စစ်အာဏာရှင်စနစ် ကျဆုံးပါစေ
Showing posts with label ဂမ်ဘာရီနောက်တကြိမ် လာမည်. Show all posts
Showing posts with label ဂမ်ဘာရီနောက်တကြိမ် လာမည်. Show all posts

Wednesday, January 30, 2008

ဂမ်ဘာရီ မြန်မာ့အရေး ထောက်ခံရန် နယူးဒေလီသို့ နောက်တကြိမ် လာမည်

ဂမ်ဘာရီ မြန်မာ့အရေး ထောက်ခံရန် နယူးဒေလီသို့ နောက်တကြိမ် လာမည်

မုံပီး

ဇန္န၀ါရီလ ၂၈ ရက်၊ ၂၀၀၈ ခုနှစ်၊

နယူးဒေလီ။ ။ စစ်အစိုးရ အုပ်ချုပ်နေသော မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ပေါ်ပေါက်ရေးအတွက် ဒေသတွင်း ထောက်ခံမှုများ ရှာဖွေ စုဆောင်းနိုင်ရန် နယူးဒေလီသို့ လာမည့် အင်္ဂါနေ့တွင် မစ္စတာ ဂမ်ဘာရီသည် လာရောက်ရန် စီစဉ်ထားကြောင်း ကုလသမဂ္ဂ အရာရှိတဦးက ပြောကြားလိုက်သည်။

ဘရပ်ဆဲလ်မြို့တွင် ဥရောပသမဂ္ဂ ခေါင်းဆောင်များနှင့် တွေ့ဆုံနေသော မစ္စတာ ဂမ်ဘာရီသည် အိန္ဒိယအစိုးရ အရာရှိများနှင့် တွေ့ဆုံရန် ဇန်နဝါရီလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ၃ ရက်ကြာ ခရီးစဉ်အဖြစ် လာရောက်မည် ဖြစ်သည်။


မြန်မာအစိုးရနှင့် အတိုက်အခံ ခေါင်းဆောင်များအကြား ထိရောက်သည့် တွေ့ဆုံ ဆွေးနွေးပွဲများ ပေါ်ပေါက်လာရေးအတွက် အိန္ဒိယ ခေါင်းဆောင်များ၏ ထောက်ခံမှုများ နောက်ထပ်ရရှိရန် အားပေးတိုက်တွန်းမည် ဖြစ်ကြောင်း နယူးဒေလီ ကုလသမဂ္ဂရုံးမှ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။


အဆိုပါ နိုင်ဂျီးယီးယား သံတမန်၏ ခရီးစဉ် အသေးစိတ်နှင့် စပ်လျဉ်း၍ အတည်ပြုချက် ရယူရန် လိုအပ်သေးသော်လည်း နယူးဒေလီ ကုလသမဂ္ဂ ပြန်ကြားရေးရုံး အရာရှိ ရာဂျစ်ချန်ဒရန်က မစ္စတာ ဂမ်ဘာရီသည် ယခုခရီးစဉ်အတွင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာ့အရေး ကြိုးပမ်းချက်များအပေါ် အိန္ဒိယအစိုးရ၏ ထောက်ခံမှု ရရှိရေးကို အဓိက အာရုံစိုက်ကာ လုပ်ဆောင်သွားမည်ဟု ဆိုသည်။


မစ္စတာ ဂမ်ဘာရီသည် ၂ဝဝ၇ ခုနှစ် အောက်တိုဘာလတွင် နယူးဒေလီသို့ လာရောက်ခဲ့ပြီး ထိုခရီးစဉ်အပေါ် အိန္ဒိယ၏ တုံ့ပြန်ချက်နှင့် စပ်လျဉ်း၍ အားရကျေနပ်မှုရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သော်လည်း မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဆောင်ရွက်ရေးအတွက် မြန်မာစစ်အစိုးရအပေါ် မိမိ၏ အရှိန်သြဇာကို နောက်ထပ်အသုံးပြုရန် တိုက်တွန်းခဲ့သည်။


ကုလသံတမန်သည် အိန္ဒိယခရီးစဉ်အပြီးတွင် ပီကင်းသို့ ဆက်လက် သွားရောက်မည် ဖြစ်ပြီး မြန်မာနိုင်ငံတွင်းသို့ ယခုလအတွင်း ထပ်မံ သွားရောက်ခွင့်ရရန် ခွင့်တောင်းခဲ့သော်လည်း မြန်မာ စစ်အစိုးရကမူ သူ့ကို လာမည့် ဧပြီလလယ်မှသာ လက်ခံ တွေ့ဆုံနိုင်မည် ဖြစ်ကြောင်း အစဉ်တစိုက် ပြန်ကြားခဲ့သည်။


စက်တင်ဘာလ နှောင်းပိုင်းတွင် ဆန္ဒပြသူများကို စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့ပြီးနောက် မစ္စတာ ဂမ်ဘာရီ၏ မြန်မာပြည်ခရီးစဉ် စတင်ခဲ့ချိန်မှစပြီး စစ်အစိုးရ၏ ဆက်ဆံရေး ဝန်ကြီးကလည်း မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၄ ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဖြစ်သည်။


သို့သော် အဆိုပါ ဆွေးနွေးပွဲများမှ စစ်မှန်သော အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်စဉ်အတွက် အကျိုးရလဒ် တစုံတရာ ထွက်ပေါ်လာသည့်လက္ခဏာ တစုံတရာ မတွေ့ရသေးကြောင်း မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယခင် အင်တာဗျူးများတွင် မဇ္ဈိမကို ပြောကြားခဲ့သည်။

အပြည့်အစုံဖတ်လိုလျှင်