စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Wednesday, June 11, 2008

နာဂစ်မုန်တိုင်း မှတ်တမ်းတင်စီဒီများ မြ၀တီတွင် သိမ်းဆည်း



NEJ/ ၁၁ ဇွန် ၂၀၀၈

ထိုင်း-မြန်မာနယ်စပ် မြဝတီခရိုင်အတွင်း တဖက်နယ်စပ်မှ ဝင်ရောက်လာသည့် နာဂစ်မုန်တိုင်း မှတ်တမ်းတင် စီဒီများကို ဒေသခံ အာဏာပိုင်များက လိုက်လံရှာဖွေ သိမ်းဆည်းမှုများ ပြုလုပ် လျက်ရှိသည်။

ခိုလှုံရာမဲ့ မှတ်တမ်းစီဒီအား မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားအနီးရှိ ထိုင်းဘက်ကမ်း မြန်မာ လဖက်ရည်ဆိုင်တွင် မြန်မာအလုပ်သမားများ ကြည့်ရှုနေကြစဉ်



ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြဝတီမြို့ခံ ဝန်ထမ်းတဦးက “(၂) ရက်၊ (၃) ရက်ရှိပြီ။ မုန်တိုင်းမှတ်တမ်းစီဒီတွေ လိုက်ပြီးတော့ ရှာဖွေတာတွေ လုပ်နေတယ်။ စီဒီဆိုင်တွေကိုလည်း မကူးဖို့ မဖြန့်ဖို့ လိုက်ပြီးခြိမ်းခြောက်တာတွေ ရှိတယ်။ ဒါပေမယ့် တမြို့လုံးကတော့ သူ့နည်းသူ့ဟန်နဲ့ ကြည့်နေကြတာပဲ။ အထူးသဖြင့် အာဏာပိုင်အသိုင်းအဝန်းမှာဆို စစ်ဆေးရေးဂိတ်တွေမှာ ပေါ်ပေါ်ထင်ထင်ကြည့်တာတွေရှိတယ်” ဟု ပြောသည်။

မြဝတီခရိုင်အတွင်း ပျံ့နှံ့နေသည့် နာဂစ်မုန်တိုင်း စီဒီများမှာ နာဂစ် အမှတ် (၁၊ ၂၊ ၃) နှင့် ယခု ရက်ပိုင်းအတွင်း နောက်ဆုံးထွက်ရှိသည့် ခိုလှုံရာမဲ့ နာဂစ်မှတ်တမ်း စီဒီများဖြစ်သည်ဟု အဆိုပါ
ဝန်ထမ်းက ဆက်လက်ပြောကြားသည်။

ခိုလှုံရာမဲ့ မှတ်တမ်းစီဒီ ကြည့်ခဲ့သည့် မယ်တော်ဆေးခန်းရောက် လပွတ္တာမြို့မှ နာဂစ်ဒဏ် ခံရသူ တဦးက “ကြည့်ပြီးတော့ ဝမ်းနည်းမျက်ရည်ကျရသလို ဒေါသလည်း ထွက်မိတယ်။ ကျနော်တို့
ဘဝတွေကို အစိုးရက လူလိုသဘောမထားဘူး။ ဘဝဆက်တိုင်း မြန်မာနိုင်ငံသားတွေ ဒီလိုအစိုးရ မျိုးနဲ့ ကင်းဝေးပါစေလို့ပဲ ပြောချင်တယ်" ဟု ခေတ်ပြိုင်သို့ ပြောသည်။

ခိုလှုံရာမဲ့ မှတ်တမ်းစီဒီတွင် နာဂစ်လေဘေးဒဏ်ခံရသည့် ဒုက္ခသည်များအား နအဖဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က သွားရောက်တွေ့ဆုံရာတွင် “သဘာဝ ဘေးအန္တရာယ်ဆိုတာ ဘယ်သူမှ တားဆီးလို့မရဘူး။ သေဆုံးသွားတဲ့လူတွေကလည်း သူ့ကုသိုလ်ကံကြောင့် သေနေ့စေ့လို့ သေရ တာဖြစ်တယ်။ အသက်ရှင်ကျန်ခဲ့တဲ့ လူတွေကလည်း ကံကောင်းလို့ကျန်ခဲ့တာဖြစ်တယ်” ဟု ပြောကြားခဲ့သည်။

မယ်ကုအထည်ချုပ်စက်ရုံမှ မမီးမီးက “ဒီ မှတ်တမ်းစီဒီတွေ ကြည့်လိုက်မှပဲ အစိုးရရဲ့စိတ်ဓာတ်ကို ပိုပြီးတော့ ကွက်ကွက်ကွင်းကွင်း တွေ့ရတယ်။ မုန်တိုင်းလာမယ့်သတင်းကို သိရက်သားနဲ့ သတင်း မှန်မထုတ်ပြန်ဘဲ လူထုကို လိမ်တယ်။ လူသိန်းနဲ့ချီသေပြီး ဒီလောက်ဒုက္ခရောက်နေကြတဲ့အချိန်မှာ သူတို့အာဏာမြဲဖို့ လူထုဆန္ဒခံယူပွဲ လုပ်တယ်။ လေဘေးဒဏ်ခံရတဲ့ ဒုက္ခသည်တွေအတွက် နိုင်ငံ ခြားက လှူတဲ့ပစ္စည်းတွေကို ခိုးဝှက်ပြီး အလွဲသုံးစားလုပ်တယ်။ သူတို့ကိုယ်စား ရှက်လိုက်တာ” ဟု ပြောသည်။

ယခုပျံ့နှံ့နေသည့် နာဂစ်မှတ်တမ်းစီဒီ အမှတ် (၁၊ ၂၊ ၃) ကို တဖက်နယ်စပ်ရောက် စေတနာရှင် မြန်မာလူငယ်တစုက ဖြန့်ဝေခြင်းဖြစ်သည်။

(၂၇) မိနစ်ကြာသည့် နာဂစ်မှတ်တမ်း ခိုလှုံရာမဲ့ စီဒီအား လူ့အခွင့်အရေး ပညာပေးရေးဌာန (မြန်မာနိုင်ငံ) HREIB မှ ဖြန့်ဝေခြင်းဖြစ်ပြီး အလိုရှိသူများ ဖုန်းနံပါတ် ၀၈၇-၈၃၉၉၂၆၈ သို့ ဆက်သွယ်မှာယူနိုင်သည်။

မြန်မာနိုင်ငံတွင် မေလ (၂-၃) ရက်တွင် တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းနာဂစ်ကြောင့် လူပေါင်း (၁၃၃,၀၀၀) ကျော် သေပျောက်ခဲ့ရသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဧရာဝတီတိုင်းမှ လယ်သမားများ မျိုးစပါးမရှိသဖြင့် အခက်အခဲဖြစ်နေ


NEJ/ ၁၁ ဇွန် ၂၀၀၈


မုန်တိုင်းကြောင့် ဧရာဝတီတိုင်း စပါးအပျက်နှုန်းကို စစ်အစိုးရဘက်မှ လျော့လျော့ပေါ့ပေါ့ ပြောနေချိန်တွင် ဧရာဝတီတိုင်းမှ လယ်သမားများ မျိုးစပါးမရှိသဖြင့် မိုးစပါး အချိန်မီစိုက်ရန် အခက်အခဲဖြစ်နေသည်။
Fig:ဖျာပုံမြို့နယ်အတွင်းမှ ရေလွှမ်းနေသည့် လယ်ကွက်များ
ဖျာပုံမြို့နယ်တွင်းရှိ ကျေးရွာများမှ လယ်သမားများဆိုလျင် မျိုးစပါးမရသည့်အတွက် အခက်အခဲ ကြုံနေကြသည်။

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဖျာပုံမြို့နယ်မှ သောကြာရွာသား ကိုခင်မောင်လွင်က “အခုနှစ် မိုးရာသီ စပါးစိုက်ဖို့ မျိုးစပါးကို နီးစပ်ရာရွာတွေမှာ ၀ယ်ဖို့စုံစမ်းနေပါတယ်။ ဒါပေမယ့် ရောင်းမယ့်သူ မရှိဘူး။ ဒီအတွက် စပါး စိုက်ဖို့ကို စဉ်းစားလို့မရအောင် ဖြစ်နေတယ်” ဟု ပြောသည်။

ဖျာပုံမြို့နယ်တွင် နောက်ပြန်တိုး၊ စံပြ၊ စက်စု၊ သောကြာ၊ ကံဆိပ်၊ မငေးကြီး၊ အဖောင်၊ ဓမင်းဆိပ် စသည့် ကမ်းခြေဒေသရွာများရှိပြီး လယ်ယာလုပ်ငန်းနှင့် ရေလုပ်ငန်းများ လုပ်ကိုင်စားသောက် ကြသည်။

စပါးစိုက်ရန် မျိုးစပါး လိုအပ်မှုမှာ အဆိုပါရွာများရှိ လယ်ဧက၏ သုံးပုံတပုံခန့်ရှိပြီး မိမိတို့ အစီအစဉ် ဖြင့် အခြားဒေသများမှ မျိုးစပါးဝယ်ယူရန် ဆုံးဖြတ်ကြသော်လည်း လိုအပ်ချက် မပြည့်နိုင်ကြောင်း၊ အစိုးရက မျိုးစပါး မထောက်ပံ့ပါက လယ်ယာလုပ်ငန်း သုံးပုံနှစ်ပုံမှာ လုံးဝ စိုက်ပျိုးနိုင်မည် မဟုတ် ကြောင်း ဒေသခံ လယ်သမားများက ပြောသည်။

အိမ်ခြေ (၃၀၀) ကျော်ရှိသော ဖျာပုံမြို့နယ် ဓမင်းဆိပ်ရွာရှိ လယ်သမားကြီး ဦးအောင်တင်က “ကျနော်တို့ရွာမှာ လူအသေအပျောက် မရှိပေမယ့် အိမ်ခြေတွေ သုံးပုံနှစ်ပုံ အားလုံးပျက်တယ်၊ လယ်တွေရေငန်ဝင်တယ်၊ မျိုးစပါးတွေဆုံးရှုံးတယ်၊ လယ်ဧက ထောင်ကျော်ရှိတယ်။ အခု တချို့ လယ်သမားတွေက ထွန်ရေးစထားပြီ၊ ဒါပေမယ့် မျိုးစပါးကတော့ မရနိုင်သေးဘူး” ဟု ပြောသည်။

ထိုသို့ ပျက်စီးသွားသော လယ်ဧကများအတွက် ယခုနှစ် မိုးစပါးစိုက်ပျိုးနိုင်ရန် အချိန်မီပြင်ဆင်နေ ကြောင်း နအဖ အသံလွှင့်ဌာနများက ကြေညာလျက်ရှိသည်။

ရခိုင်ပြည်နယ်မှလည်း ရေငန်ဒဏ်ခံနိုင်သော မျိုးစပါး တင်း (၁၂,၀၀၀) ကျော်ကို ဧရာဝတီတိုင်းသို့ တင်ပို့ပေးကြောင်း ပြည်တွင်းသတင်းဂျာနယ်များက ရေးသားသည်။

ဖျာပုံမြို့နယ်အတွင်းရှိ ရွာအများစုမှ လယ်ယာမြေများမှာ ရေငန်များဝင်နေပြီး ရေငန်မ၀င်သော လယ်များအတွက် လယ်သမားများမှာ နီးစပ်ရာရွာများမှ မျိုးစပါးများ ရှာနေရကြောင်း သိရသည်။

ကျုံကျိုက်၊ ခနောင်၊ မှော်ဘီ၊ သမိန်ထော၊ ဘန့်ဘွေးစု၊ ကျီးနှစ်ပင်၊ သပြေကန် စသည့် ကျေးရွာ များရှိ လေဘေးသင့် ဒုက္ခသည် လယ်သမားများက နအဖ လက်အောက်ခံ ကြံ့ဖွံ့များက စပါးမျိုး ပေးမည်ဟု ပြောဆိုသံကြားရသော်လည်း လောလောဆယ် ၎င်းတို့သည် မျိုးစပါးအခက်အခဲထက် စားဝတ်နေရေး အခက်အခဲကို ပိုဦးစားပေးနေရကြောင်း ပြောသည်။

သို့သော် ယခုတိုင် ဖျာပုံမြို့နယ်တွင်းရှိ ကျေးရွာအုပ်စုပေါင်း (၅၄) အုပ်စုမှ ရွာများတွင် မျိုးစပါး အခက်အခဲရှိနေကြောင်း သိရသည်။

ဖျာပုံမြို့နယ်တွင် နာဂစ်မုန်တိုင်းကြောင့် လယ်ဧကအပျက်အစီးမှာ (၆) ရာခိုင်နှုန်းသာရှိသည်ဟု ဖျာပုံမြို့နယ် ကြံ့ဖွံ့အဖွဲ့ဝင်တဦးက ပြောသည်။ ဧရာဝတီတိုင်း စပါးစိုက်ဧက (၃) သန်းကျော် အနက် မုန်တိုင်းကြောင့် ဆိုးဆိုးရွားရွား ပျက်စီးသည့် စပါးစိုက်ဧက (၅) သိန်းကျော်ရှိပြီး ယခုနှစ် မိုးစပါးအမီ စပါးစိုက်ရန် မဖြစ်နိုင်တော့ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) က ပြောသည်။

ပြီးခဲ့သည့်မေ (၂၅) တွင် ရန်ကုန်၌ ကျင်းပခဲ့သည့် ကုလသမဂ္ဂနှင့် အာဆီယံတို့ ပူးတွဲ ကမကထ လုပ်သည့် လေဘေးအကူအညီများ ကတိက၀တ်ပြုသည့် ညီလာခံတွင် နာဂစ်မုန်တိုင်းကြောင့် ထိခိုက်နစ်နာခဲ့သော မြို့နယ် (၂၃) မြို့နယ်တွင် စပါးစိုက်ဧက (၂.၄၃) သန်းရှိသည့်အနက် မြေ ဧက (၅၄၃,၀၄၂) တွင် ဆားငန်ရေ၀င်ကာ ပျက်စီးသွားကြောင်း၊ ယင်းအတွက် စပါး မက်ထရစ် တန် (၀.၈) သန်း လျော့သွားမည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး
ဌာန ၀န်ကြီး ဦးစိုးသာက ပြောသည်။ ။



Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မြန်မာနိုင်ငံ ဆန်ရှားတော့မည်ဆိုသည့်ကိစ္စအပေါ် စစ်အစိုးရနှင့် ကုလကြား အငြင်းပွား

NEJ/ ၁၁ ဇွန် ၂၀၀၈

မြန်မာနိုင်ငံမှာ ဆန်ရှားတော့မည်ဆိုသည့်ကိစ္စကို စစ်အစိုးရဘက်က ငြင်းဆိုသော်လည်း ရန်ကုန် ဆန်ဈေးကွက် ထိပ်စဆန်ဈေးက (၂) နှစ်အတွင်း ရာခိုင်နှုန်း (၁၀၀) ကျော်ထိ ခုန်တက်သွား သည်ဟု ရန်ကုန် ဆန်ကုန်သည်များက ပြောသည်။

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဧရာဝတီတိုင်းမှာ မုန်တိုင်းဒဏ်ကြောင့် ပျက်ကုန်သည့်လယ်များ ယခုနှစ် မိုးစပါးစိုက်ပျိုးရန် မဖြစ်နိုင်တော့သည့်အတွက် ဧရာဝတီတိုင်းမှာ နောက်တနှစ်ထိ စားနပ်ရိက္ခာ အကူအညီ
လိုမည်ဟု ကုလသမဂ္ဂအဖွဲ့က သတိပေးပြီး မကြာခင် စစ်အစိုးရ၀န်ကြီး ဦးစိုးသာက ယခုကဲ့သို့ ပြန်လည်ချေပ ပြောဆိုခြင်းဖြစ်သည်။

ဧရာဝတီတိုင်း စပါးစိုက်ဧက (၃) သန်းကျော်အနက် မုန်တိုင်းကြောင့် ဆိုးဆိုးရွားရွား ပျက်စီးသည့် စပါးစိုက်ဧက (၁၆) ရာနှုန်းရှိပြီး ယခုနှစ် မိုးစပါးအမီ စပါးစိုက်ရန် မဖြစ်နိုင်တော့ကြောင်း ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ (FAO) က ပြောသော်လည်း ဧရာဝတီတိုင်း စပါးစိုက်ဧက မည်မျှပျက်စီးသည် ကိုမူ ၀န်ကြီး ဦးစိုးသာက ထုတ်ပြောခဲ့ခြင်းမရှိပေ။

ရန်ကုန် ဆန်ဈေးကွက်တွင် ပေါ်ဆန်းတအိတ်ကို ကျပ် (၃) သောင်းခွဲဝန်းကျင် ပေါက်နေ သည့်အတွက် လွန်ခဲ့သည့် (၂) နှစ် ယခုလဈေးထက် (၁၁၈) ရာခိုင်နှုန်းထိ ခုန်တက်သွား ခြင်းဖြစ်သည်။ ဆန်ကြမ်းဈေးကလည်း (၂) နှစ်အတွင်း (၅၀) ရာနှုန်းကျော် တက်သွားသည်။

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ပြောခွင့်ရသူတဦးက ယခင်က ရန်ကုန်သို့ ဆန်အ၀င်များသည့် ဧရာဝတီတိုင်းမှ ဆန်များ မ၀င်ရောက်နိုင်ကြောင်း
ဝန်ခံပြောဆိုသည်။

ဧရာဝတီတိုင်းမှာ မိုးစပါးလက်ကျန် နည်းသည့်အချက်၊ စစ်တပ်က တပ်ရိက္ခာစပါး အများအပြား
ဝယ်သည့်အချက်၊ မိုးစပါးပြတ်သွားသည့်အချက်၊ နှစ်တိုင်း ဆည်ရေသောက်စပါးနှင့် ဖူလုံနေသည့် စစ်ကိုင်းတိုင်းမှာ စပါးပြတ်သွားသဖြင့် အောက်ပြည်ကဆန် ၀ယ်စားနေရသည့် အချက်များမှာ မြန်မာနိုင်ငံ ပြည်တွင်း ဆန်ဈေးတက်ခြင်း၏ အဓိကအကြောင်းတရားများ ဖြစ်သည်ဟု ရန်ကုန် ဆန်ကုန်သည်ကြီးတဦးက ပြောသည်။

အထူးသဖြင့် ဧရာဝတီမှ ဆန်အ၀င်နည်းတိုင်း ရန်ကုန်မှာ ဆန်ဈေးမြောက်လေ့ရှိသည်။ ယခု ရန်ကုန်ပေါ်ဆန်းဈေး (၂) နှစ်အတွင်း (၁၁၈) ရာခိုင်နှုန်းထိတက်ခြင်းမှာ စံချိန်ဖြစ်သည်။
သို့သော် ရန်ကုန်မှာ ဆန်ဈေးတက်တိုင်း စစ်အစိုးရက ဈေးကွက်နှင့် မပတ်သက်သည့်
ကိစ္စများကို စွပ်စွဲခဲ့ဘူးသည်။

ရန်ကုန်မှာ ဆန်ဈေးတက်နေခြင်းသည် ပြည်ပမီဒီယာများ နိုင်ငံရေး ထိုးနှက်ချက်များကြောင့် ဖြစ်သည်ဆိုပြီး ၂၀၀၆ ခုနှစ်၌ မြန်မာနိုင်ငံ ဆန်စပါး လက်ကားကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးနဲ့အဖွဲ့က စွပ်စွဲပြောဆိုခဲ့သည်။ ထိုအချက်ကို ဆန်ကုန်သည်များက လက်မခံခဲ့ပေ။

စစ်အစိုးရ ၀န်ကြီး ဦးစိုးသာက မြန်မာနိုင်ငံမှာ မုန်တိုင်းလွန်ကာလ ဆန်ရှားပါးမှုမဖြစ်နိုင်ဟု ပြောနေချိန်တွင် ဧရာဝတီတိုင်းမှာ မိုးစပါး မစိုက်နိုင်ဖြစ်နေသည်။ ဇူလိုင်လကုန်ထိ စပါးပျိုး ထောင်မှု ပြီးပြတ်အောင်မလုပ်နိုင်လျှင် ဆန်အထွက် အကြီးအကျယ် ထိခိုက်ပြီး နောက်ဆုံး မြန်မာနိုင်ငံ၏ ဆန်ဖူလုံမှုပြဿနာကိုပါ တဖြည်းဖြည်း ထိခိုက်စေမှာဖြစ်သည်ဟု ဘန်ကောက် အခြေစိုက် FAO ဒေသဆိုင်ရာ ဒုတိယ ဌာနေကိုယ်စားလှယ် Hiroyuki Konuma ကလည်း သတိပေးထားသည်။ ။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မုန်တိုင်းဒုက္ခသည်တွေအတွက် အထောက်အကူပစ္စည်းတွေ ပြတ်လပ်နိုင်ဖွယ်ရှိ

11 June 2008

မြန်မာနိုင်ငံက နာဂစ်ဆိုင်ကလုံးမုန်တိုင်း ဒဏ်သင့်ခံရသူတွေအတွက် ထောက်ပံ့ရေး ပစ္စည်းတွေပေးပို့ဖို့ ယာဉ်တွေရပြီး ပစ္စည်း တွေပေးပို့နိုင်တော့မှာ ဖြစ်ပေမယ့်လည်း လာမယ့်သီတင်းပတ်တွေအတွင်းမှာပဲ ပေးပို့စရာပစ္စည်းတွေ ထပ်ပြီးလိုလာတော့မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြ ပေးထားပါတယ်။

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
လေဘေးဒဏ်ခံရသူတွေ တကယ်တမ်းလိုအပ်နေတဲ့ အမိုးအကာတွေ၊ စားနပ်ရိက္ခာ
တွေနဲ့ တခြားကယ်ဆယ်ရေးပစ္စည်းတွေဟာ လာမယ့်သီတင်းပတ်တွေအတွင်းမှာပဲ
ထပ်ပြီး ဒီ့ထက်ပိုလိုလာတော့မယ်လို့ အိုချာလို့ခေါ်တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှု
ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံးရဲ့ ပြောကြားချက်တွေကို အင်္ဂါနေ့မှာ ကုလသမဂ္ဂ
ရုံးချုပ်က သတင်းထုတ်ပြန်လိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး လက်ထောက်ပြောခွင့်ရ မစ္စ မာရီ အိုကာဘဲ
(Marie Okabe) က …

“ကူညီထောက်ပံ့မှုတွေ အဆက်မပြတ် လုပ်လာနိုင်ပေမယ့် ကုလသမဂ္ဂက ပေးအပ်တဲ့ စားနပ်ရိက္ခာအတွက် ရန်ပုံငွေဟာ ၂၁% သာရှိတာမို့ တကယ်လို့ ဇူလိုင်လလယ်
လောက်မှ နောက်ထပ်ရန်ပုံငွေ ထပ်မရရင် စားနပ်ရိက္ခာ အလျင်မပြတ် ဆက်ပြီး
ပေးနိုင်ဖို့ အခက်အခဲတွေ ဖြစ်လာတော့မယ်” လို့ ကုလသမဂ္ဂ ညှိနှိုင်းဆောင်ရွက်ရေးရုံး
(UNOCHA) ရဲ့ပြောဆိုချက်တွေကို မစ္စ အိုကာဘဲက တင်ပြခဲ့ပါတယ်။

နိုင်ငံတကာက အလှူရှင်တွေအနေနဲ့ အရေးပေါ်အကူအညီ တောင်းခံဖို့အတွက် တိုးပြီး
လှူကြဖို့လည်း မစ္စ အိုကာဘဲက တိုက်တွန်းလိုက်ပါတယ်။ အကူအညီတွေ အလျင်မပြတ်
ပေးဝေနိုင်ဖို့အတွက် အထူးလိုအပ်နေတဲ့ စားနပ်ရိက္ခာနဲ့ ထောက်ပံ့ပို့ဆောင်ရေးတွေ မပြတ်လပ်ဖို့အတွက် ငွေကြေးတွေ လိုအပ်နေသလိုပဲ ကျွမ်းကျင်ပညာရှင်တွေဖြစ်တဲ့
ဇလဘူမိဗေဒ ပညာရှင်တွေ၊ ရေဆိုးနုတ်ပယ်ရေးဆိုင်ရာ အင်ဂျင်နီယာတွေ အမြောက်
အမြားလည်း ဒီဒေသအတွက် ရေရှည်မှာ စနစ်တကျနဲ့ အကောင်အထည်ဖော်ရေး
အတွက် အရေးတကြီး လိုအပ်နေပါတယ်လို့လည်း ပြောကြားလိုက်ပါတယ်။

မုန်တိုင်းဒဏ် အပြင်းအထန်ခံရတဲ့ ဒေသတွေအတွက် ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့
(WFP) က လေယာဉ်တွေ အကူအညီပေးနိုင်တဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး
တော့လည်း …

“မုန်တိုင်းဒဏ် အပြင်းအထန်ခံရတဲ့နေရာတွေကို ကယ်ဆယ်ရေးပစ္စည်းတွေ ပေးနိုင်ဖို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) မှာ အခု ရဟတ်ယာဉ် ၆ စီး ရထားပါပြီ။ နောက်ထပ်
ရဟတ်ယာဉ် ၄ စီးဟာလည်း အခု မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံထဲမှာ ရှိနေပါပြီ။ ဒီသီတင်းပတ်အကုန်လောက်မှာ မြန်မာနိုင်ငံကို သွားနိုင်မယ်လို့ မျှော်လင့်ထားတာမို့
အခုဆိုရင် WFP က ရဟတ်ယာဉ် ၁၀ စီးနဲ့ အကူအညီတွေ ပေးနိုင်တော့မှာပါ” လို့
မစ္စ အိုကာဘဲက ပြောကြားပါတယ်။

အင်္ဂါနေ့အထိ WFP အဖွဲ့ကနေ စားနပ်ရိက္ခာတန်ချိန် ၁၀,၀၀၀ ကျော် ပေးပို့နိုင်ခဲ့တဲ့
အပြင် အစားအသောက်နဲ့ ကူညီရေးပစ္စည်းတွေဟာ ဒုက္ခသည် ၅၀၀,၀၀၀ လောက်
အတွက် ပေးပို့နိုင်ခဲ့တာပါလို့လည်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မုန်တိုင်းသင့် မြစ်ဝကျွန်းပေါ်ဒေသကို ကုလသမဂ္ဂ၊ နိုင်ငံတကာနဲ့ ဒေသခံ ကူညီရေးအဖွဲ့ ၈၆ ဖွဲ့က ကူညီသူ
တွေ သွားရောက်နိုင်ပြီဖြစ်တဲ့အပြင် ကုလသမဂ္ဂ နိုင်ငံတကာ ကူညီရေးဝန်ထမ်းပေါင်း
၁၈၀ အတွက် ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးခဲ့ပါတယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့်
ဒီကူညီသူတွေကို မြန်မာနိုင်ငံထဲမှာ နေထိုင်ခွင့် ၂ ရက်နေ ၃ ရက်အထိသာ ပေးခဲ့
တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက သန်းနဲ့ချီတဲ့ ဒုက္ခသည်တွေထဲမှာ အခု တလကျော်ကြာလာတဲ့အထိ
အကူအညီတွေ မရသေးတဲ့သူ ဒုနဲ့ဒေးရှိနေပြီး သွားရောက်ကူညီတဲ့ ပြည်ပကလူတွေ လက်လှမ်းမမီကြတဲ့အပြင် ပြည်တွင်းကလူတွေလည်း အဖမ်းခံရတဲ့လူတွေ၊ အတား
အဆီး အနှောင့်အယှက်မျိုးစုံ ကြုံတွေ့နေရတဲ့အဖြစ်ကို ကုလသမဂ္ဂက ဘယ်အတိုင်း
အတာအထိ သိပါသလဲလို့ မေးခွန်းမေးတဲ့အခါမှာတော့ …

“မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းက လူတွေအနေနဲ့ အချိန်နဲ့အမျှ ဒုက္ခ
သည်တွေကို ကူညီနိုင်ဖို့ပဲ ကြိုးစားနေရတာမို့ ဒုက္ခသည် ဘယ်အတိုင်းအတာကရပြီး
ဘယ်လိုပုံ အဆင်ပြေမှုတွေရှိလာပြီဆိုတဲ့ပုံတော့ မပေါ်သေးပါဘူး။ အခုအထိ အကူ
အညီတွေ ပေးနေရဆဲ ရှုပ်ရှုပ်ထွေးထွေး အခြေအနေမှာပဲ ရှိသေးတယ်” လို့ မစ္စ
အိုကာဘဲက ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် သေခြာတာတခုကတော့ ကယ်ဆယ်ကူညီရေးတွေ အခုထက်ထိ လုံလုံ
လောက်လောက် မပေးနိုင်သေးပါဘူးလို့ ဆိုပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေ
ဘက်ကတော့ ကယ်ဆယ်ကူညီရေးအတွက် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ လိုအပ်
မယ်လို့ တွက်ချက်ခဲ့ပါတယ်။ ကုလသမဂ္ဂ ညှိနှိုင်းဆောင်ရွက်ရေးရုံး အကြီးအကဲ
ဂျွန်ဟုမ်းစ် (John Holmes) ကတော့ မေလကုန် သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့ မုန်တိုင်းဒုက္ခသည်တွေအတွက် အကူအညီအလှူငွေ ဒေါ်လာ ၁၃၃ သန်းနဲ့ နောက်ထပ်
လှူမယ့်ငွေ သန်း ၁၀၀ ရှိပါတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံတွင်း
က မုန်တိုင်းဒုက္ခသည်တွေအတွက် တကယ်တမ်းရရှိတဲ့ အကူအညီတွေနဲ့ ပတ်သက်ပြီး
မစ္စတာဟုမ်းစ် နောက်တခါ သတင်းစာရှင်းလင်းပွဲလုပ်မှပဲ သိရမှာပါလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရက ပြောကြားခဲ့ပါတယ်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

သားဖြစ်သူ မူးယစ် ရောင်းဝယ်၍ ထိပ်တန်း ဗိုလ်ချုပ်ကြီးတဦး နှုတ်ထွက်ရတော့မည်


မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 11 2008 18:31 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ သားဖြစ်သူ တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများတွင် ပါဝင်နေခြင်းကြောင့် ကစထ (၁) မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်ကို နှုတ်ထွက်ခိုင်းထားသည်ဟု သတင်းများ ကြားသိရပါသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့် နှုတ်ထွက် စေလိုသည်ဟု ဆိုသည်။ “(ဒုတိယ ဗိုလ်ချုပ်ကြီး) ရဲမြင့် ဒီနေ့ (ဗုဒ္ဓဟူးနေ့) ဒါမှမဟုတ် မကြာခင် သွားတော့မှာပါ” ဟု စစ်အစိုးရနှင့် နီးစပ်သော သတင်းရပ်ကွက် တခုက မဇ္ဈိမကို ပြောကြားသွားပါသည်။ငြိမ်းချမ်းရေး အဖွဲ့များနှင့် ဆက်သွယ် ဆောင်ရွက်ရာ၌ တချိန်က ရဲမြင့်သည် သန်းရွှေ၏ အထူး ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးခဲ့ရသူ ဖြစ်သည်။ မက်တာ အင်ဖက်တမင်း ဆေးပြားများ အဓိက ထုတ်လုပ်သူ ဖြစ်သည့် ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) အပါအဝင် ငြိမ်းအဖွဲ့များကို မိမိအလိုအလျောက် လက်နက်စွန့်ရန် ဆက်သွယ် ပြောဆို ဆွေးနွေးခဲ့ရသူ ဖြစ်သည်။ (UWSA) သည် ပြည်တွင်း မူးယစ်ဆေးဝါး ဈေးကွက် အများစုကို ချုပ်ကိုင်ရန် ရည်ရွယ် ကြံစည်ခြင်း ဖြစ်သည်ဟု ထိုအမှုကို စုံစမ်းနေသော အဖွဲ့က သင်္ကာမကင်း ဖြစ်နေသည်ဟု ရန်ကုန်မြို့ရှိ မဇ္ဈိမ လျှို့ဝှက် သတင်းထောက်က သတင်း ပေးပို့ပါသည်။ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၏သား အောင်ဇော်ရဲမြင့်ကို မေလ နောက်ဆုံးအပတ်က ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ဤသတင်းကို မဇ္ဈိမက ဇွန်လ (၅) ရက်နေ့က စတင်ဖေါ်ပြခဲ့ပြီး ဖြစ်သည်။ ဤဖမ်းဆီး နှိမ်နင်းမှုတွင် ငယ်ရွယ်သော စီးပွါးရေးသမား တဦးလည်းဖြစ်၊ မြန်မာနိုင်ငံ၏ အချမ်းသာဆုံး စာရင်းဝင် တဦးလည်းဖြစ်သူ မောင်ဝိတ် လည်း အခြား ရုပ်ရှင်လောကမှ နာမည်ကြီး အနုပညာရှင်များနှင့်အတူ အဖမ်းခံခဲ့ရသည်။ စစ်ထောက်လှမ်းရေးနှင့် အထူး ရဲတပ်ဖွဲ့တို့က ကြည်မြင်တိုင် မြို့နယ်အတွင်းရှိ အောင်ဇော်ရဲမြင့်ပိုင် ရဲတံခွန် ဆောက်လုပ်ရေး ကုမ္ပဏီရုံးခန်းကို ဝင်ရောက် ရှာဖွေရာတွင် မူးယစ်ဆေးဝါးများ၊ သေနတ်တလက်၊ လက်ထိပ်များနှင့် မြန်မာငွေကျပ် သန်းပေါင်းများစွာကို သိမ်းဆည်းရမိခဲ့သည် ဟု ဆိုသည်။“တခန်းလုံး တထောင်တန် ငွေစက္ကူတွေနဲ့ ပြည့်နေတာဘဲဗျာ” ဟု စစ်အစိုးရနှင့် နီးစပ်သူတဦးက မဇ္ဈိမသို့ ပြောကြားသွားပါသည်။ မူးယစ်ဆေးဝါးဂိုဏ်းနှင့် ဆက်စပ်နေသည်ဟု ဖေါ်ထုတ် ရရှိခဲ့ခြင်းကြောင့် မောင်ဝိတ်နှင့် မိသားစုကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ မောင်ဝိတ်ကိုပါ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည် ဟု ပြည်ထဲရေး ဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောဆိုပါသည်။ မောင်ဝိတ်နှင့် မိသားစု ကုမ္ပဏီသည် ဆိုင်ကလုံး မုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသတခု ဖြစ်သည့် ကျိုက်လတ်မြို့နယ်တွင် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ဆောင်နေသည်။သို့သော် အခြား သတင်းရပ်ကွက် တခုကမူ မောင်ဝိတ်ထံမှ ဘာမှ မတွေ့ရဘဲ ပြန်လွှတ်ပေးခဲ့သည်ဟု ပြောသည်။ ရုပ်ရှင် မင်းသမီး အများစု ပါဝင်သည့် ရုပ်ရှင် သရုပ်ဆောင် အများအပြားလည်း ဤအမှုတွင် ဖမ်းဆီး ခံခဲ့ကြရပြီး ယခုအခါ ခံဝန်ဖြင့် လွှတ်ထားသည်ဟု ဆိုသည်။ ရဲအဖွဲ့၏ အလိုရှိသည် စာရင်းတွင် အောင်ဇော်ရဲမြင့်၏ ရင်းနှီးသော မိတ်ဆွေဖြစ်သည့် ရုပ်ရှင်မင်းသမီး နဝရတ် ရှေ့ဆုံးမှ ပါဝင်နေသည်။ သူတို့ ၂ ဦးသည် မူးယစ်ဆေးဝါး အရောင်းအဝယ် လုပ်ငန်းနှင့် ထိုင်းနိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့သို့ သွားရောက်ခဲ့ကြသည်ဟု ဤနာမည်ကြီးများနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက မဇ္ဈိမ ကို ပြောပါသည်။ အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အေဂျင်စီ (DEA) ၏ အစီရင်ခံစာများအရ မြန်မာနိုင်ငံသည် မက်တာအင် ဖင်တမင်း ထုတ်လုပ်မှုတွင် အာရှ၌ အကြီးမားဆုံး နိုင်ငံဖြစ်ပြီး အိမ်နီးချင်း နိုင်ငံများသို့ သာမက အမေရိကန် ပြည်ထောင်စုသို့လည်း တင်ပို့ ရောင်းချနေသည်ဟု ဆိုသည်။ ရာဘ နှင့် အခြား စိတ်ကြွဆေးများ ကဲ့သို့သော တရားမဝင် မူးယစ်ဆေးဝါးများကို သုံးစွဲနေကြသူများတွင် မြန်မာ သရုပ်ဆောင် နာမည်ကြီး အတော်များများသည် အောင်ဇော်ရဲမြင့်၏ ဖေါက်သည်များ ဖြစ်နေကြသည်မှာ ပြည်တွင်းတွင် အများသိသော လျှို့ဝှက်ချက်တရပ် ဖြစ်သည်။ ပြည်တွင်းတွင် ‘ခေါင်းခါဆေး’ ဟု လူသိများသော ခရစ် စတယ်မက်တာ အင်ဖင်တမင်းမှာ ရန်ကုန်မြို့၌ တပြားလျှင် ကျပ်ငွေ ၅ သောင်း ပေါက်ဈေး ရှိသည်။ အောင်ဇော်ရဲမြင့်နှင့် ပတ်သက်၍ ထိပ်တန်း ဗိုလ်ချုပ်ကြီး ၂ ဦး ဖြစ်သော သန်းရွှေနှင့် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးတို့က အောင်ဇော်ရဲမြင့်ကို လမ်းလုပ်ငန်းတခုနှင့် ပတ်သက်၍ အမျက်တော် ရှခဲ့ဖူးသည်။ မေမြို့-မန္တလေး လမ်းဖောက်လုပ်ရန် ရဲတံခွန် ကုမ္ပဏီကို အစိုးရက ကန်ထရိုက် ပေးခဲ့ရာ ကောင်းမွန်အောင် ဖောက်လုပ်ခဲ့ခြင်း မရှိသောကြောင့် အေးရှားဝေါလ်ဒ် (Asia World) ကုမ္ပဏီက တာဝန်ယူ၍ ပြန်လည် ဖောက်လုပ်ခဲ့ရသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

အဲပုဂံ၏ ရန်ကုန်-ဘန်ကောက် ခရီးစဉ် သုံးလ ရပ်နားမည်


နန်းဒေဝီ
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 11 2008 17:42 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ အဲယားပုဂံ၏ ရန်ကုန်-ဘန်ကောက် ခရီးစဉ်ကို ဇွန်လ ၁၃ ရက်နေ့မှစ၍ သုံးလကြာ ခေတ္တရပ်ဆိုင်းမည် ဖြစ်ကြောင်း လေကြောင်းလိုင်း သတင်းရပ်ကွက် အပြောအရ သိရသည်။လေကြောင်းကုမ္ပဏီက တရားဝင် အကြောင်းပြချက် မပေးဘဲ စက်တင်ဘာလအတွင်း အထိ လေကြောင်းလိုင်းကို ရပ်နားမည်ဟု လက်မှတ် အရောင်းဌာနများသို့ ပေးပို့သော အကြောင်းကြားစာတွင် ပါရှိသည်။

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“လွန်ခဲ့တဲ့ အပတ်ကနေ ပြောထားတယ်။ ဒီလ ၁၃ ရက် နောက်ပိုင်းကနေ စက်တင်ဘာလလောက်အထိ ခဏပိတ်မယ် ပြောတယ်။ ပိုတဲ့ လက်မှတ်တွေကိုတောင် ပြန်အပ်လိုက်ပြီ” ဟု Nice Fare ခရီးသွားလုပ်ငန်းမှ လက်မှတ် အရောင်းဌာနမှ မန်နေဂျာ တဦးဖြစ်သူ ကိုသူရ က ပြောသည်။

ရန်ကုန်-ဘန်ကောက် ခရီးစဉ်အား အဲယားဘတ်စ် အေ ၃၁ဝ-၂ဝဝ လေယာဉ်များဖြင့် အပတ်စဉ် တနင်္လာနှင့် သောကြာ၂-ကြိမ် ပြေးဆွဲခဲ့ရာမှ ယခုအခါ လုံးဝ ရပ်နားသွားခြင်း ဖြစ်သည်။

စက်တင်ဘာ ၂ဝဝ၇ ခုနှစ် နောက်ပိုင်း ပြည်ပမှ လာရောက်သော ခရီးသည်များ သိသိသာသာ လျော့ပါးသွားမှုနှင့် အမေရိကန် နိုင်ငံက အဲပုဂံ ကုမ္ပဏီအပေါ် အရေးယူ ပိတ်ဆို့မှု ပြုလုပ်ထားသည့်အတွက် လေကြောင်းလိုင်းပိုင် လေယာဉ်များအတွက် အပိုပစ္စည်းများ ဝယ်ယူရရှိနိုင်မှု အကန့်အသတ်များကြောင့် ရပ်နားလိုက်ရခြင်း ဖြစ်သည်ဟု အဲပုဂံလီမိတက် သတင်းရပ်ကွက်များက ပြောသည်။

အဲပုဂံ လီမီတက်၏ သူဌေးမှာ ဦးတေဇဖြစ်ပြီး နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မိသားစု အပါအဝင် ထိပ်တန်း စစ်ဗိုလ်ချုပ်များ နှင့် အထူးတလည် ရင်းနှီးကျွမ်းဝင်သူ ဖြစ်သည်။

အမေရိကန်နိုင်ငံက အောက်တိုဘာ ၁၉ ရက်၊ ၂ဝဝ၇ ခုနှစ် မှစ၍ မြန်မာစစ်ဘက် ထိပ်တန်းခေါင်းဆောင် ၂၅ ယောက်နှင့် စစ်အစိုးရနှင့် အနီးကပ်ဆုံး ပူးပေါင်း ရှာစားနေသူ စီးပွားရေသမား ၁၂ ဦးတို့၏ ဘဏ်စာရင်းများကို ထိန်းချုပ်ခြင်းများ စတင်ခဲ့ရာ ဦးတေဇလည်း ပါဝင် သွားသည်။

စီးပွားရေးဆိုင်ရာ အရေးယူ ကန့်သတ်မှု ပြုလုပ်ခဲ့ပြီး ရက်အနည်းငယ်အကြာ အဲပုဂံ၏ ရန်ကုန်-စင်္ကာပူ-ရန်ကုန် ခရီးစဉ်ကို ရပ်နားခဲ့သည်။

ယခုလို ရန်ကုန်-ဘန်ကောက် ခရီးစဉ်အား ရပ်ဆိုင်းလိုက်သည့်အတွက် လက်မှတ်ဖိုးများ အပြည့် ပြန်အမ်းပေးမည် ဖြစ်သည့်အပြင် ကြိုတင် လက်မှတ်ယူထားသည့် ဘန်ကောက်မှ ရန်ကုန် လာမည့် ခရီးသည်များအားလည်း နိုင်ငံပိုင် မြန်မာ့ အပြည်ပြည်ဆိုင်ရာ လေကြောင်း အမ်အေအိုင် သို့ လွှဲပေးထားသည်။

အလားတူပင် အခြားသော ပုဂ္ပလိက လေကြောင်းလိုင်း တခုဖြစ်သော အဲမန္တလေး၏ ရန်ကုန်မှ ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ပျံသန်းသော ခရီးစဉ်အား ဇွန်လ ၇ ရက်မှစတင်ကာ သြဂုတ်လ အထိ ခေတ္တ ရပ်ဆိုင်းထားသည်။

“အသေးစိတ် ဘာမှ အကြောင်းကြားထားတာ မရှိဘူး။ လေယာဉ် ခရီးစဉ်ကို သြဂုတ်လ ၇ ရက်အထိ Suspend (ရပ်နား) လုပ်မယ်လို့ အကြောင်းကြားထားတယ်။” ဟု ရန်ကုန်အခြေစိုက် အဲမန္တလေးမှ အမည်မဖော်လိုသူ ဝန်ထမ်းတဦးက ပြောသည်။

“ခရီးသည် နည်းသွားလို့ ထင်ပါတယ်။ ခရီးသည်တွေက ခုမှ နဲနဲကျသွားတယ်။ အရင်ကတော့ အဲလို မဟုတ်ဘူး” ဟု သူက ဆက်ပြောသည်။

မြန်မာလုပ်ငန်းရှင်များပိုင် လေယာဉ် ခရီးစဉ်များ သာမက ပြည်ပ ကုမ္ပဏီများပိုင် လေကြောင်းလိုင်းများလည်း မြန်မာနိုင်ငံသို့ ပြေးဆွဲနေသော ခရီးစဉ်များကိုလည်း အခေါက်ရေ လျော့ချ ပြေးဆွဲနေသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

တိုင်းပြည်လည်း မွဲပြာကျ၊ တပ်မတော်ကြီးလည်း အင်အားမရှိ

အောင်သူငြိမ်း
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 11 2008 17:03 - မြန်မာစံတော်ချိန်

တိုင်းပြည်လည်း မွဲပြာကျ၊ တပ်မတော်ကြီးလည်း အင်အားမရှိ

၁၉၈၈ ခုနှစ်၊ စစ်အစိုးရ တက်လာချိန်မှစ၍ "တပ်မတော်ကို ခေတ်မီတပ်မတော် ဖြစ်လာအောင် ချဲ့ထွင်ရေး" ဟူ၍ အစဉ် တစိုက် ကြွေးကြော် ပြင်ဆင်လာခဲ့သည်။ ထိုထက် ပိုဆိုးသည်မှာ "တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်" "တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ" ဟူသော ကြွေးကြော်သံများ မတန်တရာ တင်လာခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် တပ်မတော် မော်ကွန်းဌာနမှ "မြန်မာနိုင်ငံနှင့် တပ်မတော်၏ အခန်းကဏ္ဍသမိုင်း" ဟူ၍ အတွဲများစွာ ထုတ်ဝေခဲ့သည်။ နောက်ဆုံး ယခု ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင်ပင် "မြန်မာနိုင်ငံ၏ အနာဂတ် နိုင်ငံရေး ဦးဆောင်မှု၌ တပ်မတော်က ပါဝင် တာဝန်ယူရန်" ဟူ၍ အတိအလင်း ပြဌာန်း ထည့်သွင်းလာခဲ့ပါသည်။

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
တင်လာခဲ့သည့်အတိုင်း စစ်တပ်ကိုလည်း တိုးချဲ့လာခဲ့သည်။ ၁၉၅၀ မှ ၁၉၆၉ ခုနှစ်အထိ မြန်မာနိုင်ငံက လက်နက်ဝယ်ယူ တင်သွင်းမှုမှာ တနှစ်လျှင် အမေရိကန်ဒေါ်လာ ၄ သန်းအောက်မှာသာ ရှိခဲ့သည်။ ၁၉၇၀ မှ ၁၉၈၈ ခုနှစ်အတွင်းတွင် ကြည့်လျှင်လည်း ပျမ်းမျှအားဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၈ သန်းမျှသာ ရှိခဲ့ပါသေးသည်။ ၁၉၈၈ ခုနှစ် အာဏာသိမ်း ချိန်မှစ၍ တပ်ဖွဲ့များကို တိုးချဲ့ ဖွဲ့စည်းလာခဲ့သလို၊ လက်နက်ဆန်းများကိုလည်း တိုးတက် ၀ယ်ယူလာခဲ့ပါသည်။ အာဏာသိမ်းပြီးစ ကာလတွင်ပင် တရုတ်နိုင်ငံမှ စစ်လက်နက် ဒေါ်လာသန်း ၁,၀၀၀ ကျော်ဖိုး တလုံးတခဲတည်း ၀ယ်ယူတင်သွင်းခဲ့ပြီး၊ နောက်ပိုင်းတွင်လည်း ယူကရိန်း၊ ရုရှားနှင့် အခြားနိုင်ငံများမှ ၀ယ်ယူ တင်သွင်းနေခဲ့ပါသည်။ လေတပ်တွင် MiG-29, Chendu F-7 M, NAMC A-5C, SOKO G-4 Super Galeb, FT-7, Shenyang FT- 6 စသည့် တိုက်လေယာဉ်နှင့် အခြားသုံး လေယာဉ်၊ ရဟတ်ယာဉ် အစီးပေါင်း ၁၈၀ ကျော်ကို ထပ်မံ ဖြည့်ဆီးခဲ့ သည်။ ရေတပ်တွင်လည်း တရုတ်နိုင်ငံမှ ဟိုင်နန် အမျိုးအစား စစ်သင်္ဘောများ အပါအ၀င် စစ်သင်္ဘောသစ် ၃၀ ကျော်ကို ထပ်မံ ဖြည့်ဆီးခဲ့ပါသည်။

ဂျိန်းစ် ကာကွယ်ရေးမဂ္ဂဇင်း (Jane's Defence Weekly) မှ ရရှိခဲ့သည့် မြန်မာစစ်တပ်၏ စာရွက်စာတမ်းများအရ ၁၉၉၂ ခုနှစ် နှစ်လည်တွင် ကြည်း-ရေ-လေ စုစုပေါင်း အင်အား ၂၇၀,၀၀၀ အထိ တိုးတက်ခဲ့ပြီး၊ အာဏာသိမ်းပြီးချိန် ၁၉၈၈ မှစ၍ ၆၀% တိုးချဲ့ခဲ့ခြင်း ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အကျပ်အတည်းများ လေ့လာရေးအဖွဲ့ (ICG) ၏ အစီရင်ခံစာတခုအရ ၁၉၈၈ ခုနှစ်တွင် စစ်သည်အင်အား ၁၉၀,၀၀၀ ရှိရာမှ ၁၉၉၈ ခုနှစ်တွင် ၄၀၀,၀၀၀ အထိ ရှိလာခဲ့သည်။ (န၀တ) စစ်အစိုးရ ကလည်း စစ်အင်အား ၅၀၀,၀၀၀ အထိ ရောက်အောင် တိုးချဲ့မည်ဟု ပြောင်ဖွင့်ပြော ကြေညာခဲ့ပါသည်။ ၁၉၆၀ ခုနှစ်က မြန်မာ့စစ်တပ်တွင် တပ်ရင်း (၅၀) မျှသာ ရှိသေးပြီး၊ ၁၉၇၄ ခုနှစ်တွင် တပ်ရင်း (၁၂၀) မျှသာ ရှိပါသေးသည်။ အပြည်ပြည် ဆိုင်ရာ လုံခြုံရေးနှင့် မဟာဗျူဟာ လေ့လာရေးဌာန (IISS) ၏ အဆိုအရ မြန်မာစစ်တပ်တွင် ၁၉၉၅ ခုနှစ် နှစ်လယ်တွင် တပ်ရင်း ၂၄၅ ရင်း ရှိလာပြီး၊ ယခုအခါ တပ်ရင်းပေါင်း ၅၀၀ ကျော်အထိ တိုးချဲ့ ထားခဲ့ပါသည်။

မစ်တိုက်လေယာဉ်အသစ်များ၊ လက်နက်များ ထပ်မံ ၀ယ်ယူခဲ့သလို၊ ယူကရိန်း နိုင်ငံနှင့် ရုရှား နိုင်ငံများမှလည်း တီ-၅၂ အမျိုးအစား တင့်ကားများ၊ ရဟတ်ယာဉ်များ၊ လေကြောင်းရန် ကာကွယ်ရေး စနစ်များ၊ အင်တာနက် ဆိုင်ဘာစစ်ဆင်ရေး အတွက် ထိန်းချုပ်စီမံရေး ကရိယာများ ထပ်မံ ၀ယ်ယူ ခဲ့ပါသေးသည်။ ထိုမျှမက စရိတ် ကုန်ကျမှု များပြားလှသော အဏုမြူ ဓါတ်ပေါင်းဖို စီမံကိန်းများကဲ့သို့သော ကိစ္စများကိုလည်း ချဲ့ထွင် လာခဲ့ပါသေးသည်။ စစ်အသုံးစားရိတ်လည်း တစတစ တိုးတက်လာနေခဲ့သည်။

ထို့အပြင် စစ်တပ်ဖွဲ့စည်းပုံ၊ အမိန့်ပေးဌာနများကိုလည်း တိုးချဲ့လာခဲ့သည်။ ယခင်က အထူး စစ်ဆင်ရေး ကွပ်ကဲမှု အဖွဲ့ ၁ ခုသာ ရှိရာမှ ယခုအခါ ၅ ခုသို့ တိုးချဲ့ခဲ့သည်။ လေကြောင်းရန် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်အသစ်နှင့် ကြည်း-ရေ-လေ တပ်များ၏ ပူးပေါင်းစစ်ဆင်ရေး ကွပ်ကဲရေးမှူးချုပ် တာဝန်များကိုလည်း တိုး၍ ခန့်ထားခဲ့သေးသည်။ ထို့အပြင် မြန်မာ့ တပ်မတော်ထံမှ မသိနားမလည်သူများထံ ကြွားလုံးများလည်း ကြားခဲ့ရသေးသည်။ ၁၉၉၁ ခုနှစ် ကေအဲန်ယူက ဘိုကလေး ဒေသသို့ ထိုးဖောက်၍ တိုက်ပွဲများ ဖြစ်လာအပြီး ကာလတွင်၊ ဗိုလ်ချုပ်ခင်ညွန့် အပါအ၀င် တပ်မတော် ခေါင်းဆောင်များထံမှ ယခုအခါ၌ သူတို့ထံတွင် လိုအပ်လျှင် လေကြောင်းချီ တင်ပို့နိုင်သော တပ်မကြီးများ ရှိနေပြီဟု ဆိုခဲ့ကြသေးသည်။ အသစ် ၀ယ်ယူထားသော လက်နက်များဖြင့် စစ်ရေးပြ၍ ကြည်း-ရေ-လေ ပူးတွဲ စစ်ဆင်ရေး လေ့ကျင့်ခန်းများလည်း ပြုလုပ်ခဲ့ကြပြီး ၁၉၉၅ ခုနှစ်နှင့် ၁၉၉၇ ခုနှစ်များတွင် စစ်သည် အင်အား ၃၀,၀၀၀ ကျော် ပါဝင်သည့် ကြည်း-ရေ-လေ ပူးတွဲ စစ်ဆင်ရေးများ ကို ဧရာဝတီတိုင်း ငွေဆောင်ကမ်းခြေနှင့် မိတ္ထီလာတို့တွင် ပြုခဲ့ကြသည်။ နောက်ပိုင်းတွင် ပူးတွဲ စစ်ဆင်ရေး လေ့ကျင့်ခန်းကို "ရွှေပြည်သာ" "ရွှေမြန်မာ" စသဖြင့် သဲမြေပုံ စစ်ဆင်ရေး လေ့ကျင့်ခန်းများ ၂ ခါ လေ့ကျင့်ခဲ့ကြသေးသည်ဟု ဆိုပါသည်။ ထိုမျှမက မိန့်ခွန်းများတွင် နိုင်ငံတကာတပ်များ ကျူးကျော် လာပါက ခုခံရန် ပြည်သူ့စစ် မဟာဗျူဟာ ဖြင့် အသင့်ပြင်ထားကြောင်း ဆိုခဲ့ကြပါသေးသည်။

အချို့သော ပညာရှင်များက မြန်မာနိုင်ငံ၏ စစ်အသုံးစရိတ်သည် ဘဏ္ဍာရေး ဘတ်ဂျက်၏ (၆၀%) မျှ ရှိမည်ဟု တွက်ချက် နေကြပါသည်။ သို့သော် ဆင်ကြီးခြေမခိုင် သကဲ့သို့ တပ်မတော်က အောက်ခြေက ပြိုနေပြီ ဖြစ်သည်။ တပ်တွင်း ဖိနှိပ်မှု၊ အခွင့်အရေး တန်းတူညီမျှ မရှိမှုများ၊ စားဝတ်နေရေး ပြဿနာများကြောင့်လည်း ရဲဘော်များ တပ်ပြေးနေကြပြီ။ ဂျိန်းစ် ကာကွယ်ရေးဆိုင်ရာ မဂ္ဂဇင်း (၂၀၀၆ ဧပြီထုတ်) အဆိုအရ ၎င်းတို့ ရရှိခဲ့သည့် မြန်မာ့တပ်မတော်၏ လျှို့ဝှက် မှတ်တမ်းတခု အရ (အတိအကျ မသိနိုင်သော ကာလအတွင်း) တပ်ပြေးပေါင်း ၈,၇၆၀ ဦး ရှိခဲ့သည် ဆိုသည်။ ၎င်းတို့ အထဲတွင် ၄,၇၀၁ ဦးမှာ ခွင့်မဲ့ ပျက်ကွက် ဖြစ်ပြီး၊ စစ်သား ၂,၀၀၀ ကျော်မှာ မည်သည့် အကြောင်းကြောင့် မသိရဘဲ ဖမ်းဆီး ထိန်းသိမ်းခဲ့သည် ဟု ဆိုသည်။ ၎င်းမှတ်တမ်းအရပင် ဖော်ပြထားရာ၌ မြန်မာ့တပ်မတော် တပ်ရင်းတခုတွင် စစ်သား ၇၅၀ ဦး ပုံမှန်ရှိသော်လည်း၊ တပ်ရင်း စုစုပေါင်း ၅၀၄ ခု ရှိသည့်အနက်မှ တပ်ရင်း ၂၂၀ မှာ စစ်သား ၂၀၀ နှင့် ၃၀၀ ကြားသာ ရှိနေပြီး၊ တပ်ရင်း ၂၈၄ ခုတွင် စစ်သား ၂၀၀ အောက် လျှော့နည်း၍သာ ရှိနေသည်ဟု ဆိုထားသည်။ သူတို့ ခိုင်းစားနေရသည့် တပ်မတော်ကလည်း ဟန်သာ ကျန်ပါတော့သည်။

ယခု နာဂစ်မုန်တိုင်း အပြီးကာလတွင် တပ်မတော်၏ ချိနဲ့နေမှု၊ ထိန်းချုပ်မှု စနစ် ပျက်ပြားနေမှု အခြေအနေက ပို၍ သိသိ သာသာ ထင်ထင်ရှားရှား တွေ့လာရပါသည်။ ကယ်ဆယ်ရေး လုပ်ငန်းများအတွက် စစ်သားများ ချက်ချင်း ရောက်မလာခဲ့ ကြပါ။ စစ်အင်ဂျင်နီယာ (BEME) တပ်ဖွဲ့ဝင်များ၊ စက်ယန္တယားများ မတွေ့မမြင်ကြရသလို၊ စစ်ဆေးတပ်ဖွဲ့များကိုလည်း ကပ်ဘေးသင့် ဒေသများတွင် မမြင်ခဲ့ကြရပါ။ မရှေးမနှောင်း ဖြစ်ပျက်ခဲ့သည့် တရုတ်နိုင်ငံ၏ မေလ ၁၂ ရက် မြေငလျှင်၌မူ တရုတ်နိုင်ငံက တရုတ်ပြည်သူ့ တပ်မတော် တပ်ဖွဲ့ဝင် စုစုပေါင်း (၈၄,၀၀၀) နှင့် ဆေးဝန်ထမ်း၊ ရဲနှင့် အရံတပ်ဖွဲ့ အင်အား ၉၀,၀၀၀ ကျော် ချသုံးခဲ့ပါသည်။ ငလျှင်ဖြစ်ပွားပြီး ၂ နာရီအတွင်းမှာပင် ကယ်ဆယ်ရေး လုပ်သား ၁၅၀ ကျော်နှင့် ကယ်ဆယ်ရေး ခွေးများ လေယာဉ် ၂ စီးဖြင့် ရောက်လာခဲ့ကြသည်။ ရာသီဥတု ဆိုးရွားမှုကြောင့် ရဟတ်ယာဉ် မဆင်းသက်နိုင်သည့် ဒေသများသို့လည်း ချက်ချင်းဆိုသလိုပင် ခြေလျှင်တပ်များ စေလွှတ်ခဲ့ကြသည်။ မေလ ၁၃ ရက်နေ့ နံနက်တွင်မူ အမှတ် ၁၂၇ စက်ယန္တယားတပ် ခြေလျှင်တပ်မမှ စစ်သား ၅,၀၀၀၊ အမှတ် ၁၅ လေကြောင်းချီတပ်မှ လေထီးစစ်သား ၆,၄၂၀ ကို ၂၄ နာရီအတွင်း၊ စစ်တပ်လေယာဉ် ၂၂ စီး၊ အရပ်ဖက်သုံး လေယာဉ် ၁၂ စီးဖြင့် လေယာဉ် ၇၉ ခေါက်တိုင်တိုင် ကြိုပို့ခဲ့ပါသည်။ တရုတ်နိုင်ငံ၏ သမိုင်းတွင်ပင် အကြီးမားဆုံး လေကြောင်းချီ စစ်ဆင်ရေးအဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ဆက်သွယ်ရေးခက်ခဲ၊ ရာသီဥတု ဆိုးရွားသည့် ဒေသများသို့ လေထီးများဖြင့်ပင် ချပေးခဲ့ပါသည်။ မေလ ၁၅ ရက်နေ့ (၃) ရက်ကြာ ကာလ ရောက်သောအခါ စစ်သားနှင့် အရံတပ်ဖွဲ့ဝင် တသိန်းကျော် ကပ်ဘေးသင့် ဒေသတွင်းသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ ထို့အပြင် အိုလံပစ်ပွဲတွင် အရေးပေါ် ကပ်ဘေးသင့် အခြေအနေ ဖြစ်လာပါက တရုတ်နိုင်ငံက ပြင်ဆင်ထားသည့် အနေဖြင့် တပ်မတခုကိုလည်း ကယ်ဆယ်ရေး တပ်မအဖြစ် လေ့ကျင့်ထားခဲ့ပါသည်။ ဤတပ်မကိုလည်း ယခု ကယ်ဆယ်ရေးတွင် အဆင်သင့် ချသုံးနိုင်ခဲ့ပါသည်။
သို့သော်လည်း နာဂစ်လေမုန်တိုင်း ကိစ္စ၌မူ အလားတူ အခြေအနေမျိုး မတွေ့ကြရပါ။ အမည်မဖော်လိုသူတဦး၏ အကဲဖြတ် အစီရင်ခံစာအရ မေလ ၁၄ ရက်နေ့တိုင် ဧရာဝတီတိုင်း အတွင်းသို့ တပ်မ ၆၆ ကို စေလွှတ်ရန် လျာထားရာမှ (သုံးပုံတပုံ ခန့်သာ) ရောက်ရှိ သေးသည်ဟု ဆိုသည်။ တပ်မ-၄၄ ကို စေလွှတ်ရန် လျာထားသော်လည်း မတွေ့ရဟု ဆိုပါသည်။ (နောက်ပိုင်းတွင် ရန်ကုန်မှ တပ်မ-၁၁ ကို ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအစပ် ကွမ်းခြံကုန်းဒေသသို့ တာဝန်ဖြင့် စေလွှတ်ခဲ့ကြောင်း သိရပါသည်။) သို့သော် လည်း စေလွှတ်လိုက်သည့် တပ်များအတွက် ကယ်ဆယ်ရေး လက်နက် ကိရိယာများ ပါမလာခဲ့ပါ။ ရိက္ခာအတွက်ကိုပင် ဒုက္ခသည်များထံမှ ခွဲကျွေးနေရကြောင်း သတင်းများလည်း ကြားသိရ ပါသည်။ ဤသို့ဆိုလျှင် ဧရာဝတီတိုင်း ကပ်ဘေးသင့်ဒေသအတွင်း ပို့လွှတ်ထားသည့် တပ်မမှာ အင်အား ၂,၀၀၀ ကျော်သာ အများဆုံး ရှိနိုင်ပါသည်။ ဧရာဝတီတိုင်းအတွင်း အခြေပြုရာ အနောက်တောင်တိုင်း စစ်ဌာနချုပ်ရှိ တပ်ရင်းများ (၂၀၀၇ ခုနှစ် စာရင်းအရ ၁၃ ရင်း) နှင့်ပါ ပေါင်းသော်မှ ၄,၀၀၀ မှ ၅,၀၀၀ ကြားတွင်သာ ရှိနိုင်ပါသည်။ လက်တွေ့တွင်မူ အရေအတွက် ယခုခန့်မှန်းချက်ထက် နည်းနိုင်ပါသေးသည်။

အလားတူ ရန်ကုန်မြို့တွင်လည်း တပ်မတော်သားများကို အားကိုးဖွယ်ရာ မတွေ့မမြင်ကြရပါ။ ရုပ်မြင်သံကြား၌သာ ယူနီဖောင်းဝတ် အချို့ သစ်ပင် ခုတ်ဖြတ်နေသည်၊ ရန်ကုန်လေဆိပ်တွင် ကယ်ဆယ်ရေး ပစ္စည်းများ လေယာဉ်ပေါ်မှ သယ်ချ နေသည်ကို မြင်ကြရပါသည်။ စစ်တပ်၏ အင်ဂျင်နီယာ ယန္တယား တပ်ဖွဲ့များကိုလည်း မမြင်မတွေ့ကြရပါ။ တပ်မတော် ဆေးတပ်ဖွဲ့က ဒုက္ခသည်များကို ဆေးကုပေးနေပုံကို လည်း မမြင်ကြရပါ။ ထို့အပြင် ပျက်စီးသွားသည့် ဧရာဝတီတိုင်းရှိ လမ်း၊ တံတားများကို စစ်တပ် အင်ဂျင်နီယာတပ်၏ တံတားခင်း စက်ယန္တယားများ (Armoured Bridge layers) ဖြင့် ပြင်ဆင် နေကြသည်ကိုလည်း မမြင်ကြရပါ။ လေကြောင်း ချီတပ်မကို မျှော်လင့်ရန်ကား ပို၍ ဝေးပါတော့မည်။ ဧရာဝတီတိုင်းသို့ ခေါက်တုံ့ပြန် ပစ္စည်းသယ်ပို့နေသည့် ရဟတ်ယာဉ်သည်ပင် ၇-၈ စီးမျှ ရှိပါသည်။

ဤသို့သော ကပ်ဘေးသင့် အရေးပေါ် အခြေအနေတွင် "ပြည်သူ့စစ် မဟာဗျူဟာ" ဆိုသည့် စစ်ဗျူဟာကြီးနှိုး၍ ပြည်သူများကို ကယ်တင်ရန် မသင့်ပါသေးသလော။ လူတသိန်းနီးပါး သေဆုံးရ၊ သန်းကျော် အိုးအိမ်မဲ့ရသည့် အခြေအနေသည် အမှန်တကယ် အရေးပေါ်နေပြီ ဖြစ်သည့် အခြေအနေ မဟုတ်ပါသလော။ မေးခွန်းထုတ်ရန် ရှိနေပါသည်။ လေကြောင်းချီ တပ်မကြီးများဖြင့် တရုတ်နိုင်ငံက ဆောင်ရွက်သကဲ့သို့ ပြည်သူများ အသက်ကယ်ဆယ်ရေး လုပ်ငန်းများ မဆောင်ရွက်ကြတော့ပြီလော။ တပ်မတော်၏ စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များ၊ ဆေးတပ်ဖွဲ့ဝင်များ မည်သည့် အချိန်မှ တွေ့ကြရမည်လော မေးခွန်းထုတ်ရန် ရှိနေပါသည်။ သို့သော်လည်း မေးခွန်းသာ အဖတ်တင်ပါလိမ့်မည်။ ဓါတ်ပုံများတွင် တွေ့နေရသည်မှာ ရဟန်း သံဃာများကသာ ဦးဆောင်၍ သစ်ပင်ခုတ် လမ်းရှင်းသည်မှစ၍ ဒုက္ခသည် ကယ်ဆယ်ရေးအဆုံး လုပ်ဆောင်နေကြပါသည်။ တပ်မတော်ကတော့ ဆန္ဒခံယူပွဲ မဲအနိုင် ရရှိရေးအတွက်၊ ရေရှည် အာဏာတည်မြဲရေးအတွက် လုံးပမ်းနေကြပါသည်။

အမှန်ကတော့ ဖွဲ့စည်းထားပုံအရပင် ပြဿနာရှိနေပြီ ဖြစ်သည်။ တပ်မများ၊ စစ်ဌာနချုပ်များက အခြားနိုင်ငံမှ တပ်များ ကဲ့သို့ ယန္တယားတပ် တပ်မများ (Mechanised Brigades) မဟုတ်ကြပါ။ ထို့အပြင် ဤသို့အရေးပေါ် ကပ်ဘေးများ ကယ်ဆယ်နိုင်ရန်၊ အရေးပေါ် အခြေအနေများကို တုံ့ပြန်နိုင်ရန်အတွက် ပြင်ဆင် လေ့ကျင့်ထားခြင်းလည်း မရှိပါ။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင်ဆိုလျှင် ဗိုလ်ချုပ်ကြီးအဆင့် ဦးဆောင်သည့် "နွေဖတ်ထနား ခလင့်ထိ" ခေါ် နယ်လှည့် ဖွံ့ဖြိုးရေး တပ်ဖွဲ့များ ရှိနေပါသည်။ ထိုင်းတပ်မတော်၏ ၂၀ ရာခိုင်နှုန်းမျှ (အင်အား ၂၀,၀၀၀ နီးပါးခန့်) ရှိနေပါသည်။ သူတို့က နယ်စပ်ဒေသများတွင် စာသင်၊ ဆေးကုပေးကြသလို ဘုရင့် ဖွံ့ဖြိုးရေး စီမံချက်များနှင့် အခြား အရေးပေါ် အခြေအနေများတွင်လည်း အသုံးပြုနိုင်ကြပါသည်။ မြန်မာ့ တပ်မတော်တွင်မူ ဤမျှအထိ ပြည်သူအပေါ် စေတနာရှိရှိ စဉ်းစား ဖွဲ့စည်းထားသည့်ပုံ မတွေ့ရသေးပါ။

ထို့အပြင် မုန်တိုင်းဒဏ်ကြောင့် မြန်မာနိုင်ငံ ပြင်ပ ကျူးကျော်ရန်ကို ကာကွယ်နိုင်ရန် ကာကင်းအဖြစ် တပ်ချထားသည့် ပမ္မ၀တီ ရေတပ်စခန်း ဌာနချုပ်လည်း ရစရာ မရှိအောင် ပျက်စီးခဲ့ရကြောင်း ဧရာဝတီ မဂ္ဂဇင်းပါ သတင်းတပုဒ်အရ သိရှိရ ပါသည်။ ရန်လွန်းအောင်၊ ရန်တိုင်းအောင်၊ ရန်စစ်အောင် စသည့် A Class ကမ်းခြေကာကွယ်ရေး ရေယာဉ်များ ဆုံးရှုံးရ သကဲ့သို့၊ တရုတ်နိုင်ငံမှ ၀ယ်ယူထားသည့် ချန်ဂီ အမျိုးအစား ရေငုတ်သင်္ဘောဖျက် ယာဉ်များ (Jianghuclass frigates) လည်း ပျက်စီးခဲ့ရပါသည်။ ထိုင်းနိုင်ငံ အခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်အဖွဲ့ NDD ၏ သတင်းများအရ ဆိုင်ကလုံးကြောင့် ရေတပ်သင်္ဘော ၂၅ စီး နစ်မြုပ်ရပြီး၊ အနည်းဆုံး အရာရှိ ၃၀ ဦးနှင့် ရေတပ်သား ၂၅၀ ကျော် ပျောက်ဆုံးနေသည်ဟု ဆိုပါသည်။ ဤအချက်ကပင် စနစ်ကိုယ်တိုင်က ပြိုလဲ ကျဆုံးနေကြောင်း သိသာစေပါသည်။ ရေတပ် သင်္ဘောများ ဆိုသည်မှာ ရေထဲ၊ မိုးထဲ ရှင်သန်ကြံ့ခံအောင် ပြင်ဆင် တည်ဆောက်ထားကြသည် ဖြစ်ပြီး၊ မုန်တိုင်းကဲ့သို့သော သဘာဝ ဘေးအန္တရာယ်သာမက၊ ရန်သူအနံ့ခံ ရေဒါကဲ့သို့သော ကရိယာများပါ တပ်ဆင်ထားကြပါသည်။ ဤရေ တပ်ကြီး မုန်တိုင်းဒဏ်သင့် ပြိုလဲသွားသည်ကို မြင်ရသည်မှာ မည်မျှ အားကိုးအားထားစရာ မရှိကြောင်း ဖော်ပြနေပါသည်။

ထိုမျှမကပါ၊ အခြား အားကိုးချင်စရာ သတင်းများလည်း ရှိပါသေးသည်။ အတည်မပြုနိုင်သော သတင်းများအရ အသစ်ဝယ် ယူထားသော တင့်ကားများ၊ လေယာဉ်များလည်း အိုမင်း ပြိုဆင်းနေကြပြီ ဆိုပါသည်။ တရုတ်နှင့် ယူကရိန်းမှ ၀ယ်ယူထားသည့် T-69 II နှင့် T- 63 တင့်ကားများမှာလည်း အက်ကြောင်း ထင်နေကြပြီဟု ဆိုသည်။ အမြောက်ပင် စမ်း၍ မပစ်ရဲဟု ဆိုနေကြပါသည်။ ၀ယ်ယူခဲ့သည့် မစ်တိုက်လေယာဉ် ၆ အုပ် (အစီး ၆၀ ကျော်) အနက် ၂၁ စီးမှာ ပျက်ကျခဲ့ပြီ ဖြစ်သည်။ ကျန် အစီး ၂၀ ကျော်မှာ မြေပြင်ပေါ် ဆင်းသက် ရပ်နားနေရပြီး၊ အစီး ၂၀ ခန့်သာ ပျံသန်းနိုင်ပါတော့သည်။ ဤလေယာဉ်များ အတွက်လည်း ပြုပြင် ထိန်းသိမ်းရန် ပစ္စည်းများ အလျှင်အမြန် လိုအပ်နေပြီ ဖြစ်ပါသည်။ အမှန်တွင်တော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်များက တပ်မတော်ကိုယ်လည်း အမှန်တကယ် အင်အားကြီးအောင် တည်ဆောက်ခဲ့ခြင်း မဟုတ်ဘဲ၊ ပေါချောင်ကောင်း လက်နက်များဖြင့် ခဏတာ ကြွားလုံးထုတ် ဟန်ရေးပြခဲ့ခြင်းသာ ဖြစ်ပါသည်။

သြစတြေလျမှ မြန်မာ့စီးပွားရေး လေ့လာနေသူ ပညာရှင် ရှောင်တာနဲက တခါက သုံးသပ်ခဲ့ဖူးပါသည်။ အခြား အာဏာရှင်များကတော့ မာဖီးယားနှင့် တူသည်။ အခြားပြည်သူတို့၏ အကျိုးအမြတ်များပေါ်မှ အညွန့်ဖူးကို ခူးစားရုံသာ စားသည်။ မြန်မာ စစ်အစိုးရကတော့ ဖုတ်သဘက်တစ္ဆေနှင့် တူသည်၊ အားလုံး ရသမျှကို သိမ်းကျုံး၍ စားနေသည်ဟု သုံးသပ်ထားခဲ့ပါသည်။ ဤသဘက်ကြီးက ဖုတ်သက်ငင်နေဆဲ ဖြစ်ပါသည်။

ဤဖုတ်သဘက်ကြီးကြောင့် တပ်မတော်ကြီးလည်း အင်အား ကြီးထွားမလာခဲ့ပါ။

တိုင်းပြည်လည်း မွဲပြာကျခဲ့ရပါသည်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်