စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Wednesday, July 23, 2008

ချင်းပြည်နယ် မြို့နယ်အချို့တွင် တပ်စခန်းများ တိုးချဲ့ချထားလာ

ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 23 2008

အိုက်ဇော။ ။ ချင်းပြည်နယ်ရှိ မြို့နယ်အချို့တွင် ပြီးခဲ့သည့် ဇွန်လမှစတင်ကာ စစ်တပ်အင်အား တိုးချဲ့ ချထားလိုက်သလို စစ်ကြောင်းလှည့်မှုများလည်း ယခင်ထက် အကြိမ်အရေအတွက် ပိုများလာသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ချင်းပြည်နယ် ထန်တလန်၊ ဟားခါး၊ ဖလမ်းနှင့် ပလက်ဝမြို့နယ်များတွင် ခြေလျင်တပ်ရင်း (ခလရ) နှင့် ခြေမြန်တပ်ရင်း (ခမရ) တပ်များ ၁၂ ခုထက်မနည်း တိုးချလာသလို လှုပ်ရှားတပ်များကလည်း ဒေသခံများကို စစ်ဆေးမှုများ ကြပ်မတ်လာခြင်း ဖြစ်သည်။

“အရင်တုန်းက ရွာမှာ ၃-၄ လဆိုရင် တခါလောက်ပဲ လှည့်တတ်တယ်။ အခု အရင်လှုပ်ရှားတဲ့ နေရာတွေမှာ တလမှာ ၄ ခါလောက် လှုပ်ရှားလာကြတယ်။ အဝင်အထွက် စစ်ဆေးတာတွေ အရမ်းလုပ်လာတာ။ မသင်္ကာရင် ဖမ်းပြီး စစ်ဆေးတာလည်း ခဏခဏပဲ။ အဲဒီလိုမျိုး စစ်ဆေးတော့ ခရီးသွားလာရတာ ကျပ်လာတယ်” ဟု ထန်တလန်မြို့နယ်ရှိ Sopum ကျေးရွာမှ ကိုတွာနိုက ပြောသည်။

ထန်တလန်၊ ဟားခါးနှင့် ဖလမ်းမြို့နယ်ဘက်တွင် ခလရ ၂၂၈၊ ၂၂၉၊ ၈၇၊ ၈၉၊ ခမရ ၁၆ နှင့် ပလက်ဝမြို့နယ်တွင် ခမရ ၃၅၅၊ ၅၅ဝ၊ ၅၃၉၊ ခလရ ၃ဝ၊ ၂ဝ တပ်ရင်းများ တပ်စွဲလာကြပြီး လှုပ်ရှားတပ်အဖြစ် တပ်ရင်း ခလရ ၁၁ဝနှင့် ၂၈၉ ကို စစ်ကြောင်းဖြန့်ထားသည်ဟု ဒေသခံများက ဆိုသည်။

လှုပ်ရှားတပ်များက ထန်တလန်မြို့နယ် zanak တောင်ကျောအုပ်စုရှိ ရွာသားတဦးအား ချင်းသူပုန်များနှင့် ဆက်သွယ်သည်ဟု မသင်္ကာကာ သေနတ်ဒင်ဖြင့် ထုနှက်စစ်ဆေးသဖြင့် နှာခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်းနှင့် အမျိုးသမီးအချို့လည်း အဓမ္မ ပြုကျင့်ခံရမှုများ ရှိနေကြောင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ဒေသသို့ ထွက်ခွါလာသည့် ဒေသခံအချို့က ပြောဆိုသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ထို့အပြင် ထန်တလန်မြို့နယ်အတွင်းရှိ Vanzang ရှိ Sopum, Tlanglo နှင့် Tlangpi ကျေးရွာများတွင် စစ်ရေးအရ ယာယီအခြေချလေ့ရှိပြီး ထိုဒေသများကို အနက်ရောင်နယ်မြေအဖြစ် သတ်မှတ်ထားသည်ဟု သိရသည်။

ယခင်ကတည်းက ထိုဒေသများတွင် ချင်းအမျိုးသား တပ်မတော် (Chin National Army - CNA) က အဓိက လှုပ်ရှားသည့် နယ်မြေဖြစ်သဖြင့် ဒေသတွင်း စစ်တပ်များသည် ဂရုတစိုက် စစ်ကြောင်းထိုးလေ့ ရှိခဲ့သည်။

“တပ်ရင်းတွေ တိုးချဲ့မယ်ဆိုတာက သူတို့ဗျူဟာပဲ။ တပ်ရင်းတွေ များများချလေ၊ ချင်းပြည်သူတွေ အခြေအနေ ဆိုးလေပဲ။ ပြည်သူတွေအတွက် စားနပ်ရိက္ခာ ဖြေရှင်းပေးတာမရှိဘူး၊ ဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်ပေးတာ မရှိဘူး။ ချင်းပြည်မှာရှိတဲ့ လူဦးရေနဲ့ တပ်အင်အားက မမျှဘူးဖြစ်နေတယ်။ တပ်ရင်းများလာလေ လူ့အခွင့်အရေး ချိုးဖောက်တာတွေ၊ အမျိုးသမီးတွေအပေါ် မုဒိမ်းကျင့်တာတွေ များလာမယ်” ဟု ချင်းအမျိုးသားတပ်ဦးမှ ပြောရေးဆိုခွင့်ရှိသူ ဦးတာန်းရမ်က မဇ္ဈိမကို ပြောသည်။

ဟားခါးမြို့နယ် Sen Thang နယ်ရှိ ကျေးရွာပေါင်း ၂၈ ရွာရှိ ဒေသခံများအား ကြက်ဆူပင်စိုက်ပျိုးရန်အတွက် တအိမ်ထောင်လျှင် ကျပ်ငွေ တသောင်း နှုန်းကောက်ခံပြီး စပါးမျိုးစေ့ဝယ်ရန်ဟုဆိုကာ တအိမ်ထောင်လျှင် ကျပ် ၅ဝဝ စီ ကောက်ခံနေသည်။ မပေးနိုင်ပါက ပြင်းထန်စွာ အရေးယူမည်ဖြစ်ဟု ကျေးရွာ ရယက များက အမိန့်ထုတ်ပြန်ထားသည်။

ထို့အပြင် Sur Khar ကျေးရွာတွင် ရဲစခန်း ဆောက်လုပ်ရန် တအိမ်ထောင် ကျပ် ၅ဝဝ ကောက်ခံသလို၊ ငွေမပေးနိုင်ပါက စခန်းဆောက်လုပ်ရေး လုပ်အားပေး ဆင့်ခေါ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁ဝ ရက်နေ့က ဖွဲ့စည်းပုံဥပဒေ (မူကြမ်း) အတည်ပြုရေးအတွက် ဆန္ဒခံယူပွဲကျင်းရာတွင် ထန်တလန်၊ ဟားခါးနှင့် ဖလမ်းမြို့နယ်ရှိ ဒေသအများအပြားတွင် ကန့်ကွက်မဲ အနိုင်ရခြင်းကြောင့် တပ်ရင်းများ ယခုလို တိုးချဲ့လာခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ခန့်မှန်း ပြောဆိုကြသည်။

ဟားခါး၊ တီးတိန်၊ ဖလမ်းနှင့် ထန်တလန်ဘက်တွင် ကန့်ကွက်မဲ အရေအတွက် ပိုများခဲ့သည်ဟု မီဇိုရမ်အခြေစိုက် ချင်းအမျိုးသားကောင်စီ (Chin National Council - CNC) က ပြောသည်။

“ကျနော်တို့က မဲဆန္ဒမကျင်းပခင် ပြည်တွင်းကနေ ကိုယ့်လူတွေ၊ စိတ်ချရပြီး ပြည်တွင်းမှာ သြဇာနည်းနည်း ရှိတဲ့သူတွေကို ခေါ်ပြီး သင်တန်းပေးတယ်။ CNC ကလည်း နယ်ဆင်းပြီး သင်တန်းပေးထားတဲ့ သူတွေဆီက အချက်အလက် ရယူတာ ဖြစ်တယ်” ဟု CNC မှ ကန့်ကွက်မဲထည့်ဝင်ရေး လှုပ်ရှားမှုနှင့် ပတ်သက်ပြီး အဓိက သတင်းအချက်အလက် စုဆောင်းသူ (တာဝန်ခံ) ကိုဟန်နရီက မဇ္ဈိမကို ပြောသည်။

ဃ္ဒဃ သည် မေလတွင် ကျင်းပခဲ့သည့် မဲဆန္ဒပေးပွဲ မတိုင်မီ အရေးပေါ် ကော်မတီတရပ် ဖွဲ့စည်းခဲ့ပြီး အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် သွားရောက်ကာ ချင်းပြည်သူများကို ဟောပြော စည်းရုံးခဲ့သေးသည်။

No comments: