နေသွင်
တနင်္လာနေ့၊ ဇွန်လ 09 2008 14:10 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ လွန်ခဲ့သော နှစ်ပတ်အတွင်း လပွတ္တာနှင့် ဖျာပုံမြို့နယ်အတွင်း တဦးတယောက်မျှ သေဆုံးခြင်းမရှိဟု မြန်မာပြည် လေးဘေး ကယ်ဆယ်ရေးအတွက် ဖွဲ့စည်းထားသော သုံးပွင့်ဆိုင်အဖွဲ့က သတင်း ထုတ်ပြန်သည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အာဆီယံ-မြန်မာ-ကုလသမဂ္ဂတို့ ပါဝင်သော သုံးပွင့်ဆိုင် ကယ်ဆယ်ရေး အဖွဲ့မှ အဖွဲ့ဝင် ၁ဝဝ ပါသော ရှေ့ပြေး အဖွဲ့သည် ယခုလ ၅ ရက်နေ့မှ စတင်ကာ ဧရာဝတီတိုင်းအတွင်းရှိ လပွတ္တာနှင့် ဖျာပုံမြို့နယ်များသို့ ၃ ရက်ကြာ သွားရောက် လေ့လာခဲ့ပြီးနောက် အပြန်တွင် သတင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။“လွန်ခဲ့တဲ့ ၂ ပတ်အတွင်းမှာ အသေအပျောက် တယောက်မှ မရှိပါဘူး။ ဒါပေမဲ့ အထောက်အပံ့တွေ လိုနေတယ် ဆိုတာကတော့ သိသာတဲ့ ကိစ္စပါ” ဟု ရှေ့ပြေး ကွင်းဆင်းအဖွဲ့ဝင် တဦး၏ ပြောကြားချက်ကို အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ကိုးကားထားသည်။အဖွဲ့နှင့်အတူ လိုက်ပါသွားသော သုံးပွင့်ဆိုင် ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ မလေးရှားနိုင်ငံမှ မစ္စတာ Badrul Shah bin Mohd Idris က “ကျနော်တို့ အဖွဲ့ ရောက်သွားတဲ့ ရွာတွေက ဆိုင်ကလုန်း မတိုင်ခင်ကတည်းက ဆင်းရဲတွင်း ကျနေတဲ့ ရွာတွေ ဖြစ်ပါတယ်။ အခုတော့ အားလုံး သူတို့ အိမ်တွေကို ပြန်ဆောက်တာနဲ့ပဲ အလုပ်များနေကြတယ်။ ရွာသားတွေက ပူးပေါင်းလိုစိတ် ရှိပါတယ်” ဟု ပြောသည်။ရှေ့ပြေးအဖွဲ့ နှစ်ဖွဲ့သည် မြစ်ဝကျွန်းပေါ်ဒေသရှိ အစွန်အဖျားမှ ကျေးရွာများဆီ အဓိက သွားရောက်ခဲ့ပြီး ဒေသ အာဏာပိုင်များ၊ လူမှု အသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂမှ ကွင်းဆင်း ဝန်ထမ်းများထံမှ ပူးပေါင်း ဆောင်ရွက်မှုကို အပြည်အဝ ရခဲ့သည်ဟု ဆိုသည်။ရန်ကုန်သို့ ပြန်ရောက်ပြီးနောက် ပြုလုပ်သော ရှေ့ပြေးအဖွဲ့၏ အတွေ့အကြုံနှင့် ပတ်သက်သော ၂ နာရီကြာ ရှင်းလင်းပွဲကို အာဆီယံဘက်မှ အကြီးတန်း အရာရှိဖြစ်သူ မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူ သံအမတ်ကြီး Robert H.K. Chua က ဖွင့်လှစ်ပေးပြီး အခြား သုံးပွင့်ဆိုင် ကယ်ဆယ်ရေး အဖွဲ့ဝင်များ တက်ရောက်သည်။စင်္ကာပူ သံအမတ်ကြီးက “ရှေ့ပြေးအဖွဲ့က လုပ်ဆောင်နိုင်တာတွေကတော့ သုံးပွင့်ဆိုင်အဖွဲ့က တခြား အဖွဲ့ဝင်တွေကို အောက်ခြေက အဖြစ်အပျက်၊ အခြေအနေ၊ အခက်အခဲတွေကို မျှဝေပေးနိုင်တာပါ။ အာဆီယံ၊ ကုလသမဂ္ဂ၊ မြန်မာအစိုးရတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကနေ ရှေ့ဆက် ကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။သုံးပွင့်ဆိုင်အဖွဲ့မှ ၂၅ဝ ဦး ပါဝင်သော နောက်ထပ် အဖွဲ့တဖွဲ့ကို ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ မုန်တိုင်းသင့် ဒေသများသို့ ယနေ့မှ စတင်ကာ စေလွှတ်ရန် ရှိနေသည်။အဖွဲ့တွင် မြန်မာ၊ အာဆီယံ၊ ကုလသမဂ္ဂ၊ နိုင်ငံတကာနှင့် ဒေသတွင်းမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ တသီးပုဂ္ဂလများ၊ အာရှ ဖွံ့ဖြိုးရေး ဘဏ်နှင့် ကမ္ဘာ့ဘဏ်မှ ဝန်ထမ်းများလည်း ပါဝင်မည် ဖြစ်သည်။ သုံးပွင့်ဆိုင် ကယ်ဆယ်ရေး အဖွဲ့မှ အဖွဲ့ဝင်များသည် မြစ်ဝကျွန်းပေါ် ဒေသမှ အခြေအနေကို လာမည့် ၂ ပတ်အတွင်း အချက်အလက်များ စုဆောင်းကြမည် ဖြစ်သည်။မြန်မာ စစ်အစိုးရဘက်ကလည်း အဖွဲ့၏ လုပ်ငန်းများအတွက် လိုအပ်သော သယ်ယူပို့ဆောင်ရေး ယာဉ်များကို အထောက်အပံ့ ပေးသည်ဟု ဆိုသည်။ ကား ၂၅ စီး၊ လှေ အစီး ၂ဝ၊ ဖုန်း အလုံး ၇ဝ၊ ဒေသ ပူးပေါင်း ဆောင်ရွက်ရေး တာဝန်ခံ ၅ ဦး၊ မြို့နယ် ၃ဝ တွင် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဒေသကော်မတီများ ဖွဲ့စည်းခြင်းကို မြန်မာဘက်က လုပ်ဆောင်ပေးသည်ဟု ဆိုသည်။ဤအတောအတွင်း ပြင်သစ်မှ ဘိုကလေးနှင့် လပွတ္တာမြို့နယ် အတွင်းမှ ဒုက္ခသည်များအတွက် လှူဒါန်းသော အထောက်အပံ့ ပစ္စည်းများသည် ထိုင်းနိုင်ငံမှတဆင့် ရန်ကုန် ဆိပ်ကမ်းသို့ ကြာသပတေးနေ့က ရောက်ရှိသွားသည်။တန်ချိန် ၁ သောင်းပါသော ကယ်ဆယ်ရေး ပစ္စည်းများတွင် အစားအစာ၊ ခြင်ထောင်၊ ဆေးဝါးနှင့် အခြေခံ ထောက်ပံ့ရေး ပစ္စည်းများ ပါဝင်ပြီး ကုလသမဂ္ဂ အေဂျင်စီဖြစ်သော ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်မှတဆင့် မြစ်ဝကျွန်းပေါ် ဒေသသို့ ပေးပို့ခဲ့သည်။
Rest of your post
Monday, June 9, 2008
နှစ်ပတ်အတွင်း တယောက်မှ မသေခဲ့ဟု သုံးပွင့်ဆိုင်ထုတ်ပြန်
Posted by
54freedom
at
10:09 PM
0
comments
Labels: ပြည်တွင်း သတင်းများ
မုန်တိုင်းသင့်ဦးရေ၏ (၈) ရာနှုန်းသာ နိုင်ငံတကာကြက်ခြေနီ လခြမ်းနီ အကူအညီရ
NEJ/ ၉ ဇွန် ၂၀၀၈
ဇွန်လ (၂) ရက်ထိ နိုင်ငံတကာ ကြက်ခြေနီ လခြမ်းနီအဖွဲ့မှ ပေးသည့် အကူအညီရသူ မုန်တိုင်း သင့်ဦးရေမှာ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတွင် စုစုပေါင်း (၂) သိန်းနီးပါးရှိသည်ဟု နိုင်ငံတကာ ကြက်ခြေနီ လခြမ်းနီအဖွဲ့က ထုတ်ပြန်ထားသည်။ သို့သော် နိုင်ငံတကာ ကြက်ခြေနီလခြမ်းနီအဖွဲ့မှ ပေးသည့် အကူအညီရသူဦးရေမှာ မြန်မာနိုင်ငံရှိ မုန်တိုင်းသင့်ဦးရေ (၂.၄) သန်း၏ (၈) ရာနှုန်း သာရှိသည်။
နိုင်ငံတကာ ကြက်ခြေနီ လခြမ်းနီအဖွဲ့မှပေးသည့် အကူအညီမှာ ရေနှင့် ရေဆိုးနုတ်ဆိုင်ရာ အကူအညီ၊ အစားအစာ၊ ကျန်းမာရေး၊ အမိုးအကာနှင့် အခြားလူသုံးပစ္စည်း စသည့် အကူအညီများ ဖြစ်သည်။
Posted by
54freedom
at
10:02 PM
0
comments
Labels: ပြည်တွင်း သတင်းများ
နိုင်ငံတကာအကူအညီ ကုမ္ပဏီများ အမြတ်ထုတ်
အလားတူ ဘိုကလေးမြို့နယ်အတွင်း ရောက်ရှိခဲ့သူတဦးက German Federal Agency မှ လှူဒါန်း ထားသည့် Mobile Purify ရေသန့်စက်ကို မြင်တွေ့ခဲ့ရကြောင်း၊ အဆိုပါ ရေသန့်စက်များ၊ ရေစစ် ကန်များ အပေါ်၌လည်း H လိုဂိုနှင့် ထူးထရေးဒင်းကုမ္ပဏီ အမှတ်အသားကို မြင်တွေ့ရကြောင်း၊ ရေသန့်စက် ကိုင်တွယ်သူသည်လည်း ထူးထရေးဒင်းက ၀န်ထမ်းဖြစ်နေကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် အဆိုပါရေသန့်စက် လှူဒါန်းသူသည် ထူးထရေးဒင်းကဟု ထင်မြင်ယူဆ သွားနိုင်ကြောင်း ပြောသည်။
နိုင်ငံတကာက ပေးအပ်သည့် အကူအညီများတွင် ပစ္စည်းများနှင့် လေဘေးသင့်ဒေသသို့ သွားရောက်ကူညီမည့် ကျွမ်းကျင်ဝန်ထမ်းများ ပါဝင်သော်လည်း စစ်အစိုးရက ပစ္စည်းကိုသာ လက်ခံပြီး နိုင်ငံခြားသား ကျွမ်းကျင်သူများကို လေဘေးသင့်ဒေသသို့ သွားခွင့်မပြုသည့်အတွက် ရန်ကုန်၌ပင် လွှဲပြောင်းပေးရသည်။
ထိုသို့လွှဲပြောင်း ပေးသည်ကို စစ်အစိုးရနှင့် နီးစပ်သည့် လေဘေးသင့်ဒေသများတွင် ပြန်လည်တည်ဆောက်ရေး ကန်ထရိုက်လုပ်ငန်းများ လုပ်ဆောင်ခွင့်ရထားသော ဧရာရွှေဝါ၊ ထူးထရေးဒင်း၊ ရွှေသံလွင်၊ တက်လမ်း၊ အာရုံဦး စသည့် ကုမ္ပဏီများက လွှဲပြောင်းရယူခဲ့ကြသည့်အတွက် ယခုကဲ့သို့ ၎င်းတို့ လှူဒါန်းသကဲ့သို့ အမြတ်ထုတ်နိုင်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့မှ ပုဂ္ဂလိက လေဘေး ကယ်ဆယ်ကူညီရေး ဆောင်ရွက်နေသူတဦးက ပြောသည်။
မြန်မာစစ်အစိုးရ၏ မေ (၁၈) ရက်ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ (၂) တွင် အင်္ဂလန်နိုင်ငံ Rotary Club က လှူဒါန်းထားသည့် Shelter Box များ ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသည်ကို “ဧရာရွှေဝါ၊ ထူး၊ ရွှေသံလွင်နှင့် အက်စ်ပီအေ ကုမ္ပဏီတို့၏ ဗြိတိန်နိုင်ငံမှ ၀ယ်ယူထားသော ထောက်ပံ့ရေးပစ္စည်းများ ရောက်ရှိ” ဆိုသည့် ခေါင်းစဉ်တပ်ပြီး Shelter Box အလုံး (၁,၀၅၀)၊ စုစုပေါင်း (၅၅) တန် ရောက်ရှိကြောင်း ရေးသားဖော်ပြခဲ့ကြောင်း အဆိုပါ လေဘေးကူညီ ဆောင်ရွက်သူက ပြောသည်။
ယင်းမတိုင်ခင်ကလည်း နိုင်ငံတကာမှ အလှူပစ္စည်းများကို နအဖ ဗိုလ်ချုပ်ကြီးများ နာမည်စာတန်း ရေးထိုးခဲ့သဖြင့် မီဒီယာများက ထုတ်ဖော်ရေးသားခဲ့သည်။
Posted by
54freedom
at
9:52 PM
0
comments
Labels: ပြည်တွင်း သတင်းများ
မုန်တိုင်းသတင်းများ အကြီးအကျယ် ဖြတ်တောက်
ပြည်တွင်းသို့ တရားဝင်လမ်းကြောင်းမှ တင်သွင်း သည့် Time, News Week, The Economist မဂ္ဂဇင်းနှင့် အခြားမဂ္ဂဇင်း၊ သတင်းစာများ၌ပါဝင်သည့် နာဂစ်မုန်တိုင်းဆိုင်ရာ သတင်းနှင့် သတင်းဆောင်းပါးများကို ဖြတ်တောက် ဆုတ်ဖြဲခြင်းဖြစ်ကြောင်း အင်းဝစာအုပ်တိုက်မှ ပုံမှန်ဝယ်ယူ ဖတ်ရှုနေသူတဦးက ပြောသည်။
၎င်းက “နမူနာ ဆိုပါတော့ဗျာ။ မေလ (၁၀-၁၆) ရက်အတွက် ထုတ်တဲ့ အီကောနောမစ် မဂ္ဂဇင်း ဆိုရင် Myanmar's misery ခေါင်းစဉ် ဧရာဝတီ တိုင်းက ရေလွှမ်းနေတဲ့ ကျေးရွာမျက်နှာဖုံးနဲ့။ ဒါပေမယ့် အထဲမှာ မာတိကာ စာမျက်နှာတောင် မပါဘူး၊ ဆုတ်ထားတာ၊ စာမျက်နှာ (၁) ကနေ (၈) အထိ၊ စာမျက်နှာ (၁၀) ကနေ (၁၂) အထိ၊ စာမျက်နှာ (၃၄) ကနေ (၃၇) အထိ ဆုတ်ဖြဲထားတယ်။ စုစုပေါင်း (၁၅) မျက်နှာ ဆုတ်ဖြဲထားပြီး မြန်မာပြည်အကြောင်းဆို တစွန်းတစမှ မပါဘူး။ ကျနော်က (၃) လကို (၃၆,၀၀၀) ကျပ် ပေးပြီး ဖတ်ရတာ။ ဘယ်အဓိပ္ပာယ်ရှိတော့မလဲ။ အင်းဝတိုက်က ၀န်ထမ်းကို မေးတော့ စာပေစိစစ်ရေးကို တင်ပြရတယ်။ စာပေစိစစ်ရေးက ဆုတ်ဆိုတာတွေကို ဆုတ်ဖြဲပြီးမှ ဖြန့်ဝေပေးရတယ်လို့ ပြော တယ်” ဟု ဆိုသည်။
ထို့အပြင် စာပေစိစစ်ရေးက မေ(၂၆) ရက်ထုတ် တိုင်းမ်မဂ္ဂဇင်း စာမျက်နှာ (၂၃) မှ (၃၀) အထိ၊ ဇွန်(၂) ရက်ထုတ် တိုင်းမ်မဂ္ဂဇင်း စာမျက်နှာ (၃) မှ (၆) အထိ၊ (၈) မှ (၁၁) အထိ၊ မေ (၂၄-၃၀) ရက်ထုတ် အီကောနောမစ်မဂ္ဂဇင်း စာမျက်နှာ (၁၅) မှ (၂၁) အထိ၊ စာမျက်နှာ (၃၅) မှ (၃၈) အထိ ဆုတ်ဖြဲထားကြောင်း ၎င်းက ပြောသည်။
အခြား မဂ္ဂဇင်းနှင့် သတင်းစာများ၌လည်း မြန်မာနိုင်ငံနှင့် နာဂစ်မုန်တိုင်းအကြောင်း ဖော်ပြထား သမျှ အကုန်လုံး ဆုတ်ဖြဲပြီးမှ ဖြန့်ဝေ ရောင်းချနေကြောင်း သိရသည်။
နအဖစစ်အစိုးရက ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ရာ ဧရာဝတီတိုင်းကို သတင်းအမှောင် ချထားပြီး နိုင်ငံခြားသား သတင်းထောက်များ ၀င်ရောက်ခွင့်ကိုလည်း လုံးဝပိတ်ပင်ထားသည်။ ထိုသို့ တင်းကြပ်မှုများ မပြုလုပ်ခင်က နိုင်ငံခြားသား သတင်းထောက်များ ဧရာဝတီတိုင်းအတွင်း လေဘေးဒဏ်သင့်သည့် ဒေသအချို့သို့ သွားရောက်ပြီး သတင်းယူနိုင်ခဲ့ကြသည်။
ယခုနောက်ပိုင်း ဧရာဝတီတိုင်းနှင့် ပတ်သက်၍ သတင်းယူခွင့် ပိတ်ပင်ထားရုံမက လေဘေးနှင့် ပတ်သက်ပြီး ရေးသားဖော်ပြသည့် နိုင်ငံခြားထုတ် သတင်းစာ၊ မဂ္ဂဇင်းများကိုလည်း ယခုကဲ့သို့ ဆုတ်ဖြဲပစ်ပြီးမှ ဖြန့်ဝေရောင်းချနေကြောင်းသိရသည်။
ရန်ကုန်မြို့ စာပေစိစစ်ရေးဌာန ညွှန်ကြားရေးမှူး အငြိမ်းစား ဗိုလ်မှူးတင့်ဆွေက လျှပ်တပြက် ဂျာနယ်နှင့် မြန်မာတိုင်းမ် ဂျာနယ်တို့တွင် ဖော်ပြသည့် ၎င်း၏ “ဧရာဝတီအတွက် မနက်ဖန်” ဆိုသည့် ဆောင်းပါးတွင် မြန်မာနိုင်ငံထဲ၌ တကယ်ဖြစ်ပျက်နေသည်များကို မျက်ကွယ်ပြုပြီး ပြင်ပ ရေဒီယို၊ အင်တာနက်၊ ရုပ်သံနှင့် ပုံနှိပ်မီဒီယာ အသီးသီးက အမနာပ ပြောဆိုရေးသား ထုတ်လွှင့်နေမှုများသည် ၀မ်းနည်းစရာ စိတ်မကောင်းစရာ ဖြစ်ကြောင်း၊ အပျက်သဘော မေးခွန်းပေါင်းများစွာနှင့် မဟုတ်မဟတ် လုပ်ဇာတ်ခင်းနေကြကြောင်း ရေးသားခဲ့သည်။
ဇွန် (၆) ရက်ထုတ် စစ်အစိုးရပိုင် သတင်းစာများ၌လည်း မသမာသူများသည် ဧရာဝတီတိုင်း၊ လပွတ္တာနှင့် ဘိုကလေးဘက်တို့ သွားရောက်ပြီး လုပ်ဇာတ်ဆင် ဗီဒီယိုများ ရိုက်ကူးကာ ပြည်ပ သတင်းဌာနများသို့ ပေးပို့ ထုတ်လွှင့်လျက် ရှိနေကြောင်း စွပ်စွဲရေးသားဖော်ပြခဲ့သည်။ ။
Rest of your post
Posted by
54freedom
at
9:40 PM
0
comments
Labels: ပြည်တွင်း သတင်းများ
Sunday, June 8, 2008
ဆိုင်ကလုံးနာဂစ် ပြန်လည် တည်ဆောက်ရေးရဲ့ မမြင်ရတဲ့ အဖိုးအခများ
လာရီဂျေဂင်
သောကြာနေ့၊ ဇွန်လ 06 2008 22:23 - မြန်မာစံတော်ချိန်
ဘန်ကောက်။ ။ ကြောက်မက်ဘွယ် ဆိုင်ကလုံးမုန်တိုင်းကြီး ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို ဝင်ရောက်မွှေနှောက် တိုက်ခတ် သွားခဲ့သည်မှာ ၁ လ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ၁ သန်းကျော်မျှသော မုန်တိုင်း ဒုက္ခသည်များမှာ ယခုထိ နည်းနည်းမျှ မရသေးသူနှင့် နည်းနည်းပါးပါးသာ ရသေးသူ တို့သာ ဖြစ်နေဆဲပင် ရှိသည် ဟု မြန်မာနိုင်ငံတွေင် လုပ်ကိုင်နေသော ကယ်ဆယ်ရေး အေဂျင်စီများက ပြောကြားကြပါသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နိုင်ငံတကာ အသိုင်းအဝိုင်းက အကြီးအကျယ် ကူညီရန် အသင့်ပြင်ထားခဲ့သော်လည်း စစ်အစိုးရကမူ နိုင်ငံတကာ အကူအညီ ပေးရေး လုပ်သားများနှင့် သဘာဝ ကပ်ဘေးအန္တရာယ် ကျွမ်းကျင်သူများ နိုင်ငံတွင်း ဝင်ရောက်ခွင့်ကို တားဆီး ပိတ်ပင်နေဆဲ ရှိသေးသည်။ လက်ဆုပ်စာကိုသာ မြစ်ဝကျွန်းပေါ် အောက်ပိုင်းဒေသ မုန်တိုင်းဒဏ် ဆိုးဆိုးဝါးဝါး ခံခဲ့ရသော ဒေသများသို့ ဝင်ရောက်ခွင့် ပြုခဲ့သည်။ စစ်အစိုးရသည် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများနှင့် ပူးပေါင်း ဆောင်ရွက်ပါမည် ဟူသော သူ့ကတိကို ချိုးဖျက်၍ လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း ၎င်းတို့၏ လုပ်ငန်း ဆောင်ရွက်မှုများကို ကန့်သတ်မှုများ ပြုလုပ်တော့မည်ဟု မြန်မာစစ်တပ်၏ ယုံကြည် စိတ်ချရသော သတင်းရပ်ကွက်၏ အဆိုအရ သိရသည်။ “အမေရိကန်နဲ့ နိုင်ငံတကာ အန်ဂျီအို (INGOs) တွေက ငါတို့ နိုင်ငံကို ကျွန်လုပ်ချင်နေတာ။ ငါတို့ ပြည်သူတွေကို ကူညီချင်တာ မဟုတ်ဘူး” ဟု ဗိုလ်ချုပ်ကြီး မောင်အေးက ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ တာဝန်ယူ လုပ်ဆောင်နေသည့် ဝန်ကြီးများအား ယခု ရက်သတ္တပတ် အစောပိုင်းက ပြောကြားခဲ့သည်ဟု ဆိုသည်။ ဒေသခံ ရပ်ကျိုးရွာကျိုး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများကိုလည်း အလှူရှင်များ၏ ကျေးကျွန်များအဖြစ် မြင်နေကာ သူတို့ကိုလည်း ပစ်မှတ်ထား စောင့်ကြည့် နေသည်ဟု အဆိုပါ သတင်း ရပ်ကွက်ကပင် ဆက်လက် ပြောကြားသွားသည်။ မြစ်ဝကျွန်းပေါ် ဒေသရှိ အကူအညီ အပူတပြင်း အရေးတကြီး လိုအပ်နေသော ဒုက္ခသည်များကို ဝင်ရောက် အကူအညီပေးရန် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများ အားလုံးက အသည်းအသန် ကြိုးပန်းနေရချိန်၌ ဒေသခံ မြန်မာ စေတနာရှင်များက မိမိတို့ဖာသာပင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေကြရသည်။ သုံးပတ် ကျော်ကြာမျှ ရေသန့်နှင့် အစားအစာ ဘာမျှ မရခဲ့သည့် ကျေးရွာသားများထံ သူတို့၏ အကူအညီများ စတင် ရောက်ရှိနေကြပြီ ဖြစ်သည်။ သို့သော် ယခုအခါ သူတို့ကိုလည်း မြန်မာ စစ်အာဏာပိုင်များက အမြင်မကြည်လင်တော့။ ထိုသို့ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် အဓိက ပုဂ္ဂိုလ်တဦး ဖြစ်သော ရုပ်ရှင်ဒါရိုက်တာနှင့် ဟာသ သရုပ်ဆောင် ဇာဂနာကို ယခု ရက်သတ္တပတ် အစောပိုင်းက ထိန်းသိမ်းလိုက်သည်။ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးက သတိကြီးစွာ ထား၍ အကောင်းမြင်ပါသည်ဟု လူသိရှင်ကြား ပြောဆိုနေသော်လည်း ဆိုင်ကလုံး မုန်တိုင်းက ဖျက်ဆီးခဲ့သော အပျက်အစီးများမှ မြန်မာနိုင်ငံ ပြန်လည် နာလန်ထလာနိုင်ရေး အတွက် ပေါ်ပေါက် လာတော့မည့် ပြဿနာကြီးများကို ကိုင်တွယ် ဖြေရှင်းရန် လိုသည်ဟု နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများ နှင့် လူ့အခွင့်အရေး အုပ်စုများက သတိပေးလိုက်ကြသည်။ မုန်တိုင်း ဒုက္ခသည်များ၏ စိတ်ဒဏ်ရာနှင့် ပရိဒေဝ သောကများသည် မြန်မာနိုင်ငံ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွင် အဓိက အဟန့်အတားများ ဖြစ်လာဘွယ် ရှိသည်ဟု ဥရောပ အခြေစိုက် နယ်စည်းမထား ဆရာဝန်များ အဖွဲ့ (MSF) ကပြောဆိုလိုက်ပြီး၊ ယူကေ အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ ဖြစ်သည့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) ကမူ တိုးပွါးလာနေသော လူ့အခွင့်အရေး ချိုးဖောက်မှု တိုင်တန်းချက်များကြောင့် စိုးရိမ် ပူပန်မိသည်ဟု ဆိုလိုက်သည်။ သူတို့ ခိုလှုံရာ နေရာများမှ အတင်းအကြပ် မောင်းထုတ်ခြင်း၊ နေရာ ရွှေ့ပြောင်းခိုင်းခြင်း၊ အဓမ္မ လုပ်အားပေး ခိုင်းစေခြင်း၊ အတင်းအကြပ် စစ်တပ်ထဲ ဝင်စေခြင်း၊ လူကုန်ကူးခြင်း နှင့် လယ်မြေများ အဓမ္မ သိမ်းပိုက်ခြင်း စသည်တို့က မြန်မာနိုင်ငံ ပြန်လည် တည်ဆောက်ရေး ကြိုးပန်းမှုများအား အတားအဆီး အနှောင့်အယှက် ဖြစ်စေမည်ကို စိုးရိမ်ကြောင်း ပြောဆိုကြသည်။ ဤကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်နေသူ အားလုံးအတွက် အဓိက ပြဿနာမှာ မြစ်ဝကျွန်းပေါ် ဒေသသို့ ဝင်ရောက်ခွင့် ရရှိရေး ဖြစ်သည်။ “ညှိနှိုင်း အစည်းအဝေးတွေမှာ လူတွေတော့ အများကြီး တွေ့နေရတာဘဲ။ ဒါပေမဲ့ အဖွဲ့အစည်းတွေတော့ အများကြီး မတွေ့ရဘူး” ဟု (MSF) ၏ မြန်မာနိုင်ငံတွင်း လုပ်ငန်းများဆိုင်ရာ အကြီးအကဲ (Frank Smithuis) က မဇ္ဈိမကို ပြောကြားသွားပါသည်။ ယခုအခါ သူတို့၏ နိုင်ငံတကာဝန်ထမ်း ၂ဝ ကျော်ကို မြစ်ဝကျွန်းပေါ် ဒေသသို့ အရောက် ပို့နိုင်ခဲ့ပြီ ဖြစ်ပြီး မြန်မာဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးလုပ်သား ၂၅ဝ ခန့်နှင့်အတူ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသမှ မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသော ဒေသများတွင် လုပ်ငန်းများ လုပ်ဆောင်လျက် ရှိနေပြီဟု ဆိုသည်။ “နေ့တိုင်းဘဲ ကျနော်တို့ အဖွဲ့သားတွေ မုန်တိုင်း တိုက်ပြီးကတဲက ဘာအကူအညီမှ မရသေးပါဘူးလို့ ပြောတဲ့ ရွာသားတွေနဲ့ တွေ့နေရတယ်။ လုံလုံလောက်လောက် ပြည့်ပြည့်စုံစုံတော့ ဘာမှ မလုပ်နိုင်သေးပါဘူး။ ခုထိ အရေးပေါ် အခြေအနေ အဆင့်မှာဘဲ ရှိနေပါသေးတယ်” ဟု သူက ဆက်လက် ပြောကြားသွားသည်။ အမေရိကန် အခြေစိုက် (World Vision) နှင့် သြစတြေလျ အခြေစိုက် (CARE) တို့ အပါအဝင် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ အတော် များများသည် မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသော ဒေသများတွင် သူတို့၏ နိုင်ငံတကာ ဝန်ထမ်းများကို စေလွှတ် ချထားနိုင်ခဲ့ပြီး ဖြစ်သည်။ အခြား ဝေးလံ ခေါင်သီလှသည့် မြစ်ဝကျွန်းပေါ် ဒေသတနေရာသို့ (CARE) အဖွဲ့ သွားရောက်ခဲ့ရာ ကျေးရွာသားများက “ကျနော်တို့ ဝမ်းစာစပါးတွေလဲ အကုန် ပျက်စီးသွားပြီ။ အုန်းသီးတွေ ကောက်စားနေရတယ်၊ ရေစိုဆန်အောက်တွေ စားပြီး အသက်ရှင်နေရတယ်” ဟု သူတို့ကို ပြောကြားခဲ့ကြသည်။ ဤအကြောင်းကို သတင်းထောက်များအား (CARE) အဖွဲ့ကြီး၏ အရေးပေါ် တုံ့ပြန် ဆောင်ရွက်ပေးရေး ညွှန်ကြားရေးမှူး ဂျွန်မစ်ချဲလ် (Jon Mitchell) က ဤကျေးရွာသို့ ယခု ရက်သတ္တပတ် အစောပိုင်းက သွားရောက် လေ့လာအပြီး ပြောကြားခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးက သူတို့၏ နိုင်ငံတကာ ဝန်ထမ်း ၂ဝ ခန့်ကို မြစ်ဝကျွန်းပေါ် ဒေသသို့ စေလွှတ်နိုင်ခဲ့ပြီ ဖြစ်သော်လည်း ထိုဒေသတွင် ကြာရှည်နေခွင့် မရသေးဟု ဆိုသည်။ “မြစ်ဝကျွန်းပေါ် ဒေသကို အရောက်သွားရရေးဟာ စိန်ခေါ်မှုကြီး တရပ်ဖြစ်ဆဲပါဘဲ” ဟု ပေါလ်ရစ်စလေ (Paul Risley) က ယခု ရက်သတ္တပတ် အစောပိုင်းက ကျင်းပခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။ “လွန်ခဲ့တဲ့ ၂ ပတ်က မစ္စတာ ဘန်ကီမွန်းနဲ့ သန်းရွှေတို့ တွေ့ပြီးကတဲက မြစ်ဝကျွန်းပေါ် ဒေသကို သွားခွင့်ရရေးဟာ သိသိသာသာ တိုးတက်မှု ရှိလာခဲ့ပါတယ်။ ခရီးသွားခွင့် ခွင့်ပြုမိန့် ရရေးအတွက် နှေးကွေး လေးလံလှတဲ့ ဗျူရိုကရက် ဆန်သည့် လုပ်ထုံးလုပ်နည်းများကို အဆင်ပြေ ချောမွေ့အောင် လုပ်နိုင်ခဲ့ပါသည်” ဟု လူသားချင်း စာနာမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်း ဆောင်ရွက်ရေးရုံး (UNOCHA) ၏ ပြောရေးဆိုခွင့်ရှိသူ ရစ်ချတ်ဟော်ဆေး (Richard Horsey) က ပြောဆိုလိုက်ပါသည်။ မြစ်ဝကျွန်းပေါ် ဒေသသို့ သူတို့၏ နိုင်ငံတကာ ဝန်ထမ်းများ စေလွှတ်နိုင်ရေးအတွက် ကုလသမဂ္ဂ အနေဖြင့် ယခုအထိ ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်သော်လည်း သူတို့ကို ကြီးမားစွာ ကန့်သတ် တားဆီးမှုများ လုပ်သည်ကို ခံနေရဆဲ ရှိသည်။ သူတို့ သွားလေရာ အစိုးရက ထည့်ပေးသည့် အစောင့်အရှောက်များ ပါနေသည်။ ကယ်ဆယ်ရေး လုပ်ငန်းတွင် သွားလိုရာ ဒေသသို့ အရောက်သွားခွင့် ရရေးသည် အဓိက ပြဿနာ ဖြစ်မြဲပင် ရှိသေးသည်။ ဤပြဿနာကို အာဆီယံ၊ ကုလသမဂ္ဂ၊ မြန်မာအစိုးရတို့၏ အကြီးတန်း ကိုယ်စားလှယ် ၉ ဦး ပါဝင်သည့် သုံးပွင့်ဆိုင် အစည်းအဝေးတွင် တင်ပြ ဆွေးနွေးခဲ့သည်။ မေလ (၃၁) ရက်နေ့ စနေနေ့တွင် တကြိမ်၊ ဇွန်လ (၂) ရက်နေ့ တနင်္လာနေ့တွင် တကြိမ် စုစုပေါင်း ၂ ကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။ ကယ်ဆယ်ရေး လုပ်ငန်းကို ထိထိရောက်ရောက် လုပ်နိုင်ရန် ကုလဝန်ထမ်းများ မြစ်ဝကျွန်းပေါ် ဒေသတွင် ကြာရှည်စွာ နေခွင့်ရရေးမှာ တကယ့် ပြဿနာတရပ် ဖြစ်သည်။ “နိုင်ငံတကာ ကျွမ်းကျင်သူတွေ ဆိုင်ကလုံး မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဒေသတွေကို အရောက်သွားနိုင်ဘို့ လိုတယ်။ အခုအထိတော့ တံခါးက ကျယ်ကျယ် ဖွင့်မပေးသေးဘူး” ဟု ရစ်ချတ်ဟော်ဆေး (Richard Horsey) က ပြောကြား လိုက်ပါသည်။ မြစ်ဝကျွန်းပေါ် ဒေသသို့ နိုင်ငံတကာ ဝန်ထမ်းများ သွားရောက်၍ ကြာကြာနေခွင့် ရရေးအတွက် ကုလသမဂ္ဂက ကြိုးစားလျက် ရှိသည်။ သို့သော် မြန်မာအစိုးရက မည်သို့ တုံ့ပြန်မည်ဆိုသည့် အရိပ်အယောင် တစုံတရာ မတွေ့ရသေးပါ။ ကုလသမဂ္ဂက အကောင်း မျှော်လင့်နေသော်လည်း ခွဲခြမ်းစိတ်ဖြာ သုံးသပ်သူများကမူ ယခုအခါ ကယ်ဆယ်ရေး လုပ်ငန်း၏ ပင်မ နေရာများအဖြစ် သတ်မှတ်ထားသည့် လပွတ္တာနှင့် ဘိုကလေး မြို့များသို့သာ သွားခွင့် ပေး၍ အဆိုပါ ဝန်ထမ်းတို့၏ လှုပ်ရှားမှုကို ကန့်သတ်ထားလိမ့်မည်ဟု ယုံကြည်နေကြသည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသရှိ သန်းပေါင်း များစွာသော လူတို့၏ အသက်မှာ ကုလသမဂ္ဂ၊ နိုင်ငံတကာ အေဂျင်စီများ၊ ဒေသခံ မြန်မာအုပ်စုများ၏ မုန်တိုင်းဒဏ်ခံ ဒေသများ၌ ကယ်ဆယ်ရေး လုပ်ငန်းကို ကြီးကြီးမားမား ထိထိရောက်ရောက် လုပ်ပေးနိုင်မှု အပေါ်တွင် မူတည်နေသည်။ သို့သော် အစိုးရဘက်မှ ပြသခဲ့သော လက္ခဏာများမှာမူ မကောင်းပါ။ ယခု ရက်သတ္တပတ် အစောပိုင်းက တိုင်းပြည်၏ ဒုတိယ အာဏာအရှိဆုံး ဗိုလ်ချုပ်ကြီး မောင်အေးနှင့် အခြား အဓိကကျ အရေးပါသည့် ဗိုလ်ချုပ်တယောက် ဖြစ်သော အတွင်းရေးမှူး ၁ တို့ မြစ်ဝကျွန်းပေါ် ဒေသသို့ သွားရောက် ကြည့်ရှုခဲ့ကြသည်။ ထို့နောက် ဒေသမြို့တော် ပုသိမ်တွင် ပြန်လည် တည်ဆောက်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက် ပေးနေသည့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများအား “အစိုးရက အလှူရှင်တွေဆီက အလှူငွေတွေ လက်ခံ ရယူနေတဲ့ နိုင်ငံတကာ အန်ဂျီအို (INGOs) တွေနဲ့ ဒေသခံ အဖွဲ့အစည်းတွေကို စစ်ကြေညာထားပြီ” ဟု လွန်ခဲ့သော ၂ ရက်က ပြောကြားခဲ့သည်။ မောင်အေးသည် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများအပေါ် ကြာမြင့်စွာ ကတဲကပင် သင်္ကာမကင်း ဖြစ်နေခဲ့သူ ဖြစ်သည်။ ၂ဝဝ၄ ခုနှစ် အောက်တိုဘာလတွင် စစ်ထောက်လှမ်းရေး အကြီးအကဲ ခင်ညွန့်ကို ဖမ်းဆီးခဲ့စဉ်က နိုင်ငံတကာ အန်ဂျီအိုများ၏ ဝင်ထွက်သွားလာ လှုပ်ရှားနိုင်မှု အတိုင်းအတာ အထူးသဖြင့် ရှမ်းပြည်နယ်တွင် ရရှိနေသည့် လုပ်ကိုင် ဆောင်ရွက်ခွင့်များကို တွေ့ရှိသွားပြီး အတော် တုန်လှုပ် ခြောက်ခြားသွားခဲ့သည်။ ဤတိုင်းရင်းသားများ အများစု နေထိုင်သည့် ဒေသများတွင် အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသည့် တိုင်းရင်းသား အုပ်စုများကို လက်နက် ဖြုတ်ရန် အစိုးရ၏ ကြိုးပန်းမှုများကို (INGOs) များက မတည်မငြိမ် ဖြစ်စေလိမ့်မည်ဟု သူစိုးရိမ် ထိတ်လန့်ခဲ့သည်။ “ခုလဲ ဇာဂနာ နဲ့ ကိုကျော်သူလို ဒေသခံ မြန်မာ စေတနာရှင် အဖွဲ့တွေက လုပ်နေတဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေရဲ့ အတိုင်းအတာကို ကြည့်ပြီး သူလန့်နေမှာဘဲ။ စစ်အစိုးရက လုပ်နေတာက သူတို့ လုပ်နေတာနဲ့ နှိုင်းယှဉ်လိုက်ရင် ဘာမှ အရေးမပါဘူး ဖြစ်နေတယ်” ဟု လွတ်လပ်သော မြန်မာပညာရှင် ဦးဝင်းမင်းက မဇ္ဈိမကို ပြောကြားသွားပါသည်။ အကူအညီပေးရေး အေဂျင်စီ အများအပြားက ကားများ၊ ထရပ်ကားများ၊ လှေငယ်များကို ငှါးရမ်းကာ ဆိုင်ကလုံး ဒုက္ခသည်များကို ကယ်ဆယ်ရေး ပစ္စည်းများ ဖြန့်ဝေပေးနေကြသည်။ ၎င်းတို့ထဲမှ အများအပြားမှာ ယခုထိ အရောက် မသွားနိုင်သေးသည့် ဒေသများတွင် ရှိနေသေးသည်။ ကယ်ဆယ်ရေး ပစ္စည်းများ ဖြန့်ဝေပေးပို့ရာတွင် အကူအညီ ရစေရန် ရဟတ်ယာဉ်များ သုံးဘို့ ကုလသမဂ္ဂက ကြိုးစားခဲ့သေးသည်။ သို့သော် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) အနေနှင့် သူတို့ ကိုယ်ပိုင်ရဟတ်ယာဉ် တစင်းကိုသာ သုံးခွင့်ရသေးသည်။ လွန်ခဲ့သော ၂ ပတ်ကျော်က ကွာလာလမ်ပူမြို့မှ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး ယခုအထိ လပွတ္တာမြို့သို့ နေ့စဉ်ပျံသန်း ပို့ဆောင်ပေးနေသည်။နောက်ထပ် (WFP) ၏ ရဟတ်ယဉ် ၉ စင်းမှာ ရန်ကုန်သို့ ပျံသန်းခွင့်ရရန် ထိုင်းနိုင်ငံတွင် စောင့်ဆိုင်းနေဆဲ ရှိသေးသည်။ ယင်းတို့အနက်မှ ၂ စင်းမှာ တောင်အာဖရိကနိုင်ငံမှ သြစတြေလျ ကုန်တင် လေယဉ်ဖြင့် သယ်ဆောင်လာခဲ့ခြင်း ဖြစ်ပြီး ပြန်လည် တပ်ဆင်ပြီး စောင့်နေသည်မှာ တပတ် ကျော်သွားပြီ ဖြစ်သည်။ “ကယ်ဆယ်ရေး ပစ္စည်းတွေ ဖြန့်တဲ့ လုပ်ငန်းမှာ ရဟတ်ယာဉ်တွေက မြန်မြန်ဆန်ဆန် လုပ်ပေးနိုင်မှာ သေချာပါတယ်” ဟု (Smithuis) က ပြောကြားပါသည်။ သို့သော် စစ်အစိုးရကမူ နိုင်ငံတကာ လေယာဉ်များကို မြန်မာနိုင်ငံ နယ်နိမိတ်တဝိုက် ပျံသန်းခွင့် ပေးရန် ဝန်လေးနေဆဲပင် ရှိသည်။ မြန်မာစစ်တပ်သည် ကယ်ဆယ်ရေး လုပ်ငန်းတွင် အသုံးပြုရန် မြန်မာ စစ်တပ်၏ ရဟတ်ယဉ် ၄ စင်းကိုမူ အသုံးပြုခွင့် ပေးထားသည်။ နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများ၏ အဓိက ဦးစားပေး လုပ်ငန်းမှာ သန်းနှင့်ချီရှိသည့် မုန်တိုင်းဘေးမှ လွတ်မြောက်ခဲ့သည့် ဒုက္ခသည်များထံ ကယ်ဆယ်ရေး ပစ္စည်းများ အရောက်ပို့ရေး ဖြစ်သည်။ အများစုမှာ လွန်ခဲ့သော ရက်သတ္တပတ် ၅ ပတ်လုံးလုံး အစားအစာသော် လည်းကောင်း၊ ရေသော် လည်းကောင်း မရဘဲ ရှိခဲ့သည်။ သူတို့ကို အမိုးအကာအောက်သို့ အရောက်ပို့ရန်လည်း လိုသည်။ အချို့မှာ ရေရှည် လိုအပ်ချက်များ ရှိနေကြောင်း ပြသနေသည်။ “သူတို့ အစာစားရဘို့ လိုတယ်။ အခုအတွက်ဘဲ မဟုတ်ဘူး၊ နောက်လ အတော်တော်များများ အတွက်ပါ လိုတာ။ သူတို့ စပါးပြန်စိုက်နိုင်မယ်လို့ ထင်ပါတယ်၊ ဒါပေမဲ့ မျိုးစပါး လိုတယ် လို့ ဒီလူတွေက ကျနော်တို့ကို ပြောကြတယ်။ အခု စိုက်မဲ့ စပါးတွေ အောင်မယ်ဘဲထားဦး၊ အဲဒီ စပါးတွေမပေါ်ခင် ၅ လလောက် စားဘို့က လိုသေးတယ်။ မြစ်ဝကျွန်းပေါ် အနှံ့ ကျေးရွာတွေအတွက် အစားအစာ အကူအညီတွေ ပေးဘို့ဟာ အဓိက ရေရှည် ဦးစားပေး လုပ်ငန်းပါ” ဟု (CARE) ၏ အရေးပေါ် တုံ့ပြန် ဆောင်ရွက်မှုပေးရေး ညွှန်ကြားရေးမှူး ဂျွန်မစ်ချဲလ် (Jon Mitchell) က ပြောကြား သွားပါသည်။ (MSF) အဖွဲ့ကြီးအတွက်မူ နောက်ထပ် ပို၍ကြီးမားသည့် အခြေခံ ပြဿနာ အခက်အခဲကြီး တရပ် ရှိသေးသည်။ မုန်တိုင်းဘေးမှ အသက်မသေ လွတ်မြောက်ခဲ့သူများ၏ စိတ်ကျန်းမာရေး ပြဿနာ ဖြစ်သည်။ “မြစ်ဝကျွန်းပေါ်မှာ ကျနော် တွေ့ခဲ့တဲ့ သူတိုင်း စိတ်ခြောက်ခြားမှုလွန် စိတ်ဖိစီးမှုတွေ၊ သောကတွေ၊ ပရိဒေဝမီးတွေ တောက်လောင် ခံစားနေရတာကို တွေ့ခဲ့ရတယ်” ဟု မြစ်ဝကျွန်းပေါ်တွင် ၂ ပတ်ကြာ နေထိုင်ခဲ့သည့် (MSF) ၏ စိတ်ကျန်းမာရေး အကြံပေး Kaz de Jong က ပြောကြားသွားသည်။ “သူတို့ဟာ သိသိသာသာဘဲ ကြောက်လန့်နေတယ်၊ စိုးရိမ်နေတယ်၊ ဝမ်းနည်းပူဆွေး နေကြတယ်။ ကလေးတွေက တယောက်နဲ့တယောက် ဖက်ထားကြတယ်။ မုန်တိုင်း မကျခင် နောက်ဆုံး သူတို့လက်ထဲ ရှိနေခဲ့တဲ့ အရာတွေကို တင်းတင်းကြီး ဆုပ်ထားကြတယ်” ဟု သူက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။ “သူတို့ အိပ်မရဘူး၊ အိပ်မက်ဆိုးတွေ မက်တယ်၊ ဆိုင်ကလုံး မုန်တိုင်းမတိုက်ခင် နောက်ဆုံး အချိန်လေးကို သူတို့ စိတ်တွေက ပြန်ပြန် ရောက်သွားကြတယ်၊ မုန်တိုင်းအတွင်း အသက်ဆုံးပါးသွားကြတဲ့ သူတို့ ဆွေမျိုးတွေနဲ့ နောက်ဆုံးရှိခဲ့တဲ့ အချိန်လေးကို ပြန်ပြန်မြင်နေတယ်လို့ သူတို့က ကျနော်တို့ကို ပြောပြကြတယ်” ဟု သူက မဇ္ဈိမကို ပြောကြားသွားပါသည်။ သူတို့မှာ ခွန်အားတွေလဲ ဆုံးရှုံးသွားပြီ၊ လုပ်ချင်ကိုင်ချင်စိတ်လဲ မရှိတော့ဘူး၊ ဤအချက်များသည် သူတို့ဘဝများကို ပြန်လည် တည်ဆောက်ရာတွင် အဟန့်အတား ဖြစ်စေလိမ့်မည်။ “ဒါ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေနဲ့ ကြုံရတဲ့ အခါ ပုံမှန် တုံ့ပြန်မှု တရပ်ပါဘဲ” ဟု de Jong က ပြောပါသည်။ သို့သော် ဤလူ့အသိုင်းအဝိုင်း တခုလုံး အပြည့်အဝ ပြန်လည် နာလန်ထူလာဘို့ ဆိုလျှင် ဤရောဂါကို ကုသမှ ရမည်။ မြစ်ဝကျွန်းပေါ်အနှံ့ စိတ်ပျက် အားငယ်မှုများကို တွေ့နေရသည်။ အတွေ့ရ အများဆုံးမှာ အသက်ရှင် ကျန်ရစ်ခဲ့ရသည်ကို စိတ်မသန့် ဖြစ်နေခြင်း ဖြစ်သည်။ ကလေးများက ငူငူကြီးထိုင်ပြီး မိမိတို့ မိဘများက အသက်ရှင် ကျန်မနေခဲ့ဘဲ မိမိတို့က အသက်ရှင် ကျန်နေခဲ့သလဲဟု စဉ်းစား တွေးတောနေကြသည်။ “ဘယ်ကများ ဆန်ရပါ့မလဲလို့ တွေးပြီး ကျမတို့ စိတ်ပူနေရတယ်။ ဒါပေမဲ့ စားတော့ စားရမှာဘဲ၊ စားတော့ စားချင်တာဘဲ။ မုန်တိုင်းထဲမှာ အားလုံး ဆုံးရှုံးသွားပြီ၊ ကျမက ဘာလို့ စားနေဦးမှာလဲ” ဟု အဖွားအို တဦးက (MSF) ဆရာဝန်တဦးကို ပြောပြပါသည်။ဤစိတ်ဒဏ်ရာကို ကုသရန် မြန်မာ နှစ်သိမ့်ဆွေးနွေးရေး ပညာရှင်များကို (MSF) က သင်တန်းပေးနေသည်။ သို့သော် ဤဝေဒနာသည် အားလုံးကို ကုသရမည့် အရေးမှာ အတော့်ကို ခက်ခဲသည့် လုပ်ငန်းကြီးတရပ် ဖြစ်နေသည်။ အချိန်များစွာ ယူရမည်။ သူတို့၏ နေအိမ်များ၊ သူတို့ လယ်ယာများ၊ သူတို့ ငါးကန်များကို ပြန်လည် တည်ဆောက် လုပ်ကိုင်နိုင်သည့်တိုင်အောင် ဤဆင်းရဲလှသော လူထုအတွက် ဆိုင်ကလုံး မုန်တိုင်းက ချန်ထားခဲ့သည့် စိတ်ဒဏ်ရာမှ ကျော်နင်းလွန်မြောက်နိုင်ရန်မှာ တဘဝစာလဲ ကြာချင်ကြာလိမ့်မည်။
လာရီဂျေဂင်
Rest of your post
Posted by
54freedom
at
8:53 AM
0
comments
Labels: ရင်တွင်းဖြစ် ဆောင်းပါး
ဇာဂနာ ပျောက်ဆုံးနေ
ဝိုင်းပီး
သောကြာနေ့၊ ဇွန်လ 06 2008 21:45 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ နှစ်ရက်သာ ကြာမြင့်မည်ဆိုကာ ဖမ်းဆီးသွားခဲ့သော သရုပ်ဆောင် ကိုဇာဂနာ ကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည် ကိုပင် စုံစမ်းမရဘဲ ပျောက်ဆုံးနေကြောင်း မိသားစုဝင်များနှင့် မိတ်ဆွေများက ပြောကြသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အထူးရဲသတင်း တပ်ဖွဲ့များက ဇွန် ၄ ရက်နေ့က မေးမြန်းစရာရှိသဖြင့် ခေါ်ဆောင်ခြင်း ခံရပြီးနောက် ပျောက်ဆုံးနေခြင်း ဖြစ်သည်။နာဂစ်မုန်တိုင်း လေဘေး ဒုက္ခသည်များကို အနုပညာ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ အင်တိုက်အားတိုက် ကူညီ စောင့်ရှောက်နေရင်း အဖမ်းခံရခြင်း ဖြစ်သည်။ရဲများက စမ်းချောင်းမြို့နယ်ရှိ သူ၏ နေအိမ်တွင် ဝင်ရောက် ရှာဖွေပြီး စိန်စီသောည၊ ရမ်ဘိုအပိုင်း ၄ ၊ နာဂစ်ရဲ့ ဘဝဆိုးည စသည့် ဗီစီဒီခွေများ၊ နာဂစ်မုန်တိုင်းနှင့် ပတ်သက်၍ ကလေးသူငယ်များ သီဆိုသည့် သီချင်းခွေ၊ စာရင်းစာအုပ် ၂ အုပ်နှင့် ငွေများ သိမ်းဆည်းသွားသည်။လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ အတွင်း ကိုဇာဂနာသည် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ၅ ကြိမ်မြောက် ခံခဲ့ရပြီး၊ အနုပညာ လုပ်ငန်းများတွင် ဖျော်ဖြေ တင်ဆက်ခွင့် ပိတ်ပင်ထားခံရသည်။
Posted by
54freedom
at
8:50 AM
0
comments
Labels: ပြည်တွင်း သတင်းများ


