စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, January 24, 2008

စစ်တွေမှာ ဘုန်းကြီးကျောင်းများ ပစ်မှတ်ဖြစ်နေ


စစ်တွေမှာ ဘုန်းကြီးကျောင်းများ ပစ်မှတ်ဖြစ်နေ

ငြိမ်းချမ်း

ဇန်န၀ါရီလ ၂၃ ရက်၊ ၂၀၀၈ ခုနှစ်။

ဒါကာ။ ။ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး အတွင်း ပါဝင်ခဲ့ကြသော ရဟန်းတော် များကို ဓါတ်ပုံ အထောက်အထားများနှင့်တကွ စုံစမ်း စစ်ဆေးနေသည်။

စစ်တွေမြို့ရှိ ဘုန်းတော်ကြီးကျောင်းများကို လုံထိန်းများက ၀င်ရောက်စီးနင်းပြီး ရှာဖွေမှုများ လုပ်သလို သာသနာရေး ဦးစီးဌာနကလည်း ရဟန်းတော်များ၏ ကိုယ်ရေးအကျဉ်းများကို မှတ်တမ်းတင် ယူဆောင်မှုများလည်း လုပ်ဆောင်နေသည်။


"ဦးဇင်းတို့ကျောင်းကို သာသနာရေး ၀န်ကြီးဌာန တာဝန်ရှိသူတွေ ရောက်လာပြီးတော့ ကျောင်းမှာ သံဃာဘယ်နှစ်ပါး သီတင်း သုံးနေထိုင်လဲ၊ ဘယ်အရပ်တွေက လာပြီးနေကြတာလဲ စတဲ့ မေးခွန်းတွေကို မေးမြန်းပြီး စာရင်း ကောက်ယူသွားပါတယ်" စစ်တွေမြို့ရှိ ရဟန်းတော် တပါးက ပြောသည်။


ဇန်န၀ါရီလ (၁၅) ရက်နေ့က လရောင်ဝင်းကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးသုန္ဒရကို စစ်အစိုးရ တာဝန်ရှိသူများ လာရောက် စစ်ဆေးပြီး ကျောင်းတိုက်အတွင်း နေထိုင်နေကြသည့် ရဟန်းတော် အရေအတွက်နှင့် ကိုယ်ရေး အကျဉ်းများကိုလည်း မှတ်တမ်းတင်သွားသည်။


အလားတူ ဇန်န၀ါရီလ (၁၆) ရက်နေ့ကလည်း စစ်တွေမြို့ လမ်းမတော် တောင်ရပ်ကွက်ရှိ ခြင်္သေ့နှစ်ကောင် ကျောင်းတိုက်မှ ဦးစန္ဒိမာကို သာသနာရေး ၀န်ကြီးဌါန တာဝန်ရှိသူများ လာရောက် စစ်ဆေးခဲ့သည်။


ဇန်န၀ါရီ ၆ ရက်နေ့ကလည်း လမ်းမတော် တောင်ရပ်ကွက်ရှိ ဆောက်ခပ်ကျောင်း (ခေါ်) ဗုဒ္ဒသမုဟ ကျောင်းတိုက်ကို လုံးထိန်း ရဲတပ်ဖွဲ့ဝင် (၆၀) ခန့်က ရှောင်တခင် ၀င်ရောက်စီးနင်းပြီး စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေးအတွင်း ဦးဆောင် လှုပ်ရှားခဲ့သော ရဟန်းတော်များကို ရှာဖွေခဲ့သေးသည်။


မြန်မာနိုင်ငံအတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့သည် ရဟန်းတော်များ ဦးဆောင်သည့် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး အတွင်းက တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သော မြို့တမြို့ဖြစ်၍ စစ်အစိုးရ၏ အထူး အာရုံ စူးစိုက်မှုကို ခံနေရသည်။

No comments: