စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, July 31, 2008

တရုတ်-ကချင်နယ်စပ် ကန်ပိုက်တီးမှာ နယ်စပ်ဂိတ်သစ်ဖွင့်ဖို့ ပြင်ဆင်

NEJ/ ၂၉ ဇူလိုင် ၂၀၀၈

တရုတ်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသွားများ ၀င်ရောက်ရန် ကချင်ပြည်နယ် ကန်ပိုက်တီး၌ တရုတ်- မြန်မာနယ်စပ်ဂိတ်သစ် ဖွင့်လှစ်ရန် ရှိသည်ဟု ထိုဒေသတွင် အခြေစိုက်သည့် ဒီမိုကရေစီသစ် တပ်မတော်-ကချင် (NDAK) ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၎င်းက “ဖွင့်ဖို့ အစီအစဉ်တော့ရှိတယ်။ ဆွေးနွေးနေတုန်းပဲ၊ အားလုံးပြင်ဆင်ပြီးတဲ့အချိန်ကျမှ ဖွင့်မယ်။ ခု လမ်းက သိပ်မကောင်းသေးပါဘူး။ လမ်းက ခဏခဏ ပြိုပြီး ပိတ်နေတယ်။ မိုးရာသီ လည်းဖြစ်တယ်။ လမ်းပိတ်တယ်။ တောင်ပြိုတယ်။ ဒါကြောင့်မို့လို့ သွားရေးလာရေး အစဉ်မပြေ သေးဘူး” ဟု ပြောသည်။
ကန်ပိုက်တီး နယ်စပ်ကို စစ်အစိုးရက ထိန်းချုပ်ထားပြီး အကောက်ခွန်မှရသည့် ငွေအချို့ကိုသာ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအတွက် NDAK ကို ခွဲဝေပေးကြောင်း၊ ကမ္ဘာလှည့်ခရီးသည်များ၏ လုံခြုံ ရေးအတွက် စစ်အစိုးရနှင့် ကချင်လက်နက်ကိုင်အဖွဲ့များ ပူးပေါင်းဆောင်ရွက်သင့်သော်လည်း လက်ရှိအချိန်ထိ ယင်းအစီအစဉ် မရှိသေးဟု NDAK ခေါင်းဆောင်က ပြောသည်။
လာမည့် ပွင့်လင်းရာသီ နိုဝင်ဘာ၊ ဒီဇင်ဘာ သို့မဟုတ် ၂၀၀၉ ခုနှစ်ကူးပိုင်းတွင် ကမ္ဘာလှည့် ခရီးသွားများ ၀င်ရောက်လာနိုင်မည်ဟု NDAK က ခန့်မှန်းထားသည်။
ဦးဇခုန်တိန့်ယိန်း က “တရုတ်ဘက်က အရမ်းလောနေတယ်။ သူတို့ဆီမှာ တနှစ်တနှစ်မှာ ထိန်ချုံး မှာပဲ ၀င်ထွက်သွားလာနေတဲ့ ခရီးသွားတွေက သန်းနဲ့ချီရှိတယ်။ အဲဒီက တချို့တ၀က် (၁၀) ပုံ (၁) ပုံဖြစ်ဖြစ် မြစ်ကြီးနားကို လာတယ်ဆိုရင် သူအတွက် နှစ်ခါ အကျိုးရှိတာပေါ့။ မြစ်ကြီးနားအတွက် လည်း အကျိုးရှိနိုင်တယ်” ဟု ပြောသည်။
အဆိုပါ နယ်စပ်ဂိတ် ဖွင့်လှစ်နိုင်ပါက ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် ကန်ပိုက်တီးမှ ၀ရှောင်၊ ၀ိုင်းမော်၊ မြစ်ကြီးနားနှင့် ရန်ကုန်ထိ ခရီးသွားရောက်နိုင်မည်ဖြစ်ပြီး တရုတ်ပိုင်နက် ထိန်ချုံးမှ ကူမင်းထိ ခရီးလမ်းပွင့်သွားမည်ဖြစ်သည်။ ။

အပြည့်အစုံဖတ်လိုလျှင်

ဖိနှိပ်မှုကို အာမခံပေးခြင်း အစီရင်ခံစာထုတ်ပြန်

Burma Campaign U.K/ ၂၉ ဇူလိုင် ၂၀၀၈

မြန်မာစစ်အစိုးရပိုင် လုပ်ငန်းများကို အာမခံထားပေးခြင်းသည် မြန်မာနိုင်ငံသားများအတွက် အကျိုး မရှိဘဲ စစ်အစိုးရ အာဏာတည်မြဲရေးအတွက်သာ အထောက်အကူ ဖြစ်စေသည်ဟု ယနေ့ထုတ် ပြန်သည့် ဘားမားကန်ပိန်း (ယူကေ) အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
Insuring Repression ဟု အမည်ပေးထားသော အဆိုပါ အစီရင်ခံစာကို ကမ္ဘာပေါ်ရှိ အာမခံ ကုမ္ပဏီ (၅၀၀) ကျော်နှင့် အာမခံလုပ်ငန်း ကျွမ်းကျင်သူများအား ဆက်သွယ်မေးမြန်း ပြုစုထား ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများကို အာမခံပေးနေသည့် လန်ဒန်၊ အန့်ထ၀ပ်၊ စင်ကာပူ၊ ထိုင်း၊ ဂျာမနီ၊ ဘာမြူဒါ၊ ဂျပန်နှင့် မလေးရှားတို့မှ ကုမ္ပဏီကြီးများကို ဖော်ထုတ်ထား ခြင်းဖြစ်သည်။
မြန်မာစစ်အစိုးရပိုင် လုပ်ငန်းများကို အာမခံပေးသည့် ကုမ္ပဏီများတွင် လန်ဒန်အခြေစိုက် လွိုဒ် ဘဏ်ကြီး၏ ထူးခြားစွာ အရေးပါမှုအပါအ၀င် အာမခံကုမ္ပဏီ (၁၆) ခုတို့၏ အမည်များကို အစီရင် ခံစာအတွင်း၌ ဖော်ထုတ်ထားသည်။
မြန်မာစစ်အစိုးရက ၎င်းသုံးငွေ၏ ထက်ဝက်ခန့်ကို စစ်တပ်အတွက် သုံးနေပြီး ကျန်းမာရေးနှင့် ပညာရေးကဏ္ဍအတွက်မူ နိုင်ငံ စုစုပေါင်း ထုတ်လုပ်မှုတန်ဖိုး၏ (၁.၄) ရာခိုင်နှုန်းကိုသာ အသုံး ပြုနေသဖြင့် စစ်အစိုးရနှင့် စီးပွားရေး တွဲလုပ်ခြင်းသည် မြန်မာနိုင်ငံသားများအတွက် အကျိုး မရှိကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။
ဘားမားကန်ပိန်း (ယူကေ) ၏ အရှိန်မြင့် လုပ်ဆောင်ခဲ့မှုများကြောင့် ၂၀၀၇ ခု ဇူလိုင်၌ ကမ္ဘာ့ ထိပ်တန်း အာမခံကုမ္ပဏီကြီး (၃၀) အနက် (၁၃) ခုက မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်နေ သောကုမ္ပဏီများကို အာမခံပေးနေခြင်းအား ရုပ်သိမ်းခဲ့မှု၊ ယင်းနှစ် စက်တင်ဘာ၌လည်း စစ် အစိုးရပိုင် မြန်မာ့နိုင်ငံတကာ လေကြောင်း (အမ်အေအိုင်) သည် ၎င်း၏ မြန်မာ-ဘန်ကောက်-ကွာလမ်လာပူ နေ့စဉ် ခရီးစဉ်ကို ခေတ္တ ရပ်ဆိုင်းခဲ့ရမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။
ထို့အပြင် စစ်အစိုးရပိုင် မြန်မာ့အာမခံလုပ်ငန်းသည် ၂၀၀၄ ခုတွင် အာမခံပေးသွင်းငွေ အမေရိကန် ဒေါ်လာ (၅.၁) သန်း ရရှိခဲ့သော်လည်း ဒေါ်လာ (၁.၅၄) သန်းကိုသာ လျော်ပေးလိုက်ရသည်ကို ကြည့်ခြင်းဖြင့် စစ်အစိုးရအတွက် အာမခံလုပ်ငန်းမှ နှစ် စဉ်ဝင်ငွေ ဒေါ်လာသန်းနှင့်ချီ၍ ရရှိနေ သည်ကို အစီရင်ခံစာက ထောက်ပြထားသည်။
လန်ဒန်ရှိ လွိုဒ်ဘဏ်ကြီးက မြန်မာ့ရေကြောင်းနှင့် လေကြောင်းကုမ္ပဏီတချို့အတွက် အာမခံမှုများ ပြုလုပ်ပေးခဲ့ကြောင်းကို ယခုနှစ် ဧပြီလ၌ ၎င်းကိုယ်တိုင် ၀န်ခံခဲ့သည်သာမက၊ မြန်မာ့အာမခံလုပ် ငန်းကိုလည်း အာမခံပေးခဲ့ကြောင်း စစ်အစိုးရ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ထုတ်ဖော်ခဲ့မှု များရှိသဖြင့် ဘားမားကန်ပိန်း (ယူကေ) က အဆိုပါဘဏ်ကြီးကို ၂၀၀၅ ခု နာမည်ပျက်စာရင်းသို့ ထည့်သွင်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

ကချင် အပစ်ရပ်ခေါင်းဆောင်များ နိုင်ငံရေးအဖွဲ့သစ်ဖွဲ့

ကချင်ပြည် လွတ်လပ်ရေး တပ်သားများ ဟူးကောင်းချိုင့်ဝှမ်း၌ ကင်းလှည့်နေစဉ်(Photo: Steve Winter / National Geographic Image Collection)
ဧရာဝတီ ဇူလိုင် ၂၉၊ ၂၀၀၈

ကချင်တိုင်းရင်းသား အပစ်အခတ်ရပ်စဲရေး ခေါင်းဆောင်များက ကချင်လူထုကို ကိုယ်စားပြုမည့် နိုင်ငံရေး အဖွဲ့သစ် တဖွဲ့ကို ဖွဲ့စည်း လိုက်ကြောင်း သိရသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကချင် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) နှင့် ကချင် အတိုင်ပင်ခံ ကောင်စီ (KCC) တို့ပါဝင်သည့် အဆိုပါ အဖွဲ့ကို ယခုလအတွင်း ဖွဲ့စည်းလိုက် ခြင်းဖြစ်ပြီး KIO ဒု ဥက္ကဌ (၂) ဒေါက်တာ တူးဂျာက ဦးဆောင်သည်ဟု ယင်းအဖွဲ့ နှင့် နီးစပ်သူများက ပြောသည်။
KIO နိုင်ငံခြားရေးတာဝန်ခံနှင့် ဒု ဥက္ကဌ (၁) ဗိုလ်ချုပ် ဇော်ဆိုင်းက “ကချင်လူထု အနေနဲ့ နိုင်ငံရေးပါတီ ဖွဲ့စည်း လှုပ်ရှား မှုမှာ ပူးပေါင်း ပါဝင်လာနိုင်ရေးအတွက် အခု ဖွဲစည်းမှုက ပထမ ခြေလှမ်းဖြစ် ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယခုဖွဲ့စည်းလိုက်သော အဖွဲ့တွင် အဖွဲ့ဝင် အနည်းဆုံး ၅၀ ခန့်ပါဝင်ပြီး KIO နှင့် NDA-K အဖွဲ့များမှ ကိုယ်စား လှယ် ၁၀ ဦး စီ ပါဝင် ကြောင်း၊ KCC အဖွဲ့နှင့် တခြားသော အရပ်သားအဖွဲ့များက ဆက်သွယ်ပါဝင်လာရန် ကျန် ရှိသေးကြောင်း၊ အဖွဲ့၏ အမည်ကိုလည်း မရွေးချယ်ရသေးကြောင်း ၎င်းက ဆိုသည်။
“ဒီ အဖွဲ့ကို တရားဝင် နိုင်ငံရေးပါတီအဖြစ် ဖွဲ့စည်းခွင့်ရခဲ့ရင်တော့ အဖွဲ့အမည် ပေးရမှာပါ”ဟု ဗိုလ်ချုပ်ဇော်ဆိုင်း က ပြောဆိုသည်။
အဖွဲ့ဝင်များအနေနှင့် အသွင်ကူးပြောင်းရေးကာလ တခုအတွက် နောက်ဆုံးအချိန်အထိ နိုင်ငံရေး ပါတီတရပ်၏ တာဝန် များကို ထမ်းဆောင်ပြရမည်ဖြစ်ကြောင်းနှင့် ကချင်လူထု၏ စည်းလုံးမှုနှင့် ကူညီထောက်ပံ့မှုများရရှိရေး အတွက် စည်းရုံး ဆောင်ရွက်သွားရန် အစီစဉ်ရှိသည်ဟုလည်း ဆိုသည်။
ယင်းအဖွဲ့သည် ၂၀၁၀ ခုနှစ်တွင် မြန်မာ စစ်အစိုးရက ပြုလုပ်မည့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေခြင်း ဖြစ်ကြောင်းနှင့် စစ်အစိုးရအနေနှင့် ယခုကဲ့သို့ နိုင်ငံရေး ပါတီဖွဲ့စည်းခွင့် ပေးမည်မပေးမည် ဆိုသည်ကို မသေချာ သေးကြောင်းလည်း သိရသည်။
ဇူလိုင်လ ၂၃ ရက်နေ့တွင် တရုတ် မြန်မာ နယ်စပ် အနီး ကချင်ပြည်နယ် လိုင်ဇာ မြို့၌ ကချင် ခေါင်းဆောင်များက ယခု အဖွဲ့သစ်နှင့် ကချင်လူထု မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ရာ KIO ၊ NDA-K နှင့် KCC အဖွဲ့ဝင်များ အပါအ၀င် ပရိသတ် ၈၀၀ ခန့် တက်ရောက်ခဲ့သည်ဟု တက်ရောက်ခဲ့သူတဦးက ဆိုသည်။
ယခုအဖွဲ့သစ်သည် နိုင်ငံရေးပါတီအနေနှင့် ဦးတည်ရည်မှန်းသည့်အတိုင်း လွယ်ကူချောမွေ့စွာဖြင့် အောင် အောင်မြင်မြင် လုပ်ဆောင်သွားနိုင်ရန် ထောက်ပံ့ကူညီမှုများရရှိနိုင်မည်ဟု မထင်မြင်မိကြောင်းကို KIO ခေါင်း ဆောင်များနှင့် နီးစပ်သူ တဦးဖြစ်သည့် မာဂရမ် က ပြောသည်။
ပြီးခဲ့သော မေလ ကပင် ဖွဲ့စည်းနေသည်ဟု ယူဆရသော ယင်းအဖွဲ့နှင့် ပတ်သက်ပြီး KIO လက်အောက်ခံ ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့ဝင်များနှင့် KIO အောက်ခြေ အဖွဲ့ဝင်များ၏ အတိုက်အခံ ပြုလုပ်လိုမှုများကိုတွေ့မြင် ရကြောင်းနှင့် ထိုသို့ သဘောထားကွဲလွဲမှုများ ရှိနေသောကြောင့် KIO ခေါင်းဆောင် များအနေနှင့် နိုင်ငံရေးပါတီဖွဲ့စည်းရေး အတွက် တခြားသော နည်းလမ်းကို ရှာဖွေရဖွယ်ရှိကြောင်းလည်း ၎င်းက ပြောဆိုသည်။
KIO အဖွဲ့သည် ၁၉၉၀ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်ပြီး ၁၉၆၁ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။
အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသားအဖွဲ့များအနေနှင့် နိုင်ငံရေးပါတီ အဖြစ် ပြောင်းလဲဖွဲ့စည်း လိုပါက လက်နက် စွန့်လွှတ်ရမည်ဖြစ်ကြောင်းနှင့် စာရင်းရှိ လက်နက်ကိုင် တပ်ဖွဲ့ဝင်များအားလုံးကို အထူး ရဲ တပ်ဖွဲ့ (ပြည်သူ့စစ်) ပုံစံ ပြောင်းလဲရမည်ဖြစ်ကြောင်း စစ်အစိုးရက တိုက်တွန်းမှုများရှိသည်ဟုလည်း KIO နှင့် နီးစပ် သူများက ပြောဆိုသည်။တိုင်းရင်းသား အပစ်ရပ်အဖွဲ့များအနှေင့် ယင်းသို့ လက်နက်စွန့်ရန် မဆုံးဖြတ်ပါက စစ်အစိုးရပြုလုပ်မည့် ရွေးကောက်ပွဲ ၀င်ခွင့်နှင့် နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့်ကို ငြင်းပယ်ခံရဖွယ်ရှိကြောင်း သိရှိရသည်။

အပြည့်အစုံဖတ်လိုလျှင်

သတ်မှတ်ချက် မလိုက်နာသည့် ဆန်ကုန်သည်များကို ထောင်ဒဏ် ချမှတ်မည်

အောင်သက်ဝိုင်း/ရန်ကုန် ဇူလိုင် ၂၉၊ ၂၀၀၈

စစ်အစိုးရက ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP သို့ ဆန်ရောင်းချသည့် ကုန်သည်များ၊ ခွင့်ပြုချက် မရှိ နယ်မြေကျော် ကူးသန်းရောင်းဝယ်သည့် ဆန်ကုန်သည်များနှင့် တရားမ၀င် ပြည်ပနိုင်ငံ များသို့ ဆန်တင်ပို့သည့် ကုန်သည်များ ကို ရှာဖွေဖော်ထုတ်ပြီး ထောင်ဒဏ်ချမှတ် အရေးယူကာ လိုင်စင်ပါ သိမ်းမည်ဟု သတိပေး ပြောကြားထား ကြောင်း ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသရှိ ဆန်ကုန်သည်ကြီးများက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နာဂစ်မုန်တိုင်းကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ အကြီးအကျယ်ဆုံးရှုံးပြီး ဧရာဝတီတိုင်းမှ သိုလှောင်ဆန် တင်းထောင်ပေါင်းများစွာ ပျက်စီးခဲ့ရသည့် နောက်ပိုင်း ပြည်တွင်း ဈေးကွက်တွင် ဆန်ဈေးနှုန်း ကမောက်ကမ ဖြစ်ခြင်းကို ကာကွယ်ရန်အတွက် စစ်အစိုးရက ဆန်ရောင်းဝယ်မှုများကို ထိန်းချုပ်လာခြင်းဖြစ်ကြောင်း ဆန်ကုန်သည်များက ပြောသည်။
ထိုသို့ ဆန်ကုန်သည်များအား ခေါ်ယူသတိပေးမှုများကို မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်းဥက္ကဌ ဦးအောင်သန်းဦးနှင့် အာဏာပိုင်များက မကြာခဏဆိုသလို ပြုလုပ်နေသည့်အတွက် ဆန်ကုန်သည်များမှာ လွတ်လပ်စွာ အရောင်းအ၀ယ် မပြု လုပ်နိုင်တော့ဘဲ ဆန်ဈေးနှုန်းများ ကျဆင်းပြီး အခက်အခဲဖြစ်နေရကြောင်း သိရသည်။
နယ်ကျော်၍ ဆန်ရောင်းချမှုများကို တင်းကျပ်စွာ စိစစ်နေသည့်အပြင် ပြည်ပသို့ ဆန်တင်ပို့ မှုများကိုလည်း စစ်အစိုးရက ပြင်းထန်စွာအရေးယူ ထိန်းချုပ်နေသဖြင့် ဆန်ဈေးနှုန်းများ ထပ်မံကျဆင်းမည့် အရိပ်အရောင် တွေ့နေရသည်ဟု ဘုရင့်နောင် ကုန်သည်များက ပြောသည်။
ရန်ကုန်မြို့တော် ကုန်ဈေးနှုန်း ထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင် တဦးဖြစ်သည့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ဥက္ကဌ၊ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချူပ် အောင်သိန်းလင်းကလည်း ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် ပြည်ပသို့ ဆန်တင်ပို့မှုများကို ပြင်းပြင်းထန်ထန် ထိန်းချူပ်ထားပြီး ယင်းသို့ ထိန်းချုပ်နိုင်ရန် မြန်မာနိုင်ငံ စက်မှုလက်မှုလုပ် ငန်းရှင်များ အသင်းချူပ် (UMFCCI)၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များ အသင်း၊ ရန်ကုန်မြို့တော် ကုန်ဈေးနှုန်း ထိန်းသိမ်းရေး ကော်မတီ တို့နှင့် ဟန်ချက်ညီညီ ပူးပေါင်း ဆောင်ရွက်နေကြောင်း ဇူလိုင် ၉ ရက်နေ့တွင်ပြုလုပ်သည့် ပြည်တွင်း သတင်း မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောခဲ့သည်။
မြို့တော်ဝန်၏ အဆိုအရ ဈေးကွက်တွင် ဆန်တပြည်လျင် ငွေကျပ် ၁၀၀ မှ ၁၅၀ ထိကျဆင်းနေသည့်အပြင် အခွန်လွတ်ဈေး များနှင့် မြန်မာနိုင်ငံ ဆန်ကုန်သည်များ၏ အထူးဆန်ဆိုင်များတွင် ဈေးကွက်ပေါက်ဈေးထက် နိမ့်သော ဈေးနှုန်းဖြင့် ဆန်များ ရောင်းချပေး နေကြောင်း သိရှိရသည်။
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးစ အချိန်များက ဘုရင့်နောင် ဆန်ဈေးကွက်တွင် ဆန်အရောင်း အ၀ယ် မြင့်တက်ခဲ့ပြီး ဆန်ဈေး နှုန်း အနေဖြင့် အမြင့်ပိုင်းတွင် ရှိခဲ့သော်လည်း ယခုအခါ အာဏာပိုင်များ၏ ထိန်းချူပ်မှုကြောင့် ဈေးနှုန်း ထိုးကျသွားကာ ဆန်အိတ် တအိတ်လျင် မေလကုန်ပိုင်းက ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းထက် ငွေကျပ် ၁၀၀၀၀ နီးပါး ကျဆင်းသွားကြောင်း ကုန်သည်များကပြောသည်။
“ဆန်ဈေးက မေလနှောင်းပိုင်းနဲ့ အခု ယှဉ်ရင် အရမ်းကွာတယ်။ ဥပမာ-ပေါ်ဆန်းရှယ် တအိတ်ကို မေလကုန် တုန်းက ကျပ် ၄၅၀၀၀ လောက်ရှိတယ်။ အခုတော့ ကျပ် ၃၅၀၀၀ ပဲရှိတော့တယ်” ဟု ဘုရင့်နောင် ဆန်ပွဲရုံ ပိုင်ရှင်တဦးက ရှင်းပြသည်။
ဆန်ကူးသန်း ရောင်းဝယ်မှုများ ပိတ်ဆို့နေသည့်အတွက် ကုန်သည်များ လက်ထဲတွင် ဆန်အများအပြား အရောင်းအ၀ယ် မဖြစ်ဘဲ ကျန်ရှိနေကာ ငွေဖော်လိုသော ဆန်ကုန်သည်များမှာ အရှုံးခံရောင်းချ နေရသည်ဟု သိရသည်။
“ပွဲရုံတွေမှာ ဆန်ရောင်းချင်တယ်။ ဒါပေမယ့် နယ်ဝယ်လက်တွေ မရှိဘူး။ အဲဒီတော့ မြို့ပေါ် ၀ယ်လက်တွေနဲ့ပဲ ဆက်ပြီး အရောင်းအ၀ယ် လုပ်နေရတယ်။ ၀ယ်လိုအားထက် ရောင်းလိုအား များနေတဲ့ သဘောပေါ့” ဟု ဘုရင့်နောင်ပွဲရုံသို့ ခေတ္တရောက်ရှိနေသည့် မြောင်းမြ ဆန်ကုန်သည်တဦးက ရှင်းပြသည်။
မြန်မာနိုင်ငံ ဆန်စပါးကုန်သည်ကြီးများ အသင်းမှ ဆန်ကုန်သည်ကြီးတဦးကမူ နေ့စဉ် ပြည်နယ်နှင့်တိုင်း အသီးသီးမှ ရန်ကုန်မြို့နေ လူဦးရေအတွက် လုံလောက်သော ဆန်ပမာဏ ၀င်ရောက်နေကြောင်း ပြောသည်။
“ရန်ကုန်ဈေးကွက်ကို နေ့တိုင်း ဆန်အိတ် ၄ သောင်း ၀င်ရင် ရန်ကုန်လူထု စားဖို့ လုံလောက်တဲ့အပြင် ပိုတောင် ပိုသေး တယ်။ အခု ရန်ကုန်ကို ဆန်အိတ်တွေက လိုအပ်ချက် ပြည့်မီအောင် ၀င်နေတယ်။ ဈေးကတော့ ဒီတိုင်း ငြိမ်နေလိမ့်ဦးမယ်” ဟု အဆိုပါ ဆန်ကုန်သည်က ဆိုသည်။
မြန်မာနိုင်ငံ ဆန်စပါးကုန်သည် အသင်း အမှုဆောင်အဖွဲ့ဝင် တဦးကမူ မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းကြောင့် လယ်လုပ် ငန်းများ ပျက်စီးသည်မှာ မှန်သော်လည်း ဆန်ရိက္ခာ ပြတ်လပ်သည်အထိ မဖြစ်ပွားနိုင်ကြောင်း ပြောသည်။ အစိုးရနှင့် ဆန်ကုန်သည်များတွင် လက်ကျန် အရန်ဆန် အမြောက်အမြား ရှိနေပြီး တခြားသော မုန်တိုင်းဒဏ်မခံရသည့် ဧရာဝတီ ဒေသများတွင်လည်း စပါး သီးထပ်စိုက်ပျိုးမည် ဖြစ်သဖြင့် လုံးဝ ရိက္ခာပြတ်လပ်မှု မဖြစ်ပေါ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။
“တနိုင်ငံလုံး စိုက်ဧက ၁၉.၈၃၄ သန်းမှာ ၁ သန်းကျော်လောက်ပဲ မုန်တိုင်းထိတာ။ ရာခိုင်နှုန်း အားဖြင့် နည်းတယ်။ လူ တယောက်ကို ပျမ်းမျှ တနှစ် ဆန်ကီလို ၂၀၀ လောက်ပဲ စားနိုင်တယ် ဆိုတာ အသင်းက စစ်တမ်းလုပ်ထားတယ်။ တင်းနဲ့ ပြောရင် လူတဦးကို တနှစ်ဆန် ၆ တင်း စားတယ်။ လူဦးရေ ၅၃ သန်းအတွက် တနှစ် ဆန်တင်း ၃၁၈ သန်း၊ စပါးအနေနဲ့ ပြောရင် စပါးတင်း သန်း ၁၀၀၀ ပဲလိုတယ်။ ပုံမှန် စပါးစိုက်ဧက ၁၉ သန်းကျော်ကနေ စပါးတင်း ၁၄၇၅.၄၇၈ သန်းထွက် တယ်။ အခု စပါးစိုက်ဧက ၁၈ သန်းပဲရှိတယ်ထားဦး လူဦးရေအတွက် လုံလောက်တယ်” ဟု ၎င်းက ရှင်းပြသည်။
ရန်ကုန် ဘုရင့်နောင်ဈေးကွက်သို့ မုန်တိုင်းဒဏ်မခံရသည့် ဧရာဝတီဒေသများ၊ ပဲခူးတိုင်း အနောက်နှင့် ပဲခူးတိုင်းအရှေ့တို့မှ ဆန်များ နေ့စဉ်ဝင်ရောက်နေပြီး ပိုလျှံသည့်အတွက် မန္တလေးဈေးကွက်နှင့် ရှမ်းပြည်နယ် ဈေးကွက်များသို့ပင် ဆန်များ ပြန်လည်ပို့နိုင်ကြောင်း ၎င်းကဆိုသည်။
“ရန်ကုန်ကနေ မန္တလေးကို ဆန်အိတ် ၁သောင်းကျော်၊ ပြီးတော့ ရှမ်းပြည်နယ်ကို နေ့တိုင်း ဆန်အိတ် ၂သောင်းနီးပါး တင်ပို့ခွင့်ပြုထားတယ်” ဟု ၎င်းကဆက်ရှင်းပြသည်။ရန်ကုန် ဘုရင့်နောင် ဆန်ဈေးကွက်တွင် ပေါ်ဆန်းရှယ် (၂၄ ပြည်ပါ) တအိတ် ကျပ် ၃၃၀၀၀ မှ ၃၅၀၀၀ အကြား၊ မနောသုခ တအိတ် ၂၀၀၀၀ ၊ ပေါ်ကျွဲ တအိတ် ၂၁၅၀၀၊ တောင်ပျံရှယ် တအိတ် ၂၆၀၀၀ နှင့် ၂၉၀၀၀ အကြား၊ ဇီယာရှယ် တအိတ် ၁၉၀၀၀၊ ရွှေဝါထွန်းတအိတ် ၁၆၀၀၀၊ ရာကျော် တအိတ် ၁၄၅၀၀၊ ရေစိုဆန်ချော တအိတ် ၁၄၅၀၀ နှင့် ၁၆၀၀၀ အကြား ရှိကြောင်း စုံစမ်း သိရှိရသည်။

အပြည့်အစုံဖတ်လိုလျှင်

မုံရွာမြို့တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွား

ကိုစိုး ဇူလိုင် ၂၈၊ ၂၀၀၈

စစ်ကိုင်းတိုင်း မုံရွာမြို့ နှင့် အနီးတ၀ိုက် ကျေးရွာများရှိ ကျောင်းနေအရွယ် ကလေးအများစုသည် သွေးလွန် တုပ်ကွေး ကူးစက်ရောဂါ ဖြစ်ပွားလျှက်ရှိပြီး သေဆုံးမှုရှိကြောင်း သိရှိရသည်။
ယင်းကူးစက်ရောဂါဖြစ်ပွားမှုမှာ ယခင်နှစ်ကထက် ပိုမိုများပြားပြီး လွန်ခဲ့သော ဇွန်လကတည်းက စတင် ဖြစ်ပွား ခဲ့ကာ ယခု အချိန်အထိ ဖြစ်နေဆဲ ဖြစ်သည်ဟု မုံရွာ မြို့တွင် ပုဂ္ဂလိကဆေးခန်းဖွင့်ထားသော ဆရာဝန် တဦး က ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“တနေ့က ၅ လ သား ကလေး တယောက် ဆေးရုံမှာ သေသွားတယ်၊ အရင်လ ထဲကလည်း ၇ နှစ် သမီးလေး တယောက် သေတယ်၊ ဆေးရုံမှာပဲ၊ ဒီနှစ်က ဖြစ်တာ မနှစ်ကထက် တော်တော်လေးပိုများတယ်၊ အဓိက က ခြင် ကနေ ကူးတာ၊ ၁၀ နှစ် အောက်တွေအဖြစ်များတယ်၊ ကျောင်းနေ အရွယ်တွေ၊ ဖြစ်တာ ၂ လရှိ ပြီ၊ ကလေး တွေ ဖြစ်တာ၊ ရွာတွေကလည်း အများ ကြီးလာ တယ်၊ မုံရွာပတ်ဝန်းကျင်က ရွာတွေပေါ့၊ ဆေးရုံ မှာ တော်တော် များ တယ်”ဟု ၎င်း က ပြောပြသည်။
လွန်ခဲ့သော ၁၅ ရက် ခန့်က သွေးလွန်တုပ်ကွေး ဖြစ်ပွားသည့် အခြေအနေမှာ ယခုထက် ပိုမို ဆိုးရွားကြောင်း၊ သေဆုံးသည့် ကလေးရှိသော်လည်း ဖြစ်ပွားသည့် နှုန်းထက်ဆာလျင် နည်းပါးကြောင်းလည်း ၎င်းက ဆက်ပြော သည်။
“ဖြစ်တာကတော့ အခုထက်ထိကို ဖြစ်နေကြတုန်းပဲ၊ အခုနည်းနည်းတော့ ပါးသွားတယ်၊ ပြီးခဲ့တဲ့ ၁၅ ရက်လောက် တုန်းက တော်တော်လေးဆိုးတယ်၊ လာတဲ့ ကလေးတိုင်း ဆေးရုံတက်ပဲ၊ သေတဲ့ ကလေးက ဖြစ်တဲ့ ရာနှုန်းနဲ့ ဆာ ရင်တော့ နည်းပါတယ်၊ ကျမတို့ကလည်း သွေးလွန်တုပ်ကွေး လက္ခဏာပြလာတာနဲ့ ဆေးရုံကို တန်းလွှတ် တာ၊ ဖြစ်တဲ့ ကလေးတိုင်း ကလည်း သွေးလွန်တုပ်ကွေး လက္ခဏာတွေ ပြပြလာတော့ လူတွေကကြောက်ပြီး နည်းနည်း လေး ဖြားတယ်ဆိုရင်ကို ကလေးအထူးကုဆီကိုသွား အဲဒီကနေ ဆေးရုံတက်၊ အဲဒီလိုတွေ ဖြစ်ကုန်ကြတာ၊ ကျမ တို့က ၀န်ထမ်းမဟုတ်ဘူး၊ အပြင် GP တွေ ဆိုတော့ လာတဲ့ ကလေးလောက်ပဲ သိတာ၊ ဘယ် လောက်များ များ ဖြစ်နေတယ် ဆိုတာကိုတော့ အတိအကျ မသိဘူး”ဟု လည်း အထက်ပါ ဆရာဝန် ကပြောသည်။
အဆိုပါ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ဧရာဝတီ က မုံရွာ ဆေးရုံကြီးသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာတွင်“ဆေးရုံအုပ်ကြီးက အစည်းအဝေးသွားတယ် ခင်ဗျ၊ ကျနော်တို့ က ရုံးဝန်ထမ်းတွေ ဆိုတော့ မသိဘူး၊ ဒီကိစ္စက ကုသ ရေး ၀န်ထမ်းတွေမှ သိတာပါ”ဟု ပြောဆို၍ ဖုန်းချသွားခဲ့သည်။
ယခု သွေးလွန်တုပ်ကွေး ဖြစ်ပွားသည့် ကလေးအများစုမှာ အသက် ၈ နှစ်နှင့် ၆ နှစ် အရွယ်များနှင့် ကလေးငယ် များပင် ပါဝင်ကြောင်းနှင့် ယင်းသို့ ဖြစ်ပွားရခြင်းမှာ ရေမစီးသော ရေဆိုးမြောင်းများအတွင်း အောင်း နေသည့် ခြင်များစွာပေါက် ပွား၍ ထိုခြင်များကိုက်ခြင်းမှတဆင့် သွေးလွန်တုပ်ကွေး ကူးစက် ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရ သည်။
“ရေဆိုးမြောင်းတွေကလည်း ရေမစီးတော့ ခြင်တွေက တအားအောင်းတာပေါ့၊ ခြင်တွေက တအားပေါက်တာ၊ ဆေးတွေ ဘာတွေ ဖြန်းခြင်းလည်း မရှိဘူး၊ ဟိုတနေ့ကတော့ ဆေးလာဖြန်းတာတဲ့၊ အဲဒါကလည်း တအိမ်ကို ၃၀၀၀ ကျပ် ဆိုလား တောင်းတယ်၊ ဖြန်းပြီး အိမ်ထဲမှာ ၄၅ မိနစ် နေလို့ မဖြစ်ဘူးလို့ ပြောတယ်၊ အဲဒါ တချို့က ခေါ် မဖြန်းကြဘူး၊ အဲဒီ ရေဆိုး မြောင်း ရှင်းလင်းတာတွေကိုလည်း သက်ဆိုင်ရာက ဘာမှ လုပ်တာ မမြင်ဘူး၊ အခု ခြင်ကိုက်လွန်းလို့ ကိုယ့်ဘာသာကိုယ် ခြင်ဆေးတွေ ဘာတွေနဲ့ လုပ်နေရတာ၊ ခြင်နှိမ်နင်းမှု မရှိတော့ ပိုဆိုးတာ ပေါ့” ဟု မုံရွာ မြို့ခံ ကျန်းမာရေး ၀န်ထမ်း တဦးကလည်း ပြောသည်။
ဇွန်လ နှောင်းပိုင်းနှင့် ယခု ဇူလိုင် လဆန်းပိုင်းကလည်း ရန်ကုန်တိုင်း အတွင်းရှိ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းသင့် ဒဂုန်မြို့သစ် တောင်ပိုင်း၊ မြောက်ပိုင်းနှင့် လှိုင်သာယာမြို့နယ်များရှိ အသက် ၅ နှစ်နှင့် အထက် ကလေးများ သွေးလွန် တုပ်ကွေး ဖြစ်ပွားမှု ရှိခဲ့သည်။
လွန်ခဲ့သော မေလ နှောင်းပိုင်း က သွေးလွန်တုပ်ကွေး လူနာ ဧရာဝတီတိုင်း အတွင်း ၄၈၁ ဦးနှင့် ရန်ကုန်တိုင်း အတွင်း ၇၈၁ ဦးကို မှတ်တမ်း ပြုစုရရှိကြောင်း WHO က ထုတ်ပြန်သည်။
၂၀၀၇ ခုနှစ် ပထမ ၇ လအတွင်း၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ကလေးငယ် ၁၀၀ နီးပါး သေဆုံး ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန က ဆိုသည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO)နှင့် ကမ္ဘာ့ကလေးများ ရန်ပုံငွေ အဖွဲ့(UNICEF)တို့က မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှေက်ရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း အတွင်း မုန်တိုင်း ဒဏ်သင့် ၁၁ မြို့နယ်တွင် သွေးလွန်တုပ်ကွေး တိုက်ဖျက်ရေးအတွက် အမေရိကန် ဒေါ်လာ ၇ သိန်း သုံးစွဲဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။

အပြည့်အစုံဖတ်လိုလျှင်

နာဂစ်မုန်တိုင်း ရန်ပုံငွေ တေးဂီတ စင်မြင့် ဖျော်ဖြေပွဲများ ဆက်တိုက် ပြုလုပ်

အေးလဲ့ ဇူလိုင် ၂၈၊ ၂၀၀၈

နာဂစ်မုန်တိုင်း ဒုက္ခသည်များအတွက် လှူဒါန်းရန် ရည်ရွယ်ပြီး မြန်မာဂီတပညာရှင်များနှင့် ဟာသအနုပညာရှင် လူရွှင်တော် များက ပြည်တွင်းပြည်ပတို့တွင် တေးဂီတ စင်မြင့်ဖျော်ဖြေပွဲများ ပြုလုပ်ကြသည်။
ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေ နှစ်ရက်တွင် ရန်ကုန်မြို့ ရွေတိဂုံဘုရား တောင်ဘက်မုခ် Happy world ကစား ကွင်းရှိ ပြဇာတ်ရုံ၌ အဆိုတော် ရင်ဂို၊ စည်သူလွင်၊ ကိုင်ဇာ၊ သျှီ၊ ဇော်ပိုင်နှင့် တခြားသော hip-hop အဆို တော်များ၊ ကင်းကောင်၊ ဧရာ၊ မေတ္တာ စသည့် လူရွှင်တော်များက သီဆိုဖျော်ဖြေသည်ဟု ကိုယ်တိုင် ပါဝင် ဖျော်ဖြေခဲ့သည့် အဆိုတော် ရင်ဂိုက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“၂၆ရက်နေ့ နဲ့ ၂၇ ရက်နေ့ နှစ်ရက်လုပ်ပါတယ်၊ ညနေ ၄ နာရီကနေ ည ၉ နာရီအထိ ကျင်းပပါတယ်၊ ဖျော်ဖြေတဲ့ အဆိုတော် တွေကော ပရိသတ်ကော တော်တော် များပါတယ်” ဟု အဆိုတော် ရင်ဂိုက ပြော သည်။
ထိုပွဲ၌ ပထမနေ့ ကျပ်သိန်း၂၀ ၊ ဒုတိယနေ့တွင် ကျပ် ၁၇ သိန်း လက်ခံရရှိကြောင်းနှင့် ပွဲဖြစ်မြောက်ရေး စီစဉ် ဆောင်ရွက် သူများမှာ သားညီ၊ ဇွဲနိုင်ဝင်းအဖွဲ့နှင့် Happy World ပိုင်ရှင်တို့ဖြစ်ကြောင်းလည်း သိရသည်။
ထို့အတူ ယမန်နေ့တွင်ပင်“နာဂစ်မုန်တိုင်းလေဘေးဒုက္ခသည်များအတွက် ရန်ပုံငွေ” ဖျော်ဖြေပွဲ တခုကို ဂျပန် နိုင်ငံ တိုကျိုမြို့ရှိ koKaldo ခန်းမတွင် ကျင်းပခဲ့ကြောင်း ပွဲကျင်းပရေးကော်မတီ အဖွဲ့ဝင်တဦးက ပြောသည်။
ယင်းပွဲကျင်းပရေးကော်မတီ အဖွဲ့ဝင်က“ကျပ် သိန်း ၄၀ ကျော်ရရှိပါတယ်၊ အဆိုတော်များကိုယ်တိုင် မုန်တိုင်းသင့် ဒေသ များအထိ သွားရောက် လှူဒါန်းနိုင်အောင် သူတို့နဲ့အတူ ထည့်ပေးလိုက်မှာဖြစ်ပါတယ်” ဟု ပြော သည်။
၎င်းရန်ပုံငွေပွဲတွင် အဆိုတော် ခင်မောင်တိုး၊ R ဇာနည်၊ မေခလာ၊ ၊ ရတနာ၊ မေစံပယ်ညို တို့အပါအဝင် ဂီတမှူး ကိုမြတ်မင်းတို့က ဦးဆောင်၍ ညနေ ၆ နာရီခွဲမှ ည ၁၀ နာရီခွဲအထိ ဖျော်ဖြေခဲ့ကြောင်း လည်းသိရသည်။
ကိုယ်တိုင် ဖျော်ဖြေခဲ့သည့် အဆိုတော် မေခလာက“အနုပညာသမားအတွက် ဂုဏ်ယူပါတယ်၊ အမတို့က အခုလို ခရီးဝေးက နေလာပြီး ဖျော်ဖြေရတဲ့ အတွက်ဝမ်းသာပီတီဖြစ်ရပါတယ်” ဟု ပြောသည်။
လာမည့်သြဂုတ်လတွင်လည်း Iron Cross (IC) တေးဂီတအဖွဲ့က ဦးစီးပြီး အဆိုတော် လေးဖြူကိုယ်တိုင် သီဆို ဖျော်ဖြေ မည့် နာဂစ်လေဘေးဒုက္ခသည်များ အလှူငွေ စင်မြင့်ဖျော်ဖြပွဲ ကို ကျင်းပမည်ဖြစ်ကြောင်း IC အဖွဲ့မှ ကိုခင်မောင်သန့် က ပြောသည်။
ကိုခင်မောင်သန့် က “IC က ဖျော်ဖြေမှာ ဟုတ်ပါတယ်၊ လူအများကြီးလာမှာ ဖြစ်တဲ့အတွက် ရုံ နေရာ ကျယ် ကျယ်ဝန်းဝန်း ရှာနေပါတယ်၊ နေရာမရသေးတော့ ရက်အတိအကျတော့မသိသေးဘူး၊ ကိုလေးဖြူကိုလည်း သီချင်းဆိုဖို့ကို အထူး အကူအညီ တောင်းထားတာပါ” ဟု ပြောသည်။ နာဂစ် မုန်တိုင်းဒုက္ခသည်များ အတွက် IC အဖွဲ့နှင့် ခင်မောင်သန့် ဦးစီးပြီး “ကမ်းလင့်မယ့်လက်များ”ဟု အမည်ရသည့် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ L လွန်းဝါတို့အပါအ၀င် အဆိုတော် ၂၂ ဦး ပါဝင် သီဆိုထားသော တေးစီးရီး အခွေလည်း လာမည့် လတွင် ထွက်ရှိမည်ဖြစ်ကြောင်းသိရသည်။

အပြည့်အစုံဖတ်လိုလျှင်

အာဏာဖြင့်တည်သော ဥပဒေ

ကိုစိုး ဇူလိုင် ၂၈၊ ၂၀၀၈

ကမ္ဘာပေါ်တွင် လက်ရှိကျင့်သုံးနေသောဥပဒေသည် လူမှုရေးစည်းကမ်းများကတဆင့် စတင်ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း ပညာရှင်များ၏ အဆိုအရ သိရသည်။
သမိုင်းဦး ဘုံမြေခေတ်နောက်ပိုင်းမှ ဥပဒေ သန္ဓေတည်ခဲ့သည်ဟုလည်း ဆိုသည်။
ခေတ်အဆက်ဆက် လူနေမှုအဆင့်အတန်းများ၊ ယဉ်ကျေးမှု အဆင့်အတန်းများ တိုးတက်မြင့်မားလာသည်နှင့်အမျှ စောင့်ထိန်းအပ်သည့် လူမှုရေးစည်းကမ်းများများပြားလာခဲ့ပြီး ဥပဒေပြဌာန်းချက်များလည်း တိုးလာခဲ့ခြင်း ဖြစ်ကြောင်း ပညာရှင်များက မှတ်တမ်းပြုခဲ့ကြသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
သို့ဖြင့် စည်းမျဉ်းစည်းကမ်းသည် ရှောင်ရန်၊ ဆောင်ရန်၊ ပြုသင့်၊ မပြုသင့်သည်များကို ပြောခြင်းဖြစ်ပြီး ဥပဒေ မှာ ပြုလုပ် ခိုင်းသည်ကို မပြုလုပ်လျှင်သော် လည်းကောင်း၊ မပြုလုပ်ရန် တားမြစ်ထားသည်ကို ပြုလုပ်လျှင်သော် လည်းကောင်း အကျိုးဆက်အနေနှင့် အရေးယူ အပြစ်ဒဏ်ပေးမှုများ ပါဝင်လာသည်။ ဤသည်မှာ စည်းကမ်းနှင့် ဥပဒေ၏ ကွဲပြား ကွာခြား ချက်ဖြစ်ကြောင်း သိရသည်။
ယနေ့ မြန်မာနိုင်ငံ၏ ဥပဒေ ကျင့်ထုံးနှင့် တရားစီရင်ရေးနှင့် ပတ်သက်ပြီး လေ့လာကြည့်ရာတွင် ဘီစီ ၁၇၈၀ ခု (၁၈ ရာစု ခေတ်) က ပေါ်ပေါက်ခဲ့သော ဟန်မူရာဘီ ကိုဓ ဥပဒေအရ အပြစ်ဒဏ်ပေးခြင်းကို သတိရမိသည်။ ယင်း ဥပဒေသည် လက်စားချေသည့် သဘောမျိုး ပြစ်ဒဏ်ပေးခြင်းဖြစ်သည်။
မျက်လုံး တလုံး ဆုံးရှုံးလျင် မျက်လုံးတလုံး ပေးဆပ်စေခြင်း၊ သွားတချောင်း ဆုံးရှုံးလျင်သွားတချောင်း ပေးဆပ်စေခြင်း ဟူသည့် ပြစ်ဒဏ်ပေးမှု ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။
လက်စားချေသည့် သဘောတွင် အငြိုးအတေးထားသည့် သဘောလည်း ပါဝင်မည်ဟု ထင်ပါသည်။ မြန်မာ စစ်အစိုးရက ၎င်းတို့ကို ဆန့်ကျင်သူများအပေါ် ကျင့်သုံးနေသည့် ဥပဒေ စနစ်သည်လည်း အငြိုးအတေးများ ပါဝင်နေသည်ဟု ယုံကြည် ရသည်။
ပြည်ပ အခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီအဖွဲ့ အတွင်းရေးမှူး ဦးအောင်ထူးက အစိုးရတရပ် လက်ထက်တွင် ဥပဒေ အသက်ဝင်မှု ၂ ပိုင်းရှိသည်ဟု ပြောသည်။
Rule of Law ဟု ခေါ်သော ဥပဒေ စိုးမိုးရေးအခြေခံနှင့် အသက်ဝင်သည့် ဥပဒေနှင့် Rule by Law ဟု ခေါ်သော ပြဌာန်း ထားသည့် ဥပဒေကို တရားမျှတမှု ရှိမရှိနှင့် မည်သူပြဌာန်းသည်ကို လေ့လာခြင်း ခွင့်မပြုဘဲ ယင်းဥပဒေကိုသာ လေးစား လိုက်နာခိုင်းသော အသက်ဝင်သည့် ဥပဒေဟူ၍ ဖြစ်ကြောင်း ဦးအောင်ထူးက ပြောပြသည်။
“အာဏာရှင်တွေက တိုင်းပြည်အာဏာကို သိမ်းယူအုပ်ချုပ်တဲ့ ပုံစံမျိုးနဲ့သွားတာတွေ အားလုံးက Rule by Law နဲ့ သွားတာ ချည်းပဲ၊ ဒါကို မလေးစား မလိုက်နာရင် အရေးယူမယ်”ဟု လည်း ဦးအောင်ထူး က ဆိုသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသော ဥပဒေ ပုံစံသည် Rule by Law နှင့် ဖြစ်ကြောင်း သူက သုံးသပ်ပြသည်။
မြန်မာ စစ်အစိုးရသတင်းစာများတွင် အစိုးရကိုဆန့်ကျင်ပြီး ဒီမိုကရေစီအရေး၊ နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးအရေးယူ အပြစ်ပေးနေမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဥပဒေများတွင် နိုင်ငံရေး ပြစ်မှုဆိုသည်ကို ပြဌာန်းခြင်း မရှိကြောင်းနှင့် ကာလကြာရှည်စွာကပင် ပြောဆိုခဲ့သော နိုင်ငံရေး ပြစ်မှုနှင့် အရေးယူသည့်နိုင်ငံရေးအကျဉ်းသား မရှိကြောင်း၊ ပြစ်မှုအကျဉ်း သားများသာ ရှိကြောင်းတို့ကို ဇူလိုင် ၂၂ ရက်မှ စပြီး ၃ ရက်ဆက် ၍ ဥပဒေ ပုဒ်မများနှင့်တကွ ရေးသားဖော်ပြထားသည်။
ထိုသို့ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးအရေးယူခံထားရသူများ၏ အမှုအခင်းများကို အကျိုးဆောင်ပေးနေသည့် ရန်ကုန် မြို့က ရှေ့နေကြီး ဦးအောင်သိန်းကမူ နိုင်ငံရှိလျင် နိုင်ငံရေးနှင့် နိုင်ငံရေးသမား၊ နိုင်ငံရေးနှင့် သက်ဆိုင်သည့် အမှုအခင်း များ ရှိကြောင်းကို သိလျက်နှင့် မသိဟန်ပြု၍ သတင်းစာတွင် ရေးသားဖော်ပြခြင်း ဖြစ်သည်ဟု ပြောသည်။
နိုင်ငံရေးသမားအတွက် သတ်မှတ်ပြဌာန်းထားသည့် ပြစ်မှု ပုဒ်မ သီးသန့်မရှိသော်လည်း လုံခြုံရေး အကြောင်းပြ ချက်အရ သော်လည်းကောင်း၊ ဘိန်းပစ် ဖမ်းသကဲ့သို့ တခြားသော ရဲ အရေးပိုင်သည့် ပုဒ်မများတပ်၍သော်လည်းကောင်း ပြစ်မှု သတ်မှတ်၍ အဓိက လုပ်ဆောင်ချက်နှင့် မသက်ဆိုင်သော ဖမ်းဆီးအရေးယူမှုများကို စစ်အစိုးရက နိုင်ငံရေး လှုပ်ရှားသူ များအပေါ် ပြုကျင့်နေခြင်း ဖြစ်သည်ဟုလည်း ဦးအောင်သိန်းက ဆိုသည်။
“နိုင်ငံရေးသမားအတွက် ပုဒ်မ သတ်မှတ်ထားတာ မရှိသော်လည်း ဖမ်းဆီးရခြင်း အကြောင်းတရားကို ကြည့်၊ နိုင်ငံရေးအရ ဆန္ဒပြတယ်၊ သူ့မှာ နိုင်ငံရေးအရ ဆန္ဒပြခွင့် ရှိတာပဲ၊ လူသားအခွင့်အရေးရှိတာပဲ၊ သူ့ရဲ့ ပုဂ္ဂိလက ခံစားမှုကို သူပြတာမဟုတ် ဘူး၊ ကုန်ဈေးနှုန်းတက်တယ်၊ ကုန်ဈေးနှုန်းချပေးဖို့၊ လောင်စာဆီဈေးတက်တယ်၊ လောင်စာဆီဈေးချပေးဖို့ ဆန္ဒပြတယ်၊ တဦးတယောက်အကြပ်အတည်းကို သူပြောနေတာမဟုတ်ဘူး၊ တပြည် လုံးနဲ့ချီပြီးတော့ ပြောတဲ့ ကိစ္စရပ်၊ ဒါ နိုင်ငံရေး အလုပ်ကို သူဆောင်ရွက်နေတာ ဖြစ်တယ်”ဟု သူ က ပြောသည်။
ဦးအောင်သိန်း က ဆက်လက်ပြီး “ဒါပေမယ့် အဲဒီလူကို လမ်းပိတ်ဆို့မှုနဲ့ ပြစ်မှု စွဲမယ်၊ ကုန်ဈေးနှုန်းတက်လို့ တက်တယ် ပြောတာကို အစိုးရကို အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ စွဲမယ်ဗျာ၊ ဒီလို ပြစ်မှုပုဒ်မတွေနဲ့က ဘယ်လိုပဲ ဖြစ်ဖြစ် စွဲလို့ရတယ်၊ သူ့ရဲ့ အဓိက လုပ်ဆောင်ချက်က အများနဲ့ဆိုင်တဲ့ ကိစ္စရပ်ဆိုတော့ ဒါ နိုင်ငံရေး အလုပ်လုပ်တာပဲ၊ အဲဒီလူကို ဖမ်းပြီး ပြစ်မှုနဲ့ ထောင်ချတာပဲ”ဟု လည်း ပြောဆိုသည်။
ထို့အပြင် သတင်းစာ၌ ၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံမှု အက်ဥပဒေ တွင် ပုဒ်မ ၅ နှင့် ၅(ည)သည် အများပြည်သူ အေးချမ်း တည်ငြိမ်ရေး ထိပါးနှောင့်ယှက်သူကို ၀ရမ်းမပါဘဲဖမ်းဆီးနိုင်ပြီး ၂ လ အထိ ချုပ်နှောင်ထားနိုင်ကြောင်း၊ ယင်း ပုဒ်မအရ ခေါ်ယူထိန်းသိမ်း ခံရသူအများစုသည် နိုင်ငံရေးသမားများ ဖြစ်သောကြောင့် နိုင်ငံရေး ပုဒ်မအဖြစ် ကင်ပွန်းတပ်ကြခြင်း ဖြစ်ကြောင်း ရေးသားထားသည်။
“မြန်မာပြည် လွတ်လပ်ရေး ရပြီးကတည်းက နိုင်ငံရေးသမားကို သပ်သပ်စွဲတဲ့ ပုဒ်မရယ်လို့ သတ်မှတ်ပြဌာန်းထားတော့ မရှိဘူး၊ ပုဒ်မ ၅ ဆိုတာကို ဟိုတုန်းက နိုင်ငံရေးသမားတွေက ၅ စွဲတယ်လို့ ခေါ်ကြတယ်၊ အဲဒီလို ပုဒ်မ ၅ နဲ့ စွဲတဲ့ လူတွေက ဘယ်လို အဆင့်အတန်းရှိသလဲ ဆိုတော့၊ နိုင်ငံရေး အဆင့်အတန်း ရှိတယ်၊ တက္ကသိုလ် ကျောင်းသား အဆင့်အတန်းရှိ တယ်၊ ကျောင်းသားတွေဆိုရင် ထောင်ကနေ၊ အချုပ်ကနေ စာမေးပွဲဖြေလို့ရတယ်၊ အဲဒီလို အဆင့်အတန်းနဲ့ထားတာ၊ အဲဒီ ဂုဏ်သရေရှိတဲ့လူတွေ အချုပ်ခံရစဉ် အေ၊ ဘီ၊ စီ ကလပ်စ် တွေနဲ့ ထားတာ၊ နောက် ဦးနေ၀င်း တက်လာတော့မှ ထောင် တွေမှာ နောင် ဇိမ်နဲ့ နေရတော့မှာမဟုတ်ဘူး ဆိုပြီး ကလပ်စ် တွေကို ဖျက်ပစ်လိုက်တာ”ဟု ဦးအောင်သိန်းက ရှင်းပြသည်။
ယင်းသို့ နိုင်ငံရေးသဘောဆောင်သည့်မှုခင်းများ၊ အစိုးရကို ဆန့်ကျင်သည့် မှုခင်းများ၊ လူ့အဖွဲ့အစည်းတရပ် ပြောင်းလဲရန် ကြိုးစားသည့် မှုခင်းများနှင့်ပတ်သက်၍ နိုင်ငံတော် လုံခြုံရေးထိပါးသည်ဟူသော အကြောင်းပြချက်ဖြင့် အစိုးရက ကျူးလွန် သူအား ပုဒ်မ ၁၀(က) အရ ၁ နှစ်၊ ၁၀(ခ) အရ ၅ နှစ်အထိ တရားရုံး အမိန့်မယူ၊ ရမန် မယူဘဲ သက်တမ်းတိုး ချုပ်နှောင်မှု များကို လက်ရှိပြုလုပ်နေသည်ဟု ဦးအောင်ထူးကလည်း ပြောဆိုသည်။
ဦးအောင်ထူးကဆက်လက်ပြီး မြန်မာနိုင်ငံတွင် ဥပဒေ စိုးမိုးရေးအခြေခံမှာ ရာနှုန်းပြည့် နီးပါး လုံးဝ ပျက်စီးသွားကြောင်း၊ ဥပဒေကို ဥပဒေအတိုင်း ကျင့်သုံးခြင်းမရှိကြောင်းနှင့် တည်ဆဲဥပဒေများကိုပါ ဆန့်ကျင်၍ ဖမ်းချင်သည့် သူက ဖမ်းဆီးချင် သလို ဖမ်းနေကြောင်း ပြောသည်။
“စစ်သားက ဖမ်းခွင့်မရှိဘူး၊ အရပ်ဝတ် ၀တ်ထားတဲ့ လူ က ဖမ်းခွင့်မရှိဘူး၊ သူတို့က ဘယ်အခါမှာ ဖမ်းခွင့်ရှိ သလဲ ဆိုရင် ရဲ အရေးပိုင်တဲ့ ပြစ်မှုမျိုး၊ လူသတ်မှုအကြီးအကျယ် ကျူးလွန်တဲ့အခါမျိုးမှာ၊ ရဲက အကူအညီတောင်း ပြီး ဖမ်းခိုင်းတာမျိုးမှာ ၀င်ဖမ်းလို့ရတယ်၊ တခြားအမှုအခင်းတွေမှာ အရပ်ဝတ်နဲ့ လူတွေ ၀င်ဖမ်းခွင့်မရှိဘူး၊ ကြံ့ဖွံ့ တွေ ဖမ်းခိုင်းတာဟာ တည်ဆဲ ဥပဒေနဲ့ ဆန့်ကျင်ပြီး ဖမ်းချင်သလိုဖမ်းတာဖြစ်တယ်၊ အခုပဲ ဒေါ်အောင်ဆန်း စုကြည် ကို ၅ နှစ် ပြည့်ရင် လွှတ်ရမှာ ဆက်ချုပ်ထားတယ်၊ ဥပဒေကို ဥပဒေအတိုင်း မကျင့်သုံးဘဲ အာဏာနဲ့ လိုသလို ကျင့်သုံး နေတာပါ”ဟု ဦးအောင်ထူးက ဝေဖန်သည်။
ယခုကဲ့သို့ နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းချင်သလိုဖမ်း၍ ပုဒ်မများ တပ်ချင်သလို ပြောင်းတပ်နေခြင်းသည် Due process of law ဟု ခေါ်ဆိုသော ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေတွင် သတ်မှတ်ဖော်ပြထားသည့် ဥပဒေ လုပ်ထုံးလုပ်နည်း အဆင့်ဆင့် နှင့် အရေးယူအပြစ်ပေးရမည်ဟူသော အခြေခံပြဌာန်းချက်များကို ချိုးဖောက်ခြင်းဖြစ် ကြောင်းလည်း ဦးအောင်ထူးက သုံးသပ်သည်။ ။
ကိုးကား — ၁။ ရာဇသတ်ကြီး (Penal Code)

၂။ ဥပဒေ ဝေါဟာရများ
၃။ မြန်မာသတင်းစာများ
၎။ Hamurabi’s Code of Law

အပြည့်အစုံဖတ်လိုလျှင်