စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, June 12, 2008

ဖွဲ့ စည်းပုံဆန္ဒခံယူပွဲကိုဝေဖန်တဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာကို အမေရိကန်ထောက်ခံ

12 June 2008

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေတွေနဲ့ပတ်သက်လို့ မကြာခင်ကပဲ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်သစ် မစ္စတာ ကင်တာနားက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို ပထမဆုံးအစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။ ဒီအစီရင်ခံစာတွင်းမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ပတ်သက်လို့ အရေးကြီးတဲ့ အထောက်အထားတွေကို ဖော်ပြထားတာကြောင့် ဇွန်လ ၁၀ရက်နေ့ ရက်စွဲနဲ့ထုတ်တဲ့ အမေရိကန် နိုင်ငံခြားရေးဌာန ကြေညာချက်မှာ ပြောခွင့်ရသူ ရှောင်မက်ကောမက်က ဒီ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာကို ထောက်ခံ ချီးကျူးလိုက်ပါတယ်။ ဒါ့အပြင် အစီရင်ခံစာထဲမှာ ဖော်ပြထားသလို - မြန်မာနိုင်ငံမှာ မိမိ သဘောထား အမြင်တွေကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုဖို့ ခက်ခဲတာကြောင့် ပြီးခဲ့တဲ့ ဖွဲ့စည်းပုံဆိုင်ရာ လူထုဆန္ဒခံယူပွဲ ရလဒ်ကိုလည်း လက်ခံ ယုံကြည်ဖို့ ခက်တယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောလိုက်ပါတယ်။ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူရဲ့ ဒီထုတ်ပြန်ချက်ကို အမေရိကန် နိုင်ငံခြားရေးဌာန အရာရှိတဦးက အခုလို ဖတ်ပြပါတယ်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ မကြာခင်က အစီရင်ခံစာထဲမှာ မြန်မာအစိုးရရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း လူထုဆန္ဒ ခံယူပွဲအပေါ် လက်ခံ ယုံကြည် စိတ်ချရဖို့ အလှမ်းဝေးတယ်ဆိုတဲ့ နိဂုံးချုပ်ချက်အပေါ်မှာ အမေရိကန် ပြည်ထောင်စုကလည်း သဘောတူညီ ပါတယ်။ ကြည့်မယ်ဆိုရင် အခုအချိန်အထိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေကို ဆက်ပြီး ဖမ်းဆီးထားတဲ့ကိစ္စဟာ အတော့်ကို ဆိုးဆိုးဝါးဝါး နိုင်ပါတယ်။ မြန်မာ အစိုးရအနေနဲ့ လူမျိုး ဘာသာမခွဲခြားပဲ အခြေခံ လူအခွင့်အရေးတွေကို လေးစားလိုက်နာဖို့နဲ့ နာဂစ် ဆိုက်ကလုံး မုန်တိုင်းဒုက္ခသည်တွေကို နိုင်ငံတကာက အကူအညီပေးဖို့ ကြိုးပမ်းမှုတွေမှာလည်း လက်ခံဖို့ဆိုတာတွေ ပါပါတယ်။”

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ကတော့ ဒီဆန္ဒခံယူပွဲဟာ ဘယ်လောက်အထိ ဒီမိုကရေစီ စံချိန်စံညွန်းတွေနဲ့ ကိုက်ညီသလဲဆိုတာကို မြန်မာ အစိုးရအနေနဲ့ ရှင်းချက်ထုတ်ပြန်ပေးဖို့ တောင်းဆို ခဲ့ပါတယ်။ မြန်မာ အစိုးရဖက်ကတော့ ဒါဟာ လူ့အခွင့်အရေးနဲ့မဆိုင်ပဲ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စဖြစ်တယ်လို့သာ တုန့်ပြန်ခဲ့ပါတယ်။ တဆက်တည်းပါပဲ ဒီအစီရင်ခံစာထဲမှာတော့ မကြာခင်က ဆိုက်ကလုံး မုန်တိုင်းဒုက္ခသည်တွေကို နိုင်ငံတကာ အကူအညီ ပေးရေးကိစ္စတွေ နှောင့်နှေး ရတာတွေကိုလည်း လူ့အခွင့်အရေးချိုးဖောက်မှုတရပ်အနေနဲ့ ထည့်သွင်းထားပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာလည်း မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာကို ကတိပေးထားတဲ့အတိုင်း အကူအညီ ပေးရေး လုပ်သားတွေကို အနှောက်အယှက်မဖြစ်စေဖို့ ထပ်မံ တိုက်တွန်းလိုက်ပြန်ပါတယ်။

“အမေရိကန် အစိုးရအနေနဲ့ ဒီ ဒီကပ်ဘေး အကျပ်အတည်းက ဒုက္ခသည်တွေကို ကူညီသွားဖို့ ပိုင်းဖြတ်ထားပါတယ်။ ဒါ့အပြင် နိုင်ငံတကာက လူသားချင်း စာနာကူညီရေးဝန်ထမ်းတွေ ဘာအနှောက်အယှက်မှ မရှိပဲ ဆိုက်ကလုံးသင့် ဒေသတွေကို သွားနိုင်မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းကို ပေးထားတဲ့ ကတိက၀တ်ကိုလည်း လေးစားလိုက်နာဖို့ မြန်မာ အစိုးရကို တိုက်တွန်းပါတယ်။

မုန်တိုင်း ဒုက္ခသည်တွေကို အတင်းအကြပ်နေရပ်ပြောင်းရွှေ့ခိုင်းတာတွေ၊ ဒုက္ခသည်တွေအတွက် အထောက်အပံ့အကူအညီ လုံလုံလောက်လောက် မရှိတာတွေတွေအတွက် အမေရိကန် ပြည်ထောင်စု အနေနဲ့ စိုးရိမ်မိပါတယ်။”

တချိန်တည်းမှာပဲ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် တွေ့ဆုံ ဆွေးနွေး အဖြေရှာရေးကိုလည်း အမေရိကန် ပြည်ထောင်စုအနေနဲ့ ဆက်ပြီး တွန်းအားပေးသွားမယ်လို့ နိုင်ငံခြားရေး ဌာနက ထုတ်ပြန်ခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ဒီမိုကရေစီနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ စတင်ဖို့ မြန်မာ စစ်အစိုးရကို အမေရိကန် ပြည်ထောင်စုက ဆက်ပြီး တွန်းအားပေးနေပါတယ်။”

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ထုတ်ပြန်ချက်ကို နိုင်ငံခြားရေးဌာန အရာရှိတဦး ဖတ်ပြခဲ့တာပါ။
Rest of your post

No comments: