စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, January 24, 2008

“အာဏာရူးကြီး သန်းရွှေ” ရေးလို့ ကဗျာဆရာစောဝေ အဖမ်းခံရ


ဇန်န၀ါရီလ ၂၃ ရက်၊ ၂၀၀၈ ခုနှစ်။

ချင်းမိုင်။ ။ အချစ်ဂျာနယ်တွင် ဖော်ပြထားသော ကဗျာတပုဒ်နှင့် ပက်သက်၍ ကဗျာရေးသူကို ယမန်နေ့ မွန်းလွဲပိုင်းက စတင်၍ အာဏာပိုင်များက ဖမ်းဆီးထားကြောင်း ရန်ကုန် စာပေအသိုင်းအဝိုင်း အပြောအရ သိရသည်။

အပတ်စဉ်ထုတ် အချစ်ဂျာနယ်တွင် ဖော်ပြခဲ့သော ကဗျာဆရာ စောဝေ၏ “ဖေဖော်ဝါရီဆယ့်လေး” ကဗျာတွင် “အာဏာရူးကြီး မှူးကြီးသန်းရွှေ” ဟု အဓိပ္ပါယ်ထွက်သော စကားလုံးများ ပါရှိ၍ စစ်ဆေးခံနေရခြင်း ဖြစ်သည်။


ကဗျာကို မဇ္ဈိမ ဓာတ်ပုံ ကဏ္ဍတွင် ဖြစ်စေ၊ လင့်ခ်ကိုနှိပ်၍ဖြစ်စေ http://www.mizzimaburmese.com/content/view/490/8/ ဖတ်ရှုနိုင်ပါသည်။

ကဗျာတွင် ပါသော စာကြောင်းများ၏ ထိပ်ဆုံး စကားလုံးများကို ပေါင်းစပ်လိုက်လျှင် “အာနာ(ဏာ) ရူးကြီး မှူးကြီးသန်းရွှေ” ဟု အဓိပ္ပါယ်ရသည်။


အချစ်ဂျာနယ်၏ အယ်ဒီတာ ဦးမြတ်ခိုင်ကို ဆက်သွယ် မေးမြန်းသောအခါ “ကျနော်ကတော့ ဒါအချစ်ကဗျာလို့ပဲ ယူဆပါတယ်” ဟု ၎င်းက ပြောဆိုခဲ့ပြီး သူကိုယ်တိုင်လည်း မနေ့က အယူခံလွှာ တင်ခဲ့ကြောင်း မဇ္ဈိမသို့ ပြောသည်။ အသေးစိတ် အချက်အလက်များကို မပြောလိုသေးကြောင်း သူကဆိုသည်။


နောက်နောင် အလားတူအဖြစ်မျိုး ပေါ်ပေါက်ခြင်း မရှိစေရန် ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု စာပေစီစစ်ရေးဌာန အကြီးအကဲများက ကြိမ်းဝါးလျှက် ရှိကြောင်းလည်း စုံစမ်း သိရှိရသည်။


ပြီးခဲ့သည့် နှစ်ကလည်း မြန်မာတိုင်း(မ်) ဂျာနယ်တွင် “Killer Than Shwe” (လူသတ်သမားသန်းရွှေ) ဟု အဓိပ္ပါယ်ထွက်သော ခရီးသွားလုပ်ငန်း ကြော်ငြာပုံစံတူ တခုကို စာပေစိစစ်ရေးက မျက်စိလျှံကာ ဖော်ပြခွင့် ပေးခဲ့ဖူးသည်။ နောက်ပိုင်းတွင် ကြော်ငြာကို ထည့်သွင်းခဲ့သော အဖွဲ့က စစ်အစိုးရကို လှောင်ပြောင်ရန် ရည်ရွယ်ချက်ရှိရှိဖြင့် တမင်တကာ တီထွင်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်သဖြင့် မြန်မာတိုင်းမ်ဂျာနယ်များ ဈေးကွက်တွင် ဝယ်မရအောင် ဖြစ်သွားခဲ့သည်။


ဤအတောအတွင်း ဆရာစောဝေ၏ “ဖေဖော်ဝါရီဆယ့်လေး” နှင့် ပုံစံတူ၊ ခေါင်းလျှော်ဆေး ကြော်ငြာပုံစံ စာသားတခုလည်း အင်တာနက်သုံးစွဲသူ အချင်းချင်းကြားတွင် ပျံ့နှံလျက်ရှိပြီး ဗိုလ်ချုပ်သန်းရွှေကို ဆဲရေး တိုင်းထွာထားသော ထိုကြော်ငြာစာသားသည် ဖတ်မိသူ အချင်းချင်းကြားတွင် ရယ်မောစရာတခု ဖြစ်နေသည်။

No comments: