စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Monday, June 23, 2008

စတစ်ကာကပ်ကား မောင်းသည့်ယာဉ်မောင်းကို ဖမ်းဆီးထောင်ချမည်

NEJ/ ၂၃ ဇွန် ၂၀၀၈

စတစ်ကာကပ်ထားသော မော်တော်ယာဉ် မောင်းနှင်သည့် ယာဉ်မောင်းအား ပုဒ်မ (၁၈၈) ဖြင့် ဖမ်းဆီးအရေးယူမည်ဟု ရန်ကုန်တိုင်း ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးက တရားဝင် သတင်းထုတ်ပြန်လိုက်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အရေးယူမှု ပြုလုပ်ရခြင်းမှာ ဒုစရိုက်မှုများ၊ ရာဇ၀တ်မှုများ မကျူးလွန်ကြစေရန်ဖြစ်ကြောင်း၊ စတစ်ကာကပ်ထားသည်ကို အကာအကွယ်ယူ၍ မော်တော်ယာဉ်ပေါ်တွင် ပြစ်မှုကျူးလွန်ခြင်း မရှိစေရန်ဖြစ်ကြောင်း ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး အောင်နိုင်ကို ကိုးကားပြီး ပြည်တွင်းဂျာနယ်အယ်ဒီတာတဦးက ပြောသည်။
ကားများတွင် စတစ်ကာကပ်သည်ကို ထားမြစ်ထားသော်လည်း ယာဉ်ပိုင်ရှင်များက လိုက်နာမှု မရှိဘဲ ယခုအခါ စတစ်ကာကပ်သည့်ကားများ ပိုများလာသည့်အတွက် ပုဒ်မ (၁၈၈) အရ ပြင်းထန်စွာ အရေးယူရန် သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ် ဥပဒေအရ ထားမြစ်ထားသည်ကို ကျူးလွန်ပါက ဥပဒေပုဒ်မ (၂၄) ဖြင့် အရေး ယူခြင်း ခံရမည်ဖြစ်ပြီး ယင်းဥပဒေတွင် ဒဏ်ငွေသာ တပ်၍ရကြောင်း၊ ယခုပုဒ်မ (၁၈၈) မှာ (မြန်မာနိုင်ငံရဲတပ်ဖွဲ့) ဥပဒေဖြစ်ပြီး လူကိုပါ ဖမ်းဆီးထောင်ချမည့် ဥပဒေဖြစ်ကြောင်း အဆိုပါ အယ်ဒီတာက ရှင်းပြသည်။

ဥပဒေပုဒ်မ (၁၈၈) အရ ယာဉ်မောင်းကို ဖမ်းဆီးကာ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများတွင် အမှုဖွင့် အရေးယူမည့်စီမံချက်ကို ဇူလိုင်လ (၁) ရက်နေ့၌ စတင်မည်ဟု သိရသည်။

ယခုလအတွင်း မြန်မာနိုင်ငံ အနုပညာလောက၌ မူးယစ်ဆေးဝါးသုံးစွဲသော အနုပညာရှင်များ ခေါ်ယူစစ်ဆေးခံရသည့်သတင်း ပျံ့နှံ့နေပြီး ထိုသတင်းနောက်ပိုင်းတွင် ယခုဥပဒေပုဒ်မ ထွက်ပေါ်လာခြင်းဖြစ်သည်။

ပြည်တွင်း မီဒီယာတခုမှ ၀ါရင့် သတင်းစာဆရာတဦးက “ကျနော်တို့သိလောက်ကတော့ မင်းသမီး၊ မင်းသားတွေက စတစ်ကာကပ်တဲ့ကားကို စီးတာများတယ်ဗျ၊ ပြီးတော့ အရာရှိကြီးတွေရဲ့ သား သမီးတွေကပဲ ဒီစတစ်ကာကပ်ထားတဲ့ကားကို စီးတာလေဗျာ။ ကားကောင်းတွေစီးတဲ့ လူတန်း စားက ရန်ကုန်မှာ လက်ချိုးရေလို့ရပါတယ်” ဟုပြောသည်။

ဆေးသုံးသည်ဟု သတင်းထွက်နေသည့် သရုပ်ဆောင်အချို့နှင့် သူဌေးအချို့တို့က ဒရိုင်ဘာရှိ သည့်အတွက် ဥပဒေအရဖမ်းမည်ဆိုပါက လခနှင့်မောင်းသည့် ယာဉ်မောင်းသာ ဒုက္ခရောက်မည် ဖြစ်ကြောင်း ၎င်းကပြောသည်။

“ဥပမာဗျာ၊ ဇေကမ္ဘာ ဦးခင်ရွှေ၊ မောင်ဝိတ်တို့ဆို သူတို့ကားတွေမှာ စတစ်ကာနဲ့။ ယာဉ်မောင်းက အငှား၊ ဒါကို ဘယ်လိုလုပ်မလဲ၊ ဘာပဲဖြစ်ဖြစ် ပုဒ်မ (၁၈၈) ထုတ်ပြန်တာတောင် မော်တော်ယာဉ် ပိုင်ရှင်ကို လွှတ်ထားပေးတဲ့သဘော သက်ရောက်နေတာပဲ” ဟု အဆိုပါ သတင်းစာဆရာက ပြောသည်။

ရန်ကုန်မြို့တွင်း လမ်းမပေါ်တွင် စတစ်ကာကပ် မော်တော်ယာဉ်များကို ဖမ်းဆီးသည်ဟု ဆိုသော်လည်း ယာဉ်ထိန်းရဲများကို ပိုက်ဆံပေးလျှင် ကင်းလွတ်သည်ဟု အဲယားကွန်းဘတ်စ် ဒရိုင်ဘာတဦးက ပြောသည်။

၎င်းက “လမ်းတွေမှာ ရဲတွေက အဖွဲ့လိုက်စောင့်နေတယ်။ ကားတစီးကို ဖမ်းမယ်ဆိုရင် (စည်းကမ်း ဖောက်ဖျက်မှုနဲ့) တားလိုက်တယ်။ ဒါပေမယ့် အဲဒီကားဟာ နအဖနဲ့ပတ်သက်တာဆိုရင် ဘာမှ မလုပ်ဘူး။ နောက်တနည်းက ပိုက်ဆံလျှံတဲ့ကားဆိုရင် ငွေကိုသာ ပစ်ပေးလိုက် ဒီကောင်တွေ ဘာမှမလုပ်ရဲဘူး။ အခုလို စတစ်ကာကပ်တဲ့ကိစ္စတွေကို ဖမ်းတယ်ဆိုတာ ရဲတွေအတွက် တွက်ခြေ ကိုက်မယ့် စီးပွားရေးလို့ပဲမြင်တယ်” ဟု ပြောသည်။

စတစ်ကာကပ်သည့် မော်တော်ယာဉ်များကို ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့က ၁၉၉၈ ခုနှစ်က ဒဏ်ငွေ (၅,၀၀၀) ကျပ် သတ်မှတ်ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် ဒဏ်ငွေ (၅၀,၀၀၀) ကျပ်ထိ တိုးမြှင့်သတ်မှတ် ဖမ်းဆီးခဲ့သော်လည်း စတေကာကပ်မှုများ လျော့မသွားသည့်အပြင်
ပို၍ တိုးလာကြောင်း သိရသည်။ ။
Rest of your post

No comments: