NEJ/ ၁၆ ဇွန် ၂၀၀၈
နာဂစ်မုန်တိုင်းကြောင့် သေဆုံးခဲ့ရသူများအတွက် ရည်စူး၍ တရားနာ ရေစက်ချအမျှပေးဝေပွဲနှင့် အသက်မပေးဘဲ ကျန်ရစ်သူ ဒုက္ခသည်များအတွက် (၆) ကြိမ်မြောက် အလှူငွေနှင့် အသုံး အဆောင်ပစ္စည်းများ ကောက်ခံပွဲအခမ်းအနားကို ထိုင်းနိုင်ငံ မဟာချိုင်ဒေသရှိ ထိုင်းယူနီယံ ရပ်ကွက်တွင် ယမန်နေ့ ညနေ (၄) နာရီ၌ ကျင်းပသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အဆိုပါ တရားနာ ရေစက်ချအမျှဝေပွဲကို မိဘမေတ္တာ၊ ရင်ငြိမ်းပန်း၊ အေးချမ်းကမ္ဘာနှင့် အလင်းပြ ကြယ်စင်စာကြည့်တိုက်အဖွဲ့တို့မှ ဦးစီးကျင်းပခြင်းဖြစ်သည်။
အခမ်းအနားနှင့်ပတ်သက်၍ ဦးစီးကျင်းပသူများထဲမှ ဦးတိုး (ရင်ငြိမ်းပန်း) က မုန်တိုင်းကြောင့် သေဆုံးသူများသည် ဗုဒ္ဓဘာသာထုံးတမ်းအရ သရဏဂုံမတင်ဘဲ မြေမြှုပ်လိုက်ရပြီး အချို့ အလောင်းများသည် ယခုတိုင် မမြှုပ်နှံရသေးဘဲ ရှိသည့်အတွက် သေဆုံးသူများ ကောင်းရာ ဘုံရောက်ရန်အတွက် ရေစက်ချ အမျှပေးဝေရခြင်းဖြစ်ကြောင်း ပြောသည်။
အခမ်းအနားတွင် တွံတေးဆရာတော် ဦးဝါယမက တရားဟောပြီး ဂျပန်ဘုန်းတော်ကြီး (၁) ပါး၊ အင်ဒိုနီးရှားဘုန်းတော်ကြီး (၁) ပါးနှင့် ဆရာတော်ဦးစိန္တိ၊ ဆရာတော် ဦးဇောတိကတို့အပါအ၀င် မြန်မာအလုပ်သမား (၁၅၀) ကျော် တက်ရောက်သည်။
ဆရာတော် ဦးဝါယမက “အကာလမရဏ ကြမ္မာဆိုးနဲ့ ကြုံတွေ့ပြီး ဘ၀ကူးသွားကြရသူတွေ အတွက် သရဏဂုံတင် ရေစက်ချ အမျှဝေ ဆုတောင်းပေးကြတာပါ။ ကောင်းရာသုဂတိ သွားနိုင်ကြပါစေ၊ ကောင်းရာသုဂတိလားနိုင်ကြပါစေပေါ့၊ ဖြစ်နိုင်ရင်တော့ ဧရာဝတီတိုင်း အထိ သွားဆောင်ရွက်ချင်တာပေါ့” ဟု ပြောသည်။
မဟာချိုင်ဒေသ၌ အဆိုပါ အဖွဲ့တို့မှ ဦးစီးပြီး လေဘေးဒဏ်ခံ ဒုက္ခသည်များအတွက် အ၀တ်
အစားနှင့် ငွေကြေးအလှူများကို ကောက်ခံပေးနေပြီး ယခုအကြိမ်အပါအ၀င် စုစုပေါင်း (၆) ကြိမ် မြောက် ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။ ။
Rest of your post
Monday, June 16, 2008
လေဘေးကြောင့် သေဆုံးသူများအတွက်တရားနာရေစက်ချပွဲ ကျင်းပ
Posted by
54freedom
at
9:58 PM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ
လေဘေးကူညီသူ ၈၈ ကျောင်းသားများ အဖမ်းခံရ
ဆော်လမွန်
တနင်္လာနေ့၊ ဇွန်လ 16 2008 18:30 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ လေဘေးဒုက္ခသည် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသူ ၈၈ မျိုးဆက် ကျောင်းသား ၃ ဦးကို ယခုလ ၁၂ ရက် နေ့တွင် အာဏာပိုင်များက ဖမ်းဆီးသွားခဲ့သည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကိုမြတ်သူ၊ မယဉ်ယဉ်ဝိုင်းနှင့် မတင်တင်ချိုသည် လေဘေးကိစ္စအတွက် ရန်ကုန်မြို့ လှည်းတန်း မြေနီကုန်းရှိ ရွှေလ္ဘက်ရည်ဆိုင်တွင် ရောက်ရှိ နေခိုက် အရပ်ဝတ်နှင့် အမည်မသိ အာဏာပိုင်များ ဖမ်းဆီးသွားခြင်း ဖြစ်သည်။
“သွားတုန်းက ဘုန်းကြီးနဲ့ တွေ့မယ်ဆိုပြီး သွားတာ။ အလှူခံတဲ့ ဘုန်းကြီးလေ။ အဲလိုမျိုး ချိန်းထားလို့ သွားတာ။ အဲဒါ မြေနီကုန်း ရွှေလ္ဘက်ရည် ဆိုင်မှာ အလှူကိစ္စကို ဘုန်းကြီးက လွှတ်လိုက်တာ ဆိုပြီးတော့ အဲလိုပုံစံနဲ့ ဝင်လာတာ။ အဲဒီမှာပဲ ပျောက်သွားတာ” ဟု မတင်တင်ချို၏ ခင်ပွန်းသည်က ပြောသည်။
သူတို့ကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုမူ အာဏာပိုင်များဘက်က မိသားစုဝင်များသို့ တစုံတရာ အကြောင်းကြားခြင်း မရှိဟု မိသားစုဝင်များက ပြောသည်။
၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့ ညတွင် နယ်မြေခံရဲများ အပါအဝင် ဒေသ အာဏာပိုင်များသည် ဖမ်းဆီးခံထားရသူ ၃ ဦး၏ နေအိမ်များသို့ လာရောက်ကာ ရှာဖွေ မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။
“မေးတာက ကယ်ဆယ်ရေး ပိုက်ဆံတွေ ပို့ထားတာ ဘယ်မှာ ထားသလဲ၊ ဘယ်ကို သူ ဆက်သလဲ၊ သူတို့ မှတ်ထားတဲ့ ငွေစာရင်းလယ်ဂျာ (ledger) သိချင်တယ်၊ ပြပါ ဆိုပြီး မေးပါတယ်။ ရှာတာက တအိမ်လုံးကို ရှာတာပေါ့။ ဗီရိုတွေ ဖွင့်ကြည့်တယ်။ ပထမတခေါက်တော့ သိပ်ပြီး ထွေထွေထူးထူး ပါမသွားဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစာ ဖြတ်ပိုင်းပုံကလေးတွေ ဖြတ်ထားတဲ့ဟာတွေ ပါသွားတယ်။ ဒုတိယ တခေါက်တော့ လက်တော့ပ် laptop တို့ တောင်းတာ ရှိတယ်” ဟု အမည်မဖော်လိုသူ မိသားစုဝင် တဦးက ပြောသည်။
ဘာကြောင့် ဖမ်းဆီးသွားသည်ကို မသိရသေးသော်လည်း နေအိမ်များသို့ လာရောက် မေးမြန်းခဲ့သူ အာဏာပိုင်များ၏ စကားများအရ လေဘေး ဒုက္ခသည် ကယ်ဆယ်ရေး လုပ်ငန်းနှင့် ပတ်သက်သည်ဟု ယူဆရကြောင်း မိသားစုဝင်များက ပြောသည်။
အဖမ်းခံလိုက်ရသည့် ၈၈ မျိုးဆက် ကျောင်းသားများသည် မေတ္တာပေါင်းကူး အမည်ရှိ လေဘေး ကူညီရေးအဖွဲ့က ဧရာဝတီတိုင်းအတွင်းသို့ အနည်းဆုံး ၆ ခေါက်ခန့် ပေးပို့လှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
ဆိုင်ကလုန်းမုန်တိုင်း ဒုက္ခသည်များအတွက် ကူညီနေသည့် နာမည်ကျော် ရုပ်ရှင် သရုပ်ဆောင်နှင့် လူရွှင်တော် ဇာဂနာ (ကိုသူရ) သည် ယခုလ ၄ ရက်နေ့တွင်၎င်း၊ First Eleven ဂျာနယ် အယ်ဒီတာ ဇော်သက်ထွေးသည် ၁၃ ရက်နေ့တွင်၎င်း ဖမ်းဆီးခံခဲ့ကြရသေးသည်။
Rest of your post
Posted by
54freedom
at
9:52 PM
0
comments
Labels: ပြည်တွင်း သတင်းများ
တွက်ရေးကတော့ စက်သူဋ္ဌေး
နန်းဒေဝီ
တနင်္လာနေ့၊ ဇွန်လ 16 2008 19:21 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ တံငါသည်လုပ်ငန်း ပြန်စဖို့အရေး ငါးဖမ်းပိုက်ကွန်နှင့် လှေမရှိတော့သဖြင့် ဘိုကလေးမြို့ပေါ်မှာ ကျပန်း အလုပ်ရှာဖွေရင်း စားဝတ်နေရေးအတွက် ကိုသိန်းစိန်တယောက် ဘဝသစ်ကို အစပြုနေပါပြီ။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“အရင်တုန်းက ကျနော့်ဘဝ ဒါမျိုး မဟုတ်ပါဘူးဗျာ။ ငါးဖမ်းတုန်းကဆို လက်ထဲမှာ ငွေ ၃ သိန်းဆိုတာ အမြဲရှိတယ်။ အခုတော့ သိတဲ့သူတွေဆီမှာ စားဖို့ တောင်းစားရတဲ့ ဘဝသာသာပဲ ကျန်ပါတယ်” ဟု အသက် ၃ဝ နှစ်အရွယ် ဇနီးသည်၊ ကလေး ၂ ယောက်နှင့် ဆွေမျိုးသားချင်း ဦးရေ ၂ဝ ကျော် နာဂစ် လေမုန်တိုင်းအတွင်း သေဆုံးသွားသဖြင့် သောကဗျာပါဒ များနေရှာသူ အသက် ၃ဝ နှစ်အရွယ် ကိုသိန်းစိန်က ပြောသည်။
ယခင်က လူဦးရေ ၈ဝဝ ကျော်ရှိသည့် ဘိုကလေးမြို့နယ် မုန်တိုင်းလေးကျေးရွာတွင် ကာရာအိုကေနှင့် ဗီဒီယိုရုံလေးများဖြင့် စည်ကားသိုက်òမိက်စွာ ရှိခဲ့ပြီး ရေလုပ်ငန်း၊ လယ်ယာလုပ်ငန်းများဖြင့် စီးပွားဖြစ်လုပ်ကိုင်ခဲ့ကြပါသည်။
မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း လူဦးရေ ၁ဝ၆ ဦးသာ အသက်ရှင်သန် ကျန်ရစ်ခဲ့ပြီး လယ်ယာနှင့် ရေလုပ်ငန်းများ ပျက်စီးကုန်သွားခဲ့သည်။
“ရွာပြန်ဖို့ကျတော့လည်း ပိုက်ကွန်၊ လှေ မရှိတော့ဘူး။ ရွာမှာက မိသားစုဝင်တွေလည်း တယောက်မှ မရှိတော့ဘူး။ ဘာမှ စားစရာ မရှိဘူးလို့ ကြားတယ်။ ပြန်ရင်လည်း ကျနော့်ဘဝ ဘာမှ ထူးခြားလာမယ် မထင်တော့ဘူးဗျ” ဟု သူက တိမ်ဝင်နေသည့် အသံဖြင့် ပြောပြသည်။
မုန်တိုင်းအပြီး ၃၇ ရက်ကြာသည့်တိုင် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့် မုန်တိုင်းလေးကျေးရွာ အပါအဝင် ပေ ၄၅ဝ သာ ကွာဝေးသည့် ကျောချင်းကပ်ရွာ ဒညင်းဖြူရွာတွင်လည်း ယခင်က ရွာသား ၇ဝဝ ကျော် ရှိခဲ့သော်လည်း ယခုအခါ ၁ဝ၅ ဦးသာ ရှင်ကျန်ရစ်ခဲ့သည်။
ထိုသူများအတွက် မည်သည့် အဖွဲ့အစည်းမှ ကယ်ဆယ်ရေး လုပ်ငန်းများ လာရောက် လုပ်ကိုင်ခြင်း မရှိသေးပါ။
“ရွာရဲ့ မိုးကောင်ကင်မှာ ဟယ်ရီကော်ပတာတွေတော့ ဝဲပျံနေတာပဲ။ ဒါပေမဲ့ အခုထိ ဘာအကူအညီမှ လာပေးတာ မရှိသေးဘူး” ဟု ပြီးခဲ့သည့်အပတ် အင်္ဂါနေ့က အဆိုပါ ရွာများမှ ပြန်လည် ရောက်ရှိလာသည့် လေဘေး ကယ်ဆယ်ရေး လုပ်ကိုင်သူတဦးက ရွာသားများ၏ ပြောဆိုချက်များကို ကိုးကားပြီး ပြန်ပြောပြပါသည်။
လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက်မှ လေဘေးကယ်ဆယ်ရေး ကူညီပေးနေသူတဦးက “မုန်တိုင်းလေးရွာမှာ လူတွေက တဲ ၃ ခုထဲမှာ ကျပ်ကျပ်သိပ်သိပ် နေရတယ်။ အိပ်တဲ့အခါ ကျတော့လည်း ထိုင်နေရင်း ငုတ်တုတ်နဲ့ အိပ်နေကြတယ်။ အကူအညီ သွားပေးတော့လည်း ကျေးဇူးတင်ပါတယ် ပြောပေမယ့် သူတို့ကြည့်ရတာ ကြောင်တောင်တောင်ပဲ” ဟု လှိုက်မောတဲ့ အသံကို တဖွဖွ ထုတ်လွှင့်ရင်း ပြောလာပါသည်။
သူက “တလစာလောက်တော့ လောက်ပေမယ့် နောက်ထပ် စားသောက်ရေးနဲ့ ကျန်းမာရေး လိုအပ်ချက်တွေတော့ ဆက်လိုနေမှာပဲ။ ကျနော်တို့ မရောက်ခင်တော့ အဖွဲ့တဖွဲ့ ရောက်သေးတယ် ပြောတယ်။ သူတို့ ပေးခဲ့တာတော့ တယောက်ကို ဆန် ၂ ဗူး - ၃ ဗူးပဲ ပေးခဲ့တယ်လို့ ပြောတယ်” ဟု ဆက်ပြောသည်။
ရှင်ကျန်ရစ်သူ အများစုသည် သားကွဲ၊ မယားကွဲ၊ မိကွဲ၊ ဖကွဲများသာဖြစ်ပြီး၊ လေတဖြူးဖြူး တိုက်ပြီး မိုးရွာချလာပါက လေမုန်တိုင်းများ ထပ်မံ တိုက်ခတ်လေမလား ဆိုသည့် အတွေးဖြင့် အထိတ်တလန့် ဖြစ်နေသည်ဟု ကယ်ဆယ်ရေး လုပ်သားများက ပြောဆိုကြသည်။
နာဂစ်မုန်တိုင်းကြောင့် ကမ်းဝေး ငါးဖမ်းစက်လှေ၊ ကမ်းနီး ငါးဖမ်းစက်လှေ (စက်တပ်၊ စက်မဲ့) စုစုပေါင်း ၂ဝ၈၈ စီး နစ်မြုပ်ခဲ့ပြီး ကမ်းနီးကမ်းဝေး ငါးဖမ်းကိရိယာ ငွေကျပ်သိန်း ၂၇၆ဝ တန်ဖိုး ဆုံးရှုံးခဲ့ပြီး၊ ရေလုပ်သား ၁၇၈၇၆ ဦး သေဆုံးကာ ၉၆၁၂ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ ကနဦး သတင်း ထုတ်ပြန်ချက်များက ဆိုသည်။
“ဖြစ်နိုင်ရင် ကျနော် ဒုက္ခ ရောက်နေတဲ့ သူတွေကို ကူညီပေးချင်တယ်။ ကျနော် ဝိုင်းလုပ်ပေးချင်တယ်။ ဒါပေမဲ့ ကျနော့်မှာ ငွေကြေးမရှိဘူး” ဟု ကိုယ်တိုင်က ဒုက္ခရောက်နေသော်လည်း ကူညီမှု ပေးချင်နေသည့် ကိုသိန်းစိန်က မချိတင်ကဲ ပြောလေသည်။
ယခင်က ဘိုကလေးမြို့ပေါ်တွင် မုန်တိုင်းသင့် ဒုက္ခသည်များအား နိုင်ငံတကာ အဖွဲ့အစည်းအချို့နှင့် ပုဂ္ဂလိက အလှူရှင်များက ပံ့ပိုး ကူညီမှု ပေးခဲ့သော်လည်း ယခုအခါတွင်မူ သိသာစွာ လျော့နည်း ကျဆင်းသွားပြီ ဖြစ်သည်။ ဒုက္ခသည် အများစုလည်း နေရင်းဒေသများသို့ ပြန်သွားကြပြီ ဖြစ်သည်။
“ဒုက္ခသည် တော်တော်များများက ရွာပြန်သွားကြတယ်။ ခက်တာက ရွာတွေမှာ ဘယ်လောက် အတိုင်းအတာအထိ စားဝတ်နေရေး အဆင်ပြေနိုင်မလဲ။ ဘယ်လို ရုန်းကန်ကြမလဲဆိုတာ မပြောတတ်တော့ပါဘူး။ လူတွေက အကူအညီ လိုနေသေးတာကတော့ အမှန်ပဲ” ဟု ဘိုကလေးမြို့ရှိ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက်မှ ဒေါ်မြင့်မြင့်မူက ပြောသည်။
မေလ ၂-၃ ရက်နေ့များတွင် တိုက်ခတ်ခဲ့သည့် နာဂစ် မုန်တိုင်းကြောင့် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတွင် လူဦးရေ ထောင်ချီ သေဆုံးခဲ့ပြီး၊ ၂ ဒဿမ ၄ ရာခိုင်နှုန်းကျော် ဒုက္ခရောက်ဆဲဖြစ်ကာ လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသေးကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများက ပြောကြားကြသည်။
ဧရာဝတီတိုင်းသည် မြန်မာနိုင်ငံ၏ ဆန်စပါးထွက်ရှိသည့် ဒေသဖြစ်သည့်အပြင် ရေလုပ်ငန်းတွင်ပါ အားထားရသလို၊ ငါး၊ ငါးခြောက်၊ ပုဇွန်၊ ပုဇွန်ခြောက်နှင့် ငံပြာရည် စသည့် ရေထွက်ပစ္စည်းများ ထွက်ရှိရာ ဒေသလည်းဖြစ်သည်။
နာဂစ်လေမုန်တိုင်း ဖြစ်ပွားပြီးနောက် ငါးဖမ်းလှေများ အများအပြား ပျက်စီးသွားကာ ရေလုပ်ငန်း လုပ်ကိုင်ကြသော ဘိုကလေး၊ မော်လမြိုင်ကျွန်းနှင့် မြောင်းမြမြို့နယ်ရှိ ရေလုပ်ငန်း လုပ်ကိုင်သူအများစု ပိုင်ဆိုင်သည့် ငါးဖမ်းလှေ အများအပြား ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
“အခုလည်း လူတွေက ကိုယ်ထူကိုယ်ထပဲ လုပ်နေရတာ။ ကိုယ့်အချင်းချင်း ဘယ်လို အကူအညီ ပေးရမလဲ။ အခက်အခဲရှိတဲ့သူ အချင်းချင်းတော့ ဘယ်လို ကူညီနိုင်မလဲ” ဟု ကယ်ဆယ်ရေး လုပ်သားတဦးက ပြောသည်။
နအဖ စစ်ကောင်စီမှ ဒုတိယအကြီးအကဲ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးကမူ “လက်ရှိ အခြေအနေသည် စားရေးအတွက် စိုးရိမ်ပူပန်ရန် မလိုတော့ဘဲ လေဘေးသင့် ဒေသများ၏ ပြန်လည် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် အဓိကကျသည့် လယ်ထွန်စက်၊ ဓာတ်မြေသြဇာ၊ စက်သုံးဆီ၊ ပဲ့ထောင်လှေ၊ ငါးဖမ်းပိုက် စတဲ့ လုပ်ငန်းခွင်သုံး ပစ္စည်းများ ကူညီပေးနိုင်ရေးသာ အလေးထား ဆောင်ရွက်ရန်ဖြစ်သည်” ဟု မကြာသေးခင်က မစားရ ဝခမန်း ပြောဆိုခဲ့သည်။
မုန်တိုင်းလေးနှင့် ဒညင်းဖြူ ကျေးရွာသားများသာ အနှီစကားကို ကြားရမည်ဆိုလျှင် မပြုံးဘဲ ဝါးလုံးကွဲအောင်ဖြင့် မရီမောနိုင်ဘဲ ရင်နာမဆုံး ရှိနေကြပါဦးမည်။ ယခုအချိန်အထိ မျှော်လင့်ချက် အရိပ်အယောင်ကဖြင့် မမြင်ရသေးပေ။ တာဝန်အရှိဆုံး အာဏာပိုင် အစိုးရအတွက်မူ တွက်ရေးက တကယ့်ကို စက်သူဋ္ဌေးသာ ဖြစ်နေပါတော့သည်။
Rest of your post
Posted by
54freedom
at
9:50 PM
0
comments
Labels: ရင်တွင်းဖြစ်ဆောင်းပါး
ဘလော့ဂ်ဂါ နေဘုန်းလတ် ကို တကျော့ပြန် စစ်ဆေးမှုလုပ်နေ
ဖနိဒါ
တနင်္လာနေ့၊ ဇွန်လ 16 2008 17:10 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ ၅ လခန့် ဖမ်းဆီး ခံနေရသည့် စာရေးဆရာ ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်အား ယခုတိုင် အာဏာပိုင်များက တကျော့ပြန် စစ်ဆေးမှုများ ဆက်လက် ပြုလုပ်နေသည်။
ရုံးထုတ်ခြင်း မရှိဘဲ အာဏာပိုင်များက အင်းစိန်ထောင် အတွင်းသို့ မုန်တိုင်းကျအပြီး တကြိမ်နှင့် ယမန်နေ့က တကြိမ် ဘလော့ဂ်နှင့် ပတ်သက်၍ စစ်ဆေး မေးမြန်းနေဆဲ ဖြစ်သည်ဟု သိရခြင်း ဖြစ်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ထောင်တွင်းမှာပဲ ခေါ်မေးတာပေါ့နော်။ စစ်ကြောရေးလို့ ပြောရမှာပေါ့နော်။ နာဂစ်အပြီး နောက်ပိုင်းမှာလို့ ပြောတယ်လေ။ နှစ်ကြိမ်ရှိပြီလို့ ပြောတယ်။ ဘလော့ဂ်အကြောင်းပဲ မေးတယ် ပြောတာပဲလေ။ သူ့နာမည်ဝှက် ရှိလား မေးတယ်တဲ့။ တချို့က နာမည်ဝှက်နဲ့ ရေးတာပေါ့နော်။ ဆရာမ မေငြိမ်းတို့၊ ဒေါက်တာ လွဏ်းဆွေတို့က နာမည်နဲ့တကွ ရေးတယ်ပေါ့နော်။ အဲဒီလူတွေရဲ့ နာမည်ကို သိလားလို့ မေးတယ်တဲ့” ဟု ယနေ့ ထောင်ဝင်စာ သွားတွေ့ခဲ့သူ မိခင် ဒေါ်အေးသန်းက မဇ္ဈိမကို ပြောသည်။
သူက ဆက်ပြီး “ထူးဆန်းတယ်။ နာဂစ်အလွန်မှာမှ ဘလော့ဂ်ကိစ္စကိုပဲ ထပ်ခါထပ်ခါ မေးနေတော့ ဘယ်လို သဘောလဲပေါ့နော်။ အန်တီ ထင်တာကတော့ သူ့ကို အပြစ်မရှိ အပြစ်ရှာပြီးတော့ စွဲချက်တင်လို့ ရအောင် လုပ်နေတယ်လို့ပဲ ထင်တာပဲ။ အန်တီ သိသလောက်ကတော့လေ၊ သူ့မှာ သတင်းပို့တာတို့၊ ဘာမှ မရှိတာ။ သူတို့ဟာ သူတို့ ထင်ယောင်ထင်မှားနဲ့ မေးနေတာပဲ” ဟု ပြောသည်။
ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်အား ယခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် အာဏာပိုင်များက ဖမ်းဆီးကာ ဗီဒီယို အက်ဥပဒေ ၃၂ (ခ) ဖြင့် တရားစွဲဆိုရန် ပုဒ်မတပ်ခဲ့သည်။
သူ့ကို လူတွေ့ ညွန်ကြားချက် ရယူခွင့် စာရရန် ရှေ့နေ ဦးအောင်သိန်းမှ တွေ့ဆုံခွင့်ပြုရန် ယနေ့တွင် အင်းစိန်ထောင်၌ စာတင်ခဲ့သည်။
ကိုနေဘုန်းလတ်ကို မေးမြန်းမှုများ လုပ်ခဲ့ကြောင်း ပြည်ထဲရေး သတင်းရပ်ကွက်ကလည်း အတည်ပြုခဲ့ပြီး နိုင်ငံအတွင်းမှ အမည်မဖော်ဘဲ တင်သော ဘလော့ဂ်များ နှင့်ပတ်သက်၍ အထက်အရာရှိများ သိလိုနေကြသည်ဟု မဇ္ဈိမက စုံစမ်း သိရှိရသည်။
ရှေ့နေ ဦးအောင်သိန်းက ဓထောင်ကို လျှောက်ရတယ်။ တခါမှ မပေးသေးဘူး။ သူတို့ တွေ့ပေးမယ်ဆိုတဲ့ သဘောမျိုး စာကပ်ထားလို့ လျှောက်ကြည့်တာ။ တွေ့ခွင့်ရရင် သွားတွေ့မယ်။ (power) အပြည့်ပေးထားပြီပဲ။ ပုံမှန်အားဖြင့်တော့ ဒီနေ့ကနေ သောကြာနေ့အထိ သူ့ကို တွေ့ခွင့်ရမယ်ဆိုရင် သွားတွေ့မယ်” ဟု ပြောသည်။
ဒေါ်အေးသန်းက “တပ်ထားတာက ဗီဒီယို အက်ဥပဒေ ၃၂ (ခ) ပဲလေ။ အခုဟာက အဲဒီဟာနဲ့ မဆိုင်တော့ဘူး။ ဘလော့ဂ်ကိစ္စပဲ ထပ်မေးတာ တဲ့လေ။ အဲဒါနဲ့လည်း ရုံးမထုတ်ဘူးကွယ်။ အခုဟာက နောက်ကိစ္စ။ ၃၂ (ခ) က ခိုင်မာမှုမရှိလို့ နောက်တခု အပြစ်ရှာနေတဲ့သဘော ရှိတယ် ပေါ့နော်။ လူတယောက်ကို ဖမ်းထားချင်လို့ ပုဒ်မတခု တပ်လိုက်တာပေါ့နော်။ ဖမ်းတုန်းက စင်္ကာပူအငြိမ့်ခွေ တစုံပဲ ရတာကိုး” ဟု ပြောသည်။
Rest of your post
Posted by
54freedom
at
9:40 PM
0
comments
Labels: ပြည်တွင်း သတင်းများ
အရေးတော်ပုံကား မျိုးဆက်တိုင်းအား တပ်လှန့်၍ နေချေပြီ
အောင်မော်ဦး
တနင်္လာနေ့၊ ဇွန်လ 16 2008 16:00 - မြန်မာစံတော်ချိန်
“နိုင်ငံသားတိုင်း၌ မိမိတို့လိုချင်သည့် အစိုးရမျိုးကို မိမိတို့ဘာသာ ရွေးချယ်ပိုင်ခွင့် ရှိကြပေသည်။ ဤအခွင့်အရေးကို ဆုပ်ကိုင်၍ မိမိတို့ ဆန္ဒအလျောက် မိမိတို့ဘာသာ မရွေးချယ်ခဲ့ကြပါက မိမိတို့ မလိုချင်သည့် အစိုးရမျိုးကိုသာ ရရှိကြပေလိမ့်မည်။ သို့သော် အရာရာ နှောင်းသွားပြီ ဖြစ်သဖြင့် ညံ့ဖျင်းသည့် အစိုးရကို သာလျှင် မိမိတို့နှင့် တန်သည့် အစိုးရအဖြစ် သဘောပိုက်၍ လူမဆန်သည့် အစိုးရ၏ အဓမ္မပြုကျင့်မှုကို ပြားပြားဝပ်မျှ ခံကြရပေလိမ့်မည်”ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
စစ်အုပ်စုက ဆန္ဒခံယူပွဲ၌ (၉၂.၄) ရာခိုင်နှုန်း ထောက်ခံမဲ ရရှိခဲ့သည်ဟု ကြေညာခဲ့သည်။ စကတည်းက လိမ်လည်ညစ်ပတ် လိမ့်မည်ဆိုသည်ကို ကြိုခန့်မှန်းထားနှင့်ကြသည့် လူများအတွက်မူ ဤကြေညာချက်သည် ပြက်လုံးတခုသဖွယ် ဖြစ်ကောင်း ဖြစ်နေပေလိမ့်မည်။ သို့သော် ဤ ပြက်လုံးသည် ဘ၀နှင့်ရင်း၍ ရယ်ရမည့် ပြက်လုံးမျိုး၊ အနာဂတ်ကို ထိုးကျွေး၍ ရယ်ရမည့် ပြက်လုံးမျိုး၊ သခင်ရှေ့မှောက် ဒူးထောက်၍ ကျွန်ရယ် ရယ်ရမည့် ပြက်လုံးမျိုး ဖြစ်နေသဖြင့် ရယ်ရ ခက်ကြပေလိမ့်မည်။
လူအတော်များများက ဆန္ဒခံယူပွဲရလဒ်ကို ၆၀% - ၄၀% ခန့် ဖြစ်နိုင်ဘွယ်ရာ ရှိသည်ဟူ၍ မှန်းဆထားခဲ့ပါသည်။ ပြည်သူ လူထုကို လျှော့တွက်၍ မဟုတ်ဘဲ စစ်အုပ်စု၏ လိမ်လည် ညစ်ပတ်မှုကို ထည့်တွက်၍ ဤသို့ ခန့်မှန်းထားခြင်း ဖြစ်ပါသည်။ အကယ်၍ လူအများ မှန်းဆထားသလို စစ်အုပ်စုက နှာတဖျားသာရုံလေး ကပ်၍ ကြေညာခဲ့မည်ဆိုလျှင် လူတိုင်းလိုလို မျက်စေ့ လည်သွားနိုင်ပါသည်။ (၁) စစ်အုပ်စုကို လိမ်လည် ညစ်ပတ်သည်ဟူ၍ တိတိကျကျ ပြောရန် ခက်ခဲနိုင်ပါသည်။ (၂) ပြည်သူလူထုအတွင်း ငါက ကန့်ကွက်တယ်၊ နင်က ထောက်ခံတယ်ဟူ၍ အချင်းချင်း အထင်အမြင် လွဲမှားမှုများ ပေါ်ပေါက် လာနိုင်ပါသည်။ (၃) နိုင်ငံတကာ အစိုးရများနှင့် ကမ္ဘာ့ပြည်သူများအားလည်း ရှင်းပြရန် အတော့်ကို ခက်ခဲနိုင်ပါသည်။
သို့သော် စစ်အုပ်စုက (၉၂.၄%) ဟု ကြေညာလိုက်သဖြင့် (၁) စစ်အုပ်စု၏ လိမ်လည် ညစ်ပတ်မှုမှာ ဘွားဘွားကြီး ပေါ်ထွက် လာခဲ့ပါသည်။ (၂) ပြည်သူ အားလုံးသည်လည်း မိမိတို့ လိမ်ညာခံရ၊ မတရားပြုခံရသည်ကို မျက်မြင်ဒိဌိ သိရှိခွင့် ရရှိသွားခဲ့ကြပါသည်။ (၃) နိုင်ငံတကာ အစိုးရများနှင့် ကမ္ဘာ့ပြည်သူများအားလည်း ရှင်းပြရန် မလိုတော့လောက်အောင်ပင် စစ်အုပ်စု ၏ ငါတကောကောသည့် လုပ်ရပ်က ဘူးပေါ်သလို ပေါ်နေပါတော့သည်။
တရုတ်ပြည် လွတ်မြောက်ရေး ကြိုးပမ်းစဉ်ကာလက ဗုံးမိုးရွာနေသည့် ဂျပန် လေယာဉ်ပျံများအား ခုခံရေးနှင့် ပတ်သက်၍ ဥက္ကဌမော် ပြောခဲ့သည့် စကားတခွန်း ရှိပါသည်။ “ငါတို့က ဂျပန်စစ်တပ်ဟာ မကောင်းဘူး၊ ဒါကြောင့် ဂျပန်စစ်တပ်ကို ခံတိုက်ကြဆိုပြီး ငါတို့ပြည်သူတွေကို တကူးတက ရှင်းပြနေစရာ မလိုတော့ဘူး။ ငါတို့ ပြောချင်တဲ့စကားကို ငါတို့ကိုယ်စား ဂျပန်တွေက ဗုံးတွေကျဲပြီး ပြောလိုက်ကြပြီ။ ရန်သူက ငါတို့ပြည်သူတွေကို အမျိုးသား လွတ်မြောက်ရေးအတွက် တိုက်ပွဲဆင်ကြဖို့ လှုံ့ဆော်ပေးလိုက်ပြီ” ဟူ၍ မော်က အဆိုးထဲမှ အကောင်းကို ထုတ်ဖော် တင်ပြခဲ့သည်။ ထို့အပြင် မော်က “ဂျပန် စစ်တပ်ဟာ တရုတ်ပြည်မှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ အမျိုးသား ညီညွတ်ရေးကို ယူဆောင်လာခဲ့တယ်” ဟူ၍ တပ်နီတော်နှင့် ကူမင်တန်တို့အကြား အမျိုးသားညီညွတ်ရေး တည်ဆောက်ရန် လမ်းပွင့်သွားမှုကိုပါ ထုတ်ဖော် တင်ပြခဲ့သည်။
ကျနော်တို့ အနေဖြင့်လည်း စစ်အုပ်စုသည်မတရား၊ စစ်အုပ်စုသည် မမျှတ၊ ထို့ကြောင့် စစ်အုပ်စုကို တော်လှန်ကြဟူ၍ ပြောနေရန် လိုပါဦးမည်လား။ စစ်အုပ်စုသည် အများ ပြောချင်သည့်စကားကို အားလုံးကိုယ်စား ရုပ်မြင်သံကြားမှ ကြေညာပေးခဲ့သည်။ ရေဒီယိုမှ ထုတ်လွှင့်ပေးခဲ့သည်။ သတင်းစာများမှ ပုံနှိပ် ဖော်ပြပေးခဲ့သည်။ ထိုမျှမက စစ်အုပ်စု၏ လိမ်လည် ညစ်ပတ်မှုသည် “ဒုတိယ ရှစ်လေးလုံး” ဟု ဆိုနိုင်မည့် လူထုအုံကြွမှုကြီးတရပ် ပေါ်ပေါက်လာစေရန်ပင် တပ်လှန့်ပေးလိုက်ပေသည်။
သို့သော် ၁၉၄၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ အနှစ် ၆၀ လုံးလုံး စစ်ကျွန်ဘ၀ ရောက်နေခဲ့ကြရသည်မှာ နိုင်ငံသား အခွင့်အရေးအတွက် တောင်းဆို တိုက်ပွဲဝင်ကြသည့် နိုင်ငံသား အရေအတွက်က စစ်သား အရေအတွက်ထက် နည်းပါးနေခြင်းကြောင့်ပင် ဖြစ်လေမည်လား မပြောတတ်ပါ။ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ လှုပ်ရှားမှု အပါအ၀င် အခြားသော အရေးတော်ပုံကြီးငယ်များတွင် ပွဲတိုင်းလိုလို ဒီလူတွေချည်း လှုပ်ရှားလိုက်၊ ဒီလူတွေချည်း ထောင်ချခံရလိုက်၊ ဒီလူတွေချည်း မြေလျှိုးရလိုက်၊ ဒီလူတွေချည်း နယ်စပ်သို့ ရှောင်တိမ်းကြရလိုက်၊ ဒီလူတွေချည်း ဘ၀ပျက်ခံရလိုက်၊ ဒီလူတွေချည်း မိသားစုနှင့် ကွေကွင်းရလိုက်၊ ဒီလူတွေချည်း အသက်စွန့်လွှတ်ရလိုက်နှင့် တကယ်လှုပ်ရှားသူ အရေအတွက်မှာ လက်ချိုး ရေနိုင်ရုံလောက်မျှသာ ရှိခဲ့သည်ဟူ၍ အရေးတော်ပုံ မှတ်တမ်းများက သက်သေထူပြနေသည်ကို ကျနော်တို့ မငြင်းနိုင်ပါ။
လှုပ်ရှားမှုများ၌ ဒီလူတွေချည်းလိုလို ဖြစ်နေရသည့် ကိစ္စနှင့် ပတ်သက်၍ ကျနော့်မိတ်ဆွေ အယ်ဒီတာတဦးက ပြောဖူးပါ သည်။ အခြေခံ ပြဿနာမှာ လူထုစည်းရုံးမှု အ၀န်းအ၀ိုင်းကို မချဲ့ထွင်နိုင်ဟု ဆိုပါသည်။ အရေးတော်ပုံ တပ်သားများ (တနည်း) လူထု စည်းရုံးရေးသမားများ အနေဖြင့် ကျေးလက်ဒေသများအထိ ကွင်းဆင်း၍ လူထုစည်းရုံးရေး လုပ်ငန်းများကို ဇောက်ချ မလုပ်နိုင်ဘဲ မြို့ပြဒေသများ၌သာ ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်နေကြခြင်းကို တွေ့နေရသည်ဟု ဆိုပါသည်။ ရှစ်လေးလုံး အရေးတော်ပုံတုန်းက တက္ကသိုလ် ကျောင်းသားများနှင့် အထက/အလက ကျောင်းသားများသည် (ကျောင်းများ ပိတ်ပစ်လိုက်ခြင်းကို အခွင့်ကောင်းယူ၍) ကျေးလက်ဒေသများအထိ ကွင်းဆင်း၍ တောင်သူဦးကြီးများအား လှုပ်ရှားမှုထဲ ဆွဲခေါ်နိုင်ခဲ့ကြပါသည်။ စက်ရုံအလုပ်ရုံများမှ ကော်လာပြာ လုပ်သားများနှင့် လက်လုပ်လက်စား အလုပ်သမား များအား လှုပ်ရှားမှုထဲ ဆွဲခေါ်နိုင်ခဲ့ကြပါသည်။ သို့နှင့် ပြည်လုံးကျွတ် အထွေထွေ လူထုလှုပ်ရှားမှုကြီးတရပ် ပေါ်ပေါက်ခဲ့ရပါသည်။ ယနေ့ အခြေအနေ၌ ဆိုလျှင် ရဟန်းသံဃာတော်များ၊ အနုပညာရှင်များနှင့် ဆေးဘက်ဆိုင်ရာ၊ လူမှု စောင့်ရှောက်ရေးဆိုင်ရာ ပညာရှင်များပါ ပါဝင် လှုပ်ရှားနေကြသဖြင့် လူထုစည်းရုံးရေး နယ်ပယ်ကို ချဲ့ထွင်ရန် အခွင့်အခါ သင့်လှပေသည်။
ဆိုကြပါစို့။ ယနေ့၌ အသက် ၂၀ အရွယ်ရှိသည့် လူငယ်လေးတဦးသည် အာဏာရှင်စနစ် အောက်၌ အနှစ် ၂၀ မျှ ဖြတ်သန်း ကြီးပြင်းခဲ့ရပေလိမ့်မည်။ ထိုလူငယ်၏ မိဘနှစ်ပါးသည် အသက် ၄၀ ၀န်းကျင် အရွယ်များ ဖြစ်နိုင်သဖြင့် တပါတီ အာဏာရှင်စနစ်နှင့် စစ်အာဏာရှင်စနစ် နှစ်ခုပေါင်းအောက်၌ နှစ်ပေါင်း ၄၀ မျှ ဖြတ်သန်း ကြီးပြင်းခဲ့ကြရပေလိမ့်မည်။ ထိုလူငယ်လေး၏ ဘိုးဘွားတို့သည်လည်း အသက် ၆၀ ၀န်းကျင် အရွယ်များ ဖြစ်နိုင်သဖြင့် လွတ်လပ်ရေးအရ ပြည်တွင်းစစ်အစဟု ဆိုရမည့် ခေတ်ကာလများမှသည် မျက်မှောက်ခေတ် ကာလများအထိ နှစ်ပေါင်း ၆၀ ကျော် စနစ်ဆိုး ရိုက်ခတ်မှုဒဏ်ကို ခံစားခဲ့ကြရ ရှာပေလိမ့်မည်။
မျိုးဆက် ၃ ဆက်မျှ ခေတ်ဆိုး စနစ်ဆိုးများ အောက်၌ ဖြတ်သန်းခဲ့ကြရသည့် သမိုင်းသည် ဤတွင် တခန်းရပ်သင့်ပါပြီ။ ထို့အတူ ထိုလူငယ်လေး မှ မွေးဖွားလာမည့် မျိုးဆက်သစ် ရင်သွေးလေးများခမြာ သူတို့၏ ဘိုးဘွားမိဘများနည်းတူ ခေတ်ဆိုး စနစ်ဆိုးကြီးများ အောက်၌ ထပ်မံ ဖြတ်သန်းကြရဦးတော့မည့်အရေး မဖြစ်သင့်တော့ပါ။ အနာဂတ်၏ ရင်သွေးငယ်လေးများ (တနည်း) စတုတ္ထ မျိုးဆက်လေးများအား ဤခေတ်၊ ဤစနစ်နှင့် ဤလို ဖက်စစ်အုပ်စု၏ သေနတ်ပြောင်းအောက်၌ ကြီးပြင်းစေ၊ လူလားမြောက်စေရန် မသင့်တော်ပါ။
ဆန်နှင့် လောင်စာဆီ ပြဿနာကို ကမ္ဘာနှင့်အ၀န်း ရင်ဆိုင်နေကြရချိန်တွင် မွဲပြာကျ၍ ချွတ်ခြုံကျနေသည့် မြန်မာပြည်အဖို့ ပို၍ အလူးအလဲ ခံရမည်မှာ မြေကြီးလက်ခတ် မလွဲချေ။ ယနေ့ (သို့) မနက်ဖြန်၌ လူထုသည် သူတို့ အသက်ရှင် ရပ်တည်ရေးအတွက် အစားအစာရရှိရေး၊ အမိုးအကာရရှိရေး၊ ထွန်ယက်စိုက်ပျိုးစရာ ရရှိရေး စသဖြင့် အခြေခံ အကျဆုံးသော လိုအပ်ချက်များအတွက် တောင်းဆိုကြပေလိမ့်မည်။ ငတ်၍ သေရမည့် အတူတူ တိုက်၍သာ သေတော့မည် ဟူသည့် ပိုင်းဖြတ်မှုများကြောင့် လူထုလှုပ်ရှားမှုသည် အားနှင့်အင်နှင့် ပေါ်ပေါက်လာနိုင်ပေ သည်။ ထိုသို့ ပေါ်ပေါက်လာနိုင်သည့် လူထုအုံကြွမှုအား တနေရာတည်း၌ ကွက်ကျား မဖြစ်စေဘဲ နေရာအနှံ့အပြား၌ အကျယ်အပြန့် ဖြစ်စေရေးနှင့် မြို့ပြရော၊ ကျေးလက်ပါ ပါဝင်စေရေးတို့အတွက် လူထုစည်းရုံးရေးသမားများ အနေဖြင့် ပြင်ဆင်ကြရန် လိုပေမည်။ ထိုမျှမက သွေးချောင်းစီးမှု နည်းနိုင်သမျှ နည်းပါးစေရေးအတွက် ရနိုင်သမျှသော နည်းလမ်းများအား အသုံးပြုကြရန်လည်း လိုပေလိမ့်မည်။
“ကယ်ဆယ်ရေး အကူအညီများကို ပိတ်ပင်သည့် နည်းဖြင့် ပြည်သူ သန်းပေါင်းများစွာကို သေတွင်းပို့ရုံနှင့် အားမရ၊ ဆန္ဒခံယူပွဲ၌ မဲလိမ်သည့် နည်းဖြင့် ပြည်သူ သန်းပေါင်းများစွာကို ကျွန်ပြုရန် စီမံကိန်းချ အကောင်အထည် ဖော်နေသည့် စစ်အုပ်စုကို ဒီအတိုင်း ထင်တိုင်းကျဲခွင့် ပြုထားဦးမည်ဆိုလျှင် နိုင်ငံ့သမိုင်း၌ ရာဇ၀င် ရိုင်းရပေရော့မည်။”
Rest of your post
Posted by
54freedom
at
8:30 PM
0
comments
Labels: ဆောင်းပါး
ရုပ်ရှင်မင်းသားကျော်သူ ဆေးရုံတက်ကုသမှု ခံယူ
မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ ဇွန်လ 16 2008 15:48 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ လေဘေးကူညီရေးလုပ်ငန်း လုပ်ကိုင်နေသူ နိုင်ငံကျော် ရုပ်ရှင်မင်းသား ကျော်သူသည် ရန်ကုန်ရှိ ဆေးရုံတခု၌ ဆေးကုသ ခံယူနေရသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ရန်ကုန်ရှိ နာရေးအသင်း ခေါင်းဆောင်လည်းဖြစ်သူ အသက် ၄၈ နှစ်အရွယ် ပြည်သူ့အချစ်တော် မင်းသား ကျော်သူသည် ဧရာဝတီတိုင်း ပျဉ်ခရိုင် ခရီးစဉ်အတွင်း နေထိုင်မကောင်း ဖြစ်လာသဖြင့် ယခုလ ၁၄ ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့ ပုဂ္ဂလိကဆေးရုံ ပန်းလှိုင်တွင် ဆေးကုသမှု ခံယူနေရခြင်း ဖြစ်သည်။
“စိတ်ရှုပ်ရင်၊ စိတ်ဒုက္ခဖြစ်ရင် ဖြစ်တတ်ပါတယ်။ သွေးတိုးလည်း နည်းနည်းရှိတယ်။ ဆေးလိပ်လည်း အရမ်းသောက်တဲ့အပြင် အစားအသောက် လည်း မဆင်ခြင်လို့ ကျန်းမာရေး ထိခိုက်တာ ဖြစ်တယ်” ဟု ဦးကျော်သူ၏ ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်က ပြောသည်။
ကယ်ဆယ်ရေး လုပ်ငန်းကို အတူတကွ လုပ်ကိုင်နေသူ တဦးကလည်း “ကျနော်တို့ ပျဉ်ခရိုင်ဘက် သွားရင်းနဲ့ ပုသိမ်အရောက် လမ်းခရီးမှာ ခြေတွေလက်တွေ အေးပြီးတော့၊ ချွေးတွေ ထွက်လာပြီးတော့ နေမကောင်းတာနဲ့ ဆေးရုံ ပြန်တက်တာပါ” ဟု ပြောသည်။
နောက်ထပ် နှစ်ရက်ခန့် အကြာတွင် ဆေးရုံမှ ဆင်းမည်ဖြစ်ကာ ပျဉ်ခရိုင် တီတူးကုန်းကျေးရွာတွင် သူ ဦးဆောင် ဆောက်လုပ်ပေးနေသည့် ကျောင်းသား ၆၂ဝ ဆန့် ဆောက်လက်စ အလယ်တန်းကျောင်းသို့ ထပ်မံ၍ သွားရောက်မည် ဖြစ်သည်။
သူ၏ နာရေးကူညီမှု အသင်းသားများသည် ယခုအခါ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်ရှိ အမာနှင့် ကွမ်းမူ၊ ကျိုက်ထော်အနီးရှိ မှော်တောဘက် တွင် လေဘေး ကူညီရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေသည်။
Rest of your post
Posted by
54freedom
at
8:28 PM
0
comments
Labels: ပြည်တွင်း သတင်းများ