စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Wednesday, June 18, 2008

ဘဝကို ပေါင်နှံနေကြရသူများ …



အောင်သက်ဝိုင်း ဇွန် ၁၈၊ ၂၀၀၈

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မိုးကောင်းလမ်းထိပ်မှာရှိတဲ့ ရတနာ ပုဂ္ဂလိကလိုင်စင်ရ ငွေချေးလုပ်ငန်းဆိုပြီး ဆိုင်းဘုတ်တပ်ထား တဲ့ တိုက်ခန်းအတွင်းကို အဖြူရောင်ပျောက်ပြီး သံချေးရောင်ပေါက်နေတဲ့ အထက်တန်း ကျောင်းတံဆိပ်ပါ အင်္ကျီနဲ့ အစိမ်း ရောင်မရှိတော့ဘဲ မွဲခြောက်ခြောက် လုံချည်စိမ်းကို ၀တ်ဆင်ထားတဲ့ အသက် ၁၃ နှစ်အရွယ် ကျောင်းသူလေးတဦး ၀င်လာပါတယ်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဆယ်ကျော်သက်အရွယ်ဖြစ်ပေမယ့် သူမရဲ့မျက်နှာလေးက အရွယ်နဲ့မလိုက်အောင် အိုစာညှိုးနွမ်းလွန်းလှတယ်။ သူမ ကိုယ်ခန္ဓာက ကြုံလှီသေးကွေးလွန်းလှပြီး နီကျင်ကျင်အသားရေနဲ့ ခြေထောက်တွေမှာ ရွှံဗွက်အလိမ်းလိမ်းနဲ့ ပေကျံ ညစ်ပတ်နေပါတယ်။

တိုက်ခန်းထဲ ရောက်တယ်ဆိုရင်ပဲ အပ်ချည်ချူပ် အဖာရာတွေပြည့်နေတဲ့ သူမရဲ့ ခပ်စုတ်စုတ်လွယ်အိတ်လေး ထဲက သေသေသပ်သပ်ထုပ်ထားတဲ့ အထုပ်လေးတထုပ်ကို ဆွဲထုတ်ပြီးအပေါင်ဆိုင်ပိုင်ရှင်ရဲ့လက်ထဲကို အပ် လိုက်တယ်။ သူမဟာ အထုပ်ကို ယူစစ်ဆေးနေတဲ့ ဆိုင်ရှင်ကိုပဲ အရောင်လက်နေတဲ့ မျှော်လင့်ချက် မျက်လုံး တွေနဲ့ စူးစူးစိုက်စိုက်ကြည့်နေပါတယ်။

အထုပ်ထဲမှာ ပါလာတာကတော့ အရောင်ခပ်မွဲမွဲ ပါတိတ်ထဘီလေးတထည်ဖြစ်ပြီး ဆိုင်ရှင်က အထည်ကို သေသေချာချာ လှန်လှော စစ်ဆေးနေတယ်။

“သုံးရာရမယ်”ဆိုတဲ့ အပေါင်ဆိုင်ရှင်ရဲ့ စူးရှတဲ့အသံထွက်ပေါ်လာတယ် ဆိုရင်ပဲ ကျောင်းသူကလေးမရဲ့ အရောင်တောက် တဲ့ မျက်လုံးတွေက ဖျော့တော့နွမ်းလျသွားပါတယ်။

“အန်တီရယ် ငါးရာတော့ပေးပါ။ သမီး ဒီနေ့ကျောင်းစာအုပ်ဖိုးသွင်းရမှာမို့လို့ပါ”ဆိုတဲ့ တိုးညင်းလှတဲ့အသံလေးက သနား စဖွယ် ပေါ်ထွက်လာပါတယ်။ ဆိုင်ရှင်က ကျောင်းသူမလေးကို တချက် စိုက်ကြည့်လိုက်ပြီး အထည်ကို ကြိုးနဲ့ ချည်နှောင် ထုပ်ပိုးပြီး စာရင်းသွင်းလိုက်ပါတယ်။

ခဏကြာတော့မှ ဆိုင်ရှင်က ငွေငါးရာနဲ့ အဖြူရောင်ဘောက်ချာလေးတခုကို ကျောင်းသူမိန်းကလေးဆီ သံဆန်ခါတွေ ကာရံထားတဲ့ အပေါက်လေးထဲကနေ လှမ်းပေးလိုက်ပါတယ်။

အဲဒီနောက်မှာ ကျောင်းသူကလေးမဟာ ငွေငါးရာနဲ့ ဘောက်ချာကို လွယ်အိတ်ထဲထည့်ပြီး ရွှင်လန်းတက်ကြွ တဲ့ အသွင် အပြင်နဲ့ မိုးပေါက်လေးတွေတဖွဲဖွဲကျနေတဲ့ လမ်းမပေါ်ကို အမိုးအကာမပါဘဲ ပြေးထွက်သွားပါတော့တယ်။

ရတနာ အပေါင်ဆိုင်ထဲမှာတော့ ပစ္စည်းပေါင်ပြီးငွေချေးဖို့ ရောက်နေကြတဲ့ အမျိုးသား၊ အမျိုးသမီးတွေက ကျောင်းသူ ကောင်မလေးကို စိတ်မကောင်းကြီးစွာ လှမ်းမျှော်ကြည့်နေကြပါတယ်။

သူတို့တွေအားလုံးရဲ့မျက်နှာမှာ ကလေးမကိုသနားစာနာတဲ့ အမူအရာတွေနဲ့ ကူညီရိုင်းပင်းလိုတဲ့ အသွင်အပြင်တွေ အထင်း သားပေါ်လွင်နေပါတယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင်လည်း ကျောင်းသူကလေးမလေးလိုပဲ စားဝတ် နေရေးနဲ့ စီးပွားရေး အကြပ်အတည်းဖြေရှင်းဖို့အတွက် အပေါင်ဆိုင်မှာငွေချေးမလို့ ရောက်နေကြ သူတွေ ပါပဲ။

“နာဂစ် မုန်တိုင်းတိုက်ပြီးတဲ့ နောက်ပိုင်း အ၀တ်အထည်နဲ့ အိုးခွက်ပန်းကန်တွေ အများဆုံးလာပေါင်ကြတယ်။ အထူးသဖြင့် အမျိုးသမီးထဘီနဲ့ ဒန်အိုးဒန်ခွက်တွေကတော့ အများဆုံးလက်ခံရတဲ့ အပေါင်ပစ္စည်းတွေပဲ”လို့ လှိုင်သာယာမြို့နယ်က ပုဂ္ဂလိကလိုင်စင်ရငွေချေးလုပ်ငန်း အပေါင်ဆိုင် ပိုင်ရှင်တဦးက ပြောပါတယ်။

နာဂစ်မုန်တိုင်း မတိုက်ခတ်မီကပင် ရန်ကုန် နယ်နမိတ်အတွင်းဖွင့်လှစ်ထားတဲ့ လိုင်စင်ရ ပုဂ္ဂလိက ငွေချေး လုပ်ငန်းတွေမှာ ပစ္စည်းလာရောက်ပေါင်နှံသူတွေ အများအပြားရှိနေပြီး နာဂစ်မုန်တိုင်းတိုက်ပြီးတဲ့ နောက်ပိုင်းမှာ အပေါင်ဆိုင်ကိုလာရောက် တဲ့သူတွေ အလွန်ပေါများလာတယ်လို့ အပေါင်ဆိုင်လုပ်ငန်းရှင်တွေက ဆိုပါတယ်။

“အိမ်တွေပြို ၊ အလုပ်အကိုင်တော်တော်များလည်း ရပ်ကုန်တော့ လူတွေက ငွေရဖို့ အပေါင်ဆိုင်တွေကို အားကိုး လာရ တယ်။ ကျနော့်ဆိုင်မှာ အရင်တုန်းက တနေ့ကို လူ ၆၀ နဲ့ ၁၀၀ ကြားလောက်ပျမ်းမျှလာပေါင်တယ်။ နာဂစ် မုန်တိုင်းနောက် ပိုင်း လာပေါင်တဲ့လူ အရေအတွက် အရမ်းများလာတယ်”ဟု အင်းစိန်မြို့နယ် အင်းစိန် ဈေးအနီးရှိ အပေါင်ဆိုင်လုပ်ငန်းရှင် တဦးက ဆိုပါတယ်။

နာဂစ် မုန်တိုင်းနောက်ပိုင်း အင်းစိန်မြို့နယ်အတွင်းရှိ အပေါင်ဆိုင်တွေမှာ နေ့စဉ်လာရောက်ပေါင်နှံတဲ့ လူဦးရေ ၂၀၀ နဲ့ ၃၀၀ အကြားရှိနေပြီး အများစုမှာ အ၀တ်အထည် ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ နဲ့ မီးဖိုချောင်သုံး ပစ္စည်း တွေ ပေါင်နှံကြတယ်လို့ သိရပါတယ်။

“ပစ္စည်းလာပေါင်ကြတဲ့ လူတွေက တနေ့လုပ်တနေ့စား အခြေခံလူတန်းစားတွေ၊ အောက်ခြေအဆင့် အစိုးရ ၀န်ထမ်းတွေ အများဆုံးလာကြတယ်”လို့ လှိုင်မြို့နယ်မှ အပေါင်ဆိုင်ပိုင်ရှင်တဦးကလည်း ဆိုပါတယ်။

လှိုင်သာယာမြို့နယ်ရှိ အပေါင်ဆိုင်တွေမှာလည်း လက်လုပ်လက်စား အခြေခံလူတန်းစားတွေ အများဆုံး လာ ရောက်ပေါင် နှံကြပြီး နေ့ချင်းပြန် ပစ္စည်းတွေပေါင်နှံရွေးယူမှု များပြားကြောင်း လှိုင်သာယာအပေါင်ဆိုင် တွေရဲ့ အပြောအရသိရပါတယ်။

“မနက် အလုပ်သွားခါနီး ဒန်အိုးဒန်ခွက်တွေလာပေါင်ပြီး အလုပ်သွားလုပ်ဖို့ လမ်းစရိတ်နဲ့ မနက်စာ မုန့်လေး ဘာလေးစားဖို့ စရိတ်ရှာတယ်။ ညနေအလုပ်ကပြန်လာတဲ့ အခါ မနက်က ပေါင်ထားတဲ့ ဒန်အိုးဒန်ခွက်တွေကို အတိုးရော၊ အရင်းပါဆပ်ပြီး အိမ်မှာထမင်းဟင်းချက်ဖို့ အိုးခွက် တွေပြန်ရွေးတယ်။ အဲလို နေ့စဉ်ပေါင်နှံ လမ်း စရိတ်ရှာပြီးအလုပ်သွားတယ်”လို့ လှိုင်သာယာ ၂၁ ရပ်ကွက်မှာနေထိုင်ပြီး ရန်ကုန်မြို့တွင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုမှာ အလုပ်လုပ်နေတဲ့ နေ့စားပန်းရံဆရာတဦးက ဆိုပါတယ်။

နေ့စဉ်စားဝတ်နေရေး အခက်အခဲတွေရှိနေပြီး လစာနဲ့မလုံလောက်တဲ့အတွက် ၀န်ထမ်းများအနေနဲ့လည်း ပစ္စည်းပေါင် ငွေချေးငှားကြရပြီး လစာရရှိချိန် ပြန်လည်ရွေးလိုက် လုပ်ရကြောင်း၊ အပေါင်ဆိုင်တွေနဲ့ကင်းရှင်းတဲ့ ၀န်ထမ်းရယ်လို့ အင်မတန်ရှားတယ်လို့ ဆိုကြပါတယ်။

“လကုန်ပြီး ၁၂ ရက်လောက်ဆိုရင် လက်ထဲမှာပိုက်ဆံပြတ်သွားပြီ။ တနေ့စာ တနေ့ စားဖို့ အပေါင်ဆိုင်တွေကို ပြေးရတယ်။ အရင်က ဌာနကပေးတဲ့ ဆန်၊ ဆီ တွေရတော့ စားဖို့ကို ရှိတာနဲ့ ဖြစ်သလိုစားတော့ အပေါင်ဆိုင်တွေ သိပ်သွားစရာမလိုဘူး။ ဒါပေမယ့် အစိုးရလစာတွေ တိုးမြှင့်ပြီးနောက်ပိုင်းတော့ ဆန်၊ ဆီတွေ မရတော့တဲ့ အတွက် အပေါင်ဆိုင်နဲ့ ၀န်ထမ်းတွေ ထိတွေ့လာရတယ်”လို့ တပ်မတော်ချည်မျှင်နဲ့ မိုးရေကာဖျင် ၀န်ထမ်း တဦးက ဆိုပါတယ်။

ရန်ကုန်မြို့အတွင်း အောင်မြင်ဖြစ်ထွန်းတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အပေါင်ဆိုင်လုပ်ငန်းက တခုအပါအ၀င် ဖြစ်တဲ့အတွက် လုပ်ကိုင်လိုသူပေါများပြီး နှစ်စဉ်အပေါင်ဆိုင် အရေအတွက်တိုးများလာတယ်လို့ အပေါင်ဆိုင် လုပ်ပိုင်ခွင့်လိုင်စင် ချပေးတဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အဆင့်မြင့် အရာရှိကြီးတဦးက ပြောပြတယ်။

သူ့ အဆိုအရ ရန်ကုန်မြို့မှာ၂၀၀၀-၂၀၀၁ ခုနှစ် ဘဏ္ဍာရေးနှစ်က အပေါင်ဆိုင် ၁၃၇ ဆိုင်၊ ၂၀၀၁-၂၀၀၂ ခုနှစ် ဘဏ္ဍာရေး နှစ်မှာ အပေါင်ဆိုင် ၁၆၀ ၊၂၀၀၂-၂၀၀၃ ခုနှစ်မှာ ၁၆၂ ဆိုင်၊ ၂၀၀၃-၂၀၀၄ ခုနှစ်မှာ ၁၆၂ ဆိုင်၊၂၀၀၄-၂၀၀၅ ခုနှစ်မှာ ၁၈၉ ဆိုင်၊၂၀၀၅-၂၀၀၆ ခုနှစ်မှာ၂၁၄ ဆိုင်၊ ၂၀၀၆-၂၀၀၇ မှာ ၂၅၀ ဆိုင်၊ ၂၀၀၇-၂၀၀၈ မှာ ၂၅၅ ဆိုင် ရှိပြီး အခု ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်မှာ အပေါင်ဆိုင် ၂၅၆ ဆိုင်ရှိကြောင်း သိရှိရ ပါတယ်။

အပေါင်ဆိုင်လိုင်စင်ရဖို့ လုပ်ငန်းရှင်တွေအပြိုင်အဆိုင်လေလံဆွဲတဲ့နေရာမှာ စည်ပင်ကို လာဘ်ငွေထိုးရပြီး လာဘ်ငွေအများ ဆုံးပေးနိုင်တဲ့သူတွေသာ လိုင်စင်ရနိုင်တယ်လို့ အပေါင်ဆိုင်လုပ်ငန်းရှင်တွေက ရှင်းပြတယ်။

“ရန်ကုန်ဆင်ခြေဖုံးမြို့နယ်မှာ အပေါင်ဆိုင်ဖွင့်ဖို့ လိုင်စင် ကြေး သိန်းငါးဆယ် သွင်းရမယ်ဆိုရင် နောက်ထပ် စည်ပင် ကို လိုင်စင်ရဖို့ သိန်း ၂၀ လောက် လာဘ်ထိုးရတယ်။ အားလုံးပေါင်း လိုင်စင်ကြေးအတွက်ချည်းပဲ ငွေသိန်း ၇၀ လောက် ကုန်တယ်”လို့ လှိုင်သာယာမြို့နယ်မှ အပေါင်ဆိုင် ပိုင်ရှင် က ပြောပြတယ်။

အပေါင်ဆိုင်လိုင်စင်ကြေးမှာ မြို့နယ်အလိုက်ကွာခြားမှုရှိပြီး ဆင်ခြေဖုံးမြို့နယ်တွေရဲ့ လိုင်စင်ကြေးက အနည်းဆုံး သိန်း ငါးဆယ် ရှိကြောင်း၊ မြို့တွင်းမှာ လိုင်စင်ကြေး အနည်းဆုံး သိန်း ရှစ်ဆယ်ရှိကြောင်း လုပ်ငန်းရှင် တွေရဲ့ အဆို အရ သိရပါတယ်။

အပေါင်ဆိုင်တခုတည်ထောင်ဖို့အတွက် သိန်း၂၀၀၀ ခန့် လိုအပ်ပြီး ရန်ကုန်မြို့အပေါင်ဆိုင်အများစုမှာ စုပေါင်း ရှယ်ယာစနစ်နဲ့ ဖွင့်လှစ်ကြကြောင်း၊ တနိုင်တပိုင် လိုင်စင် မလျှောက်ဘဲ လုပ်ကိုင်ကြတဲ့ တရားမ၀င် အပေါင်ဆိုင် အများအပြားလည်း ပေါ်ပေါက်နေကြောင်း လုပ်ငန်းရှင်တွေက ရှင်းပြပါတယ်။

“ရပ်ကွက်တွေထဲမှာ ငွေလိုတဲ့သူတွေကို အပေါင်ပစ္စည်းယူငွေချေးတဲ့ အပေါင်ဆိုင်လေးတွေ အများကြီး ရှိလာ တယ်။ သူတို့ကတော့ လိုင်စင်မလိုဘဲ တနိုင်တပိုင်လုပ်ကြတာ။ အဲဒီဆိုင်လေးတွေ များလာတော့ လိုင်စင်နဲ့ လုပ်တဲ့ အပေါင်ဆိုင်ကြီး တွေ လုပ်ငန်းနည်းနည်း ကျတာပေါ့”လို့ သင်္ကန်းကျွန်းမြို့နယ်မှ အပေါင်ဆိုင် လုပ်ငန်းရှင် တဦးကဆိုပါတယ်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မန္တလေး အငြိမ့်သဘင်များက လေဘေးအကူ သိန်း ၉ဝ ကျော် ကောက်ခံရရှိ

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 18 2008 20:16 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မန္တလေး လူရွှင်တော်များနှင့် ဇာတ်သဘင် အနုပညာသည်များက နာဂစ်လေဘေးသင့် ပြည်သူများကို ထောက်ပံ့ရန် အလှူငွေ ကောက်ခံရာ ကျပ် ၉၂ သိန်း ရရှိခဲ့သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နာမည်ကြီး လူရွှင်တော် ဦးပါပါလေး ညီအကိုနှင့် အခြားလူရွှင်တော်များ၊ ဆိုင်းဝိုင်း၊ အငြိမ့်၊ ဘိသိတ်မှ အနုပညာရှင်များက ယခုလအတွင်း ၆ ရက်ခန့် မော်တော်ကား၊ ခြေလျင်တို့ဖြင့် မန္တလေးမြို့ပေါ်နှင့် တိုင်းအတွင်း ဒေသအချို့တွင် ဖျော်ဖြေ တင်ဆက်မှုများ ပြုလုပ်ကာ စေတနာရှင်များ ထံက ကောက်ခံ ရရှိခဲ့ခြင်း ဖြစ်သည်။

လူရွှင်တော် ဦးပါပါလေးက “ကျနော်တို့က ပြည်သူတွေ ကျွေးလို့ စားခဲ့ရတယ်လေ။ ပြည်သူက ပေးပြီးပြီ။ ဒီတခါ လမ်းမှာ မူးမေ့လို့ သေချင် သေသွားပါစေ၊ ပြည်သူတွေကို ဒို့ ပြန်ပေးရမယ်၊ ဒို့မှာ တာဝန်ရှိတယ်လေ။ ဒါကြောင့် ကျနော့် ဆောင်ပုဒ်လေးက “ပြည်သူ့ကိုယ်စား ပါးစပ် အငှားဖြင့် မထောက်မညှာ ရဲဝံ့စွာနဲ့ မှန်ရာကိုပြော ကိုယ့်သဘော” ဆိုတဲ့အတိုင်း ပြည်သူတွေရှေ့ကနေ မားမားမတ်မတ် ရပ်တည်ရမယ်။ ဒါကြောင့် ကျနော်က နာဂစ် ပြည်သူတွေအတွက် အဖြူရောင် သန့်သန့်ကလေးနဲ့ နေပူထဲမှာ ခေါင်းပေါင်းပေါင်း၊ ပုဆိုးဝတ်ပြီးတော့ အလှူခံ ခဲ့ပါတယ်” ဟု ပြောသည်။

အလှူခံထွက်ရာတွင် ပါဝင်ခဲ့သူ အနုပညာရှင် တဦးက “၁၂ ရက်မှာ အောင်တော်မူ၊ ၁၃ ရက်နေ့မှာ စံပြကွက်သစ်၊ ၁၄ ရက်နေ့မှာ ခြေကျင် လျှောက်ပြီးတော့ ၁၄ ရက်နေ့မှာ ကျောက်ဆည်မှာလည်း ကပြခဲ့တယ်၊ အလှူခံတယ်” ဟု ပြောသည်။

လူရွှင်တော် ဦးပါပါလေး၊ ဦးဒီပါ၊ ဦးမြသာ၊ ဦးပေါက်စိန်၊ ဦးထင်ပေါ်၊ ဦးရန်အောင်နှင့် ဆိုင်း၊ ဘိသိတ် ဆရာကြီးများ၊ မင်းသမီးများ၊ လူငယ်များ အပါအဝင် အနုပညာရှင်များ ဝိုင်းဝန်း လုပ်ဆောင်ရာ ငွေသားအပြင် အဝတ်အစားများ၊ စားသုံးကုန်များ၊ သင်္ကန်းများလည်း ရရှိခဲ့သည်။

ဧရာဝတီတိုင်း ဘိုကလေးမြို့ရှိ တောရကျောင်း ဆရာတော်ကြီးထံ အဝတ်အထည်နှင့် ကျပ်သိန်း ၅ဝ ကျပ်၊ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ရှိ ဦးအောင်ဇေယျ ပရဟိတ မိဘမဲ့ ကလေးကျောင်းသို့ ကျပ် ၁၅ သိန်းနှင့် ကလေးပစ္စည်းများ၊ သင်္ကန်းများကို ဇွန်လ ၂၁ ရက်နေ့တွင် သွားရောက် လှူဒါန်းမည်ဖြစ်ကာ မုန်တိုင်းသင့်ခံရသည့် ခေတ်လူဇော် ဇာတ်သဘင်အဖွဲ့ဝင် ၄၈ ဦးကိုမူ ယနေ့တွင် ကူညီ ထောက်ပံ့ကြသည်။

ယနေ့ ကျင်းပသည့် အလှူငွေ ပေးအပ်ပွဲသို့ စာနယ်ဇင်း၊ ဇာတ်သဘင်၊ အငြိမ့်၊ ဆိုင်းဝိုင်း၊ ကုန်စည်ပွဲစားများနှင့် ဧည့်ပရိသတ် ၃ဝဝ ခန့် တက်ရောက်ကာ ခေတ်လူဇော် ဇာတ်အဖွဲ့သား ၄၈ ဦးကို တဦးလျှင် ကျပ် တသောင်း၊ ဆန်နှစ်ပြည်၊ အဝတ်အထည်တစုံနှင့် ပန်းကန် ခွက်ယောက်များ ပေးအပ်ခဲ့သည်။ ခေတ်လူဇော်အဖွဲ့သည် လပွတ္တာမြို့နယ် ပင်တောင်ကျေးရွာအုပ်စုမှ သဲကုန်းရွာသို့ ဇာတ်ကရန် သွားရောက်စဉ် နာဂစ်မုန်တိုင်း သင့်သဖြင့် ဇာတ်ပစ္စည်းများ ဆုံးရှုံးပြီး အသက်မသေ ပြန်လည် လွတ်မြောက်ခဲ့သည်။

ခေတ်လူဇော် ဇတ်သဘင်မှ ကပြရေး တာဝန်ခံ ကိုတဘာသာပြုံးချိုက “ပိုက်ဆံရဲ့ တန်ကြေး၊ ပစ္စည်းရဲ့ တန်ကြေးကိုတော့ မပြောလိုပါဘူး။ ကိုယ်နဲ့တန်းတူ လုပ်ကိုင်နေတဲ့ အနုပညာသမားတွေကို ကိုယ့်ကို ပြန်ကြည့်တယ်၊ ဒီလို နာဂစ် ဒဏ်မိလာတဲ့ ပြည်သူတွေအပေါ်မှာ မန္တလေးက ပြည်သူတွေက လှိုက်လှိုက်လှဲလှဲ စေတနာထားပြီး ပေးကမ်းတဲ့အတွက် မျက်ရည်ဝိုင်းပြီး ပီတိတွေ ဖြစ်မိတယ်။ ကျနော်တို့က စေတနာ ထားခဲ့တာကို ပရိသတ်က ကျနော်တို့ကို ချစ်တယ်ဆိုတာ၊ လူရွှင်တော်တွေ ကိုယ်တိုင် သွားရောက်လှူဒါန်းမယ် ဆိုတာကို သူတို့ ပျော်နေတာကို ကြည့်ပြီးတော့ ဝမ်းသာမိပါတယ်။ အဲလို ခံစားရတယ်” ဟု ပြောသည်။

အလှူငွေ ပေးအပ်ပွဲကို လွန်ခဲ့သည့် ၂၅ နှစ်ခန့်ကတည်းက သဘင်လုပ်သားများ စုပေါင်း တည်ဆောက်ခဲ့သည့် လောကနတ် ဇာတ်သဘင် ခန်းမ၌ နေ့လယ် ၁ နာရီတွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း သဘင်အစည်းအရုံးက တားမြစ်သည့်အတွက် လမ်း ၈ဝ နှင့် ၈၁ လမ်းကြား၊ ၃၉ လမ်းပေါ်ရှိ ဂီတကြယ်လေး စိန်ဓူဝံတိုက်တွင် ကျင်းပခဲ့ရသည်။

သဘင်အစည်းအရုံးက တားမြစ်ခြင်းမှာ လူရွှင်တော် ပါပါလေး ပါဝင်ခြင်းကြောင့် ဖြစ်သည်ဟု အစည်းအဝေး တက်ရောက်ခဲ့သူတဦးက ပြောသည်။

ပြီးခဲ့သည့်လ ၂၉ ရက်နေ့ကလည်း လူရွှင်တော် အနုပညာရှင်များအား ရန်ကုန် ဗဟိုသဘင် အစည်းအရုံးမှ ဦးအောင်တင်ဝင်း၊ ဦးရဲဒွေး၊ မန္တလေး အစည်းအရုံးမှ ရွှေနန်းတင်၊ နန်းဌေးအောင်၊ ဦးစိန်လှမြိုင်၊ ဦးဝင်းကြိုင်၊ ဆိုင်းဆရာ ပစ်တိုင်းထောင်၊ အမှုဆောင်အတွင်းရေးမှူး ဦးဗိုလ်ဟိန်းတို့မှ အလှူကောက်ခံမှု မလုပ်ရန် တားမြစ်ခဲ့သေးသည်။

လူရွှင်တော် ပါပါလေးကို အာဏာပိုင်များက ၁၉၉၆ ခုနှစ်မှ ၂ဝဝ၂ ခုနှစ်အထိ ၇ နှစ်ကြာ အကျဉ်းချကာ ဇာတ်သဘင် ကပြခွင့်ကို ရာသက်ပိုင် ပိတ်ပင်ထားသည်။

မန္တလေးရှိ အထက်မြန်မာပြည် စာပေအင်အားစုကလည်း နာဂစ် ဒုက္ခသည်များအတွက် ကျပ် ၅၂ သိန်း ကောက်ခံ ပေးလှူခဲ့ကြသေးသည်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မွေးနေ့နိုင်ငံရေး ယဉ်ကျေးမှု

နေသွင်
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 18 2008 16:45 - မြန်မာစံတော်ချိန်

လူပုဂ္ဂိုလ်တယောက်ရဲ့ မွေးနေ့ပွဲဆိုတာ ပျော်ပျော်ရွှင်ရွှင် ကျင်းပရတဲ့ ပွဲလမ်းတခုပါ။ ဖယောင်းတိုင်ထွန်း၊ ကိတ်မုန့်လှီး၊ Happy Birthday! ဆိုပြီး၊ ခွက်ချင်းတိုက်ကြတဲ့ အခါသမယပါပဲ။ ဒါပေမဲ့ မြန်မာပြည်ရဲ့ မွေးနေ့ပွဲ ယဉ်ကျေးမှုကတော့ ဒီလို ဖြစ်ရိုးဖြစ်စဉ် ကိစ္စတွေ မဖြစ်တတ်ပါဘူး။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အထူးသဖြင့် မြန်မာပြည်က ဂုဏ်သိက္ခာရှိတဲ့ လူတွေရဲ့ မွေးနေ့ အခမ်းအနားတွေကို သာရေးကိစ္စလို့ နားလည်မိရင် တက်တက်စင် လွဲပါတယ်။ ဒီလိုပွဲလမ်းတွေဟာ သာရေးထက် နာရေးဖြစ်ဖို့ များပါတယ်။ လွတ်လပ်စွာ စည်းရုံးခွင့် မရှိတဲ့ တိုင်းပြည်မှာ အစိုးရနဲ့ သဘောကွဲလွဲတဲ့ အုပ်စုတွေအတွက် ရှားရှားပါးပါး ရရှိတဲ့ စုရုံးလှုပ်ရှားခွင့် ဖြစ်နေတတ်လို့ပါ။

မနက်ဖြန် ဇွန်လ ၁၉ ရက်နေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၃ နှစ်မြောက် မွေးနေ့ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေက အတိုင်းပဲ မွေးနေ့ရှင် မတက်ရောက်နိုင်တဲ့ မွေးနေ့ပွဲကို ဒီမိုကရေစီ လိုလားသူတွေက ပြည်တွင်းပြည်ပမှာ ကျင်းပမှာ ဖြစ်ပါတယ်။ မုန်တိုင်းကြောင့် လူသန်းချီပြီး အတိဒုက္ခ ရောက်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၃ နှစ် မွေးနေ့ အခမ်းအနားကို ကျင်းပဖို့ စည်းရုံး လှုပ်ရှားသူတွေ အနေနဲ့ ကသိကအောက် ဖြစ်စရာ ကောင်းပါတယ်။ ဒါပေမဲ့ ဇွန်လ ၁၉ ရက်နေ့ဟာ မြန်မာပြည်မှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး ကင်းမဲ့မှုကို မီးမောင်းထိုးပြတဲ့ နေ့တနေ့ ဖြစ်တဲ့အတွက် နိုင်ငံရေး လှုပ်ရှားသူတွေ အနေနဲ့ ဒီအခွင့်အရေးကို လက်လွှတ်ခံမှာ မဟုတ်ပါဘူး။ နေအိမ် အကျယ်ချုပ်ဘဝနဲ့ မွေးနေ့ရှင်ဟာ မြန်မာပြည်မှာ ထောင်နဲ့ချီနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ နိမိတ်ပုံဖြစ်သလို လူ့အခွင့်အရေး ဆုံးရှုံးနေတဲ့ ပြည်သူ သန်းပေါင်း ၅ဝ ကျော်ရဲ့ သင်္ကေတ ဖြစ်နေလို့ပါပဲ။ နှစ်စဉ်ဇွန်လ ၁၉ ရက်နေ့ဟာ မြန်မာပြည်ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုက်ပွဲဝင်မှုကို ကမ္ဘာကြီးက အာရုံထားမိတဲ့ တဒါဇင်လောက်သာရှိမယ့် နေ့ရက်တွေထဲက ရက် တရက် ဖြစ်နေလို့ပါပဲ။

မြန်မာပြည်ရဲ့ ထူးခြားချက်က သာရေး၊ နာရေးကိစ္စတွေဟာ သာမန် သာရေး၊ နာရေးကိစ္စသက်သက် မဟုတ်ဘဲ အဲဒီခေတ်နဲ့ ဖိနှိပ်အုပ်ချုပ်တဲ့ အစိုးရကို ဝေဖန်တဲ့ စကားဝိုင်းတွေ ဖြစ်နေတတ်ပါတယ်။ ဒီလို ပွဲလမ်းတွေကနေ အစိုးရ ဆန့်ကျင်သူတွေက အစိုးရကို အာခံဖို့ ကြိုးပမ်းကြတာ ထိပ်တန်း လျှို့ဝှက်ချက်တခု မဟုတ်တော့ပါဘူး။ ဒီမိုကရေစီ လိုလားသူတွေရော၊ အစိုးရတွေ ကိုယ်တိုင်ရော ကောင်းစွာ သဘောပေါက်ထားတဲ့၊ လူတိုင်းသိတဲ့ လျှို့ဝှက်ချက် တခုသာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို လူစုလူဝေး ကိစ္စတွေကို အစိုးရက မျက်ခြေ အပြတ်မခံသလို ဆန့်ကျင်ဘက် အုပ်စုတွေကလည်း ဘယ်တုန်းကမှ လက်လွှတ်မခံခဲ့ပါဘူး။

ထင်ရှားတဲ့ အဖြစ်အပျက်တွေကတော့ ၁၉၇၆ မတ်လ ၂၃ မှာ ကျရောက်တဲ့ သခင်ကိုယ်တော်မှိုင်းရဲ့ နှစ် ၁ဝဝ ပြည့်မွေးနေ့ကို အကြောင်းပြု ဖြစ်ပွားခဲ့တဲ့ မှိုင်းရာပြည့် အရေးတော်ပုံ၊ ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ ဈာပနကို အကြောင်းပြု ဖြစ်ပွားခဲ့တဲ့ ဦးသန့် အရေးအခင်းတို့ ဖြစ်ပါတယ်။ အဲဒီ လှုပ်ရှားမှုတွေဟာ အစပိုင်းမှာ သာရေး၊ နာရေးကိစ္စလို့ ထင်ရပေမယ့် အစိုးရနဲ့ ဆန့်ကျင်ဘက် အင်အားစုတွေကြားမှာ ထိပ်တိုက်တွေ့မှုနဲ့ အဆုံးသတ်သွားပါတယ်။ အစိုးရ ဖြုတ်ချရေးအတွက် လှုပ်ရှားတဲ့ ဒီ အဖြစ်အပျက် ၂ ခုစလုံးမှာ ကျောင်းသားပေါင်း ရာချီ အဖမ်းခံခဲ့ရသလို အစိုးရ ဆန့်ကျင်တဲ့ မျိုးဆက်သစ် များစွာကို မွေးထုတ် ပေးနိုင်ခဲ့ပါတယ်။ ၁၉၇၆ ခုနှစ်မှာ ကွယ်လွန်တဲ့ နိုင်ငံကျော် စာရေးဆရာ သခင်မြသန်း၊ ၁၉၇၈ မှာ ကွယ်လွန်တဲ့ စာရေးဆရာ ဗမော်တင်အောင်တို့ရဲ့ ဈာပန အခမ်းအနားတွေဟာလည်း သာမန် နာရေးကိစ္စသာမက နိုင်ငံရေး အဓိပ္ပာယ်တွေ ပျော်ဝင်နေခဲ့ပါတယ်။ ဒီလက်ဝဲ စာရေးဆရာ ၂ ယောက် စလုံးဟာ စစ်အစိုးရကို အံတုလို့ အကျဉ်းထောင်နဲ့ ကျွန်းတွေမှာ သက်တမ်း အတော်များများ ကျင်လည်ခဲ့သူတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့မှာ ကွယ်လွန်သွားတဲ့ မန္တလေးက လူထု သတင်းစာ ဆရာမကြီးရဲ့ ဈာပနကို ဒီမိုကရေစီ ဘက်တော်သားတွေ တက်ရောက်ကြသလို ဒေါ်အောင်ဆန်းစုကြည်ကလည်း နေအိမ်အကျယ်ချုပ် ဘဝကနဲ့ နှင်းဆီပန်းခွေတခွေ ပို့ခဲ့ပါသေးတယ်။ ဒီဘက်ခေတ်မှာ ဒေါ်အမာ၊ ဆရာကြီး ဒဂုံတာရာတို့ရဲ့ မွေးနေ့ တွေဟာ ဒီမိုကရေစီဘက် တော်သားတွေအတွက် ဆုံချက်ဖြစ်ပါတယ်။ ဒေါ်အမာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က ၉၂ ပြည့် မွေးနေ့ကို နောက်ဆုံး ကျင်းပခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလ ၁ဝ ရက်နေ့မှာ အသက် ၉ဝ ပြည့်သွားတဲ့ ဆရာကြီး ဒဂုံတာရာကတော့ မြန်မာပြည်ရဲ့ လက်ရှိ နိုင်ငံရေး၊ လူမှုရေး အကျပ်အတည်းတွေ အောက်မှာ မွေးနေ့ပွဲ မကျင်းပလိုတာကြောင့် ထားလိုက်ပါတယ်။ မေလ ၂-၃ ရက်နေ့ မုန်တိုင်းနဲ့၊ မေလ ၁ဝ ရက်နေ့မှာ စစ်အစိုးရက လူထုဆန္ဒ ခံယူပွဲတို့ဟာ ဆရာကြီးရဲ့ မွေးနေ့ပွဲကို ဖျက်ဆီးခဲ့တဲ့ အဓိက လက်သည်တွေ ဖြစ်ပါတယ်။

မွေးနေ့ပွဲလို၊ ဈာပနလို့ သာမန်ကိစ္စတွေဟာ အစိုးရရေးအထိ ဖြစ်လာဖူးတဲ့ အတိတ်က သင်ခန်းစာကြောင့် စစ်အစိုးရ ထောက်လှမ်းရေးတွေရဲ့ ကင်မရာ မီးရောင်အောက်မှာ ကျင်းပရလေ့ ရှိပါတယ်။ ဒီအခြေအနေတွေ အောက်မှာပဲ ဒေါ်အမာတို့၊ ဒဂုံတာရာတို့ရဲ့ မွေးနေ့ပွဲတွေကို မြန်မာပြည် အရပ်ရပ်က ဒီမိုကရေစီ အင်အားစုတွေ အရောက် လာကြပါတယ်။ အခမ်းအနားမှာ မွေးနေ့ရှင်ကို ဂုဏ်ပြုကြရုံ သက်သက်မဟုတ်ဘဲ မြန်မာပြည် ရဲ့ နိုင်ငံရေး အခြေအနေ အရပ်ရပ်ကို သုံးသပ်ကြ၊ အကြောင်းအမျိုးမျိုးကြောင့် မွေးနေ့ပွဲ မတက်ရောက်နိုင်တဲ့ သူတွေကို အောက်မေ့ကြ၊ လမ်းခုလတ်မှာ ကျဆုံးသွားတဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေကို သစ္စာပြုကြ စတဲ့ နိုင်ငံရေး ရည်ရွယ်ချက်တွေကို တက်ရောက်လာသူတွေက မမေ့မလျော့ လုပ်ဆောင်ကြပါတယ်။ တနည်း ပြောရရင် မြန်မာပြည်က သြဇာ တက္ကမကြီးတဲ့ မွေးနေ့ပွဲ အခမ်းအနားတွေဟာ စစ်အစိုးရ လက်အောက်မှာ ရှားရှားပါးပါးရတဲ့ လူထုတွေရဲ့ ပြောရေးဆိုခွင့်၊ စစ်အစိုးရကို ဝေဖန်ခွင့်နဲ့ နားထောင်ခွင့်ရတဲ့ နိုင်ငံရေး တရားပွဲတွေ ဖြစ်ပါတယ်။

အထက်က မွေးနေ့ပွဲတွေအပြင် လုပ်ဖော်ကိုင်ဘက် လူတစုလောက်နဲ့ အကျဉ်းရုံးကျင်းပတဲ့ မွေးနေ့ပွဲတွေလည်း ရှိပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့ကလည်း လွတ်လပ်ရေးတိုက်ပွဲဝင် သခင်သိန်းဖေရဲ့ ၉၂ နှစ်ပြည့်မွေးနေ့ကို ရန်ကုန်မှာ ကျင်းပပြီး သခင်တွေက မြန်မာပြည် အခြေအနေ ဟာ လွတ်လပ်ရေး မရခင်ကထက် လူ့အခွင့်အရေး ဆုံးရူံးမှုတွေ ရှိတယ်လို့ ရေးထားတဲ့ စစ်အစိုးရကို ဝေဖန်တဲ့ သဘောထားကို ထုတ်ပြန် ပါတယ်။ မတ်လ ၁၂ ရက်နေ့ကလည်း ဟံသာဝတီဦးဝင်းတင်ရဲ့ မွေးနေ့ အခမ်းအနားကို လုပ်ဖော်ကိုင်ဘက် သတင်းစာဆရာတွေက နှစ်စဉ် ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါသေးတယ်။ ၇၈ နှစ်ပြည့်မွေးနေ့မှာ ဦးဝင်းတင်က “စု၊ လွှတ်၊ တွေ့” ဆိုတဲ့ သူရဲ့မူကို မွေးနေ့ သတင်းစကားအဖြစ် အင်းစိန်ထောင်ထဲကနေ အပြင်ကမ္ဘာကို သတင်းစကား ပါးလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပါ၊ လွှတ်တော်ခေါ်ပါ။ တွေ့ဆုံ ဆွေးနွေးပါဆိုတဲ့ အဓိပ္ပာယ်ပါ။

မွေးနေ့ပွဲ နိုင်ငံရေး ယဉ်ကျေးမှုကို အတိုက်အခံတွေ သာမက စစ်အစိုးရဘက်ကလည်း အသုံးပြုခဲ့တာတွေလည်း ရှိပါတယ်၊ အထင်ရှားဆုံး ကတော့ ကွယ်လွန်သွားတဲ့ ကရင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မြရဲ့ မွေးနေ့ကို ဗိုလ်ချုပ်ခင်ညွန့်က ရန်ကုန်မြို့မှာ ခမ်းခမ်းနားနား ကျင်းပပေးခဲ့တာ ဖြစ်ပါတယ်။ ကရင်အမျိုးသားဝတ်စုံ ဝတ်ထားတဲ့ ထောက်လှမ်းရေး ခေါင်းဆောင်ကြီးဟာ ကရင့် အမျိုးသား ခေါင်းဆောင်ကြီး အတွက် ဟန်ပါပါ မွေးနေ့ ဆုတောင်း ပေးခဲ့တဲ့ပုံရိပ်ဟာ ဟာသ ဆန်ခဲ့ပါတယ်။ စစ်အစိုးရ ခေါင်းဆောင်တွေထဲမှာ သံခင်တမန်ခင်း အကောင်းဆုံးလို့ သတ်မှတ်ခံရတဲ့ ထောက်လှမ်းရေး ခေါင်းဆောင်ဟာ ဒီမိုကရေစီ ဘက်တော်သားတွေရဲ့ မိခင်ဖြစ်တဲ့ ဒေါ်အမာရဲ့ မွေးနေ့ကို ပန်းခြင်းပို့ခဲ့တဲ့ အခါလည်း ရှိခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒီတကြိမ်ကလည်း ကြောင်တောင်တောင် လူရယ်စရာ အဖြစ်အပျက်တခုပဲ ဖြစ်ခဲ့ရပါတယ်။

အစကို ပြန်ကောက်ရရင် မနက်ဖြန်မှာ ဒေါ်အောင်ဆန်းစုကြည် အသက် ၆၃ နှစ်ပြည့်ပါတယ်။ ပြီးခဲ့တဲ့ တလအတွင်းကလည်း ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေးထက် ဒုက္ခသည်တွေ အရေးကို ပိုအာရုံစိုက်သင့်တယ် ဆိုတဲ့ အယူအဆတခုက ရေပန်းစားခဲ့ပါသေးတယ်။ အခုလည်း ဧရာဝတီတိုင်းမှာ အခြေအနေ ဆိုးနေတုန်းပါပဲ။ ဒီလိုအခြေအနေနဲ့ တိုက်ဆိုင်စွာပဲ လူထုခေါင်းဆောင်က အသက် ၆၃ နှစ်ပြည့်သွားတာပါ။ မုန်တိုင်းကြောင့် လူသန်းချီ ဒုက္ခရောက်နေတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကိစ္စ၊ တနည်း မွေးနေ့ပွဲ ကျင်းပရတာ မလျှော်ကန်ဘူးဆိုတဲ့ အမြင်တွေ ပေါ်ထွက်လာတာ မဆန်းပါဘူး။ ဒါပေမဲ့ မနက်ဖြန် မွေးနေ့ပွဲမှာ “Happy Birthday!” ဟာ သာမန်ကိစ္စသာ ဖြစ်ပါတယ်။ စည်းရုံး ဆော်သြသူတွေ အနေနဲ့ လူပုဂ္ဂိုလ်တွေ၊ အဖြစ်အပျက်တွေထက် အဲဒါတွေနောက်မှာ ရှိတဲ့လေးနက်တဲ့ တန်ဖိုးတွေကို မျက်ခြေပြတ်မယ်လို့တော့ မထင်ပါဘူး။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ကွဲကွာပျောက်ဆုံး ၃၁ ဦးကို ကြက်ခြေနီက ဆုံစည်းပေး

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 18 2008 17:08 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မုန်တိုင်းဒဏ်သင့် ကွဲကွာ ပျောက်ဆုံးနေသူ မိသားစုဝင် ၃၁ ဦးကို ရှာဖွေ ဆုံစည်း ပေးလိုက်နိုင်ခဲ့ကြောင်း မြန်မာ့ကြက်ခြေနီ အသင်း အပြောအရ သိရသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မုန်တိုင်းကျပြီး ရက်သတ္တပတ် ၃ ပတ်ခန့်အကြာတွင် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) နှင့် ပူးတွဲကာ မုန်တိုင်းသင့် ဒေသများသို့ ကွင်းဆင်းပြီး စာရင်းကောက်ခံရာ ယခုအချိန်အထိ ၄ဝ၆ ဦး ရရှိခဲ့သည့်အနက် ၃၁ ဦးကို ယခုလို ရှာဖွေ ဆုံစည်းပေးနိုင်ခြင်း ဖြစ်သည်။

“ကျမတို့က မုန်တိုင်းဖြစ်တဲ့ မြို့နယ်တွေကို ကိုယ်တိုင် ကွင်းဆင်းတယ်။ အဓိက ကျမတို့ သွားတာက တကယ့်ကို မုန်းတိုင်းဒဏ်ခံရတဲ့ မြို့နယ်တွေကို သွားတယ်။ ကျမတို့ တပါထဲ ကောက်ခံခဲ့တာက ၄ဝ၆ စောင်၊ လျှောက်လွှာ (form) ရှိပါတယ်။ ကွင်းဆင်းနေတဲ့ အချိန်မှာ ၃၁ ယောက် တွေ့ပေးနိုင်ခဲ့ပါတယ်” ဟု ရန်ကုန်အခြေစိုက် မြန်မာကြက်ခြေနီ အသင်း၏ ပြောခွင့်ရ ပုဂ္ဂိုလ်တဦးက မဇ္ဈိမသို့ တယ်လီဖုန်းမှတဆင့် ပြောသည်။

ပြန်လည်ရှာဖွေ တွေ့ရှိနိုင်သူ အများစုသည် ဧရာဝတီတိုင်း လပွတ္တာနှင့် ဘိုကလေး မြို့နယ်များမှ ဖြစ်ကြသည်။ နာဂစ်ကြောင့် လူ ၇၇၇၃၈ ဦး သေဆုံးပြီး ၅၅၉၁၇ ဦး ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု စစ်အစိုးရက တရားဝင် ထုတ်ပြန်ထားသည်။ သို့သော် အမှန်တကယ်အားဖြင့် စနစ်တကျ သန်းခေါင်းစာရင်း ကောက်ယူထားမှု မရှိသောကြောင့် အမှန်တကယ် သေဆုံး ပျောက်ဆုံးသူ အရေအတွက်ကို မည်သူမျှ မသိနိုင်တော့ပါ။

ဘိုကလေးမြို့နယ် ကျေးရွာတခုမှ ဖြစ်ရပ်တခုတွင် သင်္ဘောစက်ပြင်သမား ဖြစ်သော သားဖြစ်သူသည် မုန်းတိုင်း ကျရောက်ပြီးနောက် နေရပ်သို့ ပြန်ရောက်မလာနိုင်ဘဲ ကယ်ဆယ်ရေး စခန်းတခုတွင် သောင်တင်နေစဉ် ရှာဖွေတွေ့ရှိသဖြင့် မိခင်ကြီးထံ သွားရောက် အကြောင်းကြားရာတွင် တွေ့ကြုံရသည့် မြင်ကွင်းသည် စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်သည်ဟု ကြက်ခြေနီအသင်းမှ ပုဂ္ဂိုလ်က ဆိုသည်။

သူက “ဘိုကလေး ရွာတရွာမှာ တွေ့တယ်။ ဘေးပတ်ဝန်းကျင်က ရွာသားတွေ ပြောပြတာက ရူးမတတ် ဖြစ်နေတာ။ ဒီအဖွားကြီးက သူ့သား သတင်းလည်း ရလည်းရရော ချုံးပွဲချပြီးတော့ ဝမ်းသာလွန်းလို့ ငိုတာ တွေ့ရတယ်။ အဘိုးက သားနဲ့ မြေး ပျောက်လို့ ရှာတာမျိုးတွေကို ကျမတို့ အဆက်အသွယ်လုပ်လို့ ရသွားတာတွေ ရှိတယ်။ တချို့က လပွတ္တာက ကွဲကွာသွားတဲ့ သူတွေကို မြောင်းမြမြို့နယ်မှာ ရှာဖွေ တွေ့ရှိပါတယ်” ဟု ပြောသည်။

မြန်မာ့ ကြက်ခြေနီ အသင်းသည် မုန်တိုင်းဖြစ်သည့် နေရာများသို့ သွားရောက်ကာ ကြက်ခြေနီ ရုံးခွဲများ ဖွင့်လှစ်သွားမည်ဖြစ်ကာ ပြန်လည် ထူထောင်ရေးနှင့် ရေသန့် ဖြန့်ဖြူးရေးများ လုပ်ဆောင်သွားမည် ဖြစ်သည်။ ထို့အပြင် ဆက်လက်၍လည်း ဒေသခံ ကြက်ခြေနီများနှင့် ပူးပေါင်းကာ ကျေးလက် ဒေသများအထိ သွားရောက်ကာ ကွဲကွာ ပျောက်ဆုံးနေသူများ ပြန်လည် ဆုံစည်းရေးအတွက် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

မုန်တိုင်းကြောင့် ကွဲကွာသွားသော မိသားစုများ၊ ဆွေမျိုးသားချင်းများထံ မိမိ သက်ရှိထင်ရှား ရှိနေကြောင်း ရှာဖွေပြောဆို လိုသူများနှင့် ပြည်ပတွင် ရောက်ရှိနေသူများက မုန်တိုင်းဒဏ် ခံရသော ဒေသရှိ ဆွေမျိုးသားချင်းများ အကြောင်း သိရှိလိုပါက စုံစမ်းပေးရန်အတွက် ရည်ရွယ်ကာ လျှောက်လွှာဖောင် နှစ်မျိုး ထားရှိသည်။ ရှာဖွေလိုသူများနှင့် လျှောက်ထားသူများ၏ အမည်နှင့် နေရပ်လိပ်စာများကို အပြည့်အစုံ ဖော်ပြ လျှောက်ထားနိုင်သည်ဟု ကြက်ခြေနီအသင်း၏ ကြေညာချက်တွင် ဖော်ပြထားသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မုန်တိုင်းသင့် ရုပ်အလောင်း သဂြုင်္ိဟ်ပေးသူများ ဖမ်းဆီးခံရ

နန်းဒေဝီ
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 18 2008 15:58 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မုန်တိုင်းသင့် ရုပ်အလောင်းများကို လိုက်လံမြှုပ်နှံပေးသူ “မြန်မာထရီဗျုး” ဂျာနယ် အယ်ဒီတာချုပ် ဦးအောင်ကျော်ဆန်းနှင့် အဖွဲ့ဝင် ၆ ဦးထက်မနည်းကို အာဏာပိုင်များက ယခုလ ၁၄ ရက်နေ့တွင် ဖမ်းဆီးလိုက်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“မြန်မာထရီဗျုး” ဂျာနယ်၏ အမှုဆောင် အရာရှိချုပ်လည်းဖြစ်သူ ဦးအောင်ကျော်ဆန်း (၄၅ နှစ်) အပါအဝင် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် အတွင်းရှိ လူသေ ရုပ်အလောင်းများကို လိုက်လံ သိမ်းဆည်းကာ မြေမြှုပ်ပေးနေသူ ၆ ဦးထက်မနည်းကို ပြီးခဲ့သည့် စနေနေ့က ဖမ်းဆီး ထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်။

“ကိုအောင်ကျော်ဆန်းကို အခုထိ မလွှတ်သေးဘူး။ ဘိုကလေးမှာ ဖမ်းတာလို့ ပြောတယ်။ ရန်ကုန် ပို့လိုက်ပြီလို့တော့ ကြားတယ်။ အခု ဘယ်မှာ ဆိုတာလဲ သူ့ဇနီးသည်က မသိတော့ စိတ်ပူနေတယ်။ လိုက်ပြီး မေးနေတာပဲ။ ဘယ်မှာလဲဆိုတာ မသိရသေးဘူး” ဟု အမည်မဖော်လိုသူ မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။

သူက “ဘိုကလေးကို သွားလိုက်ပြန်လိုက်ပါပဲ။ စုစုပေါင်းတော့ ၃ ခေါက်လောက် ရှိသွားပြီ။ အခု နောက်ဆုံး အခေါက်မှာ အဖမ်းခံလိုက်ရတာ။ သူနဲ့ အတူတူ အလုပ်လုပ်တဲ့ သူတွေကိုတော့ မနေ့ကပဲ စစ်ဆေး မေးမြန်းတာတွေ လုပ်ပြီးတော့ ပြန်လွှတ်လိုက်တယ်လို့ ကြားတယ်” ဟု ဆက်ပြောသည်။

ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး အသေးစိတ် မသိရသေးသော်လည်း လေဘေး ဒုက္ခသည်များကို ဝိုင်းဝန်းကူညီနေသူ စေတနာရှင်များအား အာဏာပိုင်များဘက်က မေးမြန်းစစ်ဆေးခြင်း၊ လိုက်လံတားဆီး နှောင့်ယှက်ခြင်းများ အပြင် ဖမ်းဆီးခြင်းအထိ လုပ်ဆောင်လာသည့်အပေါ် စာပေအနုပညာရှင် အသိုင်းအဝိုင်းက ဝေဖန် ပြောဆိုကြသည်။

အပတ်စဉ်ထုတ် ဂျာနယ် အယ်ဒီတာတဦးက “သူတို့ (အစိုးရ) ကိုယ်တိုင်က မလုပ်နိုင်တဲ့ ကိစ္စတွေကို လူထုဘက်က စေတနာရှင်တချို့က တဖက်တလမ်းကနေ ကူညီပံ့ပိုးပေးတာ ကောင်းတဲ့အချက်ပါ။ ဒါကို လိုက်ပြီး နှောင့်ယှက်တာမျိုး၊ တားဆီး ပိတ်ပင်တာမျိုးလုပ်တာ ဒုက္ခ ရောက်နေတဲ့ လေဘေးဒုက္ခသည်တွေ ပိုပြီး ဒုက္ခ ရောက်စေပါတယ်” ဟု ပြောသည်။

ဦးအောင်ကျော်ဆန်းသည် “မြန်မာထရီဗျူး” ဂျာနယ်ကို လွန်ခဲ့သည့် ၂ လခန့်ကပင် အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်း လည်ပတ်မှု ရပ်ဆိုင်း ခဲ့ကာ နာဂစ် လေမုန်တိုင်းကြောင့် သေဆုံးသည့် ရုပ်အလောင်း အကြွင်းအကျန်များကို မြေမြှုပ်သဂြုင်္ိဟ်သည့် လုပ်ငန်းတွင် လုပ်အားဒါနဖြင့် ဦးဆောင် လုပ်ကိုင်နေသူ ဖြစ်သည်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ရွှေတိဂုံပေါ်မှ ကျောက်စိမ်းဆင်းတုတော်၏ သမိုင်းမှတ်တမ်းများ ပျောက်ဆုံးသွား


NEJ/ ၁၈ ဇွန် ၂၀၀၈

ရွှေတိဂုံစေတီတော်ရင်ပြင် စနေထောင့်ရှိ ပုည ကုသလအသင်း ဓမ္မာရုံရှိ ကျောက်စိမ်းဆင်းတု တော်၌ ထားရှိသော ဆင်းတုတော်၏ သမိုင်း မှတ်တမ်းများ ပျောက်သွားကြောင်း ဘုရားဖူးများက ပြောသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ယခင်က ကျောက်စိမ်းဆင်းတုတော်၏ သမိုင်းကို ဆင်းတုတော်ရှေ့ ဘေးတဖက်တချက်၌ စိုက်ထူ ထားသော တိုင်ပေါ်တွင်တင်ထားသည့် ကြေးပြားများတွင် ရေးထားခြင်းဖြစ်ပြီး ယခု ထိုတိုင်(၂) တိုင်ကို မတွေ့ရတော့ကြောင်း ဘုရားဖူးများက ပြောသည်။

“ရွှေတိဂုံ လုံခြုံရေးအဖွဲ့က လုံခြုံရေးဝန်ထမ်းတဦးကို မေးကြည့်တော့ နာဂစ်တိုက်ပြီးနောက်ပိုင်း သိမ်းထားတာလို့ပြောတယ်။ သိမ်းထားရတဲ့အကြောင်းကိုတော့ မသိရဘူး။ ဒါဆိုရင် အခြား ဘုရားတွေရဲ့ သမိုင်းစာကိုလည်း သိမ်းရမှာပေါ့။ အခုက အဲဒီဘုရားရဲ့သမိုင်းစာကိုပဲ သိမ်းတာ ဆိုတော့ လူတွေက ပိုပြီး စိတ်ဝင်စားကုန်တယ်” ဟု နိုင်ငံခြားသားဧည့်လမ်းညွှန်တဦးက ပြောသည်။

ပြီးခဲ့သည့် (၁၀) ရက်ခန့်က အဆိုပါ ကျောက်စိမ်းဆင်းတုကို လာရောက်ဖူးမြော်သူထက် လာရောက်လေ့လာကြည့်ရှုသူ ပိုများကြောင်း မျက်မြင်များက ပြောသည်။

“အပြင်မှာ ကောလာဟလတွေ ထွက်နေတာဗျ။ ဒီကျောက်စိမ်းဆင်းတုတော်ကို သန်းရွှေမျက်နှာနဲ့ ဆင်အောင် ထုထားတာလို့ ပျံ့နေတဲ့သတင်းတွေကြောင့် လာကြည့်ကြတာဖြစ်မယ်” ဟု ရွှေတိဂုံ ဘုရားပေါ်တွင် အမြဲတမ်း တရားလာထိုင်နေသူတဦးက ပြောသည်။

အဆိုပါ ကျောက်စိမ်းဆင်းတုတော်ကို နိုင်ငံခြားသားများ ပို၍ဖူးမြော်ကြကြောင်း၊ နအဖက မည်သည့်နိုင်ငံမှဖြစ်စေ လာရောက်သော သံတမန်များအား ယင်းဆင်းတုတော်ကို တကူးတက ဖူးမြော်ပူဇော်ခွင့်ရစေရန် ဆောင်ရွက်ကြောင်း နိုင်ငံအကြီးအကဲများ သွားရာတွင် လိုက်ပါခွင့် ရသူတဦးက ပြောသည်။

၎င်းက “တရုတ်ဧည့်သည်တွေ လာတုန်းကလည်း အဲဒီဘုရားကို လိုက်ပြတယ်။ ဖူးမြော်ကြတယ်။ ကျနော်ကတော့ အဲဒီတုန်းက အမှုမဲ့အမှတ်မဲ့ပါပဲ။ နောက်ပိုင်း လူပြောများလာတော့မှပဲ ဂရုတစိုက် ကြည့်မိတော့ တူသလိုလိုတော့ရှိသား၊ နာမ်နှိမ်ချင်တဲ့သဘောနဲ့ အခုလို ထုထားတာလို့လည်း ကြားရတာပဲ” ဟု ပြောသည်။

ပြည်တွင်း သတင်းအယ်ဒီတာတဦးကလည်း “အင်တာနက်သတင်းတချို့မှာပါတဲ့ ဓာတ်ပုံတွေဆိုရင် လူကြီးလမ်းကြောင်းနောက်က ဓာတ်ပုံဆရာတွေဆီက ရတာကလွဲရင် ဘယ်သူ့ဆီကမှ မရနိုင်ဘူး လေ။ ဂမ်ဘာရီနဲ့ ဘန်ကီမွန်းလာတော့ အဲဒီကျောက်စိမ်းဆင်းတုတော်ကို ဦးနှိမ်ချကန်တော့နေတဲ့ ပုံဟာ ဒီသတင်းသမားတွေဆီက မထွက်ရင် ဘယ်ကမှ မထွက်နိုင်ဘူး။ ဒီဘုရားမျက်နှာတော်ဟာ သန်းရွှေမျက်နှာအတိုင်း ထုထားတယ်ဆိုတဲ့ သတင်းကလည်း သူတို့အထဲက သိတဲ့သူတွေက ပြောတဲ့သတင်းပဲဆိုတာ သေချာတာပေါ့” ဟု ပြောသည်။

အဆိုပါကျောက်စိမ်းဆင်းတုတော်အား ရွှေတိဂုံစေတီတော်ကြီးအား ရွှေသင်္ကန်းကပ်သည့် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် သတ္တုတွင်းဝန်ကြီးဌာနမှ ထုလုပ်လှူဒါန်းထားခြင်းဖြစ်ကြောင်း၊ ပလ္လင်အပါ
အ၀င် ဆင်းတုတော်၏ အလေးချိန်မှာ (၁၀၁) ကီလိုဂရမ်ကျော် ရှိကြောင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အသက် (၄၀) နှစ်က ရုပ်အတိုင်း ထုထားခြင်းဖြစ်ကြောင်း ပြည်တွင်းရှိ နိုင်ငံခြားသား ဧည့်လမ်းညွှန်များထံမှ သိရသည်။

ယခုအခါ အဆိုပါကျောက်စိမ်းဆင်းတုတော်ကို သွားရောက်ကြည့်သူများ ရှိသော်လည်း ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ မလျှော်ကန်မတင့်တယ်သည့် လုပ်ရပ်ဖြစ်ကြောင်း ပြည်သူများက ဝေဖန်ပြော ကြားကြသည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မိုးကုတ်မြို့ရေကြီးခြင်း နအဖ စိတ်မ၀င်စား ရေကြီးမှုထပ်ဖြစ်မည်ကို မြို့ခံများ စိုးရိမ်နေ


NEJ/ ၁၈ ဇွန် ၂၀၀၈

မိုးကုတ်မြို့ရေကြီးရခြင်း၏ အဓိက အကြောင်းရင်းမှာ ကျောက်မျက် ဖက်စပ်လုပ်ငန်းများ တောင်ဖြို ချခြင်းကြောင့်ဖြစ်ကြောင်း မြို့ခံများက ပြောသည်။

ဇွန်လ (၁၂) ရက်တွင် မိုးကုတ်မြို့၌ ရေကြီးပြီး မြေပြိုခဲ့သည့်အတွက် လူများသေဆုံးပြီးနောက်ပိုင်း အလားတူဖြစ်ရပ်မျိုး ထပ်မံ ကြုံလာမည်ကို မြို့ခံများက စိုးရိမ်ထိတ်လန့်နေကြသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ယခုကဲ့သို့ မိုးကုတ်မြို့ ရေကြီးရခြင်းမှာ မိုးကုတ်မြို့တွင် အဓိကစီးဆင်းနေသည့် ရေနီချောင်း ရေလျှံမှုကြောင့်ဖြစ်ပြီး ယင်းရေနီချောင်းသည် ကျောက်မျက်တူးဖော် လုပ်ကိုင်နေကြသော ရပ်ကွက်များအနီးမှ မြစ်ဖျားခံလာပြီး မြို့လယ်ရှိ ရပ်ကွက်များကို ဖြတ်၍ စီးဆင်းကြောင်း
သိရသည်။

“ကျောက်မျက်ဖက်စပ်လုပ်ငန်းတွေက တောင်တွေကို ဖြိုချတာ။ အဲဒီကနေ ရေနဲ့အတူ မျောလာတဲ့ သဲမြေတွေဒဏ်ကို မခံနိုင်ဖြစ်တာ၊ ရေတွေဒလဟော စီးလာတာတွေကို မခံနိုင်လို့ အခုလို ရေကြီး တာဖြစ်တာပဲ” ဟု မိုးကုတ်ဒေသခံ ဦးကံညွန့်က ပြောသည်။

အခြား မိုးကုတ်မြို့ခံတဦးကလည်း “အရင်နှစ်တွေက ရေကြီးတယ်။ ဒါပေမယ့် လူမသေဘူး။ ဒီနှစ်က လူသေတာ ပထမဦးဆုံးပဲ။ (၁၅) ယောက်ဝန်းကျင်လောက် သေတယ်။ ဒဏ်ရာရတဲ့
သူတွေများတယ်၊ အခု မိုးရာသီ စတာပဲရှိသေးတယ်။ နောက်ထပ် (၄) လလောက် မိုးတွေ ရွာနေမယ်ဆိုရင် အခုလိုမျိုး ရေကြီးမှုတွေ ပေါ်နေမှာပဲ၊ သေချာတယ်” ဟု ပြောသည်။

ရေကြီးရခြင်းအကြောင်းရင်းမှာ မိုးကုတ်မြို့ နေရာအနှံ့မှ စီးဆင်းသော ရေများ ရေနီချောင်းသို့
စီးဝင်ပြီး မြို့လယ်တည့်တည့်ကိုဖြတ်ကာ စီးဆင်းခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

မိုးကုတ်မြို့ခံ ဦးနီတွတ်က “ကျောက်မျက် ဖက်စပ်လုပ်ငန်းတွေ၊ မြန်မာ့စီးပွားရေး ဦးပိုင် လုပ်ကွက် တွေက ကျောက်တူးတဲ့နေရာကနေ ဖြိုချလိုက်တဲ့ တောင်မြေတွေ ရေနဲ့တိုက်စားပြီးကမ်းပါးတွေ၊ ကျင်းထဲက ထုတ်ထားတဲ့ သဲမြေတွေဟာ ဒီချောင်းထဲကိုပဲ ရောက်လာကြတာ။ ပြီးတော့ မြေတူး စက်တွေကလည်း မြေတွေကို ရေနီချောင်းထဲကိုပဲ သွန်ချတယ်။ ဒါကြောင့် ဒေသခံတွေက ရေနီ ချောင်းကို ရေတွေ လျှံမတက်လာနိုင်အောင် အုတ်ရိုးစီကာထားတယ်။ ရေက မြင့်လာလိုက်၊ အုတ်ရိုးအကာ မြင့်လာလိုက်ပေါ့။ ရေနီချောင်းမှာ ရေတွေနဲ့အတူ ကျောက်ခဲတွေ အားလူးသီးကနေ ထောပတ်သီးအထိ ရှိတယ်” ဟု ပြောသည်။

ယင်းသို့ ကျောက်မျက်ဖက်စပ်လုပ်ငန်းများကြောင့် မိုးကုတ်မြို့၏ အနေအထားမှာ နှစ်စဉ်ရေကြီး ရေလျှံကာ မြေပြိုမှုများဖြစ်နေသည်ကို နအဖက မသိကျိုးကျွန်ပြုနေသည်ဟုလည်း ၎င်းက ပြောသည်။

“အစိုးရမသိတာဆိုလို့ ဘာမှမရှိဘူး၊ မသိသလိုနေတာ။ ဦးပိုင်ဆိုတာလည်း နအဖလုပ်ငန်းပဲ။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်မယ်ဆိုပြီး ပညာပေး ပိုစတာတွေ၊ နံရံကပ်ကြော်ငြာတွေ ပလူပျံနေတယ်။ ဘာတခုမှ မလုပ်ဘူး။ တနှစ်ပြီးတနှစ် ဒီသဘာဝပတ်ဝန်းကျင် သတိပေး နှိုးဆော် စာတွေကို အသစ်ပြောင်းကပ်တယ်။ ဒါပေမယ့် ဒီကျောက်မျက်တူးတာကြောင့် ရေကြီးတဲ့ကိစ္စကို ဘယ်လိုမှ ခေါင်းထဲမထည့်ဘဲ မသိသလိုနေတာ” ဟု ဦးနီတွတ်က ပြောသည်။

မိုးကုတ်မြို့၏ အဓိကချောင်းဖြစ်သည့် ရေနီချောင်းထဲသို့ အမှိုက်များမပစ်ရန်၊ ကျောက်မျက်တူးဖော် သည့်အခါ အသုံးပြုထွက်လာသည့်ရေများကို ရေစစ်ကန်ပြုလုပ်ပြီး အနည်ထိုင်ပြီး ရေများကိုသာ ချောင်းတွင်းလွှတ်ရန်နှင့် ကျောက်မျက်တူးဖော်နေသည့် လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေး ရှေ့တန်းမတင်ဘဲ မြို့နေပြည်သူများကို စာနာရန် လိုအပ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။

နအဖအနေဖြင့် ယခုကဲ့သို့ ရေကြီးမှုဖြစ်ပေါ်နေခြင်းကို စိတ်ဝင်စားမှုမရှိကြောင်း၊ ယမန်နှစ်ကလည်း ရေကြီးခဲ့ကြောင်း၊ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် ကျောက်မျက်တူးသူများအား နှိုးဆော်မှုများ မပြုလုပ်ခဲ့ကြောင်း၊ ထိုကျောက်မျက်သမားတို့၏ ပယောဂကြောင့် ယခုကဲ့သို့ ရေကြီးခြင်းဖြစ်ပြီး ၎င်းတို့မှာ နအဖလက်အောက်ခံ ဦးပိုင်ကုမ္ပဏီဖြစ်ကြောင်း မြို့ခံများက ပြောသည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်