AP/ ၂၃ ဇူလိုင် ၂၀၀၈
နိုင်ငံတကာ ကူညီငွေ အမေရိကန်ဒေါ်လာ သန်း (၁) ထောင် ထပ်မံမရရှိပါက ဆိုင်ကလုန်း နာဂစ် ဘေးမှ အသက်ရှင်ကျန်ရစ်သူများအနေဖြင့် ဒုတိယမြောက် အရေးပေါ်အခြေအနေနှင့် ရင်ဆိုင်ကြ ရမည်ဖြစ်ကြောင်း ယခုလ (၂၁) ရက်ထုတ် ပထမဆုံးအကြိမ် သဘာဝဘေး အကဲဖြတ်ချက် အစီ ရင်ခံစာ (PONJA) က ဖော်ပြသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မုန်တိုင်းကြောင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် ပိုင်ဆိုင်မှု တန်ဖိုး ဆုံးရှုံးမှု ပမာဏမှာ ဒေါ်လာ (၁.၇) ဘီလီယံနှင့် ထုတ်လုပ်မှုပိုင်းဆိုင်ရာ ဆုံးရှုံးမှု ဒေါ်လာ (၂.၃) ဘီလီယံရှိပြီး စုစုပေါင်း ဒေါ်လာ သန်း (၄) ထောင် ဆုံးရှုံးသည်ဟု အစီရင်ခံစာ၌ တွက်ပြ ထားသည်။ ယင်းသို့ စာရင်းဇယားများဖြင့် ကျားကန်ဖော်ပြထားသော်လည်း သဘာဝဘေး အန္တရာယ်အပေါ် မြန်မာစစ်အစိုးရ၏ တုံ့ပြန်မှု နှေးကွေးခဲ့ခြင်းကိုမူ တစွန်းတပါဒမျှ အစီရင်ခံစာတွင် ဖော်ပြထားခြင်း မရှိခဲ့ပေ။
အကယ်၍ ဘေးအန္တရာယ်ကို လျင်မြန်စွာ တုံ့ပြန်ခဲ့ပါက အသက်ပေါင်းများစွာ ကယ်တင်နိုင်ခဲ့မည်ဟု စစ်အစိုးရအနေဖြင့် ခံစားရခြင်းရှိမရှိ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းအား အေပီသတင်း ထောက်တဦးက မေးမြန်းခဲ့ရာ စင်ကာပူဝန်ကြီးချုပ် ဂျော့ခ်ျ ယိုးက “နိုင်ငံရေးမေးခွန်း” ဆိုပြီး ပယ်ချခဲ့သည်။
နာဂစ်ဆိုင်ကလုန်း ကျရောက်ပြီး ပထမသီတင်းပတ်အတွင်း အလောင်းများ ရေထဲမျောပါနေ ကြောင်း သတင်းများ ထွက်ပေါ်ချိန်တွင် မြန်မာစစ်သားများ၏ တုံ့ပြန်မှု တစုံတရာမျှ မတွေ့ရှိ
ရသဖြင့် ကမ္ဘာတ၀န်းရှိ ပြည်သူများအနေဖြင့် အံသြတုန်လှုပ်ခဲ့ကြရသည်။
ထို့အပြင် မြန်မာစစ်အစိုးရက နိုင်ငံတကာအကူအညီများကိုလည်း နှေးကွေးစွာ လက်ခံခဲ့သည် သာမက မုန်တိုင်းဒဏ်ပြင်းထန်စွာ ခံရသော ဒေသများသို့ သွားရောက်ကူညီလိုသူ ကယ်ဆယ်ရေး လုပ်သားများကိုလည်း ကိုယ်ထိလက်ရောက် တားဆီးမှုများ ပြုလုပ်ခဲ့သည်။
နိုင်ငံတကာအစိုးရများကလည်း မြန်မာစစ်အစိုးရ၏ ဂရုမမူ နှေးကွေးသည့်တုံ့ပြန်မှုအပေါ် ပြင်းထန် စွာ ဝေဖန်ခဲ့ကြသကဲ့သို့ စစ်ခေါင်းဆောင်များအား အကူအညီများ ရယူရန် ဖျောင်းဖျပြောဆိုခဲ့ ကြသည်။ ။
Wednesday, July 23, 2008
မုန်တိုင်းကြောင့် ဒေါ်လာ သန်းလေးထောင် ဆုံးရှုံး
Posted by
54freedom
at
8:49 PM
0
comments
Labels: ဂျူလိုင်လ ၂၁ မှ ၂၇ အထိ သတင်းများ
စစ်အစိုးရက ရွေးကောက်ပွဲကို တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် သြတြေးလျနိုင်ငံက မြင်လို
Agencies/ ၂၃ ဇူလိုင် ၂၀၀၈
မြန်မာစစ်အစိုးရ၏၂၀၁၀ ပြည့်နှစ် ရွေးကောက် ပွဲအား အန်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အင်အားစု များအားလုံး ပါဝင်ပြီး လွတ်လပ်၍ တရား မျှတသော ရွေးကောက်ပွဲအဖြစ် တွေ့မြင်လို ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး စတီဖန် စမစ်က ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မစ္စတာ စမစ်က “မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ ကျနော် မနေ့က စကားပြောဖြစ်ပါတယ်။ မြန်မာ ပြည်သူတွေရဲ့ ဆန္ဒသဘောထားတွေကို ထင်ဟပ်စေမယ့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေး ကောက်ပွဲ ဖြစ်ပေါ်လာမှာကို သြစတြေးလျအစိုးရက မြင်တွေ့လိုပါတယ်” ဟု စင်ကာပူ၌ သတင်းထောက်များအား ယနေ့ပြောသည်။
စင်ကာပူတွင် ကျင်းပနေသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ မြန်မာနိုင်ငံ ခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းကို ယင်းသို့ပြောကြားခဲ့ရာ ဦးဥာဏ်ဝင်းထံမှမူ ၎င်းတို့အနေဖြင့် စစ်အစိုးရ Road Map အတိုင်း ဆက်လက်လုပ်ကိုင်နေသည်ဟူသော အဖြေကိုသာရခဲ့ကြောင်း မစ္စတာစမစ်က ပြောသည်။
စစ်ဗိုလ်ချုပ်ကြီးများ၏ အာဏာသက်ဆိုး ရှည်စေရန် ရည်ရွယ်လုပ်ဆောင်သည်ဟု စွပ်စွဲ၍ အတိုက် အခံ နိုင်ငံရေးအင်အားစုများက ပယ်ချထားသော ဖွဲ့စည်းပုံအခြေခံဥပဒေအောက်၌ ၂၀၁၀ ပြည့် နှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်ရန် မြန်မာစစ်အစိုးရက ကြိုးစားနေခြင်းဖြစ်သည်။
လူ့အခွင့်အရေးဆိုင်ရာ အခြေခံ အာဆီယံပဋိညာဉ်စာချုပ်ကို ယခုလ (၂၁) ရက်တွင် သဘောတူခဲ့ သည့် မြန်မာစစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် လိုအပ်ကြောင်း မစ္စတာစမစ်က ယနေ့ ထပ်မံတိုက်တွန်းလိုက်သည်။
သို့သော် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်တိုက် ကျူးလွန်နေသော စစ်အစိုးရက အာဆီယံ ပဋိညာဉ်စာချုပ်ကို ယခုကဲ့သို့ သဘောတူခြင်းသည် ဟန်ပြသာဖြစ်၍ ပြောင်းလဲမည့် လက္ခဏာ တစုံတရာ မတွေ့ရကြောင်း လေ့လာသူများက ပြောသည်။
သြစတြေးလျအစိုးရက မြန်မာမုန်တိုင်းဘေးအတွက် ကူညီငွေ အမေရိကန်ဒေါ်လာ (၂၉) သန်း ထပ်မံပေးမည်ဖြစ်ကြောင်း ယနေ့ကြေညာခဲ့သည်။ ယခုငွေ မတိုင်မီကလည်း အမေရိကန်ဒေါ်လာ (၂၄) သန်းကျော် ကူညီပြီးဖြစ်သည်။ ။
Posted by
54freedom
at
8:47 PM
0
comments
Labels: ဂျူလိုင်လ ၂၁ မှ ၂၇ အထိ သတင်းများ
ချင်းပြည်နယ် မြို့နယ်အချို့တွင် တပ်စခန်းများ တိုးချဲ့ချထားလာ
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 23 2008
အိုက်ဇော။ ။ ချင်းပြည်နယ်ရှိ မြို့နယ်အချို့တွင် ပြီးခဲ့သည့် ဇွန်လမှစတင်ကာ စစ်တပ်အင်အား တိုးချဲ့ ချထားလိုက်သလို စစ်ကြောင်းလှည့်မှုများလည်း ယခင်ထက် အကြိမ်အရေအတွက် ပိုများလာသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ချင်းပြည်နယ် ထန်တလန်၊ ဟားခါး၊ ဖလမ်းနှင့် ပလက်ဝမြို့နယ်များတွင် ခြေလျင်တပ်ရင်း (ခလရ) နှင့် ခြေမြန်တပ်ရင်း (ခမရ) တပ်များ ၁၂ ခုထက်မနည်း တိုးချလာသလို လှုပ်ရှားတပ်များကလည်း ဒေသခံများကို စစ်ဆေးမှုများ ကြပ်မတ်လာခြင်း ဖြစ်သည်။
“အရင်တုန်းက ရွာမှာ ၃-၄ လဆိုရင် တခါလောက်ပဲ လှည့်တတ်တယ်။ အခု အရင်လှုပ်ရှားတဲ့ နေရာတွေမှာ တလမှာ ၄ ခါလောက် လှုပ်ရှားလာကြတယ်။ အဝင်အထွက် စစ်ဆေးတာတွေ အရမ်းလုပ်လာတာ။ မသင်္ကာရင် ဖမ်းပြီး စစ်ဆေးတာလည်း ခဏခဏပဲ။ အဲဒီလိုမျိုး စစ်ဆေးတော့ ခရီးသွားလာရတာ ကျပ်လာတယ်” ဟု ထန်တလန်မြို့နယ်ရှိ Sopum ကျေးရွာမှ ကိုတွာနိုက ပြောသည်။
ထန်တလန်၊ ဟားခါးနှင့် ဖလမ်းမြို့နယ်ဘက်တွင် ခလရ ၂၂၈၊ ၂၂၉၊ ၈၇၊ ၈၉၊ ခမရ ၁၆ နှင့် ပလက်ဝမြို့နယ်တွင် ခမရ ၃၅၅၊ ၅၅ဝ၊ ၅၃၉၊ ခလရ ၃ဝ၊ ၂ဝ တပ်ရင်းများ တပ်စွဲလာကြပြီး လှုပ်ရှားတပ်အဖြစ် တပ်ရင်း ခလရ ၁၁ဝနှင့် ၂၈၉ ကို စစ်ကြောင်းဖြန့်ထားသည်ဟု ဒေသခံများက ဆိုသည်။
လှုပ်ရှားတပ်များက ထန်တလန်မြို့နယ် zanak တောင်ကျောအုပ်စုရှိ ရွာသားတဦးအား ချင်းသူပုန်များနှင့် ဆက်သွယ်သည်ဟု မသင်္ကာကာ သေနတ်ဒင်ဖြင့် ထုနှက်စစ်ဆေးသဖြင့် နှာခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်းနှင့် အမျိုးသမီးအချို့လည်း အဓမ္မ ပြုကျင့်ခံရမှုများ ရှိနေကြောင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ဒေသသို့ ထွက်ခွါလာသည့် ဒေသခံအချို့က ပြောဆိုသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပါ။
ထို့အပြင် ထန်တလန်မြို့နယ်အတွင်းရှိ Vanzang ရှိ Sopum, Tlanglo နှင့် Tlangpi ကျေးရွာများတွင် စစ်ရေးအရ ယာယီအခြေချလေ့ရှိပြီး ထိုဒေသများကို အနက်ရောင်နယ်မြေအဖြစ် သတ်မှတ်ထားသည်ဟု သိရသည်။
ယခင်ကတည်းက ထိုဒေသများတွင် ချင်းအမျိုးသား တပ်မတော် (Chin National Army - CNA) က အဓိက လှုပ်ရှားသည့် နယ်မြေဖြစ်သဖြင့် ဒေသတွင်း စစ်တပ်များသည် ဂရုတစိုက် စစ်ကြောင်းထိုးလေ့ ရှိခဲ့သည်။
“တပ်ရင်းတွေ တိုးချဲ့မယ်ဆိုတာက သူတို့ဗျူဟာပဲ။ တပ်ရင်းတွေ များများချလေ၊ ချင်းပြည်သူတွေ အခြေအနေ ဆိုးလေပဲ။ ပြည်သူတွေအတွက် စားနပ်ရိက္ခာ ဖြေရှင်းပေးတာမရှိဘူး၊ ဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်ပေးတာ မရှိဘူး။ ချင်းပြည်မှာရှိတဲ့ လူဦးရေနဲ့ တပ်အင်အားက မမျှဘူးဖြစ်နေတယ်။ တပ်ရင်းများလာလေ လူ့အခွင့်အရေး ချိုးဖောက်တာတွေ၊ အမျိုးသမီးတွေအပေါ် မုဒိမ်းကျင့်တာတွေ များလာမယ်” ဟု ချင်းအမျိုးသားတပ်ဦးမှ ပြောရေးဆိုခွင့်ရှိသူ ဦးတာန်းရမ်က မဇ္ဈိမကို ပြောသည်။
ဟားခါးမြို့နယ် Sen Thang နယ်ရှိ ကျေးရွာပေါင်း ၂၈ ရွာရှိ ဒေသခံများအား ကြက်ဆူပင်စိုက်ပျိုးရန်အတွက် တအိမ်ထောင်လျှင် ကျပ်ငွေ တသောင်း နှုန်းကောက်ခံပြီး စပါးမျိုးစေ့ဝယ်ရန်ဟုဆိုကာ တအိမ်ထောင်လျှင် ကျပ် ၅ဝဝ စီ ကောက်ခံနေသည်။ မပေးနိုင်ပါက ပြင်းထန်စွာ အရေးယူမည်ဖြစ်ဟု ကျေးရွာ ရယက များက အမိန့်ထုတ်ပြန်ထားသည်။
ထို့အပြင် Sur Khar ကျေးရွာတွင် ရဲစခန်း ဆောက်လုပ်ရန် တအိမ်ထောင် ကျပ် ၅ဝဝ ကောက်ခံသလို၊ ငွေမပေးနိုင်ပါက စခန်းဆောက်လုပ်ရေး လုပ်အားပေး ဆင့်ခေါ်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၁ဝ ရက်နေ့က ဖွဲ့စည်းပုံဥပဒေ (မူကြမ်း) အတည်ပြုရေးအတွက် ဆန္ဒခံယူပွဲကျင်းရာတွင် ထန်တလန်၊ ဟားခါးနှင့် ဖလမ်းမြို့နယ်ရှိ ဒေသအများအပြားတွင် ကန့်ကွက်မဲ အနိုင်ရခြင်းကြောင့် တပ်ရင်းများ ယခုလို တိုးချဲ့လာခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ခန့်မှန်း ပြောဆိုကြသည်။
ဟားခါး၊ တီးတိန်၊ ဖလမ်းနှင့် ထန်တလန်ဘက်တွင် ကန့်ကွက်မဲ အရေအတွက် ပိုများခဲ့သည်ဟု မီဇိုရမ်အခြေစိုက် ချင်းအမျိုးသားကောင်စီ (Chin National Council - CNC) က ပြောသည်။
“ကျနော်တို့က မဲဆန္ဒမကျင်းပခင် ပြည်တွင်းကနေ ကိုယ့်လူတွေ၊ စိတ်ချရပြီး ပြည်တွင်းမှာ သြဇာနည်းနည်း ရှိတဲ့သူတွေကို ခေါ်ပြီး သင်တန်းပေးတယ်။ CNC ကလည်း နယ်ဆင်းပြီး သင်တန်းပေးထားတဲ့ သူတွေဆီက အချက်အလက် ရယူတာ ဖြစ်တယ်” ဟု CNC မှ ကန့်ကွက်မဲထည့်ဝင်ရေး လှုပ်ရှားမှုနှင့် ပတ်သက်ပြီး အဓိက သတင်းအချက်အလက် စုဆောင်းသူ (တာဝန်ခံ) ကိုဟန်နရီက မဇ္ဈိမကို ပြောသည်။
ဃ္ဒဃ သည် မေလတွင် ကျင်းပခဲ့သည့် မဲဆန္ဒပေးပွဲ မတိုင်မီ အရေးပေါ် ကော်မတီတရပ် ဖွဲ့စည်းခဲ့ပြီး အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် သွားရောက်ကာ ချင်းပြည်သူများကို ဟောပြော စည်းရုံးခဲ့သေးသည်။
Posted by
54freedom
at
8:26 PM
0
comments
Labels: ဂျူလိုင်လ ၂၁ မှ ၂၇ အထိ သတင်းများ
မလေးရှားရှိ မြန်မာသံရုံးကို မီးရှို့သူ ဖမ်းဆီးခံရ
မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 23 2008်
နယူးဒေလီ။ ။ တကိုယ်လုံး ဓာတ်ဆီလောင်းထားသည့် မြန်မာလူငယ်တဦးသည် မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူရှိ မြန်မာသံရုံးကို ဝင်ရောက် မီးရှို့သဖြင့် ယမန်နေ့က ရဲက ဖမ်းဆီးခဲ့သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ယမန်နေ့ နေ့လယ်ပိုင်းက မြန်မာလူငယ် ကိုစောနောင်သည် မြန်မာသံရုံး အတွင်းသို့ ဓာတ်ဆီပုံးတပုံးကို မီးရှို့ ပစ်သွင်းခဲ့သော်လည်း လမ်းခုလပ်၌ပင် ပေါက်ကွဲသွားပြီးနောက် မိမိကိုယ်ကို မီးရှို့ပြီး သံရုံးဝန်းအတွင်း ဝင်ရောက်ရန် ကြိုးပမ်းစဉ် မလေးရှား ရဲများက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
“သူက ဓာတ်ဆီပုံးကို ပစ်သွင်းလိုက်တဲ့ အချိန်မှာ မအောင်မြင်ဘူး။ မအောင်မြင်တော့ ကိုယ့်ကိုယ်ကို မီးရှို့ဖို့ ကြိုးစားနေတုန်း မလေး အရပ်ဝတ် ရဲတွေက ဖမ်းလိုက်တာပါ” ဟု ကွာလာလမ်ပူ အခြေစိုက် မြန်မာအလုပ်သမား အခွင့်အရေး စောင့်ရှောင်ရေးအဖွဲ့မှ ကိုရဲမင်းထွန်းက မဇ္ဈိမကို ပြောသည်။
သံရုံးကို မီးရှို့ရန် ကြိုးစားသူသည် မူးယစ်ဆေးဝါး သုံးစွဲထားကြောင်းနှင့် မည်သည့် ရည်ရွယ်ချက်ဖြင့် ယခုလို လုပ်ရပ်မျိုး ပြုလုပ်ရသည်ကို မသိရသေးကြောင်း ရဲဘက်က ပြောဆိုသည်ဟု သူက ပြောဆိုသည်။
သူက “ရဲအရာရှိတွေ ပြောတာက အချိန်မရွေး နှိမ်နှင်းလို့ ရတယ်။ မင်းတို့က တဆင့်တက်ပြီး အကြမ်းဖက်တာတွေ လုပ်လာရင် လက်မခံဘူးလို့ ပြောတယ်။ ကျနော်က ဒီကိစ္စမျိုးအတွက် တာဝန်ယူမယ်လို့တော့ ပြန်မပြောဘူးလေ။ ဒါပေမဲ့ အတိုက်အခံတွေရဲ့ သဘောထားကို၊ အရိပ်အကဲကိုကြည့်ရင် ခင်ဗျားတို့ သဘောပေါက်လောက်တယ်လို့ ပြန်ဖြေခဲ့တယ်။ ကျနော်တို့အနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေ မလုပ်ဘူးဆိုတာ ခင်ဗျားတို့ နားလည်မှာပါလို့ ပြောခဲ့တယ်” ဟု ဆက်ပြောသည်။
ယမန်နေ့က အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး မြန်မာသံရုံးကမူ ယခုအချိန်အထိ သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။
အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရန်အတွက် မြန်မာသံရုံးသို့ ဆက်သွယ်မေးမြန်းရာတွင် တာဝန်ကျ ဝန်ထမ်းတဦးက ဖြေကြားပိုင်ခွင့် မရှိကြောင်း ပြောဆိုကာ ဖုန်းချသွားခဲ့သည်။
မြန်မာအလုပ်သမားတဦးက “မြန်မာသံရုံး အတိုက်ခိုက်ခံရတဲ့အတွက် မလေးရှားရောက် မြန်မာ့ ဒီမိုကရေစီအရေး အတိုက်အခံတွေ၊ အဖွဲ့အစည်းတွေအတွက် မလေးရှား အာဏာပိုင်တွေနဲ့ ဆက်ဆံရေး ထိခိုင်နိုင်စရာ ရှိတယ်” ဟု ခန့်မှန်းပြောဆိုသည်။
၂ဝဝ၆ ခုနှစ် ဧပြီလ ၂၁ ရက်နေ့ကလည်း ငွေရေးကြေးရေး အရှုပ်အရှင်းကြောင့် သံအမှုထမ်း တဦးသည် သံရုံးအတွင်း၌ ကိုယ့်ကိုယ်ကို မီးရှို့၍ အဆုံးစီရင်ခဲ့ဖူးသည်။
Posted by
54freedom
at
8:13 PM
0
comments
Labels: ဂျူလိုင်လ ၂၁ မှ ၂၇ အထိ သတင်းများ
ဘလော့ဂါ ကိုနေဘုန်းလတ်အမှုကို ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေး
ကိုစိုး ဇူလိုင် ၂၃၊ ၂၀၀၈
စစ်အစိုးရက ဖမ်းဆီးထားသည့် မြန်မာလူငယ် ဘလော့ဂါ တဦးဖြစ်သူ ကိုနေဘုန်းလတ် ခေါ် ကိုနေမျိုးကျော်၏ အမှုကို ယမန်နေ့က အနောက်ပိုင်းခရိုင် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးတင် စစ်ဆေးကြောင်း သိရသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကိုနေဘုန်းလတ်ကို စွဲဆိုထားသော အမှု ပုဒ်မ များမှာ ဗီဒီယို ပုဒ်မ၊ ၅၀၅(ခ) နှင့် အီလက်ထရွန်းနစ် ဥပဒေတို့ဖြင့် စွဲဆိုခြင်း ဖြစ်ပြီး ယမန်နေ့က တရားလို သက်သေကို စစ်ဆေးခြင်းဖြစ်သည်ဟု ကိုနေဘုန်းလတ်အမှု၏ အကျိုး ဆောင် ရှေ့နေကြီး ဦးအောင်သိန်း ကပြောသည်။
“မနေ့က တရားလို သက်သေကို စပြီး စစ်တယ်၊ ဒဂုံမြို့နယ်က ဒုရဲအုပ် ရဲအောင် ဆိုတာ၊ စစ်တာက အနောက်ပိုင်း ခရိုင် တရားရုံးက စစ်တာ၊ အဲဒီ ဒုရဲအုပ် ရဲအောင်က စရဖ က သူ့ကို အပ်လို့ ကားပေါ် ခေါ်တင်လာပြီး ရဲစခန်း ကျမှ သီးလေးသီး အခွေ ဆင်ဆာမဲ့ ၃ ချပ်စီ တွေ့တယ်ဆိုပြီးတော့ ပြောတယ်၊ ဘာအခွေ ဘယ်တုန်းက အခွေလို့တော့ မပြောဘူး၊ တခြား အထောက် အထားလဲ မပြောဘူး၊ ဆင်ဆာမဲ့ အခွေ လက်ဝယ်တွေ့ရှိမှုနဲ့ စွဲတာ”ဟု ဦးအောင်သိန်းက ပြောဆိုသည်။
လွန်ခဲ့သည့် ဇန်န၀ါရီလ ၂၉ ရက်နေ့ က အဆိုပါ ကိုနေဘုန်းလတ်ကို ဖမ်းဆီးစဉ်ကပင် အတူတကွဖမ်းဆီးခံခဲ့ရသည့် မသင်းဇူလိုင်ကျော်သည်လည်း ဗီဒီယို ပုဒ်မ၊ ၅၀၅ (ခ) နှင့် အီလက်ထရွန်းနစ် ဥပဒေတို့ဖြင့် တရားစွဲဆိုခြင်း ခံရပြီး ယမန် နေ့က ရုံးအတူထုတ်ကြောင်းနှင့် မိသားစုဝင်များနှင့် တွေ့ကြရကြောင်း သိရသည်။
“ဒါ ပထမဆုံး အကြိမ် ရုံးထုတ် အမှုစစ်တာ ဖြစ်တယ်၊ သူတို့ ၂ ဦးကို စဖမ်းတာက ၂၉ ရက် ၁ လ ၂၀၀၈ မှာ ဖမ်းတာ၊ ယမန်ယူတော့ ပုဒ်မ အမျိုးမျိုးနဲ့ လှည့်ယူတယ်၊ အမှုတင်နိုင်တဲ့ အခါကျမှ အမှုတင်ပုဒ်မပေါ့၊ ပုဒ်မ တပ်တာက တခုချင်းစီ၊ ၂ ယောက်တွဲတခု၊ ၅၀၅ (ခ) က တယောက်တခုစီ၊ အီလက်ထရွန်းနစ်က တခုစီ”ဟု လည်း ဦးအောင်သိန်းက ပြောဆိုသည်။
ယခုစွဲဆိုထားသော ပြစ်မှုကြောင်းအရ ဗီဒီယို ဥပဒေသည် ပြစ်ဒဏ် ၆ လ ကျခံရမည်ဖြစ်ပြီး အာမခံပေးနိုင်သည့် အမှုဖြစ် ကြောင်း၊ အများပြည်သူ ဆူပူမှုဖြစ်ရန် လှုံ့ဆော်သည့် ပုဒ်မ ၅၀၅ (ခ) မှာ ထောင်ဒဏ်၂ နှစ် အထိ ပြစ်ဒဏ် ကျခံရနိုင် ကြောင်းနှင့် အီလက်ထရွန်းနစ် ဥပဒေမှာ ထောင်ဒဏ် ၇ နှစ်မှ ၁၅ နှစ် အထိ ပြစ်ဒဏ် ကျခံရနိုင်ကြောင်း သိရှိရသည်။
“အမှုမြောက် မမြောက်ကတော့ အခု တရားလိုကို စစ်နေတုန်းဆိုတော့ ပြောလို့ မရသေးပါဘူး၊ ကြိုပြောလို့လည်း မရပါဘူး၊ ကြိုပြောလို့လည်း မသင့်ပါဘူး၊ သူတို့ဘက်ကလည်း မရရအောင် စွဲမှာပဲ၊ ကိုယ့်ဘက်ကလည်း ထုခြေရမှာပေါ့”ဟု ဦးအောင်သိန်းက ဆက်လက် ပြောဆိုသည်။
နောက်ဆုံးအခြေအနေအရ ကိုနေဘုန်းလတ်နှင့် မသင်းဇူလိုင်ကျော်တို့ အမှုကို လာမည့် အပတ် အင်္ဂါနေ့သို့ ရုံးချိန်းပြန်ချိန်း လိုက်ကြောင်းနှင့် ၎င်းတို့ ၂ ဦးလုံးကို အင်းစိန် အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
Posted by
54freedom
at
8:05 PM
0
comments
Labels: ဂျူလိုင်လ ၂၁ မှ ၂၇ အထိ သတင်းများ
မုန်တိုင်းဒဏ်ခံဒေသ ကျန်းမာရေးဆိုင်ရာ ပြန်လည်တည်ဆောက်ရေး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကူညီမည်
23 July 2008
မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းကြောင့် ပျက်ဆီးဆုံးရှုံးသွားတဲ့ ကျန်းမာရေးဆိုင်ရာ
ပစ္စည်းကိရိယာတွေ၊ အဆောက်အဦးတွေကို ပြန်လည်တည်ဆောက် တပ်ဆင်ရေး
အတွက် ကူညီမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။ WHO
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ရှိရာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ကနေ လီဆာ ရှလိုင်း
(Lisa Schlein) သတင်းပေးပို့တာကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၄၀ အတွင်း အဆိုးဝါးဆုံးခံခဲ့ရတဲ့ မုန်တိုင်းဒဏ်ကြောင့် ဘယ်
အတိုင်းအတာအထိ ပျက်ဆီးဆုံးရှုံးခဲ့သလဲဆိုတဲ့အပေါ် ပြည့်စုံတဲ့ သုံးသပ်ချက် ထွက်ပေါ်
လာခဲ့ပြီးနောက်မှာ ဘာတွေဆက်လုပ်ရမလဲဆိုတဲ့ ရှင်းလင်းတဲ့အစီအစဉ်တွေ လုပ်နိုင်
ပြီလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။
မြန်မာအစိုးရ၊ ကုလသမဂ္ဂနဲ့ အာဆီယံအဖွဲ့တွေရဲ့ သုံးပွင့်ဆိုင် လေ့လာသုံးသပ်မှုတွေ
အရ နာဂစ်မုန်တိုင်းကြောင့် ဒေါ်လာ သန်း ၄,၀၀၀ ဖိုးလောက် ပျက်ဆီးဆုံးရှုံးခဲ့ပြီး
နောင် ၃ နှစ်အတွင်းမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် ဒေါ်လာ သန်း
၁,၀၀၀ လောက် လိုအပ်လိမ့်မယ်လို့ ခန့်မှန်းပါတယ်။ မေလဆန်းမှာ တိုက်ခတ်သွားတဲ့
နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၈၄,၀၀၀ ကျော်သေဆုံးပြီး ၈၀၀,၀၀၀ ကျော် အိုးမဲ့
အိမ်မဲ့ ဖြစ်ခဲ့ကြပါတယ်။
မုန်တိုင်းဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ ဆေးရုံနဲ့ ဆေးပေး
ခန်းပေါင်း ၇၅% လောက် ပျက်ဆီးခဲ့ရ၊ ဒါမှမဟုတ်လည်း အကြီးအကျယ် ထိခိုက်ခဲ့ရ
တယ်လို့ သုံးပွင့်ဆိုင် လေ့လာသုံးသပ်မှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီလို
အစီရင်ခံစာထုတ်ပြန်နိုင်ဖို့ မြန်မာနိုင်ငံမှာ သီတင်း ၆ ပတ်နေပြီး လေ့လာခဲ့တဲ့
ဒေါက်တာ ရစ်ချတ်ဒ် ဂါးဖီးလ်ဒ် (Dr. Richard Garfield) က သူသိရှိခဲ့ရတာတွေကို ခုလို
ပြောပါတယ်။ ဒေါက်တာဂါးဖီးလ်ဒ်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ကျန်းမာရေးနဲ့
အာဟာရဖွံ့ဖြိုးမှုဆိုင်ရာဌာနက ဖြစ်ပါတယ်။
"ကျနော်တို့ တရွာဝင်တရွာထွက် သွားပြီး ရွာတိုင်းမှာ အိမ်ထောင်စု ၁၀ စုကနေ ၁၂ စု
ကို တွေ့ဆုံမေးမြန်းမှုတွေ၊ ရွာသူကြီးတွေရဲ့ ပြောပြချက်တွေအရ ကျနော်တို့ အရင်
သိထားတာထက်ကို အစိုးရရဲ့ ကျန်းမာရေးဆိုင်ရာ ပြုစုစောင့်ရှောက်မှုတွေကို တွေ့ရှိခဲ့
ပါတယ်။ ဒါပေမယ့် မုန်တိုင်းဒဏ်ခံရတဲ့ အတိုင်းအတာဟာ ကြီးမားလွန်းတဲ့အတွက်
လုံလောက်တဲ့ တုံ့ပြန်မှု၊ စောင့်ရှောက်မှုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မုန်တိုင်းအပြီး
မှာ ကျန်းမာရေးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုတွေဟာ ကျနော်တို့ ထင်ထားတာထက်ကို
ရှိနေတာ တွေ့ရပါတယ်။"
မုန်တိုင်းဒဏ်ခံ ဒေသတွေဆီကို ဆရာဝန်တွေ၊ သူနာပြုတွေ အများအပြားကို အစိုးရက
စေလွှတ်ပေးခဲ့တဲ့အပေါ်မှာလည်း အံ့သြခဲ့ရတယ်လို့ ဒေါက်တာဂါးဖီးလ်ဒ်က ပြောပါ
တယ်။ မုန်တိုင်းကြောင့် ပျက်ဆီးဆုံးရှုံးသွားတဲ့ ကျန်းမာရေးဆိုင်ရာ ပစ္စည်းကိရိယာ
တွေ၊ အဆောက်အဦးတွေကို ပြန်လည်တည်ဆောက် တပ်ဆင်ရေးအတွက် ကမ္ဘာ့
ကျန်းမာရေးအဖွဲ့ကြီးက အစီအစဉ်ရှိတာကိုလည်း သူက ပြောပြခဲ့ပါတယ်။
"မုန်တိုင်းဒဏ်ခံထားရတဲ့ ဒေသတွေမှာ တနှစ်အတွင်းမှာကို အရင် မုန်တိုင်းမဖြစ်ခင်
ကာလက အခြေအနေမျိုးတွေ ပြန်လည်ရောက်ရှိစေဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။
Built Back Better ဆိုတဲ့ ပုံမှန်အနေအထားရောက်အောင် ပြန်လည်တည်ဆောက်ပေး
ပြီး အခြေအနေတွေ ပိုမိုတိုးတက်ကောင်းမွန်ရေးဆိုတဲ့ စံနဲ့ ကိုက်ညီစေဖို့ ဖြစ်ပါတယ်။
ဘယ်လို ကူညီလုပ်ဆောင်ပေးရမယ်ဆိုတာ ကျနော်တို့ အခု ခန့်မှန်းနိုင်ပါပြီ။"
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ကျန်းမာရေးနဲ့ အာဟာရဖွံ့ဖြိုးမှုဆိုင်ရာဌာနက ဒေါက်တာ
ရစ်ချတ်ဒ် ဂါးဖီးလ်ဒ် ဖြစ်ပါတယ်။
မုန်တိုင်းဒဏ်ခံထားရတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွေဆီကို နိုင်ငံခြားသား ကူညီ
ကယ်ဆယ်ရေး လုပ်သားတွေကို လွတ်လွတ်လပ်လပ် သွားလာခွင့်မပေးတဲ့အတွက်
စစ်အစိုးရအပေါ် ဝေဖန်မှုတွေရှိနေပေမယ့် ဒေါက်တာ ရစ်ချတ်ဒ် ဂါးဖီးလ်ဒ်ကတော့
ကုလသမဂ္ဂ ၀န်ထမ်းတွေအနေနဲ့ အစိုးရရဲ့ နှောင့်ယှက်မှုမရှိဘဲ လွတ်လွတ်လပ်လပ်
သွားလာနိုင်ခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
Posted by
54freedom
at
7:54 PM
0
comments
Labels: ဂျူလိုင်လ ၂၁ မှ ၂၇ အထိ သတင်းများ
ဖွဲ့စည်းပုံသစ်ကို လက်မခံဖို့ ကုလသမဂ္ဂကို မြန်မာလွှတ်တော်အမတ် ၅ ဦး တိုက်တွန်း
23 July 2008
မြန်မာပြည်မှာ စစ်အစိုးရက ပြုလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံမူကြမ်း လူထုဆန္ဒခံယူပွဲ ရလဒ်များ
တရားမ၀င်ဘူးလို့ ကြေညာပေးပါလို့ မြန်မာပြည်တွင်း အတိုက်အခံ နိုင်ငံရေးသမား
တစုက ကုလသမဂ္ဂကို တိုက်တွန်းလိုက်ပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဇင်ဘာဘွေနိုင်ငံက သိက္ခာမဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို ပယ်ချသလိုပဲ မြန်မာပြည်က
စစ်အစိုးရရဲ့ လူထုဆန္ဒခံယူပွဲ ရလဒ်ကိုလည်း အလားတူ လက်မခံ ပယ်ချပါလို့ ကုလ
သမဂ္ဂကို တိုက်တွန်းတဲ့စာတစောင် တနင်္လာနေ့မှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း
(Ban Ki-moon) က ရရှိခဲ့တယ်လို့ ဆိုပါတယ်။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခံခဲ့ရပေမယ့် လွှတ်တော်
ခေါ်ခွင့် မရကြတဲ့အထဲက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၅ ယောက်က ဖွဲ့စည်းပုံ
လူထုဆန္ဒခံယူပွဲကို အတုအယောင်ကြီးလို့ အဲဒီစာထဲမှာ ဖော်ပြလိုက်ပါတယ်။
အတိုက်အခံ အင်အားစုများ၊ တိုင်းရင်းသား လူနည်းစုများနဲ့ အဓိပ္ပာယ်ရှိတဲ့ စကားဆိုပွဲ
ပြုလုပ်ပါလို့ စစ်အစိုးရကို အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်များက တိုက်တွန်း
ထားတဲ့ အဲဒီစာရဲ့မိတ္တူကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံကို ပေးပို့ရင်း အမေရိကန်
နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ် (Condoleezza Rice) နဲ့ သမ္မတကတော်
လော်ရာဘုရှ် (Laura Bush) တို့ထံကိုလည်း ပေးပို့လိုက်ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ အထူးအကြံပေးပုဂ္ဂိုလ် အီဗရာဟင်မ်
ဂမ်ဘာရီ (Ibrahim Gambari) ရှေ့လထဲ မြန်မာနိုင်ငံကို ပြန်မသွားခင်မှာ အဲဒီစာကို
လွှတ်တော်အမတ် ၅ ဦးက ရေးသားပေးပို့ခဲ့ကြတာ ဖြစ်ပါတယ်။
Posted by
54freedom
at
7:48 PM
0
comments
Labels: ဂျူလိုင်လ ၂၁ မှ ၂၇ အထိ သတင်းများ