စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Tuesday, July 8, 2008

ဓါးပြမှုတွင် (နစက) အဖွဲ့ဝင်များပါဝင်သည်ဟုဆို

ဖြိုးကြီး။ ဇူလိုင် ၇၊ ၂၀၀၈

ရခိုင်ပြည်နယ်အတွင်း ဓါးပြတိုက်မှုတွင် နယ်စပ်လုံခြုံရေး(နစက) အဖွဲ့ဝင်များ ပါဝင်ပတ်သက်မှု ရှိသည်ဟု ဆိုသည်။

ယခုလ (၁) ရက်နေ့ညက မောင်းတောမြို့နယ်၊ နံ့သာတောင်ရွာမှ ဦးအာမက်ရီဇောင်နျူရ၏ နေအိမ်ကို ဓါးပြ၀င်တိုက်သဖြင့် ကာလပေါက်ဈေးသိန်း (၂၀) ခန့်တန်ဖိုးရှိ လက်ဝတ်ရတနာများ ပါသွားကြောင်း မိသားစုဝင်တဦးက ပြောဆိုခြင်းဖြစ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အဆိုပါအခင်းဖြစ်ပွားပုံနှင့် ပတ်သက်၍ “အဲဒီညက (၁) နာရီကျော်လောက်မှာ လူ(၁၀) ယောက် လောက်ရှိတယ်၊ သူတို့က မောင်းပြန်သေနတ်တွေ ကိုင်လာတာ၊ လူတွေကို အိမ်ခန်းထဲမှာ ပိတ်လိုက်တာ ကျနော်တို့က ပြန်လုပ်တော့ သူတို့က ဓါးနဲ့ထိုးတာ၊ သေနတ်တော့ တချက်မှ မဖောက်ဘူး” ဟု မိသားစုဝင်တဦးက ပြောသည်။

ထိုကဲ့သို့ အခင်းဖြစ်ပွားပုံကို သက်ဆိုင်ရာဒေသအာဏာပိုင်များအား သွားရောက်တိုင်တန်းရာ တွင် ဒုက္ခသည်စခန်းတွင်းမှ သောင်းကျန်းသူများသည် ဘင်္ဂလားဒေ့ရှ်ဓါးပြများနှင့်ပေါင်းကာ လာတိုက်ခြင်းဖြစ်ကြောင်း ပြောဆိုလိုက်သည်ဟုဆိုသည်။

“ကျနော်တို့နေတာ (နစက) စခန်းနားမှာဘဲနေတာ၊ ဒီနေရာတွေကို အပြင်က လာတိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ တကယ်တမ်း ဓါးပြဘယ်သူတွေဆိုတာ ကျနော်တို့တင်မဟုတ်ဘူး တရွာလုံးလည်း သိနေကြတယ်” ဟု မိသားစုဝင်တဦးက ဆက်လက်ပြောဆိုသည်။

ဓါးပြများ၏ ထိုးနှက်မှုကြောင့် မိုဟာမက်ရီဇောင်နှင့်သားဖြစ်သူ မိုဟာမက်ဆစ်ဒစ်တို့မှာ ပြင်းထန် စွာ ဒဏ်ရာရရှိခဲ့သဖြင့် မောင်းတောအထွေထွေဆေးရုံတွင် ဆေးကုသမှု ခံယူနေလျှက်ရှိသည်ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့အပြင် မောင်းတောမြို့နယ်၊ အထက်ဖြိုးမရွာနေ အောင်ကျော်စိန်၏ဈေးဆိုင်အား ဇွန်လ (၂၈) ရက်နေ့တွင် ဓါးပြတိုက်ခဲ့ရာ ဓါးပြများက သေနတ်ဖြင့်ပစ်သည့်အတွက် ဆိုင်ရှင်မှာ သေနတ် ဒဏ်ရာရရှိခဲ့သဖြင့် မောင်းတောဆေးရုံတွင် အရေးပေါ်ဆေးကုသခံလျှက်ရှိသည်ဟု နီးစပ်သည့် ဆွေမျိုးတဦးကပြောသည်။

မောင်းတောမြို့နယ်၊ ဘော်လီဈေးရွာမှ အခြားရွာသားတဦးက “မောင်းပြန်သေ နတ်တွေကိုင် ထားတဲ့ ဓါးပြတွေ ဘယ်သူဆိုတာရော၊ ရွာထဲတွေမှာဖြစ်နေတဲ့ ဓါးပြမှုတွေမှာ ဘယ်သူတွေ ပတ်သက်နေကြတယ်ဆိုတာ အားလုံးက သိနေကြတယ်” ဟု ဆက်လက်ပြောဆိုခဲ့သည်။

မောင်းတောမြို့နယ်ရှိ နယ်စပ်ဒေသလုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဒေသခံရွာသားများအပေါ် အမျိုးမျိုးဖိနှိပ်မှုများပြုလုပ်နေသည့်အပြင် ယခုကဲ့သို့ လုပ်ရပ်မျိုးကိုပါ လုပ်ဆောင်လာနေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

အပြည့်အစုံဖတ်လိုလျှင်

ကုလသမဂ္ဂမှ မြန်မာနိုင်ငံတွင် အရေးပေါ်ဆက်သွယ်ရေးဌာန တည်ထောင်

ဉာဏ်မောင်။ ဇူလိုင် ၇၊ ၂၀၀၈

ရန်ကုန်မြို့တွင် ကုလသမဂ္ဂမှ အရေးပေါ်ဆက်သွယ်ရေးစင်တာ (ETC) တခုဖွင့်လှစ်လိုက်သည် ဟုဆိုသည်။

သဘာဝဘေးဒုက္ခသည်များအတွက် ကယ်ဆယ်ရေးလုပ်သားများနှင့် ပြန်လည်တည်ဆောက် ရေး လုပ်ငန်းများလုပ်ဆောင်ရာတွင် ပိုမိုအဆင်ပြေစေရန်အတွက် ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း အပတ်စဉ်ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားခြင်းဖြစ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြန်မာနိုင်ငံမှ ဝန်ထမ်းများကို ကုလသမဂ္ဂပညာရှင်များက ဆက်သွယ်ရေးလုပ်ငန်းများ လျှင်မြန် စွာ လုပ်ကိုင်နိုင်ရန်အတွက် ယခုလက်ရှိသင်တန်းများပေးနေသည်ဟု ဖော်ပြထားသည်။

ဘန်ကောက်အခြေစိုက်လူမှုရေးအဖွဲ့များနှင့် မုန်တိုင်းဒဏ်အများဆုံးခံခဲ့ရသည့် ဧရာဝတီတိုင်း နှင့် ရန်ကုန်တိုင်းတို့တွင် ရောက်ရှိနေသော ကယ်ဆယ်ရေးလုပ်သားများအတွက် ကုလသမဂ္ဂမှ စီစဉ်ဆောင်ရွက်ခြင်း ဖြစ်သည်ဟုဆိုသည်။

ထို့အပြင် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၊ UNDP နှင့်အခြားနိုင်ငံတကာ NGO အဖွဲ့များက လပွတ္တာ၊ ဘိုကလေး၊ ဖျာပုံ၊ မော်လမြိုင်ကျွန်းနှင့် ပုသိမ်မြို့နယ်များသို့ အစားအသောက်နှင့် ကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်ဖြန့်ဖြူးရန်အတွက် ရည်ရွယ်ထားသည်ဟု အဆိုပါဂျာနယ် တွင် ဆက်လက်ဖော်ပြထားသည်။

နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း သေဆုံးသူ ၈၄,၅၃၇ ဦး၊ ပျောက်ဆုံးသူ ၅၃,၈၃၆ နှင့် ၁၉,၃၅၉ ဦး ဒဏ်ရာရရှိခဲ့သည်ဟု စစ်အစိုးရ ဖွားသေစာရင်းဌာနက တရားဝင် နောက်ဆုံးထုတ်ပြန် ကြေညာထားသည်။

စစ်အစိုးရပိုင် မီဒီယာများက လေဘေးဒုက္ခသည်များအတွက် ထိရောက်သည့်အကူညီများ၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည်များနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ကို လုပ်ဆောင်နေသည်ဟု ကြေညာနေသော်လည်း မည်သည့်အကူအညီမှ ရောက်ရှိခြင်း မရှိသေးကြောင်း ဘိုကလေးမြို့နယ်အတွင်းမှ လယ်သမားတဦးက ပြီးခဲ့သည့်နှစ်ရက်ခန့်က ပြောဆိုခဲ့သည်။

အပြည့်အစုံဖတ်လိုလျှင်

စာနယ်ဇင်းသမားများ သို့မဟုတ် စစ်အစိုးရ၏ နံပတ် ၂ ရန်သူ

အေးချမ်းမြေ့ ဇူလိုင် ၇၊ ၂၀၀၈

“စစ်အစိုးရအတွက်ကတော့ နိုင်ငံရေးသမားပြီးရင် သူတို့ရဲ့ နံပတ် ၂ ရန်သူက ဂျာနယ်လစ်တွေပဲ” ဟု ရန်ကုန် သတင်း ဂျာနယ်တစောင်မှ သတင်းထောက်တဦးက ပြောဆိုချက်က ယနေ့ မြန်မာစာပေလောက မည်သို့ ရပ်တည်လှုပ်ရှားနေ ရသည်ကို ရောင်ပြန်ဟပ်ဖော်ပြချက်တခုဟု ဆိုရမည်သာ။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြန်မာသတင်းထောက်များသည် ပြည်တွင်း ဂျာနယ်များတွင် ဖော်ပြခွင့်မရသည့် နာဂစ်မုန်တိုင်း နောက်ဆက်တွဲ သတင်း များကို ပြည်ပရှိ လွတ်လပ်သည့် မီဒီယာများထံ ရသည့်နည်းနှင့် ပေးပို့ခြင်းအားဖြင့် သတင်းမှန်များကို ကမ္ဘာက သိခွင့် ရအောင် ကြိုးပမ်းခဲ့ကြသဖြင့် စစ်အစိုးရက ၎င်းတို့၏ ညံ့ဖျင်းမှုနှင့် တာဝန်မယူမှုများကို ဖော်ထုတ်သော သတင်းသမားနှင့် စာရေးဆရာများကို ရန်သူအဖြစ် သဘောထား လာပုံရကြောင်း မြန်မာသတင်းစာဆရာများက ပြောဆိုနေကြသည်။

“မြန်မာ စာနယ်ဇင်းတွေမှာ ဒုက္ခသည် ဆိုတဲ့ အသုံးအနှုန်းကို သုံးလို့မရဘူး။ လူတွေငတ်နေတယ် ဆိုတာရေးလို့ မရဘူး။ လေဘေး ကယ်ဆယ်ရေးစခန်း လို့ပဲရေးရတယ်။ အကူအညီ အလုံအလောက် မရဘူး ဆိုတာမျိုး ရေးရင် စိစစ်ရေးက ဖြတ်တာပဲ” ဟု ရန်ကုန်အခြေစိုက် သတင်းထောက် တဦးကပြောပြသည်။

သတင်းထောက်များ ကြိုးစားပမ်းစားလိုက်ထားသည့် အဖြစ်မှန်၊ သတင်းမှန်များကို စိစစ်ရေးတင်ပြီး မူကြမ်းကျလာသည့် နေ့များတွင် ဂျာနယ်တိုက်၌ ဆဲဆိုသံများ ကြားနေရသည်ဟု သူကဆို၏။

“ကျနော်တို့ ရေးထားတဲ့ သတင်းတွေ ဖြုတ်ခံလိုက်ရတဲ့ နေ့ဆို ကျနော်တို့တော့ ထိုင်ပြီး ဆဲတာပဲ။ တတ်နိုင်တာ ဒါပဲရှိတယ် လေ။ လူတွေက တကယ်ငတ်နေပြီ၊ အကူအညီက မလုံလောက်ဘူး။ အဲဒါကို ပြည်သူလူထုသိအောင် ရေးလို့မရဘူး။ ဘယ်လောက် ဒေါသထွက်စရာကောင်းလဲ” ၎င်း သတင်းထောက်က ဆက်ပြော၏။

လက်တလော ထွက်ရှိနေသည့် မြန်မာ သတင်းစာနှင့် ဂျာနယ်များတွင် မုန်တိုင်းကြောင့် ရွာလုံးကျွတ် ပျက်စီးနေသည်ကို အပေါ်စီးက ထင်ထင်ရှားရှား ရိုက်ယူထားသည့် ပုံများ၊ ဆန်ရဖို့ တန်းစီနေသည့်ပုံများ၊ စားစရာ အိုးခွက် ပန်းကန်မရှိသော ကြောင့် ဖက်ရွက်များနှင့် ထမင်းစား နေသည့်ပုံများ စသည့် ဒုက္ခသည် များ၏ တကယ့်အခြေအနေကို ကွက်ကွက်ကွင်းကွင်း ဖြစ်စေသည့် သတင်းဓာတ်ပုံနှင့် သတင်း ပေးပို့ချက် များအစား အပြုသဘော ဆောင်သည့် သတင်းနှင့် ဆောင်းပါးများသာ ရေးရမည်ဟု စိစစ်ရေးက အမိန့် ထုတ်ထားကြောင်း ရန်ကုန်အခြေစိုက် နာမည်ကြီး ဂျာနယ်တစောင်မှ အယ်ဒီတာတဦးက ပြောသည်။

“ကျနော်ကိုယ်တိုင် တွေ့ခဲ့တဲ့ မြင်ကွင်းကို ဆောင်းပါးရေးလိုက်တယ်ဗျာ။ အဘွားအို တယောက် ဘာ အကူအညီမှမရဘူး။ ငှက်ပျောအူတွေကို ဒီတိုင်းစားနေရတာ။ အဲဒီအကြောင်း ဆောင်းပါးရေးတာ အဖြုတ်ခံရတယ်” ဟု သူက ပြောပြ၏။

နာဂစ် ဆိုင်ကလုန်းမုန်တိုင်းအပြီးတွင် သတင်းစာဆရာများကိုသာမကဘဲ ရသ စာရေးဆရာများကိုပါ ပိုမို စည်းကမ်း တင်းကျပ်လာကြောင်း မြန်မာ စာပေအသိုင်းအဝန်းမှ ကြားသိရသည်။

“အရင်ကလည်း ကဗျာတွေကို ဖြုတ်တာပါပဲဗျာ။ ဒါပေမယ့် ခုဟာက ပိုဆိုးလာတယ်။ နာဂစ်နဲ့ ပတ်သက်တဲ့ ကဗျာတွေက လည်း တကယ့် ခံစားမှုစစ်စစ်တွေ ဆိုတော့ စစ်အစိုးရကို ပိုထိတယ်ထင်ပါရဲ့။ တချို့ ကဗျာ တွေဆို အဓိပ္ပာယ်လုံးဝ ပျောက်တဲ့ထိ အကြောင်းလိုက်၊ အပုဒ်လိုက် ဖြုတ်ခံရတာ” ဟု ကဗျာဆရာတဦးက ပြောပြသည်။

လတ်တလော နာဂစ် ဆိုင်ကလုန်း မုန်တိုင်းနှင့် ဆက်စပ်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဂျာနယ်လစ် ၄ ဦးရှိပြီ ဖြစ်ကြောင်း မြန်မာ မီဒီယာ အဖွဲ့အစည်း (BMA) က ထုတ်ပြန်ကြေညာထားသည်။

မကြာခင်က အဖမ်းခံလိုက်ရသည့် ဂျာနယ်လစ်များမှာ မြန်မာထရီဗြွန်းဂျာနယ်၏ အယ်ဒီတာချုပ် ဦးအောင်ကျော်ဆန်း၊ အီကိုဗစ်ရှင်း ဂျာနယ် သတင်းထောက် မအိမ့်ခိုင်ဦး၊ နာမည်ကြီး ဟာသသရုပ်ဆောင် နှင့် ဘလော့ဂါ ဇာဂနာနှင့်အလွတ်တမ်း ဂျာနယ်လစ်တဦးဖြစ်သည့် ကိုဇော်သက်ထွေးတို့ဖြစ်သည်။

“ပြည်တွင်းက ဂျာနယ်လစ်တွေက နိုင်ငံတကာ မီဒီယာတွေကို အဖြစ်မှန်အတိုင်း အသိပေးလိုက်တော့ စစ်အစိုးရက အရှက်ကွဲတော့တာပေါ့။ အဲဒီတော့ ဂျာနယ်လစ်တွေကို မဲပြီး ဖမ်းတော့တာပဲ။ ဘယ်လိုပဲ ဖမ်းဖမ်း ဂျာနယ်လစ်တွေကတော့ လုပ်စရာရှိတာ လုပ်နေကြမှာပဲ” ဟု ရန်ကုန်သတင်းထောက်က ပြောသည်။

သတင်းမှန်များကို ဖော်ထုတ် တင်ပြရေးအတွက် အန္တရာယ်ကိုမမှုဘဲ ပြည်ပမီဒီယာများမှတဆင့် ရေးသားတင်ပြနေသည့် ပြည်တွင်းအခြေစိုက် စာနယ်ဇင်းသမားများကမူ ယနေ့ခေတ်တွင် သတင်းကို ဖုံးဖိ ထား၍ မရတော့ဟု ဆိုကြသည်။

“စာနဲ့ရေးလို့မရရင် ပါးစပ်နဲ့ သတင်းဖြန့်နေမှာပဲ။ မြန်မာပြည်မှာ ဒီနည်းက ထိရောက်တယ် ဗျ။ အဲဒီပါးစပ် သတင်းကို သူတို့က ကောလာဟလလို့ နာမည်တပ်တာ။ တကယ်တော့ မြန်မာနိုင်ငံက ကောလာဟလတွေ က ၉၀ ရာခိုင်နှုန်းလောက် မှန်တယ်။ အဲဒါကို စစ်အစိုးရကလည်းသိတယ်” ဟု ရန်ကုန်အခြေစိုက် သတင်းထောက်က ဆက်ပြောသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

၉၀ ရွေးကောက်ပွဲရလဒ်ကို မစွန့်လွှတ်ဟု အဖွဲ့ချုပ်တုံ့ပြန်

အေးလဲ့ ဇူလိုင် ၇၊ ၂၀၀၈

စစ်အစိုးရသတင်းစာပါ ၁၉၉၀ ပြည်နှစ် ရွေးကောက်ပွဲ ရလဒ်ကိုစွန့်ရန် ရေးသားချက်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) နှင့် ဝါရင့်နိုင်ငံရေးသမားကြီးများက လက်မခံကြောင်း တုံ့ပြန်ပြောကြားသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၁၉၉၀ ပြည်ရွေးကောက်ပွဲ ရလဒ် သည် ပြည်သူ့ဆန္ဒအရဖြစ်ပေါ်လာရခြင်းဖြစ်သည့်အတွက် ပြည်သူ့ဆန္ဒကို လေးစားသည့် အနေနှင့် အရင်ဆုံး အကောင်အထည်ဖော်ရန် လိုအပ်သည်ဟု အန်အယ်လ်ဒီ အထူးပြန်ကြား ရေးအဖွဲ့ဝင် ဦးသိန်းညွန့် က ပြော သည်။

“အဖွဲ့ချူပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ မိန့်ခွန်းအရ ရွေးကောက်ပွဲဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်ပြဿနာပဲ၊ တိုင်းပြည်ရဲ့ အနာဂတ်ကို တလေးတစား သဘောထားရပါမယ်၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို အရင် အကောင်အထည်ဖော်ဖို့ လိုပါတယ်” ဟု ဦးသိန်းညွန့်ကပြောသည်။

ပါတီမူအရ သတင်းစာ ဆောင်းပါးရှင်အာဘော်များကို တုံ့ပြန်ဖြေကြားခြင်း မရှိကြောင်းနှင့် ယခုမူ ၁၉၉၀ ပြည့် ရွေးကောက် ပွဲနှင့်ပတ်သက်သည့် ပါတီ၏သဘောထားကို ပြောဆိုရခြင်းဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

၎င်းကဆက်လက်ပြီး“ ဘာကြောင့် ၁၉၉၀ ရလဒ်ကို အကောင်အထည်ဖော်ဖို့ လိုပါသလဲဆိုရင်၊ ပြည်သူ့ ဆန္ဒကို အလေးထား ဖို့ပါ၊ ကျွန်တော်တို့ ထားရှိတဲ့ ဒီနေ့ သဘောထားကတော့ အခု အခြေခံဥပဒေ တရားဝင် မှု မ၀င်မှုဆိုတဲ့ အခြေအနေတွေ ကိုလည်း အများ ပြည်သူ လက်ခံနိုင်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဘောင်အတွင်းက ဖြေရှင်းနိုင်ဖို့ဆိုရင် လွှတ်တော် ကို ခေါ်ပေးပါ။ ပြည်သူ့လွှတ်တော် ဥပဒေ ပုဒ်မ ၃ နဲ့အညီ ပြည်သူ့လွှတ်တော်ကို ခေါ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုနေ တာဖြစ်ပါတယ်”ဟု လည်း ပြောသည်။

ယမန်နေ့က ထုတ်ဝေသော မြန်မာ့အလင်းသတင်းစာတွင် ပြီးခဲ့သည့် မေလအတွင်းက ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံမှုကြမ်း ၂၀၀၈ ကို အတည်ပြုပြီးဖြစ်သဖြင့် အန်အယ်လ်ဒီ ၏ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကိုစွန့်ပစ်၍ ၂၀၁၀ ခုနှစ်တွင် ကျင်းပမည် ဖြစ်သော ရွေးကောက်ပွဲ အသစ်ကို လက်ခံပါဝင်ယှဉ်ပြိုင်ရန် ဖော်ပြထားခြင်းဖြစ် သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ကို နိုင်ငံတဝန်း ဆန္ဒမဲပေးခွင့်ရှိသူ လူဦးရေ ၂၇ သန်းကျော်ထဲ က ၉၂.၄၈ ရာခိုင်နှုန်းသော ပြည်သူတို့က တခဲနက် ထောက်ခံခဲ့ပြီးဖြစ်သည့်အတွက် အန်အယ်လ်ဒီ ၏ ၁၉၉၀ ပြည့် ရွေးကောက်ပွဲ ရလဒ်သည် ပျက်ပြယ် သွားကြောင်းလည်း သတင်းစာတွင် ဖော်ပြထားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်ကမူ စစ်အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံမှုကြမ်း ၂၀၀၈ ကို လက်မခံနိုင်ကြောင်း ပြောဆိုသည်။

“စစ်အစိုးရ အခုသွားနေတဲ့ မူဝါဒလမ်းစဉ် (၇) ချက် အပါအဝင် ဖွဲ့စည်းအုပ်ချူပ်ပုံအခြေခံဥပဒေကိုလည်းပဲ လက်မခံနိုင်ဘူး၊ ဒီဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာမယ့် ရွေးကောက်ပွဲအပါအဝင် နောက်ထပ် ပါတီ ထောင်မယ် ဆိုတာကိုလည်း လက်မခံဘူး” ဟု ဦးအေးသာအောင်က ပြောသည်။

လက်ရှိ တိုင်းပြည်တွင် နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားအင်အားစုများနှင့် တပ်မတော်အင်အားစုများ ပါဝင်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ညီညွတ်ရေးတည်ဆောက်ရန် လိုအပ် ကြောင်းလည်း သူက ပြောသည်။

နအဖ စစ်အစိုးရက အမိန့်ကြေညာချက် အမှတ် ၁/၂၀၀၈ အရ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ၂၀၀၈ ကို မေလက အတည်ပြုခဲ့ပြီး လာမည့် ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲအသစ်ကို ကျင်းပမည်ဖြစ်ကြောင်း ကြေညာချက်အမှတ် ၂/၂၀၀၈ ဖြင့် ထုတ်ပြန်ကြေညာထားသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ ပါတီက ကိုယ်စားလှယ်ပေါင်း ၄၈၅ နေရာ ရှိသည့် အနက် ၃၉၂ နေရာ တွင် ရွေးချယ်ခံခဲ့ရပြီး ရာခိုင်နှုန်း ၈၀ ကျော် မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သည်။

တချိန်တည်းတွင် စစ်အစိုးရက အကျဉ်းထောင်တွင်း ဖမ်းဆီးထိန်းသိမ်းထားသော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် များကို၂၀၁၀ ရွေးကောက်ပွဲပါဝင်ရန် သဘောထားမေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

အပြည့်အစုံဖတ်လိုလျှင်

(၇) ဇူလိုင် (၄၆) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားပြုလုပ်

ရိုးမ ၃။ ဇူလိုင် ၇၊ ၂၀၀၈

ယနေ့ကျရောက်သည့် (၇) ဇူလိုင်အရေးတော်ပုံကြီး၏ (၄၆) နှစ်မြောက်အထိမ်းအမှတ် အခမ်း အနားတခု ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့က ပူးတွဲ ကျင်းပပြုလုပ်ခဲ့ပြီး အဖွဲ့အစည်းအသီးသီးမှ သ၀ဏ်လွှာများပေးပို့ခဲ့ကြသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
(၇) ဇူလိုင်အထိမ်းအမှတ်အဖြစ် ကျဆုံးသွားကျသည့် အာဇာနည်များ၊ ကျောင်းသားများအား အလေးပြုကာ (၇) စက္ကန့်ငြိမ်သက်ကာ ဂါဝရပြုခဲ့ကြပြီးနောက် ၁၉၆၂ ခုနှစ် ကျောင်းသား သမိုင်းဖြတ်သန်းမှု များကို (KNU) ဗဟိုစည်းရုံးရေးတာဝန်ခံ ဖဒိုစောသမိန်ထောက ပြန်လည် ပြောပြခဲ့သည်။

ယင်းအခမ်းအနားတွင် ၁၉၆၂ ခုနှစ် ကျောင်းသားဟောင်း၊ ၁၉၇၂ ကျောင်းသားဟောင်းများမှ (၇) ဇူလိုင်စိတ်ဓါတ်နှင့် သမိုင်းကြောင်းများကို မမေ့ကြရန်နှင့် စစ်အာဏာရှင်အား ဘက်ပေါင်းစုံ မှ ဆက်လက်တိုက်ပွဲဝင်သွားကြရန်တို့ကို ပြောဆိုခဲ့ကြသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဌ ရဲဘော်သံခဲက “ကျောင်းသားဆိုတာ သတ္တိရှိတယ်၊ ရိုးသားတယ်၊ စည်းကမ်းရှိတယ်၊ လွတ်လပ်ပွင့်လင်းလို တယ်၊ အမြင်ကျယ်တယ်၊ အဖိနှိပ်ခံပြည်သူတွေ ဘက်ကရပ်တည်တယ်၊ တိုးတက်တဲ့အမြင်ရှိ တယ်၊ ခေတ်မှီတယ်၊ အစွန်းရောက်မှုတွေကို ဆန့်ကျင်တယ်၊ ကိုယ့်ကျင့်သိက္ခာမြင့်မားတယ်၊ အလုပ်လုပ်ရာမှာ စံတန်ဖိုးသတ်မှတ်ချက်တွေနဲ့ ဇွဲလုံ့လ စိုက်ထုတ်လုပ်ကိုင်သူတွေဖြစ်တယ်၊ ဒါကြောင့်မို့ (၇) ဇူလိုင်သမိုင်းကို ဘယ်တော့မှမမေ့နဲ့” ဟု ပြောဆိုခဲ့သည်။

ထို့အပြင် အခမ်းအနားဦးဆောာင်ကျင်းပသည့် အဖွဲ့သုံးခုတို့က ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ရာတွင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရသော မြစ်ဝကျွန်းပေါ်ဒေသမှ ပြည်သူလူထု အပေါ် စစ်အစိုးရ၏ ပြုမူဆောင် ရွက်ခဲ့ပုံတို့သည် ကမ္ဘာပေါ်တွင် အရက်စက်ဆုံး စစ်အာဏာရှင် ဖြစ်ကြောင်း အခိုင်အမာဖော်ပြနေသည်ဟု အဆိုပါကြေညာချက်တွင် ရေးသားဖော်ပြထား သည်။

၎င်းကြေညာချက်တွင် "(၇) ဇူလိုင် အရေးတော်ပုံစိတ်ဓါတ်ကို အခိုင်အမာကိုင်စွဲချီတက်ကြ၊ ဒီမိုကရေစီရေးတိုက်ပွဲ မုချအောင်ရမည်၊ စစ်အာဏာရှင်စနစ်ကျဆုံးရမည်" စသည့် အဓိဌာန် (၃)ချက်ကိုလည်း ရေးသားဖော်ပြခဲ့သည်။

ယနေ့ကျရောက်သည့် ဇူလိုင် (၇) ရက်နေ့သည် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဆောက်အဦးအား စစ်အာဏာရှင် ဗိုလ်နေ၀င်းစစ်အုပ်စုမှ ဖောက်ခွဲဖျက်စီးခဲ့ပြီး ကျောင်းသား များ သွေးမြေသို့ကျခဲ့သည်မှာ ၄၆ ပြည့်မြောက်ခဲ့သည့်နေ့ဖြစ်သည်။

အပြည့်အစုံဖတ်လိုလျှင်

ဆဲဗင်းဂျူလိုင်နေ့ ရန်ကုန်တွင် လုံခြုံရေးတင်းကျပ်

ဖနိဒါ
တနင်္လာနေ့၊ ဂျူလိုင်လ 07 2008 17:06 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ ဆဲဗင်းဂျူလိုင်နေ့တွင် ရန်ကုန်တိုင်း မြို့နယ်များတွင် အာဏာပိုင်များမှ လုံခြုံရေးများ တင်းကျပ်စွာ ချထားသည်။
ယနေ့ ကျရောက်သည့် ၄၆ နှစ်မြောက် ဆဲဗင်းဂျူလိုင်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့၊ မြို့နယ် အများအပြားရှိ လမ်းဆုံလမ်းခွများနှင့် တက္ကသိုလ်များ အနီးတွင် စွမ်းအားရှင်များ ချထားသလို၊ စစ်သားများကလည်း ကင်းလှည့်ကာ လုံခြုံရေး တင်းကျပ်ထားခြင်း ဖြစ်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“လုံခြုံရေးကတော့ တော်တော်များတယ်။ ဒါပေမဲ့ ထူခြားတာကလေ ရဲ မရှိဘူး။ စွမ်းအားရှင်တွေပဲ ချထားတယ်။ ရုံးရှေ့မှာ ၅ဝ၊ ၆ဝ လောက် ရှိတယ်။ ထိုင်ပြီး စောင့်နေကြတယ်။ ဒိုင်နာကား ၄ စီးလောက် ရှိတယ်။ ဆူးလေမှာကတော့ ၃ဝ၊ ၄ဝ လောက် ရှိတယ်” ဟု အဖွဲ့ချုပ် လူငယ် ပြန်ကြားရေး တာဝန်ခံတဦး ဖြစ်သူ ကိုနိုင်ငံလင်းက ပြောသည်။

မဇ္ဈိမ ပြည်တွင်း သတင်းထောက်ကလည်း “မနေ့ညကတည်းက ရဲကားထဲမှာ စစ်သားတွေကော ကင်းလှည့်နေတာကို ဒီနေ့ ထူးထူးခြားခြား လမ်းဆုံလမ်းခွ အတော်များများမှာ အရပ်ဝတ် လုံခြုံရေးနဲ့ စွမ်းအားရှင် ပုံစံမျိုးတွေ တွေ့ရတယ်။ အခုမနက် လှည့်ကြည့်တဲ့ အနေအထားအရ လုံခြုံရေးအင်အား ဖြန့်ထားတာ တွေ့ရပါတယ်။ 7 July ဖြစ်နေတော့လေ။ ဒီနေ့ ပိုပြီး လုံခြုံရေးအင်အား ဖြန့်ထားတဲ့ အနေအထားပေါ့” ဟု ပြောသည်။

ရန်ကုန်မြို့လယ်ရှိ မြို့တော်ခန်းမရှေ့တွင်လည်း ရဲမှူးကြီးတဦးက မာစဒါဂျစ် တစီး၊ လုံးထိန်းကား တစီး၊ စွမ်းအားရှင် ၂ဝ ခန့် ချထားသည်ဟု သူက ဆက်ပြောသည်။

ကုက္ကိုင်းမီးပွိုင့်၊ ရွှေဂုံတိုင်၊ ဆူးလေ၊ သင်္ကန်ကျွန်း၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ လှည်းတန်း၊ တောင်ဥက္ကလာပ၊ လမ်းမတော်၊ လသာ စသည့် မြို့နယ်များတွင် ဝတ်စုံအပြည့်ဖြင့် ရဲများ၊ စစ်သားများနှင့် အရပ်ဝတ် စွမ်းအားရှင်များ ထိုင်နေကြောင်းလည်း ရန်ကုန် ဒေသခံတဦးက ပြောဆိုသည်။

ရန်ကုန်တိုင်းရှိ ဒဂုံတက္ကသိုလ်၊ တာဝ တက္ကသိုလ်တို့မှာ လုံခြုံရေး ချရန်အတွက် ဒေါပုံမြို့နယ်မှ စွမ်းအားရှင် ၈ဝ ခန့်ကို မြို့နယ် မယကမှ ယနေ့ နံနက်ပိုင်းတွင် လာရောက် ခေါ်ဆောင်သွားသည်ဟု သိရသည်။

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများက လွတ်လပ်စွာ ပညာသင်ကြားခွင့် ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြရာတွင် အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေဝင်း၏ အာဏာသိမ်း စစ်ကောင်စီက လက်နက်နှင့် ပစ်ခတ်ဖြိုခွဲခဲ့သည့် ၄၆ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်သည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ကိုမျိုးတေဇက “သူတို့ကတော့ ကျောင်းသားတွေ ဆူပူမှုတွေ လုပ်လာမယ်လို့ အမြဲတမ်း ကြောက်နေကြတာပဲလေ။ အခု ဗကသ ကျောင်းသားတွေကလည်း ကျောင်းတိုင်းလို စာကပ်နေတာတွေ ရှိနေတယ်လေ” ဟု ပြောသည်။

ဗကသ က ယနေ့ ထုတ်ပြန်လိုက်သည့် “စစ်ကျွန်မခံ ဒို့တွန်းလှန် ... ခွပ်ဒေါင်းအလံ လွှင့်ကြစို့” ဟူသည့် ကြေညာချက်များကို ရန်ကုန်တိုင်းရှိ ဝိဇ္ဇာသိပံ္ပ တက္ကသိုလ်၊ ကွန်ပြူတာ ကောလိပ်၊ ဂျီတီစီ၊ အစိုးရနည်းပညာ တက္ကသိုလ် ကျောင်းများတွင် လိုက်ကပ်ထားသည်ဟု သိရသည်။

ကြေညာချက်ထဲတွင် အခြေအနေဆိုးများမှ အမှန်တကယ် လွန်မြောက် ကျော်လွှားနိုင်မည့် အကောင်းဆုံးနှင့် အငြင်သာဆုံး နည်းလမ်းမှာ တခုတည်းသာ ရှိပြီး မတရား ဖမ်းဆီးခံထားရသည့် ကျောင်းသားလူငယ်များ အပါအဝင် ရဟန်းသံဃာတော်များ၊ သီလရှင်များနှင့် နိုင်ငံရေး အကျဉ်းသား အားလုံးတို့အား ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးကာ တွေ့ဆုံဆွေးနွေး အဖြေရှာရေးနည်းလမ်းပင် ဖြစ်သည်ဟု ရေးသားထားသည်။

“ပညာရေးက နိုင်ငံရေး ဖြစ်တယ်။ ပညာရေး လွတ်လပ်မှ နိုင်ငံရေး လွတ်လပ်မယ်ဆိုတဲ့ ပုံစံအတိုင်း ယူပြီးတော့ ကျောင်းသား လူငယ်တွေရဲ့ လူအများကို ဖွင့်ဟချင်စိတ်၊ လွတ်လွတ်လပ်လပ်နဲ့ ဆန္ဒအမှန်အတိုင်း သင်ယူခွင့်ရအောင် ကျနော်တို့က ရှေ့ဆုံးကနေ ဦးဆောင်ပြီး လုပ်နေတာပါ” ဟု ကိုမျိုးတေဇက ပြောသည်။

လက်နက်အားကိုး၊ လူမိုက်အားကိုးဖြင့် တဖက်သတ် အဓမ္မ အနိုင်ကျင့်လုပ်ဆောင်မှု မှန်သမျှသည် လတ်တလောတွင် ပြဿနာများ ပြေလည်သွားမည် မဟုတ်ဘဲ ပိုမို ရှုပ်ထွေးစေသကဲ့သို့ ရေရှည်တွင်လည်း အုံကြွမှုများနှင့် ကပ်ဘေး ဒုက္ခအမျိုးမျိုးတို့ ကျရောက်ကာ နိုင်ငံတခုလုံး ဆုံးရှုံး ပျက်သုဉ်းမည့် အခြေအနေသို့ ဆိုက်ရောက် သွားစေလိမ့်မည်ဟု ဗကသ ကြေညာချက်က ဆိုသည်။

ကိုလိုနီနယ်ချဲ့နှင့် ဖက်ဆစ်ဝါဒ လက်အောက်မှ လွတ်မြောက်ရေးအတွက် ကျောင်းသား လှုပ်ရှားမှုများ၏ စုရုံးရာ လွတ်လပ်ရေးသမိုင်းဝင် တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးအား ဗိုလ်ချုပ်နေဝင်း၏ စစ်ကောင်စီက ၁၉၆၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် ဒိုင်းနမိုက်ဖြင့် ဖြိုခွဲ ဖျက်ဆီးပစ်ခဲ့သည်။

အပြည့်အစုံဖတ်လိုလျှင်

7 July အထိမ်းအမှတ် ဗကသ ကျောင်းသားများ လှုပ်ရှား

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ဒိုင်းနမိုက်နှင့် ဖြိုခွဲခံခဲ့ရသည့် သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦ

ကိုသက် ဇူလိုင် ၇၊ ၂၀၀၈

စစ်အာဏာရှင်စနစ်ကို ပထမဆုံး တော်လှန်ဆန်ကျင်သည့် ၄၆ နှစ်မြောက် ဇူလိုင်လ ၇ ရက် (7 July) အထိမ်းအမှတ် အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) က လက်ကမ်းစာစောင်နှင့် ကြေညာချက် ဖြန့်ဝေပြီး အိုးဝေ ဂျာနယ်ကိုလည်း ထုတ်ဝေလိုက်သည်ဟု ဗကသ အဖွဲ့ တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဗကသ ကျောင်းသားများသည် လွန်ခဲ့သည့်အပတ်ကစ၍ 7 July လက်ကမ်းစာစောင်များကို ပဲခူးတိုင်း အနောက်ခြမ်း ဒေသနှင့် ဧရာဝတီတိုင်းတို့တွင် ဖြန့်ဝေကြပြီး ရန်ကုန်မြို့၌ ယနေ့ဖြန့်ဝေသည်ဟု ဗကသ ကျောင်းသားအဖွဲ့၏ တာဝန် ရှိသူက ပြောသည်။

“ဒီနေ့ ရန်ကုန်မှာ မိုးရွာနေတဲ့ကြားက ဘတ်စ်ကားတွေ ပေါ်မှာ ပြည်သူတွေနဲ့ ကြေညာချက်တွေကို စာစောင်တွေ လိုက်ဝေကြပါတယ်” ဟု ဗကသ အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ဗကသ အဖွဲ့က ဖြန့်ဝေသည့်စာစောင်တွင် “ကျောင်းသားညီအကိုအပေါင်းတို့ … ကျောင်းသားရှိရင် သမဂ္ဂ ရှိရမယ်၊ ကျောင်းသားသမဂ္ဂ စိတ်ဓာတ်နဲ့ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်ကို အမြင့်မားဆုံးလွှင့်ထူရမယ်၊ ကျောင်းသားသမဂ္ဂ အလံတော်အောက်မှာ စစ်အာဏာရှင်စနစ် ကျဆုံးတဲ့အထိ တိုက်ပွဲဝင် …” ဟုရေးသားကာ ကျောင်းသားထုအား တပ်လှန့် ထားသည်။

အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေ၀င်း၏ တော်လှန်ရေးကောင်စီက ၁၉၆၂ ခုနှစ်တွင် နိုင်ငံတော်အာဏာကို သိမ်းယူပြီး မြန်မာ နိုင်ငံတွင် အာဏာရှင်စနစ်ကို စတင်အသက်သွင်းခဲ့သည်။

ထိုစစ်အာဏာရှင်စနစ်ကို ရန်ကုန်တက္ကသိုလ်ကျောင်းသားများက ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ပထမဆုံး ဆန့်ကျင် ဆန္ဒပြခဲ့ရာ စစ်အာဏာရှင်တို့က ကိုလိုနီနယ်ချဲ့ကို ဆန့်ကျင်ရာ၌ သမိုင်းဝင်အဆောက်အဦဖြစ်သည့် ရန်ကုန်ပင်မ တက္ကသိုလ်ဝန်းအတွင်းရှိ ကျောင်းသားသမဂ္ဂအဆောက်အဦကို ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သည်။ ကျောင်းသား အများအပြားလည်း သွေးမြေကြခဲ့ရသည်။

ထို့ကြောင့် ဇူလိုင် ၇ ရက်နေ့အရေးအခင်းသည် စစ်အာဏာရှင်ကို ပထမဆုံး တော်လှန်ဆန့်ကျင်သည့် နေ့တနေ့အဖြစ် မြန်မာ့သမိုင်းတွင် ထင်ရှား လူသိများခဲ့ခြင်း ဖြစ်သည်။

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုထွန်းမြင့်အောင်က “ဗိုလ်နေ၀င်းက ၁၉၆၂ ခုနှစ်မှာ ကျောင်းသား သမဂ္ဂ အဆောက်အဦကို ဖြိုခွဲခဲ့ပေမယ့် သမဂ္ဂစိတ်ဓာတ်တွေက ဒီနေ့အထိပျောက်မသွားဘူး၊ ကျောင်းသားလှုပ်ရှားမှုတွေ ပျောက်မသွားဘူး၊ ဖိနှိပ်မှုတွေရှိနေသရွေ့ ကျောင်းသားလှုပ်ရှားမှုတွေ ရှိနေဦးမှာပါ” ဟု ပြောသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ အင်္ဂလိပ် ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးကာလတလျှောက် ကျောင်းသားသမဂ္ဂက ထုတ်ဝေခဲ့ သည့် အိုးဝေဂျာနယ်ကိုလည်း ဗကသ ကျောင်းသားများက ပြန်လည်ထုတ်ဝေလိုက်သည်။ အိုးဝေဂျာနယ်ကို အင်တာနက်မှ တဆင့် ဖြန့်ဝေရန် စီစဉ်ထားကြောင်း သိရသည်။

ကျောင်းသားဆန္ဒပြပွဲများ ဖြစ်ပွားလေ့ရှိသည့် ရန်ကုန်မြို့ ဆူးလေဘုရားပတ်ဝန်းကျင်၊ သမိုင်းလမ်းဆုံနှင့် လှည်းတမ်းလမ်း ဆုံတို့တွင် ယနေ့နံနက်ပိုင်းကစ၍ လက်နက်ကိုင် လုံခြုံရေးတပ်သားများ တင်းကျပ်စွာ ချထားသည်ကို တွေ့မြင်ရသည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

ယမန်နေ့ကလည်း အမေရိကန်နိုင်ငံ နယူးရောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးရှေ့နှင့် တောင်ကိုး ရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ မြန်မာသံရုံးရှေ့တွင်လည်း မြန်မာ့ဒီမိုကရေစီအင်အားစုများက ၄၆ နှစ်မြောက် 7 July အရေးအခင်း အထိမ်းအမှတ် ဆန္ဒပြပွဲများကို ပြုလုပ်ကာ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် မြန်မာ့နိုင်ငံရေးအကြပ် အတည်းကို အမြန်ဆုံးဖြေရှင်းရန် စစ်အစိုးရအား တောင်းဆိုခဲ့ကြသည်။

အပြည့်အစုံဖတ်လိုလျှင်