ခိုကိုးရာမဲ့လေဘေးဒုက္ခသည်များ နှင်ထုတ်ခံနေရပီတာအောင်/ ၁၅ မေ ၂၀၀၈
ရန်ကုန်တိုင်း၊ မြို့နယ်အချို့ရှိ စာသင်ကျောင်းများတွင် ခေတ္တ ခိုအောင်းနေကြသည့် လေဘေး ဒုက္ခသည်များကို အာဏာပိုင်များက နှင်ထုတ်နေကြောင်း ဒုက္ခသည်များက ပြောသည်။
ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံ ရပ်ကွက်ရှိ အ.မ.က (၁၂) ၌ ခိုအောင်းနေသော လေဘေးဒုက္ခသည် (၆၀၀) ကျော်ကို ပြီးခဲ့သည့် တနင်္လာနေ့က ရပ်ကွက်အာဏာပိုင်များက နှင်ထုတ်ခဲ့သည်။ ထို့အပြင် နေအိမ်များ ပြိုပျက်သွားကာ နေစရာ လုံးဝမရှိသဖြင့် ဗိုလ်ထွန်းဇံရပ်ကွက် ဗိုလ်မြတ် ထွန်းလမ်းထိပ်ရှိ အစိုးရပိုင် ဆန်ဂိုဒေါင်၌ ခိုအောင်းနေရသည့် ဒုက္ခသည် (၅၂) ဦးတို့မှာလည်း နှင်ထုတ်ခံခဲ့ရသည်ဟု ဒုက္ခသည် အမျိုးသမီးတဦးက ပြောသည်။
၎င်းက “ရယက ဥက္ကဋ္ဌက သမီးတို့ကို မောင်းထုတ်တယ်။ နင်တို့ ထွက်ကြတဲ့၊ မထွက်လို့ရှိရင် စစ်တပ်နဲ့ခေါ်ပြီး ငါတို့ မောင်းထုတ်မယ်လို့ ပြောတယ်။ မောင်းထုတ်လိုက်ပြီဆိုတော့ သမီးတို့ လမ်းမမှာပဲ နေရတော့မှာပေါ့။ အခု မောင်းထုတ်နေတယ်။ အကုန်လုံး ကိုယ်စီကိုယ်စီ ဆင်းနေရပြီ၊ ထွက်နေရပြီ။ မိုးရွာရွာ နေပူပူ သမီးတို့ဘ၀ အဲလိုပဲ နေရတော့မှာပေါ့” ဟု ပြောသည်။
အဆိုပါဒုက္ခသည် (၅၂) ဦးအနက် လူကြီး (၂) ဦးနှင့် ကလေး (၁) ဦးတို့ ၀မ်းရောဂါဖြစ်နေပြီး ဒုက္ခသည်များသည် အစားအစာအတွက် အခက်အခဲဖြစ်နေကြသည်။
“အစားအသောက်အတွက် ထမင်းထုပ်ပေးတယ်။ ပေးတာလည်း ထမင်းထုပ်က ပဲပြုတ်နဲ့ဆိုတော့ ပဲပြုတ်တွေက ချဉ်ပြီးနံနေတယ်။ ထမင်းထုပ်ကိုတောင် နေ့တိုင်းမကြွေးဘူး။ အလှူရှင်ရှိမှ လာကြွေးတယ်။ နိုင်ငံတကာက အလှူရှင်တွေ လာတယ်လို့သာ ပြောတယ်။ သမီးတို့ဆီကို နိုင်ငံတကာက ပစ္စည်းတွေ ဘာပစ္စည်းမှ မရဘူး။ အခု စက်မှု (၁) ကထုတ်တဲ့ ဘီစကွတ်မုန့်တွေ ဝေပေးတယ်။ ခေါက်ဆွဲခြောက်တွေ ဝေပေးတယ်။ ဒုက္ခသည်တွေကို တအိမ်ထောင် အာလူး (၃) လုံး၊ ကြက်သွန် (၅) လုံးနဲ့ ဆန် (၂) ဘူး ဝေတယ်” ဟု အဆိုပါ ဒုက္ခသည်က ပြောသည်။
အလားတူ တောင်ဒဂုံနှင့် ရွှေပေါက္ကံမြို့နယ်တို့ရှိ စာသင်ကျောင်းများ၌ ခိုအောင်းနေသည့် ဒုက္ခ သည်များကိုလည်း အာဏာပိုင်များက နှင်ထုတ်နေကြောင်း ဒေသခံများက ပြောသည်။
တောင်ဒဂုံ၌ နေထိုင်သူတဦးက “တောင်ဒဂုံမှာလည်း အဲလိုမျိုး ညွှန်ကြားထားတာရှိတယ်။ ဒဂုံ တောင်မြို့နယ် ပညာရေးမှူး ဦးသန်းဌေးက ကျောင်းတွေမှာရှိတဲ့ ဒုက္ခသည်တွေကို (၁) ရက်၊ (၂) ရက်အတွင်းမှာ အပြီးဖယ်ပေးပါလို့ ပြောတယ်။ အဲဒီညွှန်ကြားမှုကို မနာခံဘူးဆိုရင် မနာ ခံတဲ့လူကို တာဝန်အရ အရေးယူမယ်လို့ ပြောတယ်” ဟု ပြောသည်။
မုန်တိုင်းကြောင့် ပျက်စီးသွားသည့် တောင်ဒဂုံရှိ စာသင်ကျောင်းမှ အပျက်အစီးများကို ပြုပြင်ရန် အတွက် ကျောင်းသားမိဘများအား တာဝန်ယူခိုင်းကြောင်းနှင့် ဒုက္ခသည်များအတွက် ကုလ သမဂ္ဂမှ လှူဒါန်းသည့် ပစ္စည်းထုပ်များအား ဖွင့်ကြည့်ရာတွင် စက်မှု (၁) ထုတ် ၀င်းသူဇာပုဆိုးများ ဖြစ်နေသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။
နအဖ စစ်အစိုးရကမူ ဒုက္ခသည်များအတွက် ရွက်ဖျင်တဲများ ဆောက်လုပ်ကာ အကူအညီပေး ထားပုံနှင့် နိုင်ငံတကာ အကူအညီများ ဖြန့်ဖြူးပေးနေပုံတို့ကို ၎င်းတို့ပိုင် သတင်းစာနှင့် ရုပ်မြင် သံကြားတို့မှ ထုတ်လွှင့်ပြသလျက်ရှိသည်။ ။
Showing posts with label ခိုကိုးရာမဲ့လေဘေးဒုက္ခသည်များ နှင်ထုတ်ခံနေရ. Show all posts
Showing posts with label ခိုကိုးရာမဲ့လေဘေးဒုက္ခသည်များ နှင်ထုတ်ခံနေရ. Show all posts
Friday, May 16, 2008
ခိုကိုးရာမဲ့လေဘေးဒုက္ခသည်များ နှင်ထုတ်ခံနေရ
Posted by
54freedom
at
7:17 AM
0
comments
Subscribe to:
Posts (Atom)