စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Tuesday, June 24, 2008

ကိုရီးယား သတင်းထောက်ကို မြန်မာအာဏာပိုင်များ နှင်ထုတ်

ဇာနည်
တနင်္လာနေ့၊ ဇွန်လ 23 2008 21:04 - မြန်မာစံတော်ချိန်


ဘန်ကောက်။ ။ ရန်ကုန်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးသို့ သွားရောက်ခဲ့သဖြင့် ကိုရီးယားလူမျိုး သတင်းထောက်တဦးကို အာဏာပိုင် များက ယမန်နေ့က ပြန်လည် နှင်ထုတ်လိုက်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အလွတ် သတင်းထောက် မစ္စ လီယူဂျွန်း (Ms. Lee Yu Kyung) သည် ဇွန်လ ၁၈ ရက်နှင့် ၁၉ ရက်နေ့များက အန်အယ်ဒီ ရုံးချုပ်သို့ သွားရောက် ခဲ့ခြင်းကြောင့် အာဏာပိုင်များက သူတည်းခိုနေရာ ၃၂ လမ်းရှိ အိုကီနာဝါ ဧည့်ရိပ်သာမှ တင်္နဂနွေ နံနက်ပိုင်းတွင် လာရောက် စစ်ဆေးပြီး ထိုင်းနိုင်ငံသို့ လေယာဉ်ဖြင့် တင်ပို့လိုက်ခြင်း ဖြစ်သည်။

လီယူဂျွန်းသည် ဇွန်လ ၁၆ ရက်နေ့က မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့ပြီး ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၂ လမ်းရှိ အိုကီနာဝါ တည်းခိုခန်းတွင် တည်းခိုနေခဲ့သည်။

"မနက် ၇ နာရီမှာ လူ ၅ ယောက် ရောက်လာတယ်။ ပြီးတော့ ဇွန် ၁၈ နဲ့ ၁၉ မှာ ဘယ်ကို သွားခဲ့လဲလို့ မေးတယ်။ တိုးရစ် ဗီဇာနဲ့ လာတဲ့အတွက် အဲဒီကို မသွားသင့်ဘူး။ ဒါ တရားမ၀င်ဘူးလို့ ပြောတယ်" ဟု မစ္စလီက မဇ္ဈိမကို ပြောပြသည်။

"ကျမက ကိုးရီးယား သံရုံးကို ဖုန်းခေါ်မယ်ပြောတော့ သူက မရဘူး၊ အခု ချက်ချင်း ဒီက ပြန်ရမယ်ဆိုပြီး ပြောတယ်။ တယောက်က မနက် ၁၀ နာရီ ထွက်တဲ့ ထိုင်းအဲယားဝေးနဲ့ ပြန်ဖို့ ဖုန်းဆက် စီစဉ်နေတယ်" ဟု သူက ပြောသည်။

သို့သော်လည်း မပြန်ခင်တွင် ကိုးရီးယား ကောင်စစ်ဝန်ကို ဆက်သွယ်ခွင့် ရခဲ့သည်။ သူဝယ်ထားသော နာဂစ်မုန်တိုင်း ပုံရိပ်များ ပါသည့် စီဒီ အခွေ ၄ ချပ်ကို သိမ်းဆည်းသွားသော်လည်း သူ၏ လက်တော့ပ် ကွန်ပြူတာနှင့် ကင်မရာကိုမူ စစ်ဆေးခြင်းမပြုဟု သိရသည်။

သူ့ကို လာရောက် ခေါ်ဆောင်ချိန်တွင် အရပ်ဝတ် ရဲသတင်းတပ်ဖွဲ့မှ အရာရှိတဦးနှင့်အတူ ယူနီဖောင်းဝတ် တဦး၊ အခြား အရပ်ဝတ်နှင့် ၃ ဦး ပါဝင်ကာ မည်သည့် အကြောင်းကြောင့် သူ့ကို ပြန်ပို့ရသည်ကို သေချာ ရှင်းမပြပါဟု သူက ဆိုသည်။

"လေဆိပ်ရောက်တော့ လူဝင်မှုကြီးကြပ်ရေး ရုံးခန်းကို သွားရတယ်။ အဲဒီမှာ ကျမ ပတ်စ်ပို့ပေါ်မှာ ကြယ်အကြီးကြီးနဲ့ ပြန်လည် စေလွှတ်ခြင်း ခံရသူ (Deportee) ဆိုတာကို ရိုက်လိုက်တယ်။ နောက် ကျမကို ဘက်ပေါင်းစုံကနေ ဓာတ်ပုံတွေရိုက်ပြီး ကျမ ပြန်ခဲ့ရတာပါပဲ" ဟု မစ္စလီက ပြောသည်။

သူမအနေဖြင့် မုန်တိုင်းဖြစ်ပွားပြီးကာစ မေလအတွင်းကတည်းက မြန်မာနိုင်ငံသို့ ၀င်ရောက်ရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် သူ၏ နိုင်ငံကူး လက်မှတ်အဟောင်းတွင် အခြား နိုင်ငံများသို့ သတင်းထောက် ဗီဇာဖြင့် သွားရောက်ခဲ့ခြင်းများ ရှိနေ၍ မြန်မာဗီဇာ မရခဲ့ပါ။ ယခု နိုင်ငံကူး လက်မှတ် အသစ်တွင်မူ အဆိုပါ အထောက်အထားများ မပါရှိသောကြောင့် ခရီးသွား တိုးရစ် ဗီဇာ ရရှိခဲ့ခြင်း ဖြစ်သည်ဟု သူက ဖြည့်စွက်ပြောသည်။

သူသည် ဇွန်လ ၁၆ ရက်နေ့ ကတည်းက မြန်မာပြည်သို့ ရောက်ရှိနေသူ ဖြစ်သည်။ နာဂစ်မုန်တိုင်းဒဏ် သင့်သူများနှင့် ပတ်သက်သည်များကို လေ့လာရန် သွားခြင်းဖြစ်သည်ဟု သူက ပြောသည်။

ဇွန်လ ၁၈ ရက်နေ့က အမျိုးသား ဒီမိုကရေစီ ရုံးချုပ်သို့ သွားရောက်ခဲ့ပြီး မုန်တိုင်းနှင့် ပတ်သက်သည်များကို မေးမြန်း စုံစမ်းခဲ့သည်။ ဇွန် ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အဖွဲ့ဝင်များကို ဖမ်းဆီးခြင်းများကိုလည်း တွေ့ခဲ့ရသည် ဟု သူက ပြောသည်။

"ကျမက အဲဒီမှာ ဓာတ်ပုံ ထွက်ရိုက်တော့ အဲဒီမှာ သူတို့ ကျမကို သတိထားမိသွားတယ် ထင်ပါတယ်" ဟု သူက ပြောသည်။

မြန်မာ အာဏာပိုင်များသည် သတင်း လွတ်လပ်ခွင့်နှင့် နိုင်ငံတကာမှ သတင်းထောက်များ ၀င်ရောက်ခြင်းကို ကန့်သတ်လျက်ရှိရာ နာဂစ်မုန်တိုင်းအပြီး နိုင်ငံတကာမှ သတင်းထောက်များကို ပြန်လည် နှင်ထုတ်ခြင်းမှာ ယခု အကြိမ်သည် ဒုတိယအကြိမ် ဖြစ်သည်။

ပြီးခဲ့သည့် မေလ အတွင်းကလည်း ဘီဘီစီမှ သတင်းထောက်တဦးကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှပင် ပြန်လည် နှင်ထုတ်ခဲ့ သေးသည်။


Rest of your post

No comments: