စစ်အာဏာရှင်စနစ် ကျဆုံးပါစေ
Showing posts with label မြန်မာအရေးဆိုင်ရာ ပြည်ပမှ သတင်းများ. Show all posts
Showing posts with label မြန်မာအရေးဆိုင်ရာ ပြည်ပမှ သတင်းများ. Show all posts

Sunday, June 8, 2008

မြန်မာသံရုံးရှေ့ ဆန္ဒပြသူများ ရဲကဖြိုခွင်း

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဇွန်လ 06 2008 18:28 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ တက်ကြွလှုပ်ရှားသူများ၏ နယူးဒေလီသံရုံးရှေ့ ရှားရှားပါးပါး ဆန္ဒပြပွဲ တရပ်ကို အိန္ဒိယရဲများက ဝင်ရောက် တားဆီးကာ ဆန္ဒပြသမားများကို သောကြာနေ့က လူစုခွဲလိုက်သည်။

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နယူးဒေလီ ချနကျာပူရီ အရပ်ရှိ မြန်မာသံရုံးရှေ့တွင် မြန်မာနှင့် အိန္ဒိယနိုင်ငံသား တက်ကြွလှုပ်ရှားသူ ၃၅ ဦးခန့် စုရုံးကာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေးရေးအတွက် တောင်းဆို ဆန္ဒပြခဲ့ကြသည်။ သို့သော် ဆန္ဒပြပွဲမှာ ခဏတာမျှသာ ခံပြီး အိန္ဒိယ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာသဖြင့် ဆန္ဒပြသူများ အမြန် အဆုံးသတ် လိုက်ကြရသည်။ “ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဘို့နဲ့ အကူအညီပေးရေး အုပ်စုတွေကို ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကို လွတ်လွတ်လပ်လပ် ဝင်ရောက်ခွင့်ပေးဘို့ မုန်တိုင်း ဒုက္ခသည်တွေကို ကယ်ဆယ်ခွင့် ပေးဘို့ စစ်အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ကြတာပါ” ဟု ဆန္ဒပြရာတွင် ပါဝင်သူတဦး ဖြစ်သည့် ကင်မ် (Kim) က မဇ္ဈိမသတင်းဌာနကို ပြောကြားသွားပါသည်။ သို့သော် ဆန္ဒပြသူများက သံရုံးနံရံတွင် မှုတ်ဆေးဖြင့် ‘မြန်မာပြည် လွတ်မြောက်ရေး’၊ ‘အောင်ဆန်းစုကြည်ကို လွှတ်ပေး’ စသည်တို့ကိုရေးသားနိုင်ခဲ့ကြပြီး၊ မေလ ၂ ရက်နှင့် ၃ ရက်နေ့များက မြန်မာနိုင်ငံကို ဝင်ရောက် တိုက်ခတ်သွားခဲ့သော နာဂစ် ဆိုင်ကလုံး မုန်တိုင်းဒဏ်က အသက်မသေ လွတ်မြောက် ကျန်ခဲ့သူများကို ကယ်တင်ရေးအတွက် လွတ်လပ်စွာ ဝင်ရောက်သွားလာခွင့် ပေးရေး တောင်းဆိုသည့် ပိုစတာများကို ကပ်နိုင်ခဲ့ကြသည်။ ကုလသမဂ္ဂ၏ စာရင်းဇယားများအရ နာဂစ် ဆိုင်ကလုံး မုန်တိုင်းကြောင့် လူပေါင်း ၁၃ဝဝဝဝ သေဆုံး သို့မဟုတ် ပျောက်ဆုံးနေပြီး အနည်းဆုံး ၂.၄ သန်းမှာ မုန်တိုင်းဒဏ် ခံခဲ့ကြရသည်ဟု ဆိုသည်။ မြေပြင် သတင်းများအရ မြစ်ဝကျွန်းပေါ် ဒေသသို့ ဝင်ရောက် လှုပ်ရှားခွင့်ကို စစ်အစိုးရက ကန့်သတ်ထားခြင်းကြောင့် မုန်တိုင်းဘေးမှ အသက်မသေ လွတ်မြောက်ခဲ့သူများကို ကယ်တင်ရေးတွင် အတားအဆီး တရပ် ဖြစ်နေသည်ဟု ဆိုသည်။ “အစားအစာ၊ ရေ၊ ဆေးဝါး နှင့် အမိုးအကာများကို အရေးတကြီး အပူတပြင်း လိုအပ်နေသည့် မြန်မာနိုင်ငံ ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များသည် စစ်အစိုးရက နိုင်ငံတကာ ကယ်ဆယ်ရေး အကူအညီများကို တားဆီး ကန့်သတ်မှုများ လုပ်ဆောင်နေခြင်းကြောင့် ငရဲတမျှ ဆိုးဝါးသော အခြေအနေနှင့် ရင်ဆိုင်နေရသည်။ သဘာဝ ကပ်ဘေး အန္တရာယ်မှာ ယခုအခါ လူကလုပ်သည့် ကပ်ဘေးကြီး ဝမ်းနည်းဘွယ် အဖြစ်ဆိုးကြီးသို့ ပြောင်းလဲသွားရသည်” ဟု သံရုံးသို့ ပေးပို့ သည့် ဆန္ဒပြသူများ၏ ပေးစာတွင် ရေးသားထားသည်။ ဤနေရာသည် တရားဝင် တားဆီး ကန့်သတ်ထားသည့်ဒေသ ဖြစ်သည့်အတွက် သံရုံးရှေ့မှ ဆန္ဒပြသူများကို ဖြိုခွဲရခြင်း ဖြစ်သည်ဟု အိန္ဒိယရဲများက ပြောပါသည်။

အပြည့်အစုံဖတ်လိုလျှင်

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်က ပြည်ဝင်ခွင့်ပေးရန် တောင်းဆို

နေသွင်
သောကြာနေ့၊ ဇွန်လ 06 2008 16:25 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ လက်ရှိ မြန်မာ့ လူ့အခွင့်အရေး အခြေအနေကို စုံစမ်း လေ့လာနိုင်ရန်အတွက် ပြည်ဝင်ခွင့် ထုတ်ပေးရန် မြန်မာပြည်ဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်သစ်က တောင်းဆိုသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မတ်လအတွင်း အသစ် ခန့်အပ်ခံခဲ့သော အာဂျင်တီးနား နိုင်ငံသား Tomás Ojea Quintana သည် ကုလ လူ့အခွင့်အရေး ကောင်စီသို့ တင်ပြသော ပထမဆုံး အစီရင်ခံစာတွင် ယခုလို ထည့်သွင်း တောင်းဆိုခြင်း ဖြစ်သည်။ကောင်စီက မြန်မာပြည်၏ လူ့အခွင့်အရေး အခြေအနေကို ဆက်လက် စုံစမ်းရန် သက်တမ်း တနှစ်တိုးပြီးနောက် မစ္စတာ ပီညဲရိုး၏ တာဝန်ကို လွှဲပြောင်းယူသော မစ္စတာ Tomás Ojea Quintana သည် မေလ ၁ ရက်နေ့ကတည်းက လုပ်ငန်း စတင်နေပြီ ဖြစ်သည်။သူသည် မေလ ၆-၇ ရက် နေ့များတွင် မြန်မာ စစ်အစိုးရထံ စာနှစ်စောင် ပေးပို့ရာ ပထမတစောင်တွင် မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ဝမ်းနည်းကြောင်းနှင့် ဒုတိယစာတွင် မြန်မာပြည်သို့ သွားရောက်ခွင့် ပေးရန် တောင်းဆိုထားသည်ဟု သိရသည်။နအဖ က ပထမစာကို အကြောင်းပြန်သော်လည်း ဒုတိယစာနှင့် ပတ်သက်၍ အကြောင်းမပြန်သေးဟု မစ္စတာ Quintana က သူ၏ ဇွန်လ ၄ ရက် နေ့စွဲနှင့် အစီရင်ခံစာတွင် ရေးသားထားသည်။ စာမျက်နှာ ၁၆ မျက်နှာရှိပြီး မတ်လ ၂၆ ရက်မှ စတင် စုဆောင်းရရှိသော အချက်အလက်များ အရ မြန်မာ့ လူ့အခွင့်အရေး အခြေအနေသည် မစ္စတာ ပီညဲရိုး လက်ထက်ကအတိုင်း မပြောင်းလဲဟု ဆိုသည်။နအဖ ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ “ယုံကြည်လောက်သော၊ ကျယ်ပြန့်စွာ လက်ခံနိုင်သော အခြေအနေသည် စိတ်မကောင်းစရာ ဝေဝါးနေသည်” ဟု ဆိုသည်။ ဆန္ဒခံယူပွဲ ကျင်းပခဲ့ပုံနှင့် ရရှိသော သင်ခန်းစာများကို လူသိရှင်ကြား အစီရင်ခံစာ ထုတ်ပြန်ရန်လည်း နအဖကို တောင်းဆိုသည်။ဆန္ဒခံယူပွဲ မတိုင်ခင် ဖမ်းဆီးခံရမှုများ၊ ဆန္ဒမဲပေးရာတွင် မဲပေးသူများ၏ ဆန္ဒကို မလေးမစား ပြုလုပ်ခြင်း၊ မကျေနပ်သော တိုင်ကြားချက်များ၊ ထောက်ခံမဲ တောင်းခံသည့် ပိုစတာများကို မဲရုံတွင် ကပ်ထားသည် ဟူသော တိုင်တန်းချက်များကို ရရှိထားသည်ဟု သူက ပြောဆိုသည်။အစီရင်ခံစာတွင် ပြည်သူများသည် လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် မရဘဲ အဖမ်းခံရသော လူ့အခွင့်အရေး လှုပ်ရှားသူများ အခြေအနေ၊ ပြည်တွင်းမှ စာနယ်ဇင်းသမားများ၊ နိုင်ငံရေး လှုပ်ရှားသူများနှင့် နိုင်ငံရေး အကျဉ်းသားများ အခြေအနေနှင့် ပတ်သက်သော စိုးရိမ်သောကကို ဖော်ပြထားသည်။မုန်တိုင်းဒဏ်ခံ ဒေသများရှိ အမျိုးသမီးများနှင့် အုပ်ထိန်းသူမဲ့ ကလေးငယ်များ၊ အေအိုင်ဒီအက် ဝေဒနာရှင်များ၊ လူနည်းစု တိုင်းရင်းသားများကို ကူညီရန်အတွက် အစိုးရအနေနှင့် ပူးပေါင်း ဆောင်ရွက်မည့်အဖွဲ့ ဖွဲ့ရန်အပြင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး အမျိုးသား ရင်ကြားစေ့ရေး ဆောင်ရွက်ရန်၊ နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ရန်၊ စက်တင်ဘာ အရေးအခင်းတွင် ပျောက်ဆုံးနေသူများအတွက် စုံစမ်းရေးအဖွဲ့ ဖွဲ့ပြီး လုပ်ငန်း တိုးတက်မှုကို အစီရင်ခံရန်နှင့် နိုင်ငံရေး အကျဉ်းသားများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို အာမခံရန် နအဖထံ အကြံပြုသည်။ကုလ အထွေထွေ အတွင်းရေးမှူးချုပ်ကို ပေးထားသော ကတိအတိုင်း နိုင်ငံတကာမှ လူသားချင်းစာနာသည့် အဖွဲ့များကို မဟန့်အတားမရှိ မုန်တိုင်းဒဏ်ခံ ဒေသများသို့ ဝင်ရောက်ခွင့်ပေးပြီး အကူအညီပေးရေး လုပ်ငန်းအတွက် လိုအပ်သော အချက်အလက်များ စုဆောင်းခွင့် ပေးရန်လည်း ပြောဆိုသည်။ယခု အစီရင်ခံစာကို နေရာစုံမှ ရရှိထားသော သတင်း အချက်အလက်များပေါ် အခြေခံ ရေးသားခြင်း ဖြစ်ပြီး တိကျသော အစီရင်ခံစာ ဖြစ်စေရန် မြန်မာ စစ်အစိုးရဘက်မှ အတည်ပြုချက်ကို တောင်းခံလိုက်သည်။


အပြည့်အစုံဖတ်လိုလျှင်