စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, June 12, 2008

အသက်မသေ ကျန်ခဲ့သူ ကလေးအများ စိတ်ဒဏ်ရာရနေ

ဇာနည်
ကြာသပတေးနေ့၊ ဇွန်လ 12 2008 11:50 - မြန်မာစံတော်ချိန်
အသက်မသေ ကျန်ခဲ့သူ ကလေးအများ စိတ်ဒဏ်ရာရနေ

ချင်းမိုင်။ ။ မိဘဆွေမျိုးများ သေဆုံး ကုန်ကြသည်ကို တွေ့ပြီးနောက် နာဂစ် ဆိုင်ကလုံး မုန်တိုင်း ဘေးမှ အသက်မသေ လွတ်မြောက် လာခဲ့သူ ကလေးသူငယ် အများအပြားသည် စိတ်ဒဏ်ရာ ရနေကြသည်ဟု ကလေးများအတွက် လုပ်ဆောင်ပေးနေသော နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီတခုက ပြောကြားလိုက်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ထိုအသက်မသေ လွတ်မြောက်ခဲ့သူများထဲတွင် ကလေးသူငယ်များသည် အားအနွဲ့ဆုံး အုပ်စုဖြစ်ပြီး သူတို့ကို နက်နက်ရှိုင်းရှိုင်း ထိခိုက်စေခဲ့သော စိတ်ဒဏ်ရာများမှ လွတ်မြောက်ရန် လုံးပန်းနေရဆဲ ဖြစ်ကြသည် ဟု ဘန်ကောက်ရှိ World Vision ဒေသဆိုင်ရာ ဆက်သွယ်ရေးရုံး ဒါရိုက်တာ James East က ပြောကြားသွားပါသည်။

“ကလေး တော်တော်များများ စိတ်ဒဏ်ရာ၊ စိတ်သောက ဝေဒနာ ခံစားနေကြရတယ်” ဟု East က ဗုဒ္ဓဟူးနေ့တွင် မဇ္ဈိမသို့ ပြောကြားခဲ့ပါသည်။

World Vision, UNICEF, Save the Childred အဖွဲ့များ အပါအဝင် နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်း (အိုင်အန်ဂျီအို) ၁ဝ ခုကျော်သည် အဆိုပါ ကလေးငယ်များကို အကူအညီပေးရန် အလုပ်အဖွဲ့ တခုကို ဖွဲ့စည်းထားသည်ဟု ဆိုသည်။

“မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဒေသတချို့မှာ ကလေးတွေ ကစားနိုင်တဲ့ နေရာလေးတွေ လုပ်ထားပါတယ်။ ဒါတွေဟာ “ကလေးများ နေပျော်ဘွယ် ဂေဟာ” (Child-friendly Spaces) လေးတွေပါ။ နေစရာ ဘုံပျောက်နေတဲ့ ကလေးတွေအတွက် လုံခြုံစိတ်ချရပြီး အကာအကွယ် ပေးနိုင်မဲ့ ဝန်းကျင်တရပ်ကို ဖန်တီးပေးထားတာပါ” ဟု East က ပြောသွားပါသည်။

ဆိုင်ကလုံး မုန်တိုင်းဒဏ် ခံခဲ့ရသော ကလေးငယ် အရေအတွက်ကို မခန့်မှန်းနိုင်သေးသော်လည်း မိဘများ ပျောက်ဆုံးနေသည့် ကလေးငယ် အနည်းဆုံး ၂ဝဝဝ ကို ရန်ကုန်တိုင်းအတွင်း ရှာဖွေ တွေ့ရှိထားသည်။ ဧရာဝတီတိုင်း ဘိုကလေးမြို့တွင် ထိုသို့ မိဘများ ပျောက်ဆုံးနေသူ ကလေးပေါင်း ၃၂ ဦးကို မှတ်ပုံတင်ထားပြီး ဖြစ်သည်။

ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသည် မုန်တိုင်းဒဏ်ကို အဆိုးဝါးဆုံး ခံခဲ့ရသော ဒေသဖြစ်သော်လည်း မိဘနှင့် လူကြီးအစောင့်အရှောက် မပါသည့် ကလေးငယ် အရေအတွက်ကို အတည်ပြုဘို့ လိုသေးသည်ဟု ကမ္ဘာ့ကလေးများ ရံပုံငွေအဖွဲ့ (UNICEF) က ပြောကြားလိုက်ပါသည်။

သူတို့ ဖွဲ့စည်းထားသော အလုပ်အဖွဲ့သည် သူတို့ မိသားစုနှင့် ပြန်လည် ဆုံစည်းနိုင်ရန် ခြေရာခံ ရှာဖွေပေးမည့် အဖွဲ့ဖြစ်သည်ဟု ဘန်ကောက်ရှိ (UNICEF) အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာရုံး ကလေးငယ် ကာကွယ်ရေး အရာရှိ အလက်ဇန်းဒါး ကရူးဂါး (Alexander Krueger) က ပြောဆိုပါသည်။

“ဒီလို သူတို့ မိဘဆွေမျိုးတွေကို လိုက်ရှာပေးတဲ့အလုပ် မပြီးမချင်း မိဘမဲ့ကလေး ဘယ်လောက်ရှိတယ် ဆိုတာ ပြောဘို့ ခက်ပါတယ်” ဟု Krueger က ပြောသွားပါသည်။

သို့သော် မိဘများနှင့် ကွဲကွာနေသူ ကလေးပေါင်း ရာဂဏန်း အချို့ရှိပြီး လူကြီးနှင့် ဆွေမျိုး အစောင့်အရှောက် မပါသည့် ကလေးငယ်ပေါင်းက ၁ဝဝ ခန့်ရှိသည်ဟု သူက ဆိုပါသည်။

ကလေးငယ်များနှင့် အရွယ်မရောက်သေးသူများ လမ်းများပေါ် ထွက်၍ တောင်းစားနေသည်ကို တွေ့ခဲ့ရသည်ဟု မုန်တိုင်းဘေးမှ အသက်မသေ လွတ်မြောက်ခဲ့သူများကို ကူညီ စောင့်ရှောက်ပေးနေသည့် မြန်မာလူမျိုး အကူအညီပေးရေး လုပ်သားများနှင့် စေတနာ့ ဝန်ထမ်းများက ထိုကဲ့သို့သော ကလေးအများစုမှာ “ခံစားချက်မဲ့သည့်” မျက်နှာများဖြင့် ငူငူငိုင်ငိုင်ကြီး ထိုင်နေကြပြီး၊ ယင်းမှာ စိတ်ခြောက်ခြားမှု ဝေဒနာ စိတ်ဒဏ်ရာ ရနေသည့် လက္ခဏာ ဖြစ်သည်ဟု နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ တခုနှင့် အလုပ် တွဲလုပ်နေသည့် မြန်မာ အကူအညီပေးရေး လုပ်သားတဦးက ပြောပါသည်။

“ကလေးတချို့ကတော့ သူတို့ မိဘတွေ ဘယ်ရောက်ကုန်မှန်း မသိလို့ လိုက်ရှာနေကြတာ၊ တချို့ကတော့ သူတို့ မိဘတွေ ရေနစ်သေကုန်ပြီလို့ ပြောတယ်” ဟု ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် မုန်တိုင်း ဒုက္ခသည်များကို အကူအညီ ပေးနေသည့် အကူအညီပေးရေး လုပ်သားတဦးက မဇ္ဈိမ သတင်းဌာနကို လွန်ခဲ့သော ရက်သတ္တပတ်က ပြောကြားခဲ့ပါသည်။

ယာယီ ကယ်ဆယ်ရေး လုပ်ငန်းအနေဖြင့် ထိုကဲ့သို့သော ကလေးများအတွက် “ကလေးများ နေပျော်ဘွယ် ဂေဟာ” များကို သူတို့ အလုပ်အဖွဲ့က တည်ဆောက်ပေးထားကြောင်း၊ ထိုဂေဟာများတွင် ကလေးများကို ကျွေးမွေး စောင့်ရှောက်ထားကြောင်း၊ ဆော့ကစားနိုင်ကြောင်း၊ စာသင်ကြား လေ့လာနိုင်ကြောင်း၊ သူတို့မိဘများ ဒုက္ခ သုခများမှ လွတ်မြောက်ကြောင်း ရှာဖွေ ရုန်းကန်နေရချိန်တွင် ထိုသို့ကလေးများ သောကမဲ့ နေနိုင်ရေး စီစဉ်ပေးထားကြောင်းလည်း East က ပြောသွားပါသည်။

“ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းအတွင်း ဒီလို “ကလေးများ နေပျော်ဘွယ်ဂေဟာ” လေးတွေ ၄၄ ခုလောက် တည်ဆောက် ပေးထားပါတယ်၊ ဒီနေရာတွေမှာ နေပြီး ကစားလို့ ရတယ်၊ သူတို့ရဲ့ အတိတ် အိပ်မက်ဆိုးတွေကို မေ့ပျောက်အောင် ကြိုးစားလို့ရတယ်” ဟု East က ဆိုပါသည်။

မြန်မာ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဆိုင်ကလုံး မုန်တိုင်း ဖျက်ဆီးခံခဲ့ရသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ မေလ အတွင်းက လာရောက် စစ်ဆေးကြည့်ရှုခဲ့စဉ် ကလေးများအတွက် မိဘမဲ့ ဂေဟာများ တည်ဆောက်ပေးရန် ဒေသခံ အာဏာပိုင်များကို လမ်းညွှန် မှာကြားသွားခဲ့သည်။ ထိုကလေးများသည် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ ဖျာပုံနှင့် လပွတ္တာ မြို့နယ်များအတွင်း ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်စဉ် သူတို့၏ မိဘများကို ဆုံးရှုံးခဲ့ကြရသူများ ဖြစ်သည်။

သို့သော် အဆိုပါ ကလေးများကို မိဘမဲ့ ဂေဟာများတွင် ထားရှိခြင်းသည် အကောင်းဆုံး အဖြေတခု မဟုတ်ကြောင်း အကူအညီပေးရေး အေဂျင်စီများက ပြောဆိုကြပါသည်။ သူတို့ကို မွေးစားလိုသည့် မွေးစားမိဘများ၊ ဆွေမျိုးသားချင်းများ အကြား၌ နေခြင်းကသာလျှင် ကလေးများအတွက် ပိုမို ရင်းနှီးနွေးထွေးသည့် ဝန်းကျင်ကောင်း တခုကို ရရှိစေမှာ ဖြစ်ကြောင်းလည်း သူတို့က ထောက်ပြကြပါသည်။

“အစိုးရက မိဘမဲ့ကလေးတွေ၊ လူကြီးဆွေမျိုး အစောင့်အရှောက် မရှိတဲ့ကလေးတွေ အတွက် မိဘမဲ့ဂေဟာတွေ ဆောက်ဘို့ကို အဖွဲ့အစည်း ဆန်ဆန် အဆောက်အအုံ အနေနဲ့ကို စီစဉ်နေပါပြီ” ဟု UNICEF အဖွဲ့မှ Krueger က ပြောသွားပါသည်။

ဤသို့ တည်ဆောက်ခြင်းသည် ယာယီ အခြေအနေတရပ် အတွက်သာ ဖြစ်သင့်ကြောင်း၊ ထိုသို့ဖြစ်မှသာ ကလေးများ အနေဖြင့် လက်ခံနိုင်ဘွယ် ရှိမှာ ဖြစ်ကြောင်း၊ သူတို့ ဆွေမျိုးသားချင်းများ၊ သူတို့ သိကျွမ်းသူ လူကြီးအသိအကျွမ်းများကို ဘယ်လိုမှ ရှာဖွေ မတွေ့ရှိနိုင်မှသာ ဤသို့ ကလေးများအတွက် အဖွဲ့အစည်းဆန်ဆန် အတည်တကျ ထူထောင်ခြင်းကို နောက်ဆုံး နည်းလမ်းအနေဖြင့်သာ လုပ်ဆောင်သင့်သည်ဟု UNICEF က သဘောရသည်ဟုလည်း Krueger က ပြောသွားပါသည်။

“မိသားစု အခြေခံတဲ့ ကူညီစောင့်ရှောက်ရေး နည်းလမ်းတွေကို ရှာဖွေဘို့ ကျနော်တို့ မြန်မာအစိုးရကို တိုက်တွန်း ပြောဆိုနေပါတယ်” ဟု Krueger က ဆက်လက် ပြောဆိုသွားပါသည်။

မြန်မာလူထုသည် မိသားစုကြီးကြီး၊ ဆွေမျိုး အသိုင်းအဝိုင်းများ တအိမ်တည်း စုပေါင်းနေထိုင်သည့် အလေ့ရှိခြင်းကြောင့် ထိုဆွေမျိုး အသိုင်းအဝိုင်းနှင့် ပြန်လည် ဆက်သွယ်ပေးပြီး နေထိုင်စေခြင်းသာ မုန်တိုင်းအတွင်း မိဘများ ဆုံးရှုံးခဲ့ရသည့် ကလေးများကို ကူညီနိုင်သည့် အကောင်းဆုံး ဖြေရှင်းနည်း ဖြစ်သည် ဟု East က ပြောပါသည်။

မေ ၂ ရက်နှင့် ၃ ရက်နေ့များက မုန်တိုင်းတိုက်ခတ်အပြီး ဆိုင်ကလုံး မုန်တိုင်း ဒုက္ခသည်များကို ချက်ချင်း သွားရောက် အကူအညီ ပေးခဲ့သည့် Save the Children အဖွဲ့ကမူ ကလေးများကို ကျောင်းများတွင် ထားရှိခြင်းသည်သာ အလုံခြုံဆုံး ဖြစ်မည်ဖြစ်ကြောင်း၊ ထိုနေရာတွင်သာ ကလေးများ အနေဖြင့် သူတို့ သူငယ်ချင်းများနှင့် ရောနှောနေထိုင်ပြီး အတိတ်ဆိုးများကို မေ့ပျောက်စေနိုင်မှာ ဖြစ်ကြောင်း ပြောကြား သွားပါသည်။

“ပညာရေးက အရေးကြီးတယ်၊ အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေအပြီး သူတို့ မိသားစုတွေ ကလေးတွေအတွက် ပုံမှန်ဘဝ ရောက်ဘို့ ပြန်လည် တည်ဆောက်ရာမှာ ပိုလို့တောင် အရေးကြီးလာဦးမယ်” ဟု Save the Children အဖွဲ့၏ မြန်မာနိုင်ငံ ဒါရိုက်တာ အင်ဒရူး ကတ်ခ်ဝုဒ် (Andrew Kirkwood) က ကြေညာချက် ထုတ်ပြန် ပြောကြားသွားခဲ့ပါသည်။

“ကလေးတွေအတွက် ကျောင်းတွေသာ လုံခြုံ စိတ်ချရတဲ့နေရာ ဖြစ်တယ်။ အဲဒီမှာသာ အခြား ကလေးတွေနဲ့ ရောနှော နေထိုင်ပြီး ဆော့ကစား နိုင်မှာ ဖြစ်တယ်၊ သူတို့ ကြုံခဲ့ရတဲ့ စိတ်ခြောက်ခြားမှု စိတ်သောကတွေကို စတင် ကုစားနိုင်မဲ့ နေရာလဲ ဖြစ်ပါတယ်” ဟု Kirkwood က ဆိုလိုက်ပါသည်။

(မုံပီး ဖြည့်စွက် တင်ပြသည်)
Rest of your post

No comments: