စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Tuesday, May 27, 2008

စင်္ကာပူ မှ စေတနာရှင် များ သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ရန် လေးစားစွာ အသိပေးကြေငြာခြင်း

စင်္ကာပူ မှ စေတနာရှင် များ သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ရန် လေးစားစွာ အသိပေးကြေငြာခြင်း


ပြည်ပရောက် မျိုးချစ်မြန်မာများ မှ စင်္ကာပူမှ စေတနာရှင်များကိုယ်စား မြန်မာနိုင်ငံအတွင်း လေမုန်တိုင်းဒဏ် အပြင်းအထန် ခံစားခဲ့ရသည့် ဘိုကလေးမြို့ရှိ ဒုက္ခသည် ပြည်သူများ၏ လက်ထဲသို့ ဆန်အိတ် (၂၀၀)၊ လပွတ္တာမြို့ရှိ ဒုက္ခသည် ပြည်သူများ၏ လက်ထဲသို့ ဆန်အိတ် (၂၀၀)မော်ကျွန်းမြို့ရှိ ဒုက္ခသည် ပြည်သူများ၏ လက်ထဲသို့ ဆန်အိတ် (၂၀၀) နှင့် ဟိုင်းကြီးကျွန်း၊ပြင်ခရိုင်ရွာရှိ ဒုက္ခသည် ပြည်သူများ၏ လက်ထဲသို့ ဆန်အိတ် (၄၀၀) နှင့် ကုန်ခြောက် သိန်း၅၀ဖိုး၊ တို့ကို ၂၇.၅.၂၀၀၈ နေ့ တွင်၊ ထပ်မံလှူဒါန်းပြီးပြီ ဖြစ်ကြောင်း၊ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန် လေးစားစွာ အသိပေးကြေငြာအပ်ပါသည်။


ပြည်ပရောက်မျိုးချစ်မြန်မာများ (စင်္ကာပူ)

အပြည့်အစုံဖတ်လိုလျှင်

15 Aung San Suu Kyi supporters arrested in Myanmar: witnesses


YANGON (AFP) - - Myanmar security forces arrested 15 members of detained opposition leader Aung San Suu Kyi's party Tuesday as they tried to march to her home, a party spokesman said.
About 30 members of her National League for Democracy (NLD) marched from the party's headquarters towards her home, but security forces broke up the protest and made the arrests, witnesses and party members said.
"Altogether, 15 were arrested," NLD spokesman Nyan Win told AFP.
The march began as the NLD held a ceremony to mark the anniversary of its victory in 1990 elections, which was ignored by the ruling military junta.
Aung San Suu Kyi has been detained for most of the years since, and the regime is believed to be preparing to extend her house arrest.
Security around her home and the NLD headquarters had been tightened since morning, with dozens of uniformed and plainclothes police as well as pro-junta militia standing guard.
Six police trucks had also been stationed near the NLD's dilapidated headquarters in Myanmar's main city of Yangon.
Aung San Suu Kyi's most recent period in detention began on May 30, 2003, when her convoy was ambushed while she toured up-country. The junta says four people were killed in the attack, but the party puts the toll at nearly 100.
After the ambush, Aung San Suu Kyi was initially confined at the notorious Insein prison, but was allowed to return to her home after undergoing a gynaecological operation in September 2003.
International calls for her release have been overshadowed by the high-level diplomacy aimed at convincing Myanmar's junta to allow a full-scale relief effort for victims of Cyclone Nargis, which left 133,000 dead or missing.

အပြည့်အစုံဖတ်လိုလျှင်

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးဆန္ဒပြသည့်

ပီတာအောင်/ ၂၇ မေ ၂၀၀၈




ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ် ဒီ) ပါတီဝင် (၁၅) ဦးကို ယနေ့ နေ့လယ်ပိုင်းက လုံထိန်းရဲတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း အန်အယ်လ်ဒီ ဗဟိုဌာနချုပ်မှ ပါတီဝင်တဦးက ပြောသည်။
အဖွဲ့ချုပ်လူဝင်များသည် အဖွဲ့ချုပ်ရုံးရှေ့၌ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးရန် ကြွေးကြော်သံများ အော်ဟစ် ဆန္ဒပြကြပြီးနောက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ဘက်သို့ လမ်းလျှောက် ဆန္ဒပြစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။
အန်အယ်လ်ဒီပါတီဝင်တဦးက “နေ့ခင်း (၁) နာရီခွဲလောက်မှာ ကလေးတွေက ဒေါ်အောင်ဆန်း စုကြည် ချက်ချင်းလွှတ်ဆိုတဲ့ ဆိုင်းဘုတ်ရယ်၊ ဗိုလ်ချုပ်ပုံရယ် ကိုင်ပြီး အန်တီစု အိမ်ဘက်ကို လျှောက်သွားကြတယ်။ အဲဒါကို ကမ္ဘာအေးဘုရားလမ်း မြရိပ်ညိုဟိုတယ်နား နှင်းဆီကုန်းနား အရောက်မှာပဲ သူတို့ကို ဒိုင်နာကားနဲ့ ဆွဲတင်သွားတယ်။ အန်တီအိမ်နား မရောက်ခင်မှာဘဲ ဒိုင်နာကားနဲ့ တင်ခံရတယ်” ဟု ပြောသည်။
ဖမ်းဆီးခံရသူတို့မှာ ဒလမှ စောပြည့်ဖြိုးအောင်နှင့် ထက်စိုးလင်း၊ မင်္ဂလာဒုံမှ ထွန်းဝင်းသိန်းနှင့် လှမျိုးနိုင်၊ တွံတေးမြို့မှ ဆရာဦးအောင်ဖေ၊ စမ်းချောင်းမှ ထွန်းထွန်းဝင်းနှင့် ပြည့်ပြည့်၊ တာမွေမှ ကျော်မျိုးနိုင်နှင့် ကြည့်မြင်တိုင်မှ ရန်နိုင်ထွန်း၊ ရွှေပြည်သာမှ ထက်ထက်ဦးဝေနှင့် ၎င်း၏ သမီး (၁၂) နှစ်၊ လှိုင်သာယာမှ မောင်ဆန်း (ခေါ်) ဆန်းနိုင်၊ ကျော်နိုင်၊ မျိုးကျော်ဇင်၊ သက်နိုင်ထွန်း၊ ခရမ်းမှ ၀င်းမြင့်မောင်တို့ဖြစ်ကြောင်း၊ ၎င်းတို့အား မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေးသော်လည်း မရမ်းကုန်းဘက်သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။
ယနေ့မွန်းလွဲပိုင်း၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၉၉၀ ပြည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အနိုင်ရသည့် (၁၈) နှစ်မြောက် အခမ်းအနားတခု ဗဟိုဌာနချုပ်တွင် ကျင်းပပြီး ယမန်နေ့က စစ် အစိုးရ ကြေညာသည့် ဖွဲ့စည်းပုံမူကြမ်း ဆန္ဒခံယူပွဲရလဒ်ကို လက်မခံကြောင်းနှင့် ဒေါ်အောင် ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုကြောင်း ကြေညာသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

စစ်အစိုးရရဲ့ ကတိတည်မတည် နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များ စတင်စမ်းသပ်

27 May 2008



စစ်အစိုးရက ကယ်ဆယ်ရေးဝန်ထမ်းတွေကို အကန့်အသတ်မရှိ သွားရောက်ကူညီခွင့်ပြုမယ်လို့ အလှူရှင်တွေရဲ့ ညီလာခံမှာ ကတိပြုခဲ့ပြီးတဲ့နောက် အကူအညီပေးရေးအဖွဲ့တွေဟာ မုန်တိုင်းဒဏ်သင့် ဒေသတွေကို ကယ်ဆယ်ရေးအဖွဲ့တချို့ တနင်္လာနေ့မှာ စေလွှတ်နေပြီဖြစ်ပါတယ်။



ဆိုင်ကလုံးဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသော ဖျာပုံမြို့နယ်မှ မိသားစုတစု။ မေ ၂၆၊ ၂၀၀၈။


မြန်မာနိုင်ငံရဲ့ အဓိကဆန်စပါးစိုက်ပျိုးရာဒေသကို မုန်တိုင်းကျရောက်ခဲ့တာ ၃ ပတ် ကျော်လာခဲ့ပါပြီ။ လူပေါင်း ၁၃၄,၀၀၀ က သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးနေကြပါတယ်။ စစ်အစိုးရက အရေးပေါ်ကယ်ဆယ်ရေးအလုပ်တွေ ပြီးဆုံးသွားပြီလို့ ပြောခဲ့ပြီး ပြန်လည်တည်ဆောက်ရေးအတွက် ဒေါ်လာ သန်းပေါင်း ၁၁,၀၀၀ ကို တောင်းဆိုထားပါတယ်။ ဒါပေမယ့် အသက်ရှင်ကျန်ရစ်သူ ၄ ယောက်မှာ ၃ ယောက်က ကယ်ဆယ်ရေးအကူအညီ မရရှိကြသေးပါဘူးလို့ ကုလသမဂ္ဂက ဆိုပါတယ်။ မြစ်ဝကျွန်းပေါ်ဒေသမှာ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့လူတွေက လမ်းဘေးတလျှောက် အစားအသောက်တွေကို တောင်းခံနေကြဆဲဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဆိုပါတယ်။ အစိုးရ စစ်ဆေးရေးဂိတ်တွေက မပေးဖို့ လူတွေကို သတိပေးနေပါတယ်။ လူ ၂,၀၀၀,၀၀၀ ကျော်ဟာ သန့်ရှင်းတဲ့ရေမရှိ၊ အမိုးအကာမဲ့နေပြီး ကျန်းမာရေးစောင့်ရှောက်မှုလည်း မရကြသေးပါဘူး။
ဘန်ကောက်မြို့မှာတော့ ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ မြန်မာနိုင်ငံတွင်း ၀င်ရောက်ဖို့ ရက်သတ္တပတ်ပေါင်းများစွာ ဗီဇာစောင့်နေကြရပါတယ်။ တနင်္လာနေ့မှာတော့ မြန်မာသံရုံး ဗီဇာဌာန မီးလောင်ခဲ့တာမို့ ဗီဇာဌာနကို ယာယီပိတ်ထားခဲ့ရပါတယ်။ မီးလိုင်းဓာတ်ကြိုးတွေ မှားသွယ်မိလို့ မီးလောင်ရတာလို့ သံရုံးကဆိုပါတယ်။
တနင်္ဂနွေနေ့မှာ အလှူရှင်များညီလာခံ ပြီးဆုံးသွားခဲ့ပါပြီ။ အမေရိကန် အပါအ၀င် နိုင်ငံ ပေါင်းများစွာက ကယ်ဆယ်ရေးလိုအပ်မှု အကဲဖြတ်ချက် ဆောင်ရွက်ဖို့ မုန်တိုင်းသင့်ဒေသတွေကို နိုင်ငံတကာ ကျွမ်းကျင်သူတွေ သွားရောက်ခွင့်ပြုမှသာ အကူအညီကို ပိုပေးနိုင်မယ်လို့ ဆိုကြပါတယ်။
စစ်အစိုးရက နိုင်ငံခြားကယ်ဆယ်ရေးဝန်ထမ်းတွေကို တိုင်းပြည်တွင်း ၀င်ရောက်ခွင့်ပြုခဲ့ပေမယ့် အမေရိကန်နဲ့ ပြင်သစ် စစ်သင်္ဘောတွေ၊ အကူအညီပေးပစ္စည်းတွေ ကမ်းကပ်ပို့ဆောင်ရေးကိုတော့ ငြင်းဆိုထားပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

၁၈ နှစ်ပြည့်လာသော်လည်း ရွေးကောက်ပွဲရလဒ်ကို ဒီမိုကရေစီ အင်အားစုများ ဆုပ်ကိုင်ထားဆဲ

27 May 2008


ဒီကနေ့ဟာ ၁၉၉၀ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပခဲ့တာ ၁၈ နှစ်ပြည့်မြောက်ခဲ့ပေမယ့် ဒီရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ပါတီကို စစ်အစိုးရက အခုအချိန်အထိ အာဏာလွှဲမပေးသေးတဲ့အပြင် လာမယ့် ၂၀၁၀ ခုနှစ်မှာ နောက်ထပ် ရွေးကောက်ပွဲအသစ်တခု ထပ်ကျင်းပဖို့ စီစဉ်နေပါတယ်။ ဒီလို စစ်အစိုးရက စီစဉ်နေတဲ့အပေါ် ပြီးခဲ့တဲ့ ၁၉၉၀ ခုနှစ်မှာ အရွေးခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဘယ်လိုယူဆပါသလဲဆိုတာ သိရအောင် ဗွီအိုအေက ရွေးကောက်ပွဲ ၁၈ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ရွေးကောက်ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ မဲပေးခဲ့သူတချို့ကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။
ပထမဆုံး ဒီမိုကရေစီပါတီအတွက် ပေါက်ခေါင်းမြို့နယ် မဲဆန္ဒနယ်မြေက ရွေးကောက်တင်မြှောက်ခံခဲ့ရသူလည်းဖြစ်၊ အဝေးရောက်ညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့ ၀န်ကြီးချုပ်လည်းဖြစ်တဲ့ ဒေါက်တာစိန်ဝင်းကို မေးကြည့်တော့ ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက ဘာကြောင့် လျစ်လျူရှုတယ်ဆိုတာ အခုလို စပြောပြပါတယ်။
“၁၉၉၀ ရွေးကောက်ပွဲကိုတောင်မှ သူတို့က လျစ်လျူရှုခဲ့တယ်။ တကယ်တော့ အန်န်အယ်လ်ဒီပါတီနိုင်လို့ လျစ်လျူရှုခဲ့တာ။ သူတို့ပါတီနိုင်ရင်တော့ လျစ်လျူရှုမှာမဟုတ်ဘူး။ ဒီလိုလျစ်လျူရှုပြီးတော့ နောက်ရွေးကောက်ပွဲတခု လုပ်တယ်ဆိုတာ လုံးဝအဓိပ္ပာယ်မရှိဘူး။ ဘာကြောင့်လဲဆိုတော့ နောက်လုပ်တဲ့ရွေးကောက်ပွဲကို ဘယ်လောက် ယုံကြည်နိုင်မလဲ၊ လူထုအနေနဲ့။ အခုလည်း လူထုဆန္ဒခံယူပွဲ ဘယ်လိုလုပ်သွားလဲဆိုတာ အားလုံးအသိပဲ။”
အဲဒီတော့ ဘယ်လိုလုပ်ကြမလဲ၊ တကယ်လို့ ရွေးကောက်ပွဲက လွှတ်တော်အမတ်တွေ ထွက်လာပြီ၊ အစိုးရသစ်ဖွဲ့ပြီဆိုရင် အပြင်မှာရှိနေတဲ့၊ ဒါမှမဟုတ် အရင်အရွေးခံထားရတဲ့ လွှတ်တော်အမတ်တွေနဲ့ ဘယ်လိုဖြစ်ကုန်ကြမလဲ၊ သူတို့ရဲ့ အခန်းကဏ္ဍတွေက။
“ဟုတ်ကဲ့၊ ကျနော်လည်း လွှတ်တော်ကိုယ်စားလှယ်တယောက်ပဲ။ ကျနော်တော့ ဂရုမစိုက်ဘူး။ ဒါ ဘာမှမထူးပါဘူး။ သူတို့က အဲဒီလိုလုပ်လို့ နိုင်ငံတကာကလည်း သူတို့ကို တကယ်ကြိုဆိုပြီး သွားမှာမဟုတ်ပါဘူး။ မြန်မာပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကလည်း ဆက်ရှိနေမှာပဲ။ တုတ်ပြ၊ ဓားပြ၊ သေနတ်ပြပြီး အုပ်ချုပ်တဲ့စနစ်တွေလည်း ဆက်ရှိနေဦးမှာပဲ။ ဒီပါလီမန်နဲ့ အမတ်တွေဆိုတာ ရုပ်ပြပဲ၊ ဘာမှမလုပ်နိုင်ဘူး။ ရုပ်သေးတွေပဲ။ နအဖကိုလက်ခံထားတဲ့ နိုင်ငံတွေကလည်း ဆက်လက်ခံပေါ့။ တိုက်ပွဲကတော့ ဆက်သွားမှာပဲ။ ဒီတိုက်ပွဲရဲ့ အသွင်သဏ္ဏာန်ကတော့ ပြောင်းချင်ပြောင်းသွားမယ်။ သို့သော်လည်း တိုက်ပွဲကတော့ ဆက်ရှိနေမယ်။”
တကယ်လို့ စစ်အစိုးရပြောထားသလို ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲအသစ် ကျင်းပလိုက်ရင် ၉၀ ခုနှစ်ရွေးကောက်ပွဲရလဒ်ကို အလိုလိုဖျက်သိမ်းလိုက်တဲ့သဘော ရောက်သွားပါသလား၊ အဲဒီလိုဖြစ်ခဲ့ရင်ရော အရွေးခံခဲ့ရတဲ့ လွှတ်တော်အမတ်တွေအနေနဲ့ ဘာဆက်လုပ်သင့်ပါသလဲလို့ မိုင်းရှူးမြို့နယ်၊ အက်စ်အန်န်အယ်လ်ဒီ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝင်းဖေကို မေးကြည့်ပါတယ်။
“သူတို့ကတော့ အဲဒီသဘောမျိုး ဖြစ်ချင်ပုံရပါတယ်။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲက အရင်ကလည်း ပြောနေပါတယ်။ နှစ်ပေါင်း ဒီလောက်ကြာလာပြီ။ မရှိသင့်တော့ဘူး၊ မလိုအပ်တော့ဘူး၊ စသည်ဖြင့် ပြောတာမျိုးတွေ ရှိခဲ့ပါတယ်။ အဲဒီတော့ တကယ်လို့ ရွေးကောက်ပွဲအသစ် နောက်ထပ် ထပ်လုပ်မယ်ဆိုရင် ပိုဆိုးရောပေါ့။ ဒီလိုပဲပြောတော့မှာပေါ့။ ဂရုလည်းစိုက်တော့မှာ မဟုတ်ပါဘူး။ သူ့အနေနဲ့လည်း ဒါ တရားဝင်တယ်လို့ မယူဆချင်ပါဘူး။
“ဘယ်လောက်ပဲ သူတို့ကိုယ်၌က ကတိပေးခဲ့၊ ပေးခဲ့၊ တိုင်းပြုပြည်ပြုလွှတ်တော်အတွက် ရွေးကောက်ပွဲပါလို့လည်း ပြောခဲ့ဘူးတယ်။ ၉၀ ခုနှစ်က ရွေးကောက်ထားတဲ့ ကိုယ်စားလှယ်များနဲ့ လွှတ်တော်ကို ဖွဲ့စည်းရမယ်လို့လည်း သူတို့ဥပဒေက ဆိုထားခဲ့တယ်။ သူတို့ပဲရေးတာ၊ အဲဒီဥပဒေကို။ အဲလိုဖြစ်ခဲ့တာကိုတောင်မှ သူတို့ လျစ်လျူရှုနိုင်ခဲ့ရင် နောက် ရှေ့ဆက်ဖြစ်လာမယ့် ရွေးကောက်ပွဲမှာတောင်မှ သူတို့စိတ်ကြိုက်မတွေ့တဲ့ အနေအထားမျိုးတွေ့ရင် အသိအမှတ်ပြုဖို့ ၀န်လေးချင်လေးနေမှာပဲ။ အသိအမှတ်မပြုဘဲ နေချင်လည်း နေမှာပဲ။ အဲတော့ စိတ်ကြိုက်လုပ်သွားမယ်။ စိတ်ကြိုက်ဖြစ်လာရင်ဖြစ်လာ၊ မဖြစ်လာရင် သူတို့ ပစ်ပယ်မှာပဲ။ ဒီလိုပဲ ကျနော်ယူပါတယ်။” မိုင်းရှူးမြို့နယ်က လွှတ်တော်အမတ် ဦးစိုင်းဝင်းဖေ ပြောသွားတာပါ။
၁၉၉၀ ခုနှစ်ရွေးကောက်ပွဲဟာ နိုင်ငံတကာအပါအ၀င် ကျင်းပပေးခဲ့တဲ့ သူတွေကိုယ်၌က တရားမျှတတယ်လို့ ယူဆထားတဲ့အတွက် ဒီ ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို မစွန့်ပယ်ဘဲ အဖွဲ့ချုပ်အနေနဲ့ ဆက်လက်လုပ်ကိုင်သွားမယ့်အကြောင်း အန်န်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကလည်း ပြောပါတယ်။
“ကျနော်တို့ အဖွဲ့ချုပ်အနေနဲ့ကတော့ ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဘယ်တုန်းကမှ မစွန့်ပယ်ခဲ့ပါဘူး။ ကျနော်တို့ တရားဝင်ဆောင်ရွက်ခဲ့တဲ့ ရွေးကောက်ပွဲ၊ မျှတတယ်လို့ ကမ္ဘာက လက်ခံတယ်၊ ကျင်းပပေးတဲ့ပုဂ္ဂိုလ်တွေကလည်း လက်ခံတယ်။ ဒီဟာကို ဘယ်တုန်းကမှ ကျနော်တို့ မစွန့်ဘူး။ ဒီအခြေခံနဲ့ ဆက်လက်ပြီး အဖွဲ့ချုပ်က လုပ်သွားပါမယ်။”
ဒါဆိုရင် ဒီ ၉၀ ခုနှစ်ရွေးကောက်ပွဲမှာ ကိုယ်တိုင်မဲပေးခဲ့ကြတဲ့ မဲဆန္ဒရှင်တွေကရော ဘယ်လိုသဘောထားတွေနဲ့ မဲပေးခဲ့ကြတာပါလဲ။ ၉၀ ရွေးကောက်ပွဲမှာ ကိုယ်တိုင်မဲပေးခဲ့တဲ့ မဟန်နီထွန်းကတော့ သူမဲပေးခဲ့စဉ်တုန်းက ခံစားချက်ကို ဗွီအိုအေကို အခုလို ပြောပြပါတယ်။
“ကျမတို့ မဲပေးတာတော့ ရိုးရိုးပါပဲ။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို လိုချင်တယ်။ အဲဒီတုန်းကတော့ ကျမတို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အာဏာရခဲ့ရင် တိုင်းပြည်ကောင်းမယ်၊ ဒီမိုကရေစီရမယ်၊ အဲဒါမျိုးနဲ့ မဲပေးခဲ့တာပါ။”
အဲဒီအချိန်က ကိုယ်တိုင်မဲပေးခဲတဲ့ စာရေးဆရာ၊ ပန်းချီဆရာ၊ ဒါရိုက်တာ ဦးဝင်းဖေကလည်း အဲဒီတုန်းက သူဘယ်လိုခံယူချက်နဲ့ မဲပေးခဲ့တယ်ဆိုတာ ဗွီအိုအေကို အခုလိုပြောပြပါတယ်။
“၁၉၉၀ တုန်းက မဲပေးရတာနဲ့ပတ်သက်လို့ အဓိက ကျနော် နှစ်ချက်ပဲပြောချင်တယ်။ တချက်က ဘာလဲဆိုတော့ မယုံပါဘူးဗျာ။ မယုံကြည်ဘဲနဲ့ ယုံတာမယုံတာအပထား၊ ပေးတာတော့ ပေးရမှာပဲဆိုပြီး ပေးတာ။ အခုတော့ ပိုမယုံဘူးပေါ့ဗျာ၊ အဲဒီတုန်းကကို မယုံဘူး။
“နှစ်အချက်က အဲဒီတုန်းက ကျနော်တို့ရပ်ကွက်မှာဆိုရင် အထူးသဖြင့် အန်န်အယ်လ်ဒီ ကိုယ်စားလှယ်ထက် ဒီ့ပြင်ပါတီတခုက ကိုယ်စားလှယ်က ပိုတော်တယ်။ သို့သော် ကျနော်က ကျနော့်မိသားစုကို မဲအကွဲခံလို့မဖြစ်ဘူး၊ ငါတို့ အန်န်အယ်လ်ဒီကိုပေးမှဖြစ်မယ်ဆိုပြီး ကျနော့်ဆီမှာရှိတဲ့ မဲတွေအကုန်ပေးတယ်။ ပေးတဲ့အခါ အဲဒီတုန်းက ကျနော်က သြော် ငါတို့အိမ်ကသာ ဒါလုပ်တာပေါ့၊ တတိုင်းပြည်လုံး ဒီလိုမှလုပ်ပါ့မလားလို့ ကျနော် အောက်မေ့တယ်။
“ရလဒ်ထွက်လာတော့ တတိုင်းပြည်လုံးက အဲဒီလိုလုပ်တယ်။ မဲအကွဲမခံဘူး။ အန်န်အယ်လ်ဒီကိုပေးတယ်။ ဒါဟာ ဗမာပြည် တနေရာ၊ တချိန်မှာ နိုင်ငံရေးအဆင့် သိပ်မြင့်တယ်ဆိုတာကို ပြတာပါပဲ။ ကျနော်ပေးခဲ့တုန်းကတော့ ကျနော်က မယုံပါဘူးဗျာ။ အဲဒီတုန်းက စစ်တပ်ကတော့ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးနေတဲ့အချိန်ပေါ့။ နောက်ဆုံးကျတော့ သူတို့လည်း လန့်ဖျပ်သွားပြီး မှင်တက်တွေဘာတွေ မိသွားပြီး အကုန် ရလဒ်တွေ အမှန်အတိုင်း ကြေညာရတဲ့ဘ၀ရောက်တယ်။ နောက်တော့မှ ဇွတ်ရော၊ အဓမ္မရော ဓားနဲ့ထောက်ပြီး ညစ်တော့တာပါပဲ။ ဒါပါပဲဗျာ။”၁၉၉၀ မှာ မဲပေးခဲ့တဲ့ ဆရာဦးဝင်းဖေ ပြောပြခဲ့တာ ဖြစ်ပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

တနိုင်ငံလုံး၏ ဆန္ဒခံယူပွဲရလဒ် စစ်အစိုးရကြေညာ


NEJ/ ၂၇ မေ ၂၀၀၈

မေလ (၁၀) ရက်နှင့် (၂၄) ရက်တို့တွင် ကျင်းပခဲ့သည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများ၌ မြန်မာ နိုင်ငံတ၀န်းလုံးရှိ မဲဆန္ဒပေးသူများ၏ (၉၂) ရာခိုင်နှုန်းကျော်က ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို အတည်ပြုရန် ထောက်ခံခဲ့ကြသည်ဟု စစ်အစိုးရက ထုတ်ပြန်ကြေညာသည်။
မြန်မာနိုင်ငံရှိ ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း (၂၇,၂၈၈,၈၂၇) ဦးအနက် (၂၆,၇၇၆,၆၇၅) ဦးက မဲပေးကြပြီး (၂၄,၇၆၄,၁၂၄) ဦးက ထောက်ခံမဲပေးသဖြင့် ဖွဲ့စည်းပုံမူကြမ်းကို အတည်ပြုပေးရန် ထောက်ခံသည့် ရာခိုင်နှုန်းသည် (၉၂.၄၈) ရာခိုင်နှုန်းရှိသည်ဟု ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်၏ ယမန်နေ့ ကြေညာချက်၌ ဖော်ပြသည်။
ကန့်ကွက်မဲပေးသူဦးရေ (၁,၆၃၁,၇၁၂) ဦး၊ ရာခိုင်နှုန်းအားဖြင့် (၆.၁) ရာခိုင်နှုန်းရှိပြီး ပယ်မဲ ဖြစ်သွားသူ (၃၈၀,၈၃၉) ဦး သို့မဟုတ် (၁. ၄၂) ရာခိုင်နှုန်းရှိကြောင်း၊ (၈၂.၇၄) ရာခိုင်နှုန်းက မဲရုံသို့ ကိုယ်တိုင်လာရောက် ဆန္ဒမဲပေးခဲ့ကြပြီး (၁၇.၂၆) ရာခိုင်နှုန်းက ကြိုတင်ဆန္ဒမဲပေးခဲ့ကြ သည်ဟု ဖော်ပြသည်။
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို မေ (၁၀) ရက်နေ့က မုန်တိုင်းဘေးသင့်သည့် နေရာများမှလွဲ၍ မြန်မာတနိုင်ငံလုံးရှိ မြို့နယ် (၂၇၈) မြို့နယ်၌ ကျင်းပခဲ့ပြီး မေ (၂၄) ရက်တွင် မုန်တိုင်းဒဏ် ခံရသည့် ရန်ကုန်နှင့် ဧရာဝတီတိုင်းရှိ ကျန်မြို့နယ် (၄၇) မြို့နယ်၌ ကျင်းပခဲ့သည်။
မေ (၁၀) ရက် ဆန္ဒခံယူပွဲတွင် မဲဆန္ဒရှင် (၂၂,၄၉၆,၆၆၀) ဦးအနက် (၉၂.၄) ရာခိုင်နှုန်းက ထောက်ခံကြောင်း မေ (၁၅) ရက်၌ စစ်အစိုးရက ကြေညာခဲ့ပြီး မေ (၂၄) ရက် ဆန္ဒခံယူပွဲတွင် မဲဆန္ဒရှင် (၄,၂၈၀,၀၁၅) ဦးအနက် (၉၂.၉၃) ရာခိုင်နှုန်းက ထောက်ခံကြောင်း ယမန်နေ့က ကြေညာခဲ့သည်။
မြန်မာနိုင်ငံ၌ အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးခွင့်ရှိသူပေါင်း(၂၇,၃၆၉,၉၅၇) အပါအ၀င် လူဦးရေ (၅၇,၅၀၄,၃၆၈) ဦးရှိသည့်အနက် မုန်တိုင်းကြောင့် ဆန္ဒမဲပေးခွင့်ရှိသူ (၈၁,၁၃၀) ဦး သေဆုံးပျောက်ဆုံးသွားသဖြင့် လူဦးရေ (၅၇,၃၇၀,၇၁၃) ဦးအနက် ဆန္ဒမဲပေးခွင့်ရှိသူပေါင်း (၂၇,၂၈၈,၈၂၇) ရှိသည်ဟု စစ်အစိုးရ ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်က ထုတ်ပြန်သည်။
နအဖစစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်တပ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရန် ပံ့ပိုးထားသည့် ဥပဒေဖြစ်သဖြင့် ဆန့်ကျင်ကန့်ကွက်ကြောင်း၊ ဆန္ဒခံယူပွဲသည်လည်း တရား မျှတမှုမရှိသဖြင့် ဆန္ဒခံယူပွဲရလဒ်ကို အသိအမှတ်မပြုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အတိုက်အခံ ဒီမိုကရေစီအင်အားစုများက ထုတ်ဖော်ပြောကြားထားပြီးဖြစ်သည်။

အပြည့်အစုံဖတ်လိုလျှင်

ဘိုကလေး၊ ဖျာပုံ လေဘေးဒုက္ခသည်များအား မအူပင်မှ ပြန်ပို့

NEJ/ ၂၆ မေ ၂၀၀၈

နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် ဘိုကလေးနှင့် ဖျာပုံမြို့နယ်တို့မှ ဒုက္ခသည်များကို နအဖစစ်အစိုးရက မအူပင် လေဘေးကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ပေး ခဲ့ပြီးနောက် ယခုလ (၂၄-၂၅) ရက်တို့တွင် အဆိုပါဒုက္ခသည်များကို နေရပ်သို့ ပြန်ပို့နေကြောင်း သိရသည်။

ဘိုကလေးမြို့နယ်မှ ကိုအောင်ဆန်းဆိုသူက “ကျနော်တို့ကို ကားပေါ်တက်၊ ကားပေါ်တက်ဆိုလို့ တက်လာတာ။ မေးကြည့်တော့ မင်းတို့ကို မင်းတို့နေရာ ပြန်ပို့မလို့ဆိုတာနဲ့ တက်လိုက်လာတာ” ဟု ပြောသည်။
၎င်းက “ကျနော်က ပန်းဘူး စလောင်းကျ၊ ကြိမ်ချောင်းကြီး အုပ်စု ဘိုကလေးကပါ။ ကျနော့်မှာ မိသားစု (၇) ယောက်ရှိတယ်။ ကျနော်တယောက်ပဲ ကျန်တယ်” ဟု ပြောသည်။
မအူပင်၌ ဒုက္ခသည်စခန်းကို အထက (၁) မအူပင်တွင် ဖွင့်လှစ်ထားပြီး ဘိုကလေး၊ ဖျာပုံ၊ လပွတ္တာ တို့မှ ဒုက္ခသည်များအား ထားရှိခြင်းဖြစ်သည်။
မအူပင်ရောက်စတွင် ထမင်း ၀၀လင်လင် ကျွေးသော်လည်း နောက်ပိုင်းတွင် ပုဂ္ဂလိကများ လာလှူ သည့် အစားအသောက် အ၀တ်အထည်များကိုပင် ပြည့်ပြည့်စုံစုံ မရတော့ကြောင်း ဘိုကလေးမှ ဒုက္ခသည်တဦးက ပြောသည်။
၎င်းက “ကျနော်တို့ကို နေရပ်ဒေသပြန်ပို့ပြီး နေရာချပေးဖို့လို့ ပြောတာပဲ။ ထောင်သားတွေကို တင်သလိုပဲ၊ တက်တက် အားလုံးကို ပြန်ပို့ပေးမယ်လို့ပြောတယ်။ ဘိုကလေးရောက်ရင်တော့ ဘယ်နေရာမှာထားမယ်၊ ဘာလုပ်မယ် ဒါတွေကို ဘာမှမပြောသေးဘူး” ဟုဆိုသည်။
ဘိုကလေးမြို့မှ ဒုက္ခသည်များကို ယခုလ (၂၀) ရက်က ကယ်ဆယ်ရေးစခန်းများမှ မိမိနေရပ် ဒေသများသို့ နောက်ဆုံးထား၍ ပြန်ကြရန် နအဖ လက်အောက်ခံကြံ့ဖွံ့များက အသိပေးခဲ့ပြီး နောက်ပိုင်း အချို့ဒုက္ခသည်များက ပြန်ရန်နေရာ မရှိသည့်အတွက် ခေတ္တခိုလှုံနေသော ဘုန်းတော် ကြီးကျောင်းများ၌ ဆက်လက်နေထိုင်ကြကြောင်း သိရသည်။
“အခု (၂၄-၂၅) ရက်တွေမှာ ပို့တဲ့ဒုက္ခသည်ဟာ ကားတစီးကို (၆၅) ဦးနဲ့ ကားအစီးရေ (၂၀) ရှိပြီ။ တနေ့ကို ကား (၁၀) စီးစီပါ” ဟု ဒုက္ခသည်များအား သယ်ယူပို့ဆောင်နေသည့် ကားဒရိုင်ဘာ တဦးက ပြောသည်။
(၂၄) ရက်၌ ဖျာပုံမြို့သို့ ပြန်လည်ရောက်ရှိလာသည့် ဒုက္ခသည် (၆၅) ဦးကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များက ဆန် (၅) ပြည်၊ ငွေ (၅) ထောင်နှင့် မိုးကာဖျင်များပေးပြီး ၎င်းတို့၏ နေအိမ်သို့ ပြန်ခိုင်းကြောင်း သိရသည်။
ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာက လေဘေးဒုက္ခသည်များကို ကယ်ဆယ်ရေးလုပ်ရန် အများ ကြီးလိုအပ်နေသေးကြောင်း ပြောကြားနေချိန်တွင် ယခုကဲ့သို့ ဒုက္ခသည်များအား နေရပ်များသို့ အတင်းပြန်လွှတ်နေခြင်းဖြစ်သည်။ ။

အပြည့်အစုံဖတ်လိုလျှင်