စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, July 31, 2008

စစ်အစိုးရနဲ့ စီးပွားရေးလုပ်နေတဲ့ နိုင်ငံခြား အာမခံကုမ္ပဏီတွေကို နာမည်ပျက် စာရင်းသွင်း

လန်ဒန်လွိုဒ် အဆောက်အဦး။(ဓာတ်ပုံ-ဘားမားကမ်ပိန်း-ယူကေ)

29 July 2008

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကြောင့် နိုင်ငံတကာက အရေးယူပိတ်ဆို့ဒဏ်ခတ်တာတွေ ခံနေရတဲ့ မြန်မာနိုင်ငံမှာဆက်လက်ပြီး စီးပွားရှာနေတဲ့ ပြည်ပကုမ္ပဏီတွေထဲက အာမခံလုပ်ငန်းတွေရဲ့ အမည်စာရင်းအသစ်တခုကို ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့က ဒီကနေ့ပဲ ထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေကြတဲ့ ဒီကုမ္ပဏီတွေရဲ့ လုပ်ငန်းတွေကရတဲ့ ၀င်ငွေတွေဟာ စစ်အစိုးရကို အထောက်အပံ့ပေးရာ ရောက်နေလို့ အခုလိုထုတ်ပြန်ပြောဆိုရတာလို့လည်း ပြောပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးကတင်ပြပေးထားပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြန်မာနိုင်ငံမှာ တိုက်ရိုက်တမျိုး၊ သွယ်ဝိုက်တဲ့နည်းနဲ့တဖုံ စီးပွားရေးလုပ်နေကြတဲ့အာမခံလုပ်ငန်းတွေက အကျိုးအမြတ်တွေဟာ မြန်မာပြည်သူတွေ မခံစားရဘဲ စစ်အစိုးရလက်ထဲသာ ရောက်နေတဲ့အတွက် ဖိနှိပ်မှုကို အားပေးအားမြှောက်ပြုရာရောက်နေတယ်ဆိုပြီး ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့Burma Campaign UK က အစီရင်ခံစာ တစောင်ထုတ်ပြီး လူသိရှင်ကြားဖြစ်အောင်လုပ်လိုက်တာပါ။ ဖိနှိပ်မှုကို အာမခံပေးနေခြင်းလို့ အမည်ပေးထားတဲ့ ဒီအစီရင်ခံစာထဲမှာ နာမည်ကျော် လန်ဒန် လွိုဒ် (Lloyd's of London)၊ ဂျပန်နိုင်ငံက တိုကီအိုမာရိန်း (Tokio Marine) လို အာမခံကုမ္ပဏီကြီးတွေ အပါအ၀င် ကုမ္ပဏီပေါင်း ၁၆ ခုကမြန်မာအစိုးရပိုင် အာမခံလုပ်ငန်းအတွက် ၀န်ဆောင်မှုလုပ်ငန်းတွေ ပေးနေတဲ့အကြောင်း အလေးထားဖော်ပြခဲ့တာပါ။ ဒါနဲ့ပတ်သက်လို့ အစီရင်ခံစာကို ရေးသားခဲ့တဲ့Burma Campaign UK အဖွဲ့က လှုံ့ဆော်ရေး တာဝန်ခံတဦးဖြစ်တဲ့ ဂျွန်နီ ချက်တာတန်(Johnny Chatterton) ပြောတာက …
"ဒီအာမခံလုပ်ငန်းတွေက မြန်မာစစ်အစိုးရအတွက် တနေ့တနေ့ ၀င်ငွေတွေ သန်းနဲ့ချီရအောင် ဘယ်လို အထောက်အပံ့ ပေးနေတယ်ဆိုတာကို အခုအစီရင်ခံစာက ဖွင့်ချထားတာပါ။ နောက်ပြီး ဒါတွေဟာလည်း အများပြည်သူ အကျိုးခံစားခွင့်မရဘဲ၊စစ်ဗိုလ်ချုပ်တွေ အိတ်ကပ်ထဲသာ ရောက်ကုန်တယ်ဆိုတာ ကျနော်တို့သိပါတယ်။"
ဒါကြောင့်မို့လို့လည်း မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်နေကြတဲ့ ဒီကုမ္ပဏီတွေကို သူတို့လုပ်ငန်းတွေရပ်ဆိုင်းဖို့ လှုံ့ဆော်နေရတာလို့လည်း သူကပြောပါတယ်။ ဒါပေမယ့်လည်းတချို့ကုမ္ပဏီတွေကတော့ ခေါင်းမာမာနဲ့ သူတို့လုပ်ငန်းတွေကို ဆက်လုပ်ဖို့သာဆုံးဖြတ်ထားကြတယ်၊ လန်ဒန် လွိုဒ် ကုမ္ပဏီဆိုရင် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေဟာ သူတို့ပြဿနာမဟုတ်ဘူးလို့တောင် ပြန်လည်တုံ့ပြန်ခဲ့တာမျိုး ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ သူတို့လုပ်ရပ်တွေကို ဖော်ထုတ်ရတာလို့လည်း သူကပြောပါတယ်။
"ကျနော်တို့ အစီရင်ခံစာထဲမှာပါတဲ့ ကုမ္ပဏီတွေအားလုံးကို ဆက်သွယ်ခဲ့သလို၊ တချို့နဲ့လည်း တွေ့ဆုံပြီး ဒီကိစ္စနဲ့ပတ်သက်လို့ စကားပြောခဲ့တာမျိုး ရှိပါတယ်။ ဒါပေမယ့်လည်းအခုစာရင်းထဲမှာပါတဲ့ ကုမ္ပဏီတွေအားလုံးကတော့ သူတို့ရဲ့မူတွေကို မပြောင်းနိုင်ဘူးလို့ ပြောတဲ့အတွက်၊ နောက်တဆင့်တက် ဖိအားပေးတဲ့အနေနဲ့ ကျနော်တို့က သူတို့နာမည်တွေကို ဖော်ထုတ်ပြီး အရှက်ခွဲလိုက်တာပါ။"
မြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာတွေ မပြေလည်နိုင်သေးတာ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေသေးတဲ့အတွက် အီးယူ (ဥရောပသမဂ္ဂ) လို၊ အမေရိကန်ပြည်ထောင်စုလို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ရှိနေတာပါ။ ဒါပေမယ့်လည်း ဒီအရေးယူမှုတွေမှာ ပျော့ပြောင်းတာတွေ၊ အားနည်းတာတွေရှိတယ်ဆိုပြီး ထောက်ပြတာတွေလည်း ရှိပါတယ်။ အခုအစီရင်ခံစာထဲမှာလည်း အီးယူရဲ့ ပစ်မှတ်ထားအရေးယူ ဒဏ်ခတ်မှုတွေဟာ အခုအာမခံလုပ်ငန်းတွေ မြန်မာနိုင်ငံမှာစီးပွားရေးလုပ်ကိုင်ခွင့်ကို ဟန့်တားနိုင်တဲ့ အခြေအနေမျိုး မရှိဘူး ဆိုပြီးတော့လည်းပြောထားပါတယ်။ ဒီလိုလုပ်ငန်းတွေကို တားမြစ်ဖို့က မြန်မာ့အရေးအတွက် အရေးကြီးတယ်လို့ Burma Campaign UK ကတော့ ယူဆထားတာပါ။
"ဒီကုမ္ပဏီတွေက ကမ္ဘာတလွှားမှာ အခြေစိုက်ထားတယ်ဆိုပေမယ့်လည်း အာမခံလုပ်ငန်း ဈေးကွက်ကိုတော့ ဥရောပက ကြီးစိုးထားတာ ဖြစ်ပြီးတော့၊ အတော်များများဟာ ဥရောပမှာ အခြေစိုက်ထားသလို၊ လန်ဒန်မှာလည်း အများအပြား ရှိကြပါတယ်။ဒါကြောင့်မို့လို့ လန်ဒန်မှာရှိတဲ့ ဒီကုမ္ပဏီတွေရဲ့ မူဝါဒတွေကို ပြောင်းလဲအောင် ကျနော်တို့ လုပ်နိုင်မယ်ဆိုရင် မြန်မာစစ်အစိုးရရဲ့ အမာခံဝင်ငွေ အသက်သွေးကြောကိုဖြတ်တောက်နိုင်မှာပါ။"Burma Campaign UK အဖွဲ့က လှုံ့ဆော်ရေးတာဝန်ခံတဦးလည်းဖြစ်၊ အခုနောက်ဆုံးထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာကို ရေးသားသူလည်းဖြစ်တဲ့ ဂျွန်နီ ချက်တာတန် ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုက ချမှတ်ထားတဲ့ ဘဏ္ဍာငွေကြေးဆိုင်ရာ ပိတ်ဆို့ဒဏ်ခတ်မှုတွေအရဆိုရင်တော့ ကမ္ဘာပေါ်က ထိပ်တန်းအာမခံကုမ္ပဏီကြီး ၃၀ ဟာမြန်မာနိုင်ငံနဲ့ဆက်စပ်ပြီး စီးပွားဖက်စပ်လုပ်ကိုင်ခွင့် မရှိတော့ပါဘူး။

အပြည့်အစုံဖတ်လိုလျှင်

ကျောက်မျက်တင်သွင်းမှု ပိတ်ပင်သည့် ဥပဒေ လူ့အခွင့်အရေးအဖွဲ့ ကြိုဆို

29 July 2008

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှုမရှိတာကြောင့် နောက်ထပ်ဖိအားတွေ တိုးမြှင့်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုက မြန်မာစစ်အစိုးရအပေါ်အရေးယူဒဏ်ခတ်မှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေတာဟာ မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ ဖြစ်ဖို့အတွက် သတင်းကောင်းပဲလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ကြိုဆိုလိုက်ကြပါတယ်။ မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေ အမေရိကန်ထဲသွင်းခွင့်လုံးဝမရတော့အောင် ကန့်သတ်မယ့် ဒီဥပဒေမူကြမ်းနဲ့ပတ်သက်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့ သဘောထားတွေကို စုစည်းပြီး ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေကို အမေရိကန်နိုင်ငံထဲ တင်သွင်းခွင့်မပြုတဲ့ဥပဒေမှာ အရင်တုန်းက တတိယနိုင်ငံတွေကတဆင့် တင်သွင်းတာတွေကို တားမြစ်ထားတာမျိုးမရှိဘဲ ဖြစ်နေရာက အခုတော့ အဲဒီလစ်ဟာချက်ကို ပိတ်ပင်လိုက်တဲ့ဥပဒေအသစ် တရပ်ကို အမေရိကန်ပြည်ထောင်စုက ပြဋ္ဌာန်းဖို့ ပြင်ဆင်နေတာပါ။အထက်နဲ့ အောက်လွှတ်တော် ၂ ရပ်စလုံးက မကြာသေးခင် ရက်သတ္တပတ်တွေကပဲအတည်ပြုလက်ခံထားတဲ့ ဒီဥပဒေနဲ့ပတ်သက်လို့ ဒါဟာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်လာအောင် အထောက်အကူ ဖြစ်စေလိမ့်မယ်ဆိုပြီး လူ့အခွင့်အရေး လှုပ်ရှားသူတွေက ကြိုဆိုလိုက်ကြတာပါ။ ဒါနဲ့ပတ်သက်လို့ နယူးယောက်ခ်အခြေစိုက် လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်လေ့လာနေတဲ့ HumanRights Watch အဖွဲ့ကြီးက စီးပွားရေးနဲ့ လူ့အခွင့်ရေးရာ ဒါရိုက်တာ အာဗင် ဂနေဆန်(Arvind Ganesan) ပြောတာကတော့ …
"ကျနော်တို့အမြင်ကတော့ ဒါဟာ ကောင်းတဲ့ကိစ္စပါ။ ဘာကြောင့်လဲဆိုတော့ အရင်နှစ်တွေတုန်းက မြန်မာစစ်အစိုးရ ပြောပုံအရဆိုရင် ဒေါ်လာ သန်း ၃၀၀ ကျော်လောက်ကျောက်မျက်ရတနာတွေကို ရောင်းချရာကနေ ၀င်ငွေတွေ ရခဲ့တယ်လို့ ဆိုပါတယ်။ဒီငွေတွေဟာလည်း စစ်အစိုးရလက်ထဲပဲ ရောက်ကုန်တာပါ။ အတိတ်တုန်းက အမေရိကန်ပြည်ထောင်စုရဲ့ ဥပဒေက မြန်မာ့ကျောက်မျက်တွေကို တိုက်ရိုက်တင်သွင်းတာကိုပဲ တားမြစ်ထားခဲ့တာပါ။ ဒါပေမယ့် ထိုင်း၊ အိန္ဒိယတို့လို တတိယနိုင်ငံတခုခုကတင်သွင်းတာတွေကို မပိတ်ခဲ့ပါဘူး။ အခုတော့ ဒီအားနည်းချက်ကို ပိတ်လိုက်နိုင်တာဟာ အလွန်အရေးကြီးပါတယ်။"
ဒီလိုပိတ်ပင်နိုင်တဲ့ အတွက်ကြောင့်မို့လို့လည်း မြန်မာစစ်အစိုးရရဲ့ လုပ်ပုံကိုင်ပုံတွေပြောင်းလဲလာကောင်း ပြောင်းလဲလာနိုင်မယ့် အတွက်ကြောင့်မို့လို့လည်း အခု ပြဋ္ဌာန်းဖို့ပြင်ဆင်နေတဲ့ ဥပဒေဟာ ကောင်းတဲ့လုပ်ဆောင်ချက်ဖြစ်တယ်လို့ သူတို့အနေနဲ့လက်ခံယူဆထားကြတာလို့လည်း ဆိုပါတယ်။ ဒီလို မြန်မာစစ်အစိုးရရဲ့ ငွေဝင်ပေါက်တွေကို ပိတ်ပင်နိုင်ခြင်းအားဖြင့် တိုက်ရိုက်အကျိုးရလဒ်တွေ ရှိနိုင်သလို တခြားရေရှည်အကျိုးဖြစ်ထွန်းစရာတွေ မြင်တယ်လို့လည်း သူက ယုံကြည်ထားတာပါ။
"အခု ဖိအားပေးမှုတွေက မြန်မာစစ်အစိုးရအပေါ်မှာ တိုက်ရိုက်အကျိုးသက်ရောက်မှုတွေ ရှိပါလိမ့်မယ်။ ရေရှည်မှာ ဖြစ်နိုင်စရာရှိတာကလည်း မြန်မာစစ်အစိုးရရဲ့ အိတ်ကပ်ထဲကို ဒီလိုဝင်ငွေတွေ ရောက်သွားတဲ့အပေါ် ဖိအားတွေရှိလာမယ်ဆိုရင် သူတို့လုပ်ကိုင်နေတာတွေ ပြောင်းလဲပြီး၊ ကိုယ့်ပြည်သူတွေအပေါ် တုံ့ပြန်မှုတွေ ပိုရှိလာမယ်၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံတာတွေ ပိုလုပ်ကောင်း လုပ်လာနိုင်ပါတယ်။"
တကယ်တော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာတွေကို မဖြေရှင်းနိုင်သေးတာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကြောင့် နိုင်ငံတကာက အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ထားတာပါ။ ဒါပေမယ့်လည်း ဝေဖန်သူတချို့က ဒါတွေဟာထိရောက်မှုမရှိဘူးလို့ ပြောကြဆိုကြတာတွေ ရှိသလို၊ မြန်မာစစ်အစိုးရ ကိုယ်တိုင်ကလည်း ဒါဟာ မြန်မာပြည်သူတွေကိုသာ ထိခိုက်နစ်နာစေတယ်ဆိုပြီး ကာကွယ်ပြောဆိုတာတွေ ရှိပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူတွေဘက်ကတော့ ဒီပြောဆိုမှုတွေဟာမှန်တယ်လို့ မယူဆကြပါဘူး။
"ပြဿနာကတော့ နိုင်ငံတကာက အရေးယူဒဏ်ခတ်မှုတွေက တစိုက်မတ်မတ် ရှိနေဖို့လိုအပ်နေတာပါ။ ဒီဒဏ်ခတ်မှုတွေက တကယ့်ကို အကျိုးသက်ရောက်မှုရှိတယ်လို့ကျနော်ယူဆပါတယ်။ ဥပမာအနေနဲ့ ပြောမယ်ဆိုရင် မြန်မာ့ပတ္တမြားဟာ တကယ့်ကိုအဖိုးတန် ဇိမ်ခံပစ္စည်းပါ။ အမေရိကန်နိုင်ငံဟာဆိုရင်လည်း ဒီလိုပစ္စည်းတွေအတွက်တကယ့်ကို ကြီးမားတဲ့ ဈေးကွက်တခု ဖြစ်ပါတယ်။ ဒီတော့ ဒါတွေက မြန်မာစစ်အစိုးရအပေါ် အကျိုးသက်ရောက်မှုတွေ ရှိမယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် ဒီလိုအရေးယူမှုတွေက တကမ္ဘာလုံးက ၀ိုင်းလုပ်မယ်ဆိုရင်တော့ ပိုပြီး ထိရောက်မှုရှိမှာပါ။လောလောဆယ် အဲလို မဖြစ်သေးတာပါပဲ။ လုံးလုံး အကျိုးသက်ရောက် မရှိဘူးဆိုတာတော့ မဟုတ်ပါဘူး။"နယူးယောက်ခ်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်နေတဲ့ Human Rights Watchအဖွဲ့ကြီးက စီးပွားရေးနဲ့ လူ့အခွင့်ရေးရာ ဒါရိုက်တာ အာဗင် ဂနေဆန် ဖြစ်ပါတယ်။လောလောဆယ်မှာတော့ အမေရိကန်ပြည်ထောင်စုက ထင်ရှားတဲ့ Tiffany & Co.Leber ရတနာကုမ္ပဏီ စတဲ့ ကုမ္ပဏီကြီးတွေကတော့ မြန်မာနိုင်ငံကထွက်တဲ့ကျောက်မျက်တွေကို သူတို့ဆိုင်တွေတင် ရောင်းချဖို့ကို ငြင်းပယ်ထားတာပါ။ ပြီးခဲ့တဲ့နှစ်စက်တင်ဘာ သံဃာတော်တွေဦးဆောင်တဲ့ လှုပ်ရှားမှုတွေကို မြန်မာအာဏာပိုင်တွေကအကြမ်းဖက်ဖြိုခွဲခဲ့တဲ့နောက် ဒီလို မြန်မာကျောက်မျက်တွေကို သပိတ်မှောက်တာ အပါအ၀င် စစ်အစိုးရအပေါ် ဖိအားပေးမှုတွေလည်း အရှိန်မြင့်လာခဲ့တာပါ။ အခု အမေရိကန်ပြည်ထောင်စုက အသစ်ပြဋ္ဌာန်းဖို့ ပြင်ဆင်နေတဲ့ ဒီဥပဒေကို ဒီမိုကရေစီရေး စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ ကွယ်လွန်သူ အောက်လွှတ်တော်အမတ် တွမ် လန်းတို့စ်(Tom Lantos) ကို အစွဲပြု အမည်ပေးထားပါတယ်။ ဒီဥပဒေကို အထက်နဲ့အောက်လွှတ်တော် ၂ ရပ်လုံးက ဒီလထဲမှာပဲ ထောက်ခံအတည်ပြုထားတာဖြစ်ပြီးသမ္မတ ဘုရှ်က လက်မှတ်ရေးထိုး အတည်ပြုပြီး ရက်ပေါင်း ၆၀ ပြည့်တဲ့အခါမှာတော့ဥပဒေသစ်အဖြစ် အသက်ဝင်လာတော့မှာ ဖြစ်ပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

ဒုက္ခသည်အမျိုးသမီးများက ဝန်ကြီးချုပ်ကားကိုတား၍ အခက်အခဲများတင်ပြတောင်းဆို

ဖြိုးကြီး။ ဇူလိုင် ၂၉၊ ၂၀၀၈

လေဘေးသင့်ဒုက္ခသည်စခန်းမှ အမျိုးသမီးများက ဝန်ကြီးချုပ်စီးလာသည့်ကားကိုတား၍ လက်ရှိရင်ဆိုင်နေရသည့် အခက်အခဲများကို တင်ပြတောင်းဆိုခဲ့ကြသည်။
ဧရာဝတီတိုင်း၊ လပွတ္တာမြို့ပေါ်ရှိ (၃) မိုင် ဒုက္ခသည်စခန်းမှ အမျိုးသမီးများက ယမန်နေ့ နံနက်ပိုင်း (၉) နာရီခန့်က နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် စီးလာသည့်ကားကို လေယာဉ်ကွင်းအပြန်တွင် ရှေ့မှရပ်၍ တားမြစ်ပြောဆိုခြင်းဖြစ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
လပွတ္တာမြို့ပေါ်ရှိဒုက္ခသည်များကို စခန်းအာဏာပိုင်များက နေရပ်ရင်းပြန်ရန် အတင်းအကြပ် ဆောင်ရွက်နေသည့်အတွက် အခက်အခဲနှင့်ရင်ဆိုင်နေရသည့်အမျိုးသမီးများက ယခုကဲ့သို့ တင်ပြခဲ့ခြင်းဖြစ်သည်။
“ကျမတို့ပြန်ဖို့ဆိုတာက နေဖို့ထိုင်ဖို့ကလည်း အခက်အခဲရှိပါတယ်၊ ကျန်းမာရေးအတွက်လည်း စိုးရိမ်ရတယ်၊ အခုလည်းကြားနေရတယ်၊ လေတွေတိုက်မယ် ရေတွေကြီးမယ်လို့ ကြားနေရ တော့ ထိတ်လန့်နေတယ်၊ ကျမတို့ နေဖို့မြေနေရာလေးနည်းနည်းလောက်ရရင် ဖြစ်ပါတယ်၊ ကြုံရာလုပ်စားပြီးနေမှာပါလို့ ပြောတာပါ”ဟု ဒုက္ခသည်စခန်းမှ အမျိုးသမီးတဦးက ပြောသည်။
ဝန်ကြီးချုပ်အနေဖြင့် နောက်တကြိမ်ပြန်လာ၍ အခက်အခဲများကို ပြေလည်အောင်လုပ်ပေးမည် ဟု ပြောဆိုခဲ့ပြီး အဆိုပါနေ့က လုံခြုံရေးတာဝန်ယူထားသည့် ရဲတပ်ဖွဲ့ဝင်အချို့နှင့် အမျိုးသမီး များ ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်တွင် အမျိုးသမီးတဦးက ဝန်ကြီးချုပ်ကားရှေ့မှရပ်ကာ တားမြစ် ခဲ့သဖြင့် ဗိုလ်ချုပ်ကြီးသိန်းစိန်က ၎င်းအမျိုးသမီးနှင့် စကားပြောဆိုခဲ့သည်ဟု မျက်မြင်တဦးက ပြောသည်။
ယင်းနေ့မတိုင်မှီ အခက်အခဲများကို တင်ပြပြောဆိုရန် စခန်းအတွင်းရှိ အမျိုးသားများက စီစဉ် ထားသည်ကို သတင်းပေါက်ကြားသွားသဖြင့် အာဏာပိုင်များက စုရုန်းခွင့်မပေးဘဲ ဖမ်းဆီး ထိမ်းသိမ်းခြင်းများ ပြုလုပ်ခဲ့ကြောင်းနှင့် ရဲ၊ ရယကအဖွဲ့ဝင်များက သူတို့တင်ပြပေးမည်ဟု ပြောဆိုခဲ့ကြောင်း လေဘေးသင့်ဒုက္ခသည်တဦးက ပြောသည်။
လပွတ္တာမြို့ပေါ်ရှိ လေဘေးဒုက္ခသည်စခန်းများမှ ရွာသားများကို မြို့နယ်အာဏာပိုင်များက နေရပ်သို့ပြန်ရန် အတင်းအကြပ် ခြိမ်းခြောက်ပြောဆိုမှုများပြုလုပ်ပြီး မိမိဆန္ဒအလျှောက် ပြန်သည်ဖြစ်ကြောင်းကို စာရွက်များထုတ်ပေး၍ လက်မှတ်ထိုးခိုင်းခြင်းများ ပြုလုပ်နေသည်။
လက်ရှိဒုက္ခသည်စခန်းများတွင် နေထိုင်ကြသူများမှာ သက္ကယ်သောင်၊ ပြင်စလူ၊ ကိုင်းသောင်၊ လွှစာကျေးရွာများမှဖြစ်ပြီး (၅) မိုင်စခန်းတွင် လူဦးရေ (၅၀) ခန့်၊ ဘောလုံးကွင်းစခန်းတွင် (၃၀)ခန့်လောက်သာကျန်ရှိပြီး၊ (၃) မိုင် စခန်းတွင် (၂,၀၀၀) နီးပါးကျန်နေသေးကြောင်း ဒေသခံ တဦးက ပြောသည်။
“ကျမတို့ကို ရဲမှူးက (၂၅) ရက်နေ့ကနေ (၃၀) ရက်နေ့ နောက်ဆုံးဆင်းပေးရမယ်၊ ဆင်းမပေး ရင် တူးချင်းတပ်ကိုခေါ်ပြီးတော့ ရိုက်ခိုင်းမယ်၊ ခင်ဗျားတို့က သူများလှူတာတမ်းတာတွေနဲ့ တောင်းရမ်းစားနေတဲ့ သူတောင်းစားတွေလို့ပြောတယ်၊ ဒီ (၃) မိုင်စခန်းမှာလည်း နေလို့မရဘူး၊ အနီးနားက ကျောက်ဖြူ၊ ကျောက်မှော်ရွာတွေမှာလည်း သွားနေခွင့်မပြုနိုင်ဘူး”ဟု ပြောဆိုခဲ့ ကြောင်း (၃) မိုင်စခန်းမှ အမျိုးသမီးတဦးက ပြောသည်။
အာဏာပိုင်များဘက်က ဒုက္ခသည်များကို လုံလောက်သည့် ထောက်ပံ့မှုများလုပ်ပေးနေသည် ဆိုသော်လည်း ဒုက္ခသည်တဦးအတွက် တရက်လျှင် ဆန်တဗူးခွဲ၊ ကုလားပဲ၊ ဆီနှင့် အိမ်ထောင်စု တစုအား ဆားတဇွန်းသာပေးသည်ဟု ဆိုသည်။
လေဘေးကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသူ အင်န်အယ်ဒီပါတီမှ ဒေါက်တာအေးကြူက “လတ်တလောကတော့ ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးအခြေအနေက သွေးလွန်တုတ် ကွေး၊ ငှက်ဖျားရောဂါတွေဖြစ်နေတယ်၊ ဝမ်းပျက်ဝမ်းလျှောရောဂါတော့ မရှိတော့ဘူး”ဟု ပြော ဆိုခဲ့သည်။

အပြည့်အစုံဖတ်လိုလျှင်

လူ့အခွင့်အရေးချိုးဖောက်ခံရသူများ တိုင်ကြားနိုင်ရန် AAPP က စာအုပ်ထုတ်ဝေ


မြန်မာနိုင်ငံတွင် စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်နေခြင်းများ ကို ပြည်သူများအနေဖြင့် ကုလသမဂ္ဂသို့ တိုင်ကြားနိုင်ရန် နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောင့်ရေးအသင်း (AAPP) က စာအုပ်ထုတ်ဝေဖြန့်ချိ လိုက်သည်။
မြန်မာနိုင်ငံသားများ နေ့စဉ်နှင့်အမျှ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများကို တစုံတရာ ကာကွယ်ပေးနိုင်ရန် ရည်ရွယ် ပြီး အဆိုပါစာအုပ်ကို ထုတ်ဝေခြင်း ဖြစ်ကြောင်း (AAPP) က ပြောဆိုသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
စာအုပ်အမည်မှာ “ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အဓိကလုပ်ငန်း ယန္တရားများ(၂၀၀၂)၊ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းဆောင်ရွက်ချက်များ” ဖြစ်ပြီး မူရင်းစာတမ်းကို လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI)နှင့် အင်္ဂလန်နှင့် ဝေးလ်စ် ဥပဒေရေးရာအဖွဲ့(The Law Society) တို့မှ ၂၀၀၂ ခုနှစ်တွင် ပူးတွဲထုတ်ဝေခဲ့ခြင်းဖြစ်သည်။
စာအုပ်တွင် အသစ်ဖွဲ့စည်းခဲ့သည့် ကုလလူ့အခွင့်အရေးကောင်စီအကြောင်းနှင့် အခွင့်အရေး ဆိုင်ရာ လုပ်ငန်းစံနစ် (၂၈) ခုနှင့် ဆိုးဝါးစွာ လူ့အခွင့်အရေးချိုးဖောက်သည့် နိုင်ငံများအား ကိုင်တွယ်အရေးယူနိုင်ရန် အထူးလုပ်ငန်းစံနစ် (၁၃) ခုပါဝင်ပြီး ယခုစာအုပ်အား လူ့အခွင့်အရေး လုပ်ငန်းများနှင့် ဆက်စပ်လုပ်ကိုင်နေသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် လူ့အခွင့်အရေး ကို စိတ်ဝင်စားသူများထံ အဓိက ဖြန့်ဝေခြင်းဖြစ်သည်။
(AAPP)အတွင်းရေးမှူး ကိုတိတ်နိုင်က“ လူ့အခွင့်အရေးကာကွယ်ဖို့ဆိုတဲ့ကိစ္စမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရသူကလဲ သူတို့ ဘာအခွင့်အရေးတွေရှိပြီး ဘာတွေချိုးဖောက်ခံနေရတယ်၊ ချိုးဖောက်သူ ဘယ်သူလဲ၊ ဘယ်လိုပုံစံနဲ့လဲ၊ အချက်အလက်ခိုင်လုံအောင် ဘယ်လိုစုဆောင်း မလဲ၊ ဘယ်ကိုတိုင်ရမလဲ၊ ဘယ်လိုတိုင်ရမလဲ၊ ကုလသမဂ္ဂအနေနဲ့ ဘယ်လိုအရေးယူဆောင်ရွက် မှုတွေ လုပ်ပေးနိုင်သလဲဆိုတာ သိထားဖို့လိုတယ်”ဟု ပြောသည်။
ယခုထုတ်ဝေလိုက်သည့်စာအုပ်တွင် လူ့အခွင့်အရေးချိုးဖောက်ခံရပါက လုပ်ကိုင်နိုင်ရန် အသေးစိတ်အချက်အလက်များအပြင် လူ့အခွင့်အရေချိုးဖောက်ခံရသည့် အခြေအနေအမျိုးမျိုး အတွက် တိုင်ကြားရန် လိပ်စာများကိုပါ ထည့်သွင်းထားသည်ဟု ၎င်းက ဆက်ပြောသည်။
တရားဥပဒေမဲ့စွာ သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ဘာသာရေးနှင့် လူမျိုးရေးအရ ခွဲခြားခံရမှု၊ အဓမ္မ လယ်ယာသိမ်းဆည်းမှု၊ မတရားဖမ်းဆီးထိန်းသိမ်းမှုများ ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံ အတွင်းမှ နိုင်ငံသားများအနေဖြင့် မိမိတို့အခွင့်အရေးများ ဆုံးရှုံးမှုကို ကုလသမဂ္ဂသို့တင်ပြနိုင်ရန် ယခု (AAPP)မှ ထုတ်ဝေလိုက်သည့်စာအုပ်မှာ လေ့လာထားသင့်သည့် စာအုပ်တအုပ်ဖြစ်သည်။

အပြည့်အစုံဖတ်လိုလျှင်

အမေရိကန်သမ္မတကတော် မဲဆောက်လည်ပတ်မည်

NEJ/ ၂၉ ဇူလိုင် ၂၀၀၈


ရွှေ့ပြောင်းမြန်မာ ကလေးငယ်များ၏ ပညာရေး၊ ကျန်းမာရေး ကိစ္စများ တိုးတက်ရေး ပိုမိုကူညီမှု ပေးနိုင်ဖို့အတွက် အမေရိ ကန်သမ္မတကတော် လော်ရာဘုရှ် လာမည့်လ (၇) ရက်နေ့တွင် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းသို့ လာရောက်မည် ဖြစ် သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။

မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာစင်သီယာမောင်က “ကျမတို့ဆေးခန်းကို နောက်လ (၇) ရက်နေ့လာမယ်။ မဲဆောက်ဒေသအတွင်းမှာရှိတဲ့ မြန်မာရွှေ့ပြောင်းကျောင်း တွေမှာ ဘော်ဒါ ဆောင်နေတဲ့ မြန်မာကလေး (၁,၅၀၀) နဲ့

ပြည်တွင်းက ကလေး (၁,၀၀၀) အတွက် လော်ရာဘုရှ်တို့အဖွဲ့က မနှစ်ကစပြီး ထောက်ပံ့ကူညီမှု ပေးတယ်။ အဲဒါနဲ့ ဆက်စပ်ပြီး ဒီက အခြေအနေကို လာရောက်လေ့လာတာ ဖြစ်တယ်လို့ သိရ တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
၎င်းကလေးငယ်များအတွက် ထောက်ပံ့မှုများကို နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီ (IRC) မှတဆင့် မယ်တော်ဆေးခန်းသို့ ပေးပို့လှူဒါန်းခြင်းဖြစ်ပြီး နယ်စပ်နှင့် ပြည်တွင်းမှ အဆောင်နေ မြန်မာကလေးငယ်များအတွက် သူမတို့အဖွဲ့မှ ကူညီပေးခြင်းဖြစ်ကြောင်း မယ်တော်ဆေးခန်း တာဝန်ခံက ပြောသည်။
လော်ရာဘုရှ်၏ ခရီးစဉ်နှင့် ပတ်သက်၍ မဲဆောက်မြို့ပိုင် နိုင်ကော်ကယ်ကျူလားဖန်းက “အမေရိ ကန်သမ္မတကတော် (၇) ရက်နေ့ မဲဆောက်ကိုလာမယ်။ သူ့ရဲ့ရှေ့ပြေးလူ (၃၀) မနက်ဖြန် ရောက် ပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်မှာဖြစ်တယ်” ဟု အတည်ပြု ပြောသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမား ပညာရေးကော်မတီ (BMWEC) ဥက္ကဋ္ဌ ဆရာမ နော်ဖောရေ က “လာမယ့် (၇) ရက်နေ့ သူနဲ့တွေ့ရင် ရွှေ့ပြောင်းကလေးတွေရဲ့ ပညာရေးသင်ကြားမှု အနေအထား ကို ဒီလောက်နဲ့ မရပ်စေချင်ဘူး။ ဒီထက်ဆက်ပြီး ဆုံးခန်းတိုင် ပညာသင်ကြားခွင့် ရဖို့ဆိုတဲ့ အခွင့် အရေးကို ကူညီဖို့ တိုက်တွန်းမယ်” ဟု ပြောသည်။
မယ်တော်ဆေးခန်းနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ပညာရေးကော်မတီအဖွဲ့များက လော်ရာ ဘုရှ်အား နယ်စပ်ကျန်းမာရေးနှင့် ပညာရေး အခြေအနေများအား ရှင်းပြမည်ဖြစ်သည်။
မဲဆောက်ဒေသအတွင်း မဲဆောက်၊ မဲလမတ်၊ ဖို့ဖတ်၊ သုံးမြို့နယ်တွင် မြန်မာကလေးငယ်ရွှေ့ ပြောင်း စာသင်ကျောင်း (၅၄) ကျောင်းရှိပြီး ရွှေ့ပြောင်းမြန်မာကလေးငယ် (၁၀,၀၀၀) ခန့် ပညာသင်ကြားလျက်ရှိသည်ဟု BMWEC ၏ စစ်တမ်းက ဖော်ပြထားသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

ဖျက်သိမ်းခံဘဏ်တို့မှ ငွေလာမထုတ်ပါက နိုင်ငံပိုင်အဖြစ်သိမ်းမည်

ပီတာအောင်/ ၂၉ ဇူလိုင် ၂၀၀၈

ဖျက်သိမ်းခံထားရသည့် မြန်မာမေဖလားဝါးဘဏ်နှင့် အာရှဓနဘဏ်များမှ အပ်နှံငွေများလာ မထုတ်ယူပါက ယခုနှစ်အကုန်တွင် နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူမည်ဟု အဆိုပါဘဏ်များ၏ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိက စစ်အစိုးရပိုင် သတင်းစာများမှတဆင့် ကြေညာထား သော်လည်း ငွေအပ်နှံသူများ မည်သည့်အတွက် မထုတ်သေးသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဘဏ်အပ်နှံငွေအမျိုးမျိုးနှင့် အခြားပေးရန် တာဝန်များကို ဘဏ်၏ စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိလက်မှ ရန်ကုန် ကော်လိတ္တော် အရာရှိထံသို့ အပ်နှံပြီးဖြစ်ကြောင်း၊ အမှတ် (၆၂)၊ ဒုတိယ ထပ်၊ ပန်းဆိုးတန်းလမ်းရှိ ရန်ကုန် ကော်လိတ္တော်အရာရှိ (ကုမ္ပဏီများဆိုင်ရာ အခွန်ရုံး ဌာနမှူး) ထံတွင် အထောက်အထား အပြည့်အစုံဖြင့် တောင်းခံထုတ်ယူနိုင်ကြောင်း ကြေညာချက်တွင် ပါရှိသည်။သတင်းစာတွင် ထည့်သွင်းကြေညာသည့်ရက် ဇူလိုင် (၁၉) ရက် မှစ၍ ၂၀၀၈ခု ဒီဇင်ဘာ (၃၁) ရက် အတွင်း လာမထုတ်လျှင် နိုင်ငံတော်ဘဏ္ဍာအဖြစ် ပေးသွင်းမည် ဖြစ်သည်ဟုလည်း ပါရှိသည်။ငွေအပ်နှံထားသူတို့အနေဖြင့် ကိုယ်တိုင် လာရောက်ထုတ်ယူရန်၊ ငွေစုစာအုပ်၊ မှတ်ပုံတင်မူရင်း၊ ငွေစာရင်းအမှတ်နှင့် ငွေအပ်နှံထားခြင်းဆိုင်ရာ အခြားအထောက်အထားများ တင်ပြရန် လိုအပ် ကြောင်း သိရသည်။ အထောက်အထားများ ပြည့်စုံမှုရှိမရှိ ဘဏ်များတွင် စိစစ်စေပြီးနောက် ငွေ ထုတ်ခွင့်အမိန့်ကို ရန်ကုန် ကော်လိတ္တော်အရာရှိက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပါရှိသည်။ယင်းဘဏ်တို့ ပိတ်သိမ်းခံရစဉ်ကတည်းက ငွေအပ်နှံသူများကို ငွေပြန်ထုတ်ပေးခဲ့သော်လည်း ယခုနောက်ဆုံးအကြိမ်အဖြစ် ကြေညာခြင်းဖြစ်ကြောင်း ရန်ကုန်ရှိ အကြီးတန်း စီးပွားရေးသတင်း ထောက်တဦးက ပြောသည်။၎င်းက “ခုဟာက နောက်ဆုံးစာရင်းရှင်း ဖျက်သိမ်းရေးအဖွဲ့က နောက်ဆုံးဘိတ် ခေါ်တာပေါ့နော်။ ဒါပြီးရင် ဘာမှ လက်မခံတော့ဘူး။ ဘဏ်ကတော့ ပိတ်သွားပြီ။ ရုံးခန်းလည်း မထားတော့ဘူး။ လူတွေနဲ့ ဆက်ဆံတဲ့ဟာလည်း ပိတ်သွားတာ ကြာလှပြီ်။ ငွေမထုတ်ပဲ ကျန်တဲ့လူကတော့ မရှိ သလောက်ပဲ။ အထောက်အထား မပြည့်စုံတဲ့သူသော်လည်းကောင်း ငွေပမာန နည်းလို့ (၂) သောင်း (၃) သောင်းလောက်နဲ့ အလုပ်ရှုပ်ခံပြီး သွားမထုတ်တာလည်း ဖြစ်ရင်ဖြစ်မယ်။ ငွေပမာဏများတဲ့ ဟာတွေကတော့ တော်တော်များများ ထုတ်ပြီးကြပါပြီ” ဟု ပြောသည်။
မြန်မာမေဖလားဝါးဘဏ်နှင့် အာရှဓနဘဏ်နှစ်ခုကို ထိုဘဏ်များကိုယ်တိုင် ငွေမဲခ၀ါချသည့် လုပ်ငန်းများ လုပ်ကိုင်သည့်ဘဏ်များအဖြစ် သံသယရှိကြောင်း ၂၀၀၃ ခု နိုဝင်ဘာလတွင် အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက သတ်မှတ်ကြေညာခဲ့သည်။
တဆက်တည်းမှာပင် အမေရိကန်ငွေကြေးအဖွဲ့အစည်းများသည် အဆိုပါ ဘဏ်နှစ်ခုအပါအ၀င် ၎င်းဘဏ်များနှင့် ဆက်စပ်နေသည့် ဘဏ်စာရင်းများနှင့်ပါ အဆက်အသွယ်ဖြတ်ရန် အဆိုပြုချက် ကိုပါ အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။ မြန်မာမေဖလားဝါးဘဏ်နှင့် အာရှဓနဘဏ် နှစ်ခုပါဝင်နေသည့် ဘဏ်စာရင်းများကိုမူ ခြွင်းချက်မရှိ ပိတ်ရမည်ဟုပါ ကြေညာ ထားသည်။
မကြာခင် မြန်မာစစ်အစိုးရ သတင်းစာများက အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန် ချက်ကို မှားယွင်းသည့်သဘောထားဆိုပြီး ပြောဆိုသည့်ပြင် မျှတမှုမရှိဟု တုံ့ပြန်ခဲ့သည်။ မကြာခင် ထိုဘဏ်နှစ်ခုကို စစ်အစိုးရက စစ်ဆေးပိတ်ပစ်ခဲ့သော်လည်း မည်သူတဦးကိုမှ ငွေမဲခ၀ါချမှုအတွက် ယနေ့တိုင် အရေးယူခဲ့ခြင်း မရှိပေ။ ။

အပြည့်အစုံဖတ်လိုလျှင်

ကမ္ဘောဇဘဏ် မန်နေဂျင်းဒါရိုက်တာ စစ်ဆေးခံရ၊ ဘဏ်ကငွေတွေ အလုအယက်ပြန်ထုတ်

NEJ/ ၂၉ ဇူလိုင် ၂၀၀၈

ကမ္ဘောဇဘဏ်၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ထိန်းသိမ်းစစ်ဆေးခံနေရသဖြင့် ဘဏ်တွင် ငွေအပ် ထားသူများ ယခုရက်ပိုင်းအတွင်း ငွေပြန်ထုတ်ယူနေကြမှု များနေသည်။
ကမ္ဘောဇဘဏ်သည်လည်း မြန်မာမေဖလားဝါးနှင့် အာရှဓနဘဏ်များကဲ့သို့ မကြာခင် ဖျက်သိမ်း ခံရဖွယ်ရှိသည်ဟု ပြင်ပတွင် ကောလာဟလများ ထွက်လာပြီးနောက် ယခုကဲ့သို့ ဘဏ်အပ်ငွေ များကို ပြန်ထုတ်လာကြခြင်းဖြစ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ယခုလလယ်ခန့်က ကမ္ဘောဇဘဏ်၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးဇော်ဝင်းနိုင်ကို သက်ဆိုင် ရာက ဖမ်းဆီးထိန်းသိမ်းစစ်ဆေးမှုများ ပြုရာမှ အဆိုပါ ကောလာဟလ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ ဦးဇော်ဝင်းနိုင် အဖမ်းခံရသည့် ကိစ္စနှင့်ပတ်သက်၍ ကမ္ဘောဇဘဏ်သို့ ခေတ်ပြိုင်က ဖုန်းအကြိမ် ကြိမ်ဆက်ခဲ့ရာ နံပါတ်အားလုံး ဆက်သွယ်မရသည့်အတွက် သီးခြားအတည်ပြုနိုင်ခြင်း မရှိ သေးပေ။
“မူးယစ်ဆေးကိစ္စနဲ့ ပတ်သက်ပြီး စစ်ဆေးနေတယ်ကြားတာပဲ၊ မောင်ဝိတ်တို့နဲ့ ဆက်စပ်နေတယ် လို့ ပြောနေကြတယ်” ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်ကြီးတဦးက ပြောသည်။
အခြားဘဏ်များ ငွေထုတ်ယူမှု ပမာဏကို ကန့်သတ်ချက်ရှိချိန်က အချိန်မရွေး လိုသလောက် မိမိအပ်ငွေကို ထုတ်ပေးနေခဲ့သော ကမ္ဘာဇဘဏ်သည် ယခုအခါ တပတ်တွင် တရက် ကျပ် (၁၀) သိန်းသာ အများဆုံးထုတ်ပေးနေကြောင်း ငွေအပ်ထားသူတဦးက ပြောသည်။
“ဒါက ခုမှမဟုတ်ပါဘူး။ ဒီစည်းကမ်းကို ဗဟိုဘဏ်က ထုတ်ပြန်ထားတာ ကြာပါပြီ။ ကျနော်တို့က ဘဏ်စည်းကမ်းအတိုင်း လုပ်ရတာပါ။ ဒီတပတ် (၁၀) သိန်းထုတ်ပြီးရင် နောက်တပတ်တွေမှာ လည်း တပတ် တရက် (၁၀) သိန်း ထုတ်ယူနိုင်ပါတယ်” ဟု ကမ္ဘောဇ ဘဏ်ခွဲတခုမှ မန်နေဂျာ တဦးက ပြောသည်။
ဘဏ်မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဖမ်းဆီးခံနေရမှုနှင့် ပတ်သက်၍ မေးမြန်းရာ ၎င်းက မသိ ကြောင်း၊ ဘဏ်နှင့် ပတ်သက်၍ ထွက်ပေါ်နေသော ကောလာဟလများမှာလည်း အမှားများ သာဖြစ်ကြောင်း၊ မိမိတို့ဘဏ်အနေဖြင့် ပုံမှန်လည်ပတ်နေနိုင်ပါကြောင်း ထပ်မံရှင်းပြသည်။
ဘဏ်နှင့်ပတ်သက်၍ ကောလာဟလများ ထွက်ပေါ်လာပြီး တပတ်အကြာတွင် စီးပွားရေးလုပ်ငန်း ရှင် အသိုင်းအ၀န်းတွင် မတွေ့ရသည်မှာ ကြာပြီဖြစ်သော ဘဏ်ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ကိုဝင်း (ဆရာကျောင်း) ကို ကမာရွတ်မြို့နယ် ဘဏ်ရုံးချုပ်သို့ လာရောက် အစစ်ဆေးခံသွားသည်ကို တွေ့ရသည်ဟု ဆိုသည်။
ကမ္ဘောဇဘဏ်သည် ဘဏ်ခွဲပေါင်း (၂၃) ခုနှင့် လည်ပတ်နေကာ မိုင်းရှူး၊ ဖားကန့်တို့တွင်လည်း ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေပြီး စားအုန်းဆီ တင်သွင်းခြင်း၊ လမ်းဖောက် လုပ်ရေး စီမံကိန်းများနှင့် အင်းလေးအမှတ်တံဆိပ်ဖြင့် ပြည်ပပို့ကုန် ဖိနပ်များ ထုတ်လုပ်သော လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။
ဖမ်းဆီးစစ်ဆေးခံနေရသော ဦးဇော်ဝင်းနိုင်မှာ ယခင် စစ်ထောက်လှမ်းရေးမှ ဗိုလ်မှူးချုပ် သန်း ထွန်း၏ သားဖြစ်ပြီး ဦးအောင်ကိုဝင်း၏ မွေးစားသားဖြစ်သည်။ ဦးအောင်ကိုဝင်းသည် စစ်အစိုးရ နံပါတ်နှစ်ဖြစ်သူ ဒု-ဗိုလ်ချုပ်ကြီးမောင်အေးနှင့် နီးစပ်ပတ်သက်သူဖြစ်သည်ဟု ဆိုကြသည်။ ။

အပြည့်အစုံဖတ်လိုလျှင်