ကိုစိုး ဇူလိုင် ၂၈၊ ၂၀၀၈
ကမ္ဘာပေါ်တွင် လက်ရှိကျင့်သုံးနေသောဥပဒေသည် လူမှုရေးစည်းကမ်းများကတဆင့် စတင်ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း ပညာရှင်များ၏ အဆိုအရ သိရသည်။
သမိုင်းဦး ဘုံမြေခေတ်နောက်ပိုင်းမှ ဥပဒေ သန္ဓေတည်ခဲ့သည်ဟုလည်း ဆိုသည်။
ခေတ်အဆက်ဆက် လူနေမှုအဆင့်အတန်းများ၊ ယဉ်ကျေးမှု အဆင့်အတန်းများ တိုးတက်မြင့်မားလာသည်နှင့်အမျှ စောင့်ထိန်းအပ်သည့် လူမှုရေးစည်းကမ်းများများပြားလာခဲ့ပြီး ဥပဒေပြဌာန်းချက်များလည်း တိုးလာခဲ့ခြင်း ဖြစ်ကြောင်း ပညာရှင်များက မှတ်တမ်းပြုခဲ့ကြသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
သို့ဖြင့် စည်းမျဉ်းစည်းကမ်းသည် ရှောင်ရန်၊ ဆောင်ရန်၊ ပြုသင့်၊ မပြုသင့်သည်များကို ပြောခြင်းဖြစ်ပြီး ဥပဒေ မှာ ပြုလုပ် ခိုင်းသည်ကို မပြုလုပ်လျှင်သော် လည်းကောင်း၊ မပြုလုပ်ရန် တားမြစ်ထားသည်ကို ပြုလုပ်လျှင်သော် လည်းကောင်း အကျိုးဆက်အနေနှင့် အရေးယူ အပြစ်ဒဏ်ပေးမှုများ ပါဝင်လာသည်။ ဤသည်မှာ စည်းကမ်းနှင့် ဥပဒေ၏ ကွဲပြား ကွာခြား ချက်ဖြစ်ကြောင်း သိရသည်။
ယနေ့ မြန်မာနိုင်ငံ၏ ဥပဒေ ကျင့်ထုံးနှင့် တရားစီရင်ရေးနှင့် ပတ်သက်ပြီး လေ့လာကြည့်ရာတွင် ဘီစီ ၁၇၈၀ ခု (၁၈ ရာစု ခေတ်) က ပေါ်ပေါက်ခဲ့သော ဟန်မူရာဘီ ကိုဓ ဥပဒေအရ အပြစ်ဒဏ်ပေးခြင်းကို သတိရမိသည်။ ယင်း ဥပဒေသည် လက်စားချေသည့် သဘောမျိုး ပြစ်ဒဏ်ပေးခြင်းဖြစ်သည်။
မျက်လုံး တလုံး ဆုံးရှုံးလျင် မျက်လုံးတလုံး ပေးဆပ်စေခြင်း၊ သွားတချောင်း ဆုံးရှုံးလျင်သွားတချောင်း ပေးဆပ်စေခြင်း ဟူသည့် ပြစ်ဒဏ်ပေးမှု ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။
လက်စားချေသည့် သဘောတွင် အငြိုးအတေးထားသည့် သဘောလည်း ပါဝင်မည်ဟု ထင်ပါသည်။ မြန်မာ စစ်အစိုးရက ၎င်းတို့ကို ဆန့်ကျင်သူများအပေါ် ကျင့်သုံးနေသည့် ဥပဒေ စနစ်သည်လည်း အငြိုးအတေးများ ပါဝင်နေသည်ဟု ယုံကြည် ရသည်။
ပြည်ပ အခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီအဖွဲ့ အတွင်းရေးမှူး ဦးအောင်ထူးက အစိုးရတရပ် လက်ထက်တွင် ဥပဒေ အသက်ဝင်မှု ၂ ပိုင်းရှိသည်ဟု ပြောသည်။
Rule of Law ဟု ခေါ်သော ဥပဒေ စိုးမိုးရေးအခြေခံနှင့် အသက်ဝင်သည့် ဥပဒေနှင့် Rule by Law ဟု ခေါ်သော ပြဌာန်း ထားသည့် ဥပဒေကို တရားမျှတမှု ရှိမရှိနှင့် မည်သူပြဌာန်းသည်ကို လေ့လာခြင်း ခွင့်မပြုဘဲ ယင်းဥပဒေကိုသာ လေးစား လိုက်နာခိုင်းသော အသက်ဝင်သည့် ဥပဒေဟူ၍ ဖြစ်ကြောင်း ဦးအောင်ထူးက ပြောပြသည်။
“အာဏာရှင်တွေက တိုင်းပြည်အာဏာကို သိမ်းယူအုပ်ချုပ်တဲ့ ပုံစံမျိုးနဲ့သွားတာတွေ အားလုံးက Rule by Law နဲ့ သွားတာ ချည်းပဲ၊ ဒါကို မလေးစား မလိုက်နာရင် အရေးယူမယ်”ဟု လည်း ဦးအောင်ထူး က ဆိုသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသော ဥပဒေ ပုံစံသည် Rule by Law နှင့် ဖြစ်ကြောင်း သူက သုံးသပ်ပြသည်။
မြန်မာ စစ်အစိုးရသတင်းစာများတွင် အစိုးရကိုဆန့်ကျင်ပြီး ဒီမိုကရေစီအရေး၊ နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးအရေးယူ အပြစ်ပေးနေမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဥပဒေများတွင် နိုင်ငံရေး ပြစ်မှုဆိုသည်ကို ပြဌာန်းခြင်း မရှိကြောင်းနှင့် ကာလကြာရှည်စွာကပင် ပြောဆိုခဲ့သော နိုင်ငံရေး ပြစ်မှုနှင့် အရေးယူသည့်နိုင်ငံရေးအကျဉ်းသား မရှိကြောင်း၊ ပြစ်မှုအကျဉ်း သားများသာ ရှိကြောင်းတို့ကို ဇူလိုင် ၂၂ ရက်မှ စပြီး ၃ ရက်ဆက် ၍ ဥပဒေ ပုဒ်မများနှင့်တကွ ရေးသားဖော်ပြထားသည်။
ထိုသို့ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးအရေးယူခံထားရသူများ၏ အမှုအခင်းများကို အကျိုးဆောင်ပေးနေသည့် ရန်ကုန် မြို့က ရှေ့နေကြီး ဦးအောင်သိန်းကမူ နိုင်ငံရှိလျင် နိုင်ငံရေးနှင့် နိုင်ငံရေးသမား၊ နိုင်ငံရေးနှင့် သက်ဆိုင်သည့် အမှုအခင်း များ ရှိကြောင်းကို သိလျက်နှင့် မသိဟန်ပြု၍ သတင်းစာတွင် ရေးသားဖော်ပြခြင်း ဖြစ်သည်ဟု ပြောသည်။
နိုင်ငံရေးသမားအတွက် သတ်မှတ်ပြဌာန်းထားသည့် ပြစ်မှု ပုဒ်မ သီးသန့်မရှိသော်လည်း လုံခြုံရေး အကြောင်းပြ ချက်အရ သော်လည်းကောင်း၊ ဘိန်းပစ် ဖမ်းသကဲ့သို့ တခြားသော ရဲ အရေးပိုင်သည့် ပုဒ်မများတပ်၍သော်လည်းကောင်း ပြစ်မှု သတ်မှတ်၍ အဓိက လုပ်ဆောင်ချက်နှင့် မသက်ဆိုင်သော ဖမ်းဆီးအရေးယူမှုများကို စစ်အစိုးရက နိုင်ငံရေး လှုပ်ရှားသူ များအပေါ် ပြုကျင့်နေခြင်း ဖြစ်သည်ဟုလည်း ဦးအောင်သိန်းက ဆိုသည်။
“နိုင်ငံရေးသမားအတွက် ပုဒ်မ သတ်မှတ်ထားတာ မရှိသော်လည်း ဖမ်းဆီးရခြင်း အကြောင်းတရားကို ကြည့်၊ နိုင်ငံရေးအရ ဆန္ဒပြတယ်၊ သူ့မှာ နိုင်ငံရေးအရ ဆန္ဒပြခွင့် ရှိတာပဲ၊ လူသားအခွင့်အရေးရှိတာပဲ၊ သူ့ရဲ့ ပုဂ္ဂိလက ခံစားမှုကို သူပြတာမဟုတ် ဘူး၊ ကုန်ဈေးနှုန်းတက်တယ်၊ ကုန်ဈေးနှုန်းချပေးဖို့၊ လောင်စာဆီဈေးတက်တယ်၊ လောင်စာဆီဈေးချပေးဖို့ ဆန္ဒပြတယ်၊ တဦးတယောက်အကြပ်အတည်းကို သူပြောနေတာမဟုတ်ဘူး၊ တပြည် လုံးနဲ့ချီပြီးတော့ ပြောတဲ့ ကိစ္စရပ်၊ ဒါ နိုင်ငံရေး အလုပ်ကို သူဆောင်ရွက်နေတာ ဖြစ်တယ်”ဟု သူ က ပြောသည်။
ဦးအောင်သိန်း က ဆက်လက်ပြီး “ဒါပေမယ့် အဲဒီလူကို လမ်းပိတ်ဆို့မှုနဲ့ ပြစ်မှု စွဲမယ်၊ ကုန်ဈေးနှုန်းတက်လို့ တက်တယ် ပြောတာကို အစိုးရကို အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ စွဲမယ်ဗျာ၊ ဒီလို ပြစ်မှုပုဒ်မတွေနဲ့က ဘယ်လိုပဲ ဖြစ်ဖြစ် စွဲလို့ရတယ်၊ သူ့ရဲ့ အဓိက လုပ်ဆောင်ချက်က အများနဲ့ဆိုင်တဲ့ ကိစ္စရပ်ဆိုတော့ ဒါ နိုင်ငံရေး အလုပ်လုပ်တာပဲ၊ အဲဒီလူကို ဖမ်းပြီး ပြစ်မှုနဲ့ ထောင်ချတာပဲ”ဟု လည်း ပြောဆိုသည်။
ထို့အပြင် သတင်းစာ၌ ၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံမှု အက်ဥပဒေ တွင် ပုဒ်မ ၅ နှင့် ၅(ည)သည် အများပြည်သူ အေးချမ်း တည်ငြိမ်ရေး ထိပါးနှောင့်ယှက်သူကို ၀ရမ်းမပါဘဲဖမ်းဆီးနိုင်ပြီး ၂ လ အထိ ချုပ်နှောင်ထားနိုင်ကြောင်း၊ ယင်း ပုဒ်မအရ ခေါ်ယူထိန်းသိမ်း ခံရသူအများစုသည် နိုင်ငံရေးသမားများ ဖြစ်သောကြောင့် နိုင်ငံရေး ပုဒ်မအဖြစ် ကင်ပွန်းတပ်ကြခြင်း ဖြစ်ကြောင်း ရေးသားထားသည်။
“မြန်မာပြည် လွတ်လပ်ရေး ရပြီးကတည်းက နိုင်ငံရေးသမားကို သပ်သပ်စွဲတဲ့ ပုဒ်မရယ်လို့ သတ်မှတ်ပြဌာန်းထားတော့ မရှိဘူး၊ ပုဒ်မ ၅ ဆိုတာကို ဟိုတုန်းက နိုင်ငံရေးသမားတွေက ၅ စွဲတယ်လို့ ခေါ်ကြတယ်၊ အဲဒီလို ပုဒ်မ ၅ နဲ့ စွဲတဲ့ လူတွေက ဘယ်လို အဆင့်အတန်းရှိသလဲ ဆိုတော့၊ နိုင်ငံရေး အဆင့်အတန်း ရှိတယ်၊ တက္ကသိုလ် ကျောင်းသား အဆင့်အတန်းရှိ တယ်၊ ကျောင်းသားတွေဆိုရင် ထောင်ကနေ၊ အချုပ်ကနေ စာမေးပွဲဖြေလို့ရတယ်၊ အဲဒီလို အဆင့်အတန်းနဲ့ထားတာ၊ အဲဒီ ဂုဏ်သရေရှိတဲ့လူတွေ အချုပ်ခံရစဉ် အေ၊ ဘီ၊ စီ ကလပ်စ် တွေနဲ့ ထားတာ၊ နောက် ဦးနေ၀င်း တက်လာတော့မှ ထောင် တွေမှာ နောင် ဇိမ်နဲ့ နေရတော့မှာမဟုတ်ဘူး ဆိုပြီး ကလပ်စ် တွေကို ဖျက်ပစ်လိုက်တာ”ဟု ဦးအောင်သိန်းက ရှင်းပြသည်။
ယင်းသို့ နိုင်ငံရေးသဘောဆောင်သည့်မှုခင်းများ၊ အစိုးရကို ဆန့်ကျင်သည့် မှုခင်းများ၊ လူ့အဖွဲ့အစည်းတရပ် ပြောင်းလဲရန် ကြိုးစားသည့် မှုခင်းများနှင့်ပတ်သက်၍ နိုင်ငံတော် လုံခြုံရေးထိပါးသည်ဟူသော အကြောင်းပြချက်ဖြင့် အစိုးရက ကျူးလွန် သူအား ပုဒ်မ ၁၀(က) အရ ၁ နှစ်၊ ၁၀(ခ) အရ ၅ နှစ်အထိ တရားရုံး အမိန့်မယူ၊ ရမန် မယူဘဲ သက်တမ်းတိုး ချုပ်နှောင်မှု များကို လက်ရှိပြုလုပ်နေသည်ဟု ဦးအောင်ထူးကလည်း ပြောဆိုသည်။
ဦးအောင်ထူးကဆက်လက်ပြီး မြန်မာနိုင်ငံတွင် ဥပဒေ စိုးမိုးရေးအခြေခံမှာ ရာနှုန်းပြည့် နီးပါး လုံးဝ ပျက်စီးသွားကြောင်း၊ ဥပဒေကို ဥပဒေအတိုင်း ကျင့်သုံးခြင်းမရှိကြောင်းနှင့် တည်ဆဲဥပဒေများကိုပါ ဆန့်ကျင်၍ ဖမ်းချင်သည့် သူက ဖမ်းဆီးချင် သလို ဖမ်းနေကြောင်း ပြောသည်။
“စစ်သားက ဖမ်းခွင့်မရှိဘူး၊ အရပ်ဝတ် ၀တ်ထားတဲ့ လူ က ဖမ်းခွင့်မရှိဘူး၊ သူတို့က ဘယ်အခါမှာ ဖမ်းခွင့်ရှိ သလဲ ဆိုရင် ရဲ အရေးပိုင်တဲ့ ပြစ်မှုမျိုး၊ လူသတ်မှုအကြီးအကျယ် ကျူးလွန်တဲ့အခါမျိုးမှာ၊ ရဲက အကူအညီတောင်း ပြီး ဖမ်းခိုင်းတာမျိုးမှာ ၀င်ဖမ်းလို့ရတယ်၊ တခြားအမှုအခင်းတွေမှာ အရပ်ဝတ်နဲ့ လူတွေ ၀င်ဖမ်းခွင့်မရှိဘူး၊ ကြံ့ဖွံ့ တွေ ဖမ်းခိုင်းတာဟာ တည်ဆဲ ဥပဒေနဲ့ ဆန့်ကျင်ပြီး ဖမ်းချင်သလိုဖမ်းတာဖြစ်တယ်၊ အခုပဲ ဒေါ်အောင်ဆန်း စုကြည် ကို ၅ နှစ် ပြည့်ရင် လွှတ်ရမှာ ဆက်ချုပ်ထားတယ်၊ ဥပဒေကို ဥပဒေအတိုင်း မကျင့်သုံးဘဲ အာဏာနဲ့ လိုသလို ကျင့်သုံး နေတာပါ”ဟု ဦးအောင်ထူးက ဝေဖန်သည်။
ယခုကဲ့သို့ နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းချင်သလိုဖမ်း၍ ပုဒ်မများ တပ်ချင်သလို ပြောင်းတပ်နေခြင်းသည် Due process of law ဟု ခေါ်ဆိုသော ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေတွင် သတ်မှတ်ဖော်ပြထားသည့် ဥပဒေ လုပ်ထုံးလုပ်နည်း အဆင့်ဆင့် နှင့် အရေးယူအပြစ်ပေးရမည်ဟူသော အခြေခံပြဌာန်းချက်များကို ချိုးဖောက်ခြင်းဖြစ် ကြောင်းလည်း ဦးအောင်ထူးက သုံးသပ်သည်။ ။
ကိုးကား — ၁။ ရာဇသတ်ကြီး (Penal Code)
၂။ ဥပဒေ ဝေါဟာရများ
၃။ မြန်မာသတင်းစာများ
၎။ Hamurabi’s Code of Law
Thursday, July 31, 2008
အာဏာဖြင့်တည်သော ဥပဒေ
Posted by
54freedom
at
9:55 PM
0
comments
Labels: ဆောင်းပါး
နေပြည်တော်ဝန်ကြီးများကို ရာထူးမှထွက်ပြီး နိုင်ငံရေးလုပ်ခိုင်းမည်
NEJ/ ၂၈ ဇူလိုင် ၂၀၀၈
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဝင်မည့် ကြံ့ဖွံ့အသွင်ပြောင်း နိုင်ငံရေးပါတီတွေ ဖွဲ့ဘို့ နေပြည်တော် ၀န်ကြီးအချို့ကို တာဝန်ပေးမည်ဖြစ်ရာ နိုင်ငံရေးလိုင်းဝင်မည့် ၀န်ကြီးများ ၀န်ကြီးရာထူးမှ နုတ်ထွက်ပြီး အာဏာလက်လွတ်ဖြစ်မည်ကို စိုးရိမ်နေသည်ဟု နေပြည်တော် ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အထူးသဖြင့် ၀န်ကြီးအဖွဲ့တွင် အသက်အကြီးဆုံးဖြစ်သည့် နေပြည်တော်စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းလို ၀န်ကြီးတွေပင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နီးစပ်သည့်တိုင် ရာထူးမှထွက်ပြီး ကြံ့ဖွံ့အသွင်ပြောင်း နိုင်ငံရေးပါတီခေါင်းဆောင် လုပ်ခိုင်းမှာ စိုးရိမ်နေသည်ဟု ၀န်ကြီးချုပ်ရုံး သတင်းရပ်ကွက်က ပြောသည်။
သို့သော် အသက်ကြီးသည့် လက်ရှိဝန်ကြီးတွေကို သက်ဆိုင်ရာဇာတိမြေ တိုင်းအလိုက် ကြံ့ဖွံ့ အသွင်ပြောင်း နိုင်ငံရေးပါတီတွေ ဖွဲ့ဘို့ တာဝန်ပေးခြင်းဖြင့် ၀န်ကြီးရာထူး နေရာသစ်များ ပေါ်လာနိုင်သည်- ထို့ပြင် နောက်တက် ဗိုလ်ချုပ်များကို ၀န်ကြီးရာထူး ပေးနိုင်ခြင်း၊ အသက်ကြီး ၀န်ကြီးတွေကို အချိုသတ်ပြီး ရုံခါနိုင်ခြင်းတို့ကြောင့် နေပြည်တော် ၀န်ကြီးများ ရာထူးလက် လွတ်ပြီး နိုင်ငံရေးလုပ်ရမှာ ထိတ်လန့်နေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် အရာရှိတဦးက ပြောသည်။
နေပြည်တော်ဝန်ကြီးများကို နိုင်ငံရေးပါတီဖွဲ့ဘို့ တာဝန်ပေးရာတွင် စက်မှု (၁) ၀န်ကြီး ဦးအောင် သောင်းကို မန္တလေးတိုင်း နိုင်ငံရေးပါတီ၊ စွမ်းအင်ဝန်ကြီး ဦးလွန်းသီကို ကွမ်းခြံကုန်းစသဖြင့် ၀န်ကြီးများ ဇာတိမြေအလိုက် ကြံ့ဖွံအသွင်ပြောင်း နိုင်ငံရေးပါတီများကို ခေါင်းဆောင်ခိုင်းမှာ ဖြစ်သည်ဟု စုံစမ်းသိရသည်။
စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းဆိုလျှင် ၂၀၀၇ စက်တင်ဘာ အရေးအခင်းများ၌ ဆန္ဒပြသူ များအား ရိုက်နှက်ခိုင်းခဲ့သည့် စွမ်းအားရှင်များကိုလည်း နိုင်ငံရေးပါတီထဲ ၀င်ခိုင်းရန် မယုံသဖြင့် ပင်စင်သွားသည့် ညွှန်ကြားရေးမှူးများ၊ အထွေထွေမန်နေဂျာများကို နိုင်ငံရေးပါတီထဲ ၀င်ခိုင်းရန် ညွှန်ကြားထားသည်ဟု သိရသည်။
ဝန်ကြီးရာထူးမှ ထွက်ပြီး နိုင်ငံရေး လုပ်ရမည်ဆိုလျှင် အာဏာမရှိတော့ဘဲ လူထု အရိုက်ခံရမှာကို စက်မှု(၁) ၀န်ကြီး ဦးအောင်သောင်း စိုးရိမ်နေသည်ဟု စက်မှု (၁) အရာရှိများက ပြောသည်။ ။
Posted by
54freedom
at
9:48 PM
0
comments
Labels: ဇူလှိုင်၂၈ မှ ၃၁ အထိ သတင်းများ
ပြည်တွင်းဂျာနယ်များ မုန်တိုင်းနောက်ဆက်တွဲသတင်းရေးခွင့် စာပေစိစစ်ရေးပိတ်
NEJ/ ၂၈ ဇူလိုင် ၂၀၀၈
နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်တွင်းထုတ် ဂျာနယ်များတွင် ဖော်ပြချက်များကို နအဖစစ်အစိုးရ စာပေစိစစ်ရေးက ပိတ်ပင်လိုက်ကြောင်း ပြည်တွင်း သတင်း ရပ်ကွက်မှ ပြောကြားသည်။
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း ပျက်စီးမှု ဓာတ်ပုံများ၊ ကိုယ်တွေ့ကြုံရသည့် လေဘေး ဒုက္ခသည်များ၏ အသံများ၊ ကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ကြသည့် အလှူရှင်များ၏ အသံ များကို ပြည်တွင်းဂျာနယ်များတွင် တပတ်ခန့် ဖော်ပြခွင့် ရရှိခဲ့ကြပြီးနောက် ယခုကဲ့သို့ ပိတ်ပင် လိုက်ခြင်းဖြစ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
လေဘေးသင့်ဒေသများတွင် အလှူရှင်များ ကွင်းဆင်းလှုပ်ရှားမှု အတွေ့အကြုံများ၊ စာသင်ကျောင်း များတည်ဆောက်ရန် လိုအပ်သည့် ပညာရေးသတင်းများ အစရှိသည့် နာဂစ်နှင့်ပတ်သက်သော သတင်းများကို ပြည်တွင်းဂျာနယ်များတွင် ဖော်ပြခွင့် မရတော့ကြောင်း ဂျာနယ်တိုက်များမှ စုံစမ်း သိရှိရသည်။
အပတ်စဉ်ထုတ် ဂျာနယ်များက နာဂစ်မုန်တိုင်းနှင့် ပတ်သက်၍ မူကြမ်းရေးသား တင်ပြချက်များကို ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ စာပေစိစစ်ရေးအဖွဲ့က ယခုရက်ပိုင်းအတွင်း ပိုမိုပယ်ချ လာခြင်းဖြစ်ကြောင်း စာပေစိစစ်ရေးရုံးသို့ သွားရောက်ရုံးတင်နေသည့် ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် (၂၂) ရက်က ပြုလုပ်ခဲ့သည့် နာဂစ်ရန်ပုံငွေ ကာတွန်းပြပွဲသတင်းနှင့် လာမည့် သြဂုတ် (၃) ရက်တွင် ကျင်းပမည့် နာဂစ်ရန်ပုံငွေ မြန်မာနိုင်ငံ Hip Hop ပွဲတော် သတင်းကြိုတင် ရေးသားမှုများကိုလည်း စာပေစိစစ်ရေးက သတင်းဂျာနယ်အားလုံးကို ပယ်ချခဲ့ကြောင်း သိရသည်။
ပြည်တွင်းမှ သတင်းအယ်ဒီတာတဦးက “Hip Hop ပွဲတော်သတင်းကို သတင်းဂျာနယ်တွေမှာတော့ ထည့်ခွင့်မရဘူး၊ ဒါပေမယ့် အနုပညာဂျာနယ် တချို့မှာတော့ ရတယ်ကြားတယ်။ ဒီလိုမဖြစ်သင့် ဘူး။ အားလုံး မထည့်စေချင်လည်း မထည့်နဲ့ပေါ့၊ ခုတော့ အနုပညာကျရေး၊ သတင်းဂျာနယ်ကျ မရေးနဲ့ဆိုတာ လုံးဝမတရားတဲ့ ကိစ္စပဲ” ဟု ပြောသည်။
နာဂစ်သတင်းနှင့် ပတ်သက်၍ ခွင့်ပြုချက်မရဘဲ ရေးသားသည့် သတင်းဂျာနယ်များကို စာပေစိစစ် ရေးက ခေါ်ယူကာ နောက်နောင် ခွင့်မပြုသည့် ရေးသားချက်များကို ကိုယ့်သဘောနှင့်ကိုယ် မရေး သားပါဟု ၀န်ခံလက်မှတ် ထိုးခိုင်းကြောင်း သိရသည်။
သတင်းဂျာနယ်များအနေဖြင့် အစိုးရဌာနဆိုင်ရာသတင်းများ ရေးသားရာတွင် ဌာန၏ ဘက်တခု တည်းအမြင်ကို ရေးသားခွင့် ရသော်လည်း သတင်းအချက်အလက်ပြည့်စုံရန် အခြားအမြင်များ ထည့်သွင်းရေးသားပါက စာပေစိစစ်ရေးက ဖြုတ်ခိုင်းကြောင်း အဆိုပါ သတင်းအယ်ဒီတာက ပြောသည်။
၎င်းက “ကျနော်တို့ သတင်းထောက်တွေဟာ အမှန်ကို အမှန်အတိုင်း ရေးသားခွင့် မရှိတဲ့အတွက် သတင်းတွေဟာ ကြာလေလေ သတင်းတန်ဖိုးကျလာလေ ဖြစ်နေပြီ” ဟု ပြောသည်။
ရန်ကုန်အခြေစိုက် သတင်းဆောင်းပါးများ ဖော်ပြရေးသားနေသော ဇူလိုင်လထုတ် နာမည်ကြီး မဂ္ဂဇင်းတခုတွင်လည်း သတင်းထောက်များ ရေးသားသော မြင်ကွင်း ဆောင်းပါးများ အပုဒ်လိုက် အဖြုတ်ခံရကြောင်း သိရသည်။
“ဒီမြင်ကွင်းကတော့ အဆိုးအကောင်း ဒွန်တွဲပါတာပေါ့။ ဒါကို စာပေစိစစ်ရေးက စာစစ်မှူးတွေက ဖြုတ်တယ်။ သတင်း၊ ဆောင်းပါးတွေရေးပြီး ဘ၀ရပ်တည်နေရသူတွေအတွက် အခုလို သတင်း တွေအဖြုတ်ခံရတာဟာ ထိခိုက်တာပဲ” ဟု ပြည်တွင်းမှ သတင်းထောက်တဦးက ပြောသည်။
စာပေစိစစ်ရေးက သတင်းဂျာနယ်များကို အပြုသဘောဆောင်သည့် ရေးသားချက်များကိုသာ လိုလားပြီး ဌာနဆိုင်ရာအချို့၏ လုပ်ဆောင်ချက်များကို ရေးသားပါက သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များကို တောင်းဆိုကြောင်း သတင်းဂျာနယ်များမှ သိရသည်။
အစိုးရသည် သတင်းသမားများကို အမြဲစောင့်ကြည့်ကာ ဖမ်းဆီးမှုများ ပြုလုပ်လေ့ရှိပြီး ယခုအခါ ပြည်တွင်းရှိ Ecovision ဂျာနယ်မှ မအိမ့်ခိုင်ဦးနှင့် မြန်မာထရီဗြူးဂျာနယ်မှ ဦးအောင်ကျော်ဆန်း၊ ဘလော့ဂ်ရေးသည့် ဇာဂနာ၊ ကဗျာရေးသည့် စောဝေ၊ ဘလော့ဂါ နေဘုန်းလတ်၊ ဂျာနယ်လစ် ကိုဇော်သက်ထွေး၊ ပြည်တွင်းအနုပညာ သတင်းဂျာနယ်များတွင် အယ်ဒီတာလုပ်ခဲ့သော ဥာဏ် လင်းအောင်တို့ကို ဖမ်းဆီးထားသည်။ ။
Posted by
54freedom
at
7:58 PM
0
comments
Labels: ဇူလှိုင်၂၈ မှ ၃၁ အထိ သတင်းများ
ငပုတောမြို့နယ်ရှိ လယ်သမားများအတွက် ရေစုပ်စက်များ အရေးပေါ်လိုအပ်
ပီတာအောင် / ၂၈ ဇူလိုင် ၂၀၀၈
ဧရာဝတီတိုင်း ငပုတောမြို့နယ် ပြင်ခရိုင်ဒေသရှိ လယ်သမားများအတွက် သောက်သုံးရေကန်များ ပြန်လည်တူးဖော်နိုင်ရန် ရေစုပ်စက်များ အရေးတကြီး လိုအပ်နေသည်ဟု ပုဂ္ဂလိက မုန်တိုင်းဘေး ကယ်ဆယ်ဆောင်ရွက်ပေးနေသူတို့က ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ထိုဒေသ၌ ရေတွင်းတူးပါက ရေချိုမထွက်ဘဲ ရေငန်သာ ထွက်သဖြင့် ဒေသခံလယ်သမားများအနေ ဖြင့် အကျယ် ပေ (၃၀)၊ အနက် (၁၀) ပေခန့်ရှိ ရေကန်များတူး၍ မိုးရေ စုဆောင်းကာ အသုံးပြုလေ့ ရှိသော်လည်း နာဂစ်မုန်တိုင်းကြောင့် ပင်လယ်ရေငန်နှင့် ရွှံ့နွံများဝင်ကာ ရေကန်များ ပျက်စီးသွား ခဲ့ရသည်။
ထိုဒေသသို့ ပြီးခဲ့သည့်ရက်ပိုင်းက သွားရောက်ခဲ့သည့် ပုဂ္ဂလိက အလှူရှင် ဦးမင်းဆွေက “အဲဒီမှာ အရေးကြီးတဲ့ပြဿနာ တခုရှိနေတယ်။ အဲဒါ သူတို့ရဲ့လယ်ကွင်းတွေထဲမှာ သောက်ရေကန်တွေ လယ်သမားတွေက တူးထားတာရှိတယ်။ အဲဒီကွင်းတွေထဲမှာရှိတဲ့ သောက်ရေကန်ပေါင်း များစွာကို ကျတော့ ဘယ်သူကမှ အကူအညီမပေးဘူး။ အန်ဂျီအိုတွေကလည်း လယ်ယာစိုက်ပျိုးရေးမှာ ကူညီ ပံ့ပိုးမှု အားနည်းတယ်။ လယ်ကွင်းတွေထဲမှာရှိတဲ့ လယ်သမားတွေရဲ့ကန်တွေကို ဘယ်သူကမှ ဘာလို့ဖော်မပေးသလဲဆိုတာ နားမလည်ဘူး” ဟု ပြောသည်။
လက်ရှိအချိန်သည် မိုးတွင်းကာလဖြစ်၍ လယ်သမားများသည် တံစက်မြိတ်မှ မိုးရေခံကာ သောက် သုံးပြီး ကျွဲ၊ နွားများသည်လည်း လယ်ကွင်းထဲမှ မိုးရေကိုပင် သောက်သုံးနေကြသဖြင့် ပြဿနာ မရှိသော်လည်း နွေရာသီ၌ လူနှင့် ကျွဲနွားတိရိစ္ဆာန်များ သောက်သုံးရေ ရှားပါးပြတ်လပ်မှု အခက် အခဲနှင့် ရင်ဆိုင်ရမည်ကို ဒေသခံလယ်သမားများက စိုးရိမ်ပူပန်နေကြောင်း သိရသည်။
ပြင်ခရိုင်နှင့် သင်္ကန်းကုန်းရွာတို့တွင် အန်ဂျီအို အများအပြား လာရောက်၍ ကျောင်းဆောက်ပေးခြင်း၊ ရေလောင်းအိမ်သာ ဆောက်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း စသည့် အကူအညီများ ပေးနေကြောင်း၊ ပတ်ဝန်းကျင်ကျေးရွာများရှိ လယ်သမားများ၏ ကြုံတွေ့နေရသည့် သောက်သုံးရေ အခက်အခဲကိုလည်း အစိုးရနှင့် အန်ဂျီအိုအဖွဲ့အစည်းများက အမြန်ဆုံး ကူညီဖြေရှင်းပေးသင့်သည် ဟု ဦးမင်းဆွေက ပြောသည်။
ငပုတောမြို့နယ်အတွင်းရှိ သင်္ကန်းကုန်း၊ ပြင်ခရိုင်၊ ချောင်းဝ၊ ကညင်ငူ၊ ၀ါးကုန်း၊ ဥက္ကယ်သောင်ရွာ များ၊ မော်တင်စွန်း အငူတ၀ိုက်နှင့် ဟိုင်းကြီးကျွန်းတ၀ိုက်ရှိ ကျေးရွာများတွင်လည်း အလားတူ ပြဿနာမျိုး ကြုံတွေ့နေရကြောင်း သိရသည်။ ထိုဒေသသည် နာဂစ်မုန်တိုင်း ဦးစွာ ၀င်ရောက်တိုက် ခတ်ခဲ့သည့် ဒေသဖြစ်ပြီး ယင်းနောက် လပွတ္တာ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဖျာပုံ စသည့် ဒေသများသို့ ၀င်ရောက်တိုက်ခတ်ခဲ့သည်။
မုန်တိုင်းကြောင့် ဧရာဝတီတိုင်းတွင် ရေကန် (၄၃) ရာခိုင်နှုန်း ပျက်စီးသွားကြောင်းနှင့် ရေကန် အတွင်း မိုးရေစုဆောင်း၍ ခြောက်သွေ့ရာသီ၌ အသုံးပြုခြင်းသည် ထိုဒေသ၌ နေထိုင်သူတို့၏ အဓိက ရေအရင်းအမြစ်ဖြစ်ကြောင်း မြန်မာ၊ အာဆီယံနှင့် ကုလသမဂ္ဂ သုံးပွင့်ဆိုင် ဗဟိုအဖွဲ့၏ နာဂစ်မုန်တိုင်းအလွန် ပူးတွဲအကဲဖြတ်ချက် အစီရင်ခံစာ (PONJA) ၌ ဖော်ပြထားသည်။ ။
Posted by
54freedom
at
7:56 PM
0
comments
Labels: ဇူလှိုင်၂၈ မှ ၃၁ အထိ သတင်းများ
အစိုးရအဝေးပြေး ကားခဈေးနှုန်း မှောင်ခိုဖြစ်
NEJ/ ၂၈ ဇူလိုင် ၂၀၀၈
အစိုးရ အဝေးပြေးယာဉ်လိုင်း ကြီးကြပ်ထိန်းသိမ်းရေးကော်မတီက သတ်မှတ် ကားခဈေးနှုန်း ထက် ပိုရောင်းသည့်ကားလိုင်းများကို အရေးယူမည်ဟု ကြေညာခဲ့ပြီးနောက် ခရီးသည်များမှာ ကားခဈေးနှုန်းများကို မှောင်ခိုပေး ၀ယ်နေကြရသည်။
ရန်ကုန်မှ မော်လမြိုင်၊ မန္တလေး အစရှိသည့် နယ်မြို့များကို သွားသည့် ကားခဈေးနှုန်းများမှာ အမှန်မရှိတော့ဘဲ မှောင်ခိုသဘော ရောင်းချနေကြသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဇူလိုင် (၂၇) ရက်က မော်လမြိုင်သွားရန် ကားလက်မှတ် စုံစမ်းခဲ့သူတဦးက “ကျမ မော်လမြိုင် သွားဖို့ ကားလက်မှတ် ဈေးနှုန်းမေးတော့ ရာဇာမင်းကားလိုင်းက ဈေးနှုန်းကို တယ်လီဖုန်းထဲမှာ မပြောနိုင်ဘူး။ လက်မှတ်ရောင်းဌာနမှာ တခါတည်း လာဝယ်မှ ရမယ်လို့ဆိုတယ်” ဟု ပြောသည်။
အစိုးရ အဝေးပြေးယာဉ်လိုင်းများ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီက ဇူလိုင် (၂၆) ရက်မှစပြီး ကားခဈေးနှုန်းများကို တိုးမြှင့်ရောင်းချရန် သတ်မှတ်ပေးခဲ့ပြီး သတ်မှတ်ဈေးနှုန်းထက် ပိုရောင်း သည့် ကားလိုင်းများကိုလည်း ဒဏ်ရိုက် အရေးယူမည်ဟု ကြေညာခဲ့သည့်အတွက် ယခုကဲ့သို့ ကားခဈေးနှုန်းများ မှောင်ခိုရောင်းချလာကြခြင်း ဖြစ်ကြောင်း မန္တလေးယာဉ်လိုင်းတခုမှ အရောင်း စာရေးတဦးက ပြောသည်။
၎င်းက “အခု ညွှန်ကြားချက် မတိုင်မီကတည်းက ကားခဈေးနှုန်းတွေဟာ အစိုးရ သတ်မှတ်ချက် ထက် ပိုများနေတယ်။ ဥပမာ မန္တလေး ကားခဆို အရင်က အစိုးရသတ်မှတ်ချက် ကျပ် (၈,၀၀၀) ခန့်သာ ရှိပေမယ့် ကားဂိတ်တွေမှာ ကျပ် (၁၁,၀၀၀) လောက် ရောင်းကြတယ်။ အခု ရန်ကုန်-မန္တလေးကားခကို ကျပ် (၁၀,၀၀၀) တိုးမြှင့်သတ်မှတ်လိုက်တော့ ကားဂိတ်တွေက ကျပ် (၁၂,၀၀၀) ရောင်းနေကြတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ၌ ပြေးဆွဲနေသည့် အဝေးပြေး ကားလိုင်းအားလုံးကို အဝေးပြေးယာဉ်လိုင်း ကြီးကြပ် ထိန်းသိမ်းရေးကော်မတီက ထိန်းချုပ်ထားကာ အဝေးပြေးယာဉ်လိုင်း တည်ထောင်ပြေးဆွဲခွင့် ကိုလည်း စစ်အစိုးရက ထိန်းချုပ်ထားပြီး စစ်မှုထမ်းဟောင်း၊ ကြံ့ဖွံ့ကဲ့သို့ အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ကိုင်သူများသာ လုပ်ခွင့်ရကြသည်။
ထို့ကြောင့် ကားလိုင်းများအကြား ပြိုင်ဆိုင်မှု နည်းပါးပြီး ဈေးနှုန်းကြီးမြင့်ခြင်း၊ ၀န်ဆောင်မှု ညံ့ဖျင်းခြင်းတို့ ရှိသော်လည်း ခရီးသွားပြည်သူများမှာ ရွေးချယ်စရာ မရှိသည့်အပြင် အစိုးရက ဘတ်စ်ကား တင်သွင်းခွင့် ပိတ်ပင်ထားသည့်အတွက် အဝေးပြေးယာဉ်အများစုမှာ ဟောင်းနွမ်း ချို့ယွင်းနေကြာင်း အဆိုပါ အရောင်းစာရေးဖြစ်သူက ပြောသည်။ အစိုးရက ယာဉ်လိုင်းများကို ဒီဇယ်ဆီ ခွဲတမ်းနှင့် ထုတ်ပေးပြီး ကားခဈေးနှုန်းကို သတ်မှတ်ပေး သော်လည်း ကားလိုင်းအားလုံးလိုလိုက တွက်ခြေမကိုက်၍ ကားခဈေးနှုန်းများကို တိုးမြှင့် ကောက်ခံလျက်ရှိကြကြောင်း သိရသည်။
ကားခဈေးနှုန်း တိုးမြှင့်ကောက်ခံ၍ အဝေးပြေးယာဉ်လိုင်း ကြီးကြပ်ထိမ်းသိမ်းရေး ကော်မတီကို တိုင်ကြားသည့်အခါတွင်လည်း အောင်မင်္ဂလာ အဝေးပြေးဂိတ်ကို ကိုယ်တိုင်လာတိုင်ရမည်၊ မှတ်ပုံ တင် အိမ်ထောင်စုစာရင်းများ ယူလာရမည်၊ အမှုစစ်ဆေးနေစဉ် ခေါ်သည့်အခါ မှန်မှန် လာရမည် ဆိုသည့်အချက်များကြောင့် နယ်အပါအ၀င် ရန်ကုန်မှ ခရီးသွားများက တိုင်ကြားနိုင်ခြင်း မရှိ ကြပေ။
ယခုကဲ့သို့ စစ်အစိုးရက ဈေးနှုန်းသတ်မှတ်မှုများ ရှိသော်လည်း ကားလိုင်းများက ဈေးနှုန်းတိုးမြှင့် ရောင်းချခြင်းသည် ထုံးစံလိုဖြစ်နေပြီး ခရီးသွားပြည်သူများကလည်း မည်သို့မျှ မတတ်နိုင်ဘဲ ပြောသည့်ဈေးနှုန်းအတိုင်း ၀ယ်ယူစီးနင်းနေကြရကြောင်း မြို့ခံများက ပြောသည်။
Posted by
54freedom
at
7:51 PM
0
comments
Labels: ဇူလှိုင်၂၈ မှ ၃၁ အထိ သတင်းများ
ဗြိတိန်နိုင်ငံ လွိုဒ်အာမခံကုမ္ပဏီနှင့် စစ်အစိုးရပတ်သက်မှု ဖော်ထုတ်တော့မည်
The Observer/NEJ/ ၂၈ ဇူလိုင် ၂၀၀၈
မြန်မာစစ်အစိုးရပိုင် မြန်မာ့လေကြောင်းကုမ္ပဏီအား လွိုဒ်အာမခံကုမ္ပဏီကြီး၏ လန်ဒန်လက်ခွဲ အာမခံကုမ္ပဏီ (၃) ခုက ယခုနှစ် အစောပိုင်းတွင် အာမခံပေးခဲ့ကြောင်း ဘားမားကန်ပိန်း (ယူကေ) အဖွဲ့က ယခုသီတင်းပတ်အတွင်း ဖော်ထုတ်တော့မည့်အကြောင်း လန်ဒန်မြို့ တနင်္ဂနွေနေ့ထုတ် The Observer သတင်းစာက ဖော်ပြထားသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
လွိုဒ်အာမခံကုမ္ပဏီကြီး၏ လန်ဒန်လက်ခွဲ အာမခံကုမ္ပဏီများမှာ Kiln, Atrium နှင့် Catlin တို့ ဖြစ်သည်ဟု The Observer သတင်းစာမှာ ဖော်ပြထားသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ လန်ဒန်အခြေစိုက် The Burma Campaign (U.K) ကို ခေတ်ပြိုင်က မေးမြန်းရာ အစီရင်ခံစာ အသေးစိတ်ကို ဇူလိုင် (၂၉) တွင် ထုတ်ပြန်မည်ဟုသာ ဖြေကြားခဲ့သည်။
လန်ဒန်အာမခံလုပ်ငန်းများက မြန်မာစစ်အစိုးရအား ကျားကန်ပေးနေခြင်းကို ဖော်ထုတ်နိုင်မှုသည် လန်ဒန်ငွေကြေးရပ်ကွက်မှ ကုမ္ပဏီကြီးများအား မျက်နှာပူစေမည့် ကိစ္စဖြစ်သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ The Observer သတင်းစာကြီးက လွိုဒ်အာမခံကုမ္ပဏီကြီး၏ လန်ဒန်လက်ခွဲ အာမခံ ကုမ္ပဏီများအား ဆက်သွယ်ခဲ့သော်လည်း တစုံတရာ ပြောဆိုရန် အဆိုပါကုမ္ပဏီများက ငြင်းဆို ခဲ့သည်။
လွိုဒ်ကုမ္ပဏီအုပ်စုမှ အခြားကုမ္ပဏီများကလည်း မြန်မာစစ်အစိုးရ၏ ရေကြောင်းလုပ်ငန်းများ အတွက် အာမခံပေးရန် ပြင်ဆင်ခဲ့ပြီးဖြစ်သည်။ ရေကြောင်းနှင့် လေကြောင်းအာမခံများ မရှိပါက မြန်မာစစ်အစိုးရအနေဖြင့် ၎င်းတို့အတွက် နိုင်ငံခြားငွေအဓိက ရရှိစေသော ကျောက်မျက်၊ သစ်၊ အ၀တ်အထည်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့တို့ကို တင်ပို့နိုင်တော့မည် မဟုတ်ပေ။
ဘားမားကန်ပိန်း (ယူကေ) အဖွဲ့၏ အဆိုပါလှုပ်ရှားမှုသည် လန်ဒန်ရှိ လွိုဒ်အာမခံလုပ်ငန်းကြီးက ၎င်း၏ အုပ်စုဝင်ကုမ္ပဏီများကို မြန်မာနိုင်ငံ၌ စီးပွားရေး မလုပ်ရန် တိုက်တွန်းချက်များ ဖြစ်ပေါ် လာစေရန် ရည်ရွယ်သည်။ လွိုဒ်အာမခံလုပ်ငန်းကြီး၏ ဥက္ကဋ္ဌ လော့ဒ် လီဗင်နှင့် ဆွေးနွေးနိုင် ရန်လည်း စည်းရုံးလှုပ်ရှားသူများက တောင်းဆိုနေသည်။
“လွိုဒ်အုပ်စုဝင်တွေအပါအ၀င် အာမခံကုမ္ပဏီတွေဟာ ကျင့်ဝတ်သိက္ခာထက် အကျိုးစီးပွားကို ဦးစားပေးနေတာပါ။ သူတို့က ကျင့်ဝတ်နဲ့အညီ လုပ်နေတဲ့ပုံစံ ဟန်ဆောင်နေကြပေမယ့် တကယ် ကတော့ ရက်စက်ကြမ်းကြုတ်တဲ့ မြန်မာစစ်အစိုးရဟာ လူမျိုးတုံးသတ်ဖြတ်ဖို့၊ လူထုကို ဖိနှိပ် အုပ်ချုပ်ဖို့အတွက် သူတို့ဆီကရတဲ့ ငွေတွေနဲ့ လက်နက်ခဲယမ်းနဲ့ တင့်ကားတွေ ၀ယ်မှာကို အဲဒီကုမ္ပဏီတွေက ဂရုစိုက်ကြတာ မဟုတ်ပါဘူး” ဟု ဘားမားကန်ပိန်း (ယူကေ) အဖွဲ့မှ တာဝန်ခံတဦးဖြစ်သူ ဂျော်နီ ချတ်တာတန်က ပြောသည်။
လွိုဒ်အာမခံကုမ္ပဏီကြီးကမူ ၎င်း၏အုပ်စုအဖွဲ့ဝင်များအနေဖြင့် မြန်မာစစ်အစိုးရ၏ ကူးသန်းသွား လာရေးလုပ်ငန်းများကို အာမခံပေးခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်း မဟုတ်ကြောင်း၊ နိုင်ငံ တကာပိတ်ဆို့မှုများ တရားဝင် ချမှတ်ထားသော်လည်း ၎င်းတို့အနေဖြင့် မည်သည့်အခန်းကဏ္ဍ၌ စီးပွားရေးလုပ်နိုင် မလုပ်နိုင်ကို ဈေးကွက်အား လမ်းညွှန်ခြင်း မရှိကြောင်း ယမန်နေ့က ထုတ်ဖော် ခဲ့သည်။
ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒန်ဘရောင်းက မြန်မာနိုင်ငံနှင့် ဆက်စပ်လုပ်ကိုင်နေသော မည်သည့်စီးပွား ရေးလုပ်ငန်းကိုမျှ ခွင့်ပြုမည်မဟုတ်ကြောင်း ယခင်ကဖော်ပြခဲ့ဖူးသဖြင့် လွိုဒ်အာမခံကုမ္ပဏီကြီး ယခုကဲ့သို့ အလျော့ပေးမှု မရှိခြင်းသည် ဗြိတိသျှအစိုးရအား ၀င်ရောက်စွက်ဖက်လာစေရန် တွန်းအားပေးသကဲ့သို့ ဖြစ်သွားနိုင်သည်။ သို့သော် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါ ကိစ္စနှင့်ပတ်သက်၍ လွိုဒ်နှင့် ဆွေးနွေးမှုရှိမရှိမှာမူ မရှင်းလင်းသေးပေ။
ဘားမားကန်ပိန်း (ယူကေ) အဖွဲ့ကြီး၏ မကြာမီထုတ်ပြန်မည့် အစီရင်ခံစာ၌ မြန်မာနှင့်ပတ်သက် သည့် အခြားအာမခံကုမ္ပဏီ (၈) ခု၏ လုပ်ရပ်များကိုပါ ဖော်ထုတ်မည်ဖြစ်သည်။ ။
Posted by
54freedom
at
7:49 PM
0
comments
Labels: ဇူလှိုင်၂၈ မှ ၃၁ အထိ သတင်းများ
ချင်းမိုင်မှာ အာရှဌာနေတိုင်းရင်းသားပွဲတော်ကျင်းပ
ကျော်ထင်/ ၂၈ ဇူလိုင် ၂၀၀၈
ကုလသမဂ္ဂ၏ ဌာနေတိုင်းရင်းသား အခွင့်အရေး ကြေညာစာတမ်းကို ဂုဏ်ပြုသည့်အနေဖြင့် အာရှဒေသ ဌာနေတိုင်းရင်းသားပွဲတော်ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ယမန်နေ့က ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ဌာနေတိုင်းရင်းသားများက ၎င်းတို့အခွင့်အရေးနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အဆိုပါပွဲတော်သို့ တရုတ်၊ ဂျပန်၊ တိုင်ဝမ်၊ အိန္ဒိယ အပါအ၀င် အာရှ (၁၅) နိုင်ငံမှ ဌာနေတိုင်းရင်း သားကိုယ်စားလှယ် (၃၀၀) နီးပါး တက်ရောက်ခဲ့ကြသည်။
ပွဲတော်သို့ တက်ရောက်ခဲ့သူ ချင်းအမျိုးသား ဒေါက်တာရွှေခါးက မြန်မာနိုင်ငံမှ ဌာနေတိုင်းရင်းသား များအခွင့်အရေးကို ဒေသတွင်းနိုင်ငံများမှ ဌာနေတိုင်းရင်းသား အခွင့်အရေး လှုပ်ရှားသူများနှင့် တွေ့ဆုံခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေး၊ မြေယာပိုင်ဆိုင်ခွင့်၊ ရိုးရာဓလေ့ ထုံးစံအရ တရားစီရင်ရေးများအပြင် ခေတ်နှင့်အညီ ပြောင်းလဲလာသည့် အခွင့်အရေးပိုင်းဆိုင်ရာ များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ပြောသည်။
၎င်းက “အခုချိန်မှာ ပြောင်းလဲနေတာက ဘာလဲဆိုတော့ အမျိုးသမီးအခွင့်အရေး၊ ဒီအခွင့်အရေး ဆုံးရှုံးခြင်းခံရတာက လွှမ်းမိုးအုပ်စိုးတဲ့ လူ့အဖွဲ့စည်းထဲမှာတင်သာမက ဌာနေတိုင်းရင်းသားတွေရဲ့ လူ့အဖွဲ့အစည်းမှာလည်း ရှိတယ်လေ။ သူနည်းသူ့ဟန်နဲ့ ပြုပြင်ပြောင်းလဲနေတာရှိတယ်။ ဒါကို ကျနော်တို့ အချင်းချင်း ဖလှယ်ကြခြင်းအားဖြင့် ပိုမိုကောင်းမွန်လာမယ်လို့ ယူဆတယ်” ဟု ပြောသည်။ တိုင်ဝမ်ကိုယ်စားလှယ်တဦးက “ဒီကိုရောက်လာတဲ့ ကျမတို့အားလုံးဟာ ဌာနေတိုင်း ရင်းသားတွေ ဖြစ်ကြတာနဲ့အညီ အခွင့်အရေးတွေအတွက် စုပေါင်းလုပ်ဆောင်ကြမှာ ဖြစ်တယ်။ ကျမတို့ရဲ့ ခံစား ချက်တွေ၊ လိုလားချက်တွေ၊ အခွင့်အရေးတွေကို တခြားလူတွေ သိနားလည်နိုင်ဖို့ လိုတယ်လေ။ အထူးသဖြင့် နိုင်ငံတကာက ဌာနေတိုင်းရင်းသားတွေနဲ့ ချိတ်ဆက်လုပ်ကိုင်နိုင်ဖို့အတွက် အဓိက ပါပဲ” ဟု ပြောသည်။
အခွင့်ရေးပိုင်းဆိုင်ရာ ဆွေးနွေးမှုများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၊ သဘာဝပတ်ဝန်းကျင်နှင့် စီပွား ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက် (NEED) ခေါင်းဆောင် ခိုင်ဓူဝံက အခြားနိုင်ငံမှ ကိုယ်စားလှယ်များ၏ ဆွေနွေးချက်သည် ၎င်းတို့အတွက် အလေးနက်ထားစရာဖြစ်ကြောင်း ပြောသည်။
၎င်းက “ကျနော်တို့တွေက ပြည်ပမှာ အခြေခံပြီး လုပ်ရတဲ့သူတွေဖြစ်တယ်။ ပြည်တွင်းကလာတာ မဟုတ်ဘူး။ အခြားလူတွေမှာကျတော့ သူတို့သက်ဆိုင်ရာ နိုင်ငံတွေက လာကြတာ။ သူတို့ရဲ့ ဒေသ တွေမှာ လက်တွေ့ကြုံတွေ့နေရတဲ့ အခြေနေတွေအပေါ် သူတို့ရဲ့ အခွင့်ရေးပိုင်းဆိုင်ရာတွေကို တင်ပြလာတဲ့အခါမှာကျတော့ ကျနော်တို့ထက် ပိုပြီးပြည့်စုံတယ်လေ” ဟု ပြောသည်။
ကုလသမဂ္ဂ၏ ဌာနေတိုင်းရင်းသားများ အခွင့်အရေး ကြေညာစာတမ်းကို ၂၀၀၇ ခု စက်တင်ဘာ (၁၃) ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဌာနေတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံ၊ စီးပွားရေး၊ လူမှုရေး၊ တရားစီရင်ရေးအပါအ၀င် အခွင့်အရေးများနှင့် ပတ်သက်၍ အဆိုပါကြေညာ စာတမ်းတွင် ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ ။
Posted by
54freedom
at
7:43 PM
0
comments
Labels: ဇူလှိုင်၂၈ မှ ၃၁ အထိ သတင်းများ