စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Wednesday, June 25, 2008

နာဂစ်က ပေးသွားတဲ့ ရောဂါ … အရေပြားရောဂါ …

ကြည်ဝေ ဇွန် ၂၅၊ ၂၀၀၈

အသက် သုံးဆယ်ကျော် မိန်းမတယောက်သည် ၃ နှစ်အရွယ်ကလေးငယ်ကို ချီလျက် တဲကလေးကို ငုံ့ပြီးဝင်လာ လေသည်။ အမျိုးသမီး တကိုယ်လုံးမိုးရေများဖြင့် ရွှဲရွှဲစိုလျက်ရှိသည်။ လုံချည်ကလည်း အနားတွင် ရေတစက်စက် ကျနေပြီး ဖိနပ် မပါသော ခြေဖျားတို့တွင် ပဲကြီးရေစိမ်တွန့်သလို ဖြူဖပ်ဖြူရော် ရှုံ့တွန့်နေကြသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နဂိုက အသားခပ်ညိုညိုတွင် ပေရေညစ်ပတ်နေသောကြောင့် ညစ်ထပ်ထပ်ကလေး ဖြစ်နေသော ကလေးငယ်သည် ခေါင်းတွင်ဦးထုပ်တလုံးကို စောင်းထားသော်လည်း ၀တ်ထားသော အင်္ကျီကလေးမှာ မိုးရေကြောင့် အသားနှင့် ကပ်ပြီး လှိုင်းတွန့်ထနေလေသည်။

ဒေါက်တာ သီဟကျော်သည် သူတို့သားအမိကို စိတ်မသက်သာစွာ ပြုံးပြလိုက်ရင်း ထိုင်ပါ ဟုဆိုလိုက်သောအခါ အမျိုးသမီး သည် ကလေးကိုလက်ပြောင်းချီလိုက်ပြီး ဒေါက်တာသီဟကျော် ရှေ့မှ ကုလားထိုင်ပေါ်တွင် ခပ်ရို့ရို့ ၀င်ထိုင်ကာ ကလေးကို ပေါင်ပေါ်တင်ထားလိုက်လေသည်။

သူတို့သားအမိဝင်ထိုင်လိုက်သည်နှင့်ပင် အမျိုးသမီး၏လက်မှ ၀ဲစိုများ၊ ကလေး၏ကိုယ်ပေါ်မှ ၀ဲတချို့နှင့် အဆုတ် အအေးမိ နေသော လက္ခဏာတချို့ကိုလည်း သတိပြုလိုက်မိလေသည်။

ဒေါက်တာသီဟကျော်သည် သက်ပြင်းချလိုက်သည်။ ဒီရွာမှ လူအတော်များများတွင် ၀ဲများပေါက် နေ၍ တချို့မှာ အာဟာရ ချို့တဲ့ကာ အအေးမိရောဂါ၊ အသက်ရှုလမ်းကြောင်း ပိုးဝင်သော ရောဂါများလည်း ခံစားနေကြရသည်ကို တွေ့ရသည်။

သူသည် သူမြင်တွေ့နေရသော လူနာများအတွက် အမိုးအကာ လုံလုံခြုံခြုံနှင့် ဆေးပစ္စည်းများ ပြည့်စုံသော ဆေးရုံများကို စိတ်တွင်းမှ ပြင်းပြင်းထန်ထန် တောင့်တမိလေသည်။

အမှန်တကယ်တော့ ဒေါက်တာ သီဟကျော်မှာ နာဂစ်မုန်တိုင်းသင့်ဒေသများသို့ လိုက်လံကုသပေးလျက်ရှိသော စေတနာ့ ၀န်ထမ်းဆရာဝန်များအဖွဲ့ တခုမှ ဆရာဝန်တဦးသာဖြစ်သည်။

သူ့အနေနှင့် မုန်တိုင်းသင့်ဒေသ အတော်များများကိုရောက်ခဲ့ပြီးပြီ။ သူတို့အဖွဲ့သည် ဧရာဝတီတိုင်းအတွင်းရှိ မုန်တိုင်းသင့် ဒေသများဖြစ်သော ဘိုကလေး၊ ဖျာပုံ၊ ဒေးဒရဲ၊ လပွတ္တာနှင့် အနီးအနားရှိ ရွာများသို့ မော်တော်ဘုတ် နှင့်နယ်လှည့်ဆေးကု သပေးခဲ့ပြီး ယခုအခါ ရန်ကုန်တိုင်းအတွင်းသို့ ပြန်ဝင်လာခဲ့ခြင်းဖြစ်သည်။

သူတို့အဖွဲ့တွင် မီးယပ်နှင့်သားဖွားအထူးကု ဆရာဝန်ကြီး ၁ ဦး၊ အထွေထွေရောဂါကု သမားတော်ကြီး ၁ ဦးနှင့် ဒေါက်တာ သီဟကျော်တို့လို လူငယ် အထွေထွေရောဂါကု ဆရာဝန် ၄ ဦး၊ သူနာပြုဆရာမ ၂ ဦးနှင့် အကူ ကျန်းမာရေးစေတနာ့ ၀န်ထမ်း ၄ ဦးပါဝင်သော အဖွဲ့ဖြစ်သည်။

ယခုသူတို့အဖွဲ့ရောက်နေသော နေရာမှာ ကော့မှူးမြို့နယ် ဆင်ခြံရွာဖြစ်သည်။ ထိုရွာသည် မုန်တိုင်းဖြစ်စဉ်က ရွာထဲသို့ ရေ၀င်ပြီး ၄ ရက်တိုင်တိုင် ရေပြန်မဆင်းခဲ့သောကြောင့် ရွာသားများမှာ ရေထဲတွင် နေကြရသော ရွာဖြစ်ကြောင်းသိရသည်။

ထို့ကြောင့်လည်း လာသမျှ ကလေးနှင့် လူကြီးတိုင်းလိုလိုတွင် ၈၀ ရာခိုင်နှုန်းလောက်က ၀ဲပေါက်နေကြတာကို တွေ့မြင်ရ ခြင်းဖြစ်သည်။ တချို့ဆိုလျှင် ၀ဲကြီးများက ခြေထောက်များနှင့်လက်များတွင်ပြွတ်သိပ်နေပြီး အနံ့ အသက်ပင် မကောင်း တော့။ သောက်ဆေးပေးရုံဖြင့် မရတော့ဘဲ ဆေးထိုးသင့်တဲ့သူ တော်တော်များများတွေ့ ရပြီး တချို့ကလည်း ပြည်တည် နာများပေါက်လျက်ရှိသည်ကို တွေ့ရသည်။

"သူတို့အနာတွေက သေချာအချိန်ယူပြီး ကုပေးမှ ပျောက်မယ့်အနေအထားဖြစ်နေတယ်၊ ပြီးတော့ သူတို့တွေ အားလုံး လုံလုံခြုံခြုံ နွေးနွေးထွေးထွေးနဲ့ နေသင့်ပေမယ့် သူတို့ နေနေကြတာက အမိုးအကာ မလုံမခြုံနဲ့ဗျာ၊ သူတို့မှာ ခြင်ထောင် တောင်မရှိကြဘူး" ဟု ဒေါက်တာ သီဟကျော်က စိတ်မကောင်းသော မျက်နှာမျိုးဖြင့် လေသံ တိုးတိမ်စွာ ပြောဆိုခဲ့သည်။

သူရောက်ရှိခဲ့သော မုန်တိုင်းသင့်ဒေသများမှ ကျေးရွာများတွင် ထိုရွာလို တရွာလုံး ၀ဲပေါက်သူများကိုတွေ့မြင်ရသလို၊ ကာလ၀မ်းရောဂါပုံစံ ၀မ်းပျက်ဝမ်းလျှောဖြစ်သူများ၊ အသက်ရှုလမ်းကြောင်းပိုးဝင်နေသူများ၊ အာဟာရ ချို့တဲ့ နေသူများနှင့် အအေးမိနေသူများလည်း တွေ့ရကြောင်း၊ တချို့မှာ ဆေးရုံတင်ပြီး ထိုးဆေးထိုးကာ စနစ် တကျ ကုသမှု ခံယူရန် လိုအပ်သော အနေအထားမျိုးဖြစ်လျက်ရှိကြောင်း သူက ပြောဆိုသည်။

ထို့ကြောင့်လည်းသူ့အနေနှင့် ထိုဒေသများတွင် ဆေးပစ္စည်းများနှင့် ပြည့်စုံသော၊ နွေးထွေးလုံခြုံသော၊ လူနာ အမြောက် အများဆန့်သော ဆေးရုံဆေးခန်းများကို တောင့်တမိခြင်းဖြစ်ကြောင်းပြောပြခဲ့သည်။

ဒေါက်တာသီဟကျော်က လူတိုင်းကို နွေးနွေးထွေးထွေးလုံလုံခြုံခြုံရှိသော အမိုးအကာများအောက်တွင် ရှိစေ ချင် သလို၊ တခြားသောနယ်လှည့်ဆေးကုနေခဲ့သည့် ဆရာဝန် တဦးကလည်း မုန်တိုင်းသင့်ဒေသများမှ ရေများကို အမြန်ဆုံးနည်းဖြင့် သန့်စင်ပစ်ချင်သည်ဟု ဆိုသည်။

"ကျနော်ရောက်ခဲ့တဲ့ မုန်တိုင်းသင့်ဒေသတွေမှာ ရေ မသန့်တဲ့ပြဿနာတော်တော်ကြီးနေတာ တွေ့ရတယ်၊ ရေ သန့် စင်ပေး ဖို့က အဓိက လိုအပ်ချက်ဖြစ်နေတယ်" ဟု နယ်လှည့်ဆေးကုသခဲ့သော အဆိုပါ ဆရာဝန်က ဆို သည်။

နယ်လှည့်ဆေးကုရာတွင် လိုက်လံကူညီပေးခဲ့သူ စေတနာရှင်တဦးကလည်း မုန်တိုင်းသင့်မိသားစုများအနေနှင့် ရေကောင်း ရေသန်ရရရှိရန် ခက်ခဲမှုရှိပြီး မသန့်ရှင်းသော ရေများကိုပင် သုံးစွဲနေရကြောင်း၊ တချို့ကို သုံးစွဲမည် ဆိုလျှင် ကလိုရင်း ဖျော်ရည် ဖြင့် သတ်မှတ်ထားသော သုံးစွဲပုံအညွှန်းအတိုင်းသုံးစွဲရန် သင်ကြားပေးနိုင်ခဲ့သော် လည်း၊ သူတို့အဖွဲ့ အပါအ၀င် အဖွဲ့အတော်များများသည် မြို့နှင့် အလှမ်းဝေးသော ကျေးရွာများထိ သွားရောက် ရန် အားနည်းသောကြောင့် အကန့် အသတ်ရှိကြောင်း၊ ထိြု့ပင် အများစုမှာ ရေကို ကျိုချက်ရန်ပင် ထင်းမီးအခက် အခဲ၊ အိုးခွက် အခက်အခဲတို့ကြောင့် ဒီအတိုင်းသာ သုံးစွဲကြသည်ကိုတွေ့မြင်ရကြောင်း ပြောပြသည်။

မုန်တိုင်းသင့်ဒေသများတွင်နေထိုင်ကြသူများအနေနှင့် ဗဟုသုတပိုင်းဆိုင်ရာ အားနည်းချက်များရှိသည်မှာ မှန်သော်လည်း၊ သူတို့ဒေသတွင် ရေချို ရေသန့်မရှိခြင်း၊ မရရှိခြင်းတို့ကြောင့် အဆိုပါ မသန့်ရှင်းသော ရေများ ကိုပင် သောက်သုံးနေရခြင်းဖြစ်ကြောင်း သိရှိရသည်။

မုန်တိုင်းသင့်ဒေသများမှ ရေများကို နမူနာယူကာ ရန်ကုန်တိုင်း သာကေတမြို့နယ်တွင်ရှိသော ငါးလုပ်ငန်းဦးစီး ဋ္ဌာနပိုင် ဓာတ်ခွဲစမ်းသပ်ရေးဋ္ဌာနတွင် ရေများကို စစ်ဆေးကြည့်ခဲ့ရာ ရေထဲတွင် Coliform ပိုးနှင့် E. coli ပိုးများ ပါဝင်နေသည်ဟု အဖြေထွက်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဋ္ဌာန အရာရှိတဦးထံမှ ကြားသိရသည်။

အဆိုပါပိုးများ ပါဝင်နေသောကြောင့် ရေကို ကျိုချက်သောက်သုံးမှသာ အန္တရာယ်ကင်းနိုင်မှာဖြစ်ပြီး မုန်တိုင်းသင့် ဒေသများ မှ ရေများကိုသောက်သုံးရန်ပင်မဆိုထားနှင့် သုံးစွဲရန်ပင်မသင့်ကြောင်း ဆရာဝန်များက ပြောဆိုသည်။

ပြည်တွင်းအလှူရှင်တချို့က ဧရာဝတီတိုင်း မုန်တိုင်းသင့် ဒေသတချို့မှ ရေငန်ဝင်ရောက်ခဲ့သော သောက်ရေ ကန်များရှိ ရေများကို စက်များဖြင့်စုပ်ထုတ်ခြင်း၊ ရေသန့်စင်ပေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း ပြည်တွင်း ထုတ် ဂျာနယ်များတွင် ဖော်ပြကြသည်ကို တွေ့ရသည်။

ရေကန်များမှ မသန့်စင်သောရေများကို အခမဲ့ လိုက်လံ စုပ်ထုတ်ပေးနေသော ပြည်တွင်းစေတနာရှင် တဦးက ဧရာဝတီ တိုင်းရှိ ကမ်းရိုးတန်းဒေသအနီးမှ သောက်ရေကန်များကို ဦးစားပေး သန့်စင်လျက်ရှိသော်လည်း မသန့် စင်ရသေးသော ကျေးရွာများ ကျန်ရှိနေသေးကြောင်း၊ ထိုကျန်ရှိနေသော ရွာများတွင် ရေချိုရေသန့်ရရှိရန် အခက် အခဲရှိသည့်အတွက် ထိုမသန့်သောရေများကိုသာ သုံးစွဲနေလျှင် ရောဂါများ ဖြစ်ပွားနေဦးမှာ ဖြစ်ကြောင်း ပြောဆို သည်။

"အဲဒီ ဒေသတွေမှာ မသန့်ရှင်းသေးတဲ့ ရေတွေကိုမသုံးစွဲဖြစ်အောင် ၊ သူတို့မှာ ဒီရေကလွဲရင် တခြားသုံးစရာ ရေမရှိဘူး ဆိုတာမျိုးလည်း မဖြစ်ရအောင် အစိုးရက ပံ့ပိုးသင့်တယ်" ဟု ရေကန်များမှ မသန့်စင်သောရေများကို စေတနာဖြင့် အခမဲ့ လိုက်လံစုပ်ထုတ်ပေးနေသော ပြည်တွင်းစေတနာရှင် တဦးက သုံးသပ်သည်။
Rest of your post

No comments: