကာရင် ဖမ်းပြီး စစ်ဆေးတာလည်း ခဏခဏပဲ။ အဲဒီလိုမျိုး စစ်ဆေးတော့ ခရီးသွားလာရတာ ကျပ်လာတယ်” ဟု ထန်တလန်မြို့နယ်ရှိ Sopum ကျေးရွာမှ ကိုတွာနိုက ပြောသည်။

ထန်တလန်၊ ဟားခါးနှင့် ဖလမ်းမြို့နယ်ဘက်တွင် ခလရ ၂၂၈၊ ၂၂၉၊ ၈၇၊ ၈၉၊ ခမရ ၁၆ နှင့် ပလက်ဝမြို့နယ်တွင် ခမရ ၃၅၅၊ ၅၅ဝ၊ ၅၃၉၊ ခလရ ၃ဝ၊ ၂ဝ တပ်ရင်းများ တပ်စွဲလာကြပြီး လှုပ်ရှားတပ်အဖြစ် တပ်ရင်း ခလရ ၁၁ဝနှင့် ၂၈၉ ကို စစ်ကြောင်းဖြန့်ထားသည်ဟု ဒေသခံများက ဆိုသည်။

လှုပ်ရှားတပ်များက ထန်တလန်မြို့နယ် zanak တောင်ကျောအုပ်စုရှိ ရွာသားတဦးအား ချင်းသူပုန်များနှင့် ဆက်သွယ်သည်ဟု မသင်္ကာကာ သေနတ်ဒင်ဖြင့် ထုနှက်စစ်ဆေးသဖြင့် နှာခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်းနှင့် အမျိုးသမီးအချို့လည်း အဓမ္မ ပြုကျင့်ခံရမှုများ ရှိနေကြောင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ဒေသသို့ ထွက်ခွါလာသည့် ဒေသခံအချို့က ပြောဆိုသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ထို့အပြင် ထန်တလန်မြို့နယ်အတွင်းရှိ Vanzang ရှိ Sopum, Tlanglo နှင့် Tlangpi ကျေးရွာများတွင် စစ်ရေးအရ ယာယီအခြေချလေ့ရှိပြီး ထိုဒေသများကို အနက်ရောင်နယ်မြေအဖြစ် သတ်မှတ်ထားသည်ဟု သိရသည်။

ယခင်ကတည်းက ထိုဒေသများတွင် ချင်းအမျိုးသား တပ်မတော် (Chin National Army - CNA) က အဓိက လှုပ်ရှားသည့် နယ်မြေဖြစ်သဖြင့် ဒေသတွင်း စစ်တပ်များသည် ဂရုတစိုက် စစ်ကြောင်းထိုးလေ့ ရှိခဲ့သည်။

“တပ်ရင်းတွေ တိုးချဲ့မယ်ဆိုတာက သူတို့ဗျူဟာပဲ။ တပ်ရင်းတွေ များများချလေ၊ ချင်းပြည်သူတွေ အခြေအနေ ဆိုးလေပဲ။ ပြည်သူတွေအတွက် စားနပ်ရိက္ခာ ဖြေရှင်းပေးတာမရှိဘူး၊ ဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်ပေးတာ မရှိဘူး။ ချင်းပြည်မှာရှိတဲ့ လူဦးရေနဲ့ တပ်အင်အားက မမျှဘူးဖြစ်နေတယ်။ တပ်ရင်းများလာလေ လူ့အခွင့်အရေး ချိုးဖောက်တာတွေ၊ အမျိုးသမီးတွေအပေါ် မုဒိမ်းကျင့်တာတွေ များလာမယ်” ဟု ချင်းအမျိုးသားတပ်ဦးမှ ပြောရေးဆိုခွင့်ရှိသူ ဦးတာန်းရမ်က မဇ္ဈိမကို ပြောသည်။

ဟားခါးမြို့နယ် Sen Thang နယ်ရှိ ကျေးရွာပေါင်း ၂၈ ရွာရှိ ဒေသခံများအား ကြက်ဆူပင်စိုက်ပျိုးရန်အတွက် တအိမ်ထောင်လျှင် ကျပ်ငွေ တသောင်း နှုန်းကောက်ခံပြီး စပါးမျိုးစေ့ဝယ်ရန်ဟုဆိုကာ တအိမ်ထောင်လျှင် ကျပ် ၅ဝဝ စီ ကောက်ခံနေသည်။ မပေးနိုင်ပါက ပြင်းထန်စွာ အရေးယူမည်ဖြစ်ဟု ကျေးရွာ ရယက များက အမိန့်ထုတ်ပြန်ထားသည်။

ထို့အပြင် Sur Khar ကျေးရွာတွင် ရဲစခန်း ဆောက်လုပ်ရန် တအိမ်ထောင် ကျပ် ၅ဝဝ ကောက်ခံသလို၊ ငွေမပေးနိုင်ပါက စခန်းဆောက်လုပ်ရေး လုပ်အားပေး ဆင့်ခေါ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁ဝ ရက်နေ့က ဖွဲ့စည်းပုံဥပဒေ (မူကြမ်း) အတည်ပြုရေးအတွက် ဆန္ဒခံယူပွဲကျင်းရာတွင် ထန်တလန်၊ ဟားခါးနှင့် ဖလမ်းမြို့နယ်ရှိ ဒေသအများအပြားတွင် ကန့်ကွက်မဲ အနိုင်ရခြင်းကြောင့် တပ်ရင်းများ ယခုလို တိုးချဲ့လာခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ခန့်မှန်း ပြောဆိုကြသည်။

ဟားခါး၊ တီးတိန်၊ ဖလမ်းနှင့် ထန်တလန်ဘက်တွင် ကန့်ကွက်မဲ အရေအတွက် ပိုများခဲ့သည်ဟု မီဇိုရမ်အခြေစိုက် ချင်းအမျိုးသားကောင်စီ (Chin National Council - CNC) က ပြောသည်။

“ကျနော်တို့က မဲဆန္ဒမကျင်းပခင် ပြည်တွင်းကနေ ကိုယ့်လူတွေ၊ စိတ်ချရပြီး ပြည်တွင်းမှာ သြဇာနည်းနည်း ရှိတဲ့သူတွေကို ခေါ်ပြီး သင်တန်းပေးတယ်။ CNC ကလည်း နယ်ဆင်းပြီး သင်တန်းပေးထားတဲ့ သူတွေဆီက အချက်အလက် ရယူတာ ဖြစ်တယ်” ဟု CNC မှ ကန့်ကွက်မဲထည့်ဝင်ရေး လှုပ်ရှားမှုနှင့် ပတ်သက်ပြီး အဓိက သတင်းအချက်အလက် စုဆောင်းသူ (တာဝန်ခံ) ကိုဟန်နရီက မဇ္ဈိမကို ပြောသည်။

ဃ္ဒဃ သည် မေလတွင် ကျင်းပခဲ့သည့် မဲဆန္ဒပေးပွဲ မတိုင်မီ အရေးပေါ် ကော်မတီတရပ် ဖွဲ့စည်းခဲ့ပြီး အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် သွားရောက်ကာ ချင်းပြည်သူများကို ဟောပြော စည်းရုံးခဲ့သေးသည်။

အပြည့်အစုံဖတ်လိုလျှင်

မလေးရှားရှိ မြန်မာသံရုံးကို မီးရှို့သူ ဖမ်းဆီးခံရ

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 23 2008်


နယူးဒေလီ။ ။ တကိုယ်လုံး ဓာတ်ဆီလောင်းထားသည့် မြန်မာလူငယ်တဦးသည် မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူရှိ မြန်မာသံရုံးကို ဝင်ရောက် မီးရှို့သဖြင့် ယမန်နေ့က ရဲက ဖမ်းဆီးခဲ့သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ယမန်နေ့ နေ့လယ်ပိုင်းက မြန်မာလူငယ် ကိုစောနောင်သည် မြန်မာသံရုံး အတွင်းသို့ ဓာတ်ဆီပုံးတပုံးကို မီးရှို့ ပစ်သွင်းခဲ့သော်လည်း လမ်းခုလပ်၌ပင် ပေါက်ကွဲသွားပြီးနောက် မိမိကိုယ်ကို မီးရှို့ပြီး သံရုံးဝန်းအတွင်း ဝင်ရောက်ရန် ကြိုးပမ်းစဉ် မလေးရှား ရဲများက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“သူက ဓာတ်ဆီပုံးကို ပစ်သွင်းလိုက်တဲ့ အချိန်မှာ မအောင်မြင်ဘူး။ မအောင်မြင်တော့ ကိုယ့်ကိုယ်ကို မီးရှို့ဖို့ ကြိုးစားနေတုန်း မလေး အရပ်ဝတ် ရဲတွေက ဖမ်းလိုက်တာပါ” ဟု ကွာလာလမ်ပူ အခြေစိုက် မြန်မာအလုပ်သမား အခွင့်အရေး စောင့်ရှောင်ရေးအဖွဲ့မှ ကိုရဲမင်းထွန်းက မဇ္ဈိမကို ပြောသည်။

သံရုံးကို မီးရှို့ရန် ကြိုးစားသူသည် မူးယစ်ဆေးဝါး သုံးစွဲထားကြောင်းနှင့် မည်သည့် ရည်ရွယ်ချက်ဖြင့် ယခုလို လုပ်ရပ်မျိုး ပြုလုပ်ရသည်ကို မသိရသေးကြောင်း ရဲဘက်က ပြောဆိုသည်ဟု သူက ပြောဆိုသည်။

သူက “ရဲအရာရှိတွေ ပြောတာက အချိန်မရွေး နှိမ်နှင်းလို့ ရတယ်။ မင်းတို့က တဆင့်တက်ပြီး အကြမ်းဖက်တာတွေ လုပ်လာရင် လက်မခံဘူးလို့ ပြောတယ်။ ကျနော်က ဒီကိစ္စမျိုးအတွက် တာဝန်ယူမယ်လို့တော့ ပြန်မပြောဘူးလေ။ ဒါပေမဲ့ အတိုက်အခံတွေရဲ့ သဘောထားကို၊ အရိပ်အကဲကိုကြည့်ရင် ခင်ဗျားတို့ သဘောပေါက်လောက်တယ်လို့ ပြန်ဖြေခဲ့တယ်။ ကျနော်တို့အနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေ မလုပ်ဘူးဆိုတာ ခင်ဗျားတို့ နားလည်မှာပါလို့ ပြောခဲ့တယ်” ဟု ဆက်ပြောသည်။

ယမန်နေ့က အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး မြန်မာသံရုံးကမူ ယခုအချိန်အထိ သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။

အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရန်အတွက် မြန်မာသံရုံးသို့ ဆက်သွယ်မေးမြန်းရာတွင် တာဝန်ကျ ဝန်ထမ်းတဦးက ဖြေကြားပိုင်ခွင့် မရှိကြောင်း ပြောဆိုကာ ဖုန်းချသွားခဲ့သည်။

မြန်မာအလုပ်သမားတဦးက “မြန်မာသံရုံး အတိုက်ခိုက်ခံရတဲ့အတွက် မလေးရှားရောက် မြန်မာ့ ဒီမိုကရေစီအရေး အတိုက်အခံတွေ၊ အဖွဲ့အစည်းတွေအတွက် မလေးရှား အာဏာပိုင်တွေနဲ့ ဆက်ဆံရေး ထိခိုင်နိုင်စရာ ရှိတယ်” ဟု ခန့်မှန်းပြောဆိုသည်။

၂ဝဝ၆ ခုနှစ် ဧပြီလ ၂၁ ရက်နေ့ကလည်း ငွေရေးကြေးရေး အရှုပ်အရှင်းကြောင့် သံအမှုထမ်း တဦးသည် သံရုံးအတွင်း၌ ကိုယ့်ကိုယ်ကို မီးရှို့၍ အဆုံးစီရင်ခဲ့ဖူးသည်။

အပြည့်အစုံဖတ်လိုလျှင်