စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, June 26, 2008

လက်တွန်းထွန်စက် မလုံလောက်၍ လယ်သမားများ အခက်ကြုံ


NEJ/ ၂၆ ဇွန် ၂၀၀၈

ဧရာဝတီတိုင်းအတွင်း လယ်မြေများတွင် လယ်ယာလုပ်ငန်းလုပ်ကိုင်နိုင်ရန် နအဖက လက်တွန်း ထွန်စက်များ ချပေးသော်လည်း မလုံလောက်သည့်အတွက် အခက်တွေ့နေကြသည်။
မော်လမြိုင်ကျွန်းမြို့နယ် ကျူကျောင်းရွာတွင် နအဖက ပြီးခဲ့သည့်ရက်သတ္တပတ်က ထွန်စက် (၄) လုံးလာရောက်ပေးခဲ့ရာ (၁) လုံးကို တပ်ဆင်ပေးခဲ့ပြီး ကျန်သည့် (၃) လုံးကို မတပ်ဆင်ဘဲ ထားခဲ့ကြောင်း၊ တပ်ဆင်ပြီးတလုံးကိုလည်း ၎င်းတို့ ထပ်မံလာရောက်မှသာ မောင်းနှင်အသုံးပြု ရမည်ဟု ပြောကြောင်း ကျူကျောင်းရွာသားတဦးက ပြောသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၎င်းက “လယ်ထွန်စက်မှာ (၂) ဘီးနဲ့ (၁) ဘီး ရှိတယ်။ ဒီဒေသမှာက ကျွဲကိုအားကိုးပြီးလုပ်ရတာ၊ နွံကြီးတယ်၊ ထွန်စက်ကိုသုံးလို့ အဆင်မပြေနိုင်ဘူး။ ဒီမြေမှာ (၂) ဘီးက နဲနဲအဆင်ပြေနိုင်တယ်၊ အသုံးပြုလို့ပေါ့။ ဒါပေမယ့် သူတို့ပြန်လာမှ ထွန်ရမယ်တဲ့။ ဘယ်ကဆီကို သုံးရမလဲမသိဘူး၊ ဘယ်က ပိုက်ဆံနဲ့ ဆီကိုဝယ်ထည့်ရမှာလဲ။ ရွာမှာ အရင်က ကျွဲကောင်ရေ (၁၀၀) လောက်ရှိတယ်။ အခု (၄၊၅ ) ကောင်လောက်ပဲ ကျန်တော့တာ။ သူတို့က ဘယ်တော့ပြန်လာမယ်ဆိုတာလည်း မသိရ၊ ပျိုးက နောက်ကျနေပြီ” ဟု ၎င်းက ပြောသည်။
ကျူကျောင်းရွာတွင် လယ်ဧကပေါင်း (၂,၈၀၅) ဧကရှိပြီး လယ်မြေများအားလုံးနီးပါး နာဂစ် မုန်တိုင်းကြောင့် ဆားငန်ရေလွှမ်းသွားခဲ့ကာ တ၀က်ခန့်ပျက်စီးနေကြောင်း သိရသည်။
နအဖနေ့စဉ်ထုတ် သတင်းစာများတွင် ဧရာဝတီတိုင်းရှိ မြို့နယ်ကျေးရွာအသီးသီးသို့ လက်တွန်း ထွန်စက်ငယ်များ၊ ပျိုးထောင်ရန်စပါးများ ပေးနေကြောင်း ဖော်ပြနေသော်လည်း အချို့ကျေးရွာ များတွင်သာ မလုံမလောက် ဟန်ပြရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
လပွတ္တာတွင် နအဖက ဘတ်ဂျက်ယာယီစာရင်းမှတ်စနစ်ဖြင့် (၁၃၆) ဧကလျှင် လက်တွန်း ထွန်စက် (၁) စီးနှုန်းပေးကြောင်း ကြေညာသော်လည်း မလောက်ငသည့်အတွက် ရွာသား အချင်းချင်း စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်နေသည်ဟုလည်း လပွတ္တာမြို့နယ်တွင်းရှိ ပျဉ်ထောင် ရွာသားတဦးက ပြောသည်။
၎င်းက “ဒီထွန်စက်တွေက တနေကုန်မောင်းမှ (၅) ဧကလောက်ပဲပြီးတာ။ (၁၃၆) ဧကကို တလ လောက်ကြာမယ်၊ အခုဆို ထွန်စက် မလောက်မငဖြစ်တော့ ခုထိ ပျိုးမချရသေးဘူး။ ဘယ်အချိန် သွားစိုက်မှာလဲ၊ အမှန်ဆို နအဖအနေနဲ့ တနေ့ကို (၂၅) ဧကလောက်ပြီးတဲ့ ထွန်စက်ကြီးတွေ ပေးသင့်တယ်။ အခုဆို ရွာသားတွေအချင်းချင်း ငါအရင်ထွန်မယ် သူအရင်ထွန်မယ် ဖြစ်ကုန်ပြီ” ပြောသည်။
မော်လမြိုင်ကျွန်းမြို့နယ်မှ လယ်သမားများကမူ ၎င်းတို့အနေဖြင့် ထွန်စက်ကို အသုံးမပြုတတ် ကြောင်း၊ ကျွဲကိုသာအသုံးပြုရ အဆင်ပြေကြောင်း ပြောသည်။ ။
Rest of your post

No comments: