NEJ/ ၂၆ မေ ၂၀၀၈
မုန်တိုင်းကြောင့် ရန်ကုန်တိုင်း မြို့နယ်များအပါအ၀င် မြို့နယ် (၄၀) ရှိ လူပေါင်း (၂.၄) သန်း ဒုက္ခရောက်ခဲ့သော်လည်း မေ (၂၃) အထိ ကယ်ဆယ်ရေးအကူအညီ တစုံတရာ ရသူပေါင်း (၄၂) ရာနှုန်းသာရှိသေးသည်ဟု UNOCHA အစီရင်ခံစာတွင် ဖော်ပြသည်။
မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွားခံရသည့် (၁၅) မြို့နယ်ရှိ ဒုက္ခသည် (၂) သန်းအနက် ကယ်ဆယ်ရေး အကူအညီ တစုံတရာ ရသူပေါင်း (၂၃) ရာနှုန်းသာရှိသည်ဟု အဆိုပါ အစီရင်ခံစာတွင် ဆက်လက် ဖော်ပြသည်။
ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းပေါင်းစုံက အကူအညီများ ပေးနေသော်လည်း မည်သည့်အတွက် ဒုက္ခသည်များ အကူအညီ အပြည့်အ၀ မရသည်ကိုမူ အစီရင်ခံစာတွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်း မရှိချေ။ မြန်မာစစ်အစိုးရဘက်က ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံးပြီဟု ပြောဆိုနေချိန်တွင် UNOCHA က ယခုကဲ့သို့ အစီရင်ခံစာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ (မုန်တိုင်းဒုက္ခသည်များ အကူအညီရမှု အခြေအနေပြ Diagram ကို ခေတ်ပြိုင် မူလစာမျက်နှာ နာဂစ်မုန်တိုင်းအပြီး အချက်အလက်မှတ်တမ်းတွင် ကြည့်နိုင်သည်)
မေ (၂၂) တွင် ထုတ်ပြန်သည့် UNOCHA အစီရင်ခံစာအရ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း (၁၄) မြို့နယ်ရှိ ယာယီကယ်ဆယ်ရေးစခန်းများတွင် ဒုက္ခသည် (၁) သိန်းကျော် ရှိနေပြီး ၎င်းတို့အနက် ဘုန်းကြီးကျောင်းများတွင် နေရာချထားရသူ (၇၀) ရာနှုန်း၊ အစိုးရ အဆောက်အဦများ၌ (၂၈) ရာနှုန်းနှင့် ယာယီရွက်ဖျင်တဲစခန်းများတွင် (၂) ရာနှုန်းရှိသည်။
ဘိုကလေးမြို့တွင် ရွှေ့ပြောင်းဒုက္ခသည် (၂) သောင်းကျော်ရှိပြီး ဘိုကလေးတ၀ိုက်တွင် ရွှေ့ပြောင်းဒုက္ခသည် (၆) သောင်းကျော်ရှိသည်ဟု ကျန်းမာရေးစုပေါင်းအဖွဲ့များက ပြောသည်။ လပွတ္တာမြို့တွင် အသက် (၅) နှစ်အောက် ကလေးစုစုပေါင်း၏ (၃၀) ရာနှုန်းမှာ ၀မ်းပျက်ရောဂါ၊ ၀မ်းကိုက်ရောဂါ ခံစားနေရသည်ဟု ယူနီဆက်အဖွဲ့က အစီရင်ခံထားသည်။
နာဂစ်မုန်တိုင်းကြောင့် လူပေါင်း (၈) သောင်းနီးပါးသေပြီး (၅) သောင်းခွဲကျော်ပျောက်ဆုံးသည် ဆိုသည့် စစ်အစိုးရထုတ်ပြန်သည့် ကိန်းဂဏန်းမှာ ယခုထိ အတိုးအလျော့ မရှိသေးပေ။ ။
Tuesday, May 27, 2008
မုန်တိုင်းဒုက္ခသည် (၂) သန်းခွဲတွင် လူ (၁) သန်းသာ
Posted by
54freedom
at
6:38 PM
0
comments
Labels: ပြည်တွင်း သတင်းများ
မုန်တိုင်းကြောင့် စပါးအပျက်နှုန်း စစ်အစိုးရမှန်းသည်ထက်ပိုများ
NEJ/ ၂၆ မေ ၂၀၀၈
မုန်တိုင်းကြောင့် နွေစပါးအပျက်နှုန်းမှာ ပြည်နယ်နှင့်တိုင်း (၅) ခုတွင် စုစုပေါင်း ထုတ်လုပ်မှု၏ (၆၆) ရာနှုန်းရှိပြီး မိုးစပါး အပျက်နှုန်းမှာ စုစုပေါင်း ထုတ်လုပ်မှု၏ (၆၂) ရာနှုန်း ရှိနိုင်သည်ဟု မြန်မာစီးပွားရေးပညာရှင်များက တွက်ချက်ခန့်မှန်းသည်။
ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊
မြန်မာစစ်အစိုးရဘက်မှ စပါးပျက်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ထိထိရောက်ရောက် အကူအညီ မပေးနိုင်ချိန်တွင် ဆန်ဈေးက တနေ့တခြား ခုန်တက်နေသည်။ လောလောဆယ် ရန်ကုန်ဆန်ဈေးမှာ မုန်တိုင်းမတိုင်မီကထက် ဆန်တအိတ်ကို ကျပ် (၄) ထောင်ကျော် တက်သွား သည်ဟု ရန်ကုန်စားသုံးသူများက ပြောသည်။ ဧရာဝတီတိုင်းမှ ဆန်များ ရန်ကုန်အ၀င်နည်းသည့် အချက်မှာလည်း ဆန်ဈေးမြင့်နေခြင်း၏ အကြောင်းတရားတခုဖြစ်သည်ဟု ဆန်ကုန်သည်တဦးက ပြောသည်။သို့သော် ပြည်တွင်းဆန်ဈေးကွက် မြင့်တက်နေခြင်းသည် စစ်အစိုးရဘက်က ပုဂ္ဂလိက ကုန်သည် များကို ပြည်ပ ဆန်တင်ပို့ခွင့် ပေးနေခြင်းကြောင့် ဖြစ်သည်ဟု ဘုရင့်နောင် ဆန်ကုန်သည် သတင်းရပ်ကွက်က ပြောသည်။
ပြည်ပပို့ကုန် ပါမစ်ရှိသည့် ကုမ္ပဏီများကို ဆန်အထွက်ကောင်းသည့် ဧရာဝတီတိုင်းမှ တန်ချိန် (၅) သိန်း၊ ပဲခူးတိုင်းမှ တန်ချိန် (၁) သိန်းနှင့် စစ်ကိုင်းတိုင်းမှ တန်ချိန် (၁) သောင်း ၀ယ်ခွင့် ပေးထားသည်ဟု စုံစမ်းသိရသည်။ အဆိုပါ ကုမ္ပဏီများကို ပြည်ပဆန်ပို့ခွင့်ပေးနေသမျှ ပြည်တွင်းဆန်ဈေးကွက် မြင့်နေမည်ဖြစ်သည်ဟု ဆန်ကုန်သည်များက ပြောသည်။ ။
Posted by
54freedom
at
6:32 PM
0
comments
Labels: ပြည်တွင်း သတင်းများ
ရန်ကုန် အခြေစိုက် နိုင်ငံတကာ ၀န်ထမ်းတွေ မုန်တိုင်းဒေသ သွားခွင့်ရ
“မိမိတို့ရဲ့ နိုင်ငံတကာဝန်ထမ်း ၆ ယောက်ဟာ မုန်တိုင်းဒဏ် အပြင်းအထန်သင့်ခဲ့တဲ့ ဒေသတွေမှာ လက်ရှိလုပ်နေတဲ့ တိုင်းတာစစ်ဆေးမှုလုပ်ငန်းတွေကို ပူးပေါင်းလုပ်ဆောင်ဖို့အတွက် ပြီးခဲ့တဲ့သီတင်းပတ်ကုန်အတွင်း သဘောတူညီမှု ရခဲ့ပါတယ်။ ဒါဟာ တကယ့်ကို တိုးတက်မှုအသစ်တခုပါ။ ပြီးခဲ့တဲ့ သီတင်းတပတ်ခွဲအချိန်တုန်းက သူတို့ ထွက်ခွင့်မရခဲ့ပါဘူး။ အခုတော့ နိုင်ငံတကာက ၀န်ထမ်းတွေနဲ့ အဓိကဖွဲ့စည်းထားတဲ့ တိုင်းတာစစ်ဆေးရေးအဖွဲ့မှာ သူတို့ ပူးပေါင်းနိုင်ကြတော့မှာပါ။” လို့ မစ္စ ရှန်သာ ဘလိုးမန်းက ပြောသွားပါတယ်။
ကောင်းမွန်တဲ့ တိုင်းတာစစ်ဆေးမှု အချက်အလက်တွေ ရရှိဖို့ရာဟာ လက်ရှိအချိန်မှာ စိန်ခေါ်မှုတခုအဖြစ် ရှိနေပါသေးတယ်လို့ မစ္စ ရှန်သာ ဘလိုးမန်းက ဆိုပါတယ်။
“ပိုပြီးကောင်းမွန်တဲ့ တိုင်းတာစစ်ဆေးမှု အချက်အလက်တွေရဖို့၊ နည်းပညာပိုင်းဆိုင်ရာ အချက်အလက်တွေ ရဖို့ရာဟာ လက်ရှိ စိန်ခေါ်မှုတွေထဲက တခုပါ။ ချက်ချင်း လိုအပ်ချက်တွေက ဘာတွေ၊ ကျောင်းဘယ်နှစ်ကျောင်း၊ ကျန်းမာရေးဌာနဘယ်နှစ်ခုလိုတယ် ဆိုတာတို့လို ရေရှည်လိုအပ်ချက်တွေက ဘာတွေ၊ တကယ့်လက်တွေ့မှာ ဘာတွေဖြစ်နေတယ်ဆိုတဲ့ အတိုင်းအတာ ပမာဏနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေရဖို့ လိုပါတယ်။” လို့ ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ မြန်မာနိုင်ငံတွင်းဝင်ရောက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးဖို့ ၀င်ခွင့်စောင့်ဆိုင်းနေတဲ့ အမေရိကန် အကူအညီပေးရေးအဖွဲ့တခုဖြစ်တဲ့ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီ (USAID) ရဲ့ သဘာဝဘေးအန္တရာယ် တုံ့ပြန်ထောက်ပံ့ကူညီရေး (DART) အဖွဲ့ဟာ ပြည်ဝင်ခွင့်လျှောက်လွှာတွေ ပြင်ဆင်နေပြီဖြစ်ပြီး ရလိမ့်မယ်လို့လည်း မျှော်လင့်နေကြပါတယ်။
DART အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး မစ္စ ရီဘက်ကာ (Ms. Rebecca) က …
“ပြည်ဝင်ခွင့်ဗီဇာလျှောက်လွှာတွေကို အခုပြင်ဆင်နေပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပို့ပါတော့မယ်။ ဘယ်တော့ဖြစ်မယ်ဆိုတာတော့ တိတိကျကျ မသိပါဘူး။ ဒါပေမယ့် ဖြစ်နိုင်သမျှ မြန်မြန် မိမိတို့ကို ပြည်ဝင်ခွင့်ဗီဇာပေးလိမ့်မယ်လို့ တကယ့်ကို မျှော်လင့်ပါတယ်။” ဆိုပြီး ပြောခဲ့ပါတယ်။
ဒီကနေ့မှာပဲ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က မြန်မာသံရုံးမှာ မီးလောင်မှုတခုဖြစ်ပွားခဲ့ပြီး အဆောက်အဦး တစိတ်တပိုင်း ပျက်စီးသွားတာကြောင့် ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးတဲ့ဌာနကို လောလောဆယ်ပိတ်ထားတယ်ဆိုတဲ့ သတင်းတွေက ထွက်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး တိတိကျကျသိရအောင် ဘန်ကောက် မြန်မာသံရုံးကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် တယ်လီဖုန်းဖြေဆိုမယ့်သူ မရှိတဲ့အတွက် သံရုံးရဲ့အတည်ပြုချက်ကိုတော့ မရခဲ့ပါဘူး။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီ-မွန်းနဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ တွေ့ဆုံဆွေးနွေးခဲ့ချိန်က ကူညီကယ်ဆယ်ရေးလုပ်သားတွေကို ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် ၀င်ခွင့်ပြုဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သဘောတူခဲ့ကြောင်း မစ္စတာ ဘန်ကီ-မွန်းက ပြောပါတယ်။
ဒါပေမယ့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ နိုပါဒွန် ပတ်ထမား (Nopidon Pattama) ကတော့ မြန်မာအစိုးရအနေနဲ့ ဗီဇာတွေကို ခြွင်းချက်မဲ့ ထုတ်ပေးမှာမဟုတ်ဘဲ ကိစ္စရပ် တခုချင်းအပေါ်မှာ အခြေခံစဉ်းစားပြီး ထုတ်ပေးမှာဖြစ်တယ်လို့ ဆိုတာကြောင့် မြန်မာ အာဏာပိုင်တွေဟာ ကုလသမဂ္ဂကိုတမျိုး၊ အိမ်နီးချင်း ထိုင်းနိုင်ငံအပါအ၀င် အာဆီယံ နိုင်ငံတွေကိုတမျိုး ပြောနေသလားလို့ ဝေဖန်သုံးသပ်တာတွေကလည်း ထွက်ပေါ်နေပါတယ်။
Posted by
54freedom
at
6:25 PM
0
comments
Labels: ပြည်တွင်း သတင်းများ
လေဘေး ဒုက္ခသည်များအတွက် ကမ္ဘာ့နိုင်ငံများ ကူညီမည်
အောင်သက်ဝိုင်း မေ ၂၆ ၊ ၂၀၀၈
မုန်တိုင်းဒဏ်သင့် ဒုက္ခသည် နှစ်သန်းကျော်ကို အရေးပေါ်အကူအညီများ ပေးအပ်နိုင်ရန်အတွက် အာဆီယံ ဦးဆောင်၍ ကုလသမဂ္ဂနှင့် မြန်မာအစိုးရတို့ သုံးဦးသုံးဖလှယ် ပါဝင်သော လူသားချင်း စာနာ ထောက်ထားမူ ကူညီရေးအထူးအဖွဲ့ ဖွဲ့စည်းအတည်ပြုပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာဆီယံဥက္ကဌ စင်ကာပူ နိုင်ငံခြား ရေးဝန်ကြီး မစ္စတာဂျော့ရိုး (Mr.GEORGE YEO )က ကြေညာလိုက်သည်။
နာဂစ်မုန်တိုင်းမြန်မာနိုင်ငံသို့ ၀င်ရောက်တိုက်ခတ်ပြီး သီတင်းသုံးပတ်ကျော်အကြာ မေလ၂၅ ရက်နေ့က ရန်ကုန်မြို့ စီဒိုးနား ဟိုတယ်တွင် ကျင်းပသော ကုလသမဂ္ဂ၊ အာဆီယံ၊ နိုင်ငံတကာ အစိုးရများနှင့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်း(INGO)များ ပါဝင်သည့် လေဘေးဒုက္ခသည်များအကူ အညီပေးရေးနှင့် ကတိ က၀တ်ပြုညီလာခံအပြီး ကျင်းပ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ဦးဆောင်ပြီး ကုလသမဂ္ဂနှင့် အာဆီယံနိုင်ငံများမှ သဘာဝဘေးအန္တရာယ် ပြန်လည် ထူထောင်ရေးဆိုင်ရာ ကျွမ်းကျင်သူများ၊ ကယ်ဆယ်ရေးလုပ်သားများ၊ ကျန်းမာရေးနှင့် ဆေး ပညာရှင် များ ၊ မြန်မာအစိုးရ အရာရှိများ ပူးပေါင်းပါဝင်မည့် ယင်းအထူးအဖွဲ့ကို ရန်ကုန်တွင် အခြေစိုက်ထားရှိမည်ဖြစ်ပြီး ကူညီရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို အတားအဆီးမရှိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံ တကာ အကူအညီများ မုန်တိုင်းဒဏ် သင့်ဒေသများရှိ ဒုက္ခသည်များထံ အမြန်ဆုံးရောက်ရှိနိုင်ရန် လုပ်ငန်းစဉ်များ ကိုချက်ချင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မစ္စတာ ဂျော့ရိုးက ပြောသည်။
တနင်္ဂနွေနေ့က ကျင်းပသော ယင်းညီလာခံတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အာဆီ ယံ အထွေထွေအတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်၊ အာဆီယံဥက္ကဌ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျော့ရိုး နှင့် နိုင်ငံပေါင်း ၅၁ နိုင်ငံမှ ထိပ်တန်း အစိုးရ အရာရှိကြီးများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂနှင့် လက်အောက်ခံ အဖွဲ့များမှ ဌာနေကိုယ်စားလှယ်များက အာဆီယံဦးဆောင်သည့် အကူအညီ ပေးရေးအထူး အဖွဲ့ ဖွဲ့စည်းရေးကို တခဲနက် ထောက်ခံကြကြောင်း သိရှိရသည်။
“အာဆီယံဦးဆောင်တဲ့ မုန်တိုင်းဒဏ်သင့်ပြည်သူများ အကူအညီပေးရေးအထူးအဖွဲ့ပေါ်ပေါက်ရေး မြန်မာအစိုးရရဲ့သဘော တူညီချက်ကို ကြိုဆိုပါတယ်။ ပြီးတော့ ဒီအဖွဲ့ကို အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်က ဦးဆောင် မယ်ဆိုတာကိုလည်း ကြိုဆိုပါတယ်”ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ညီလာ ခံ မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသည်။
အာဆီယံအထူးကူညီရေးအဖွဲ့သည် နိုင်ငံတကာနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ယုံကြည်မှုနှင့် နား လည်မှု ပျောက်ဆုံးနေသော မြန်မာအစိုးရကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း၊ မုန်တိုင်းဒုက္ခသည်များ အသက် ရှင်ရေးအတွက် အချိန် အနည်းငယ်သာကျန်ရှိတော့ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး က ပြောသည်။
“ဒုက္ခသည်တွေအတွက် အတားအဆီးမှန်သမျှကျော်လွှားပြီး အကူအညီတွေ ရောက်အောင်လုပ်သွားမယ်”ဟု အာဆီယံ အတွင်းရေးမှူးချုပ် က ဆိုသည်။
မြန်မာ ပြည်တွင်း အစိုးရမဟုတ်သော ပုဂ္ဂလိက အန်ဂျီအို အဖွဲ့များကလည်း အာဆီယံ ဦးဆောင်သော အထူး အဖွဲ့တရား ၀င်ဖွဲ့စည်းလိုက်ခြင်းအပေါ် ကြိုဆိုပါကြောင်း၊ ဒုက္ခသည်များအတွက် အစိုးရ၏ဆောင်ရွက် ချက်များ အလွန်ညံ့ဖျင်းနေချိန် တွင် အာဆီယံနှင့် နိုင်ငံတာကာ ၏ တိုက်ရိုက် အကူအညီပေးမှုများ အရေးပေါ် ရရှိရန် လိုအပ်ကြောင်း ပြောဆိုကြသည်။
“မုန်တိုင်းတိုက်ပြီး နှစ်ပတ်အတွင်းမှာတောင် နိုင်ငံတကာအကူအညီ လက်ခံဖို့ ချီတုံချတုံ ဖြစ်နေတဲ့အစိုးရ က ပြည်သူတွေကို ဘယ်လို ပြန်လည်ထူထောင်ပေးမလဲ။ အခု အာဆီယံက ၀င်မယ်။ ဒါ မုန်တိုင်းဒဏ်ခံရတဲ့ ကျနော် တို့ မြန်မာပြည်သူတွေ အတွက်တော့ မင်္ဂလာသတင်းပဲ” ဟု ပြည်တွင်းအန်ဂျီအိုတခုမှ ဦးဆောင်လူငယ် တဦးက ဆိုသည်။
ပြည်တွင်း သတင်းအယ်ဒီတာတဦးကလည်း မြန်မာနိုင်ငံလက်ရှိရင်ဆိုင်နေရသောအခြေ အနေမှာ ပြည်တွင်း အလှူရှင်များ နှင့် ပြည်တွင်းအန်ဂျီအိုများ၏ အားသွန်ခွန်စိုက်ဆောင်ရွက်နေသည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ နှင့် မလုံ လောက်ကြောင်း၊ ယခုအာဆီယံဦးဆောင်သော နိုင်ငံတကာအကူအညီပေးရေး အဖွဲ့ များ ၀င်ရောက်မည် ဆိုသောသတင်း ကို အလွန်အားရမိကြောင်း ပြောသည်။
မုန်တိုင်းဒဏ်ခံခဲ့ရသော တွံတေးမြို့နယ်မှ ကုန်စုံဆိုင်ဖွင့်လှစ်ထားသည့် တက္ကသိုလ်ဘွဲ့ရ ဒေသခံတဦးကလည်း “လူတွေမှာ လယ်ယာ ကျွဲ နွားတွေ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေအားလုံး ဆုံးရှုံးကုန်တာ ။ ဒါတွေကို ပြန်လည်ထူထောင်ဖို့ ဆိုရင် နိုင်ငံတကာ က ၀င်ကို ၀င်မှရမှာ။ နိုင်ငံတကာအကူ အညီ မရရင် သေချာတယ် ဒီဒုက္ခသည်တွေ ရဲ့ ဘ၀ လုံးဝ နာလန်မထူဘူး”ဟု ပြောသည်။
ယခု ညီလာခံတက်ရောက်လာသော နိုင်ငံတကာအစိုးရများ၊ ကုလသမဂ္ဂအဖွဲ့များနှင့်အစိုးရမဟုတ်သော အဖွဲ့ များ က မြန်မာအစိုးရအား မုန်တိုင်းသင့် ပြည်သူများကိုကူညီရာတွင် အကန့်အသတ် အချုပ်အနှောင်မရှိ ဆောင် ရွက်ခွင့်ပြုရန်ပန်ကြားကြပြီး အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နိုင်ငံတကာကယ်ဆယ်ရေးလုပ်သား များ ပြည်ဝင်ခွင့်ပြုမည်ကို သတိနှင့် ကြိုဆိုကြကြောင်း သိရှိရသည်။
မုန်တိုင်းသင့်ပြည်သူများ ကူညီရေး ကတိက၀တ်ပြု ညီလာခံတွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က မုန်တိုင်းသင့် ပြည်သူများကို ပထမအဆင့် ကယ်ဆယ်ရေးလုပ်ငန်းစဉ် အားလုံးပြီးစီးသွားပြီဖြစ်ကြောင်း တရားဝင် ပြောဆို သော်လည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နှင့် နိုင်ငံတကာအစိုးရများက ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ရန်လိုအပ်နေကြောင်းနှင့် လက်ရှိအကူအညီများမှာ လုံလောက်မှူမရှိသော အနေအထား တွင်ရှိကြောင်း အလေးထား ပြောကြားကြသည်။
“ကယ်ဆယ်ရေးလုပ်ငန်းတွေက လပေါင်းများစွာ လုပ်ဆောင်ရမှာပါ။ အနည်းဆုံးခြောက်လလောက်တော့ ကုန်းကောက်စရာ မရှိအောင် အရာရာအားလုံးဆုံးရှုံးသွားကြတဲ့ဒုက္ခသည်တွေကို ကျွေးမွေးစောင့်ရှောက်ရမယ်။ တခြား တဘက်မှာလည်း ပြန်လည်ထူထောင်ရေး၊ ပြန်လည် တည်ဆောက်ရေး၊ ပြန်လည်နာလန်ထူထောင်နိုင် အောင် တပြိုင်နက်လုပ်ဆောင် သွားမှာပါ”ဟု မစ္စတာဘန်ကီမွန်းက ပြောသည်။
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး ဦးစိုးသာက နာဂစ်မုန်တိုင်းကြောင့် အမေရိကန်ဒေါ်လာ ၁၀.၆၇ ဘီလီယံ ပျက်စီးဆုံးရှုံးမှု ရှိခဲ့ပြီး ပြည်သူပိုင် အဆောက်အအုံ၊ စိုက်ပျိုးရေး၊ စက်မှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဆက်သွယ်ရေး နှင့် စွမ်းအင်အပိုင်း၊ ဘာသာရေး၊ သစ်တောနှင့် သစ်ပင်များစုစုပေါင်း တန်ဖိုးအားဖြင့် အမေရိ ကန် ဒေါ်လာ ၃.၀၅ ဘီလီယံရှိ ကြောင်း၊ ပုဂ္ဂလိကပိုင်အနေဖြင့်မူ အမေရိကန်ဒေါ်လာ ၇.၆၂ ဘီလီယံ ဆုံးရှုံး ကြောင်း ပြောသည်။
“ပြည်သူပိုင်အဆောက်အအုံ ဆုံးရှုံးမှုက အမေရိကန်ဒေါ်လာ ၂.၁၃ ဘီလီယံ၊ အစိုးရပိုင် စိုက်ပျိုးရေးလုပ်ငန်းမှာ ဆုံးရှုံးမှုက အမေရိကန်ဒေါ်လာ ၀.၀၀၇ ဘီလီယံ၊ အစိုးရပိုင်စက်မှုလုပ်ငန်းမှာ ဆုံးရှုံးမှုက ဒေါ်လာ ၀.၁၂ဘီလီယံ၊ လျှပ်စစ်နဲ့ဆက်သွယ် ရေးလုပ်ငန်းမှာ ၀.၈၂၈၀ ဘီလီယံ၊ အစိုးရပိုင်ဘာသာရေးအဆောက်အအုံတွေမှာ ဒေါ်လာ ၀.၀၀၂၀ ဘီလီယံ၊ ပုဂ္ဂလိကပိုင် အဆောက်အအုံ ဆုံးရှုံးမှုက ၅.၁၀ ဘီလီယံ၊ ပုဂ္ဂလိကပိုင်စိုက်ပျိုရေးနဲ့မွေးမြူရေး မှာ ၀.၉၁၈ ဘီလီယံ၊ ပုဂ္ဂလိကပိုင်စက်မှု၊ ယဉ်နဲ့ ရေယဉ်ဆုံးရှုံးမှုက ၁.၄၇ ဘီလီယံနဲ့ ပုဂ္ဂလိကပိုင် ဘာသာရေး အဆောက်အအုံဆုံးရှုံးမှုက ၀.၁၂၅ ဘီလီယံ၊ သစ်တော ဆုံးရှုံးမှုက ၀.၀၁၄ ဘီလီယံရှိပါတယ်”ဟု ဦးစိုးသာက ပြောသည်။
မုန်တိုင်းဒဏ်သင့် ဒေသများပြန်လည်ထူထောင်ရေးဆောင်ရွက်ရာတွင်အနည်းဆုံး ၂ နှစ် အချိန်ယူရဖွယ်ရှိပြီး မုန်တိုင်းသင့် ဒေသများတွင် ၂.၄၃ သန်းစိုက်ပျိုးမြေဧကရှိပြီး ၅၄၃၀၄၂ ဧကမှာ ဆားငန်ရေများဝင်ရောက် ခံခဲ့ရကြောင်း၊ မုန်တိုင်းဒဏ် သင့်ဒေသတွင် ၀.၈၃ မက်ထရစ်တန် ဆန်ရိက္ခာာများလိုအပ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး အတွက်ဓာတ်မြေသြဇာများ ၊ မျိုးစပါးများနှင့် အခြားစိုက်ပျိုးရေးသုံးဆေးဝါးများနှင့် စက်ပစ္စည်း များလိုအပ် ကြောင်း၊ စိုက်ပျိုးရေးအပိုင်းအတွက် လိုအပ် သည့် ငွေကြေးပမာဏမှာ ဒေါ်လာ ၂၂၀.၇၈ သန်းဖြစ် ကြောင်း၊ စိုက်ပျိုးမြေများအတွက် ဓာတ်မြေသြဇာလိုအပ်မှုမှာ တန်ချိန် ၀.၄၄ သန်းဖြစ်ကြောင်း ဦးစိုးသာက ရှင်းပြသည်။
မုန်တိုင်းကြောင့် ပျက်စီးသွားသော ဧရာဝတီတိုင်းမှရေလှောင်တမံများပြုပြင်ရန်လည်း အမေရိကန်ဒေါ်လာ သန်း ၁၀၀.၄၇ လိုအပ်နေကြောင်း၊ ဆားချက်လုပ်ငန်းများအတွက် ဒေါ်လာ ၂၁.၃၀ သန်း၊ ကျန်းမာရေးစောင့်ရှောက် မှု အဆောက်အအုံများ ပြင်ဆင်ခြင်းနှင့်ပြန်လည်တည်ဆောက်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၄၂.၅၂ သန်း၊ ပညာရေးအဆောက်အဦး များပြန်လည်ပြုပြင်တည်ဆောက်ရန်အတွက် ဒေါ်လာ ၁၃၅.၁၃ သန်းနှင့် စက်သုံး ဆီ များ၊ အကြီးစားပြုပြင်သည့် စက်ယန္တရားကြီးများ၊ ရေစုပ်စက်များနှင့် ငါးဖမ်းသဘောင်္အများအပြားနှင့် အခြား အကူအညီအများအပြား လိုအပ်နေ ကြောင်း ၄င်းကဆိုသည်။
၎င်းကဆက်လက်ပြောကြားရာတွင် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ အလှူရှင်များအနေဖြင့် မုန်တိုင်းသင့် ကျေးရွာများ၊ မြို့နယ် များကို ရွေးချယ်ပြီးပြန်လည်ထူထောင်ရေးနှင့် ကူညီဆောင်ရွက်မှုများပြုလုပ်လိုပါကလည်း မြန်မာ အစိုးရက လက်ခံသွား မည်ဖြစ်ကြောင်း၊ သို့ရာတွင်အလှူရှင်များအနေဖြင့် မြန်မာအစိုးရကို ကြိုတင်အသိပေး အကြောင်းကြားမှုများ ပြုလုပ်ရ မည်ဖြစ်ကာ လှူဒါန်းမှုပြုလုပ်လိုသော ဒေသများနှင့်ပတ်သက်သော လိုအပ် သည့် သတင်းအချက်အလက်များကို မြန်မာ အစိုးရ ကပေးမည်ဖြစ်ကြောင်း ပြောသည်။
ဝန်ကြီးဦးစိုးသာ က ပြန်လည်ထူထောင်ဦးစားပေးလုပ်ငန်းစဉ်များချပြပြီး နိုင်ငံတကာကို လိုအပ်သည့်အကူအညီများ တင်ပြခဲ့သော်လည်း နိုင်ငံတကာ အသိုင်းအ၀န်းကမူ ဒုက္ခသည်များအတွက် စားဝတ်နေရေးနှင့် မပြီးပြတ်သေးသော ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရန်ပြောဆိုကြပြီး ငွေကြေးလှူဒါန်းမှုများကို မြန်မာအစိုးရသို့ တိုက်ရိုက်ပေး ခြင်းမရှိဘဲ မြန်မာနိုင်ငံတွင် အခြေစိုက်လုပ်ကိုင်နေသော ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့ အစည်းများထံသို့ လွှဲပြောင်း လှူဒါန်းမှုများသာ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
ညီလာခံတွင်ဥရောပသမဂ္ဂ အီးယူက အာဆီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအ၀န်းကို မုန်တိုင်းသင့်ဒုက္ခ သည်များအတွက်ပူးတွဲအလုပ်လုပ် ကြရန်တိုက်တွန်းပြီး ဥရောပသမဂ္ဂက ယူရိုငွေ သန်း ၆၃ သန်းတန်အရေး ပေါ် အကူအညီများပေးအပ်ပြီးဖြစ်ကြောင်း ဥရောပကော်မရှင်အနေဖြင့် မုန်တိုင်းသင့် ဒုက္ခသည်များအတွက် ယူရိုငွေ ၁၇,၀၀၀,၀၀၀ ကူညီမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်သည်။
တခြား ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် သြစတီးယားနိုင်ငံက ယူရိုငွေ ၂၅၀၀၀၀ ၊ ဘယ်လ်ဂျီယံ က ယူရို ၁၀၀၀၀၀၀၊ ချက်သမ္မတနိုင်ငံက ယူရို၈၂၅၀၀၀၊ ဆိုက်ပရပ်စ်နိုင်ငံက ယူရို ၃၀၀၀၀ ၊ ဒိန်းမတ်နိုင်ငံက ယူရို ၆၄၀၀၀၀၀ ၊ အက်စတိုးနီးယား နိုင်ငံက ယူရို ၃၁၉၅၆ ၊ ဖင်လန်နိုင်ငံက ယူရို၁၁၀၀၀၀၀ ၊ ပြင်သစ်နိုင်ငံက ယူရို ၂၀၀၀၀၀၀ ၊ဂျာမနီ နိုင်ငံက ယူရို ၄၀၀၀၀၀၀ ၊ ဂရိက ယူရို ၁၃၀၀၀၀ ၊ ဟန်ဂေရီ နိုင်ငံက ယူရို ၅၀၀၀၀၊ အိုင်ယာ လန် က ယူရို ၁၀၃၀၀၀၀ ၊ အီတလီက ယူရို ၁၉၀၀၀၀၀၊လက်ဗီးယားနိုင်ငံက ယူရို ၂၀၀၀၀ ၊ လူဇင်ဘတ်နိုင်ငံက ယူရို ၃၀၀၀၀၀၊ နယ်သာလန်နိုင်ငံက ယူရို ၁၅၀၀၀၀၀၊ ပိုလန်နိုင်ငံက ယူရို ၁၅၀၀၀၀၊ ရိုမေးနီးယားနိုင်ငံက ၁၀၀၀၀၀၊ ဆလိုဗက်ကီးယားနိုင်ငံက ၅၀၀၀၀၊ စပိန်နိုင်ငံက ၂၂၀၀၀၀၀၊ ဆွီဒင်နိုင်ငံက ၁၆၀၀၀၀၀၊ဗြိတိသျှ က ၂၁၄၀၀၀၀၀ ကူညီမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ ကြေညာချက်က ဆိုသည်။
မြန်မာနိုင်ငံ၏အိမ်နီးချင်းတရုတ်နိုင်ငံက ၄င်းကိုယ်တိုင် ငလျှင်ဒဏ်ကြောင့် အခက်အခဲများကြုံတွေ့ရလင့်ကစား မြန်မာ မုန်တိုင်းသင့်ပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်း ကူညီမည်ဖြစ်ကြောင်း တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ရမ်ဂျီချီ(Mr.Yang Jiechi)က ပြောသည်။
မြန်မာနိုင်ငံသို့ အကူအညီအများဆုံးပေးနေသည့် ဂျပန်နိုင်ငံကလည်း အမေရိကန်ဒေါ်လာ ၁၁.၇ သန်းညီမည့် အပြင် ဂျပန် ကျန်းမာရေးအဖွဲ့က မြန်မာနိုင်ငံသို့ လာရောက်ပြီး ဆေးဝါးကုသမှုများဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယင်းအပြင် ရန်ကုန် ဆိပ်ကမ်းးတွင် နစ်မြုပ်သွားသော သဘောင်္များဆယ်ယူရေးအတွက် ဆောင်ရွက် ပေးမည်ဖြစ် ကြောင်း၊ သဘာဝဘေး အန္တရာယ်ကာကွယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက်လည်းဆောင် ရွက်ပေး မည်ဖြစ်ကြောင်း ဂျပန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာအိုဆာမူးယူနို( Mr.Osamu UNO ) ကပြော သည်။
အမေရိကန်ပြည်ထောင်စုကလည်း ကယ်ဆယ်ရေးလုပ်ငန်းများအရှိန်အဟုန်မြှင့်ရန်ပြောဆိုပြီး လက်ရှိတွင် ဒေါ်လာ ၂၀.၅ သန်းတန် အကူအညီများပေးအပ်မည်ဖြစ်ကြောင်း၊ အကူအညီများထပ်မံတိုးမြှင့်ရန်ရှိကြောင်း ကြေညာချက်ထုတ်ပြန်သည်။
အာဆီယံ နိုင်ငံများဖြစ်သော စင်္ကပူ၊ အင်ဒိုနီးရှား ၊ မလေးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဘရူနိုင်း၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင် တို့ကလည်း လေဘေး ဒုက္ခသည်များအတွက် အလှူငွေများ ထည့်ဝင်မည်ဖြစ် ကြောင်း ကတိပြုကြသည်။
လက်ရှိ အာဆီယံ အတွင်းရေးမှူးတာဝန်ယူထားသော ထိုင်းနိုင်ငံက မြန်မာလေဘေး ဒုက္ခသည်များအတွက် အမေရိကန် ဒေါ်လာ ၁၂ သန်း တန်ဖိုးရှိ အကူအညီများကို ပေးအပ်ပြီးဖြစ်ကြောင်းနှင့် နိုင်ငံတကာ အကူအညီ အဖွဲ့များ၊ INGO များနှင့် ကုလသမဂ္ဂဆိုင်ရာ အကူအညီပေးရေး လေယာဉ်များ အတွက် ဘန်ကောက်မြို့ရှိ ဒွန်မောင်း နိုင်ငံတကာလေဆိပ်ကို အသုံးပြုခွင့်ပေးထားကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီး နပ္ပဒွန် ပတ္တမာက ပြောဆိုသည်။
အာဆီယံ ဥက္ကဌ စင်ကာပူနိုင်ငံအနေဖြင့် မုန်တိုင်းသင့်မြန်မာပြည်သူများအတွက်အမေရိကန် ဒေါ်လာ ၅ သန်း အကူအညီ ပေးမည်ဖြစ်ပြီး တခြားရဟတ်ယဉ်အပါအ၀င်ပို့ဆောင်ဆက်သွယ်ရေး ပစည်းများနှင့် လိုအပ်သော ပစ္စည်များ ထောက်ပံ့မည် ဖြစ်ကာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို လည်းထပ်မံကူညီသွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ သံအမတ်ကြီး ကပြောသည်။
အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ဟာဆန်ဝီရာ ယုဒ က ၎င်းတို့ နိုင်ငံအနေနှင့် နာဂစ် မုန်တိုင်း ဒုက္ခသည်များ အတွက် အမေရိကန် ဒေါ်လာ ၁ သန်း ငွေသား အကူအညီကို အာဆီယံ အဖွဲ့သို့ ပေးအပ်မည်ဖြစ်သည်ဟု ဆို သည်။
လေးရှားနိုင်ငံကလည်း မလေးရှား ရင်းဂစ် ငွေ ၅ သိန်း တန်ဖိုးရှိ အကူအညီများပေးပြီးသည့် အပြင် အမေရိကန် ဒေါ်လာ ၁ သန်း ကိုလည်း အလှူငွေထည့်ဝင်မည်ဖြစ်ကြောင်း ကတိပြု ပြောကြားသည်။
ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံများက အမေရိကန် ဒေါ်လာ ၂၅၀၀၀၀ စီ ငွေသား လှူဒါန်းမည်ဖြစ်ပြီး ဗီယက်နမ် နိုင်ငံကမူ အမေရိကန်ဒေါ်လာ ၃၀၀၀၀၀ ငွေသားအကူအညီပေးမည်ဖြစ်ကြောင်း ကတိပြု ပြောဆိုသည်။
တောင်ကိုရီးယားက အမေရိကန်ဒေါ်လာ ၂.၅ သန်း တန်ဖိုးရှိ အကူအညီပစ္စည်းများကို လှူဒါန်းမည်ဖြစ်ပြီး ဘရူနိုင်း နိုင်ငံက ဒေါ်လာ ၁ သန်း လှူမည်ဖြစ်သည်ဟု ဆိုသည်။
သြစတြေးလျှနိုင်ငံကလည်း မြန်မာနိုင်ငံအတွက် သြစတေးလျှဒေါ်လာ ၂၅ သန်း ကူညီမည်ဖြစ်ပြီး ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ မှတဆင့်ပေးအပ်သွး မည်ဖြစ်ကြောင်း သြစတြေးးလျှ နိုင်ငံတကာ ဖွံ့ဖြိုးရေး အထောက်အကူဝန်ကြီး မစ္စတာ ဘော့ မက်မူလန်(Mr.Bob McMullan) ကပြောသည်။
ကနေဒါနိုင်ငံ အနေနှင့် မြန်မာလေဘေး ဒုက္ခသည်များအတွက် အမေရိကန် ဒေါ်လာ ၂ သန်းကို ကုလသမဂ္ဂနှင့် နိုင်ငံတကာ INGO အဖွဲ့များသို့ ပေးအပ် လှူဒါန်း သွားမည်ဖြစ်ကြောင်း ပြောသည်။
နော်ဝေး နိုင်ငံက မူ ငွေသား အမေရိကန်ဒေါ်လာ သန်း ၂၀ ကို မြန်မာပြည်တွင်းရှိ ကုလသမဂ္ဂအဖွဲ့အစည်းနှင့် နိုင်ငံတကာ INGO အဖွဲ့များသို့ လှူဒါန်းမည်ဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် တောင်အာဖရိက နိုင်ငံနေနှင့် အမေရိကန် ဒေါ်လာ ၈ သန်း လှူဒါန်းမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
ရုရှ နိုင်ငံအပါအ၀င် တခြားသော နိုင်ငံအစိုးရများကလည်း မြန်မာနိုင်ငံမှ မုန်တိုင်းသင့် ပြည်သူများအတွက် ငွေကြေးကူညီမှု များပြုလုပ်ရန်ကတိပြုကြပြီး မည်မျှကူညီမည်ကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။ယင်းညီလာခံအပြီး ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတကာအကူအညီငွေမည်မျှရရှိကြောင်း ထုတ်ပြန်ခြင်း မပြုနိုင်သေးကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိုနှိုင်းရေးမှုးရုံးအကြီးအကဲ ဒုတိယ အတွင်းရေးမှူးချူပ် မစ္စတာ ဂျွမ်းဟုန်းက သတင်းထောက်များကို ပြောသည်။
Posted by
54freedom
at
7:27 AM
0
comments
Labels: ပြည်တွင်း သတင်းများ
ပဲခူးအနောက်ခြမ်း ကျေးရွာများ စစ်အစိုးရက အလှူငွေ အဓမ္မကောက်ခံ
အေးလဲ့ မေ ၂၆၊ ၂၀၀၈
ပဲခူးတိုင်း အနောက်ခြမ်း နတ်တလင်းနှင့်ပေါင်းတည်မြို့နယ်များရှိ ကျေးရွာများတွင် လေဘေး ဒဏ်ခံရသူများ ပြန်လည် နေရာချထားရေးအတွက်ဟု ဆိုကာ အလှူငွေ၊ ကျွဲ၊နွား နှင့် ဆန် များ မယကနှင့် ရယကတို့က ယမန်နေ့ အစည်းအဝေး ဆုံးဖြတ်ချက်အရကောက်ခံမည်ဖြစ်ကြောင်း သိရသည်။
ပြည်ခရိုင် ပေါင်းတည်မြို့နယ်နှင့်ကျေးရွာ အလိုက် ကျပ် သိန်း၉၀၊ သာယာဝတီခရိုင် နတ်တလင်းမြို့နယ်နှင့် ကျေးရွာများ တွင် ကျပ် ၈၈ သိန်း ၊ ဌာနဆိုင်ရာများမှ ကျပ် သိန်း ၄၀၊ ကျွဲနှင့်နွားကောင်ရေ ၁၀၀ နှင့် ဆန်စပါး တင်း ၁၅၀၀ စသည်တို့ကို ရယကမှတဆင့် ကောက်ခံမည် ရယက အဖွဲ့နှင့်နီးစပ်သူ တဦးက ပြောသည်။
ယင်းသို့ကောက်ခံရာတွင် အမှန်တကယ် လေဘေးဒဏ်ခံခဲ့ရသည့် ပြည်သူလက်ထဲမရောက်မည်ကို စိုးရိမ် ကြောင်း၊ ထို့ကြောင့် စနစ်တကျစီမံကွပ်ကဲပေးရန်၊ သိသာမြင်သာသည့် ပုံစံ လုပ်ပေးရန်လိုအပ်ကြောင်း နတ်တလင်းမြို့ခံ တဦးက ယခုလိုပြောသည်။
“စနစ်တကျ တိကျတဲ့ ကော်မတီတွေနဲ့ မြို့နယ်၊ ကျေးရွာ၊ ခရိုင်၊ တိုင်း တွေမှာ ကော်မတီတွေဖွဲ့ပြီး လူအားလုံး ရှေ့မှာ သိသာမြင်သာအောင် အလှူရှင်တွေကိုလည်း ကိန်းဂဏန်းအရ စနစ်တကျရှင်းပြမယ်၊ လူတွေလက်ထဲကို ဘယ်လောက် ရောက်တယ်၊ ဘယ် ကျေးရွာမှာ လယ်သမား ဘယ်လောက်ရှိတယ်၊ နွားကောင်ရေ ဘယ်လောက်ပေးတယ်၊ ဆန်ဘယ် လောက်ပေး လိုက်တယ်၊ ငွေသားဆိုလည်း ငွေသားပေါ့ ဒါတွေကို သိချင်တယ်”ဟု နတ်တလင်းမြို့ခံ က ပြောသည်။
နတ်တလင်းမြို့နယ်တွင် ကျေးရွာပေါင်း ၇၈ အုပ်စု၊ မြို့ပေါ် ရပ်ကွက် က ၄အုပ်စု ၊ စုစုပေါင်း ၈၂အုပ်စု၊ ပေါင်းတည်တွင် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာအုပ်စုပေါင်း ၄၀ကျော်ရှိသည်ဟုသိရသည်။
ထို့အတူ ပဲခူးတိုင်း အရှေ့ဘက်ခြင်းရှိ မြို့ပေါ်လုပ်ငန်းရှင်များနှင့် ဌာနဆိုင်များကိုလည်း မရကတို့က ယမန်နေ့ က အစည်း အဝေးခေါ်ယူကာ အလှူငွေ၊ ကျွဲ၊ နွား၊ ဆန်မျာကို အလှူခံခဲ့ကြောင်း ပဲခူးမြို့ခံတဦးက ပြော သည်။
“မြို့ပေါ် လုပ်ငန်းရှင်နှင့် အာဏာပိုင် တွေက အစည်းဝေးပြီး အလှူကောက်ခံဖို့ ညှိနှိုင်းတယ်။ မျိုးစပါး တင်းပေါင်း ၁၅၀၀၊ ကျွဲ၊ နွားကောင်ရေ ၁၀၀၊ ငွေကျပ် သိန်း ၃၀ကျပ်၊ ပဲခူးမြို့နယ် အကုန်လုံးလုပ်မယ်လို့ သိတယ်” ဟု ၎င်းက ပြောသည်။
လုပ်ငန်းရှင်များက စာဝတ်နေရေး ကြပ်တည်းနေချိန်တွင် အလှူငွေတောင်းခံသည့် ငွေကြေးပမာဏကို မပေးနိုင်ကြောင်း နှင့် တတ်နိုင်သည့် အလှူငွေကိုထည့်မည် ဖြစ်ကြောင်း လည်းသိရသည်။
ဆက်လက်ပြီး ပဲခူးမြို့ခံက “လူမှုအဖွဲ့အစည်းတွေဖြစ်တဲ့ ဇာဂနာ တို့၊ ဆရာတော် တို့ကို ပေးလိုက်ရလို့တော့ ကျေနပ်ပါ တယ်၊ အဏာပိုင်တွေကို ပေးလိုက်ရတာကတော့ လုပ်ငန်းရှိလို့သာ ပေးလိုက်ရတာ” ဟု လည်း ပြောသည်။
ပဲခူးတိုင်းတွင် ခရိုင် ၄ခုရှိပြီး၊ ပဲခူးတိုင်းအနောက်ဘက်ခြမ်းတွင် ပြည်ခရိုင်၊ သာယာဝတီခရိုင်နှင့် ပဲခူး အရှေ့ ဘက်ခြမ်းတွင် ပဲခူးခရိုင်၊ တောင်ငူခရိုင်ရှိပြီး ပဲခူးတိုင်းတခုလုံးတွင် မြို့နယ်ပေါင်း ၂၈မြို့နယ်ရှိကာ အရှေ့ ဘက်ခြမ်းနှင့် နောက်ဘက်ခြမ်း တွင် ၁၄ မြို့နယ်စီ ဖြင့်ဖွဲစည်းထားသည်။
ပဲခူးတိုင်းအရှေ့ပိုင်းဒေသတွင် မေလ ၃ရက်နေ့နှင့် ၄ရက်နေ့ နာဂစ်မုန်တိုင်းဒဏ်ကို ခံခဲ့ရသည်။ သနပ္ပင်နှင့် ကဝ မြို့နယ်ရှိ ကျေးရွာများတွင် ၄၀ နှုန်း ပျက်စီးဆုံးရှုံးသည်ဟုလည်းသိရသည်။
မရကနှင့်ရယကက ပျက်စီးဆုံးရှုံးမှု စာရင်းကောက်ခံရာတွင် အမှန်တကယ် ရှိသည့်စာရင်းထက် နှစ်ဆ လျှော့ပြီး စာရင်း ကောက်ခံသွားကြောင်း၊ ၎င်းစာရင်းအရ ပြန်လည်နေရာချထားပေးရေးအတွက် ကျပ်သိန်း ၆၀ ကျပ်သာ ချပေးကြောင်းကို မြို့ခံများက ပြောသည်။
“အာဏာပိုင် ထုတ်ပြန်ချက်စာရင်းက မိသားစု၂၀၀ နှုန်းနဲ့ပဲ ရှိတယ် အမှန်တော့ ၄၀၀ရှိတယ်၊ ဒီတော့ တကယ် အောက်ခြေ မှာ ကျနော်တို့ပြန်ကြုံရတာတော့၊ စာရင်းထဲမပါသွားတဲ့သူတွေက ကယ်ဆယ်ရေး ပစ္စည်းနဲ့ထောက်ပံ့ရေးပစ္စည်းမရကြဘူး၊ သူတို့မှာ နေစရာမရှိ စားစာရာမလုံလောက်တာတွေ ဖြစ်ပါတယ်” ဟု ပဲခူးမြို့ခံတဦးကပြောသည်။
ပဲခူးတိုင်းရှိ ဒေသခံလူထုများ လိုက်လံကောက်ခံထားသည့် စာရင်းများအရ ပဲခူးမြို့ ဆင်ခြေဖုံး ရပ်ကွက်များ တွင် အိမ်ခြေ ၈၀ ကျော်ပျက်စီးကာ လူဦးရေ ၄၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားသည်။
ကျိုက်ဒေးရုံကျေးရွာတွင် အိမ်ခြေ ၁၀၀ ခန့် ပျက်စီးကာ လူဦးရေ ၅၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသည်။ ရေတံခါးရွာ တွင်လည်း အိမ်ခြေ ၁၀၀ ပျက်စီးကာ လူဦးရေ ၂၅၀ အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြောင်းနှင့် သနပ္ပင်မြို့ နယ်တွင် အိမ်ခြေ ၃၀၀ ပျက်စီး၍ လူဦးရေ ၄၀၀ အိုးမဲ့အိမ်မဲ့ဖြစ်သွားကြောင်း သိရသည်။
Posted by
54freedom
at
7:18 AM
0
comments
Labels: ပြည်တွင်း သတင်းများ
ဗန်းမော်ထောင် အကျဉ်းသားများ ထွက်ပြေးနေ
မျိုးကြီး
တနင်္လာနေ့၊ မေလ 26 2008 20:42 - မြန်မာစံတော်ချိန်
ရွှေလီ။ ။ ကချင်ပြည်နယ် ဗန်းမော်ထောင်၌ နှစ်ရှည်ပြစ်ဒဏ်ကျ အကျဉ်းသား ၁၁ ဦးသည် ယခုလ ၂၄ ရက်နေ့က ထောင်စိုက်ပျိုးရေး အလုပ်စခန်းမှ ထွက်ပြေးရာ ၃ ဦးသည် တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့သို့ ယမန်နေ့ညပိုင်းက ရောက်လာသည်။
၉ မိုင်ခန့် ကွာဝေးသည့် ဗန်းမော်နှင့် မိုးမောက်မြို့ကြားရှိ မန်မုံကျေးရွာရှိ ထောင်စိုက်ပျိုးရေး အလုပ်စခန်းမှ ၂၄ ရက်နေ့ အလုပ်သိမ်းချိန်တွင် ထွက်ပြေးလာသည့် ၁၁ ဦးအနက် ရာဇဝတ် အကျဉ်းသား ဗန်းမော်မြို့သား ကိုသက်ပိုင်၊ ကိုအီးကျော်နှင့် ရွှေကူနယ်သား တဦးတို့သည် စခန်းနှင့် မိုင် ၈ဝ ဝန်းကျင်ခန့် အလှမ်းကွာသည့် လိုင်ဇာမြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။“မန်မုံ စိုက်ပျိုးရေး အလုပ်စခန်းကနေ ထွက်ပြေးလာတာ။ သူတို့အုပ်စုက ၁၁ ယောက် ပြေးကြတယ်။ အဲဒီအချိန်တုန်းက သံခြေကျင်းတွေ၊ ထောင်ဝတ်စုံတွေနဲ့ ပြေးကြတာပဲ။
အခု ဒီရောက်တော့ အရပ်ဝတ်တွေနဲ့ပါ။ ကြီးကြပ်တဲ့ တာဝန်ခံတွေကလည်း တယောက်ပဲ ထားတယ်။ သေနတ် မကိုင်ဘူးတဲ့။ လောက်စာလုံးနဲ့ ဂွပဲ ကိုင်တာလို့ သူတို့က ပြောပြတာပေါ့” ဟု အကျိုးအကြောင်း မေးမြန်းခွင့်ရခဲ့သူ လိုင်ဇာဒေသခံက မဇ္ဈိမကို ပြောသည်။အခြား ၈ ဦးသည် သီးခြား လမ်းကြောင်းများအတိုင်း အုပ်စုခွဲ ထွက်ပြေးကာ အလုပ်စခန်းရှိ အကျဉ်းသား ကြီးကြပ်သူများက လိုက်လံ ဖမ်းဆီးခြင်းမပြုဘဲ မသိကျိုးကျွန် ပြုနေသောကြောင့် လွယ်ကူစွာ လွတ်မြောက်သွားခြင်း ဖြစ်သည်။
“စိုက်ပျိုးရေး စခန်းမှာထားတဲ့ အကျဉ်းသားတွေကျတော့ တရားလိုမရှိတဲ့ အကျဉ်းသားတွေကို ထားတယ်လို့ ပြောတယ်။ ဘိန်းမှုတို့၊ သစ်ခိုးမှုတို့လိုဟာမျိုးတွေ၊ နှစ်ရှည်အကျဉ်းသားတွေ။ အဲလိုဟာတွေ ထားတယ်။ သူတို့ရှေ့မှာလည်း အသုတ်လိုက် ထွက်ပြေးကြတယ်။ အဲဒီစခန်းကနေ ပြေးတဲ့သူ အားလုံးဆို အယောက် ၇ဝ ကျော်ပြီလို့ ပြောပြတယ်” ဟု သူက ပြောသည်။
ထွက်ပြေးသူ အကျဉ်းသား ၇ဝ အရေအတွက်နှင့် ပတ်သက်၍ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။ဗန်းမော်အကျဉ်းသား နှစ်ဦးသည် သစ်မှုနှင့် ထောင်ဒဏ် ၁ဝ နှစ်စီ ကျခံနေရကာ ရွှေကူနယ်သားကမူ ဘိန်းဖြူမှုဖြင့် ပြစ်ဒဏ် ၇ နှစ် ကျခံနေရသူများ ဖြစ်သည်ဟု ထွက်ပြေးလာသူများနှင့် ယမန်နေ့ညက စကားပြောခွင့်ရခဲ့သူ လိုင်ဇာဒေသခံ ကိုမောင်မဲ ကလည်း ပြောသည်။“၇ နှစ်သမားကတော့ လွတ်ဖို့ ၃ နှစ် လိုသေးတယ်။ ၁ဝ နှစ်သမား နှစ်ယောက်ကတော့ ထောင်ကျတာ ၁ နှစ်ကျော်ကျော်လေးပဲ ရှိသေးတယ်လို့ ပြောတယ်” ဟု သူက ပြောသည်။
မကြာခဏ ဆိုသလို ဗန်းမော် အကျဉ်းသားများ ထွက်ပြေး လွတ်မြောက်နေသည့်အပေါ် ထောင်အာဏာပိုင်များက တမင်လွှတ်ပေးသည့် သဘောမျိုး ဖြစ်နေသည်ဟု လိုင်ဇာ ဒေသခံများက သုံးသပ် ပြောဆိုကြသည်။
အကျဉ်းသားများ ထွက်ပြေးနေသည့် ကိစ္စကို အသေးစိတ် သိရန် ဗန်းမော်ထောင်သို့ ဆက်သွယ်သော်လည်း ဖုန်းကိုင်မည့်သူမရှိ ဖြစ်နေသည်။
Posted by
54freedom
at
7:12 AM
0
comments
Labels: ပြည်တွင်း သတင်းများ
လေဘေးဒုက္ခသည်များကို ကူညီတဲ့ ကား ၇ဝ ကျော် ဖမ်းဆီးခံရ
ဖနိဒါ
တနင်္လာနေ့၊ မေလ 26 2008 19:24 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ ဧရာဝတီတိုင်းအတွင်း လေဘေး ဒုက္ခသည်များကို ကူညီပြီး ပြန်လာသည့် အလှူရှင်များ၏ ကားစီးရေ ၇ဝ ကျော်ကို ယမန်နေ့က ရန်ကုန်သို့ ပြန်အဝင်တွင် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်သည်။
ရန်ကုန်သို့ ပြန်ဝင်လာသည့် ကားများကို ရဲမှူးကြီး လူလူဝင်း ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များက လှိုင်သာယာမြို့ ပန်းလှိုင် တံတားအနီးတွင် ယမန်နေ့ ညနေပိုင်းမှ စတင်ကာ တညလုံး ဖမ်းဆီးနေခဲ့ခြင်း ဖြစ်သည်။“တံတား ဟိုဘက်ထိပ်၊ ဒီဘက်ထိပ် အစီး ၅ဝ လောက် တန်းထားတယ်။ နောက် အင်းစိန် ဂျီတီအိုင် ဝင်းထဲမှာ ၂၂ စီး။ မနေ့ည ၈ နာရီကမှ ဖမ်းတာ။
အခု လောလောဆယ် ပြန်မပေးသေးဘူး၊ အခုထိပါပဲ။ ကားပိုင်ရှင်တွေကို ဒီနေ့ ခေါ်တယ်။ ကား ပြန်မပေးသေးဘူး” ဟု အန်အယ်ဒီ လူငယ်အဖွဲ့ (ဗဟို) မှ ပြန်ကြားရေး တာဝန်ခံက ပြောသည်။ ဖမ်းဆီးရခြင်းသည် ဥပဒေ ချိုးဖောက်ခြင်းကြောင့်ဟု ရဲများက ပြောဆိုသည့်အပြင် လှူဒါန်းလိုများသည် ရန်ကုန်တိုင်း ဒလ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ဒေးဒရဲမြို့ရှိ မြို့နယ် မယက အာဏာပိုင်များကို အကူအညီ တောင်းပြီးနောက် လှူဒါန်းရန်နှင့် လမ်းပေါ်သို့ ပစ်ချပေးခြင်းသည် အကျင့်စာရိတ္တ ပျက်ပြားစေသော စိတ်ဓာတ်များ ပေါ်ပေါက်ရန် နှိုးဆော်ပေးသည့်အတွက် ထိုကဲ့သို့ မလှူဒါန်းရန် ပြီးခဲ့သည့် မေလ ၈ ရက်နေ့က ကြေညာချက် ထုတ်ခဲ့သည်ဟု ဆိုသည်။
အနုပညာရှင် ကိုဇာဂနာက “ဒီလို လှူဒါန်းတာက ပြဿနာမရှိဘူး။ ဒါပေမဲ့ လမ်းလယ်ခေါင်မှာ ဟိုပစ်ပေး ဒီပစ်ပေး၊ နောက်ပြီး ပြဿနာတွေလည်း ဖြစ်တယ်ပေါ့လေ။ အဲလိုမျိုးကျတော့ လှူဒါန်းတာတွေက လှူရာမရောက်ဘူး။ နောက်တော့ နိုင်ငံတော်က စနစ်တကျ လုပ်တာကို အနှောင့်အယှက် ဖြစ်တယ်ပေါ့။
ဒုက္ခသည်တွေက စခန်းသွားဖို့ လုပ်တာကို သူတို့က စခန်းမသွားဘဲနဲ့ လမ်းပေါ်မှာပဲ လုပ်တာပေါ့လေ။ တချို့က အဲလိုရှိတယ်” ဟု ဖမ်းဆီးရာ၌ အကြောင်းပြပုံကို ပြန်ပြောပြသည်။ကားများကို အင်းစိန် ရွာမရှိ ဂျီတီအိုင် ကျောင်းထဲတွင် ထားရှိကာ ကားပိုင်ရှင်များကို ယနေ့တွင် ထပ်မံခေါ်ထားကြောင်းနှင့် ယခု ဖမ်းဆီး နေသူများသည် ကျိုက္ကဆံ စစ်ကြောရေး စခန်းမှ စစ်တပ်နှင့် ရဲများဖြစ်ကြောင်း ကြားသိရသည်ဟု နာရေး ကူညီမှုအသင်းမှ ရုပ်ရှင်မင်းသား (ဦး) ကျော်သူက ပြောသည်။
“အများ ပြောနေတာက ကျိုက္ကဆံ စစ်ကြောရေးက ခေါ်သွားတယ်လို့ ပြောတယ်။ ရဲရော၊ စစ်တပ်ရော ပါမယ်ထင်တယ်။ ညဘက် ကားအစီး ၁ဝဝ လောက်ရှိမယ်။ မနေ့က ကား တော်တော်များတယ်၊ ကျနော်တို့ ကားတော့ အဖမ်းမခံရဘူး။ ဒီနားက သူတို့က အသင်းအဖွဲ့တော့ မဟုတ်ဘူးပေါ့နော်။ ဆန်တို့သွားလှူတာ ဟိုင်းလပ်စ် နှစ်စီးလည်း ကားရော လူရော အဖမ်းခံရတယ်။ လူကိုတော့ ညမိုးချုပ်မှ ပြန်လွှတ်လိုက်တယ်” ဟု ဦးကျော်သူက ပြောသည်။
သူက ဆက်ပြီး “နိုင်ငံတကာ လူကြီးတွေလည်း ရောက်နေတာကို အဲလို လုပ်နေတယ်ဆိုတော့ မကောင်းပါဘူး။ အကုန်လုံးက မြန်မာလူမျိုး မိသားစုတွေ။ ဝိုင်းဝန်းပြီးတော့ ကူညီပံ့ပိုးကြတာကို အဲလိုကြီး ဖမ်းဆီးတာကတော့ မကောင်းပါဘူး။ ဒီနေ့ ကျနော်တို့ကို လာပြီး သတိပေးတာရှိတယ်။ ကားတွေကို အပြစ်ရှာတယ်ပေါ့လေ။ မီးလင်းလား၊ မီးမလင်းရင် ယာဉ်စည်းကမ်းနဲ့ ဖမ်းမယ်လို့ ပြောတယ်” ဟု ပြောသည်။
ထို့အပြင် ယနေ့တွင်လည်း ရန်ကုန်မှ ဝင်လာမည့် လေးဘေးကူညီရေး အလှူရှင်များ၏ ကားများကို ဒေးဒရဲ၊ မအူပင် ဂိတ်များတွင် အာဏာပိုင်များက တားဆီးထားသဖြင့် အလှူရှင်များက ကားနှင့် အစောင့် ထားခဲ့ကာ ပြန်လှည့်ရကြောင်း လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက်မှ ဒေါ်မြင့်မြင့်မူက ပြောသည်။
ယနေ့တွင် လှိုင်သာယာမြို့နယ်ရှိ ပန်းလှိုင်တံတား အနီးတွင် လုံထိန်းများလည်း ချထားသည်။
Posted by
54freedom
at
7:09 AM
0
comments
Labels: ပြည်တွင်း သတင်းများ
