စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Wednesday, June 25, 2008

လပ္ပတ္တာနယ်၏ စီးပွားရေး ယခုနှစ် နာလန်မထူနိုင်

ကိုသက် ဇွန် ၂၅၊ ၂၀၀၈

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့် ဆားလုပ်ငန်းများ အချိန်ကိုက်ပြန်လည်မလုပ်နိုင်သဖြင့် လပ္ပတ္တာမြို့နယ်၏ စီးပွားရေး အခြေအနေသည်လည်း ယခုနှစ်အတွင်း နာလန်ထူနိုင်မည် မဟုတ်ကြောင်း ဒေသခံများက ဧရာဝတီကို ပြောသည်။

လပ္ပတ္တာမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ ဆားလုပ်ငန်း၊ ရေလုပ်ငန်းနှင့် ကုန်ရောင်းကုန်ဝယ် လုပ်ငန်းများကို အဓိကထားလုပ်ကိုင်သည့် ဒေသဖြစ်ပြီး နာဂစ် မုန်တိုင်းတိုက်ခတ်အပြီး ၂ လ နီးပါးအထိ ရေလုပ်ငန်းတချို့မှလွဲ၍ ကျန်လုပ်ငန်းများ ပြန်မစနိုင်သေးပေ။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။

“လာမယ့်နှစ်အတွက် ဆားလုပ်ဖို့က မလွယ်ဘူး၊ ငွေးကြေးစရိတ်တွေက များတယ်။ ဆားဖိုတွေမှာ အရင်းအနှီးမရှိတော့ဘူး။ ဆားဖိုတွေက ဆားလှမ်းတဲ့လူအများစုကလည်း မုန်တိုင်းတိုက်လို့ သေကုန်ပြီ။ ဆားလှမ်းတဲ့လူတွေက အထက်မြန်မာပြည် ဘက်က လာလုပ်ကြတာများတယ်” ဟု လပ္ပတ္တာနယ်ခံတဦးက ပြောသည်။

ဆားဖိုတဖိုတွင် ဆားလှမ်းသည့်လုပ်သား ၅၀ မှ ၆၀ ခန့်အထိရှိကြသည်ဟုလည်း အဆိုပါဒေသခံက ပြောသည်။

ဆားချက်လုပ်ငန်းကို နှစ်စဉ် မိုးရာသီကုန်ချိန်တွင် စတင်လေ့ရှိပြီး ယခုနှစ်အတွက်သိုလှောင်ထားသည့် ဆားအားလုံးနီးပါး သည် မုန်တိုင်းကြောင့် ပျက်စီးသွားသည်။ လပ္ပတ္တာဒေသမှထွက်သည့် ဆားပမာဏသည် တနိုင်ငံလုံးအတိုင်းအတာ၏ လေးပုံတပုံရှိကြောင်း သိရသည်။

“ဆားဈေးက ပိဿာတရာကို ကျပ်သိန်း ၄၀ ကနေတက်သွားလိုက်တာ မုန်တိုင်းတိုက်ခါနီးမှာ သိန်း ၂၀၀ အထိ တက်သွား တယ်၊ တခါမှမကြုံဖူးဘူး။ ဒီနှစ်က ဆားအထွက်လည်းနည်းတော့ ရှိတဲ့ဆားတွေကို လှောင်ထားကြတာ မုန်တိုင်းတိုက်တော့ အကုန်ပါတော့တာပဲ” ဟုလည်း လပ္ပတ္တာနယ်ခံက ပြောသည်။

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့်ပတ်သက်၍ လပ္ပတ္တာဒေသရှိ လယ်မြေ ၈၀ ရာခိုင်နှုန်းသည် ယခုအချိန်အထိ စပါးစိုက်ရန် မထွန်ရသေးကြောင်း လပ္ပတ္တာမြို့ခံ ဒေါက်တာ အေးကြူက ပြောသည်။

“လယ်ထွန်ဖို့ အခုအချိန်အထိ ဘာထွန်စက်မှမရကြသေးဘူး၊ ရယက နဲ့ စက်မှုလယ်ယာဌာနရယ်ပေါင်းပြီး တသိန်းခွဲပေးရင် ပေးမယ်လို့ပြောတယ် … နောက်တော့ အလကားပေးမယ်ပြောတယ်၊ လက်တွေ့ကျတော့ မရဘူး၊ အဲဒီလိုတွေဖြစ်နေတယ်။ အစိုးရပေးတဲ့ စပါးမျိုးကိုလည်း စိတ်မချကြဘူး၊ အနံ့တွေနံပြီး ကြည့်ရတာ ဖွယ်တယ်တယ်နဲ့ … ပျိုးပြီးမှ ဒုက္ခရောက်မှာစိုးလို့ အခုမှမျိုးရှာနေတဲ့လူတွေလည်းအများကြီးလို့ လယ်သမားတယောက်က ပြောတယ်” ဟု ဒေါက်တာ အေးကြူက ပြောသည်။

အရည်အသွေးကောင်းမွန်သော ထိုင်းနိုင်ငံထုတ် လက်တွန်းလယ်ထွန်စက်များသည် လယ်သမားများအတွက် အသုံးတည့် သော်လည်း တန်ဖိုးမှာ ကျပ်သိန်း ၂၀ ကျော်သဖြင့် ကျပ် ၈ သိန်းမှ ၁၀ သိန်းအကြား တန်ဖိုးရှိသည့် တရုတ်နိုင်ငံထုတ် လက်တွန်းလယ်ထွန်စက်များကိုသာ အားထားနေရကြောင်း သိရသည်။

လပ္ပတ္တာမြို့နယ်အတွင်းရှိပြည်သူများ ဘေးဒုက္ခမျိုးစုံနှင့်ကြုံတွေ့နေရသော်လည်း မြို့ပေါ်နေလူတချို့အတွက် အလုပ်အကိုင် နှင့် စီးပွားရေးအခွင့်အလမ်း ရရှိလာသည်ကိုလည်း တွေ့မြင်ရသည်။

ကမ္ဘာ့ကုလသမဂ္ဂ အပါအ၀င် ပြည်တွင်းပြည်ပမှ အန်ဂျီအို အဖွဲ့အစည်းများနှင့် ၎င်းတို့၏၀န်ထမ်းများသည် မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းများလုပ်ကိုင်ရန် လပ္ပတ္တာမြို့၌ ရုံးခန်းများဖွင့်လှစ်လုပ်ကိုင်နေကြသဖြင့် တည်းခိုခန်းများ၊ စားသောက်ဆိုင်များအဆင်ပြေသကဲ့သို့ အဆိုပါအဖွဲ့အစည်းများတွင် အလုပ်ရကြသည့် လူငယ်တချို့လည်း အဆင်ပြေကြ သည်ဟု ဒေါက်တာ အေးကြူက ပြောသည်။

“အန်ဂျီအို ရုံးတွေမှာအလုပ်ရတဲ့လူငယ်တွေကတော့ အတော်လေးအဆင်ပြေပါတယ်၊ လူများစုတော့မဟုတ်ဘူးပေါ့ … လစာလည်းကောင်းကြတယ်။ တခြားလူတွေကတော့ ဘာမှလုပ်စရာမရှိဘူး၊ မြို့ရဲ့ဖွံ့ဖြိုးမှုလည်းမရှိဘူး၊ အရောင်းအ၀ယ် လည်း မရှိဘူး” ဟု ဒေါက်တာအေးကြူက ဆက်ပြောသည်။
Rest of your post

No comments: