စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Monday, March 10, 2008

ဘလော့ဂ်ဂါ မိတ်ဆွေများသို့ အထူးသတိပေးပါရစေ

ဒီနေ့ email ဖွင့်ဖွင့်ခြင်း ရောက်နေတဲ့ စာတွေထဲက မိတ်ဆွေဘလော့ဂါတွေ ရဲ့ လောလောဆယ် ကြုံတွေ့နေရတဲ့ Virus တွေအကြောင်း တစ်ခုနဲ့ ပါတ်သက်လို့ ကျွန်တော် နားလည်တဲ့ ကာကွယ်နည်းလေးတစ်ခု ဖြန့်ဝေပေးလိုက်ပါတယ်ဗျာ သူတို့ရဲ့ စာတွေကိုလဲ နဂိုအတိုင်းဖေါ်ပြပေးလိုက်ပါတယ်

ကလိုစေးထူးရဲ့သတိပေးချက်

ဘလော့ဂါ မိတ်ဆွေ အပေါင်းကို သတိပေးအပ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးနဲ့ ပတ်သက်လို့ လက်ရှိ အုပ်ချုပ်နေသူကို ဆန့်ကျင် ရေးသားနေသူတွေ အထူးသတိထားကြပါ။

ကျနော့် ဘလော့ဂ်မှာ Kalar ဆိုတဲ့ နာမည်နဲ့ လူတယောက် see here or here လို့ရေးပြီးတော့ လင့်ခ်တွေ ပေးပါတယ်။ ကလစ်လိုက်တော့ စက်ကို ခြိမ်းခြောက်တိုက်ခိုက်မယ့် ဗိုင်းရပ်စ်တွေ လွှတ်ထားတဲ့ လင့်ခ်ဖြစ်နေပါတယ်။ ကျနော်က ကွန်ပြူတာ နည်းပညာနဲ့ ပတ်သက်ရင် သိပ်နားမလည်ပါဘူး။ ဒါပေမယ့် သူ ပေးတဲ့ လင့်ကို ကလစ်လိုက်တော့ မေးခွန်းတခု ပေါ်လာတယ်။ စကရင်က ဖြူသွားတယ်။ အိုကေ ကလစ်ရင် ဘာဖြစ်မယ် မသိပါဘူး။ မင်းစက်ကို ဗိုင်းရပ်စ်တွေ တိုက်ခိုက်နေပြီလို့ သတိပေးစာတန်းပေါ်ပါတယ်။ cancel ကလစ်လိုက်ပေမယ့်လဲ စက်ထဲကနေ တချို့ ဝက်ဘ်ဆိုက်တွေကို ဝင်လို့ မရပါဘူး။
ကျနော် အရင်က ဝယ်ထားတဲ့ stop'n sign in ဆိုတဲ့ ပရိုဂရမ်တခုနဲ့ စက်ကို fix ပြန်လုပ်လိုက်မှ အဆင်ပြေသွားပါတယ်။ ကျနော့်ထက် ပိုမို တတ်ကျွမ်းနားလည်သူတွေအနေနဲ့ အဲဒီလို လင့်ခ်နဲ့ မိမိဘလော့ဂ်ကို လာရောက် တိုက်ခိုက်ခဲ့ရင် သတိထားနိုင်ဖို့နဲ့ စက်ရဲ့လုံခြုံရေးအတွက် အကောင်းဆုံး ဘယ်လို လုပ်သင့်တယ်ဆိုတာ ပို့စ်နဲ့ ဖြစ်ဖြစ် တင်ပေးကြဖို့ ပန်ကြားအပ်ပါတယ်။
အချိန်အားမယ်..ဖြစ်နိုင်မယ်ဆိုရင်တော့ တခြားသော နီးစပ်ရာ မိတ်ဆွေတွေဆီကိုပါ သတိပေးထားစေချင်ပါတယ်။

လေးစားစွာဖြင့်

ကလိုစေးထူး

ကိုထိုက်ရဲ့သတိပေးချက်


ဟုတ်ပါတယ်၊ ကျွန်တော့် ဘလော့မှာလည်း အဲဒါကို လူတစ်ယောက်လာ ထားသွားပါတယ်။ အဲဒါကို ကာကွယ်နိုင်ဖို့
သူပေးတဲ့ link ပေါ် mouse တင်ထားပြီး Browser ရဲ့ ဘယ်ဘက်ထောင့်မှာ အဲဒီ link က ဘယ်ဆိုဒ်က
link လဲဆိုတာကို မြင်ရပါတယ်။ ကိုယ်မသိတဲ့ ဆိုဒ်၊ မသေချာတဲ့ ဆိုဒ်ဆိုရင် လုံးဝ click မလုပ်ပဲ၊ admin ကို
အကြောင်းကြားစေလိုပါတယ်။ အဲဒီ comment အောက်မှာလည်း သတိပေး comment တစ်ခုကို ရေးထားပြီး
အခြားလူတွေကို အဲဒီ comment မဖြတ်ခင် သတိပေးစေလိုပါတယ်။

နောက် တစ်ချက်က ဆိုဒ် admin က ပေးတာ မဟုတ်ဘဲ အခြား လူတွေ ပေးတဲ့ ဆိုဒ်တွေဆို နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့
ကိုယ်သွားနေကြ ဆိုဒ်တွေကလွဲရင် အခြားဆိုဒ်တွေကို မသွားတာ အကောင်းဆုံးပါပဲ ခင်ဗျာ။

လေးစားစွာဖြင့်

ကိုထိုက်

မမေငြိမ်းရဲ့သတိပေးချက်

အားလုံးပဲ...
သူတို့က နာမည်ပေါင်းစုံသုံးပြီး လုပ်နေတာပါ။ ကျမဆီမှာလည်း ဝင်လုပ်တာ လေးငါးကြိမ်မကတော့ပါဘူး။ ကျမက အဲဒီကော်မင့်ကို ဖျက်ပြီး အဲဒီအောက်မှာ သတိပေးစာလည်း ရေးလိုက်ပါတယ်။ ခုဆိုတော်တော်များများ သိနေပြီထင်ပါတယ်။ တခုထပ်သတိထားရမှာက နောက်ပုံစံတမျိုးနဲ့ လုပ်လာမှာကိုပါ။ သိတာနဲ့ ပို့စ်တင်တာတို့ အကြောင်းကြားတာတို့ လုပ်ကြပါဦး

မေငြိမ်း

မျိုးချစ် ၏ အကြံပေးချက်

ဟုတ်ပါတယ်ဗျာ

တကယ်တော့ ကျွန်တော်လဲအဲဒါကို မိတ်ဆွေတို့ဆီကို ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်တာပါ (အပျင်းကြီးနေတာပါ) နောက်ပြီးကျွန်တော့်ဆီဘဲလာနေတယ် အောက်မေ့လို့ပါ ဒီကိစ္စက ကျွန်တော်တို့ကိုသာ တိုက်ခိုက်ထားတာမဟုတ်ပါဘူး စာဖတ်သူတွေထဲက Comment ကိုဖတ်ချင်တဲ့သူတွေကိုပါ တိုက်ခိုက်ထားတာပါ ဒီ Virus ကိုရေးနေတဲ့ကောင်တွေကိုလဲ ကျွန်တော့်မိတ်ဆွေတွေ လိုက်နေပါပြီ ဒါကိုအလွယ်ဆုံးကာကွယ်လို့ရတဲ့ နည်းတစ်ခု ရှိပြီးသားပါ

မိတ်ဆွေတို့ Blogger Account ထဲမှာ Settings ကိုသွားပါ ပြီးရင် Comments Tab ကိုနှိပ်လိုက်ပါ

Who Can Comments ထဲမှာ Users with Google Accounts ကိုရွေးပါ

အောက်က Enable comment moderation? မှာ Yes ဆိုတာကိုရွေးလိုက်ပါ

ပြီးတော့ အောက်ဆုံးက Comment Notification Email မှာ ကိုယ့် email ကိုရေးထားပြီး Save Settings ကိုရွေးလိုက်ပါ

ဒါဆိုရင် Comments တွေ Blog မှာမတက်ခင် မိတ်ဆွေတို့ email ထဲကနေ Notify လာပြီး အရင် Review လုပ်ခွင့်ရပါမယ်

ပြီးမှ စိတ်ချရပြီဆိုမှ Publish Comments လုပ်လိုက်ယုံပါဘဲ အလွယ်ပြောရရင် Comment ကို ဆင်ဆာဖြတ်ပြီးမှ တင်တဲ့သဘောပေါ့ဗျာ

ဒီကစပြီး လင့်တွေပါတဲ့ Comments တွေမှန်သမျှ ဖွင့်မကြည့်ဘဲ ဖျက်ပြစ်လိုက်

စိတ်ချရတဲ့ Comment ဆိုမှ Publish လုပ်လိုက် ဒီတော့ Comment ဖတ်သူတွေပါ အန္တရာယ် ကင်းတာပေါ့ဗျာ

ဘလော့ဂါ ညီအစ်ကို မောင်နှမတွေ ဘေးရန်ကင်းပြီး ပျော်ရွှင်အေးချမ်းစွာ အသက်ရှင်နေထိုင်ခွင့်ရရှိကြမယ်ဆိုကျွန်တော် ကျေနပ်ပါပြီ

ဒီစာလေးကိုလဲ ပြန်လည်ဖြန့်ဝေပေးကြပါဦးဗျာ

လေးစားခင်မင်စွာဖြင့်

မျိုးချစ်မြန်မာ

အပြည့်အစုံဖတ်လိုလျှင်

လူထုကိုယ်တိုင်ဆက်လက်တိုက်ပွဲဝင်ရန် အရှင်ဂမ္ဘီရ မိန့်ကြား

လူထုကိုယ်တိုင်ဆက်လက်တိုက်ပွဲဝင်ရန် အရှင်ဂမ္ဘီရ မိန့်ကြား

ဗထူး။ မတ် ၁၀၊ ၂၀၀၈

အင်းစိန်ထောင်တွင်းအကျဉ်းကျနေသော သံဃာတပ်ပေါင်းစု ခေါင်းဆောင်အရှင်ဂမ္ဘီရက စစ်အစိုးရပြုလုပ်မည့် ဆန္ဒခံယူပွဲအား လူထုကိုယ်တိုင်ဆက်လက်တိုက်ပွဲဝင်ရန် ယနေ့ မိန့်ကြား လိုက်သည်။

ယနေ့နံနက် (၁၁)နာရီခန့် အင်းစိန်ထောင်တွင်း ထောင်ဝင်စာသွားတွေ့ခဲ့သူ မိသားစုဝင်တဦး အား အရှင်ဂမ္ဘီရက ယခုကဲ့သို့ မိန့်မှာလိုက်ခြင်း ဖြစ်သည်။

ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများအားလုံး စစ်အစိုးရပြုလုပ်မည့် ဆန္ဒခံယူပွဲသတင်းကို ကြားသိနေကြပြီး အရှင်ဂမ္ဘီရက ပြည်သူလူထုအား မှာကြားလိုက်ခြင်းနှင့်ပတ်သက်၍ ထောင်ဝင် စာသွားတွေ့သည့် အမတော်စပ်သူ မခင်သူထွေးက “အခုလုပ်မဲ့ဆန္ဒခံယူပွဲကို သိပါတယ်။ အဲဒီ အတွက်လည်း မှာလိုက်တယ်၊ လူထုအနေနဲ့ ဒီလိုအတိုင်းပဲ ဆက်နေချင်ရင်တော့ ဒီအတိုင်းနေ ပေါ့၊ ပိုကောင်းတဲ့အနေထားကို ရချင်တယ်ဆိုရင်တော့ ဒီတိုင်းမနေနဲ့ပေါ့နော်၊ လူထုကိုယ်တိုင် သတ္တိရှိစွာနဲ့ ပြောင်းလဲရမယ်။ မထောက်ခံနဲ့လို့ ပြောလိုက်တာပါ” ဟု ဆိုသည်။

အရှင်ဂမ္ဘီရ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်နေပြီး အာဏာပိုင်များက ထပ်မံခေါ်ယူ စစ်ဆေးခြင်းများမရှိကြောင်း ပြောဆိုပြီး ယခင်အဆောင် (၂) မှ အဆောင် (၁) အခန်း (၃)သို့ ပြောင်းရွှေ့ထားပြီး ၎င်းနှင့်အတူ ကိုမင်းမင်းစိုးနှင့် အခြားသူများရှိနေသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အရှင်ဂမ္ဘီရအား စစ်အစိုးရက ပုဒ်မ ၁၃(၁)၊ ၁၇(၁) ဖြင့် အလုံမြို့နယ်တရားရုံးမှလည်းကောင်း၊ ပုဒ်မ ၅(ည)ဖြင့် လှိုင်မြို့နယ်တရားရုံးတို့မှ တရားစွဲဆိုထားခြင်းဖြစ်ပြီး ပြင်ပရုံးသို့ ယနေ့ အချိန် အထိ မထုတ်သေးပဲ ထောင်တွင်း၌ပင် ရမန်ဆက်လက်ယူထားကာ လာမည့် (၁၇) ရက်နေ့တွင် ထပ်မံချိန်းဆိုထားသည်ဟု ဆိုသည်။

ထောင်တွင်းရှိသံဃာတော်များ အခြေအနေနှင့်ပတ်သက်၍ သူမက “အထဲမှာရှိနေတဲ့ သံဃာတော်တွေက ဆက်ပြီး မေတ္တာပို့နေတုန်းပါပဲ၊ လူဝတ်လဲထားပေမဲ့ အကုန်လုံး ကံဆောင် ထားဆဲပါပဲလို့ ပြောတယ်” ဟုဆိုသည်။

ယနေ့ ထောင်ဝင်စာသွားတွေ့ချိန်တွင် အာဏာပိုင်များဘက်မှ ယခင်ကကဲ့သို့ စောင့်ကြည့် မှတ်သားမှုများမရှိပဲ (၁၀) မိနစ်ခန့် အချိန်ပိုလွတ်လပ်စွာပြောဆိုခဲ့ရသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

“လူထုအနေနဲ့ သတ္တိရှိရှိရင်ဆိုင်ရမယ်၊ တဦးချင်းစီက အမှားကြီးကိုလက်ခံလာတော့မှ အမှားကြီး ဖြစ်သွားတာပေါ့၊ ဒီလိုတိုင်း မနေချင်ဘူးဆိုရင် ပြုပြင်ပြောင်းလဲသွားရမယ်” ဟု အရှင်ဂမ္ဘီရက ဆက်လက်မိန့်ကြားခဲ့သည်။

http://www.yoma3.org/news/2008/march/Gan_Bi_Ya.html

လူထုက သတ္တိရှိရမယ်။။ လူထုက ကိုယ်နဲ.တန်တဲ့ ဟာကို

လူထု ကိုယ်တိုင်ရွေးချယ်ရတော့မှာ။။

သတ္တိရှိ ရင်တော့ စံပေါ့။။ သတ္တိ မရှိရင်တော့ ခံပေတော့ ။။

တသက်လုံး ဒီလိုဘဲ သွားတော့မယ်။ ။

။ အရှင်ဂမ္ဘီရ။

အပြည့်အစုံဖတ်လိုလျှင်

မြန်မာ့လူအခွင့်အရေးနေ့ အထိမ်းအမှတ် ဆွမ်းကျွေးအလှူ ဖိတ်ကြားခြင်း

စင်္ကာပူရှိ မြန်မာပြည်ဖွားပုဂ္ဂိုလ်အားလုံး ကြွရောက် ချီးမြှင့်ကြပါဦးလို့ …..



အပြည့်အစုံဖတ်လိုလျှင်

Friday, March 7, 2008

နောက်တစ်ခါလာပြန်ပြီဟေ့……… ဟေ…….. ဟေ ……….၀ါး……

နောက်တစ်ခါလာပြန်ပြီဟေ့……… ဟေ…….. ဟေ ……….၀ါး……

(N.S.D)

မကြွားဘူးထင်လျှင် အဖြစ်အပျက် အလွန်တိုက်ဆိုင်နေသည့် အတွက် NSD ၏အဘိုး ဦးဘခင် အကြောင်းနဲ့စချင်ပါသည် ။ အဘိုးသည် တောသားစစ်စစ်ကြီး တစ်ယောက်အဖြစ်မှ ရွှေတိဂုံဂေါပက ဥက္ကဌ ဖြစ်ခဲ့သည် ။ ကျနော်ပြောလိုသော အကြောင်းမှာ ရွှေတိဂုံ ဂေါပက ဥက္ကဌ ဘ၀ဦးဘခင် ( သို့-ဦးဘခင် ) နှင့်မဆိုင်ပါ ။ အညာသား ၊ ကျေးလက်လူငယ်လေး ဘ၀က မောင်ဘခင်အကြောင်းသာဖြစ်ပါသည် ။

မောင်ဘခင်သည် အားကစားလိုက်စားပြီး ကာယဗလ နှင့်ပြည့်စုံကာ မြန်မာ့လက်ဝှေ့ ပညာနှင့် ရှမ်းရိုးရာလက်ဝှေ့ ပညာပါတက်ကျွမ်းသူ တစ်ယောက်ဖြစ်ပါသည် ။ ထိုအချိန်က ဂျပန်တွေ မြန်မာပြည်တွင်း ကထွက်ပြေးလုလုကာလ ဖြစ်သည် ။ တစ်ညနေ မောင်ဘခင်နှင့် ကာလသား လူငယ်တစ်ချို့ ကာယဗလ လေ့ကျင့်နေစဉ် ရွာထဲသို့ ဂျပန်စစ်တပ်ရောက်လာခဲ့ သည်။ မောင်ဘခင် တို့အုပ်စုလည်း မပြေးသာ ၊ မပုန်းသာ ဂျပန်စစ်တပ်နှင့် ပက်ပင်းတိုးမိ တော့သည် ။ ကံကောင်းသည်ဟု ဆိုရပါမည် ၊ ထိုနေ့က ဂျပန်စစ်ဗိုလ်က စိတ်ကောင်းဝင်ကာ မည်သူ့ကိုမျှ ရိုက်လားနှက်လား မလုပ်ခဲ့ပါ ။ သို့သော် မောင်ဘခင်ကို လက်ညိုးထိုးကာ “ Burma , မင်းနဲ့ငါနပန်းလုံးမယ် ” ဟုစိန်ခေါ်လာသည် ။

မောင်ဘခင် ဒုက္ခတွေ့ရသည် ။ ဂျပန်စစ်ဗိုလ် နှင့်နပန်းလုံးရခြင်းသည် ရှုံးလည်းမသက်သာ ၊ နိုင်လည်းမသက်သာ ဖြစ်သည်။ ထို့ကြောင့် နပန်းမလုံးလိုကြောင်း ရိုရိုကျိုးကျိုး တောင်းပန်ရှာသည် ။ သို့သော် မရပါ ၊ နပန်းမလုံးလျှင် အိမ်မပြန်ရဟု ခြိမ်းခြောက် လာခဲ့သည် ။ မောင်ဘခင်အတွက် No choice ဖြစ်သွားပါတော့သည် ၊ ပွဲကြည့်ပရိသတ်က ဂျပန်စစ်သားများနှင့် ကာလသားလူငယ်များ ဖြစ်ကြသည်ဟုဆိုပါသည် ။

ပထမအချီ……………

မြန်မာ့ရိုးရာ သိုင်းကျွမ်းကျင်သော မောင်ဘခင်က ဂျပန်စစ်ဗိုလ်ကို ကိုင်ပေါက်ချလိုက်သည် ။ ဂျပန်စစ်ဗိုလ် မျက်နှာ “ ရဲ ↔ ကနဲဖြစ်သွားသည် ။

ဒုတိယအချီ…………….

ရှေးနည်းအတိုင်းပင်ဖြစ်သည် ။

အချီပေါင်းများစွာ မောင်ဘခင်ကကိုင်ပေါက်နေသည့် အတွက် ဂျပန်ငပုကရှုံးမဲမဲ ပါတော့သည်။ မောင်ဘခင်ကိုအိမ်ပြန်ခွင့် မပေးတော့ပေ ။

နောက်ဆုံး မောင်ဘခင်အကြံတစ်ခု ရလိုက်သည် ။ ထိုအကြံမှာ ငါမသိမသာနဲ့ အရှုံးပေးလိုက်မှ အိမ်ပြန်ထမင်းစား ခွင့်ရတော့မည်ဟူ၍ ပင်ဖြစ်သည် ။ ထို့ကြောင့် နောက်ဆုံး အချီ၌ မသိမသာဖြင့် အလျှော့ပေးကာ ဂျပန်ငပု ကိုင်ပေါက်တာ ကိုခံလိုက်ရှာတော့သည် ။ ထိုအခါဂျပန်ငပုက ………

“ Burma, မင်းကသန်ပေမဲ့ မာစတာလောက်သက်လုံမကောင်းဘူး ” ဟူသတည်း ။

ကျွန်တော်ဘာကြောင့် ဤအဖြစ်အပျက်ကို ပြောပြနေရသည်ကို တစ်ချို့ သဘောပေါက် လောက်ပြီထင်ပါသည် ။

ကျွန်တော်တို့ ပြည်သူလူထုကြီး ( တိုင်းရင်းသားညီအကိုများအားလုံး ) သည် န.အ.ဖ စစ်အစိုးရနှင့် နပန်းလုံးနေကြရပါသည် ။ ရှောင်လွှဲ၍ လည်းမရကြပါ ။ ၁၉၉၀ ခုနှစ်က န.အ.ဖ ငပုကို “ ဘုန်း ↔ကနဲမည်အောင် ဒေါ်စု ၊ ပြည်သူလူထုနှင့် NLD ကကိုင်ပေါက်ခဲ့ကြပြီး ဖြစ်ပါသည် ။ နိုင်မည် ထင်ခဲ့သော န.အ.ဖ မျက်နှာ “ ရဲ ” ကနဲ အရှက်ရသွားခဲ့ပါသည် ။ သို့သော် ကျနော်တို့ကိုအိမ်ပြန် ထမင်းစားခွင့် မပေးခဲ့ပါ ။ ယခု ကျနော်တို့ ထမင်းဆာလှပြီ ဖြစ်ပါသည် ။

ယခု ဒုတိယအချီ……စိန်ခေါ်လာပြန်ပါပြီ ။ ၂၀၁၀ ခု ၊ န.အ.ဖ ငပုနှင့် အားကောင်းမောင်းသန် လူထုနပန်းပွဲ ၊ မယုတ်မာ ၊ မကောက်ကျစ်ဘူးဆိုလျှင် ငပုကိုလူထုကြီးက “ ဘုန်း ↔ကနဲကိုင်ပေါက်လိုက်ဦးမှာ သေချာပါသည် ။ ပြည်သူလူထုကြီး တစ်ရပ်လုံး သတိပြုရမည်မှာ ကျနော်တို့က ငပုကိုကိုင်ပေါက်လိုက်လျှင် တတိယအချီထပ်ပြီး နပန်းလုံး ရဦးမည်မှာ သေချာလှပါသည် ။ န.အ.ဖ သည် သူတို့ မနိုင်မချင်း ဆက်ကာဆက်ကာ စိန်ခေါ်နေဦးမည် ဖြစ်ပါသည် ။ ထို န.အ.ဖ သံသရာသည် ဆုံးတော့မည် မဟုတ်ပါ ။ ရိုးရိုးပြောရလျှင် န.အ.ဖ နှင့်ယှဉ်ပြီး ကျနော်တို့ နပန်းမလုံးချင်ပါ ။ ဤသို့ဆိုလျှင် ကျနော်တို့ ဘာလုပ်ကြရမည်နည်း ။

မောင်ဘခင်လို အိမ်ပြန်ထမင်းစားဖို့ အရှုံးပေးလိုက်ရတော့မည်လား ။

မဖြစ်နိုင်ပါ ။ အရှုံးပေးလိုက်လျှင် အိမ်မှာပင် ထမင်းမရှိနိုင်တော့ပါ ။ ၂၀၁၀ ခု၊ ဒုတိယ အချီ ကိုလက်ခံလိုက်လျှင် တတိယအချီ ဆက်လက် နပန်းလုံးနေရဦးမည် ကလည်းသေချာလှပါသည် ။ မသိမသာ နဲ့ အရှုံးပေးလိုက်ဖို့ ကလည်းမဖြစ်နိုင်ပါ ။ ထို့ကြောင့် ကျနော်တို့ လူထုအနေနဲ့ လုပ်စရာဆိုလို့ ၂၀၁၀ ခုဒုတိယ အချီကိုရော ၊ ဒုတိယအချီမတိုင်မှီ ၂၀၀၈ ခု ၊ မေလ ( ရက်အတိအကျမသိရပါ ) အကြိုပြင်ဆင်မှုကိုရော ပြတ်ပြတ်သားသား ကန့်ကွက် ဆန္ဒပြကြရန်သာ ဖြစ်ပါတော့သည် ။

ပထမအချီ “ ဘုန်း ” ကနဲကိုင်ပေါက်တာခံခဲ့ ရသော န.အ.ဖ သည်အစွမ်းကုန် ကောက်ကျစ် ယုတ်မာမှုတို့ဖြင့် ဒုတိယ အချီအတွက် ပြင်ဆင်ထားပါလိမ့်မည် ။ သူတို့များ မပြောကောင်း မဆိုကောင်း နိုင်သွားခဲ့လျှင် “ မာစတာက သက်လုံပိုကောင်းတယ် ↔ဆိုသည့် စကားများကို သတင်းစာ ၊ ရေဒီယိုများမှ တဆင့် မနက်တိုင်း ကြေညာထုတ်လွှင့် ပါလိမ့်မည် ။

ထိုမျှမကပါ ၊ ယခု အမျိုးသား လွတ်မြောက်ရေး ၊ ဒီမိုကရေစီ ထွန်းကားရေး အတွက် တိုက်ပွဲဝင် ခဲ့ကြသော ဒေါ်စု ၊ ကိုမင်းကိုနိုင်နှင့် အပေါင်းအပါ တို့ကို န.အ.ဖ က မြောင်းထဲ ပစ်ချလိုက်ပါလိမ့်မည် ။ ဤအခြေအနေ ကိုကျနော်တို့လက်မခံနိုင်ပါ ။ သူတို့ နောက်က အမြဲတမ်း ကျနော်တို့ လူထုကြီးရှိနေရပါလိမ့်မည် ။

ထိုအတွက် နိုင်ငံခြားရောက် မြန်မာများ အနေနှင့် အနည်းဆုံး လုပ်နိုင်သော အလုပ်မှာ သဘောမတူကြောင်း လက်မှတ်တွေရေးထိုးပြီး ကုလသမဂ္ဂ ၊ လုံခြုံရေးကောင်စီ နှင့် အဖွဲ့ဝင်နိုင်ငံ များအားလုံးသို့ ပေးပို့ကြရပါမည် ။ စင်ကာပူ ရှိမျိုးချစ် မြန်မာများက ဦးဆောင်လှုပ်ရှားကြပါမည် ။ စာဖတ်သူများအနေနှင့် နိုင်ငံနှင့်လူမျိုးအတွက် လက်မှတ်လေးတစ်ချက်လောက်တော့ ( သူများတွေ အသက်နှင့် ဘ၀ကို ပေးဆပ်နေရချိန် ) ထိုးပေးဖို့ ၀န်မလေးဟု ယုံကြည်ပါသည် ။

ပြည်တွင်းရှိ မြန်မာများအနေနှင့်

၁ ။ Active နည်းဖြင့်ဆန့်ကျင်ခြင်း

၂ ။ Passive နည်းဖြင့်ဆန့်ကျင်ခြင်း

၃ ။ Flexible ပူးသတ်နည်းဖြင့် ဆန့်ကျင်ခြင်း ဟုသုံးမျိုးဆန့်ကျင်နိုင်ပါသည် ။

Active နည်းဖြင့်ဆန့်ကျင်ခြင်း ဆိုသည်မှာ ပေါ်ပေါ်ထင်ထင် လမ်းမပေါ် တက်ကာ သဘောမတူကြောင်း ကန့်ကွက်ဆန္ဒပြခြင်း ဖြစ်ပါသည် ။ ဦးဆောင်မှုကောင်းကောင်းဖြင့် ပြည်သူလူထု ညီညွတ်လျှင် ဖြစ်နိုင်ပါသည် ။ အထိရောက်ဆုံးလည်း ဖြစ်ပါသည် ။ “ ငါ့မှာက မိသားစုနဲ့ ကလေးတွေနဲ့ စိတ်ရှိတိုင်းမလုပ် နိုင်ဘူး ” ဆိုသူများ ဒေါ်စုကိုအားနာသင့်ပါသည် ။ ဒေါ်စုသီလရှင်မဟုတ်ပါ ။ နိုင်ငံကို ဒီထက်ဆိုးသော မြောင်းထဲသို့ ပစ်မချမှီ ပြည်သူလူထု အနေနဲ့ လုပ်သင့်သော အလုပ်တစ်ခုဖြစ်ပါသည် ။

Passive နည်းဖြင့်ဆန့်ကျင် ခြင်းဟူသည် သူတို့ခေါ်ယူသော ပြည်သူ့ညီလာခံ သို့မတက်ရောက် ပဲအိမ်ထဲမှာနေပြီး ဆန္ဒပြခြင်း ဖြစ်ပါသည် ။ Active မရမှ Passive ကိုကျင့်သုံးသင့် ပါသည် ။ အကြောင်းက Passive နည်းကမထိရောက်သောကြောင့် ဖြစ်ပါသည် ။ မထိရောက်ပုံကိုပြောပြ ခွင့်ပြုပါ ။

ဆိုကြပါစို့ လူထုကြီးသန်းငါးဆယ်က မတက်ရောက်ခဲ့ပါ ၊ သို့သော် န.အ.ဖ လက်ပါးစေ ၂ သန်းကတက်ရောက်သည်ဆိုလျှင်ပင် န.အ.ဖ ကပြောင်ကျကျလိမ်ပြီး လူထုကြီးကလက်ခံကြောင်း ကမ္ဘာကိုမျက်လှည့်ပြသွားနိုင်ပါသည် ။ ကမ္ဘာကယုံမည်တော့ မဟုတ်ပါ ။ သို့သော် Facts နှင့် Belief မတူပါ ။ မယုံသော်လည်း အချက်အလက်ကြောင့် လက်ခံ လိုက်ရတက်ပါသည် ။ ထို့ကြောင့် Passive နည်းသည်မထိရောက်ပါ ။

နံပါတ်( ၃ ) Flexible နည်းဖြင့်ပူးသတ်ခြင်းသည် အကျိုးသက်ရောက်မှုအနည်းဆုံးဖြစ် ပါသည် ။ ဤသည်မှာ လက်ခံသလိုလို ၊ သဘောတူသလိုလို ရေငုံနုတ်ပိတ် နေပြီး နောက်ဆုံး ကန့်ကွက်မဲထည့်ကြဖို့ ဖြစ်ပါသည် ။ဤ အခြေအနေကို အရောက်မခံသင့်ပါ ။ ဤ အခြေအနေ ကိုရောက်သွားပြီ ဆိုလျှင် န.အ.ဖ က သုံးပုံနှစ်ပုံ နိုင်ပြီးသွားပြီ ဖြစ်ပါသည် ။ ဤ အခြေအနေ မှစတင်လှုပ်ရှားလျှင် ကျနော်တို့က ၂ ဂိုး ၊ ဂိုးမရှိ ရှုံးနေပြီးသား ဖြစ်နေပါသည် ။ သဘာဝ ကျကျတွေးလျှင် နိုင်ဖို့မလွယ်တော့ပါ ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာသိအချက်ကြီး များကိုပင် လိမ်ခဲ့သော န.အ.ဖ အတွက် မဲပုံးတစ်ပုံးထဲက မဲကို အခြားမဲပုံး ထဲထည့်လိုက်ဖို့ ဆိုသောကိစ္စသည် အခွံနွှာထားသော ငှက်ပျောသီးတစ်လုံးလောက်သာရှိပါသည် ။

နံပါတ် ( ၃ ) မှာပင် အကျူံးဝင်သည့် “ ပြည်သူ့ဆန္ဒ ခံယူပွဲ ↔မှသည် “ ပြည်သူ့ဆန္ဒ ပြပွဲ ” အသွင်ဖန်တီးရေးးသည် အလွန်ကောင်းမွန်သော အစီအစဉ်ဖြစ်ပါသည် ။

ဤ အစီအစဉ်တွင် Active နည်းရော Flexible နည်းပါ ပါဝင်နေသည့် အတွက် ပိုမိုလည်း လွယ်ကူပါသည် ။ ကိုယ်ကလူစုစရာမလိုပဲ န.အ.ဖ က လူစုပေးပါလိမ့်မည် ။ ထို့ကြောင့် အကြိမ်ကြိမ် သောရွေးကောက်ပွဲများ အတွက် ပြင်ဆင်မဲ့အစား ဒုတိယအချီ တွင် ပွဲသိမ်းလက်သီး ပစ်သွင်းလိုက်သင့်ပါသည် ။ ထိုပွဲသိမ်းလက်သီးသည်……………

၁ ။ Active နည်းဖြင့်ဆန့်ကျင် ( သို့ )

၂ ။ ပြည်သူ့ဆန္ဒခံယူပွဲကို ပြည်သူ့ဆန္ဒ ပြပွဲ အသွင်ပြောင်းခြင်းဖြစ်ပါသည် ။ ကျနော့် ပုဂ္ဂလိက သဘောအရကတော့ နံပါတ် ( ၁ ) သည် အကောင်းဆုံးဖြစ်ပါသည် ။

နှစ်ဂိုးသွင်းတာ ခံရပြီးမှ “ တင် ↔ကစားမဲ့အစား ဂိုးမရှိ သရေကတည်းက “ တင် ” ကစားကြလျှင် နိုင်မည်ဟု ယုံကြည်ပါသည် ။ အဘယ်ကြောင့် ဆိုလျှင် ၁၉၉၀ တုန်းက UN ဆိုသော ဒိုင်လူကြီးကဒီလောက် အာရုံမစိုက်သေးပါ ။ ကမ္ဘာဆိုသောပွဲကြည့် ပရိတ်သတ် ကလည်း ဒီလောက်အာရုံမရောက်ပါ ။ ယခုစက်တင်ဘာ အရေးအခင်းကြီး အပြီးမှာ ဒိုင်လူကြီး ကလည်း ပိုပြီးအာရုံစိုက် ပွဲကြည့်ပရိသတ် ကလည်းပိုပြီးအားပေး ရှိလာပါသည် ။ UN, US နှင့် EU တို့က န.အ.ဖ ကိုအ၀ါကဒ် တွေပြထားပြီးဖြစ်ပါသည် ။ ထင်ရှားသော ဖောင်းတစ်ခုသည် အနီကဒ်ဖြစ်သွားနိုင်ပါသည် ။

သို့သော် ………. ဒိုင်လူကြီး အများဆုံးလုပ်ပေးနိုင်သော အလုပ်မှာ အနီကဒ် ၊ အ၀ါကဒ် ပေးရုံသာဖြစ်ပြီး န.အ.ဖ ဂိုးပေါက်ထဲကို ဘောလုံးကန်သွင်းဖို့ သူ့မှာတာဝန်မရှိပါ ။ အနိုင်ဂိုး သွင်းရမည့် သူများက ကျနော်တို့ ကိုယ်တိုင်ပဲဖြစ်ပါသည် ။

ပထမ နည်းအဆင်မပြေသော် ဒုတိယ နည်းကိုသုံးရပါမည် ။

“ နောက်တစ်ခါ လာပြန်ပြီဟေ့…….. ဟေ …..ဟေ……. ၀ါး ↔ဆိုသည့် မေသီချင်းကိုပင် ကျနော်နားမထောင် ဖြစ်တော့ပါ ။ တော်ပါပြီ ။ ဒုတိယ အချီကို လက်ခံခြင်းသည် ( ၁၀ ) ချီကိုစိန်ခေါ်ခြင်းနှင့် တူပါသည် ။ လက်ရှိ န.အ.ဖ သည်ဖက်ဆစ် ဂျပန် ထက်ဆိုးပြီး ဖက်ဆစ် ဂျပန်လောက် ဦးနှောက်မရှိပါ ။

န.အ.ဖ ၀ါဒ ကျရှုံးပါစေ……….

ဒီမိုကရေစီ ထွန်းကားပါစေ………….

အစိုးရနှင့်တူသော အစိုးရများ တက်လာပါစေ………

ပြတ်ပြတ်သားသား ၊ ရဲရဲဝံ့ဝံ့ ၊ သတ္တိရှိရှိ ၊ ကန့်ကွက်ကြပါစို့ ။

N-S-D

သင်ဖတ်ပြီးလျှင် ( အနည်းဆုံး ) နောက်တစ်ယောက်ကို လက်ဆင့်ကမ်းပါ မိတ်ဆွေ ၊ ဤအတွက် ကျနော်တို့ ကသင့်ကို ကျေးဇူးတင်နေကြပါမည် ။

အပြည့်အစုံဖတ်လိုလျှင်