စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Saturday, July 5, 2008

တာ့ခ်-မဲဆောက် မီးရထားလမ်းဖောက်မည်

ဧရာဝတီ ဇူလိုင် ၄၊ ၂၀၀၈

ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သည့် မဲဆောက်မြို့နှင့် တာ့ခ်မြို့တို့ကိုဆက်သွယ်သည့် မီးရထားလမ်းဖောက်လုပ်ရန် တာ့ခ်ခရိုင် အာဏာပိုင်တို့ စီစဉ်လျက်ရှိကြောင်း သိရသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ရထားလမ်းဖောက်လုပ်ရေးစီမံကိန်းကြောင့် တာ့ခ်ခရိုင်ဒေသတခုလုံး၏ ကုန်သွယ်ရေးလုပ်ငန်းများကို မြှင့်တင်နိုင်မည်ဖြစ်ပြီး ထိုင်း-မြန်မာ ၂ နိုင်ငံတို့မှတဆင့် အာရှဖွံ့ဖြိုးရေးဘဏ်၏ အရှေ့ အနောက် စီးပွားရေးစင်္ကြံလမ်းကြောင်း (East-West Economic Corridor) အစီအစဉ်ကို အကောင်အထည် ဖော်နိုင်လိမ့်မည်ဟု တာ့ခ်ခရိုင် စက်မှုလုပ်ငန်းရှင်များအဖွဲ့ ဥက္ကဌ က ပြောသည်။

“ရထားလမ်းဖောက်လုပ်ခြင်းက မဲဆောက်ဒေသရဲ့ စက်မှုလုပ်ငန်းနဲ့ စီပွားရေးဇုန် စီမံကိန်းတွေကို အနာဂတ်မှာ အထောက် အပံ့ ဖြစ်စေမှာပါ” ဟု ၎င်းကဆက်ပြောသည်။

လမ်းဖောက်ရေးစီမံကိန်းကို အာရှဖွံ့ဖြိုးရေးဘဏ်က အဓိကထားပံ့ပိုးကူညီမည်ဖြစ်ပြီး ရထားလမ်း ဖောက်လုပ်ပြီးစီးချိန်တွင် အရှေ့ အနောက် စီးပွားရေးစင်္ကြံလမ်းကြောင်း သဘောတူညီချက်အရ ဗီယက်နမ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့မှ ထွက်ကုန်များ ကို မြန်မာနိုင်ငံ ကပ္ပလီပင်လယ်ရှိ ကမ်းရိုးတမ်းဆိပ်ကမ်းများမှတဆင့် ရေလမ်းဖြင့် နေရာဒေသ အနှံ့အပြားသို့ ကုန်ပစ္စည်း များ ပို့ဆောင်နိုင်မည်ဖြစ်သည်။

ရထားလမ်းဖောက်လုပ်ပြီးစီးပါက အနာဂတ်တွင် ထိုင်းနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများကို အထောက်အပံ့ ဖြစ်စေမည့် နေရာသစ်တခုဖြစ်လာမည်ဟု တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက ပြောသည်။

တာ့ခ်ခရိုင် ဒေသတခုလုံး၏ ကုန်သွယ်ရေးလုပ်ငန်းများမြှင့်တင်နိုင်ရန်အတွက် ရထားလမ်းဖောက်လုပ်ရေး စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် ထိုင်းအမျိုးသား စီးပွားရေးနှင့် လူမှုအကြံပေးကောင်စီအား တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးကလည်း အဆိုပြုခဲ့သည်။

ရထားလမ်းဖောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာသန်းပေါင်း ၉၄၀ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

ရထားလမ်းဖောက်လုပ်ရာ၌ ၁၈ မိုင် ရှည်လျားသည့် ဥမင်လိုဏ်ခေါင်းတခုကို ဖောက်လုပ်မည်ဖြစ်ပြီး ကားလမ်းဖြင့် ၅၅ မိုင်အကွာအဝေး ခရီးသည် ရထားဖြင့် ၄၄ မိုင်သာ ရှိတော့မည် ဖြစ်သည်။

တာ့ခ်-မဲဆောက် မီးရထားလမ်း ဖောက်လုပ်ရေးစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် တရုတ်အစိုးရကိုလည်း ဖိတ်ခေါ်ထားကြောင်း စုံစမ်းသိရှိရသည်။

No comments: