စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, December 13, 2007

Articles that posted in Arts & Literature Exhibtion

တပ်မတော်မျိုးဆက်သစ် ခေါင်းဆောင်များ အလိုရှိသည်

ရဲထွဋ် | နိုဝင်ဘာ ၂၂၊ ၂၀၀၇

ယခုအချိန်သည် တပ်မတော်မျိုးဆက်သစ် ခေါင်းဆောင်များအတွက် သူတို့၏ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင် အဖတ် ဆယ်ရန် အခွင့်အခါကောင်းပင် ဖြစ်သည်။ ယခင်အတိတ်ကာလက စစ်ခေါင်းဆောင်များ၏ မှားယွင်းပြုမူခဲ့မှုများ၊ ဆုံးရှုံးရ မှုများကို အသိအမှတ်ပြု၍ ပြည်သူအများက လေးစားအားကိုးကြရသော မြန်မာနိုင်ငံ၏ သူရဲကောင်းစစ်သည်များအဖြစ် ပြန်လည် အသိအမှတ်ပြုမှု ခံရစေရန် ကြိုးပမ်းဆောင်ရွက်ကြရတော့မည့် အချိန်ပင် ဖြစ်ပါသည်။

ရဟန်းသံဃာများ၏ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများကို အစိုးရက ရက်စက်စွာအကြမ်းဖက် ဖြိုခွဲခဲ့ပြီးနောက်ပိုင်း အခြေအနေတွင် ယခင်ကအတိုင်း ပုံမပျက်ပြန်သွားရေးဆိုသည်မှာ မဖြစ်နိုင်တော့သလို မြန်မာပြည်သူများကလည်း လက်သင့်မခံနိုင်ကြ တော့ပါ။

ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက်စကားပြောဆိုရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကမ်းလှမ်းလာခဲ့ရသည်။ ဤတွေ့ဆုံမှု အတွက် ကြိုတင်ကန့်သတ်ချက်များ ချမှတ်ထားသေးသည်ဟု ဆိုနိုင်သော်လည်း အနည်းဆုံး အမျိုးသားပြန်လည်သင့်မြတ် ရေးအတွက် အဖြေရှာကြရန် လမ်းကြောင်းပွင့်လာပြီဟု ဆိုနိုင်သလို ပဏာမဆွေးနွေးပွဲ အဆင့်များလည်း စတင်နေခဲ့ရပြီ ဖြစ်သည်။ ဤသို့ဖြစ်ပေါ် တိုးတက်လာရခြင်းမှာ တစိတ်တပိုင်းအားဖြင့် ကုလသမဂ္ဂ အထူးသံကိုယ်စားလှယ် အီဗရာဟင် ဂမ်ဘာရီ၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ဖြစ်သလို၊ နိုင်ငံတကာမိသားစု အထူးသဖြင့် ဒေသဆိုင်ရာနိုင်ငံများ၏ အစိုးရ များက ထောက်ခံအားပေးမှုများကြောင့်လည်း ဖြစ်ပါသည်။

ပြန်လည်သင့်မြတ်ရေးကိစ္စအပေါ် ဗိုလ်ချုပ်သန်းရွှေ၏ သဘောထားကို လူအများက သံသယ ဖြစ်နေကြသည်မှာ ခိုင်လုံလှသော်လည်း ယခု ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ၏ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့အကြား ဆောင်ရွက်နေကြသော တွေ့ဆုံ ဆွေးနွေးမှုများက အမှန်တကယ် အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းဆီသို့ ဦးတည်သွားနိုင်ဖွယ် လည်း ရှိနေပါသည်။

သို့သော်ငြား နိုင်ငံတကာမိသားစုက နှစ်ဆတိုး၍ ကြိုးပမ်းဆောင်ရွက်လာခဲ့လျှင်လည်း မြန်မာနိုင်ငံ အပြောင်းအလဲများ အတွက် လုံလောက်စေ့ငှမှု ရှိလိမ့်ဦးမည်ဟု မဆိုနိုင်ပါ။ တပ်မတော်၏ မျိုးဆက်သစ်ခေါင်းဆောင်များက အတွင်းမှနေ၍ တိုက်တွန်း ဖိအားပေးမှုများ ဆောင်ရွက်ကြရန်လည်း လိုအပ်နေပါသည်။

စစ်တပ်က တိုင်းပြည်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပေါ်ပေါက်လာစေရေးအတွက် အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေပြီး ထိုဖွဲ့စည်းပုံဥပဒေကိုလည်း ပြည်သူအများစုက လက်ခံရန် လိုအပ်ပါသည်။ တပ်မတော်ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အတိုက်အခံ အင်အားစုများအကြား ရင်ဆိုင်နေ ကြရသော ရှေ့မတိုး နောက်မဆုတ်သာ အကြပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် ကုလသမဂ္ဂ အထူးသံကိုယ်စားလှယ်က အကြံပြုခဲ့သည်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရာတွင် အပေးအယူပြု ညှိနှိုင်းကြရန်ပင် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်ကို တည်ထောင်ခဲ့သူ ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်ပြီး တပ်မတော်၏ ဂုဏ်သိက္ခာကိုလည်း အလေးအနက်ထား စဉ်းစားသူတဦး ဖြစ်ပါသည်။ သူက တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ပါမည်ဟု ပင် လူသိရှင်ကြား ထုတ်ပြန်ကြေညာခဲ့ပြီး အမျိုးသားညီညွတ်ရေးကိုလည်း အလေးပေးဖော်ပြထားခဲ့ပါသည်။

တပ်မတော်သည် ပြည်ထောင်စုမြန်မာနိုင်ငံရှိ အင်အားအတောင့်တင်းဆုံး အဖွဲ့အစည်းဖြစ်သလို သမိုင်းပေးတာဝန်အရ လည်း ၎င်းတာဝန်ကို ထမ်းဆောင်ရတော့မည့် အချိန်ကျရောက်နေပါသည်။ ဤဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေဆိုင်ရာ ညှိနှိုင်း အပေးအယူပြုမှုများနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်များ၌ တပ်မတော်က ဟန့်တားပိတ်ဆို့နေသည့် အတားအဆီးတခု ဖြစ်မနေစေသင့်ပါ။ ထိုမျှမက တပ်မတော်အနေဖြင့် ဤလုပ်ငန်းစဉ်အတွင်း၌ ကဏ္ဍတရပ်အနေဖြင့် အဖြေတရပ်အဖြစ် ပါဝင်ဆောင်ရွက်သင့်လှပါသည်။

မြန်မာနိုင်ငံ၏ အခြေခံကျသည့် ပြဿနာမှာ ပြည်သူလူထုကို ကာကွယ်ပေးမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတရပ် ရှိမနေခြင်းပင် ဖြစ်ပါသည်။ ဤလစ်ဟာချက်ကို ဗိုလ်ချုပ်သန်းရွှေဦးဆောင်သော လက်ရှိစစ်တပ်ခေါင်းဆောင်ပိုင်းက ဖြည့် ဆီးရန် ကြိုးပမ်းနေသည်ဟု ဆိုသော်လည်း အရပ်ဘက်လူမှုအဖွဲ့အစည်းများကို ပစ်ပယ်၍ အကြွင်းမဲ့လွှမ်းမိုးထိန်းချုပ် နိုင်ရေး ကို ဦးတည် ဆောင်ရွက်နေကြပါသည်။

မျိုးဆက်သစ် စစ်ခေါင်းဆောင်များအနေဖြင့် သဘောပေါက်ထားရမည့်အချက်မှာ တပ်မတော်သည် ပြည်ထောင်စု မြန်မာ နိုင်ငံ၏ ပင်မကျောရိုး မဏ္ဍိုင်သဖွယ်ဖြစ်သည်ဟူသော အယူအဆကို ပထမဦးစွာ စတင်ချမှတ်ခဲ့သူမှာ ဗိုလ်ချုပ်နေ၀င်း ဖြစ်ပြီး လွတ်လပ်ရေး နောက်ပိုင်းကာလ အမျိုးသားညီညွတ်ရေးတည်ဆောက်နိုင်ရန် နည်းနာတခုအဖြစ် ချမှတ်ခဲ့ခြင်း လည်း ဖြစ်ပါသည်။ လက်ဝဲအင်အားစု နိုင်ငံရေးသမားများကို ဘေးဖယ်ထားလိုသည့် သဘောဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ် သည်။ဤသို့ ဆောင်ရွက်ခဲ့မှုကြောင့် အဆက်ဆက်သော စစ်အာဏာရှင်စနစ်များ ပေါ်ပေါက် လာခဲ့ရသလို တခြားနိုင်ငံရေး ဖြစ်ထွန်းတိုးတက်မှု၊ လူမှုရေး၊ စီးပွားရေး ဖြစ်ထွန်း တိုးတက်မှုများကိုလည်း မဆောင်ကျဉ်းနိုင် ဖြစ်ခဲ့ကြရပါသည်။

ဗိုလ်ချုပ်သန်းရွှေက ယခုအခါ ဤအယူအဆကိုပင် ဆက်လက်၍ ကျင့်သုံးနေပြီး ဆိုရှယ်လစ်စနစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို ဖျက်သိမ်းခဲ့ပြီးနောက်ပိုင်းတွင် စစ်တပ်ကျောထောက် နောက်ခံ ပြုထားသည့် မင်းစိုးဧကရာဇ်အုပ်ချုပ်မှု စနစ် ဆန် ဆန် ဖွဲ့စည်းအုပ်ချုပ်ပုံကို အတည်ပြုနိုင်ရန် ကြိုးပမ်းနေပါသည်။ မြန်မာ့သမိုင်းမှ ထင်ရှားသည့် ဘုရင်သုံးပါးရုပ်တုများအား မြို့တော်သစ် နေပြည်တော်တွင် စိုက်ထူစေခဲ့သည်ကိုကြည့်ခြင်းအားဖြင့် သူ၏ စံပြုထားချက်များ၊ မျှော်မှန်းချက်များ ကိုလည်း ထင်ဟပ်နေပါသည်။

ဗိုလ်ချုပ်သန်းရွှေသည် ရက်စက်ကြမ်းကြုတ်သည့် အုပ်စိုးသူသာ ဖြစ်သည်။ သူက နိုင်ငံတော်အာဏာကို အကြွင်းမဲ့ ထိန်းချုပ်နိုင်ရေးအတွက် ခရီးလမ်းတလျှောက်တွင် ခလုတ်ကန်သင်း မှန်သမျှကို အင်အားဖြင့် သုတ်သင်ဖယ်ရှားခဲ့သူ ဖြစ်သည်။ အချုပ်အခြာအာဏာပိုင်သည့် မည်သည့်နိုင်ငံတခု၏ စံချိန်စံနှုန်းများနှင့်မျှ တိုင်းတာသည်ဖြစ်စေ ဤသို့ ပြုမူ ကျင့်သုံးပုံမျိုးကို လက်ခံနိုင်ဖွယ် မရှိပါ။

လက်ရှိ ဗိုလ်ချုပ်သန်းရွှေဦးဆောင်နေသည့် စစ်ကျွန်ပြုရေး၊ စစ်တပ်က လွှမ်းမိုးထိန်းချုပ်ထားရေး လမ်းကြောင်းဖြင့်သာ ဆက်သွားပါက မြန်မာနိုင်ငံအနေဖြင့် အဖတ်ဆယ်မရသည့် နိုင်ငံတခုဖြစ်သွားမည့် အလားအလာ အန္တရာယ်လည်း ရှိနေပါသည်။ တနည်းဆိုရလျှင် နိုင်ငံရေးပြောင်းလဲမှုများ ရုတ်ချည်းဖြစ်ပေါ်လာပါက၊ လူအများက စိတ်ဆန္ဒပြင်းပြစွာ လှုပ်ရှား ဆောင်ရွက်လာကြပါလျှင်လည်း နိုင်ငံအနေဖြင့် ဖရိုဖရဲ မင်းမဲ့အခြေအနေမျိုး ဆိုက်ရောက်ရမည့် အန္တရာယ်လည်း ရှိနေပါ သေးသည်။

ပြည်ထောင်စုမြန်မာနိုင်ငံသားများသည် သူတို့အကျိုးကို ဆောင်ရွက်ပေးမည့်၊ ကာကွယ် စောင့်ရှောက်ပေးမည့် တပ်မတော် တခုကို လိုအပ်နေကြပါသည်။ အရပ်ဘက်လူမှုအဖွဲ့အစည်းများကို လေးစားမှုရှိသည့် ဒီမိုကရေစီ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေတရပ်ကို သစ္စာစောင့်သိရိုသေမည့် တပ်မတော်ကို အလိုရှိနေကြပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံသားများ ဖြစ်ကြသည့် တပ်မတော် မျိုးဆက်သစ်ခေါင်းဆောင်များက ဤအခွင့်ကောင်းကို အမိအရဆုပ်ကိုင်ရန် လိုအပ်ပြီး ဖွဲ့စည်းပုံ ဆိုင်ရာ အပေးအယူညှိနှိုင်းမှု၊ ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များကို ပိုမိုလျှင်မြန်တိုးတက်မှုရှိစေရန် ဆောင်ရွက်သင့်ကြ ပါသည်။

ကျွမ်းကျင်၍ အရည်အချင်းပြည့်ဝသည့် စစ်တပ်တရပ်ထားရှိရေးသည် နိုင်ငံတခု၏ လိုအပ်ချက်ဖြစ်ပြီး တိုင်းပြည်၏ ပြင်ပ ရန်များ ကာကွယ်ရေးအတွက် မရှိမဖြစ် ထားရှိရမည် ဖြစ်ပါသည်။ နိုင်ငံ ငြိမ်ဝပ်ပိပြားရေးကိစ္စများတွင် ရဲတပ်ဖွဲ့များချည်း သက်သက်နှင့် မဆောင်ရွက်နိုင်သော ကိစ္စများတွင်လည်း စစ်တပ်ကို နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအတိုင်း တရားနည်းကျ ခေါ်ဆို၍ ကာကွယ်စောင့်ရှောက်မှု ရယူနိုင်ပါသည်။

သို့သော်လည်း ဖွဲ့စည်းပုံဥပဒေတရပ် မရှိသည့်အခြေအနေတွင် ဗိုလ်ချုပ်သန်းရွှေက စစ်တပ်ကို လိုသလို အမိန့်ပေး၍ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြသော၊ သူတို့၏ ဒီမိုကရေစီအခွင့်အရေးများကို ကျင့်သုံးခဲ့ကြသော အပြစ်မဲ့ပြည်သူများကို ဖိနှိပ်နေခဲ့ ပါသည်။

တပ်မတော်သားများအနေဖြင့် သတိပြုသင့်သည့်အချက်မှာ လတ်တလောဖြစ်ခဲ့သော ဆန္ဒပြပွဲများမှာ လူထုက စစ်တပ်ကို ဆန့်ကျင်ကြခြင်းမဟုတ်ကြောင်း သိစေသင့်ပါသည်။ သို့သော်လည်း ဗိုလ်ချုပ်သန်းရွှေက အစိုးရအကြီးအကဲအနေဖြင့် အဆမတန် အင်အားသုံး၍ ဤဆန္ဒပြပွဲများကို ချေမှုန်းဖြိုခွင်းရန်၊ တရားလက်လွတ် ဆောင်ရွက်စေရန် ညွှန်ကြား အမိန့်ပေးခဲ့ ပါသည်။

သို့အတွက်ကြောင့် ယခုအချိန်တွင် မျိုးဆက်သစ် စစ်ခေါင်းဆောင်များအနေဖြင့် ၎င်းတို့၏ ကွပ်ကဲမှု

အောက်ရှိစစ်သားများ ကို ပညာပေးသွန်သင်သင့်ပြီး ၎င်းတို့၏ အထက်အရာရှိများကိုလည်း တိုက်တွန်းပြောဆိုရတော့မည့်အချိန် ဖြစ်ပါသည်။ တပ်မတော်အနေဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာ အပေးအယူပြု ညှိနှိုင်းမှုနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက် ရန် သမိုင်းပေးတာဝန်ကို ထမ်းဆောင်ရတော့မည့် အချိန်လည်း ဖြစ်ပါသည်။

ထိုမျှမက လက်ရှိပြင်ဆင်ထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် အထူးတလည် မဟုတ် လက်ရှိအခြေအနေကို ဟန်မပျက် ဆက်နေရေး၊ အာဏာကို ရေရှည်ထိန်းချုပ်ထားနိုင်ရေးအတွက်သာ ဖြစ်ကြောင်းကိုလည်း သူတို့နားလည် သဘောပေါက်ထားသင့်ပေသည်။ အပြောင်းအလဲများ မလုပ်ဆောင်နိုင်ပါက နောက်ထပ်လူထုအုံကြွမှုများနှင့် မလွဲမသွေ ကြုံကြရဦးမည် ဖြစ်သည်။

အရပ်ဘက် အာဏာပိုင် ဖွဲ့စည်းပုံများ ခိုင်ခိုင်မာမာ ရှိမနေသည့် အခြေအနေတွင် ဗဟိုမှ ချုပ်ကိုင်ထားသည့် စစ်အာဏာရှင် စနစ်သာ ပြိုလဲခဲ့ပါက ပြည်ထောင်စုကြီးအနေဖြင့် အသီးသီးသော စစ်ဘုရင်အုပ်စုများက နယ်စားပယ်စားများသဖွယ် အုပ်ချုပ်နေကြသည့် အခြေအနေသို့ အစိတ်စိတ် အမွှာမွှာပြိုကွဲသွားနိုင်သည့် အန္တရာယ်လည်း ရှိနေပါသည်။

သို့အတွက်ကြောင့် တပ်မတော်အနေဖြင့် အရဲစွန့်၍ အစပျိုး လုပ်ဆောင်သင့်နေပြီ ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီတရပ်ကို မကြာသေးမီက ဖွဲ့စည်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး ကော်မတီတွင် ပါဝင်ဖွဲ့စည်းမည်ဆိုလျှင်လည်း ထည့်သွင်းနိုင်ပါသည်။ ဤ နည်းဖြင့် ပို၍ ပါဝင်ဆောင်ရွက်နိုင်ကြ သော၊ ပွင့်လင်းမြင်သာသော တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာစေရေးအတွက် ဆောင်ရွက်နိုင်ပါသည်။

ထို့အပြင် မစ္စတာဂမ်ဘာရီ အကြံပြုခဲ့သော ဆင်းရဲမှုလျော့နည်း ကျဆင်းရေးကော်မတီကိုလည်း ဖွဲ့စည်းနိုင်ပါသည်။ ဤ နည်းအားဖြင့် နိုင်ငံတကာက နအဖ စစ်အစိုးရအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်လွှဲနိုင်မည့်အပြင် နိုင်ငံ အတွက် အထူးလိုအပ်နေသော ဘဏ္ဍာရေး အကူအညီများကိုလည်း ရယူနိုင်ကြပါလိမ့်မည်။

တပ်မတော်အနေဖြင့်လည်း ၎င်း၏ လမ်းကြောင်းကို ပြောင်းလဲရန် အဆင်သင့်ပြင်ဆင်ထားသင့်ပြီး ပြည်ထောင်စု မြန်မာ နိုင်ငံအတွင်းရှိ ပြည်သူလူထုက လက်ခံနိုင်မည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတရပ် ပေါ်ပေါက်စေရေးအတွက်လည်း ပြည်သူများနှင့်အတူ လက်တွဲ ဆောင်ရွက် ကြရတော့မည့် အချိန် ဖြစ်ပါသည်။

သို့မှသာ တပ်မတော်အနေဖြင့် ပြည်ထောင်စုနှင့် ပြည်သူများအပေါ် ကာကွယ်စောင့်ရှောက် ပေးနေသည့် ၎င်း၏ဂုဏ်သိက္ခာ ကို ပြန်လည်တည်ဆောက်နိုင်တော့မည် ဖြစ်ပါသည်။

၂၀၀၇ ခုနှစ် နိုဝင်ဘာ ၂၀ ရက် ဧရာဝတီ အင်တာနက်စာမျက်နှာတွင် ရဲထွဋ် ရေးသည့် New Generation of Tatmadaw Officers Needed to Promote Change ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

ရဲထွဋ်သည် မြန်မာနိုင်ငံအတွင်း နေထိုင်နေသူတဦးဖြစ်ပြီး တပ်မတော်အရာရှိ မိသားစုမှ

ပေါက်ဖွားကြီးပြင်းလာသူ ဖြစ်ပါသည်။

အပြည့်အစုံဖတ်လိုလျှင်

Articles that posted in Arts & Literature Exhibtion

Friday, November 9, 2007

ပေးစာတစ်စောင်

မြန်မာနိုင်ငံမှရုရှားနိုင်ငံသို့ ရည်ရွယ်ချက်ကြီးမားစွာစေလွှတ်ခဲ့သော စစ်ဗိုလ်များသည် စီးပွားရေးများ အပြိုင်အဆိုင် လုပ်နေကြသဖြင့် ရုရှား နိုင်ငံရောက် စစ်ဗိုလ်အများစုမှာ ဒုက္ခရောက်နေရပါတယ်။ ပထမစီးပွားရေးမှာ ငွေကြေးများအား စစ်သားအချင်းချင်း အမေရိကန်ဒေါ်လာ (၁၀၀) ကိုရူဘယ်(လ်) (၂၀၀)နှုန်းဖြင့် ချေးစားခြင်းဖြစ်ပါတယ်။ ထိုဖြစ်ရပ်မှာ ရုရှားတွင်မစား၊ မသောက်မ၀ယ်မခြမ်းပဲ စုထားသောငွေများအား အတိုးပေးပြီး ချေးခြင်းဖြစ်ပါတယ်။ အတိုးနှုန်းမှာ အမေရိကန်ဒေါ်လာ(၁၀၀)ကို ရူဘယ်(လ်)(၁၅၀) သာဖြစ်သော်လည်း ကြားမှပွဲစားက တာဝန်ယူပြီးချေးသောအခါ အတိုးနှုန်းမှာ ရူဘယ်(လ်)(၂၀၀) ခန့်အထိ တိုးမြင့်သွားပါတယ်။

ဒုတိယတစ်ခုမှာ မြန်မာမှစစ်ဗိုလ်များရောက်ရှိလာချိန် သြဂုတ်လလောက်တွင်ဖြစ်ပါသည်။ ရုရှရောက် Ph.D Senior ကျောင်းသားများ နှင့်အခြားစီးပွားရေးလုပ်ချင်သောသူများမှ မြန်မာမှ အစားအသောက်များကို လေယာဉ်ပျံဖြင့် သယ်ခဲ့ပါတယ်။ ထိုသို့သယ်ရာတွင် တံတား ဦးလေဆိပ်မှ ရုရှသို့သယ်သည်ဖြစ်ရာ မြန်မာလေဆိပ်မှ တာဝန်ရှိသူများဖြင့် ဈေးညှိကာ မြန်မာအစားအသောက်များဖြစ်သော လက်ဖက်၊ ဆတ်သားခြောက်၊ ဆေးပေါ့လိပ်၊ လန်ဒန်၊ ငါးခြောက်စသည်ဖြင့် ပစ္စည်းများကို အထုပ်ကြီးများစွာဖြင့် သယ်ခဲ့ပါတယ်။ ရုရှလေဆိပ်သို့ ရောက်သောအခါတွင် ပိုင်ရှင်များမှ သူတို့၏ပစ္စည်းများကို လာယူသွားပါတယ်။ ထိုပစ္စည်းများမှာ မြန်မာတွင် လဖက်တစ်ထုပ်ကို မြန်မာကျပ် (၂၀၀) တန်ကို ရုရှတွင် (၂)ဒေါ်လာဖြင့်ရောင်းပါတယ်။ (၁)ဒေါ်လာမှာ မြန်မာတွင် (၁၃၀၀)ကျပ်ကျော်ပါတယ်။ ထိုကဲ့သို့ ရောင်းချခဲ့သော မြန်မာပစ္စည်းများစွာရှိပါတယ်။


တတိယတစ်ခုမှာ ဖုန်းကဒ်များရောင်းချခြင်းဖြစ်ပါတယ်။ ရုရှရောက်မြန်မာစစ်သားများမှာ မိမိတို့အိမ်သို့ ဖုန်းဆက်ရာတွင်(megafon ကဒ်) အသုံးပြုပါတယ်။ ထိုဖုန်းကဒ်မှာ မြန်မာသို့ (၁)မိနစ်လျှင် (၁၀)ရူဘယ်(လ်) ကျပါတယ်။ ထိုဖုန်းကဒ်အားမူရင်း (၁၅၀)ရူဘယ်(လ်) ယူကာ လကုန်ပေးအကြွေးစနစ် (၁၇၀)ဖြင့် ရောင်းချပါတယ်။ ထိုဖုန်းကဒ်မှာ တော်ပါသေးတယ်။ ယခုတော့ရုရှားတွင် နံမည်ကြီးနေသော Internet မှ hacking လုပ်ပြီးသုံးစွဲရသော net ကဒ်များကိုရောင်းချအသုံးပြုနေကြပါတယ်။Yahoo မှ Webcall Direct ကဒ်များဖြစ်ပါတယ်။ ထိုကဒ် များ၏အရင်းမှာ (၂၅) Euro အား (၂၂၀) ရူဘယ်(လ်) လောက်ဖြင့် ရရှိပြီး (၅၀) Euro အား (၄၃၀)ရူဘယ်(လ်)ဖြင့်ရပါတယ်။ သို့သော် ထိုကဒ်များအား(၂၅) Euroအား (၃၈၀)ရူဘယ်(လ်) ဖြင့်ရောင်းချကာ (၅၀) Euro ကဒ်အား(၆၅၀) ရူဘယ်(လ်)ဖြင့်ရောင်းချပါတယ်။Yahoo (၂၅) ဒေါ်လာကဒ်၏ အရင်းမှာ (၂၆၀) ရူဘယ်(လ်) ဖြစ်သော်လည်း (၃၈၀)ရူဘယ်(လ်) ဖြင့်ရောင်းချပါတယ်။ အတိုးပေးသော လူများဆီမှအတိုးနှုန်း သက်သက်သာသာဖြစ်သော်လည်းကောင်း၊ အိမ်မှငွေယူဖြင့်သော်လည်းကောင်း၊ ငွေစိုက်ကာ အဆောင်အသီးသီးတွင် အရောင်းကိုယ်စားလှယ်များ ခွဲကာရောင်းချပါတယ်။ ထို့အပြင်အဆောင်များတွင် ဗီယက်နမ်ဆိုင်များဖွင့်ကာ ချက်ပြုတ်ရေး မီးဖိုဆောင် သုံးပစ္စည်းများအား ဗီယက်နမ်ဈေးမှတဆင့် ရောင်းချကြပါတယ်။ လူတစ်ဦးနှစ်ဦးမှ အားလုံးကို ချုပ်ကိုင်ကာ အဆောင်များတွင် လက်ခွဲဆိုင်များဖြင့် ရောင်းချခြင်းဖြစ်ပါတယ်။ ထို့အပြင် အဆောင်တိုင်းတွင်လည်း ဘီယာ၊ အရက်များကိုလည်း ကြိုက်တဲ့ အချိန်တိုင်း ၀ယ်ယူသောက် သုံးနိုင်ပါတယ်။ ရုရှားတွင် ပိုက်ဆံမလောက်ကြသော၊ ပိုက်ဆံမရှိကြသောနှင့် ပိုက်ဆံအပိုရှိလိုသော အရာရှိများသည် ရုပ်ရှင်ရိုက်ကြသည်။ တစ်ယောက်လျှင် အနဲဆုံး (၅၀၀)ရူဘယ်(လ်) မှ (၁၀၀၀)ကျော်အထိရကြပါတယ်။ မည်သည့်အခန်းတွင် ရိုက်ရသည်မသိပါ။ ကျွန်ုပ်ထင် သည်မှာတော့ လူမိုက်ခန်းများနှင့် ဝေလေလေအခန်းများတွင် ရိုက်ရသည်ထင်ပါသည်။ ရုရှရောက် နိုင်ငံ့ဂုဏ်ဆောင် မြန်မာစစ်ဗိုလ်များ နောင်တစ်ခေတ်၏ အောင်စစ်သည်များအကြောင်းကတော့ ပြောလို့မကုန်နိုင်ပါ။

၎င်းမှာရုရှရောက် မြန်မာစစ်ဗိုလ်များ၏ အချင်းချင်း စီးပွားရေးလုပ်ခေါင်းပုံဖြတ်၊ စစ်သားချင်း စီးပွားရေး လုပ်မှုများဖြစ်ပါတယ်။ နိုင်ငံတော်၏ ရည်ရွယ်ချက်ရှိ မရှိမသိရသော်လည်း ထိုကဲ့သို့ ချစ်တီးစိတ်ဓါတ်ရှိကာ စစ်သားစိတ်မရှိပဲ ကိုယ့်အကျိုးကိုသာ ကြည့်နေကြသော စစ်ဗိုလ်များသာ နိုင်ငံခေါင်းဆောင် ဖြစ်ခဲ့မည်ဆိုလျှင် မြန်မာနိုင်ငံ၏အနာဂါတ်ကို စဉ်းစားကြည့်နိုင်ပါသည်။



(မူရင်းရေးသားပေးပို့သူ မျိုးချစ်မြန်မာစစ်သည်အား ကျေးဇူးအထူးပင် တင်ရှိပါကြောင်း မှတ်တမ်းတင် အပ်ပါသည်ခင်ဗျား)



အပြည့်အစုံဖတ်လိုလျှင်

Articles that posted in Arts & Literature Exhibtion

ဒေါ်စုကို ပံ့ပိုးပေးကြပါ။ ကိုယ့်တာဝန် ကိုယ်ကျေနိုင်ကြပါစေ (ဆောင်းပါး)

ဆောင်းပါး

ဘိုဘိုကျော်ငြိမ်း


Tuesday, 04 December 2007 21:32 - မြန်မာစံတော်ချိန်



လက်ရှိ ဗမာနိုင်ငံရဲ့ အခြေအနေဟာ သိမ်မွေ့တယ်လို့လဲ ဆိုနိုင်တယ်။ ကျနော် အမြဲတင်ပြခဲ့သလို ကျနော်တို့ နိုင်ငံရဲ့ နောက်ဆုံးမိုင် The last mile ကို ဒေါ်စု တယောက်ပဲ လျှောက်နိုင်ပါတယ်။ နိုင်ငံအတွက် ငြိမ်းချမ်းသောနည်းနဲ့ အဖြေရှာ ရမယ်ဆိုရင်၊ တွေ့ဆုံ ဆွေးနွေးရေးနဲ့ အဖြေရှာရမယ်ဆိုရင် လူထုကိုယ်စား၊ တိုင်းပြည်ကိုယ်စား ဒေါ်စုပဲ နောက်ဆုံးမိုင်ကို ဦးဆောင်လျှောက်နိုင်ပါတယ်။ တကမ္ဘာလုံးနဲ့ တပြည်လုံးက ဒေါ်စုကိုပဲ ယုံကြည်အားကိုးကြလို့ပါ။

ဒါပေမယ့် လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်လေ့ရှိပါတယ်။ ပြည်သူအများက ငြိမ်းချမ်းရေးနဲ့ တိုင်းပြည် တိုးတက်ရေးကို လိုလားပေမယ့် ဓါးမိုးအုပ်ချုပ်လျှက်ရှိတဲ့ စစ်အာဏာရှင်တွေကလည်း တိုင်းပြည်နဲ့ လူမျိုးအပေါ် စေတနာရှိမှ၊ ငြိမ်းချမ်းစွာ အဖြေရှာလို့ ရနိုင်ပါမယ်။ နိုင်ငံရေးဆိုတာ အာဏာနဲ့ ရောယှက်နေတာကြောင့် အာဏာလက်ကိုင်ထားသူတွေဟာ လွယ် လွယ်နဲ့ အာဏာကို လွှဲပေးလေ့ မရှိပါဘူး။ ဥပါယ်တမျည်နဲ့ ရှေ့တိုး နောက်ဆုတ် အမျိုးမျိုး ဉာဏ်ကစား လှည့်ဖျားပြီး မတတ်သာမှ အလျှော့ပေးလေ့ ရှိကြပါတယ်။ ဒါကြောင့် လက်ရှိ အခြေအနေဟာ အလွန်သိမ်မွေ့ပြီး ဒေါ်စုနောက်က "တသံ" တည်း ထွက်နိုင်မှ အင်အားပြနိုင်မှ တော်ရုံကျမယ်လို့ ထင်မြင်မိပါတယ်။

လူ့ဘ၀မှာ အခွင့်အရေး (opportunity) ဆိုတာ နှစ်ခါဆက်တိုက် လာလေ့ မရှိတတ်ကြပါဘူး။ ရတောင့်ရခဲ အသက်ပေါင်း များစွာနဲ့ ရင်းခဲ့ရတဲ့ အခွင့်အရေးကို လက်လွတ်မသွားစေချင်ပါ။ လက်ရှိ အခြေအနေကို လက်တွေ့ကျကျ သုံးသပ်ပြီး ထောက်ခံသင့်တာကို ထောက်ခံ၊ လုပ်သင့်တာကို လုပ်ပြီး (အားလုံး) ကိုယ်စီ ကြိုးစားကြဖို့ လိုအပ်ပါတယ်။

တဘက်ကလည်း မျက်စေ့မှိတ်ပြီး မျှော်လင့်ချက် မပိုစေချင်ပါ။ ယနေ့အခြေအနေဟာ မျှော်လင့်ချက် ရောင်ခြည်သန်းတဲ့ အဆင့်ပင် မရောက်သေးပါ။ မျှော်လင့်စရာရှိနိုင်သည့် အခြေအနေသို့သာ ရောက်ပါသေးသည်။ မျှော်လင့်ချက် (hope) ပေး ပြီး နိုင်ငံရေးကစားနိုင်သည်ကိုလည်း မေ့၍ မရပါ။ ၁၉၈၈ (၈၈၈၈) ပြည်သူ့အုံကြွမှုကြီးတုန်းကလည်း စစ်တပ်က ဒီမိုကရေစီ ပေးမည့်ပုံယောင်ယောင်၊ နိုင်ငံရေးကစားပြီး နားလှည့်ပါးရိုက် အားလုံးကို လှည့်စားခဲ့ဖူးပါသည်။ မျှော်လင့်ချက် (hope) ပေးပြီး (၈၈၈၈) ပြည်သူ့အုံကြွမှုကြီးရဲ့ အရှိန်(momentum) ကို ရိုက်ချိုးခဲ့ဖူးပါသည်။ ယနေ့လည်း တွေ့ဆုံ ဆွေးနွေးရေး မျှော်လင့်ချက် ပေးထားရုံသာ ရှိပါသေးသည်။ (အရိပ်) ကိုသာ ဖော်ပြထားပါသည်။ အကောင်အထည်ကို မမြင်ရသေးပါ။

အမှန်ကို သတ္တိရှိရှိ ကြည့်တတ်လျှင် ဒေါ်စုသည် ကိုယ်ကျိုးစွန့်၍ အနစ်နာခံကာ တိုင်းပြည်အတွက် စေတနာထားကာ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းမှာသာ မပြောင်းမလဲ တောက်လျှောက် ရပ်တည်ခဲ့သော်လည်း (နအဖ) စစ်ဗိုလ်ချုပ် တို့က အလေးမထားခဲ့ဟု ဆိုနိုင်ပါသည်။ ဒီပဲယင်းတွင် လုပ်ကြံခဲ့ကြပြီး ဒင်းတို့ကပင် မတရား ပြည်သူ့ခေါင်းဆောင်ကို အိမ်တွင်း အကျဉ်းချခဲ့သည်မှာ ယနေ့ထက်တိုင်ပင် မဟုတ်ပါလား?

ဆင်းရဲမှုဒဏ်၊ အာဏာနှင့် မတရားဖိနှိပ်မှုဒဏ်ကို အနှစ် (၄၀) ကျော်ကျော် နှစ်ဘက်ညှပ် ခံနေရသော ပြည်သူလူထုက တဖန်လမ်းပေါ်မှာ ရဲရဲကြီး ၎င်းတို့၏ဆန္ဒကို ကြွေးကြော်ခဲ့မှ၊ အသက်ပေါင်းများစွာ စတေး၍ ထပ်မံတောင်းဆိုလာမှ၊ ကမ္ဘာ့ ပရိသတ်ကပါ တောင်းဆိုလာမှ ဘုရား၏သားတော် ရဟန်းတော်များ ဦးဆောင်တောင်းဆိုလာမှ၊ မနေသာတဲ့အဆုံး UN နဲ့ ဂမ်ဘာရီကို အသုံးပြုပြီး မျှော်လင့်ချက်နှင့် အရှိန်သတ်ရန် တွေ့ဆုံ ဆွေးနွေးရေးကဒ် (card) ကို ဖုန်သုတ်ကာ နိုင်ငံရေးစင်ပေါ် တင်ပြလာရသည် မဟုတ်ပါလား?

ဤဖြစ်ရပ်များကို သက်သေပြု၍ နိုင်ငံရေးတွေး တွေးမယ်ဆိုရင် (နအဖ) စစ်ဗိုလ်တွေ စိုးရိမ်ထိပ်လန့်တာ၊ ပြည်သူ့အုံကြွမှု တခုပဲလို့ တွေးဆနိုင်ပါတယ်။ ကျနော့ရဲ့ ပုဂ္ဂိုလ်ရေး အမြင်တခုထဲနဲ့ ပြောရရင် ပြည်သူ့အုံကြွမှု ရှေ့တလှမ်း မတိုးနိုင်ခင် တဖက်က ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နင်းပြီး၊ တဖက်က မျှော်လင့်ချက်ပေးပြီး အုံကြွမှုအရှိန်ကို ရိုက်ချိုးလိုက်တာလို့ ပဲ ရိုးရိုးသားသား သုံးသပ်မိတယ်။ နိုင်ငံရေးမှာ ရေမှုတ်တဖက်၊ မီးတစဖက် လုပ်ကြတာ လူ့သမိုင်း ပေါ်လာကတည်းကပါပဲ။

အရေးအကြီးဆုံးက နိုင်ငံရေးလှည့်ကွက်ကို နားလည်ပြီး၊ သတိရှိကြဖို့ပါ။ ကြိုတင် ပြင်ဆင် ထားဖို့ပါ။

ဒေါ်စုရဲ့ ကြီးမားတဲ့ စွန့်လွှတ်ချက်တွေကို ကျနော် အလေးမပြုဘဲ မနေနိုင်ပါ။

ဒေါ်စုရဲ့ တိုင်းပြည်အပေါ် စေတနာကို မလေးစားဘဲ မနေနိုင်ပါ။

ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ တိုင်းပြည်တာဝန်ကို ပခုံးပေါ်တင်ပြီး သတ္တိရှိရှိ ဦးဆောင်ရဲတာကို အသိအမှတ်ပြု ဦးညွှတ်ရပါမယ်။ ဒါကြောင့် ဒေါ်စုကို ကျနော် အမြဲတမ်း ထောက်ခံခဲ့ပါတယ်။ ဒါကြောင့်လည်း ဒေါ်စုနောက်က တသံတည်း ထွက်ကြဖို့ တောင်းဆိုနေတာပါ။

အာဏာကိုင်ထားတဲ့ (နအဖ) စစ်ဗိုလ်တွေနဲ့ ဉာဏ်ကစားကြရာမှာ အသိဉာဏ်တခုထဲ အားကိုး၍ မရပါ။ (အင်အား) လိုပါတယ်။

အာဏာယစ်မူးနေကြတဲ့ စစ်ဗိုလ်ချုပ်တွေက လူ (၅) သိန်းရှိတဲ့ စစ်တပ်ကို (အား) ယူထားပါတယ်။ တရုတ်နဲ့ ဗမာကွန်မြူနစ်တွေရဲ့ ဘုရားသခင်ဖြစ်တဲ့ မော်စီတုံး ဟောကြားခဲ့တဲ့

အာဏာဟာ သေနတ်ပြောင်းဝက လာတယ်ဆိုတဲ့ ဟောကြားချက်ကို နှလုံးသွင်း ခံယူထားပါတယ်။ ပေါက်ဖော် တရုတ်ကြီးကို ရှိခိုးဂါဝရပြုပြီး တရုတ်ကြီးရဲ့ အရိပ်ကို ခိုလှုံလျှက် ရှိတယ်။

ဒေါ်စုရဲ့ အင်အား၊ ကျနော်တို့အားလုံးရဲ့ အင်အားဟာ ဘာလဲ?

မှန်ကန်သော ယုံကြည်မှု၊ စေတနာနဲ့ သန်း (၅၀) သော ပြည်သူတွေပဲ ဖြစ်တယ်။ ဒါပေမယ့် သန်း (၅၀) ရှိသော ပြည်သူကို ဘာကြောင့် (၅) သိန်းသာရှိတဲ့ စစ်တပ်က ဖိနှိပ်နိုင်တာလဲ? နိုင်ငံရေးမှာ disorganized majority လို့ဆိုတဲ့ စုစည်းမှုနဲ့ ဖွဲ့စည်းမှု မရှိတဲ့ (လူများစု) ကို၊ Organized minority လို့ခေါ်တဲ့ စုစည်းမှုနဲ့ ဖွဲ့စည်းမှုရှိတဲ့ လူနည်းစုက ဗိုလ်ကျအနိုင်ကျင့် တတ်ပါတယ်။ စစ်တပ်မှာ ဖွဲ့စည်းမှုရှိတယ်။ စည်းကမ်းရှိတယ်။ စစ်တပ်တိုင်းမှာ တသွေး၊ တသံ၊ တမိန့်ဆိုတဲ့ အမိန့်နာခံ ရတဲ့ ၀န်ထမ်းရှိတယ်။ ဂရစ် စပါတာ Sparta ခေတ်ကတည်းက စစ်တပ်ဆိုတာ unit နဲ့ တိုက်တယ်။ ဒါကြောင့် (၅) သိန်း သာ ရှိတဲ့ စစ်တပ်က unit အနေနဲ့ ရပ်တည်နိုင်တယ်။ ပစ်ဆိုရင် မိုက်မိုက်ကန်းကန်း သံဃာတော်တွေပါ မရှောင် ပစ်တာပါ။

ပြည်သူဆိုတာ သန်း (၅၀) ဆိုပေမယ့် ဖွဲ့စည်းမှု မရှိဘူး။ တဖက်က စစ်တပ်က ဖွဲ့စည်းမှုမရှိအောင် ဖိနှိပ်ချုပ်ချယ်ထားသလို တဖက်ကလည်း ညီညွတ်မှ အင်အားဖြစ်မယ်ဆိုတဲ့ (အသိ) ကို မဖော်ထုတ်နိုင်ကြဘူး။ ဒီ့အပြင် လူမျိုးရေးစိတ်ဓါတ်တွေနဲ့ လူမျိုးရေး တိုက်ပွဲတွေ၊ မယုံကြည်မှုတွေကို တိုင်းပြည်အကျိုးကို ကြည့်ပြီး မဖျောက်ဖျက်နိုင်ကြဘူး။ ဗမာလူမျိုးစုတခုထဲမှာ တောင် အဖွဲ့တွေကွဲပြီး အစိတ်စိတ်အမွှာမွှာ ကွဲနေကြပြန်တယ်။ ဒါကြောင့် သန်း (၅၀) ရှိပေမယ့် (အင်အား) ဆိုတာ မပြနိုင် ဖြစ်နေကြတာပါပဲ။

ကျနော်တို့ ဗမာနိုင်ငံရဲ့ ရာဇ၀င်ကို ပြောင်းနိုင်တာ အတွင်း (အင်အား) ပဲ ဖြစ်တယ်။ အပြင် (အင်အား) ကို မမျှော်ကိုးကြပါနဲ့။ နိုင်ငံတိုင်း ကိုယ့်နိုင်ငံ အကျိုးမပါဘဲ ကိုယ်ထိလက်ရောက် မပါနိုင်ပါဘူး။ သူ့ရဲ့သားကောင်း လူငယ်တွေကို ယုံကြည်မှု တခုတည်းနဲ့ မစွန့်ဝံ့ပါဘူး။ သမတဘုရှ် (Bush) ဟာ ဒီမိုကရေစီ ယုံကြည်မှုအတွက်၊ ဗမာနိုင်ငံအတွက် သက်သက်၊ အမေ ရိကန် စစ်သားလူငယ်တွေရဲ့ အသက်ကို မစွန့်ခိုင်းပါဘူး။ ဈေးမကြီးတဲ့လေနဲ့သာ ထောက်ခံ အားပေးနေတာပါ။ ဆူဒန်နိုင်ငံ၊ ဒါဖောပြည်နယ် (Durfur) လူသတ် ဖိနှိပ်မှုအတွက် တကမ္ဘာလုံးက တောင်းဆိုနေတာတောင် စစ်ကူမပေးခဲ့ပါဘူး။ ဒါကြောင့် ကိုယ့်အားကိုယ်ကိုးရုံသာ ရှိပါတယ်။

ဒေါ်စုရဲ့ ပြဿနာ

လက်ရှိ တွေ့ဆုံဆွေးနွေးရေး အခြေအနေ တကယ်ဖြစ်ခဲ့ရင် လိမ်မာပါးနပ်စွာ ကိုင်တွယ်ဖြေရှင်းဖို့ အတွေးဉာဏ် (capacity) နဲ့ အရည်အချင်း ဒေါ်စုမှာ ရှိတယ်လို့ ကျနော်လုံးဝ ယုံကြည်ထားတယ်။ (နအဖ) ဘက်က ဉာဏ်နီဉာဏ်နက်တွေ သုံးပြီး အမျိုးမျိုး လှည့်စားလိမ့်မယ်လို့လည်း မျှော်လင့်ထားရပါမယ်။

တွေ့ဆုံဆွေးနွေးရေး ဖြစ်ခဲ့ရင် အချိန်အတိုင်းအတာ တခုအတွင်း တိုးတက်မှု ရှိဖို့လိုအပ်ပါတယ်။ မျှော်လင့်ချက်ပေးပြီး သက်သက် အချိန်ဆွဲ ကစားတာမျိုး မဖြစ်သင့်ပါ။ သို့သော် ဖြစ်ခဲ့ရင် Plan B လို့ခေါ်တဲ့ နောက်ချန်ကွက် တကွက်ကို နိုင်ငံရေးအရ အသင့်ရှိနေရပါမယ်။ နိုင်ငံရေးမှာ ဆိုစကားတခု ရှိပါတယ်။ Prepare to fight while you talk and prepare to talk while you fight ပါတဲ့။ ဆွေးနွေးချိန်မှာ တိုက်ပွဲအတွက် ပြင်ထားပါ။ တိုက်ပွဲဝင်ချိန်မှာ ဆွေးနွေးဖို့ ပြင်ထားပါတဲ့။

ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေး ယုံကြည်ချက်ကတော့ ပေးရင်ပေး၊ မပေးရင်တိုက်ယူ၊ နောက်တချီ လူထုဆန္ဒအားနဲ့ အပြီးသတ် တိုက်ယူရပါမယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ လွတ်လပ်ရေးကို တိုက်ယူပေးခဲ့တဲ့ ဖဆပလ ခေါင်းဆောင်တွေရဲ့ ခံယူချက်တခုဖြစ်ခဲ့တဲ့ - ရရင်ရ မရရင်ချ- ဆိုတဲ့ ခံယူချက် (မူ) အတိုင်းပါပဲ။

အတွေးအခေါ် ပဋိပက္ခ

ဒီနေရာမှာ လက်တွေ့ကို အားသန်တဲ့ အတွေးအခေါ် Realism (or) Realpolitik နဲ့ ပညာတတ် အတွေးအခေါ်လို့ ခေါ်ရမယ့် Intellectual thinking based idealism တို့ရဲ့ အတွေးအခေါ် ပဋိပက္ခ ရှိလာပါတယ်။ ဒီမိုကရေစီကို နှစ်ပေါင်းရာချီပြီး ကျင့်နေခဲ့တဲ့ အမေရိကန်နဲ့ အင်္ဂလန်နိုင်ငံတို့ကို အခြေပြုတဲ့ ကောလိပ် ကျောင်းကြီးတွေဖြစ်တဲ့ ဟားဗတ် (Harvrad) တို့လို၊ အောက်စဖို့ဒ် (Oxford) တို့လို ကောလိပ်ကျောင်းတွေမှာ Idealism လို့ ခေါ်ရမယ့် ခေတ်မီ တွေးခေါ်မှုတွေကို အခြေခံတဲ့ အတွေးအခေါ်အရ အကြမ်းဖက်မှု၊ သတ်ဖြတ်ရက်စက်မှု မပါတဲ့၊ သွေးမြေမကျတဲ့ Non-violent အတွေးအခေါ်တွေဟာ ကြီးစိုး လွှမ်းမိုးလေ့ရှိတယ်။ ဒါကြောင့် Harvard ကအောင်လာတဲ့ ဗမာလူငယ်တစု ဆိုရင် ပညာတတ်အတွေးလို့ ဆိုနိုင်တဲ့ compromise တို့၊ dialogue တို့ကို ရှေ့တန်းတင် ဆွေးနွေးလာကြတယ် မဟုတ်ပါလား? ပညာတတ်အမြင်နဲ့ ကြည့်ရင် နားလည်နိုင်ပါတယ်။ လူ့အခွင့်အရေး Human rights ကို ရှေ့တန်းတင်ထားတဲ့ ယနေ့လို (၂၁) ရာစုမှာ ဘာကြောင့် သွေးထွက်သံယိုမှုကို စိတ်ကူး ဦးစားပေးရမှာလဲ?

ဒါပေမယ့် ကမ္ဘာကြီးမှာ တတန်းထဲ ညီမျှမှု မရှိတဲ့အတွက် နိုင်ငံတိုင်းမှာ လူ့အခွင့်အရေးကို ဦးစားပေးခြင်း၊ တရားဥပဒေ စိုးမိုးရေးဆိုတဲ့ Rule of law ဆိုတာ မရှိသေးပါဘူး။ ဒါကြောင့် လူ့အခွင့်အရေးကို အလေးမပေးတဲ့၊ စစ်ဘီလူးစိတ်ဝင်နေတဲ့ အာဏာကို စွဲမက်နေတဲ့ (နအဖ) ဗိုလ်ချုပ်တွေကို စာအုပ်ကြီးဖွင့်ပြီး ရှင်းပြ ဆွေးနွေးလို့တဖုံ၊ ဗုဒ္ဓတရားတော်တွေ ဖွင့်ပြီး ဆွေးနွေးလို့ ရနိုင်ပါ့မလား? ဆိုတဲ့ ပြဿနာ ပေါ်လာပါတယ်။ မရရင် နောက်တကွက် ဘာလုပ်မလဲ ဆိုတာကို စဉ်းစားစရာ ဖြစ်လာပါတယ်။

နိုင်ငံရေးမှာ (အာဏာ) ပါလာတဲ့အတွက် နိုင်ငံရေးဟာ အလွန် အန္တရာယ်ကြီးပါတယ်။ အန္တရာယ်နဲ့အတူ စွန့်လွှတ်မှုတွေ ပါလာတယ်။ (အင်အား) ပြိုင်တဲ့နေရာမှာ ရင်ဆိုင် တိုက်ခိုက်မှု (confrontation) ကို ရှောင်၍ မရပါ။

(နအဖ) က မည်သို့ပင် စွပ်စွဲစေကာမူ ကျနော့အမြင်အရ ဒေါ်စုဟာ သွေးထွက်သံယိုမှုကို အားမပေးခဲ့ပါ။ ၎င်း၏ ယုံကြည်ချက် ဖြစ်သည့် non-violence အပေါ် အစဉ် ရပ်တည်ခဲ့သည့်အပြင် မိခင်စိတ် ကြီးမားသည့်အတွက် လူငယ် လူရွယ်လေးတွေရဲ့ အသက်ကိုစွန့်ခိုင်းရန် မခိုင်းရက်ဟု မြင်မိပါသည်။

သို့သော် ဆွေးနွေးပွဲ မဖြစ်လျှင်သော်လည်းကောင်း၊ ပျက်ခဲ့လျှင်သော်လည်းကောင်း၊ Plan B နောက်ချန်ကွက် အနေနှင့် လူထုအားနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရေး confrontational people upraising ကို အားမပေးခဲ့၍ နအဖဘက်က လုပ်နိုင်ခြေအား များခဲ့ပါသည်။ ဒေါ်စုသာ သေမထူး၊ နေမထူး ထချကြလော့ ဟု တခွန်းဟခဲ့လျှင် နအဖ မတုန်လှုပ်စရာ မရှိပါ။ ဒေါ်စု၏ မိခင်စိတ်၊ စိတ် ကောင်းရှိမှုကို သိသိကြီးနှင့် အသာယူခဲ့သည်ကို မခံချင်စိတ် ပြင်းထန်စွာ ခံစားမိပါသည်။

ဒေါ်စု၏ ခံယူချက်နှင့် မိခင်စိတ်ကို နားလည်မိပါသည်။

အကြမ်းဖက်နည်းကို သုံးမည်လော၊ ရှောင်မည်လော ဆိုသည်မှာ ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်ကတည်းက ကြုံလာခဲ့ကြရပါသည်။ ဦးသိန်းဖေမြင့် ရေးတဲ့ (ကျော်ငြိမ်း) စာအုပ်မှာ ဖော်ပြခဲ့ဖူးပါတယ်။ မျိုးချစ်စိတ်ပြင်းတဲ့ ကိုအောင်ဆန်း၊ ကိုနု၊ ကို သိန်းဖေမြင့်၊ ကိုကျော်ငြိမ်း၊ ကိုအုန်းတို့ဟာ ("ဃ") ဆိုတဲ့ အဖွဲ့ကလေး ဖွဲ့ခဲ့ကြတယ်။ ညအမှောင်ထဲမှာ ဆွေးနွေးကြစဉ်က ဒီ ပြဿနာတွေကို ဆွေးနွေးခဲ့ကြတယ်။ ကိုနုက ဘာသာရေး ကိုင်းရှိုင်းတာကြောင့် အကြမ်းဖက်နည်းကို ကိုယ်တိုင်ကျင့်သုံးဖို့ မလိုလားဘူး။ ဒါကြောင့် ဖဆပလ ဖွဲ့စဉ်ကလည်းကောင်း၊ UG ဖွဲ့ကြစဉ်ကလည်းကောင်း မပါဝင်ခဲ့ကြဘူး။ ဒါပေမယ့် မတားမြစ်ခဲ့ဘူး။

ဒေါ်စုဟာလည်း သူရဲ့ခံယူချက်ဟာ အကြမ်းမဖက်တဲ့နည်း non-violence အပေါ် ရပ်တည်နေတဲ့အတွက် တွေ့ဆုံ ဆွေးနွေးရေးကိုပဲ တောင်းဆိုခဲ့ပေမယ့်၊ တခြားခံယူချက်များကို မဟန့်တားခဲ့ပါ။

ထို့ကြောင့် ကျနော်၏ အမြင်ကို ရဲရဲတင်ပြရပါလျှင် Plan B ကို ကျန်တဲ့သူတွေက ဖော်ဆောင်နိုင်အောင် ပြင်ဆင်ထားမှ နိုင်ငံအတွက် ဆွေးနွေးရမယ့် ဒေါ်စုမှာ (အင်အား) ပိုရှိပါမယ်။

မိုးမပြို - ပြိုခဲ့သည်ရှိသော်ဟူသော အတွေးနှင့် ဒေါ်စု၏ တောင်းဆိုချက်များ၊ ဆွေးနွေးချက်များကို (နအဖ) က ညစ်ပတ် လှည့်စား၍ လက်မခံ ရှောင်တိမ်းခဲ့သော် လူထုအင်အားပြရန် အသင့်ပြင်ထားရမည်မှာ ကျနော်တို့ အားလုံး၏ တာဝန် ဖြစ်ပေသည်။

ဖဆပလ လွတ်လပ်ရေး တောင်းစဉ်က၊ ဗိုလ်ချုပ်အောင်ဆန်းကို လေးလေးနက်နက် လေ့လာလျှင် ဗိုလ်ချုပ်တို့ဟာ ရရင်ရ- မရရင်ချ ဆိုတဲ့မူကို ရှေ့က ဗန်းပြထားပေမယ့် မချဘဲနဲ့ (အင်အား) ပြပြီး လွတ်လပ်ရေး တောင်းဆိုရေးမှုကို သုံးခဲ့ကြတယ်။ သူ့ခေတ် သူ့အခါက နေမ၀င် အင်ပါယာကြီးကို တည်ထောင်ခဲ့တဲ့ အင်္ဂလိပ်ကို အံတုရတာ မလွယ်ခဲ့ပါ။ ဗိုလ်ချုပ်ဟာ ကွန်မြူနစ်၊ ဆိုရှယ်လစ်နဲ့ တပ်မတော်ကို အားယူပြီး ဖဆပလ အဖွဲ့ကြီးကို တည်ဆောက်ခဲ့တယ်။ ပြီး ကရင်လူငယ်စတဲ့ အဖွဲ့ အစည်း ပေါင်းစုံ၊ ဘကြီးဘဖေကဲ့သို့ လက်ျာသမားတွေအပြင် ဦးနုကဲ့သို့ တသီးပုဂ္ဂလ နိုင်ငံရေး ခေါင်းဆောင်တွေကို သိမ်းသွင်းပြီး ဖဆပလကြီးကို အားဖြည့်ခဲ့ပြီး လူထုရဲ့ ထောက်ခံမှုကို အရယူခဲ့တယ်။ နေသူရိန် အစည်းအဝေးကြီးလို လူထု အစည်းအဝေးတွေ ခေါ်ပြီး ဖဆပလရဲ့ (အင်အား) ကို ပြခဲ့တယ်။ အင်္ဂလိပ် အစိုးရက ရုပ်ပြနေရာပေးပြီး ပါဝင်ဖို့ ကမ်းလှမ်းလာတော့ ငြင်းဆိုခဲ့တယ်။ ဖဆပလရဲ့ အင်အားကိုပြပြီး အင်္ဂလိပ်က လေးလေးစားစား ကမ်းလှမ်းလာမှ၊ တန်းတူ အစိုးရ အဖွဲ့ထဲ ၀င်ခွင့်ရမှ ၀င်ခဲ့တယ်။

ဘာကြောင့် အင်္ဂလိပ်က ကမ်းလှမ်းလာရတာလဲ?

ဒုတိယ ကမ္ဘာစစ်ကြီးအပြီးမှာ အင်္ဂလိပ်က စစ်ပန်းလျက် ရှိတယ်။ ချာချယ်ပြုတ်ပြီး အက်တလီ တက်လာတယ်။ အစိုးရ အပြောင်းအလဲ ဖြစ်တယ်။ တခါ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖဆပလ အဖွဲ့ကြီးနောက်မှာ ပြည်သူတွေ တခဲနက်ရှိ တယ်ဆိုတာ ထင်ရှားတယ်။ ဖဆပလနောက်မှာ တော်လှန်မှုဖြစ်က တော်လှန်နိုင်တဲ့ စစ်တပ်ရှိတယ်။ စစ်မှုထမ်းဟောင်း တွေဖြစ်တဲ့ (ပြည်သူ့ရဲဘော်) အဖွဲ့တွေ ရှိတယ်။ စစ်အပြီးမို့ လက်နက်ကလည်း မရှားလှပါ။ ဒါတွေအားလုံးဟာ ဗိုလ်ချုပ် အောင်ဆန်းနဲ့ ဖဆပလ အဖွဲ့ကြီးရဲ့ အင်အားတွေ ဖြစ်တယ်။ ဒါကြောင့် လွတ်လပ်ရေးကို တနှစ်အတွင်းပေးဆိုပြီးရင်ကော့ ပြီး တောင်းနိုင်ခဲ့ကြတာပါ။

ဒါက သူ့အချိန်နဲ့ သူ့အခြေအနေ

ယနေ့ အခြေအနေကို ကြည့်ရအောင်..

ဒေါ်စု သူ့ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းလိုပဲ တိုင်းပြည်တာဝန်ကို ပခုံးပေါ်တင်ပြီး ကိုယ်ကျိုးစွန့်ကာ အာဏာရှင် စစ်အုပ်စုကို သတ္တိရှိရှိ ရဲရဲကြီး ရင်ဆိုင်ခဲ့တယ်။ ပြည်သူက တခဲနက် ထောက်ခံ အားပေးခဲ့ကြတယ်။ ကမ္ဘာက လေးစားထောက်ခံလာကြရတယ်။

ဗိုလ်ချုပ် အနောက်မှာ ဖဆပလ အဖွဲ့ကြီး ရှိရုံမက အားကိုးရတဲ့ ထိပ်တန်း ခေါင်းဆောင်တွေ ရှိတယ်။ ဗိုလ်ချုပ်ကို အသိဉာဉ် (Capacity) နဲ့ အရည်အချင်းပြည့်တဲ့ မျိုးချစ်ခေါင်းဆောင်တွေက ၀ိုင်းရံထားတယ်။

ဒေါ်စုနောက်မှာ NLD ဆိုတာ ရှိပေမယ့် အားကိုးရမယ့် ဗိုလ်ချုပ်တင်ဦးနဲ့ ဦးဝင်းတင်တို့လို ပုဂ္ဂိုလ်တွေကို ဒေါ်စုနည်းတူ ဖမ်းဆီးထားတယ်။ တိုင်းပြည် အပြင်ဘက်ကို ရောက်နေတဲ့ ဗမာ နိုင်ငံသား အားလုံးကို စုစည်းပြီး အင်အား တည်ဆောက်ကာ အပြင်အားနဲ့ အတွင်းမှာ အင်အား တည်ဆောက်ရမယ့်အစား နိုင်ငံရေး နကန်းတလုံးမှ နားမလည်တဲ့ လူက ဦးဆောင်တဲ့ အစိုးရ အဖွဲ့ဟာ ဒေါ်စုနာမည် အလွဲသုံးစားလုပ်ပြီး နိုင်ငံရေး လုပ်စားနေကြတာကြောင့် အခွင့်အရေးတွေ ဆုံးရှုံးကာ ပြည်တွင်းမှာ နိုင်ငံရေး အဆောက်အအုံ မတည်ဆောက်နိုင်ကြပါ။

(နိုင်ငံရေးမှာ တည်ဆောက်မှုဆိုတာ ရေရှည်ကို ကြိုကြည့်တတ်ပြီး အချိန်ယူ တည်ဆောက်ရပါတယ်။ မီးခလုတ်လို လိုအပ်မှ အဖွင့် အပိတ်လုပ်၍ မရပါ။ ၂၀၀၃ ခုနှစ် ကတည်းက ပြည်တွင်း UG လိုအပ်တယ်ဆိုတာ ကျနော် မဇ္ဈိမမှာ ရေးသားခဲ့ပါတယ်။ http://www.mizzima.com/MizzimaNews/EdOp/2007/Jan/The%20Movement.html)

ဒေါ်စုခမျာ နောက်လှည့်ကြည့်လျှင် ရဲရဲကြီး အားကိုးနိုင်လောက်တဲ့ လူမရှိပါ။

အားလုံးက ဒေါ်စုကို စောင့်နေကြပါသတဲ့...

ဒေါ်စုအတွက် ရင်နာမိပါတယ်။

ဒါကြောင့် ဒေါ်စုကို စစ်ဗိုလ်လူမိုက်တစု ဗိုလ်ကျ စော်ကားလာရင် (အင်အားပြဖို့၊ လူထုအုံကြွမှုကို ဖော်ဆောင်နိုင်ဖို့၊ နိုင်ငံရေး အဆောက်အအုံ လိုအပ်ပါတယ်။ ဒီနိုင်ငံရေး အဆောက်အအုံ (political infrastructure) ကို ကျနော်တို့ အားလုံး (၀ိုင်း) တည်ဆောက်ရပါမယ်။

ဒါဟာ ကျနော်တို့အားလုံးရဲ့ တာဝန်ဖြစ်ပေသည်။


ဆက်ရန်-


နိုင်ငံရေးအဆောက်အအုံကို စစ်အာဏာရှင် လက်အောက်မှာ ဘယ်လိုတည်ဆောက်နိုင်မှာလဲ?

(မှတ်ချက်။ ။. ကျနော်၏တင်ပြချက်ကို နားလည် သဘောပေါက်သူ ရှိသလို၊ နားမလည် လက်မခံသူများလည်း ရှိမှာပါ။ အပြင်မှာနေပြီး ကြီးမကျယ်ပါနဲ့ ဆိုသူများ ရှိမှာဧကန်ပါ။ ဝေဖန်နိုင်ပါသည်။ အထူးသဖြင့် ဒီမိုကရေစီကို ယုံလျှင် ဝေဖန်မှု ကို ခရီးဦးကြို ပြုရမှာပါ။ စေတနာနှင့် ဝေဖန်လာလျှင် စဉ်းစားရပါမည်။ စော်ကားလာသူရှိလျှင် စော်ကားလာသူကိုသာ သနားရုံ ရှိပါသည်။ နိုင်ငံရေးမှာ မိမိယုံကြည်မှုကို ရဲရဲတင်ပြနိုင်ခွင့် ရှိရပါမည်။


ကျနော် တက္ကသိုလ်အောင်တဲ့နှစ် (၁၉၇၄) မှာ ကျောင်းက အောင်အောင်ချင်း ဦးသန့် အရေးအခင်းမှာ ပါဝင် ဦးဆောင်ခဲ့ပါတယ်။ ဘယ်အရေးအခင်းမဆို အန္တရာယ်နှင့် မကင်းခဲ့ပါ။ အကောင်းဆုံး အရွယ်မှာ ထောင်ထဲမှာ (၅) နှစ် ဒုက္ခစရိယ ကျင့်ကြံခဲ့ရပါတယ်။ ခေတ်အလိုက် ပေးဆပ်ခဲ့ပါတယ်။ တာဝန် မလစ်ဟင်းခဲ့ပါ။ ကျနော်ရဲ့အတွေး၊ ကျနော့်အရေးကို ယုံကြည်၍သာ ရေးခဲ့ခြင်း ဖြစ်ပါသည်။)

အပြည့်အစုံဖတ်လိုလျှင်

The book which i bought at the Arts & Literature Exhibition

နောက်ကျောဖုံး



အရှေ့မျက်နှာဖုံး

၉.၁၂.၂၀၀၇ ကပြုလုပ်သော၊ နိုင်ငံတကာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်သော ပန်း ချီ၊ကာတွန်း၊ဆောင်းပါး နှင့် အခြား အနှပညာရသများ ခင်းကျင်းပြသသောပွဲ၌ ၀ယ်ဖြစ်ခဲ့သော အမှတ်တရ စာအုပ်လေး တစ်အုပ်ပါ.......

စာအုပ်အတွင်းရှိ ကောင်းနိုးရာရာများကိုလည်း ဆက်ပြီး တင်ပေးပါ့မယ်.....


အပြည့်အစုံဖတ်လိုလျှင်

Wednesday, December 12, 2007

Photos from Arts & Literature Exhibition for International Human Rights Day















The Audience.....


ပြပွဲကို၊စိတ်ဝင်တစား လာရောက်ကြည့်ရှု ကြသော ဧည့်ပရိတ်သတ်များ။

]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]]






























ပြပွဲမစမှီ၊အခမ်းအနားကို၊ပြင်ဆင်နေကြသော၊ပြည်ပရောက်မျိုးချစ်မြန်မာ ညီအကိုမောင်နှမများ ။

အပြည့်အစုံဖတ်လိုလျှင်

Description of Tree of Life in Hall of Hope





International Human Rights Day အထိမ်းအမှတ်၊ စင်ကာပူနိုင်ငံ၌ ၉ရက် ဒီဇင်ဘာက၊ ပြုလုပ်ကျင်းပခဲ့သော Arts & Literature Exhibition ခန်းမ တနည်းအားဖြင့် မျှော်လင့်ခြင်းခန်းမအတွင်းရှိ၊ ရှင်သန်ခြင်း သစ်ပင်၏ အဓိပ္ပါယ်ဖော်ပြချက်။




အပြည့်အစုံဖတ်လိုလျှင်

Tuesday, December 11, 2007

Description of "Tree of Life" in Hall of Hope




International Human Rights Day အထိမ်းအမှတ်၊ စင်ကာပူနိုင်ငံ၌ ၉ရက် ဒီဇင်ဘာက၊ ပြုလုပ်ကျင်းပခဲ့သော Arts & Literature Exhibition ခန်းမ တနည်းအားဖြင့် မျှော်လင့်ခြင်းခန်းမအတွင်းရှိ၊ ရှင်သန်ခြင်း သစ်ပင်၏ အဓိပ္ပါယ်ဖော်ပြချက်။




အပြည့်အစုံဖတ်လိုလျှင်