စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Wednesday, June 25, 2008

PONJA အစီရင်ခံစာက လေဘေး အကူအညီတွေ ရှာပေးနိုင်မှာလား

ဆော်လမွန်
အင်္ဂါနေ့၊ ဇွန်လ 24 2008 20:11 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ နာဂစ်မုန်တိုင်းအလွန် ပူးတွဲ အကဲဖြတ် လေ့လာရေးအဖွဲ့ (PONJA) ၏ အစီရင်ခံစာကို အသုံးပြုပြီး မြန်မာ လေဘေး ဒုက္ခသည် များအတွက် နောက်ထပ် ရံပုံငွေများ ရှာမည်ဟု ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့က ပြောကြားသွားသည်။

PONJA အစီရင်ခံစာသည် ဆိုင်ကလုံး တိုက်ခတ်အပြီး အခြေအနေမှန်ကို ထင်ရှားစွာ ပြသနိုင်လိမ့်မည်၊ ဒုက္ခသည်များ လိုအပ်သည့် အကူအညီ ပမာဏကိုလည်း ရောင်ပြန်ဟပ် ဖော်ပြနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ ညှိနှိုင်းဆောင်ရွက်ရေးရုံး ပြောရေးဆိုခွင့် ရှိသူ Laksmita Noviera က ပြောဆိုခြင်း ဖြစ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ဒီ အကဲဖြတ် အစီရင်ခံစာ ရလဒ်တွေကို အလှူရှင်တွေဆီက နောက်ထပ် ရံပုံငွေ ထပ်မံတောင်းခံမယ့် ပြန်လည်ပြင်ဆင် ရေးဆွဲထားတဲ့ ပန်ကြားချက်တွေမှာ ထည့်သွင်း အသုံးချနိုင်မှာ ဖြစ်ပါတယ်” ဟု Noviera က ပြောသည်။

ကုလအဖွဲ့ဝင်များ၊ မြန်မာအစိုးရ ကိုယ်စားလှယ်များ၊ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) မှ ကျွမ်းကျင်သူများ ပါဝင်သည့် သုံးပွင့်ဆိုင် ပင်မအုပ်စု (TCG) က အဖွဲ့ဝင် ၂၅ဝ ဦးပါ အဖွဲ့ကို နာဂစ်မုန်တိုင်းကြောင့် ဖြစ်ပေါ်ခဲ့သည့် အပျက်အစီး၊ အထိအခိုက် ပမာဏကို လေ့လာ အကဲဖြတ်ရန် PONJA ကို စေလွှတ်ပေးခဲ့သည်။ အဆိုပါ မုန်တိုင်းကြောင့် လူပေါင်း ၁၃၃ဝဝဝ သေဆုံး၊ ပျောက်ဆုံးခဲ့ရသည်။

PONJA ၏ လုပ်ငန်းများကို ဇွန်လ ၉ ရက်နေ့က စတင်ခဲ့ပြီး ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့မှ နည်းပညာ ကျွမ်းကျင်သူများလည်း ပူးပေါင်း ပါဝင်ခဲ့သည်။ မုန်တိုင်းအတွင်း အထိအခိုက် အများဆုံး ရန်ကုန်နှင့် ဧရာဝတီတိုင်းမှ ဒေသများသို့ ကွင်းဆင်းလေ့လာခဲ့ရာ ကနဦး လေ့လာအကဲဖြတ်မှု လုပ်ငန်းများ ပြီးဆုံးပြီ ဖြစ်ကြောင်း PONJA က ဇွန်လ ၂ဝ ရက်နေ့က ကြေညာခဲ့သည်။

“အရေးအကြီးဆုံး အချက်ကတော့ ဒီလေ့လာ အကဲဖြတ်မှုကနေ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပိုပြီး ရှင်းရှင်းလင်းလင်း၊ ထင်ထင်ရှားရှား ဖြစ်တာတွေ တွေ့လာလိမ့်မယ်လို့ မျှော်လင့်တာပါဘဲ” ဟု Noivera က ဆိုသည်။ ဤ အကဲဖြတ်ချက်ကို နောက်ထပ် ရံပုံငွေများ ရှာဖွေ တောင်းခံရာတွင်လည်း အသုံးပြုနိုင်လိမ့်မည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

မုန်တိုင်းအပြီး ပြုလုပ်သော ဤအစီရင်ခံစာသည် ယုံကြည်ကိုးစားရမှု တစုံတရာ ရှိနိုင်သော်လည်း နောက်ထပ်ရံပုံငွေ ရရှိရန်နှင့် အလှူရှင် နိုင်ငံများကို ဆွဲဆောင်နိုင်ရန်မှာမူ မြန်မာ စစ်အစိုးရနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအကြား တည်ရှိနေသည့် ကွာဟချက်ကို နီးစပ်စေရန် လုပ်ပေးနိုင်သည့်အပေါ် မူတည်နေသည်ဟု မြန်မာ သုတေသီတဦးက ပြောသည်။

“သူတို့ (လေ့လာအကဲဖြတ်အဖွဲ့) က လုပ်ထားတဲ့ အလုပ်ဟာ အများ ယုံကြည်ကိုးစားခံရမှုတော့ ရှိမှာပါ။ ဒါပေမဲ့ ဒီအစီရင်ခံစာ ရလဒ်ကို ကြည့်ပြီး အလှူရှင်တွေက ငွေ ပေး၊ မပေး ဆိုတာတော့ ပြောဘို့လည်း ခက်ပါတယ်။ ခန့်မှန်းဘို့လည်း ခက်ပါတယ်” ဟု ဝါရှင်တန် အခြေစိုက် သုတေသီ ဦးဇော်ဦးက ပြောဆိုသည်။

TCG ရဲ့ အကဲဖြတ် လုပ်ငန်းဟာ တကယ့် ရလဒ်ကောင်းများ ရလာနိုင်သော်လည်း အလှူရှင်များထံမှ နောက်ထပ် ရံပုံငွေများ ရရှိရန်မှာမူ သေချာစွာ စေ့စပ်ဖျန်ဖြေပေးရန် လိုသေးကြောင်း ဦးဇော်ဦးက မဇ္ဈိမကို ပြောသည်။

“အလှူရှင်တွေနဲ့ မြန်မာအစိုးရကြားမှာ သေသေချာချာ စေ့စပ်ဖျန်ဖြေပေးဘို့ လိုသေးတယ်” ဟု ဦးဇော်ဦးက ပြောသည်။

ဆိုင်ကလုံး ဒုက္ခသည်များကို ကူညီရန် လိုအပ်သည်ဟု ခန့်မှန်း တွက်ချက်ထားသည့် အမေရိကန်ဒေါ်လာ ၆၉ ဒဿမ ၅ သန်းအနက် ယခုအထိ ၄၅ ရာခိုင်နှုန်းကိုသာ လက်ခံရရှိသေးသည်ဟု ကုလသမဂ္ဂ၏ အဆိုအရ သိရသည်။

လော်ဘီ အဖွဲ့တခုဖြစ်သည့် မြန်မာနိုင်ငံဆိုင်ရာ ယှဉ်ပြိုင် အာဆီယံကွန်ရက် (AltASEAN) ၏ ညှိနှိုင်း ဆက်သွယ်ရေးမှူး ဒက်ဘီစတော့ဟတ် (Debbie Stothard) ကမူ မြန်မာ စစ်အစိုးရ၏ ပြုမူ ဆောင်ရွက်ပုံများသည် နိုင်ငံတကာ အလှူရှင်များ၏ မုန်တိုင်း ဒုက္ခသည်များကို ကူညီ ထောက်ပံ့ပေးလိုစိတ်ကို ရှုပ်ထွေးသွားစေသည်ဟု ဆိုလိုက်သည်။

“အတော်များများက သူတို့ ဘယ်လောက်ပေးပေး၊ အမှန်တကယ် လိုအပ်နေတယ်ဆိုတဲ့ လူတွေဆီ ရောက်မှာ မဟုတ်ဘူးလို့ စိုးရိမ်နေကြတာ” ဟု စတော့ဟတ်က ဆိုသည်။

နိုင်ငံတကာ အကူအညီများ လက်ခံရာ၌ စစ်အစိုးရဘက်မှ နှေးကွေးနေခြင်းနှင့် ဝန်လေးနေခြင်းတို့ကို စတော့ဟတ်က ပြစ်တင် ပြောကြားသည်။ ဤအချက်သည် ဒုက္ခသည်များကို အမှန်တကယ် ကူညီလိုစိတ် မရှိကြောင်း ပြသနေသည်ဟုလည်း သူမက ဆိုသည်။

“နအဖ က ဆိုင်ကလုံးအကြောင်းပြုပြီး ငွေဖန်ချင်နေတာတော့ ဒီတခါ အတော်ထင်ရှားတယ်” ဟု တိုင်းပြည်ကို အုပ်ချုပ်ရန် စစ်အစိုးရ ဖွဲ့စည်း ထားသည့် အဖွဲ့ဖြစ်သော SPDC ကို ရည်ညွှန်းကာ စတော့ဟတ်က ပြောကြားသွားသည်။

ဆိုင်ကလုံးအလွန် ကာလသည် စစ်အစိုးရကြောင့် ပိုမို ဆိုးရွားသွားခဲ့ရကြောင်းလည်း သူမက ဆက်ပြောသည်။

“ဆိုင်ကလုံးမုန်တိုင်း မတိုက်ခင်ကရော၊ မုန်တိုင်းတိုက်ပြီးမှရော အကြီးဆုံး ပြဿနာက (SPDC) ပဲ” ဟု စတော့ဟတ် က ဆိုသည်။
Rest of your post

No comments: