စစ်အာဏာရှင်စနစ် ကျဆုံးပါစေ
Showing posts with label အယ်ဒီတာ့အာဘော်. Show all posts
Showing posts with label အယ်ဒီတာ့အာဘော်. Show all posts

Wednesday, July 16, 2008

ငါးလောင်းပြိုင် လူသတ်မှု တရားခံများ မမိသေးခြင်းမှာ ရှက်ဖွယ်ကောင်းလှ

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဂျူလိုင်လ 15 2008 14:09 - မြန်မာစံတော်ချိန်


၃ လကျော် ကြာမြင့်သွားပြီ ဖြစ်သော်လည်း ရန်ကုန်မြို့လယ်တွင် လူ ၅ ဦးကို သေနတ်များဖြင့် သွေးအေးစွာ ပစ်သတ်သွားသည့် ရာဇဝတ်မှု ကျူးလွန်သူများကို ယနေ့တိုင် ခုံရုံးမတင်နိုင်သေးသည့်အပြင် လူသေအောင်ပင် နှိပ်စက်စစ်ကြောမှုများ လုပ်ခဲ့ခြင်းအတွက် တာဝန်ရှိသူများကို အရေးယူအပြစ်ပေးမှု ပြုလုပ်ရမှာ ဖြစ်သည်။ မတ်လ ၃ ရက်နေ့က အမှတ် ၁၂၆၊ စိမ်းလဲ့ကန်သာလမ်း၊ ကမာရွတ်မြို့နယ်တွင် မိသားစုဝင် ၄ ဦးနှင့် အိမ်အကူ လုပ်သားတဦးကို နေ့ခင်းကြောင်တောင် သေနတ်များဖြင့် ပစ်သတ်ခဲ့မှုများ ဖြစ်ပွားခဲ့သည်။ ရန်ကုန်မြို့၏ လူကုံထံ ရပ်ကွက်ရှိ အခင်းဖြစ်ပွားရာ နေရာသည် အစောင့်အကြပ် ထူထပ်ပြီး တစိမ်းတရံ မျက်နှာမွဲတဦး ဝင်ရောက် ဖြတ်သန်းရန်ပင် လွယ်ကူလှသည့် နေရာမဟုတ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဦးချာလီ (ဦးစောကြည်ဖ) (၆ဝ နှစ်)၊ ဇနီးဖြစ်သူ ဒေါ်စန်းစန်းမြင့် (၅၈ နှစ်)၊ သမီးများဖြစ်သော ဒေါ်မြစန္ဒာ (၃၆ နှစ်)၊ မနှင်းပွင့်အေး (၂၇ နှစ်) နှင့် အိမ်ဖေါ် မအယ်ဖော (၁၅ နှစ်) တို့ ဦးခေါင်းတွင် သေနတ် ဒဏ်ရာများဖြင့် သေဆုံးနေသည်။ သို့သော် စစ်အစိုးရ၏ လုံခြုံရေး ယန္တရားက အသက် ၆၃ နှစ်ပြည့်သွားပြီ ဖြစ်သည့် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမကို ထောက်ခံသော ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ပြသသူတို့ကိုသာ ဖမ်းဆီး ကန့်သတ်ထားရေး အမြဲတစေ အာရုံစိုက်နေရသဖြင့် ရာဇဝတ်ကောင်များ ထူပြော များပြားလာပြီး လက်ရဲဇက်ရဲ ကျူးလွန်မှု သိသာစွာ များပြားလာခဲ့သည်။ မောင်ဝိတ်၊ အောင်ဇော်ရဲမြင့်တို့ အပါအဝင် ရုပ်ရှင်၊ ဂီတ အနုပညာနယ်ပယ်တွင် ကြောက်မက်ဖွယ် ကောင်းလှအောင် မူးယစ်ဆေးဝါး သုံးစွဲမှု ပြန့်နှံ့နေခြင်းက သက်သေတခု ဖြစ်သည်။ ထို့အပြင် သတင်းစာ လွတ်လပ်ခွင့် ပိတ်ပင်ထားသည့်အတွက် မကောင်းမှုအတွက် ဆိတ်ကွယ်ရာ ဖန်တီးပေး မွေးမြူထားသလို ဖြစ်နေသည်။ ပြည်တွင်းထုတ် ပုဂ္ဂလိက ဂျာနယ်များတွင် လူသတ်မှုခင်းနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခွင့် ရသည်က အမှုဖြစ်ပွားပြီး သီတင်းရက်သတ္တပတ်များ အတော်ကြာမှ ဖြစ်သည်။ အစောပိုင်းက “တရားခံ ရှာပေးရန် အမိန့်နာခံနေသည့် ဝိညာဉ်လေးဦး” ဆိုသည့် သတင်းဆောင်းပါးကြောင့် ဈေးကွက်ကို ဖြန့်ချိမည့် ဆဲဗင်းဒေးနယူးစ် ဂျာနယ်ကို ပိတ်ပင်ကာ အပြစ်ပေးခဲ့သည်။ စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှုဖြစ်ပေါ်ပြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ရာ ဇွန်လ ၈ ရက်နေ့တွင် အမျိုးသားတဦး စစ်ဆေးနေစဉ် သေဆုံးသွားခဲ့သည်။ ရဲက သေဆုံးသူ၏ မိဘများကို လျော်ကြေးပေး ကြေအေးစေခဲ့သည်။ မိသားစုအနေနှင့် ထုတ်ဖော်ပြောဆိုခွင့် မရသလို အာဏာပိုင်တို့၏ လုပ်ရပ်အားလုံး ကောင်းပါသည်သာ လုပ်နေရသည်။ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ အပြောအရ သေနတ်တလက်ထက် ပိုသုံးထားသည့် ယခုအမှုတွင် ကျည်ဆံများတွင်လည်း ကာကွယ်ရေး စက်လက်နက်ပစ္စည်း စက်ရုံထုတ် ကျည်များလည်း ပါဝင်နေသည်။ စစ်အစိုးရကို ဝေဖန်ရေးသားသော ဘလော့ဂ်ရေးသူကိုပင် စွမ်းစွမ်းတမံ ဖမ်းလေ့ရှိသော် လုံခြုံရေး တပ်ဖွဲ့များအတွက် လွန်ခဲ့သည့် ၃ လကျော်က ဖြစ်ပွားသော ငါးလောင်းပြိုင်လူသတ်မှု တရားခံ မမိသည်မှာ ထူးဆန်းလှသည်တော့ မဟုတ်ပါ။ လူ ၁၁ ဦးသေဆုံးပြီး ၁၆၂ ဦး ဒဏ်ရာရခဲ့သည့် မေ ၇ ရက်၊ ၂ဝဝ၅ ခုနှစ်က ရန်ကုန်မြို့ နေရာ ၃ နေရာတွင် ဆက်တိုက် ပေါက်ကွဲခဲ့သည့် ဗုံးများအတွက် လက်သည် အစစ်အမှန်ကို ယခုထက်တိုင်ပင် အသေအချာ ဖမ်းဆီးနိုင်မှု မရှိခြင်းက ညံ့ဖျင်းမှုကို မီးမောင်းထိုး ပြနေတော့သည်။

အပြည့်အစုံဖတ်လိုလျှင်