စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, May 29, 2008

ရန်ကုန်တိုင်းမှ ဧရာဝတီသို့ ထွက်ခွာသော အလှူကားများ ဆက်လက်ဖွင့်ထား


မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ မေလ 28 2008 21:24 - မြန်မာစံတော်ချိန်
ရန်ကုန်။ ။ ဧရာဝတီတိုင်းဘက်သို့ သွားရောက်မည့် လေဘေး အလှူရှင်များ၏ ကားများကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အာဏာပိုင်များက တားဆီးခြင်း၊ အပြန်ကားများကို ယာယီ ထိန်းသိမ်းမှုများ ဖြစ်ပွားခဲ့ပြီးနောက် ၂၆ ရက်နေ့ညမှ စတင်ပြီး ကားများကို တားဆီးခြင်း မပြုတော့ပါ။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၂၆ ရက်နေ့တွင် ဖျာပုံမှ ပြန်လာသော အလှူရှင်ကားများ၊ ၂၇ ရက်နေ့တွင် သွားရောက်သော ကားသမားများ အဆိုအရ ဧရာဝတီတိုင်းသို့ သွားရောက်မည့် ကားများကို အလှူပေးရန် သွားလိုက ကားနံပါတ်နှင့် ယဉ်မောင်း အမည်ကို ပြောခဲ့ရပြီး မည်သည့် မြို့နယ်သို့ သွားရောက်မည် ဖြစ်ကြောင်းကိုပါ အသိပေးခဲ့ရသည်။ အလှူပစ္စည်း မပါသော ကားများအနေဖြင့် လွတ်လပ်စွာ သွားလာနိုင်သည်။ ထိုသို့ စာရင်း ကောက်ယူရခြင်း အကြောင်းအရင်းကို အရာရှိတဦးက “ကျနော်တို့ အနေနဲ့က တာဝန်အရ လုပ်ရတာ ဖြစ်ပါတယ်။ စာရင်း ကောက်တာက အလှူရှင်တွေ ဘယ်လောက်၊ ဘယ်ဒေသကို သွားရောက်တယ် ဆိုတာ သိရအောင်နဲ့ လိုအပ်တဲ့ အကူအညီတွေကို သက်ဆိုင်ရာက ကူညီလို့ ရတာရှိရင် ကူညီရအောင်ပါ။ နိုင်ငံခြားသားတွေ သွားမယ်ဆိုရင်တော့ တရားဝင် သွားရောက်ခွင့် ပြုတဲ့ စာရွက်စာတမ်း တခုခု ပါလာရင် လွတ်လပ်စွာ သွားရောက်နိုင်ပါတယ်” ဟု ပြောသည်။လှိုင်သာယာဘက်မှတဆင့် တွံတေး၊ ဒေးဒရဲဘက်က သွားသူများ အနေဖြင့် ပန်းလှိုင်တံတား ဂိတ်တခုတည်းသာ စစ်ဆေးမှုရှိပြီး၊ ညောင်တုန်း-မအူပင် လမ်းများမှ သွားရောက်ပါက လှိုင်သာယာ တိုးဂိတ် အကျော်တွင်သာ စစ်ဆေးသည်။ ယနေ့နံနက်တွင် ဖျာပုံမှ ပြန်လာသော အလှူရှင်တဦး အဆိုအရ အပြန်ကားများကို မည်သည့် ဂိတ်ကမှ စစ်ဆေးမှု မရှိကြောင်း သိရသည်။လှိုင်သာယာ တံတားထိပ်မှ စစ်ဆေးမှုများ ပြုလုပ်ကာ အလှူရှင်ကားများကို ပြန်ခိုင်းသည်ဆိုသော သတင်းများနှင့် အပြန်ကားများကို ဖမ်းဆီး စစ်ဆေးခြင်းများ ရှိခဲ့သဖြင့် ဘိုကလေး၊ လပွတ္တာ၊ ဖျာပုံနှင့် လေဘေးသင့် ပြည်သူများ အများအပြားရှိရာ ဒေသများသို့ ကူညီလိုသော ပြည်တွင်းမှ အလှူရှင်များ အနေဖြင့် မသွားရောက်ဝံ့ဘဲ စောင့်ဆိုင်းနေခဲ့ရသည်။ ထို့အတွက် အခက်အခဲ ကြုံနေရသော ဒုက္ခသည်များ အနေဖြင့် အလွန်ပင် ပိုမိုသော ဒုက္ခများကို ဆက်လက် ခံစားရဖွယ် ရှိနေသည်။ ယခုရက်ပိုင်းအတွင်း ဘိုကလေးဘက်သို့ ဖျာပုံမှတဆင့် ၀င်ရောက်လာသော အလှူရှင်ကားများ လုံးဝနီးပါး အသွားအလာ ရပ်ဆိုင်းခဲ့ကြောင်း ဘိုကလေးမြို့ခံ တဦးက ပြောသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဒုက္ခသည်အလှူအပေါ် မယက မှ ခွဲတမ်း ကောက်နေ


ဝိုင်းပီး
ဗုဒ္ဓဟူးနေ့၊ မေလ 28 2008 21:15 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ နအဖ ဝန်ကြီးချုပ်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် အမျိုးသား သဘာဝ ကာကွယ်ရေး ဗဟိုကော်မတီ အမည်သုံးကာ ဒေးဒရဲမြို့နယ် အတွင်းရှိ မြို့နယ် မယကရုံးများသည် လေဘေး အလှူရှင်များထံမှ အလှူငွေနှင့် ပစ္စည်းများ၏ ၂၅ ရာခိုင်နှုန်းကို အချိုးကျ တောင်းယူနေသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ယမန်နေ့က ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်သို့ သွားရောက် လှူဒါန်းခဲ့သည့် INGO အဖွဲ့မှ အလှူရှင်များကို မြို့အဝင်ဝဂိတ်မှ ရဲများက တားဆီးပြီးနောက် အလှူပမာဏာ၏ ၄ ပုံ ၁ ပုံ ကို မယက ရုံးက ကောက်ခံလိုက်ခြင်း ဖြစ်သည်။ “ဝေးလံခေါင်းပါးတဲ့ နေရာတွေ၊ အလှူမရနိုင်တဲ့ ဒုက္ခသည်တွေဆီကို မယက အနေနဲ့ ပြန်ဖြန့်ဝေပေးသွားမှာ ဖြစ်တယ်လို့ ပြောပြီး ယူတာပါ” ဟု လေဘေး ကယ်ဆယ်ရေး လုပ်ဆောင်နေသူ တဦးက ပြောသည်။ မေလ ၃ ရက်နေ့မှစတင်ကာ အမျိုးသား သဘာဝ ကာကွယ်ရေး ဗဟိုကော်မတီကို နအဖ ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းစိန် ဦးဆောင်ဖွဲ့စည်းကာ လေဘေးဒုက္ခသည်များ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေသည်ဟု အစိုးရပိုင် သတင်းစာများတွင် ဖော်ပြနေပြီး နယ်မြို့များရှိ မယက ရုံးများက အဆိုပါ ကော်မတီ နာမည်သုံးကာ အလှူရှင်များထံမှ ရာခိုင်နှုန်းအလိုက် အချိုးကျ တောင်းယူနေခြင်း ဖြစ်သည်။ ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် အလှူရှင်များကို တဦးချင်းသော်လည်းကောင်း၊ အစုလိုက် သော်လည်းကောင်း သွားရောက်လိုသည့် နေရာဒေသသို့ စနစ်တကျသွားရောက် လှူဒါန်းခွင့်ပြုပြီး အကူအညီလိုပါကာ ကော်မတီမှ လိုက်လံ ကူညီမည်ဟု ဖော်ပြထားသည်။ အမျိုးသား သဘာဝကာကွယ်ရေး ကော်မတီက ဧရာဝတီတိုင်း ဘိုကလေး၊ ဖျာပုံ၊ လပွတ္တာ၊ ဒေးဒရဲနှင့် ကွမ်းခြံကုန်းမြို့နယ်တွင် တမြို့နယ်လျှင် ဝန်ကြီး တဦးကျ အထက်မှ ချုပ်ကိုင်ကာ ကော်မတီ၏ လုပ်ဆောင်ချက်များအဖြစ် မယကရုံးများမှတဆင့် ကိုင်တွယ် လုပ်ဆောင်နေပြီး အလှူရှင်များထံမှ ရာခိုင်နှုန်းအလိုက် ရရှိသည့် ငွေနှင့် ပစ္စည်းများကို လေဘေးဒုက္ခသည်များထံသို့ အနည်းငယ်သာ ပြန်လည် မျှဝေနေသည်။ ဒေးဒရဲမြို့နယ် မယကရုံးသည် စေတနာရှင်များထံမှ အတင်းအဓမ္မ ကောက်ယူထားသည့် ငွေနှင့် ပစ္စည်း များစွာ ရှိနေသော်လည်း ဒုက္ခသည်များကို ဆန်နို့ဆီဗူး ၂ ဗူးသာ ဝေပေးနေသည်ဟု ဒေသခံများက ဆိုသည်။ အိမ်ရှင်မ မရှိတော့သည့် ကလေး ၃ ဦး၏ ဖခင်ဖြစ်သူက “ကျနော်က ဒီကလေးတွေကို မကျွေးနိုင်တော့ဘူး၊ ကလေးတွေကို သတ်ပစ်ဖို့ပဲ ရှိတော့တယ်လို့ သွားပြောမှ မယက က ဆန် ၁ဝ ပြည် ပေးလိုက်တယ်” ဟု ပြောသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဒုက္ခသည် ကယ်ဆယ်ရေး ကာလအတွင်း နိုင်ငံရေး အကျဉ်းသားများ ပိုမိုနှိပ်စက်ခံရ


မောင်ဒီး
ဗုဒ္ဓဟူးနေ့၊ မေလ 28 2008 21:11 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ နာဂစ်နောက်ပိုင်း ကယ်ဆယ်ရေးကို နိုင်ငံတကာက ပိုမို အာရုံစိုက်နေချိန်တွင် အခြားတဖက်၌ အကျဉ်းထောင်ထဲရှိ အမေ့ခံ နိုင်ငံရေး အကျဉ်းသားများမှာ ထောင်အာဏာပိုင်များ၏ ညှဉ်းပမ်းနှိပ်စက်မှုများ ပိုခံလာကြရသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) - အေအေပီပီက ဆိုသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နာဂစ်မုန်တိုင်းဒဏ်ခံ ပြည်သူများအတွက် ကယ်ဆယ်ရေး လုပ်ငန်းများကိုသာ အာရုံထားနေချိန် အင်းစိန်ထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများမှာ မတရား ရိုက်နှက်ခံရခြင်း၊ လမ်းလျှောက်ခွင့်နှင့် ထောင်ဝင်စာ ပိတ်ပင်ခံရခြင်းများ ခံနေရသည်ဟု ယမန်နေ့က ထုတ်ဖော် ပြောဆိုလိုက်ခြင်း ဖြစ်သည်။“နာဂစ်ဖြစ်ပြီးနောက်ပိုင်း နိုင်ငံတကာ အဝန်းအဝိုင်းက အဖွဲ့အစည်းတွေ၊ အစိုးရတွေက ကယ်ဆယ်ရေးဘက်ကိုပဲ အာရုံထားပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေဘက်ကို အာရုံပြုမှု နည်းလာတဲ့အတွက်ကြောင့် သူတို့မှာ ထောင်အာဏာပိုင်တွေရဲ့ နှိပ်စက်မှုတွေကို ပိုခံနေရပါတယ်” ဟု ထိုင်းအခြေစိုက် အေအေပီပီ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောသည်။ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာပြည်သို့ လာရောက်စဉ် နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်၍ တစုံတရာ ပြောဆိုခဲ့ခြင်း မရှိသည်မှာလည်း နိုင်ငံရေး အကျဉ်းသားများ အရေးကို အလေးမထားသည့် သဘောသက်ရောက်ခဲ့သည်ဟု သူက ပြောသည်။“ဒါက နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး အလေးမထားတဲ့ သဘော သက်ရောက်သွားတယ်။ အဲဒီတော့ အာဏာပိုင်တွေက နိုင်ငံရေး အကျဉ်းသားတွေကို ကိုင်တွယ်မှုက ပိုပြင်းထန်လာတယ်။ နှိပ်စက် ညှဉ်းပမ်းမှုက ပိုများလာတယ်” ဟု ဦးတိတ်နိုင်က ပြောသည်။အေအေပီပီ၏ သတင်းထုတ်ပြန်ချက်တွင် ယခုလ ၁ဝ ရက်နေ့က အင်းစိန်ထောင် အဆောင် ၅ ရှိ နိုင်ငံရေးအကျဉ်းသား ဦးတင်မြ၊ ဦးမြင့်ထွန်း၊ ကိုသန့်ဇော်၊ ဦးကျော်၊ အရှင်ဓမ္မိက (ခ) ဦးထွန်းထွန်းတို့ကို ထောင်အာဏာပိုင်များက အလုပ်ခိုင်းရာ ငြင်းဆန်သဖြင့်ဟု ဆိုကာ ခေါင်းစွပ် စွပ်ကာ ရိုက်နှက်ခဲ့ပြီး ၁ဝ ရက်တိတိ ခြေကျင်းခတ်ကာ တိုက်ပိတ်ခဲ့သည်ဟု ဖော်ပြထားသည်။ယခုလ ၃ ရက်နေ့ နံနက်က အင်းစိန်ထောင်၌ မီးလောင်မှု ဖြစ်ပြီးနောက်ပိုင်း အာဏာပိုင်များက သာမန် အကျဉ်းသားများနှင့်အတူ နိုင်ငံရေးသမားများကို ပိုမို တင်းကျပ်စွာ ချုပ်ချယ်လာသည်ဟု သိရသည်။“အထဲမှာ တော်တော်လေး အခြေအနေ ဆိုးနေတယ်။ မုန်တိုင်းဖြစ်တဲ့ည ထောင်မီးလောင်တဲ့ ကိစ္စနောက်ပိုင်း ဆေးလိပ်သောက်တာ မိတဲ့ ဘယ်သူမဆို ၆ လ ပြစ်ဒဏ်တိုးမယ်၊ ၃ လ ထောင်ဝင်စာ ပိတ်မယ်ဆိုတာတွေ ဖြစ်လာတယ်” ဟု NLD လူငယ်သတင်းနှင့် ပြန်ကြားရေး အဖွဲ့ဝင်တဦးက ပြောသည်။အင်းစိန်ထောင် အဆောင် ၁ မီးလောင်မှုတွင် အာဏာပိုင်များ၏ ပစ်ခတ်မှုကြောင့် အကျဉ်းသား ၃၆ ဦး သေခဲ့ပြီး နိုင်ငံရေး အကျဉ်းသား ကိုအုန်းကျော်မှာလည်း ထောင်ဖောက်ရန် ကြိုးစားမှုဖြင့် အာဏာပိုင်များက စစ်ဆေးစဉ် သေဆုံးသွားခဲ့သည်။အင်းစိန်ထောင်အတွင်းရှိ အမျိုးသမီးဆောင် အတွင်း၌လည်း သောက်သုံးရေ မသန့်ရှင်းမှုကြောင့် အရေပြားဆိုင်ရာ ရောဂါများနှင့် အခြား ရောဂါများ ပြန့်ပွားနေပြီး အမျိုးသမီး နိုင်ငံရေး အကျဉ်းသားများမှာ အာဏာပိုင်များ၏ စနစ်တကျ ဆေးဝါးကုသမှုကို မခံရဘဲ ကျန်းမာရေး အခြေအနေ ဆိုးနေသည်ဟု အေအေပီပီက ပြောထားသည်။စစ်ကိုင်းတိုင်း ခန္တီးထောင်တွင် ထောင်ဒဏ် အနှစ် ၂ဝ တဖြစ်လဲ ထောင်ဒဏ် တသက်တကျွန်း ကျခံနေရသူ ဦးအုန်းသန်းမှာလည်း အကြောင်းပြချက် မရှိဘဲ တိုက်ပိတ်ခံနေရစဉ် ငှက်ဖျားပိုး ဦးနှောက်ထဲသို့ ဝင်ရောက်သွားသဖြင့် အသက်အန္တရာယ် စိုးရိမ်နေရသည့် အခြေအနေ ရှိနေသည်ဟု မဇ္ဈိမက သတင်း ရရှိထားသည်။“ခန္တီးထောင်တို့၊ ကလေးထောင်တို့ ဆိုတာ တကယ့်ကို ရာသီဥတု ဆိုးဝါးပြီးတော့ ငှက်ဖျားရောဂါ ကူးစက်လွယ်တဲ့ နေရာတွေဖြစ်တယ်။ တစိမ်းတယောက် သွားမယ်ဆိုရင် ငှက်ဖျားရောဂါဖြစ်ဖို့ ရာခိုင်နှုန်း တော်တော်များတယ်။ အဲဒီ အခြေအနေမျိုးမှာ ဦးအုန်းသန်းကို အညိုးတကြီးနဲ့ ခန္တီးထောင်ကို ပြောင်းပေးတာဖြစ်တယ်” ဟု ဦးတိတ်နိုင်က ပြောသည်။အကျဉ်းထောင် လက်စွဲဥပဒေအရ အကျဉ်းသားများကို ၎င်းတို့၏ နေရပ်များနှင့် အနီးဆုံးထောင်၌သာ ထားရမည်ဟု ဖော်ပြထားသော်လည်း အစိုးရက ဥပဒေကို ချိုးဖောက်ကာ ရန်ကုန်မှ နိုင်ငံရေး အကျဉ်းသားများကို ခန္တီးထောင်၊ မြစ်ကြီးနားထောင်၊ ပူတာအိုထောင် စသည်တို့ကို ပြောင်းရွှေ့ပေးခြင်းဖြင့် နိုင်ငံရေး အကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစုကို နှိပ်စက်နေသည်ဟု အတိုက်အခံများကလည်း ဝေဖန်ကြသည်။မြန်မာပြည်တဝှမ်းရှိ အကျဉ်းထောင်များတွင် အကျဉ်း ချခံနေရသည့် နိုင်ငံရေး အကျဉ်းသားပေါင်း ၁၉ဝဝ ကျော် ရှိနေသေးသည်ဟု အေအေပီပီ ၏ စာရင်းအရ သိရသည်။၂ ရက်နေ့ညက တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်း နောက်ပိုင်း သိန်းနှင့်ချီသော ပြည်သူများ၏ အသက်ကို ကယ်ဆယ်ရန်အတွက် အာရုံစိုက် ကြိုးပမ်းနေသော ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် အကျဉ်းထောင်များရှိ နိုင်ငံရေး အကျဉ်းသားများ၏ အခြေအနေကိုလည်း တစေ့တစောင်း အကဲခတ် စောင့်ကြည့်ပေးကြပါရန်လည်း အေအေပီပီက တောင်းဆိုထားသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

အဖွဲ့ချုပ်ဝင် ၃ဝ ခန့် ထပ်မံ ဖမ်းဆီးခံရ

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ မေလ 28 2008 21:08 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ အန်အယ်ဒီ အဖွဲ့ဝင် ၃ဝ ခန့်ကို ယမန်နေ့ ညပိုင်းတွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ပြန်သည်။ ၁၈ နှစ်မြောက် ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့တွင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ပါတီရုံးချုပ်မှ လမ်းလျှောက် ချီတက်သွားသည့် ပါတီလူငယ် ၁၈ ဦးကို ယမန်နေ့ နေ့ခင်းပိုင်းတွင် ဖမ်းဆီးပြီးနောက် ညပိုင်းတွင်မူ လူဦးရေ ၃ဝ ခန့်ကို လိုက်လံ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“မနေ့ညက ပြန်လာဆွဲတာ ဦးကြည်လွင် (တောင်ဒဂုံ) တယောက်ပဲ သိသေးတယ်။ သူက အဖွဲ့ဝင်ပါ။ မနေ့ ၁၈ ယောက် အပါအဝင် ၅ဝ ကျော် ရှိသွားပြီလို့ ပြောတယ်။ ကျနော့် အသိတယောက်က ကျနော်တို့ကို ပြောတယ်” ဟု အဖွဲ့ချုပ် လူငယ်ပြန်ကြားရေးမှ ကိုနိုင်ငံလင်းက မဇ္ဈိမကို ပြောသည်။ သူက မည်သည့် မြို့နယ်များက ပါတီများ ဖြစ်ကြောင်း အသေးစိတ် ပြောဆိုခြင်း မရှိဘဲ အတည်ပြုနိုင်ရန် ဆက်လက်၍ စုံစမ်းနေဆဲ ဖြစ်သည်ဟု ဆိုသည်။ “မနေ့ညက ရဲအထူးသတင်း တပ်ဖွဲ့ရယ်၊ နယ်မြေခံရဲရယ်၊ ရယက ရယ်က လာဖမ်းတာ။ ဦးကြည်လွင်ရဲ့ နေအိမ်မှာ လာဖမ်းတယ်၊ တောင်ဒဂုံမှာပါ” ဟု တောင်ဒဂုံ ရဲသတင်း ရပ်ကွက်တခုက ပြောသည်။ ကိုနိုင်ငံလင်းက “ကျနော်တို့ ကြားတာကတော့ ဓာတ်ပုံတွေ ကြည့်ပြီး လိုက်ဖမ်းတယ်။ ကျနော်ထင်တာကတော့ မနေ့က ဆန္ဒပြတဲ့ လူတွေကို ကျနော်တို့ ရုံးရှေ့မှာ လာရိုက်တယ်လေ၊ ထောက်လှမ်းရေးတွေပေါ့။ အဲဒီအချိန်မှာ ဆန္ဒပြတဲ့ လူတွေနဲ့ ကပ်ပြီး ဘေးမှာ ရပ်တာတို့ ဖြစ်နိုင်တယ်။ သူတို့ကိုယ်တိုင် လုပ်တဲ့လူ ဖြစ်ချင်မှ ဖြစ်မယ်။ သူတို့ သံသယရှိတဲ့ လူတွေကိုပေါ့” ဟု ပြောသည်။ အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “အန်ကယ် တခြားမကြားရသေးဘူး။ မနေ့ကတော့ ၁၈ ယောက် ဖမ်းသွားတယ်။ နောက်ထပ်တော့ သတင်းမကြားသေးဘူး။ အခုထိ ပြန်လွတ်လာတာလည်း မရှိသေးဘူး။ အသက် ၁၂ နှစ်အရွယ်ကလေးလည်း ပါသွားတယ်။ ဘာဆက်လုပ်ရမလဲဆိုတာတော့ မသိသေးဘူး။ သူတို့ကို ဘယ်နေရာ ဘယ်လိုအရေးယူမလဲဆိုတာ မသိရသေးပါဘူး” ဟု ပြောသည်။ ယမန်နေ့ နေ့ခင်းပိုင်းက ကိုထွန်းထွန်းဝင်း (လူငယ်တာဝန်ခံ - ၁ ၊ စမ်းချောင်း)၊ ကိုရန်နိုင်ထွန်း (တာဝန်ခံ - ၁ ၊ ကြည့်မြင်တိုင်)၊ ကိုထက်စိုးဝင်း (တာဝန်ခံ ၁ ၊ ဒလ)၊ ကိုကျော်မျိုးနိုင် (လူငယ်တာဝန်ခံ ၂ ၊ တာမွေ)၊ ကိုပြည့်ပြည့် (အဖွဲ့ဝင် ၊ စမ်းချောင်း)၊ ကိုစောပြည့်ဖြိုးအောင် (အဖွဲ့ဝင် ၊ ဒလ)၊ ကိုဖြိုးကိုနိုင် (အဖွဲ့ဝင် ၊ ရွှေပြည်သာ)၊ မထက်ထက်ဦးဝေ (အဖွဲ့ဝင် ၊ ရွှေပြည်သာ)၊ မောင်ရဲရင့်မင်းထက်ဦး (မထက်ထက်ဦးဝေ၏ သား - ၁၂ နှစ်)၊ ဦးအောင်ဖေ (အဖွဲ့ဝင် ၊ တွံတေး)၊ ကိုမောင်စန်း (အဖွဲ့ဝင် ၊ လှိုင်သာယာ)၊ ကိုကျော်နိုင် (အဖွဲ့ဝင် ၊ လှိုင်သာယာ)၊ကိုမိုးကျော်ဇင် (အဖွဲ့ဝင် ၊ လှိုင်သာယာ)၊ ကိုသက်နိုင်ထွန်း (အဖွဲ့ဝင် ၊ လှိုင်သာယာ)၊ ကိုလှမျိုးနိုင် (အဖွဲ့ဝင် ၊ မင်္ဂလာဒုံ)နှင့် ထွန်းဝင်းသိန်း (အဖွဲ့ဝင် ၊ မင်္ဂလာဒုံ) ဖြစ်သည်။ ကျန်ရှိသည့် ၂ ဦး၏ အမည်စာရင်းကို မသိရသေးပါ။ ပါတီလူငယ် ၂၄ ဦးက ရုံးချုပ်ရှေ့တွင် ‘ဒေါ်အောင်ဆန်းစုကြည် ... ချက်ခြင်းလွှတ်၊ ချက်ခြင်းလွှတ်’၊ လေဘေးဒုက္ခသည်များအတွက် ‘နိုင်ငံတကာ အကူအညီ ... ချက်ခြင်းပေး၊ ချက်ခြင်းပေး’ ကြွေးကြော်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်တည်ရှိရာ တက္ကသိုလ် ရပ်သာလမ်းသို့ ချီတက်သွားရာ ကမ္ဘာအေးဘုရားအနီး နှင်းဆီကုန်း ဘိုးဘွားရိပ်သာနားတွင် အာဏာပိုင်များက ဒိုင်နာကားများနှင့် တင်ဆောင်ကာ ဖမ်းဆီးသွားခြင်း ဖြစ်သည်။ သူတို့အနက် အချို့မှာ ထွက်ပြေး လွတ်မြောက်သွားသည်။ နေအိမ် အကျယ်ချုပ် သက်တမ်း ၅ ပြည့်ပြီဖြစ်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယမန်နေ့က ၆ လ သက်တမ်း ပြန်တိုးလိုက်ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း အစိုးရ သတင်းရပ်ကွက် တခုကမူ တနှစ် သက်တမ်းတိုးသည်ဟု ပြောဆိုသည်။ သို့သော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဘိုကလေးမှာ ဆန်တအိတ် (၃) သောင်းခွဲ ၊ငါးဖမ်းလှေတစီး (၁) သိန်းခွဲပေါက်

NEJ / ၂၈ မေ ၂၀၀၈

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်တွင်းရှိ အထွေထွေကုန်ဈေးနှုန်း (၁၉) မျိုးနှင့် ပတ်သက်၍ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP က စာရင်းထုတ်ပြန်ထားရာ ဆန်တပြီ (၁,၅၀၀) ကျပ် ရှိသည်ဟု ဖော်ပြထားသည် ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
UNDP စာရင်းအရ ဘိုကလေးမြို့နယ် ဒေသခံဈေးကွက်တွင် ပဲဆီ တပိဿာ ကျပ် (၄,၅၀၀) ရှိပြီး ဆားဈေးမှာ တပိဿာ (၁,၄၀၀) ကျပ်ပေါက်သည်။ ဒီဇယ်ဈေးက တဂါလံ (၇,၀၀၀) ကျပ်ရှိပြီး ဓာတ်ဆီဈေးက တဂါလံ (၆,၅၀၀) ရှိသည်။ UNDP စာရင်းအရ ဘိလပ်မြေ တအိတ် (၁၁,၀၀၀) ကျပ်ဈေးမှာ ရှစ်ပေသုံးပေ သွပ်တချပ်နှင့် ဈေးချင်းတူနေသည်။ သဲတအိတ် (၁,၅၀၀)၊ လက်ကိုင်ထွန်စက်တလုံး (၁၃၀,၀၀၀)၊ မော်တော်ဘုတ်တစီး (၃၅၀,၀၀၀)၊ ငါးဖမ်းလှေငယ်တစီး (၁၄၀,၀၀၀) စသဖြင့် မုန်တိုင်းလွန် ပေါက်ဈေးများကို ဖော်ပြထားသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဘန်ကောက်မြန်မာသံရုံး မီးလောင်မှု

NEJ/ ၂၈ မေ ၂၀၀၈
ထိုင်းနိုင်ငံ ဘန်ကောက် မြန်မာသံရုံး မီးလောင်မှုတွင် ဘဏ္ဍာရေးနှင့် အုပ်ချုပ်ရေးဌာန (၂) ခုရှိ စာရွက်စာတမ်းများသာ ကွက်ပြီး လောင်သွားသည့်အတွက် သံရုံးတွင်း အဂတိလိုက်စားမှုများနှင့် ပတ်သက်နိုင်သည်ဟု နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဘန်ကောက်မြန်မာသံရုံး မီးလောင်မှုကို ၀ါယာလျှော့ဖြစ်၍ လောင်သည်ဟု သံရုံးအရာရှိတဦးက ပြောသော်လည်း ဘဏ္ဍာရေးနှင့် အုပ်ချုပ်ရေးဌာန (၂) ခုရှိ စာရွက်စာတမ်းများသာ ကွက်ပြီး မီးလောင်ခြင်းကြောင့် သံရုံးတွင်း အဂတိလိုက်စားမှုများကို ဖျောက်ဖျက်ပစ်ရန် ရှို့မီးဖြစ်နိုင်သည် ဟု ဘန်ကောက်သံရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်ကလည်း ခေတ်ပြိုင်ကို ပြောသည်။
ဘန်ကောက်မြန်မာသံရုံး မီးလောင်မှုနှင့် ပတ်သက်ပြီး မကြာခင် စသုံးလုံးနှင့် သီးခြား ထောက်လှမ်းရေးအဖွဲ့များ၊ စာရင်းစစ်ချုပ်ရုံးတို့မှ လာရောက် စစ်ဆေးတော့မည်ဖြစ်ဖြစ်သည်။ မုန်တိုင်းကယ်ဆယ်ရေးအဖွဲ့များကို ဗီဇာထုတ်ပေးမှု နှောင့်နှေးသည့်အတွက် ဘန်ကောက် မြန်မာသံရုံးကို နိုင်ငံတကာက အာရုံစိုက်နေချိန်တွင် ယခုကဲ့သို့ မီးလောင်မှုဖြစ်သည့်အတွက် အမှုကို ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကိုယ်တိုင် ကိုင်တွယ်ရန်များသည်ဟု စုံစမ်းသိရသည်။
နိုင်ငံခြား မြန်မာသံရုံး အတော်များများတွင် အဂတိလိုက်စားမှုများနှင့် ရှုပ်ထွေးနေသည့်အတွက် ၂၀၀၆ ခုနှစ် မလေးရှား မြန်မာသံရုံး မီးလောင်မှုနောက်ပိုင်း မြန်မာသံရုံးမီးလောင်မှုများ ခေတ်စား လာခြင်းဖြစ်သည်ဟုပါ အဆိုပါ သတင်းရပ်ကွက်က ပြောသည်။ မလေးရှားသံရုံး မီးလောင်မှု၌ ကွယ်လွန်သူ ၀န်ကြီးချုပ် ဒု-ဗိုလ်ချုပ်ကြီးစိုးဝင်းကိုယ်တိုင် စစ်ဆေးရန် အမိန့်ပေးခဲ့သည်။
ဂျပန်ရှိ မြန်မာသံရုံးဆိုလျှင် မြန်မာသံတမန်တဦး၏ လက်မှတ်တခါ ထိုးရန်အတွက်ပင် ဂျပန် ယန်းငွေ (၈) ထောင်ထိ သံရုံးက တောင်းသည့်အတွက် လက်မှတ်တကြိမ်ထက်မက ထိုးရမည့် ဥပမာ-မင်္ဂလာဆောင်ကဲ့သို့ ကိစ္စမျိုးအတွက် ပြည်ပရောက် မြန်မာများ ယန်းသောင်းနှင့် ချီပေး နေရသည်။
မလေးရှားနိုင်ငံ မြန်မာသံရုံးမှ သံအမတ်ကတော်ဆိုလျှင် သံရုံးတွင်း ငွေကြေးကိစ္စများ၌ ၀င်ရောက်စွက်ဖက်သူအဖြစ် နာမည်ထွက်နေသလို ဂျာမနီ မြန်မာသံအမတ် ဗိုလ်မှူးကြီး တင်ဝင်းမှာလည်း အဂတိလိုက်စားမှု များသည်ဟု မြန်မာသံရုံးလောကတွင် လူသိများသူ တဦးဖြစ်သည်။ ဂျာမနီ မြန်မာသံအမတ် ဗိုလ်မှူးကြီးတင်ဝင်း၏ သမီးဆိုလျှင် ဂျာမန်မြန်မာ အတိုက်အခံဘက်မှ ပုဂ္ဂိုလ်တချို့နှင့်ပင် အပြင်မှာ သွားသွားလာလာ ရှိနေသည်ဟု မျက်မြင် သက်သေများက ပြောသည်။
ယခုအချိန်သည် နိုင်ငံခြား မြန်မာသံအမတ်များကို အပြောင်းအရွှေ့လုပ်လေ့ရှိသည့် အချိန်ဖြစ် သော်လည်း နာဂစ်မုန်တိုင်းကြောင့် အပြောင်းအရွှေ့များကို စစ်အစိုးရဘက်က မကိုင်နိုင်ဖြစ် နေသည်။ စစ်အစိုးရ၏ ထိုဟာကွက်သည် အဂတိလိုက်စားသည့် မြန်မာသံအမတ်များအတွက် အခွင့်ကောင်း ဖြစ်နေပုံရသည်ဟု နေပြည်တော်အရာရှိတဦးကလည်း ပြောသည်။
၂၀၀၆ ခုနှစ် မလေးရှားမြန်မာသံရုံးမီးလောင်မှုဖြစ်ပြီး မကြာခင် မြန်မာသံတမန် (၄) ဦးကို နေပြည်တော်ပြန်ခေါ်ခဲ့သလို သံအမတ်ကြီး ဗိုလ်မှူးချုပ်မြင့်အောင်ကို ရာထူးမှ ဖြုတ်ပစ်ခဲ့သည်။

၂၀၀၆ ခုနှစ် မလေးရှား မြန်မာသံရုံး မီးလောင်မှုသတင်းဖြစ်စဉ် အကျဉ်းချုပ်

.............................................................................................
- မလေးရှားနိုင်ငံ မြန်မာသံရုံး မီးလောင်ပြီးနောက် သေဆုံးသူ သံရုံးစာရေး ကိုကျော်ကျော်၏ ရုံးစားပွဲအံဆွဲထဲတွင် ဘဏ်မသွင်းရသေးသည့် မလေးရှားရင်းဂစ်ငွေ ရှစ်သောင်းတွေ့

- ကိုကျော်ကျော်၏ နေအိမ်ကို ရှာဖွေရာတွင် (၃) နှစ်အတွင်း ကိုကျော်ကျော် မြန်မာနိုင်ငံ မိသားစုထံ ပြန်ပို့သည့် မြန်မာငွေ သိန်း (၈၀) ကျော်ဖိုးရှိသည့် ငွေလွှဲအထောက်အထားများ သိမ်းဆည်းမိ

- ကိုကျော်ကျော်နှင့် အထက်အရာရှိ သံတမန်တဦးကို မြန်မာကုမ္ပဏီများ၏ ချက်လက်မှတ်များ ထိန်ချန်မှုဖြင့် အရေးယူရန် ပြင်ဆင်နေစဉ်တွင် ကိုကျော်ကျော်က သံရုံးကို မီးတင်ရှို့ပြီး မီးပုံထဲ ခုန်ချခဲ့ခြင်းဖြစ်

- ထိုအချိန်က မလေးရှားမြန်မာသံရုံး သံအမတ်ကြီး ဗိုလ်မှူးချုပ်မြင့်အောင်သည် မလေးရှား
နိုင်ငံရှိ မြန်မာစီးပွားရေးကုမ္ပဏီများနှင့် အရောတ၀င် နေထိုင်သူဖြစ်

- မလေးရှားနိုင်ငံ မြန်မာသံရုံးတွင် ရုံးအကူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တပ်ကြပ်ကြီး သိန်းကျော် သံရုံး၌ လုပ်နေစဉ် မြန်မာနိုင်ငံမှ မလေးရှား လာချင်သူများထံက ငွေယူပြီး လူသွင်းသည့်လုပ်ငန်း လုပ်ကိုင်မှုကြောင့် အလုပ်ပြုတ်

- မလေးရှားမြန်မာသံရုံးအတွင်း ဖြစ်ပျက်နေသည့် ကိစ္စများနှင့်ပတ်သက်ပြီး သံရုံးဝန်ထမ်းများ နိုင်ငံခြားရေးဝန်ကြီးဌာန မတိုင်ရဲအောင် မလေးရှား မြန်မာသံရုံး သံအမတ်ကြီး ဗိုလ်မှူးချုပ် မြင့်အောင်က ခြိမ်းခြောက်ခဲ့

- မလေးရှားမြန်မာသံရုံး ဧည့်ခံပွဲ စားသောက်စရိတ်များကို မလေးရှားရောက် မြန်မာစီးပွားရေး သမားများက အကုန်အကျခံလေ့ရှိ

- မလေးရှားမြန်မာသံရုံး မီးလောင်မှု သံရုံးအတွင်း ငွေကြေး အရှုပ်တော်ပုံနှင့် ပတ်သက်ပြီး သံအမှုထမ်း(၄) ဦးကို နေပြည်တော်ပြန်ခေါ်

- မလေးရှားမြန်မာသံရုံး သံအမတ်ကြီး ဗိုလ်မှူးချုပ် မြင့်အောင်သည် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် နီးစပ်သူဖြစ်သော်လည်း နောက်ဆုံး ရာထူးမှ အဖြုတ်ခံရ

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

လယ်လုပ်ငန်းအတွက် ခိုင်းကျွဲဖိုး ငွေကောက်ခံ

NEJ/ ၂၈ မေ ၂၀၀၈



အာဏာပိုင်များက ဧရာဝတီတိုင်းအတွင်း လယ်ယာလုပ်ငန်းများ၌ အသုံးပြုရန် မွန်ပြည်နယ် အတွင်း ခိုင်းကျွဲများ ၀ယ်ယူစုဆောင်းနေပြီး ထိုသို့ ၀ယ်ယူရာတွင် ရွာသားများထံမှ ငွေကောက် ခံခြင်း၊ ဈေးနှိမ်ဝယ်ခြင်းတို့ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှ ကရုပပ္ပိရွာသားတဦးက “ဧရာဝတီတိုင်းမှာ လေဘေးသင့်လို့ လူတွေသေကြတယ်။ ကျွဲနွားတွေလည်း သေတယ်။ ဒီတော့ လယ်ပြန်လုပ်ဖို့ ကျွဲနွားတွေ ၀ယ်ပြီး ပို့ပေးရမယ်လို့ ကျေးရွာဥက္ကဋ္ဌက ပြောပြီး ငွေကောက်တယ်။ တအိမ် ကျပ် (၁,၀၀၀) ကောက်တယ်။ နိုင်ငံခြားမှာ အလုပ်သွားလုပ်သူ ရှိတဲ့အိမ်တွေကတော့ (၂,၀၀၀-၃,၀၀၀) လောက်ထည့်ရ တယ်” ဟု ပြောသည်။
မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကွမ်တာကျေးရွာမှ ရွာသားတဦးကမူ ဧရာဝတီတိုင်းမှ လယ်သမားများ အတွက်ဆိုပြီး အာဏာပိုင်များ ခိုင်းကျွဲလာရောက်ဝယ်ယူလျက်ရှိကြောင်း၊ သို့သော် ပေါက်ဈေး အတိုင်းမပေးဘဲ (၁) သိန်း၊ (၁) သိန်းခွဲလောက် ဈေးနှိမ်ဝယ်ယူနေကြောင်း ပြောသည်။
မွန်ပြည်နယ်အတွင်း ခိုင်းကျွဲတကောင် ကျပ် (၅) သိန်းမှ (၇) သိန်း ခန့် ဈေးရှိပြီး အာဏာပိုင်များက အဆိုပါ ငွေအတွက် ကျေးရွာများတွင် ငွေကောက်ခံခြင်းနှင့် ဈေးနှိမ်ဝယ်ယူခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
စစ်အစိုးရက လောလောဆယ် ဆန်ဈေးမြင့်တက်ခြင်း၊ မကြာခင် ဆန်ရှားပါးနိုင်ခြင်း၊ စသည့် အခြေအနေများကို ကောင်းကောင်း ရိပ်မိပုံရသည့်အတွက် ယခုမိုးရာသီ ဧရာဝတီတိုင်းအတွင်း ရသမျှ နေရာများများ၌ စပါးပြန်စိုက်နိုင်ရန် ဒုက္ခသည်များကို ပျက်စီးသွားသည့် နေရပ်ရွာများဆီ အတင်းပြန်ပို့ကာ လယ်လုပ်ကိရိယာများကို စုဆောင်းခိုင်းနေကြောင်း ရန်ကုန်မြို့ ဘုရင့်နောင် ကုန်စည်ဒိုင်မှ ဆန်ပွဲရုံပိုင်ရှင်တဦးက ပြောသည်။
“ဒါပေမယ့် လိုအပ်တဲ့ငွေတွေကို နိုင်ငံတော် ဘတ်ဂျက် သို့မဟုတ် နိုင်ငံတကာ အကူအညီ၊ ဘဏ် ချေးငွေတို့ကို အသုံးမပြုဘဲ ပြည်သူတွေထံက ကောက်ခံတာမျိုး၊ ဈေးနှိမ်ဝယ်ယူတာမျိုးကတော့ မလုပ်ကောင်းပါဘူး” ဟု ၎င်းက ပြောသည်။
နအဖစစ်အစိုးရက တဖက်သတ် ရေးဆွဲထားသည့် ဖွဲ့စည်းပုံကို အတင်းအကျပ် အတည်ပြုလိုက် နိုင်သော်လည်း ဧရာဝတီတိုင်းအတွင်းမှ ဆန်စပါးစိုက်ပျိုးမှု ပြဿနာကို မဖြေရှင်းပေးနိုင်ပါက စပါးအထွက်နည်းပြီး ဆန်မလုံမလောက်ဖြစ်ကာ နိုင်ငံမတည်မငြိမ် ဖြစ်လာနိုင်ကြောင်း စီးပွားရေး ပညာရှင်တဦးက သုံးသပ်သည်။
မြန်မာတနိုင်ငံလုံး၏ ဆန်စပါးထွက်ရှိမှုသည် တင်း သန်းပေါင်း (၁,၅၀၀) ၀န်းကျင်ဖြစ်ပြီး ဧရာဝတီတိုင်းမှ စပါးတင်း သန်းပေါင်း (၄၀၀) ကျော် ထွက်ရှိမှုသည် တနိုင်ငံလုံး၏ လေးပုံ တပုံကျော် ပမာဏဖြစ်သည့်အတွက် အဆိုပါအရေးကို အရေးတကြီး ဖြေရှင်းသင့်ကြောင်း အက်ဖ်အေအို တာဝန်ရှိသူများကလည်း ရန်ကုန်မြို့ စစ်အာဏာပိုင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်