Friday, June 13, 2008
ရှစ်လေးလုံးနေ့ကို ဘာကလေမြို့က ဂုဏ်ပြု
The 8888 Uprising. The current democracy movement in Burma draws inspiration from a series of mass demonstrations culminated on August 8, 1988 (8/8/88 - a day deemed auspicious).
မြန်မာပြည်သူပြည်သား တို့၏ စည်းလုံးညီညွတ်မှုနှင့် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ဒီမိုကရေစီ အရေးတော်ပုံအတွက် တိုက်ပွဲဝင်နေကြသည်ကို ဂုဏ်ပြုသောအားဖြင့် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ တက္ကသိုလ် မြို့တော် တမြို့က သြဂုတ်လ ၈ ရက်နေ့ကို မြန်မာနေ့အဖြစ် သတ်မှတ်ရန် ဆုံးဖြတ်လိုက်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြောက်ပိုင်း ကယ်လီဖိုးနီးယားတွင် တည်ရှိ၍ မြန်မာလူဦးရေ အနည်းငယ်သာ နေထိုင်သော ဘာကလေမြို့၌ ၎င်းမြို့တော် ကောင်စီအဖွဲ့က ဇွန်လ ၁၀ ရက်နေ့တွင် အစည်းအဝေး ကျင်းပပြီး စည်းလုံး ပြင်းထန်သော မြန်မာပြည်သူလူထုကို ဂုဏ်ပြုသည့် နေ့အဖြစ် သတ်မှတ်လိုက်ကြခြင်း ဖြစ်သည်။
အမေရိကန် လွှတ်တော်တွင် ဘာကလေမြို့၏ ကိုယ်စားလှယ်အဖြစ် ဘာဘရာလီက တက်ရောက်ခဲ့ပြီး မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် ပါဝင်ပြောဆိုခဲ့သည်။
မြန်မာပြည် ဒီမိုကရေစီရရှိရန် ၄၆ နှစ်တာ ကာလပတ်လုံး မဆုတ်မနစ် ရုန်းကန်ခဲ့သည့် မြန်မာပြည်သူလူထုနှင့် နာမည်ကျော် ၁၉၈၈ ခုနှစ် ဆန္ဒပြပွဲ နှစ် ၂၀ ပြည့် အထိမ်းအမှတ် ကို ဂုဏ်ပြုသောအားဖြင့် ဘာကလေ မြို့တော်ကောင်စီက သြဂုတ် ၈ ရက်နေ့ကို မြန်မာနေ့ အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။
လာမည့် သြဂုတ်လ ၈ ရက်နေ့ မှစ၍ နှစ်စဉ်နှစ်တိုင်း ထိုနေ့တွင် ဘာကလေမြို့၌ မြန်မာအမျိုးသားအလံတော်ကို လွှင့်ထူ ထားမည်ဖြစ်ပြီး ယင်းအလံတော်ကို မြန်မာနိုင်ငံ အတွင်း၌ စစ်မှန်သော ဒီမိုကရေစီ ပြန်လည်မရရှိမချင်း ဆက်လက် လွှင့်ထူထား မည်ဖြစ်သည်။ ၎င်းအလံကို မြန်မာအမေရိကန် ဒီမိုကရေစီ သဟာရအဖွဲ့က တာဝန်ယူ ပြုလုပ်မည်ဖြစ်၏။
“၈ လေးလုံး အထိမ်းအမှတ်ပွဲကို ဘာကလေ မြို့တော်ကောင်စီက အကူအညီပေးမှာ ဖြစ်ပြီး မြန်မာအမေရိကန် ဒီမိုကရေစီ သဟာရအဖွဲ့၊ ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေး အဖွဲ့နဲ့ တခြားအဖွဲ့တွေ ပူးပေါင်းကျင်းပမှာ ဖြစ်ပါတယ်” ဟု ဘာကလေ မြို့တော် ကောင်စီ၏ ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကော်မရှင်က မြန်မာနေ့အဖြစ် သတ်မှတ်သည့် အစည်းအဝေးတွင် ပြောကြားလိုက်သည်။
ထို့ပြင် ဘာကလေ မြို့တော်ကောင်စီက လွှတ်တော်ကိုယ်စားလှယ် ဘာဘရာလီအနေနှင့် အမေရိကန်သမ္မတဘုရှ်ကို ပေကျင်းအိုလံပစ်ပွဲတော်သို့ တက်ရောက်ခြင်းမပြုရန် တောင်းဆိုစာ ရေးသားခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားသည်။ ယင်းသို့ စာရေးသားရခြင်းမှာ တရုတ်အစိုးရက မြန်မာစစ်တပ်ခေါင်းဆောင်များကို ထောက်ခံသော ကြောင့်ဖြစ်၏။
မြို့တော်ကောင်စီက ဆက်လက်၍ လီအပါအဝင် ဆီးနိတ်လွှတ်တော်အမတ် ဘာဘရာ ဘောက်စ်ဆာနှင့် ဒိုင်ယန် ဖီယန်စတိန်းတို့အား မြန်မာပြည်အတွက် ကူညီထောက်ပံ့မှုများ ကို မြန်မာစစ်အစိုးရက ခွင့်ပြုသည်ဖြစ်စေ ငြင်းဆန် သည်ဖြစ်စေ တတ်နိုင်သမျှ ပေးဖို့ရန် တောင်းဆိုထားသည်။
အထက်ပါ ဆုံးဖြတ်ချက် ကော်ပီကို ပေကျင်းအိုလံပစ် ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ လျှူကွီ နှင့် အိုလံပစ်ပွဲတော်ကို အဓိကပံ့ပိုးသည့်ကုမ္ပဏီများဖြစ်သော ကိုကာကိုလာ၊ မက္ကဒေါ်နယ်၊ ဂျန်နရယ် အီလက်ထရစ်၊ ဂျွန်ဆင်အန်ဂျွန်ဆင်၊ ကိုဒက်ခ်၊ လီနိုဗို၊ ပန်နာဆိုးနစ်၊ ဆမ်ဆောင်း၊ မန်နျူလိုက်ဖ် ဖိုင်နန်ရှယ် အက်တော့စ်အော်ရီဂျင်နှင့် အိုမီဂါတို့ကို ပို့မည်ဖြစ်သည်။
Rest of your post
Posted by
54freedom
at
12:26 AM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ
နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိရာထူးရရန် သိန်းရာကျော် လာဘ်ထိုးရ
NEJ/ ၁၂ ဇွန် ၂၀၀၈
နိုင်ငံခြားရေးဝန်ကြီးဌာနအတွက် အလုပ်လျှောက်သူများအနေဖြင့် ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေး အဖွဲ့ကို သိန်းဆယ်ဂဏန်းမှ ရာဂဏန်းထိ လာဘ်ပေးနေရသည်ဟု နေပြည်တော် နိုင်ငံခြားရေး
ဝန်ကြီးဌာနနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိရာထူးရရန်အတွက် ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ အရာရှိ အချို့ကို သိန်း (၁၅၀) ထိ လာဘ်ပေးရသကဲ့သို့ နိုင်ငံခြားရေးဝန်ကြီးဌာန အောက်ခြေအဆင့် ရာထူးရရန်အတွက် သိန်း (၈၀) ၀န်းကျင် လာဘ်ထိုးနေရသည်ဟု ခေတ်ပြိုင်က စုံစမ်းသိရသည်။ ယင်းသို့ လာဘ်ငွေ အများအပြား ပေးနေရကြောင်း မြန်မာသံရုံး သတင်းရပ်ကွက်ကလည်း အတည်ပြုပြောသည်။
(သတင်းအပြည့်အစုံကို သောကြာနေ့တွင် ဆက်လက် အစီရင်ခံသွားမည်ဖြစ်သည်)
Posted by
54freedom
at
12:20 AM
0
comments
Labels: ပြည်တွင်း သတင်းများ
မုန်တိုင်းကြောင့် စပါးစိုက်ဧကပျက်စီးမှု တပြည်လုံး၏ (၆၀) ရာခိုင်နှုန်းရှိဟု အမေရိကန်အစိုးရမှန်း
NEJ/ ၁၂ ဇွန် ၂၀၀၈
မြန်မာနိုင်ငံမှာ မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ပြည်နယ်နှင့်တိုင်း (၄) ခု၏ စပါးစိုက်ဧက ပျက်စီး မှုသည် တပြည်လုံး စပါးစိုက်ဧက၏ (၆၀) ရာနှုန်းနီးပါးရှိသည်ဟု အမေရိကန် လယ်ယာနှင့် စိုက်ပျိုးရေးဝန်ကြီးဌာန အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မွန် ပြည်နယ်နှင့်တိုင်း (၄) ခု၏ စပါးစိုက်ဧက ပျက်စီးမှုသည် ဧက (၁၀) သန်းရှိသည့်အတွက် တပြည်လုံး စပါးစိုက်ဧက၏ (၆၀) ရာနှုန်းနီးပါးရှိသည်ဟု ဇွန်လ (၁၀) ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် အမေရိကန် လယ်ယာနှင့်စိုက်ပျိုးရေးဝန်ကြီးဌာန အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်သည်။
အမေရိကန်အစိုးရ၏ စပါးစိုက်ဧက ပျက်စီးမှု ခန့်မှန်းချက်သည် မြန်မာစီးပွားရေးပညာရှင်များ တွက်ချက်မှုနှင့် ကိုက်ညီနေသည်။ မြန်မာစစ်အစိုးရဘက်ကမူ စပါးစိုက်ဧက ပျက်စီးမှုကို မုန်တိုင်း ကျပြီး (၁) လကျော်သည်ထိ ထုတ်ပြန်နိုင်ခြင်း မရှိချေ။
ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းရှိ ရေတို ရေရှည် စပါးအပျက်နှုန်းမှာ ပျက်စီးမှုနှုန်း အများဆုံးဖြစ်ပြီး တပြည်လုံး စပါးစိုက်ဧက၏ (၃၇) ရာခိုင်နှုန်းရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းရှိ စပါးစိုက်ဧက (၆.၄) သန်းအနက် စပါးစိုက်ဧက (၃) သန်း မုန်တိုင်းကြောင့် ပင်လယ်ရေ အလွှမ်းခံခဲ့ရသည်။
မေလ (၃၀) ရက်ထိ လေ့လာချက်အရ ပင်လယ်ရေ ပြန်ကျသွားသည့်တိုင် စပါးစိုက်ဧက (၂.၇) သန်းမှာ အတိုင်းအတာတရပ်ထိ ရေကျန်နေသေးသည်ဟုပါ အမေရိကန် လယ်ယာနှင့် စိုက်ပျိုး
ရေးဝန်ကြီးဌာန အစီရင်ခံစာက ထောက်ပြထားသည်။ တနည်းဆိုရလျှင် မုန်တိုင်းအပြီး တလကြာ သည့်တိုင် မူလက ပင်လယ်ရေလွှမ်းခဲ့သည့် စပါးစိုက်ဧက၏ (၈၀) ရာနှုန်း ရေကျန်သေးသည်ဟု ဖော်ပြထားသည်။ ။
Rest of your post
Posted by
54freedom
at
12:17 AM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ
၂၀၀၈ ခုနှစ် ဆန်အထွက်နှုန်း မနှစ်ကထက် (၁၂) ရာနှုန်းကျမည်
NEJ/ ၁၂ ဇွန် ၂၀၀၈
ဧရာဝတီတိုင်းမှာ စပါးစိုက်ဧက (၂) သန်းနီးပါး ပင်လယ်ရေကျန်ပြီး မိုးစပါးမစိုက်နိုင် ဖြစ်နေသည့် အတွက် ၂၀၀၈-၂၀၀၉ မြန်မာနိုင်ငံ ဆန်အထွက်နှုန်း မနှစ်ကထက် (၁၂) ရာနှုန်းကျသွားနိုင်သည် ဟု အမေရိကန် လယ်ယာနှင့်စိုက်ပျိုးရေးဝန်ကြီးဌာနက မှန်းထားသည်။
မုန်တိုင်းလွန်ကာလ စပါးစိုက်ဧက အပျက်အစီးကို အမေရိကန် လယ်ယာနှင့်စိုက်ပျိုးရေး
ဝန်ကြီးဌာနက စနစ်တကျ လေ့လာအပြီးမှာ ယခုကဲ့သို့ အစီရင်ခံစာ ထုတ်ပြန်ခြင်းဖြစ်သည်။
မိုးစပါးရိတ်သိမ်းမည့် ဧကပေါင်း (၁၆) သန်းသာ ရှိမည်ဖြစ်သည့်အတွက် မနှစ်ကထက် (၁၀) ရာနှုန်း ကျသွားမည်ဖြစ်သည်။ ထို့ပြင် မုန်တိုင်းနှင့် ပါလာသည့် ပင်လယ်ရေကြောင့် ပျက်စီးသည့် ၂၀၀၇-၂၀၀၈ သိုလှောင်ဆန်လက်ကျန်မှာ ဆန်တန်ချိန် (၁) သန်းနီးပါးရှိသည်ဟုပါ အမေရိကန် လယ်ယာနှင့်စိုက်ပျိုးရေးဝန်ကြီးဌာန အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာစစ်အစိုးရကမူ စပါးတန်ချိန် (၇) သိန်းသာ ပျက်စီးသည်ဟု ထုတ်ပြန်ထားသည့်အတွက် ဆန်တန်ချိန် (၄) သိန်းသာ ပျက်စီးသည်ဆိုသည့်သဘော ဖြစ်နေသည်။ ။
Posted by
54freedom
at
12:16 AM
0
comments
Labels: ပြည်တွင်း သတင်းများ
မုန်တိုင်းသင့်ဒေသတွင် သတင်းမီဒီယာသမားများအား စောင့်ကြည့်ရန်စစ်အစိုးရ ညွှန်ကြား
NEJ/ ၁၂ ဇွန် ၂၀၀၈
နအဖ စစ်အစိုးရ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ဝင် (စရဖ) များက လေဘေးဒဏ်သင့် ကျေးရွာ များသို့ သွားရောက်ပြီး အဆိုပါ ရွာများကို ရောက်လာသူများအနက်မှ သတင်းမေးသူများ၊ အင်တာ ဗျူးလုပ်သူများ၊ ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက် မှတ်တမ်းတင်သူများ ရှိပါက ၎င်းတို့ထံ အမြန်ဆုံး သတင်း ပို့ရန် ညွှန်ကြားထားကြောင်း သိရသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
လေဘေးဒဏ်ခံခဲ့ရသည့် ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ် ကျုံဒါးကျေးရွာအုပ်စုရှိ အမည်မဖော်လိုသူ ရာအိမ်မှူးတဦးက “ပြီးခဲ့တဲ့ (၃) ရက်လောက်က ကျနော်တို့ရွာကို ကျေးရွာအုပ်စု ဥက္ကဋ္ဌနဲ့ စရဖ
အဖွဲ့ဝင်တယောက် ရောက်လာတယ်။ ဒီရွာကို ဘယ်သူတွေ လာတယ်၊ ဘယ်ကလူတွေ ဖြစ်တယ်၊ ဘာလာလုပ်တယ်၊ လှူတယ်ဆိုရင်လည်း ဘာတွေလှူတယ် စသဖြင့် သူတို့ဆီကို သတင်းပို့ရမယ်လို့ ပြောတယ်။ ထူးခြားတာက အဲဒီလာတဲ့ လူတွေထဲမှာ သတင်းမေးတဲ့လူတွေ၊ အင်တာဗျူးလုပ်တဲ့ လူတွေ၊ ဓာတ်ပုံ၊ ဗီဒီယိုရိုက်တဲ့လူတွေပါရင် ချက်ချင်း သူတို့ဆီ မပျက်မကွက် အမြန်ဆုံး အကြောင်း ကြားရမယ်လို့ လာပြောသွားတယ်” ဟု ပြောသည်။
ဧရာဝတီတိုင်း မြို့နယ်အချို့သို့ မကြာခဏ သွားရောက် ကူညီလှူဒါန်းသူ တဦးက ယခုနောက်ပိုင်း ၎င်းတို့ရောက်သွားသည့် ကျေးရွာများတွင် စရဖ သို့မဟုတ် ၎င်းတို့ တာဝန်ပေးထားသူတဦး ရှိနေ ကြောင်း၊ ထိုသူက ရွာကို ကိစ္စအမျိုးမျိုးနှင့် ရောက်လာသူများ၏ အချက်အလက် မှန်သမျှ ကျေးရွာ ရုံးထံမှ ရယူပြီး ဆက်သွယ်ရေး စက်တလုံးဖြင့် ပုံမှန်သတင်းပေးနေသည်ကို မြင်ရကြောင်း ပြောသည်။
ထို့အပြင် မြို့အ၀င်အထွက် ဂိတ်များနှင့် ကားလမ်းပေါ်တွင် နေရာချထားသည့် စစ်ဆေးရေးများက ကားပေါ်တွင် နိုင်ငံခြားသားများ ပါမပါ၊ ပါလာပါက သက်ဆိုင်ရာ စစ်ဒေသက ထုတ်ပေးထားသည့် ရောက်ရှိရာ နေရာကို ၀င်ရောက်ခွင့် ခရီးသွားလက်မှတ် ရှိမရှိ စစ်ဆေးနေကြောင်း၊ မြန်မာနိုင်ငံ သားများကိုမူ မှတ်ပုံတင်စစ်ဆေးပြီး လာရောက်ခြင်းကိစ္စ၊ အလှူပစ္စည်း သွားပေးမည်ဆိုပါက သွားပေးမည့် နေရာအတိအကျနှင့် အလှူပစ္စည်းစာရင်းများကို တောင်းယူကြောင်း သိရသည်။
ပြည်ပအခြေစိုက် ရေဒီယို အသံလွှင့်ဌာနများနှင့် ဒီဗွီဘီ ရုပ်သံဌာနတို့မှ ဧရာဝတီတိုင်း သတင်း အချက်အလက်မှန်များ ထွက်ပေါ်နေ၍ နအဖစစ်အစိုးရက ယခုကဲ့သို့ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ပြည်တွင်း သတင်းမီဒီယာသမားများက သုံးသပ်ပြောဆိုသည်။
စစ်အစိုးရပိုင် နေ့စဉ်ထုတ် သတင်းစာ နောက်ကျောဖုံး၌လည်း ပြည်တွင်းပြည်ပ ဆန့်ကျင်ဘက် များနှင့် မသမာသူများက လုပ်ကြံသတင်း ဗီဒီယိုများ ရိုက်ကူးပြီး ပြည်ပသတင်းဌာနများသို့ ပေးပို့နေကြောင်း စွပ်စွဲရေးသားထားသည်။ ။
Rest of your post
Posted by
54freedom
at
12:10 AM
0
comments
Labels: ပြည်တွင်း သတင်းများ
နိုင်ငံတကာကလေးအလုပ်သမားများ ပပျောက်ရေး ပူးပေါင်းဆောင်ရွက်ရန်လို
နိုင်ငံတကာ ကလေးအလုပ်သမားများ ပပျောက်ရေးကိစ္စတွင် ကုလသမဂ္ဂ၊ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်၊ သက်ဆိုင်ရာ အစိုးရအသီးသီးနှင့် နိုင်ငံသားများ နည်းမှန်လမ်းမှန် ပူးပေါင်းဆောင်ရွက် မှသာ ဖြေရှင်းနိုင်မည်ဟု မြန်မာပြည်သူများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) က ပြောသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မဲဆောက်အခြေစိုက် မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် အဆိုပါအဖွဲ့၏ တာဝန်ခံ ကိုမိုးကြိုးက ပြောကြားခြင်းဖြစ်ပြီး “မဲဆောက်ဒေသအတွင်းမှာ တရားဝင် စက်ရုံ အလုပ်ရုံပေါင်း (၂၈၀) ရှိတဲ့အထဲမှာ ကလေးအလုပ်သမားဟာ တရုံမှာ ပျမ်းမျှ (၅၀) ခန့်ရှိတယ်” ဟုဆိုသည်။
မဲဆောက်ဒေသနှင့် ပတ်ဝန်းကျင်အတွင်း အလုပ်သမား (၅) ဦးတွင် ကလေးအလုပ်သမား (၁) ဦး ပါရှိပြီး စိုက်ပျိုးရေးခွင်များတွင် နေ့စားလုပ်ကိုင်ပါက လူကြီး ဘတ်ငွေ (၆၀) မှ (၇၀) အတွင်း ရရှိကြကာ ကလေးအလုပ်သမားများမှာ ဘတ် (၄၀) ခန့်သာ ရရှိသည်။
မဲဆောက်ဒေသအတွင်းရှိ စက်ရုံအလုပ်ရုံများတွင် မြန်မာအလုပ်သမား (၁) သိန်းခန့် အလုပ်လုပ် ကိုင်လျက်ရှိပြီး ကလေးအလုပ်သမားများကို အစမ်းခန့်ဟုဆိုကာ ထမင်းကြွေး အလုပ်ခိုင်းပြီး တလလျှင် ဘတ် (၅၀၀) ထက် မပိုသည့် လုပ်အားခကိုသာ ပေးသည်ဟု JACBA ၏ စစ်တမ်းတွင် ဖော်ပြောသည်။
ထောင်နှင့်ချီသည့် ကလေးအလုပ်သမားများ မဲဆောက်မြို့ရှိ ဈေးဆိုင်၊ စားသောက်ဆိုင်များတွင် လုပ်ကိုင်လျက်ရှိကြပြီး တလလျှင် စရိတ်ငြိမ်း မြန်မာငွေ (၁၅,၀၀၀) ထက် မပိုသည့် လုပ်အားခ သာ ရရှိကြသည်။
မဲဆောက်ဈေး လက်ဖက်ရည်ဆိုင်မှ (၁၃) နှစ်သား မြန်မာစားပွဲထိုးတဦးက “မော်လမြိုင်မှာထက် လုပ်အားခကောင်းလို့ မဲဆောက်မှာ လာလုပ်တယ်၊ ထိုင်းစကား မတတ်တော့ တခြားနေရာမှာ အလုပ်ဝင်ဖို့ မလွယ်ဘူး၊ ဒါကြောင့် ဒီမှာပဲ ၀င်လုပ်တာ။ ကျနော့်ညီမက အသက် (၁၁) နှစ် သူ့ကို တော့ တလ (၁၀,၀၀၀) ပေးတယ်။ ကျနော်ကတော့ (၁၅,၀၀၀) ရတယ်” ဟု ပြောသည်။
ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) က လာမည့် သက္ကရာဇ် ၂၀၁၀ တွင် ကလေးအလုပ်သမား ပပျောက်ရေးအတွက် ရည်ရွယ်ထားသည့် အစီအစဉ်များရှိပြီး လက်ရှိ တကမ္ဘာလုံးတွင် ကလေး အလုပ်သမား သန်းပေါင်း (၁၆၀) ခန့် ရှိသည်ဟု စစ်တမ်းတွင် ဖော်ပြထားသည်။
ယနေ့ကျရောက်သည့် နိုင်ငံတကာကလေးအလုပ်သမားများ ပပျောက်ရေးနေ့ အခမ်းအနားများကို ထိုင်း-မြန်မာ နယ်စပ်တွင် ကျင်းပကြပြီး ကလေးအခွင့်အရေး၊ ကလေးအလုပ်သမားများဆိုင်ရာ ဟောပြောပွဲများနှင့် ပျော်ပွဲရွင်ပွဲများ ပြုလုပ်ကြသည်။ ။
Posted by
54freedom
at
12:01 AM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ


