စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Wednesday, June 25, 2008

စစ်အစိုးရတွင်း အပြောင်းအရွှေ့များ နောက်ကွယ်တွင် ဘာတွေရှိသလဲ

မုံပီး
အင်္ဂါနေ့၊ ဇွန်လ 24 2008 18:22 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မြန်မာစစ်အစိုးရသည် အဓိကကျသော တပ်မတော်အရာရှိ အများအပြားကို အစဉ်အလာ မရှိဘဲ ရုတ်တရက် အပြောင်းအရွှေ့ များ ပြုလုပ်လိုက်ပြီး အရာရှိငယ်များကိုလည်း စစ်တိုင်းမှူး ရာထူး နေရာများတွင် တိုးမြှင့်ခန့်ထားလိုက်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အနည်းဆုံး ငယ်ရွယ်သော တပ်မတော်အရာရှိ ၄ ဦးကို စစ်တိုင်းမှူး ရာထူးသို့ တိုးမြှင့် ခန့်ထားလိုက်သည့် အပြောင်းအလဲသည် ထူးခြားမှုရှိပြီး၊ ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပမည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲအတွက် ရည်စူးပြုလုပ်ပုံ ရသည်ဟု အကဲခတ်များက ထင်မြင်ယူဆကြသည်။

လျှို့ဝှက် သိပ်သည်းလှသော စစ်အစိုးရအနေဖြင့် ဤသို့ ရာထူး အပြောင်းအလဲများကို အခါအားလျော်စွာ ပြုလုပ်လေ့ ရှိသော်လည်း ဤသို့ အရာရှိ ၂ဝဝ ခန့်ကို အပြောင်းအလဲ လုပ်လိုက်ခြင်းမှာမူ သက္ကရာဇ် ၂ဝ၁ဝ ခုနှစ်အလွန် ကာလအတွက် ရည်ရွယ် ပြုလုပ်ပုံရသည်ဟု တရုတ်နိုင်ငံ အခြေစိုက် မြန်မာလူမျိုး စစ်ရေး အကဲခတ်တဦးက ပြောကြားသည်။

“ဒီတခါအနည်းဆုံး ၂ဝဝ လောက် အပြောင်းအရွှေ့ လုပ်တာဆိုတော့ တကယ် ထူးခြားတယ်ဗျ” ဟု တရုတ်မြန်မာ နယ်စပ်အခြေစိုက် အကဲခတ် တဦး ဖြစ်သည့် ဦးမြမောင်က ပြောသည်။

စစ်အစိုးရ အနေဖြင့် သူ၏ အာဏာချုပ်ကိုင်သော ယန္တရားတွင် ‘သွေးသစ်’ လောင်းပေးသည် ဆိုသည်မှာ သေချာသော်လည်း ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် အစိုးရသစ် ပုံစံတရပ်အတွက် ရည်စူးပြင်ဆင် ဆောင်ရွက်သည့်သဘော ပိုမိုသက်ရောက်သည်။ ဤ ရွေးကောက်ပွဲသည် စစ်အစိုးရ ကြေညာထားသည့် ဒီမိုကရေစီသို့ သွားရာ အဆင့် ၇ ဆင့်ပါ လမ်းပြမြေပုံတွင် အဆင့် ၅ ဖြစ်သည်။

“ဒါ သူ့တပ်တွင်း မျိုးဆက်သစ်အတွက် စစ်အစိုးရ လမ်းဖွင့်ပေးတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ စစ်အစိုးရမှာ တခြား အစီအစဉ်တွေလည်း ရှိနိုင်သေးတယ်။ အခုဟာက ပြင်ဆင်နေတဲ့ဟာ ဖြစ်နိုင်တယ်” ဟု ဦးမြမောင်က ဆက်သည်။

အဓိကကျသော စစ်တိုင်းမှူး ၄ ဦးကို ကာကွယ်ရေး အထူးစစ်ဆင်ရေးမှူး (ကစထ) ရာထူးနေရာများသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရန် စစ်အစိုးရက အမိန့်ပေးထားကြောင်း စစ်တပ်သတင်း ရပ်ကွက်များက ပြောသည်။

ကထစမှူးဟောင်း ၄ ဦးကို အငြိမ်းစား ယူခွင့်ပြုလိုက်ပြီး သူတို့နေရာတွင် အဆိုပါ အသစ် ပြောင်းရွှေ့လာမည့် အရာရှိများက တာဝန်ယူသွားမည် ဖြစ်သည်။ တြိဂံတိုင်း၊ အရှေ့ပိုင်းတိုင်း၊ တောင်ပိုင်းတိုင်း၊ မြောက်ပိုင်းတိုင်းနှင့် ရန်ကုန်တိုင်း တိုင်းမှူးများကို ရာထူး တိုးမြှင့်ပေးလိုက်သည်။

“စစ်အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တရားအတွင်းမှာ သွေးသစ်လောင်းတယ် ဆိုပေမဲ့ ကစထမှူးတွေကိုပါ ပြောင်းပစ်လိုက်တာ ကတော့ အတော် ထူးခြားတယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး အကဲခတ် ဦးဝင်းမင်းက ပြောကြားလိုက်ပါသည်။

ဤအပြောင်းအရွှေ့များသည် စစ်အစိုးရ ထိပ်ပိုင်းအရာရှိကြီး ၂ ဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ အကြား အာဏာ လွန်ဆွဲပွဲ၏ ရလဒ် ဖြစ်နိုင်ကြောင်းလည်း သူက ဆက်ပြောသည်။

“အခု အပြောင်းအရွှေ့တွေက သန်းရွှေရဲ့ အာဏာကို ပိုပြီး ခိုင်မြဲသွားစေလိမ့်မယ်။ အဓိက မဟာဗျူဟာကျတဲ့ ရာထူးတွေကို ထိန်းချုပ်ထားနိုင်တဲ့ အရာရှိအများစုက သူ့သစ္စာတော်ခံတွေလေ” ဟု ဦးဝင်းမင်းက ဆိုသည်။

မည်သို့ပင်ဖြစ်စေ စစ်အစိုးရ၏ ဤအပြောင်းအလဲများသည် အထွေထွေ ရွေးကောက်ပွဲသစ်အပြီး ပေါ်ပေါက်လာမည့် အစိုးရ ပုံစံသစ်တရပ် အတွက် ပြင်ဆင်ဆောင်ရွက်ခြင်း မဟုတ်ဟုမူ မဆိုနိုင်ကြောင်းလည်း ဦးဝင်းမင်းက ဆက်ပြောသည်။

စစ်အစိုးရ၏ ဒီမိုကရေစီသို့ သွားရာ လမ်းပြမြေပုံအရ ဆိုလျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတည်ပြုပြီးလျှင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရ မည် ဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲပြီးလျှင် ရွေးကောက်ပွဲ အနိုင်ရပါတီက ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ တိုင်းပြည်ကို အုပ်ချုပ်သွားရမည် ဖြစ်သည်။

အဆိုပါ အထွေထွေ ရွေးကောက်ပွဲသစ်ကို ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပမည်ဟု စစ်အစိုးရက ဖေဖေါ်ဝါရီလတွင် ကြေညာခဲ့သော်လည်း ရက် အတိအကျကိုမူ သတ်မှတ်ဖော်ပြခြင်း မရှိသေးပါ။

ဝေဖန်သူများကမူ စစ်အစိုးရ၏ လမ်းပြမြေပုံကို ဝေဖန် တိုက်ခိုက်လိုက်ကြပြီး၊ ဖွဲ့စည်းပုံ အခြေခံ မူကြမ်းမှာလည်း အားလုံး ပါဝင်မှုမရှိဘဲ ရေးဆွဲ ထားခြင်း ဖြစ်ပြီး၊ ဖွဲ့စည်းပုံ အတည်ပြုသည့် ဆန္ဒခံယူပွဲ ကျင်းပရာတွင်လည်း မဲလိမ်မှုများ ရှိခဲ့သည်ဟု ဝေဖန် ပြောဆိုကြသည်။

“ရွေးကောက်ပွဲအပြီး ပေါ်လာမယ့် အုပ်ချုပ်မှုအသစ်အတွက် စစ်အစိုးရ တဖြေးဖြေး ပြင်နေပုံရတယ်” ဟု ဦးဝင်းမင်းက ပြောသည်။

တရုတ်-မြန်မာ နယ်စပ်အခြေစိုက် အကဲခတ် ဦးမြမောင်ကမူ စစ်အစိုးရသည် တိုက်ရိုက် စစ်အာဏာရှင်စနစ်မှ အရပ်သား အာဏာရှင်စနစ် ပုံစံသစ်တရပ်သို့ ပြောင်းလဲနေခြင်းသာ ဖြစ်ကြောင်းနှင့် ဤပုံစံကို သူ့ရှေ့မှ အာဏာရယူခဲ့သူ ဗိုလ်ချုပ်ကြီး နေဝင်းက ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ထိရောက်စွာ ကျင့်သုံး အကောင်အထည် ဖော်ခဲ့ကြောင်းလည်း ပြောဆိုသည်။

“ဒါကြောင့် စစ်အစိုးရက အဓိကကျတဲ့ ပုဂ္ဂိုလ်တချို့ကို အနားပေးပြီး အရပ်သားဝန်ကြီး အဖွဲ့တဖွဲ့ကို ဖွဲ့စည်း၊ ဒီဝန်ကြီးအဖွဲ့ကမှ တိုင်းပြည်ကို တကယ် အုပ်ချုပ်သွားမယ့် ပုံရှိတယ်” ဟု ဦးမြမောင်က ဆိုသည်။

သို့သော် ဝါရင့် မြန်မာ့နိုင်ငံရေး အကဲခတ်တဦးဖြစ်သည့် ဦးဘိုဘိုကျော်ငြိမ်းကမူ ယခုအချိန်တွင် မည်သည့် ကောက်ချက်မျိုးကိုမဆို ချမှတ်ရန်မှာ စောလွန်းနေသေးကြောင်းနှင့် စစ်အစိုးရ လှမ်းမည့် နောက်ခြေလှမ်းကို စောင့်ကြည့်ရန် လိုသေးကြောင်း ပြောကြားသွားသည်။

“ဒီအပြောင်းအရွှေ့တွေဟာ ထူးခြားတယ် ဆိုတာတော့ သေချာပါတယ်။ ဒါပေမဲ့ နိုင်ငံရေးမှာ စစ်အစိုးရရဲ့နောက် ခြေလှမ်းကို စောင့်မကြည့်ဘဲ ကောက်ချက်ချတာတော့ စောလွန်းတယ်” ဟု ဦးဘိုဘိုကျော်ငြိမ်းက ပြောကြားလိုက်ပါသည်။

Rest of your post

No comments: