စစ်အာဏာရှင်စနစ် ကျဆုံးပါစေ
Showing posts with label အကြံပြုစာ. Show all posts
Showing posts with label အကြံပြုစာ. Show all posts

Saturday, July 12, 2008

ဒေါက်တာလွဏ်းဆွေ၏ အိတ်ဖွင့်အကြံပြုစာ (၈-ဇူလိုင်-၂၀၀၈)

လက်ရှိဦးဆောင်မှုပေးနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်များနှင့် ပြည်တွင်းပြည်ပ အတိုက်အခံခေါင်းဆောင်များသို့ အိတ်ဖွင့်အကြံပြုစာ
(၈-ဇူလိုင်-၂၀၀၈)
ဒေါက်တာလွဏ်းဆွေ


မြန်မာ့ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်လျက်ရှိသည့် ခေါင်းဆောင်များခင်ဗျား …

၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခဲ့သည့် မဲဆန္ဒရှင်တစ်ဦးအနေနှင့် လည်းကောင်း၊ ဒီမိုကရေစီရေးတိုက်ပွဲဝင် မြန်မာပြည်သားတစ်ဦးအနေနှင့်လည်းကောင်း ဒီမိုကရေစီတိုက်ပွဲအား လူကြီးမင်းတို့ ဦးဆောင်ဦးရွက် ပြုပေးနေမှုများအပေါ် မထောက်မညှာ ဝေဖန်အကြံပြုစကား ပြောကြားလိုက်ရပါသည်။ တိုက်ပွဲအနေအထား ကျဉ်းထဲကျပ်ထဲတွင် ရောက်ရှိနေပြီး အဆုံးစွန်သော ဒုက္ခများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် မြန်မာပြည်သူလူထုအတွက် မျှော်လင့်ချက် တစ်စုံတစ်ရာ ပေါ်လာလို ပေါ်လာငြား ဤသို့မထောက်မညှာ အမုန်းခံ ပြောကြားရခြင်း ဖြစ်ပါသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နအဖစစ်အုပ်စု အုပ်ချုပ်နေသည့် လက်ရှိတိုင်းပြည်အခြေအနေသည် နူရာဝဲစွဲ လဲရာသူခိုးထောင်းအဆင့် မကတော့ဘဲ ယင်တလောင်းလောင်း လင်းတ(လဒ)တ၀ဲဝဲ အခြေအနေသို့ပင် ဆိုက်ရောက်နေသည်ကို လူကြီးမင်းတို့အသိ ဖြစ်ပါသည်။ ထိုသို့ အဆိုးဆုံး အခြေအနေကို ဆိုက်ရောက်ရခြင်းတွင် ဒီမိုကရေစီတိုက်ပွဲ မရှည်ကြာသင့်ဘဲ ရှည်ကြာခဲ့ရသည့် အကြောင်းတရားသည် အဓိက ဖြစ်ပါသည်။

ထိုသို့တိုက်ပွဲရှည်ကြာခြင်းသည် ပြည်သူလူထု ပါဝင်မှုအနေအထား အားနည်းသည့်အတွက်ကြောင့် လုံးဝမဟုတ်ပါ။ မြန်မာ့ဒီမိုကရေစီတိုက်ပွဲတစ်လျှောက် ၁၉၈၈ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံမှ ယနေ့အထိ တာဝန်အကျေဆုံးနှင့် သတ္တိအရှိဆုံးသည် ရဟန်းရှင်လူ ကျောင်းသား ပြည်သူများပင် ဖြစ်ပါသည်။ ရှစ်လေးလုံး အရေးတော်ပုံ၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ်နှင့် ရွှေဝါရောင် တော်လှန်ရေးကို ကြည့်လျှင် ပြည်သူလူထု၏ တာဝန်ကျေခဲ့မှုအပိုင်းကို အထင်းသား မြင်နိုင်ပါသည်။

တိုက်ပွဲရှည်ကြာရခြင်းသည် အဓိကအကြောင်းတရား နှစ်ချက်ကြောင့် ဖြစ်ပါသည်။
(၁) စစ်တပ်အာဏာ တည်မြဲရေးအတွက် န၀တ/နအဖစစ်အုပ်စုမှ နည်းမျိုးစုံ ဖိနှိပ်လုပ်ဆောင်နေမှု
(၂) အတိုက်အခံခေါင်းဆောင်များ (အဓိက ပြည်သူလူထုထံမှ Mandate ရထားသည့် အဲန်အယ်လ်ဒီ ဗဟိုကော်မတီဝင်များ) ၏ ဦးဆောင်ဦးရွက်ပြုမှုအပိုင်း ချွတ်ယွင်း အားနည်းမှု … စသည်တို့ကြောင့် ဖြစ်ပါသည်။

နအဖစစ်အုပ်စု၏ ဖိနှိပ်ရက်စက်မှုနှင့် ပတ်သက်၍ ပြောရလျှင် စစ်ခေါင်းဆောင်များသည် အာဏာလက်လွှတ်ချင်သူများ မဟုတ်သည့်အတွက် သူတို့အား တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနှင့် စည်းရုံးဖျောင်းဖျ၍ ရမည့်အနေအထားမျိုး ယခင်ကလည်း မရှိခဲ့၊ နောင်လည်း ရှိမည်မဟုတ်ပါ။ တစ်လျှောက်လုံး သူတို့၏ မျက်နှာပြောင်တိုက် ဖိနှိပ်ရက်စက်ခဲ့မှုများကို ကြည့်လျှင် သူတို့အား ကုတ်နှင့် ကလော်ထုတ်မှသာ ရာဇာပလ္လင်ပေါ်မှ ဆင်းမည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း သိမြင်သင့်ပြီ ထင်ပါသည်။ ဖိနှိပ်ရကောင်းလားဟု သူတို့အား သွားအပြစ်ဖို့နေခြင်းထက် မဖိနှိပ်အောင် မည်သို့တွန်းလှန်မည်လဲ ဆိုသည်ကိုသာ စဉ်းစားကြဖို့ရှိသည်ဟု မြင်ပါသည်။ ထိုသို့တွန်းလှန်ဖို့ မကြိုးစားခဲ့ဘဲ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနှင့် အဖြေရှာဖို့ (မစွန့်ချင်တာနှင့် သူရဲဘောကြောင်တာလည်း ရာခိုင်နှုန်း အတော်များများပါမည်) ကြိုးစားနေခဲ့၍သာ တိုက်ပွဲ အနှစ်နှစ်ဆယ်နီးပါး ကြာခဲ့ပြီး ပြည်သူလူထု အဆုံးအစွန်ထိ ဒုက္ခရောက်ခဲ့ကြရခြင်း ဖြစ်ပါသည်။

အနှစ်နှစ်ဆယ် တိုက်ပွဲကာလအတွင်း အတိုက်အခံအများစု (အဓိက ဦးအောင်ရွှေ၊ ဦးလွင် ဦးဆောင်သည့် အဲန်အယ်လ်ဒီ ဗဟိုကော်မတီ) အနေနှင့် သူတောင်းစားဝါဒ (Beggarism) နှင့် တိုက်ပွဲဝင်ခဲ့ကြခြင်းသည် အဓိက မဟာအမှားဟု သုံးသပ်မိပါသည်။ သူတောင်းစားဝါဒဆိုသည်မှာ ပြည်တွင်းပြည်ပ၌ အဲန်အယ်လ်ဒီ ဗဟိုကော်မတီ အပါအ၀င် အတိုက်အခံ အဖွဲ့အစည်း အတော်များများ တစ်ချိန်လုံး Statement ထုတ်ပြီး တောင်းဆိုနေခြင်းနှင့် ပြည်ပတွင် အတိုက်အခံ အများစုမှာ ဒုက္ခသည်အရေး၊ အလုပ်သမားအရေး၊ အမျိုးသမီးအရေး၊ လူ့အခွင့်အရေး၊ နိုင်ငံရေးအကျဉ်းသား စောင့်ရှောက်ရေး၊ ဗုတ်နိုး၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ နာဂစ်ဒုက္ခသည်များ ကူညီရေး … စသည့် အရေးကိစ္စမှန်သမျှအတွက် ပရိုပိုဇယ်တင်တောင်ပြီး လှုပ်ရှားဆောင်ရွက် နေရခြင်းများကို ဆိုလိုပါသည်။

ထိုသို့ သူတောင်းစားဝါဒနှင့် ချီတက်နေကြသည့်အတွက် ဘောလုံးစကားနှင့် ပြောရလျှင် ဂိုးသွင်းခွင့် ရခဲ့သည့် အခွင့်အရေးများကို အမိအရ အသုံးမချနိုင်ဘဲ ဘန်ကေး (ဘေးကန်) ခဲ့သည့် ဖြစ်ရပ်များ ကြိမ်ဖန်များစွာ ကြုံခဲ့ရသည်ကို ပြန်လည်ဆန်းစစ်ကြည့်လျှင် တွေ့နိုင်ပါသည်။ တစ်ချပ်မှောက် ဖဲစကားနှင့် ပြောရလျှင်မူ နအဖ ဟောက်စားလုပ်သည်ကို အဲန်အယ်လ်ဒီ တာဝန်ရှိပုဂ္ဂိုလ်များ တစ်လျှောက်လုံး ငြိမ်ခံလာသည့်အတွက် ယခုအချိန်အထိလည်း နအဖက ဟောက်စားလုပ်ပြီး ၂၀၁၀သို့ ချီတက်ရန် စိတ်ကူးယဉ်နေနိုင်ခြင်းဟု သုံးသပ်မိပါသည်။ နောက်ဆုံးတွင် တောင်းလွန်းမက တောင်းနေသည့် အဲန်အယ်လ်ဒီကို “အခုအထိ တောင်းတုန်းပဲလား”ဟု အပြစ်မြင်လာကြပြီး တခါမှ မပေးခဲ့သည့် နအဖကို အပြစ်မပြောတော့သည့် အနေအထားနှင့် ရယ်သွမ်းသွေးဖွယ် ကြုံလာရပါသည်။ရသ

အတိုက်အခံအများစု ထိုသို့တောင်းစားရသည့် အခြေအနေများ ဖြစ်ကုန်ကြရုံမက တော်တော်များများလည်း တတိယနိုင်ငံများတွင် သွားရောက်ကျွန်ခံရသည့် အနေအထားတွေ ဖြစ်ကုန်ကြပါသည်။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ဤအခြေအနေသည် ပကတိ ဆိုက်ရောက်နေသည့် အခြေအနေမှန်ပင် ဖြစ်ပါသည်။ ထိုပရိုပိုဇယ် guideline များ၊ resettlement programme များကြောင့် အင်အားစုများ ညီညွတ်မလာဘဲ ပို၍စိတ်ဝမ်းကွဲပြီး အပြိုပြို အလဲလဲ ဖြစ်ကုန်ပါသည်။ နအဖစစ်အုပ်စုကတော့ ထိုသို့ အင်အားများ ဖြိုခွဲပေးနေသည့် နိုင်ငံတကာမှ ကျေးဇူးရှင်များကို ဦးကုန်းချနေမည်မှာ အသေအချာပင် ဖြစ်ပါသည်။ တကယ်တော့ ပရိုပိုဇယ်ပေးသည့် သူများသည် ကျနော်တို့ မြန်မာပြည်သူပြည်သားများ ခံစားနေရသည့် ပကတိအခြေအနေနှင့် တိုက်ပွဲအနေအထားအကြောင်းကို ဂဃနဏ သိကြသူများ မဟုတ်ပါ။ သိချင်သူများလည်း မဟုတ်ပါ။ သိပြီး ပွဲပြီးအောင် ကူညီမည့်သူများလည်း မဟုတ်ကြပါ။ လုပ်စားကိုင်စား အဆင့်တွင်သာ အားပေးအားမြှောက် ပြုနေကြမည့်သူများ ဖြစ်ပါသည်။ သို့သော် ယူထားသည့် ပရိုပိုဇယ်မျက်နှာကြောင့် သူတို့က အကြမ်းမဖက်နှင့်ဆိုတိုင်း အကြမ်းမဖက်ကြဖို့ ကျွန်တော်တို့လူတွေ လိုက်အော်နေကြရသည်ကို ကြည့်ရသည်မှာ အတော့်ကို ကြေကွဲစရာ ကောင်းလှပါသည်။

ကျွန်တော်တို့၏ လက်ရှိတိုက်ပွဲအနေအထားကို ဖိနှိပ်ရက်စက်မှုမျိုးစုံ ခံနေရသည့် ကျွန်တော်တို့ မြန်မာပြည်သူ ပြည်သားများသာ အသိဆုံး ဖြစ်ပါသည်။ ကမ်းကုန်အောင် ရက်စက်ကြမ်းကြုတ်နေသည့် စစ်အာဏာရှင်အုပ်စုကို အကြမ်းမဖက်သည့် နည်းလမ်းတစ်ခုတည်းနှင့် တိုက်ပွဲဝင်ဖို့ မလုံလောက်တော့ကြောင်း ရွှေဝါရောင်တော်လှန်ရေးက ပြဋ္ဌာန်းပေးပြီး ဖြစ်သည်ကိုလည်း ကျွန်တော်တို့အားလုံး သိရှိကြပြီး ဖြစ်ပါသည်။

ထို့ကြောင့် အဲန်အယ်လ်ဒီ ဗဟိုကော်မတီ အပါအ၀င် အတိုက်အခံ အင်အားစုများအနေနှင့် အချိန်မနှောင်းမီ လက်ရှိကျင့်သုံးနေသည့် သူတောင်းစားဝါဒကို စွန့်လွှတ်ပြီး နအဖစစ်အုပ်စုကို ရင်ဆိုင်တိုက်ပွဲဝင်မည့် နည်းလမ်းများ အမြန်ဆုံး ရှာကြံကျင့်သုံးကြဖို့နှင့် ၉၀ ရွေးကောက်ပွဲရလဒ်ကို အလျင်အမြန် အကောင်အထည်ဖော်နိုင်အောင် အစွမ်းကုန် အားထုတ်ကြိုးပမ်းကြဖို့ အကြံပြု ပြောကြားလိုက်ရပါသည်။ သို့မဟုတ်ပါက အီးရောအီးရော၊ ယောင်တောင်ပေါင်တောင်၊ ဖင်လှည့်ခေါင်းလှည့်နှင့် ၂၀၁၀ သို့ ရောက်ရှိသွားပြီး တတိုင်းပြည်လုံး စစ်ကျွန်အဖြစ် နွံနစ်ဖို့သာရှိတော့မည့်အကြောင်း တပ်လှန့်သတိပေးလိုက်ရပါသည်။

ကြည့်လုပ်ကြပါဦး ခေါင်းဆောင်တို့ …။

တိုက်ပွဲသစ္စာဖြင့် …
ဒေါက်တာလွဏ်းဆွေ
(၁၉၉၀ပြည့် ရွေးကောက်ပွဲ မဲဆန္ဒရှင်တစ်ဦး)

အပြည့်အစုံဖတ်လိုလျှင်